Tuesday, May 7, 2013
အရူးတစ်ယောက်ရဲ့ အူသံ
ကာရံထားတဲ့ နံရံကို မျက်နှာမူပြီး ငါရပ်စောင့်နေခဲ့တယ်
ပြာဝေလာတဲ့ မျက်လုံးအစုံကို အတင်းပိတ်ကြည့်လိုက်တယ်
ငရဲမီးထက် ပူပြင်းတဲ့ မျက်ရည်စီးချောင်းက ပါးပြင်ပေါ် သွန်ကျလာတယ်
ငါခေါ်တယ် ပြန်မထူးဘူး ပိတ်ထားတဲ့ ဖုံးကို ဖွင့်လိုက်ပါလားကွယ်
တောင်းပန်သံတွေက ရင်ထဲမှာ မြည်ဟီးနေခဲ့တယ်
အရူးတစ်ယောက်လို ကစင်ကလျား ပြန့်လွင့်မှုတွေက ရေကြည်ပေမယ့် မြက်မနုတော့ဘူး
မည်းမှောင်အောင် ထူပိန်းနေတဲ့ ကောင်ကင်ပြင်ကြီးကို ငေးမောကြည့်မိတယ်
မမြင်ရတဲ့ သက်မဲ့တွေက လူသားဖြစ်တည်မှုအတွက် အရေးမပါဘူး
ထိပ်လန့်ခဲ့ရတဲ့ နေ့ရက်တွေနဲ့ အိပ်မရတဲ့ ညနက်တွေကို ကြောက်တယ်
တန်ဖိုးကြီးတဲ့ ပစ္စည်းတစ်ခုနဲ့ ပစ်ပေါက်ခံရပြီးတဲ့နောက် အိပ်ယာပေါ် မျက်နှာအပ်ရင်း
စိတ်ဒဏ်ရာတွေက ထထဖောက်တယ် မေတ္တာတရားရဲ့ အတိမ်အနက်မှာ ငြိမ်ချက်သား
ကောင်းလှတဲ့ မျှော်လင့်ခြင်း အလင်းတန်းကို ပြန်လည်ဆုပ်ကိုင်ခွင့် ပြုပါ
မိုးပြိုမှာ တွေးကြောက်နေရတဲ့ အပြစ်မဲ့လူသားတစ်ယောက်ရဲ့ အူသံတွေကို နားထောင်ပေးပါ
လူသားဆန်တဲ့ အပြုအမူက လွဲရင် ဘာကိုမှ ဖက်တွယ်မထားပါဘူး
သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိတဲ့ စကားတွေကို ကြားချင်မိတယ်
အပြစ်မရှိပါဘူးဆိုတဲ့ စကားအတွက် တုန့်ပြန်မှုက စက်ပိတ်ထားခြင်းလား
ဆာလောင်မှုအတွက် လတ်ဆတ်မှုမရှိတဲ့ ပန်းသီးတစ်လုံးလောက်တောင် မျှော်လင့်ချက်မရှိတော့ဘူးလား
ဘ၀ကလဲ ပျားရည်တစ်စက်လောက်တောင် မချိုမြတော့ဘူး
အမေရယ် . . . အရူးတစ်ယောက်ရဲ့ ရှင်သန်ခြင်းကို လမ်းပြပေးပါ။
ဘ၀အမှောင်ထဲ တိုးတိုးတိတ်တိတ် တိုးဝင်နေရတဲ့ ကြောက်ရွံ့ခြင်းတွေကို ရင်ဆိုင်ဖြေရှင်းပေးပါ။
'' ရက်စက်လိုက်တာ " ဆိုတဲ့ စကားလုံးလေးကိုပဲ ထပ်တလဲလဲ ငြီးညူရင်း
လူတွေကို တွေးပြီး ကြောက်နေခဲ့ရပါတယ်။
မောင်မင်းစိုး
(၄-၂၅-၂၀၁၃)
No comments:
Post a Comment