Friday, August 1, 2008

ကြည်နူးဖွယ် ပုံရိပ်များ








လမ်းလွဲ

လမ်းများ
တစ်နာရီလောက် ထိုင်ကြည့်လိုက်တော့
မြင်ကွင်းတွေက သွေးပျက်ဖွယ်
လောက်လောက်လားလားတောင် မရယ်လိုက်ရဘူး
အဲဒီနေ့က
မိုးတိမ်တွေ အုံ့ဆိုင်းလို့
စစ်ဆေးရေးဂိတ်တွေ အထပ်ထပ်ဖြတ်ကျော်လို့
ရူးရူးမိုက်မိုက် အာဏာသားများရဲ့ လက်တွေ

တစ်ဂိတ်ပြီး
တစ်ဂိတ် လက်တွေရဲနေခဲ့ယ်
မနက်ဖန်
အမှောင်ညများစွာကို အလင်းရောင်ပေးဖို့
ကျုပ်တို့ မီးရူးတိုင်တွေ ထွန်းညှိလို့
သမိုင်းအသစ်ထူထောင်ကြမယ်။

မောင်မင်းစိုး(ရွှေနံ့သာ)

Wednesday, July 30, 2008

ငါ့အသက်ရှင်မှုက ဘေးကျပ်နံကျပ်

နေသာသလို နေခဲ့တယ်

ဒီနေ့ငါ့အသက်ရှင်မှုက ဘေးကျပ်နံကျပ်

အိမ်ပြန်ရ ကောင်းမလား

ဆက်ထိုင်ရ ကောင်းမလား

ဆုံးဖြတ်လို့ မရတဲ့ သေဆုံးမှုပဲ။


ငါကခလုတ်ကို တိုက်မိတာလား

ခလုတ်ကငါ့ကို တိုက်မိတာလား

စိတ်ကိုထုတ်ပိုးပြီး

အမှိုက်ကားပေါ် ပစ်တင်လိုက်ချင်တယ်။

ငါ့ကိုငါ မလိုချင်တော့ဘူး

နေသာသလို နေခဲ့တယ်

ဒီနေ့

ငါ့အသက်ရှင်မှုက ဘေးကျပ်နံကျပ်။

(၂၀၀၄-နှလုံးအိမ်)

မောင်မင်းစိုး(ရွှေနံ့သာ)

Sunday, July 27, 2008

ငါ့ပြက္ခဒိန်

နံရံပေါ် ရောင်စုံပြက္ခဒိန်တစ်ချပ်

ပြက္ခဒိန်ထဲက အမေ့ရုပ်ပုံ

စပါယ်တွေဝေလို့

အမေဟာစံပါယ်တွေလို ဖြူစင်နေခဲ့တယ်။

အမေ့ရဲ့တည်ကြည်မှုက

ပညာရှိဆန်ပြီး

ငါ့ကိုအရိပ်တကြည့်ကြည့်

အမေဟာမြန်မာဆန်တယ်


ရဲရင့်တယ်

အမေ့ရဲ့မေးရိုးတွေတောင့်တင်းခိုင်မာပြီး

မချိပြုံးက

လောကကြီးကို

လှပစေချင်တဲ့သဘောဆောင်တယ်။

အမေ့ရဲ့မျက်နှာပေါ်

နှင်းဆီရောင်သန်းနေတဲ့အရောင်တွေက

ငါ့ကိုရဲရင့်စေခဲ့တယ်

အမေဟာ သားသမီးတွေကိုချစ်လို့

သားသမီးတွေကလည်းအမေ့ကိုချစ်တယ်

အမေဟာအနာဂတ်ကို မျှော်ကြည့်တတ်ပြီး

ငြိမ်းချမ်းမှုကို လိုလားတယ်

ဘာသာတရားကိုင်းရှိုင်းတယ်

နုညံ့ပျော့ပြောင်းတယ်

ကိုယ်ချင်းစာတရားရှိတယ်

လွတ်လပ်မှုကို မြတ်နိုးတယ်

လောကဓံကို အန်တုနိုင်ခဲ့တယ်

အမေဟာ အလင်းရောင်ကို မြတ်နိုးပြီး

အမှောင်ထုကို စက်ဆုပ်တယ်။

အမေဟာ ကျိန်စာမိနေသူတစ်ယောက်လို

မတုန်မလှုပ်ထိုင်လို့

အတွေးတွေ စကြာဝဠာတစ်ခုလုံးနှံ့ပြီး

မျှော်လင့်ချက်တွေ အဆီတ၀င်းဝင်း

အမေဟာ ဆယ့်နှစ်လ ပြက္ခဒိန်ရဲ့ ကိုယ်ရံတော်ဖြစ်ပြီှး

နေ့ရက်တွေနဲ့ ဝေးနေခဲ့တယ်

အမေဟာ ဟန်ဆောင်မှုကင်းမဲ့တယ်

ပွင့်လင်းမှုကို လိုလားတယ်

ရိုင်းပြမှုကိုစက်ဆုပ်တယ်

ရိုင်းပင်းမှုကို မြတ်နိုးတယ်။

အမေဟာ ငါတို့ရဲ့ ဘုရားသခင်ဖြစ်လို့

ခေါင်းရင်းက ပြက္ခဒိန်မှာ နှစ်စဉ်နေရာယူခဲ့တယ်

အမေဟာ အဘိုးခြေရာနင်းလို့

အမေ့ဘ၀ဟာ ခန့်ညားထည်ဝါခဲ့တယ်

အမေ့ကျောင်းကို တက်တုန်းက

ကောင်းကင်းကြီးကို မော့ကြည့်င်္ပြီး

ကြယ်တွေရဲ့အမည်တွေကို ပြောပြခဲ့တယ်

“ ကြယ်တွေဟာ ညမှာထွက်ကြပြီး

နေ့မှာပျောက်ဆုံးနေခဲ့တယ်

သူတို့မှာ ကိုယ်ပိုင်အလင်းရောင် အရှိကြဘူး”

အမေပြောလို့ သိခဲ့ရတယ်။

အမေဟာ ငါ့ကိုပုခက်ထဲ ထည့်လွှဲတော့

အမေ့ရဲ့ မေတ္တာဓာတ်တွေ

ပုခက်ကြိုးထဲကနေ ရင်ထဲထိစီးဆင်းခဲ့တယ်။

အမေဟာ ငါ့ကိုသိပ်ရင်

“ ကမ္ဘာမကြေ ” သီချင်းနဲ့ဆိုသိပ်ခဲ့တယ်။
အမေပြောပြတဲ့ တစ်ထောင့်တစ်ည ပုံပြင်တွေ

ဇာတ်နိပါတ် ၀တ္ထုတွေ

အခုတော့

ဗြဟ္မဒတ်မင်းကြီး အကြောင်းတောင် မကြားရတာကြာခဲ့ပြီ။

အမေဟာ ငါ့ကို

အနေမြတ်အောင် သင်ခဲ့တယ်

အသေမြတ်အောင် သင်ခဲ့တယ်

လမ်းလျှောက်တတ်အောင် သင်ခဲ့တယ်

မှတ်ကျောက်တင်ခံရအောင် သင်ခဲ့တယ်

အမေဟာ ဥယျာဉ်မှုးကြီးလည်း ဖြစ်ခဲ့ပေါ့။

အမေဟာ လူသားချင်းစာနာထောက်ထားလို့

အမေ့ရဲ့ လက်တွေရက်ရောခဲ့တယ်

အမေဟာ လောကကြီးကို ခါးစောင်းတင်ပြီး

ငါတို့အတွက် တိုက်ပွဲဝင်ခဲ့တယ်

အမေဟာ ယောက်ျားတွေကို တုပပြီး

ရင်ပေါင်တန်းနိုင်ခဲ့တယ်

အမေဟာ ရာဇ၀င်ကိုနိုင်ပြီး

ဥပဒေတွင်းမှာ နေထိုင်ခဲ့တယ်။

အမေ့ရှေ့က ထိုင်သူမဲ့ထိုင်ခုံကိုငေးလို့

ပြုံးနေခဲ့တယ်။

ထိုင်ခုံပေါ် တွယ်ကျနေတဲ့ ငုဝါပန်းတွေ

အရောင်တွေဖျော့လို့

ကြွေကျမဲ့သဘောဆောင်ပြီး

ပြက္ခဒိန်အသစ်တစ်ခု တောင်းဆိုခဲ့တယ်

အမေဟာ မထင်ရှားတဲ့မြို့မှာ နေထိုင်လို့

ရေဆန်ကို လှော်တက်ခဲ့ရတယ်

အမေဟာ မေတ္တာရှင်လည်းဖြစ်တယ်

ဥပေက္ခာဝါဒီလည်းဖြစ်တယ်

ကရုဏာရှင်လည်းဖြစ်တယ်

အမေ့ရဲ့ အသက်တွေကြီးရင့်ခဲ့ပေမဲ့

စိတ်တွေနုပျိုနေဆဲ

အမေ့ရဲ့ အရိပ်ဖြာနေတဲ့ သစ်ပင်အောက်

ငါတို့နားခိုလို့

စိတ်တွေကူးစက်ခဲ့တယ်။

အခုတော့

အမေ့ရဲ့ ခြေလက်တွေ မသန်စွမ်းသလို

ပါးစပ်တွေ ဆွံ့အခဲ့ပြီး

မျက်စေ့တွေေ၀၀ါးနေခဲ့တယ်

နားတွေထားလို့

ဆံပင်တွေ ဖြူနေခဲ့ပြီ

အမေဟာ အို မင်းမစွမ်းလို့

အိမ်လည်မထွက်နိုင်တာတောင် ကြာခဲ့ပေါ့။

ငါ့အခန်းရဲ့ နံရံတွေပေါ်

အမေ့ရဲ့ ပြက္ခဒိန်တွေ ရှိနေဦးမှာပါ

အမေ့ရဲ့ ပြက္ခဒိန်ကိုကြည့်ရင်း

မျက်နှာတစ်ပြင်လုံး မျက်ရည်ပူတွေ။ ။

(အန်တီစုနှင့်အမေများအားလုံးသို့ …….)

မောင်မင်းစိုး(ရွှေနံ့သာ)