Tuesday, May 7, 2013
အမှောင်ည
ဆာလောင်နေတဲ့ အသံတွေကို ကြားချင်ရင်
လက်ကို မြဲမြဲတွဲထား၊ တင်းတင်းဆုပ်ထား
နှစ်လိုဖွယ်မျက်ဝန်းအစုံကို သံသရာနဲ့ချီပြီး
မှတ်မိအောင် စူးစူးစိုက်ကြည့်။
ကာရံမလိုဘူး စကားလုံးတွေကို အဆို့ အပိတ် အဆီး အတားမဲ့စွာ
ဖြေချ လွှတ်ချ အန်ချ
နောက်တစ်နာရီဆိုတာ ဘာဖြစ်မယ် မသိဘူး
ထုံအီနေတဲ့ ဆံနွယ်စလေးရဲ့ အနံ့အသက်ဟာ
ရင်ဝအထိ စူးနစ်ပျော်ဝင်သွား
မျက်တောင် မခတ်မိဖို့လိုတယ် တစ်စက္ကန့်လေးတောင်
ပျောက်ကွယ်မသွားချင်ဘူး
အိမ်ပြန်ချိန်ကို မေ့ထား
ကိုယ့်ရင်ခွင်ဟာ မင်းအတွက် အိမ်ကြီးဂနိုင်လည်း ဖြစ်တယ်။
ပါးပြင်ထက်မှာ စုနေခဲ့တဲ့ ချွေးဥလေးတွေကို မုန်းတဲ့အကြောင်း မပြောတော့ပါဘူး
အချိန်ကာလတစ်ခုရဲ့ တိုက်စားမှု မြန်နှုံးက အလင်းအလျဉ်ထက် မြန်နေခဲ့တာကို မုန်းတယ်
နွေးနွေးထွေးထွေး ရစ်ပတ်ထားတဲ့ လက်အစုံဟာ တစ်စုံတစ်ခုရဲ့ တွန်းဖယ် ဖြတ်ချလိုက်အပြီး
အရောင်အသွေးစုံနေတဲ့ ရတနာတွေက အသက်ကို နှုတ်ယူပစ်တယ်
စူးစူးဝါးဝါး အော်သံတွေနဲ့ ညဟာ ပိုမည်းလာတယ်
လောကအမှောင်ထက် လောဘအမှောင်က ပိုနက်တယ်
တစ်ကိုယ်လုံး သွေးချင်းချင်းနီ ဒဏ်ရာဒဏ်ချက်တွေက မည်းညိုစွဲကပ်
လူမဆန်မှုရဲ့ ပြင်းထန်တဲ့ အမှတ်တံဆိပ်တွေပဲ
တင်းကျပ်စွာ ပွေ့ဖက်ထားတဲ့ လက်အစုံကို ဖြုတ်ချလိုက်တော့
အပြန်လမ်းဟာ မည်းမှောင်နေခဲ့တယ်
အလွမ်းနာကျနေတဲ့ ငှက်ပျိုမလေးလည်း အိပ်တန်းမပျံနိုင်တော့ဘူး။
မောင်မင်းစိုး
မှတ်ချက်။ ။ ပြည်မြို့က ချစ်သူနှစ်ယောက် ချိန်းတွေ့စဉ် လူမဆန်တဲ့ သတ်ဖြတ်မှု
ကြောင့် အသက်ဆုံးသွားရတဲ့ လူငယ်လေးသို့။
No comments:
Post a Comment