နယူးဒေလီ။ ။ အလုပ်သမား ဝန်ကြီးဌာနတွင် တရားဝင် မှတ်ပုံတင်ထားသည့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများအား တနှစ်အတွင်း မြန်မာ အလုပ်သမားဦးရေ စုစုပေါင်း ၃ဝဝ တိုးမြှင့် ပို့ဆောင်သွားရန် ဝန်ကြီးဌာနမှ သတ်မှတ် ညွန်ကြားထားသည်။
ယခင်က ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများအား တနှစ်လျှင် အလုပ်သမား ၁ဝဝ သာ ပို့ဆောင်ရန် သတ်မှတ်ထားသော်လည်း ယခုနှစ် မေလမှ စတင်ကာ စုစုပေါင်း ၃ဝဝ အထိ တိုးမြှင့်သွားရန် ဧပြီလအတွင်း ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ညွန်ကြားခဲ့သည်။
သတ်မှတ် လူဦးရေအတိုင်း မပြည့်မှီပါက နောက်ထပ် လိုင်စင်သက်တမ်း တိုးရာတွင် အခက်အခဲ ပြဿနာများ ကြုံလာနိုင်ကြောင်း ရန်ကုန်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများက ပြောသည်။
“သူတို့ သတ်မှတ်ထားတဲ့ အဆင့် မရောက်ခဲ့ရင်တော့ နည်းနည်း လိုရင်တော့ ပြဿနာတော့ သိပ်ရှိမယ် မထင်ဘူး။ လုံးဝ ကွာခြားနေရင်တော့ နောက်တနှစ် လိုင်စင် သက်တမ်းတိုးတဲ့အခါ လိုင်စင်သိမ်းမယ့် အဆင့်အထိ အရေးယူခံရမယ်လို့ ပြောတယ်” ဟု အမည်မဖော်လိုသော အေဂျင်စီတခုက ပြောသည်။
အလုပ်သမား ဝန်ကြီးဌာနတွင် တရားဝင် မှတ်ပုံတင်ဖြင့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အနည်းဆုံး ၂ဝဝ ရှိသော်လည်း ကုမ္ပဏီအများစုမှာ လုပ်ငန်း မလည်ပတ်နိုင်သည့် အတွက် ရပ်ဆိုင်းထားရသည်။
သို့သော် ပြည်တွင်း အလုပ်အကိုင် ရှားပါးလာနေသည့်အတွက် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမား ဦးရေမှာ သိသိသာသာ တိုးမြင့်လာနေသည်။
ရွှေဘုံသာ လမ်းတွင်ဖွင့်လစ်ထားသည့် အေဂျင်စီ တခုကမူ အစိုးရ သတ်မှတ်ပေးထားသည့် လူဦးရေ ၃ဝဝ ပြည့်ရန် မလွယ်ကူကြောင်းနှင့် မှတ်ပုံတင်ထားခြင်း မရှိသော ပွဲစားများနှင့် ယှဉ်ပြိုင်လုပ်ဆောင်ရန် ခက်ခဲသည်ဟု ပြောသည်။
“လူ ၃ဝဝ ပြည့်ဖို့က မလွယ်ဘူး။ အပြင်မှာကလည်း လူပို့နေတဲ့ အဖွဲ့တွေ ကလည်းများတယ်။ သူတို့နဲ့ ယှဉ်ပြီးတော့ လူရှာရတာဆိုတော့ လွယ်တော့ မလွယ်ဘူး၊ အပြင်က ပွဲစားတွေက ပိုက်ဆံ ပိုရတာပေါ့။ ဒါပေမဲ့ ကျမတို့မှာက ဝန်ထမ်းလခ၊ အင်တာနက်သုံးခ၊ ရုံးဌားခ၊ အစိုးရကို တရားဝင် အခွန်တွေ ဆောင်ရတယ် ဆိုတော့ အပြင်က ပွဲစားတွေထက်စာရင် ကုန်ကျစရိတ် များတယ်” ဟု အေဂျင်စီ အရာထမ်းတဦးက ပြောသည်။
ယခင်က ရန်ကုန်မြို့ရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အများစုသည် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာ အလုပ်သမားများ၏ ကုန်ကျစရိတ်များကို လက်ငင်း ငွေချေစနစ် ကျင့်သုံးလာခဲ့သော်လည်း ယခုအခါတွင် ကုန်ကျငွေစရိတ် ထက်ဝက် ပေးချေစနစ် ကျင့်သုံးလာခဲ့သည်။
ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများသည် မြန်မာနိုင်ငံသား အများစု သွားရောက် အလုပ်လုပ်ရာ နိုင်ငံများ ဖြစ်ကြသည်။
နန်းဒေဝီ
News by Mizzima
ဒီအေဂျင်စီနဲ့ ဘယ်လိုဆက်သွယ်ရမလည်း
ReplyDeleteဒီ အေဂျင်စီ နဲ့ဘယ်လိုဆက်သွယ်ရမလည်း
ReplyDelete