Wednesday, October 31, 2012
သူရဲကောင်းမလေး မာလာလာ
အမည် မာလာလာ
အသက် ၁၄နှစ်
ဇာတိ ပါကစ္စတန်။
လူသားအခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း
တာလီဘန်တွေရဲ့ လူမဆန်တဲ့ ကျည်ဆံတစ်တောင့်ဟာ
သူမရဲ့ ဘယ်ဘက်မျက်လုံးအောက်ကနေ ထိုးဖောက်သွားခဲ့တယ်
မြင့်မြတ်ခြင်း စိတ်ဓာတ်က သူမကို သူကောင်းပြုလို့
နုနယ်သေးပေမယ့် သန့်ရှင်းမွန်မြတ်လှတဲ့ မင့်ရဲ့နှလုံးသားကို
ကမ္ဘာကြီးက ကောင်းချီးပြုပါရဲ့။
အမျိုးသမီးများစွာအတွက် တက်ကြွစွာ လှုပ်ရှားပြီး
ပညာရေး တန်းတူသင်ကြားမှု ရဖို့အရေး
လွတ်လပ်စွာ တိုက်ပွဲဝင်လို့
သူမရဲ့ ကြီးမားလှတဲ့ အသိဥာဏ်တွေရဲ့ ကိန်းဝပ်ရာ
ဦးခေါင်းတစ်ခုလုံး သွေးချင်းချင်း နီခဲ့တယ်။
လူမဆန်စွာ ပစ်ခတ်လိုက်တဲ့ စစ်သေနတ်ဟာ
သူမဘ၀ကို ပိုမိုတောက်ပြောင် မာကြောစေခဲ့တယ်
အသိစိတ်တွေဟာ ပိုမိုကြီးထွားလာစေခဲ့တယ်
မျက်လုံးအောက်က ထိုးဖောက်သွားစေတဲ့ ကျည်ဆံဟာ
သူမရဲ့ အမြင်အာရုံကို ဘယ်တော့မှ မှုန်ဝါးသွားစေမှာ မဟုတ်ပါဘူး
လှပကြော့ရှင်းလှတဲ့ မျက်နှာလေးလို သူမရဲ့နှလုံးသား
အသိဥာဏ် စိတ်ဓာတ် စာနာမှု သည်းခံမှု ခွင့်လွှတ်မှု
လူပီသမှုတွေဟာလည်း ကြော့ရှင်းလှပနေခဲ့တယ်။
ဆွတ်တောင်ကြားကနေ ထွန်းညှိလိုက်တဲ့ အလင်းရောင်လေးဟာ
ကမ္ဘာကြီးတစ်လုံးကို ထိန်ငြီးနေခဲ့ပြီး
လေပြွန်အတုကြောင့် စကားမပြောနိုင်ပေမယ့်
မာလာလာ မင်းရဲ့အသံဟာ
ကမ္ဘာကြီးတစ်ခုလုံးကို တုန်ဟီးနေခဲ့တယ်။
မာလာလာ
လူမဆန်စွာ ယုတ်မာရက်စက် ကြမ်းကြုတ်လှတဲ့
တာလီဘန်တွေရဲ့ လက်နက်မျိုးစုံဟာ
မင့်ရဲ့အသိဥာဏ်နဲ့ စိတ်ဓာတ်ကို
ဘယ်တော့မှ နှုတ်ယူလို့ မရဘူးဆိုတာ
ယုံတယ်
ဗြိတိန်မှာ ဆေးကုသခံယူမှုအပြီး မင့်ရဲ့အိမ်ပြန်လမ်းကို
တစ်ကမ္ဘာလုံးက ဆီးကြိုနေပါ့မယ်။
မာလာလာ
ကျန်းမာပါစေ။
မောင်မင်းစိုး
မှတ်ချက်။ ။ အောက်တိုဘာလ၊ ၉၊ ၂၀၁၂နေ့တွင် ပါကစ္စတန်နိုင်ငံတွင် အမျိုးသမီးပညာ
ရေး အပြည့်အ၀ သင်ကြားနိုင်ရေးအတွက် တိုက်ပွဲဝင်နေစဉ် ရက်စက်ယုတ်
မာတဲ့ တာလီဘန်တွေရဲ့ လက်ချက်ကြောင့် ဗြိတိန်မှာ ဆေးကုသမှု ခံနေတဲ့
၁၄နှစ်သမီးလေး မာလာလာသို့။
No comments:
Post a Comment