Saturday, May 11, 2013
မြန်မာ့ကဗျာရာသီဥတု ထုတ်ပြန်ကြေငြာချက်
မုတ်သုံလေ အားနည်းမှုကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်တင့် ရှိမည်
သိစိတ်အားနည်းမှုကြောင့် မြန်မာ့ကဗျာရာသီဥတု ဖောက်ပြန်နေခြင်း ဖြစ်သည်။
ရင်းမြစ်များ၏ အားနည်းမှုဖြစ်ခြင်း
ဖြစ်မှု မသေချာခြင်း
အကြောင်း အကျိုး မခိုင်လုံခြင်း
ပုံတူကူးချခြင်း
အာရုံ ထွေပြားခြင်း
ခဏငယ်များ ချုပ်ပျောက်ပျက်စီးခြင်း
အထက်ဖော်ပြပါ အင်္ဂါရပ်များကြောင့် မြန်မာ့ကဗျာရာသီဥတု ဖောက်ပြန်ကြောင်းနှင့်
ရုပ်လုံးမကြွမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရပါသည်။
သတင်းအစုံလင်မှာ
လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်လာပြီးနောက် ရေပြင်မြေပြင်လေဟာ တစ်နာရီ မိုင်သုံးဆယ်အထက်
တိုက်ခိုက်နိုင်ကြောင်း သိရှိရပြီး နိယာမတရားများ၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်စဉ်များ အားပျော့ခြင်း
ခိုင်လုံတိကျသော အကြောင်း အကျိုးမရှိခြင်း အာရုံးများေ၀၀ါးနေခြင်း စိတ်ဖြစ်စဉ်များ ရွေ့လျားနေခြင်း
ဖြစ်ပေါ်ပြီးတိုင် မခိုင်မြဲဘဲ ချုပ်ပျောက်ပျက်စီးသွားခြင်း ကိုယ်ပိုင်ဥာဏ်ကို ဦးစားမပေးခြင်း နိုင်ငံတကာကို
ပုံတူကူးချခြင်းစသည်တို့ကြောင့် မြန်မာ့ကဗျာရာသီဥတုသည် တစ်နာနီလျင် မိုင်သုံးရာအထိ တိုက်ခိုင်နေပါသည်။
ဖြစ်တည်မှု၏ ရင်းမြစ်များ
မွမ်းကျပ်မှုဖြစ်စဉ်
ဆာလောင်မှုဖြစ်စဉ်
သိစိတ်၏ ထိုးဖောက်နိုင်စွမ်းဖြစ်စဉ်
အင်အားကောင်းသော ဗဟုဖြစ်စဉ်
အရေးအရာများကို ထိုက်သင့်သလို အသုံးချမှုဖြစ်စဉ်
ရုပ်ဝတ္ထုများကို လိုအပ်သလို သုံးစွဲတတ်ခြင်းဖြစ်စဉ်
ကိုယ်ပိုင်ခံစားချက်၏ အရေးပါမှု ဖြစ်စဉ်
ဒဏ်ရာများ၏ အခဲမကြေမှုဖြစ်စဉ်
အစွဲအသီးသီး၏ မင်းမှုနေမှုဖြစ်စဉ် များဖြစ်ပါသည်။
မရေရာသော ဖြစ်တည်မှုများမှာ
ကဗျာနည်းပညာကို ကိုလိုနီပြုခြင်း
ရှိမှုမသေချာခြင်း
သိမှုမသေချာခြင်း
အလင်းအမှောင်နှင့် အာရုံခံစားမှုေ၀၀ါးခြင်း
ပုံရိပ်များ၏ မထင်မရှားမှုဖြစ်ခြင်း
အရိပ်မထွက်ခြင်း
ရင်းစားများ ပြန်မရခြင်း
ခေတ်စနစ်ဆိုးများ ဖြာကျနေခြင်း
ပွင့်လင်းမြင်သာမှု မရှိသေးခြင်း
နာမ်တရားများနှင့် ရုပ်တရားများကို ခွဲခြားမသိမြင်နိုင်သေးခြင်း
အာရုံငါးပါး၏ ရှင်းလင်းပီသမှု မရှိသေးခြင်း
ဖြစ်ပျက်တစ်ခုပေါ်သို့ ဥာဏ်ကစားနိုင်မှု မရှိသေးခြင်း
အရာရာကို သတိမမူနိုင်သေးခြင်း
နိုင်လိုမင်းထက်မှုများ ကြီးစိုးနေသေးခြင်း များဖြစ်ပါသည်။
အရာရာသည် ဖြစ်ပျက်နှစ်ခုမှာ မှီတည်နေပါသဖြင့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ခြင်းထက်
မြန်မာ့ကဗျာရာသီဥတုသည် တဖြည်းဖြည်းဖြင့် ရွေ့လျားပျောက်ကွယ်မှုများနှင့် စခန်းသွားနေ
ရပါကြောင်း မြန်မာ့ကဗျာရာသီဥတု၏ အရေးကြီး သတိပေးချက်ကို
ထုတ်ပြန်ကြေငြာအပ်ပါသည်။
မောင်မင်းစိုး
(၇-၆-၂၀၁၀)
Tuesday, May 7, 2013
အတုတွေ
အတု အတုတွေ အတု အတုတွေ အ အ တု တု အတုတွေ
အတုတွေက တစ်နိုင်ငံလုံးကို စိမ့်ဝင်စီးဆင်းနေခဲ့တယ်
နယ်ခြားဂိတ်ရဲ့ မလုံခြုံမှုတွေ ခေတ်မီတဲ့ ဓာတုဗေဒ စမ်းသပ်မှုကြိယာ မရှိမှုတွေ
လုံလောက်တဲ့ အသိဥာဏ် ၀န်ဆောင်မှု မရှိမှုတွေ
အတုတွေက တုတုပပနဲ့ တုပ်နှောင်ရင်း တိုးဝင်လာခဲ့တယ်
အတုတွေက အသက်တွေကို နှုတ်တယ် အတုတွေက လူသားဖြစ်တည်မှုကို
အရေးမစိုက်ဘူး အတုတွေက ကျန်းမာရေးကို အလေးမထားဘူး
အတုတွေက လာဘ်ပေးလာဘ်ယူမှုတွေကို အားပေးအားမြှောက်
အတုတွေက ကိုယ်ကျင့်တရားကို နင်းဖဲ့ချွေချ အတုတွေက နိုင်ငံတစ်ခုရဲ့
ဖွံ့ဖြိုးမှုကို ဆုတ်ယုတ်စေတယ် အတုတွေက အတုတွေနဲ့ သယံဇာတတွေကို
သိမ်းပိုက် အတုတွေက အတုတွေနဲ့ အာဏာကို ပွေ့ဖက် အတင်းဝင် အတင်းထွက်
အတုတွေဟာ ဘာကောင်းကျိုးကိုမှ မပေးဘူး
အတုတွေက အတုတွေနဲ့ နယ်မြေချဲ့ထွင် အတုတွေနဲ့ လူမျိုးစုကို ၀ါးမျို
အတုတွေက အတုတွေနဲ့ လူယောင်ဆောင်လာခဲ့တယ်။
အတု အတု အတုတွေ အတုတွေ အတု အအအအ တုတုတုတု အတုတွေ အတုတွေ
တစ်တုပြီး တစ်တု တိုးဝင် ငါးထောင်၊ တစ်သောင်းတန်စတဲ့ ငွေစက္ကူအတုတွေ
လူသားများရဲ့ တိုးတက်မှုလမ်းပေါ်ကနေ လမ်းကြောင်းတွေ လမ်းလွှဲစေတယ်
အနာရောဂါမျိုးစုံအတွက် အတုတွေက တစ်ခုပြီး တစ်ခု တစ်တုပြီး တစ်တု
ဆန်အတု ဆီအတု ကြက်ဥအတု အသားအတု မုန့်အတု ဖျော်ရည်အတု စားသောက်ဖွယ်မျိုးစုံအတု
အတုတွေက ထင်ယောင်ထင်မှားစွာနဲ့ အိုင်တီခေတ်မှာ ခေတ်နဲ့အတူ မျောပါသွားဖို့ စံမမီတဲ့
ကုန်ပစ္စည်းအတုတွေ တံဆိပ်မျိုးစုံအတုတွေကလည်း သိသိသာသာ/ မသိမသာ တိုးဝင်လာခဲ့တယ်
လူမဆန်တဲ့ လူတွေရဲ့ တီထွင်မှုနဲ့ အတုတွေဟာ နိုင်ငံအ၀ှမ်းမှာ လူတန်းစားမျိုးစုံ နေရာမျိုးစုံ
ပစ္စည်းမျိုးစုံ လွှမ်းခြုံရစ်ပတ်နေခဲ့တယ် အတုတွေ အတုတွေ အတု အတုတွေ
စိတ်ဓာတ်အတု အကြင်နာအတု နားလည်မှုအတု စာနာမှုအတု လူအတု မေတ္တာအတု
စေတနာအတု ကူညီမှုအတုစတဲ့ အတု အတု အတုတွေ အတု အတု အတုတွေ
အတု အတု အတုတွေ အတု အတု အတုတွေ အတု အတု အတုတွေ အတု အတုတွေ
အအအအအအအအအအအအအ တုတုတုတုတုတုတုတုတုတုတုတုတုတုတု အတု
အတုတွေက ကမ္ဘာလောကကြီးရဲ့ လူသားမျိုးနွယ်စုတစ်ခုလုံးကို ဖျက်ဆီးပစ်နေခဲ့တယ်။
မောင်မင်းစိုး
(၅/၅/၂၀၁၃)
အမှောင်ည
ဆာလောင်နေတဲ့ အသံတွေကို ကြားချင်ရင်
လက်ကို မြဲမြဲတွဲထား၊ တင်းတင်းဆုပ်ထား
နှစ်လိုဖွယ်မျက်ဝန်းအစုံကို သံသရာနဲ့ချီပြီး
မှတ်မိအောင် စူးစူးစိုက်ကြည့်။
ကာရံမလိုဘူး စကားလုံးတွေကို အဆို့ အပိတ် အဆီး အတားမဲ့စွာ
ဖြေချ လွှတ်ချ အန်ချ
နောက်တစ်နာရီဆိုတာ ဘာဖြစ်မယ် မသိဘူး
ထုံအီနေတဲ့ ဆံနွယ်စလေးရဲ့ အနံ့အသက်ဟာ
ရင်ဝအထိ စူးနစ်ပျော်ဝင်သွား
မျက်တောင် မခတ်မိဖို့လိုတယ် တစ်စက္ကန့်လေးတောင်
ပျောက်ကွယ်မသွားချင်ဘူး
အိမ်ပြန်ချိန်ကို မေ့ထား
ကိုယ့်ရင်ခွင်ဟာ မင်းအတွက် အိမ်ကြီးဂနိုင်လည်း ဖြစ်တယ်။
ပါးပြင်ထက်မှာ စုနေခဲ့တဲ့ ချွေးဥလေးတွေကို မုန်းတဲ့အကြောင်း မပြောတော့ပါဘူး
အချိန်ကာလတစ်ခုရဲ့ တိုက်စားမှု မြန်နှုံးက အလင်းအလျဉ်ထက် မြန်နေခဲ့တာကို မုန်းတယ်
နွေးနွေးထွေးထွေး ရစ်ပတ်ထားတဲ့ လက်အစုံဟာ တစ်စုံတစ်ခုရဲ့ တွန်းဖယ် ဖြတ်ချလိုက်အပြီး
အရောင်အသွေးစုံနေတဲ့ ရတနာတွေက အသက်ကို နှုတ်ယူပစ်တယ်
စူးစူးဝါးဝါး အော်သံတွေနဲ့ ညဟာ ပိုမည်းလာတယ်
လောကအမှောင်ထက် လောဘအမှောင်က ပိုနက်တယ်
တစ်ကိုယ်လုံး သွေးချင်းချင်းနီ ဒဏ်ရာဒဏ်ချက်တွေက မည်းညိုစွဲကပ်
လူမဆန်မှုရဲ့ ပြင်းထန်တဲ့ အမှတ်တံဆိပ်တွေပဲ
တင်းကျပ်စွာ ပွေ့ဖက်ထားတဲ့ လက်အစုံကို ဖြုတ်ချလိုက်တော့
အပြန်လမ်းဟာ မည်းမှောင်နေခဲ့တယ်
အလွမ်းနာကျနေတဲ့ ငှက်ပျိုမလေးလည်း အိပ်တန်းမပျံနိုင်တော့ဘူး။
မောင်မင်းစိုး
မှတ်ချက်။ ။ ပြည်မြို့က ချစ်သူနှစ်ယောက် ချိန်းတွေ့စဉ် လူမဆန်တဲ့ သတ်ဖြတ်မှု
ကြောင့် အသက်ဆုံးသွားရတဲ့ လူငယ်လေးသို့။
အရူးတစ်ယောက်ရဲ့ အူသံ
ကာရံထားတဲ့ နံရံကို မျက်နှာမူပြီး ငါရပ်စောင့်နေခဲ့တယ်
ပြာဝေလာတဲ့ မျက်လုံးအစုံကို အတင်းပိတ်ကြည့်လိုက်တယ်
ငရဲမီးထက် ပူပြင်းတဲ့ မျက်ရည်စီးချောင်းက ပါးပြင်ပေါ် သွန်ကျလာတယ်
ငါခေါ်တယ် ပြန်မထူးဘူး ပိတ်ထားတဲ့ ဖုံးကို ဖွင့်လိုက်ပါလားကွယ်
တောင်းပန်သံတွေက ရင်ထဲမှာ မြည်ဟီးနေခဲ့တယ်
အရူးတစ်ယောက်လို ကစင်ကလျား ပြန့်လွင့်မှုတွေက ရေကြည်ပေမယ့် မြက်မနုတော့ဘူး
မည်းမှောင်အောင် ထူပိန်းနေတဲ့ ကောင်ကင်ပြင်ကြီးကို ငေးမောကြည့်မိတယ်
မမြင်ရတဲ့ သက်မဲ့တွေက လူသားဖြစ်တည်မှုအတွက် အရေးမပါဘူး
ထိပ်လန့်ခဲ့ရတဲ့ နေ့ရက်တွေနဲ့ အိပ်မရတဲ့ ညနက်တွေကို ကြောက်တယ်
တန်ဖိုးကြီးတဲ့ ပစ္စည်းတစ်ခုနဲ့ ပစ်ပေါက်ခံရပြီးတဲ့နောက် အိပ်ယာပေါ် မျက်နှာအပ်ရင်း
စိတ်ဒဏ်ရာတွေက ထထဖောက်တယ် မေတ္တာတရားရဲ့ အတိမ်အနက်မှာ ငြိမ်ချက်သား
ကောင်းလှတဲ့ မျှော်လင့်ခြင်း အလင်းတန်းကို ပြန်လည်ဆုပ်ကိုင်ခွင့် ပြုပါ
မိုးပြိုမှာ တွေးကြောက်နေရတဲ့ အပြစ်မဲ့လူသားတစ်ယောက်ရဲ့ အူသံတွေကို နားထောင်ပေးပါ
လူသားဆန်တဲ့ အပြုအမူက လွဲရင် ဘာကိုမှ ဖက်တွယ်မထားပါဘူး
သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိတဲ့ စကားတွေကို ကြားချင်မိတယ်
အပြစ်မရှိပါဘူးဆိုတဲ့ စကားအတွက် တုန့်ပြန်မှုက စက်ပိတ်ထားခြင်းလား
ဆာလောင်မှုအတွက် လတ်ဆတ်မှုမရှိတဲ့ ပန်းသီးတစ်လုံးလောက်တောင် မျှော်လင့်ချက်မရှိတော့ဘူးလား
ဘ၀ကလဲ ပျားရည်တစ်စက်လောက်တောင် မချိုမြတော့ဘူး
အမေရယ် . . . အရူးတစ်ယောက်ရဲ့ ရှင်သန်ခြင်းကို လမ်းပြပေးပါ။
ဘ၀အမှောင်ထဲ တိုးတိုးတိတ်တိတ် တိုးဝင်နေရတဲ့ ကြောက်ရွံ့ခြင်းတွေကို ရင်ဆိုင်ဖြေရှင်းပေးပါ။
'' ရက်စက်လိုက်တာ " ဆိုတဲ့ စကားလုံးလေးကိုပဲ ထပ်တလဲလဲ ငြီးညူရင်း
လူတွေကို တွေးပြီး ကြောက်နေခဲ့ရပါတယ်။
မောင်မင်းစိုး
(၄-၂၅-၂၀၁၃)