Thursday, February 2, 2012

သစ္စာဘဏ်တိုက်(၆)

ငါဟာ တကယ့်အရှိတရားကို တီးခတ်ဖို့ ကမ္ဘာမြေသို့ ရောက်ရှိပါတယ်။
သမိုင်းနဲ့ချီ ရှည်ကြာပြီဖြစ်သော လွဲမှားမှု (၃) ခုကို ခေတ်ပြိုင်သဘောက ပယ်ဖယ်
(၁) ပိုက်ဆံအရေးမပါ
(၂) သူမှား ငါမှား ဉဏ်မပါ
(၃) အောင်မြင်ဖို့ မလို
ရပ်ကွက်ရနံ့သင်းတဲ့ သစ္စာတရားဟာ သစ္စာတ
ထထအော်တဲ့ အိပ်မက်လည်း နိုးထချိန်တန်ပါပြီ
“ကြိုမြင်မှု၊ သန်္နိဌာန်၊ ကြိုးစားအားထုတ်မှု၊ ခက်ခဲတဲ့ အကောင်းမြင်ဝါဒတို့
ခေတ်ပြိုင်ဉာဏ်ကို ပိုမိုလေးနက်စေ အောင်မြင်မှု ရှိရာ သယ်ဆောင်စေ”
သမိုင်းနဲ့ ချီလွဲမှားမှုတွေဲ့ နိဂုံးကို မည်ကဲ့သို့အမည်တပ်ဆင်လိုသလဲ မိတ်ဆွေ။
မိသားစုသမိုင်းမှာ နာကြည်းမှုနဲ့ လွမ်းဆွေးမှုကို ဖယ်ထုတ်
ငါဟာ စိတ်ပါဒတစ်ပိုဒ်နဲ့ တစ်ပိုဒ်ကြား တွေးပြီး တေးဆိုတဲ့ ငှက်
သစ္စာဘဏ်တိုက်များ၏ ဘ၀ငှက်တို့ ပျံသန်းခြင်း၏ လမ်းဖောက်ကမ္ဘာသစ်ဖွဲ့တည်။
ဒါဟာ ကဗျာဖတ်သူက ဖွဲ့စည်း ဖွဲ့တည်ရတဲ့ ပို့(စ်)ကွန်ဆက်ချူရယ်ပါရာဒိုင်း
စိတ်ကူးတွေ ထည်ဝါဖို့ လိုအပ်။ ကာရန်တွေ ဟာမိုနီဖြစ်ဖို့ လိုအပ်တဲ့
သီဝရီပြီးတဲ့နောက် သီဝရီဘ၀ငယ်အပိုင်းအစများ။
ဝါကျတစ်ကြောင်းကောင်းကင် ပေါက် ထဲက
ခုန်
ဆင်း
လာ
တယ်။
“ခေတ်ပြိုင်မာယာဇုန်ထဲ ရပ်ကွက်ရနံ့သင်းသစ်္စာတစ်သင်းဟာ
သစ္စာအစစ်အရှိတရားဖြစ်အင်ကို တွေ့ရှိ အောင်မြင်မှုနဲ့
သစ္စာဘဏ်တိုက်ဖွင့်လှစ်လိုက်သည်။ ၂၀၁၂ ဇန်န၀ါရီ (၆)”
အမေရိကားကို တွေ့ရှိခဲ့တဲ့ ကိုလံဘတ်(စ်)ထက်စောတဲ့ မှတ်တမ်းတင်ရုပ်ရှင်မရှိတဲ့ လူသား
လင်းအားကြီးမနက်ခင်းထဲ
တစ်ရေးနိုးအတွေးမရှိ သစ္စာဘဏ်တိုက်မှူး ထိုလူသားကား မနောစစ်စစ် သစ္စာသစ်ဖြင့်
(၂၄) နာရီတိတိ
အာဖရိကဗုံ၊ ရှမ်းအိုးစည်၊ မြန်မာဗုံရှည်တို့ တီးခတ်အသံတို့အား ပေါင်းစည်း
(၂၁) ရာစု သစ္စာဘဏ်တိုက်မှတ်တမ်းကားအား ရိုက်ကူးလိုက်သည်။
ကလေးအပေါင်းတို့ အရှိတရားကို စစ်ချီတေးတီးခတ်စာတန်းထိုးသည်
ကမ္ဘာမြေအတွက် ကဗျာတစ်ပုဒ်။ ။

ငြိဏ်းဝေ

မွေးနေ့အတွက် ပေးပို့ထားတဲ့ ကဗျာတွေကို အလှည့်ကျ တင်ပေးသွားပါမည်။
မောင်မင်းစိုး

စာအုပ်အဆက် . . . ၂။ သီလပါရမီ

သီလကို မြန်မာမှုပြုရမည်ဆိုလျှင် ကိုယ်ကျင့်တရားဟု လွယ်လွယ်ပြန်လျှင် အတိုချုပ်အနေဖြင့် ပြီးပြည့်စုံသော အချက်ဟု ထင်ပါသည်။ လူတိုင်းသည် ကိုယ်ကျင့်တရားကို မြတ်နိုးတတ်သည်။ လူတိုင်းကိုလည်း ကိုယ်ကျင့်တရားဆိုသည့် ပေတံများနှင့် တိုင်းတာမှုများ ရှိသည်။ ဗုဒ္ဓဘာသာများအနေဖြင့် သီလဆိုသည် လူ့ဘဝ၏ အခြေခံအဆောက်အအုံဖောင်ဒေးရှင်းဖြစ်သည်။ အခြေခံအဆောက်အအုံဖြစ်သည့် ဖောင်ဒေးရှင်းခိုင်မာမှသာလျှင် ဘဝအတွက် အထွတ်အထိပ်သို့ တက်ရောက်ရာမှာ အဆင်ပြေ ချောမွေ့နေပါလိမ့်မည်။ ဒါသည် အလွန်အရေးကြီးသည်။ အရာရောက်သည်ဟု ဆိုရမည်ဖြစ်သည်။ ဗုဒ္ဓအနေဖြင့်လည်း မျှော်မှန်းထား သည့် ပန်းတိုင်ကို ရောက်ရှိဖို့ သီလတည်းဟူသော ဖောင်ဒေးရှင်းကို အခိုင်မာဆုံးဖြစ်အောင် တည်ဆောက်ခဲ့သည်။ အသက်နှင့်ပင် လဲပြီး အတုယူစရာ ကောင်းလောက်အောင် တည်ဆောက်ခဲ့သည်။ သို့အတွက်ခိုင်မာသော တိကျသော၊ သေချာသော၊ မပျက်မစီးသော နိဗ္ဗာန်တည်းဟူသော မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။
သီလကိုတော့ စာရိတ္တ၊ ဝါရိတ္တစသည်အားဖြင့် အမျိုးမျိုးအပြားပြားရှိခဲ့သော်လည်း အများနှင့် ဆိုင်သော ငါးပါးသီလ လောက်ကိုပဲ ပြောလျှင် လုံလောက်မည်ဟု ထင်ပါသည်။ ဗုဒ္ဓအနေဖြင့်တော့ ငါးပါးသီလလောက်သည် ခါးဝတ်ပုဆိုးကဲ့သို့ ခိုင်မာ ခဲ့သည်။ မြဲမြံခဲ့သည်။ ဘုရားရှင်အနေဖြင့် အလောင်းတော်ဘဝမှာပင် အလိုနည်းသည်။ ရောင့်ရဲလွယ်သည်။ လျှပ်ပေါ်လော်လည်မှုမျိုး မရှိ။ သန့်စင်သော၊ ကြည်လင်သော ဣနြေ္ဒများနှင့် ပြည့်စုံသည်။ စိတ်ကောင်း နှလုံးကောင်းကိုလည်း ဘဝတိုင်း တည်ဆောက်သည်။ ပြည့်စုံသည်။ မတရားသော အသက်မွေးဝမ်းကျောင်းမျိုးစုံကို ဖယ်ရှောင်သည်။ ရွံမုန်းသည်။ မိမိအနေဖြင့် သူတစ်ပါးဆိုသည့် ပရ ဟိတအတွက် အကျိုးရှိမည်၊ ကောင်းမွန်မှုများ ဖြစ်မည်ဆိုလျှင် မိမိအသက်ကိုပင် ပဓာနမထားဘဲ ပြုမူဆောင်ရွက်တတ်သည့် အလေ့ရှိသည်။ နူးညံ့သည်။ သိမ်မွေ့သည်။ သူတစ်ပါးအပေါ်မှာ ဘယ်တော့မျှ ဖျံမကျတတ်မှုများသည်။ ဘုရားအလောင်း၏ စစ် မှန်သော စိတ်ဓာတ်ဖြင့် လုပ်ဆောင်ချက်များဖြစ်သည်။ ဒါကို အတုယူရမှာလည်း ဖြစ်သည်။
သီလစောင့်ထိန်းခဲ့မှုများနှင့် ပတ်သက်၍လည်း ဇာတ်တော်များစွာ ရှိခဲ့သည်။ ထိုများစွာထဲမှ အလီနသတ္ထုဇာတ်တော်သည် အလွန်ထင်ရှားသည်။ အတုယူစရာလောက်ကိုသာ ပြောပြလိုသည့်အတွက် ဒါလေးကိုပဲ မိတ်ဆက်အနေဖြင့် ပြန်လည်ပြောပြလို ပါသည်။ မင်းမှာ သစ္စာ၊ လူမှာ ကတိဆိုသည့် စကားသည် အလွန်ပင် ရေပန်းစားကာ အသုံးတွင်ကျယ်လှသည်။ ရွှေသမင် ဘယ် က ထွက်၊ မင်းကြီးတာ ထွက်ဆိုသည့် စကားပုံသည် အလီနသတ္ထုဇာတ်တော်ကို ညွှန်းဆိုထားဟန် တူပါသည်။ ဇယဒိသမင်းကြီးအနေ ဖြင့် တောကစားထွက်ရာမှာ ဘီလူး၏ ပိုင်နက်ကို ရောက်သွားပါသည်။ အပိုင်စားရထားသော နေရာဖြစ်၍ ဘီလူးအနေဖြင့် ဇယ ဒိသမင်းကြီးအား စားခွင့်ကြုံသည်။ သို့အတွက် ဖမ်းဆီးလိုက်သည်။ ဆရာဖြစ်သူ၏ အဆုံးအမကို ခံယူလိုမှု၊ အလှူအတန်းပေး လှူလိုမှုများကြောင့် ဘီလူးထံမှ ပြန်လာပြီး အစားခံမည်ဟူသော ကတိစကားဖြင့် မြို့တော်ကို ပြန်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်အင်ကို သားဖြစ်သူ ဘုရားအလောင်း အလီနသတ္ထုမင်းသားသိ၍ ဖခမည်းတော်အစား ဘီလူးထံသို့ အစားခံယူ သွားမည်ဆိုပြီး ခွင့်ပန်ခဲ့သည်။ သွားခဲ့သည်။ သို့သော်လည်း မင်းကြီးနှင့် သားတော်အလီနသတ္ထုမင်းနှစ်ပါးတို့၏ သီလဖြူစင်မှု၊ လေးစားစရာ ကောင်းလောက်သော ကတိသစ္စာတည်မှုတို့ကြောင့် ဘီလူးသည် မင်းသားကို မစားရဲဘဲ ပြန်လွှတ်လိုက်သည်။ မှန် သည်။ ပုထုဇဉ်လူသားတိုင်းသည် သေခြင်းတရားကို ကြောက်ရွံ့သည်။ သေရမှာ မကြောက်သော ပုထုဇဉ်ဟူ၍ မရှိ။ သို့အတွက် ဘုရားအလောင်း အလီနသတ္ထုအနေဖြင့်လည်း သေခြင်းတရားကို ကြောက်မှာတော့ သေချာသည်။ သို့သော်လည်း သေခြင်းတရားကို ကြောက်သည်မှန်သော်လည်း ကိုယ်ကျင့်တရားပျက်ယွင်းမှာကို ပိုပြီး ကြောက်သည်။ ကိုယ်ကျင့်တရားပျက်ယွင်းမှုကို သေခြင်းတရားထက် ပိုပြီး ကြောက်စရာ အကောင်းဆုံးဟု ခံယူထားသည်။ သို့အတွက်ကိုယ်ကျင့်တရားဖြစ်သည့် ကတိသစ္စာကို ပျက်ကွက်လို့ ရသော်လည်း မပျက်ကွက်ခဲ့ပေ။ သည်ကိုယ်ကျင့်တရားပျက်ကွက်ခွင့်သည် အသက်နှင့် ဆိုင်၍ အရေးကြီးသည်။ ဘီလူးအား အစားခံယူရန် သွားသည်ဆိုသည်မှာ အသက်ကို စတေးထားခြင်းဖြစ်သည်။ သို့သော်ဘုရားအလောင်းအနေဖြင့် ဓမ္မသဘောတရား၊ သဘာဝ သဘောတရား၊ နိယာမသဘောတရား၊ ကံသဘောတရား စသည်တို့ကို နားလည်သည်။ သိသည်။ ဓမ္မတာအရ ယခုလိုသေခြင်းအတွက် သွားပြီး အသက်ကို စတေးခြင်းသည် တစ်ဘဝအတွက်သာ ဖြစ်သည်။ သို့အတွက် တစ်ဘဝအတွက်ဖြစ်သော သေခြင်းတရားဆိုသည့် ဒုက္ခကို ခံယူခဲ့သည်။ ကိုယ်ကျင့်သိက္ခာပျက်ယွင်းမှုသည်ကား သံသရာနှင့် စပ်ဆိုင်သည်။ သံသရာတစ်လျှောက်လုံးအတွက် ဒုက္ခ ဖြစ်စေသည်။ သို့အတွက်တစ်ဘဝအတွက် ဒုက္ခတရားကို ပဓာနမထား၊ တစ်သံသရာလုံးအတွက် ဒုက္ခကို အလေးဂရုပြုခြင်းဖြစ်သည်။ ဒါသည် လူတိုင်းလိုလို အလွန်အရေးကြီးသော အချက်ဖြစ်သည်။ နိုင်ငံအသီးသီးရှိ ခေါင်းဆောင်းများအနေဖြင့်လည်း ပိုပြီး ဂရု စိုက်ရမည့် အချက်ဖြစ်သည်။ ယခုခေတ်သည် ကတိသစ္စာများဖြင့် အရာရာကို ထိန်းချုပ်လာသည်။ ကိုင်တွယ်လာသည်။ ဆက်ဆံ လာခဲ့ကြသည်။ ဥပမာ နျူကလီးယားလက်နက်မစမ်းသပ်ရေး၊ မပြုလုပ်ရေး စသည်တို့ကို ကတိများဖြင့် ထားခဲ့ပြီး ပြုလုပ်မည်၊ စမ်းသပ်မည်ဆိုလျှင် ဘဝပေါင်းများစွာကို သေခြင်းတရားဆီသို့ ပို့ဆောင်လိုက်သည်နှင့် တူပေလိမ့်မည်။ နိုင်ငံတိုင်းလိုလို ရှိနေသေးသော အကျင့်ပျက်ခြစားမှုများသည် ကိုယ်ကျင့်တရားများဖြစ်သည်။ မတရားသဖြင့် လိုချင်တပ်မက်မှုများ၊ တွယ်တာမှုများ၊ ပိုင်ဆိုင်လို မှုများသည် ကိုယ်ကျင့်တရားများပင်ဖြစ်သည်။ နယ်နိမိတ်ကျူးကျော်မှု၊ ပိုင်နက်ကျူးလွန်မှု၊ ရန်လိုမှုများစွာသည် ကိုယ်ကျင့် တရားများပင်ဖြစ်သည်။ အဓိကအကျဆုံးသော ကိုယ်ကျင့်တရားများကတော့ ငါးပါးသီလကို လူတိုင်း လုံခြုံမည်ဆိုလျှင် ကမ္ဘာကြီးသည် ပိုမိုစိတ်ချရသော၊ လုံခြုံမှုရှိသော၊ အေးချမ်းသာယာသော အသွင်အပြင်ကို ဆောင်စေမှာ ဖြစ်သည်။ သို့အတွက် ကိုယ်ကျင့်တရားသည် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသလို နိုင်ငံအတွက်၊ တိုင်းပြည်အတွက်၊ တစ်ကမ္ဘာလုံးအတွက် အလွန်အရေးကြီးသော အချက်အလက်များဖြစ်သည်။ ပါရမီအတွက် မဟုတ်သော်လည်း ငါးပါးသီလကို လူတိုင်း ခါးဝတ်ပုဆိုးကဲ့သို့ မြဲကြရန် သီလပါရ မီအခန်းမှလည်း လူသားအားလုံးကို မီးမောင်းထိုးပြခဲ့ခြင်းဖြစ်ပေလိမ့်မည်။

Wednesday, February 1, 2012

စာအုပ်အဆက် . . .ပါရမီများနှင့် ဘုရားရှင် . . .၁။ ဒါနပါရမီ


ပါရမီများနှင့် ဘုရားရှင်

ကမ္ဘာလောကရှိ ကြီးကျယ်သော ဘာသာရေးတည်ထောင်သူပုဂ္ဂိုလ်များထဲတွင် တစ်ဦးတည်းသော ဆရာဖြစ်သည့်၊ ဗုဒ္ဓမှ လွဲ၍ မည်သူမျှ လူသားအဖြစ် (ဖြစ်ခြင်း) ကို အဆိုမပြုခဲ့ပေ။ လူသားတစ်ယောက်အဖြစ် သတ်မှတ်ရသော်လည်း ဗုဒ္ဓသည် ပါရမီဆယ်ပါး သို့မဟုတ် ဆယ်ပါးသော ပြည့်စုံခြင်းများဖြစ်သည့် အမြင့်မားဆုံးသော ဖြည့်ကျင့်ခြင်းအတွက် မရေမတွက်နိုင်သော ဘဝများတွင် ဖြည့်ကျင့်ပြည့်စုံစေပြီးသည့် ထူးခြားသော လူသားဖြစ်ပါသည်။
ပါရမီဆယ်ပါးမှာ ဒါန- ပေးကမ်းခြင်း၊ သီလ- ကိုယ်ကျင့်တရား၊ နေက္ခမ္မ- စွန့်လွှတ်ခြင်း၊ ပညာ- Óာဏ်ပညာ၊ ဝီရိ ယ- ဇွဲလုံ့လရှိခြင်း။ ခန္တီ- စိတ်ရှည်သည်းခံခြင်း၊ သစ္စ- မှန်ကန်ခြင်း၊ အဓိဋ္ဌာန- ခိုင်မာပြတ်သားခြင်း၊ မေတ္တာ- ချစ်ခြင်းနှင့် ဥပေက္ခာ- (ခံစားမှု) မျှခြေတို့ဖြစ်ပါသည်။ ဗုဒ္ဓသည် ကမ္ဘာလောကတွင် အံ့ဖွယ်အကောင်းဆုံးလူသား ''အစ္ဆရိယမနုဿ'' ဖြစ်တော်မူပါသည်။ ဗုဒ္ဓသည် မိမိကိုယ်တိုင်လည်း နတ်ဘုရားတစ်ပါးဟု မှတ်ယူတော်မမူပေ။ မိမိ၏ နောက်လိုက်များကိုလည်း သူ့အား နတ်ဘုရားတစ်ပါးအဖြစ် မှတ်ယူရန်လည်း မိန့်တော်မမူပါချေ။ သို့ရာတွင် ဗုဒ္ဓသည် နတ်ဘုရားများ၏ ဆရာအရှင် သို့မ ဟုတ် နတ်များ၏ မင်းဖြစ်သည်။ 'ဒေဝါတိဒေဝ' ဟု မှန်ကန်စွာ မှတ်ယူတော်မူပါသည်။
ယင်းပါရမီဆယ်ပါးကို အကျဉ်းသဘောအနေဖြင့် အနည်းငယ်လောက် တစ်ခုချင်း ထုတ်ပြရမည်ဆိုလျှင် ပိုပြီး ပြည့်စုံ သွားပေလိမ့်မည်။ ပါရမီကို အမျိုးမျိုးဖွင့်ဆိုပြောဆိုခဲ့ကြသော်လည်း သည်နေရာမှာတော့ မြင့်မြတ်သူတို့၏ အလုပ်ဟု အများသိပြီး၊ လက်ခံထားပြီးသည့် စကားလုံးကို ဖွင့်ပြလျှင် ပိုပြီး သင့်တော်ပေလိမ့်မည်။ ပါရမီဆယ်ပါးဟုဆိုသော်လည်း တစ်ပါးစီကို ပြန်ပြီး သုံးမျိုးစီ ခွဲခြားထားသည့်အတွက် ပါရမီဆယ်ပါး၊ အပြားသုံးဆယ်ဆိုတာ ဖြစ်လာသည်။ ဥပမာအားဖြင့် ဒါနပါရမီကို သုံးမျိုးထပ်ခွဲလျှင် ဒါနပါရမီ၊ ဒါနဥပပါရမီ၊ ဒါနပရမတ္ထပါရမီဟု ဒါနကို မြင့်သထက် မြင့်လာမှုအနေအားဖြင့် ခွဲခြားထားခြင်း ဖြစ်သည်။ ထိုနည်း အတူ အခြားပါရမီများကိုလည်း ပါရမီ၊ ဥပပါရမီ၊ ဥပပရမတ္ထပါရမီဟု သုံးမျိုးစီ ထပ်ခွဲလျှင် အပြားသုံးဆယ်ဖြစ်လာမည်ဖြစ်သည်။

၁။ ဒါနပါရမီ

ပါရမီဆယ်ပါးတို့တွင် ဘုရားအလောင်းသည် ဒါနပါရမီကို ရှေးဦးစွာ ပြုကျင့်ခဲ့သည်။ ဒါနနှင့်စပ်ဆိုင်၍ ပိဋကတ်ကျမ်း စာများ၌ အမျိုးမျိုးအဖုံဖုံဖွင့်ထားသည်ကို တွေ့ရသော်လည်း အနှစ်ချုပ်အားဖြင့် မိမိနှင့်စပ်ဆိုင်သော ပစ္စည်းဝတ္ထုတစ်ခုခုအား သူတစ်ပါးပေးကမ်းခြင်းပင် ဖြစ်သည်။ သို့သော်ရည်ရွယ်ချက်၊ စေတနာထားရှိချက်၊ လုပ်ဆောင်ချက်များ မတူညီနိုင်သလို အကျိုးပေးခြင်း များလည်း များစွာ ကွဲပြားစေလိမ့်မည်။ သို့သော်ဘုရားအလောင်းတော်အနေနှင့် ပြုလုပ်ခဲ့သော အလှူဒါနသည် စီးပွားတိုးတက်ဖို့၊ လာဘ်လာဘပေါများဖို့၊ နတ်စည်းစိမ်မျိုးစုံ၊ လူစည်းစိမ်မျိုးစုံကို ပြည့်ပြည့်ဝဝခံစားဖို့ဟူသော ရည်ရွယ်ချက်ကား စိုးစဉ်းအနည်းငယ်မျှပင် မရှိပေ။ ရည်ရွယ်ချက်အနေဖြင့် လောကမှ ထွက်မြောက်ကြောင်းဖြစ်သော နိဗ္ဗာန်အကျိုးငှာ လှူဒါန်းမှုဖြစ်သည်။ အဆိုပါလောကမှ ထွက်မြောက်ကြောင်းကိုလည်း မိမိတစ်ကိုယ်ရေအနေဖြင့် လွတ်မြောက်လိုခြင်းမျိုးမဟုတ်၊ မိမိလွတ်မြောက်သလို သတ္တဝါတွေကိုလည်း လွတ်မြောက်စေလိုသည့် ဆန္ဒ၊ မိမိသိလျှင်လည်း အခြားသော ဝေနေယျတို့အား သိလိုသည့် ဆန္ဒဟူသော ရည်ရွယ်ချက်ဖြင့် ပရ ဟိတအကျိုးငှာ ပိုကဲပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အလှူဒါနများနှင့် လောကကောင်းကျိုးအတွက် လုပ်ဆောင်ခဲ့သော လုပ်ဆောင်ချက်များ များစွာ ရှိသည်။ သာဓက ပေါင်းများစွာကို အကျယ်ထုတ်ပြရန်ကား သည်စာအုပ်အနေဖြင့် လုံလောက်မှုရှိဟန် မတူပေ။ သိသာထင်ရှားသော ဇာတ်တော် အနေဖြင့်ကား ဝေဿန္တာဇာတ်သည် လူသိများသည်။ သည်ဇာတ်အနေဖြင့်ပင် ဒါနပါရမီ၊ ဒါနဥပပါရမီ၊ ဒါနပရမတ္ထပါရမီများစွာ ကို သိသာနိုင်သည်။ လုပ်ဆောင်ခဲသော အလုပ်မျိုးကို လုပ်ဆောင်ခဲ့ခြင်း၊ လှူဒါန်းမှု၏ ပုံဆောင်ခဲများဖြင့် ပြည့်နှက်နေခဲ့သည်။ အကိတ္တိဇာတ်လို ဘဝဖြစ်စဉ်များသည်လည်း နက်နဲသည်။ ဒါနဆိုသည့် အလှူအတန်းကို စစ်ထိုးခြင်းနှင့် နှိုင်းယှဉ်ပြသထားသည့် ဒေတာများကိုလည်း တွေ့ရသည်။ စစ်ပွဲတစ်ခုတွင် ဘယ်လိုသော နည်းဖြင့် ရန်သူကို အနိုင်ရရန် လုပ်ဆောင်ရမည်ကို သိရှိသလို၊ ကြိုးစားသလို၊ မိမိအတွင်းသန္တာန်၌ ဖြစ်ပေါ်နေသော လောဘနှင့် တူသော ရန်သူကို အနိုင်ရရန် တိုက်ခြင်းမျိုးဖြစ်သည်။ ဒါနနှင့် ပတ်သက်ပြီး လေးစားရမည့်၊ အတုယူရမည့်၊ လိုက်နာရမည့် လုပ်ဆောင်ချက်များစွာထဲမှ ယုန်ပညာရှိ ဘဝက အဖြစ်အပျက်တစ်ခုကို သတိရမိသည်။ ဗြဟ္မဏအယောင်ဆောင်လာသော သိကြားမင်း၏ စမ်းသပ်မှုဟုဆိုရမည်ဖြစ်သည်။ ထိုစဉ်အခါက တိရစ္ဆာန်ဘဝပင် ဖြစ်လင့်ကစား၊ မိမိအလှူဒါနနှင့် ပတ်သက်ပြီး သူတစ်ပါးအပေါ်မှာ ဘယ်လောက် စေတနာထားသည်ဆိုသည်ကို လေ့လာ၊ အတု ယူရမှာ ဖြစ်သည်။ မိမိထံ အလှူခံလာသော ဗြဟ္မဏအား ဘာမျှပေးလှူစရာ မရှိသောကြောင့် ဗြဟ္မဏအား မီးဖိုခိုင်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် မိမိမှာ အခြားပေးလှူစရာ မရှိ၍ မိမိ၏ အသားကို ပေးလှူလိုသောကြောင့်ဖြစ်သည်။ ယုန်၏ သန္တာန်မှ စီးဆင်းလာသော စိတ်ဓာတ်ကား လူများပင် လုပ်ဆောင်ဖို့ ခဲယဉ်းနေပေလိမ့်မည်။ ဖိုခိုင်းထားသော မီးဖိုထဲကို မိမိကိုယ်တိုင်ခုန်ချကာ အသက်ကို ပဓာနမထားဘဲ မိမိအသားကို ပေးလှူရန် ဖြစ်သည်။ ''ကျုပ်ကို သတ်မယ်ဆိုရင် ခင်ဗျားမှာ သူတစ်ပါးအသက်ကို သတ်ဖြတ်မှုကြောင့် ပါဏာတိပါတကံမြောက်နေလိမ့်မယ်၊ ဒါကြောင့်ကိုယ်တိုင်ပဲ မီးပုံထဲ ခုန်ချလိုက်မယ်။ ပြီးတော့မှ ကျက်သွားတဲ့ ကျုပ်ရဲ့ အသားကို စားပါ'' ဆိုသည့် ဆန္ဒဖြစ်သည်။ ထိုမျှခက်ခဲသော၊ နက်နဲသော အလှူဒါကို လှူဒါန်းခြင်းသည် မိမိတစ်ဦး တစ်ယောက်အတွက် မဟုတ်ခဲ့ပေ။ သဗ္ဗညုတÓာဏ်ကို ရရန် ရည်ရွယ်သော်လည်း အဆိုပါရည်ရွက်ချက်၏ နောက်ကွယ်မှာ မိမိရ ရှိသလို၊ ခံစားသလို၊ သိသလို၊ လွတ်မြောက်သလို အခြားသော ဝေနေယျများစွာအတွက် မိမိနှင့်ထပ်တူကျစေဖို့ ရည်ရွယ်ချက်မှန်မှန်နှင့် လုပ်ဆောင်ခြင်းဖြစ်သည်။ အချို့ကတော့ ပြောသည်။ ဒါနဆိုသည့် အလှူအတန်းသည် သူတော်ကောင်းမှန်လျှင် လုပ်ဆောင်ရမည့် အလုပ်ဟု သဘောထားပြီး လုပ်ဆောင်ဖို့ လိုသည်ဟု ဆိုကြသည်။ သေချာတာ တစ်ခုအနေဖြင့် ပြောရလျှင် ဘာသာတိုင်းလိုလို အလှူအတန်းကို ကောင်းသည့် လုပ်ငန်းဟု သတ်မှတ်ခဲ့သည်။ လုပ်ဆောင်ခဲ့ကြသည်။ သို့သော်အထက်က ပြောခဲ့သလို ရည်ရွယ် ချက်ချင်းကတော့ မတူ။ အလွန်ပဲ ခြားနားလှသည်။ ခက်ခဲစွာ ရုန်းကန်နေရသော လူသားများစွာသည် တိုင်းပြည်တစ်ခုတွင်ဖြစ်စေ၊ သို့မဟုတ် ကမ္ဘာပေါ်တွင်ဖြစ်စေ သန်းပေါင်းများစွာ ရှိနေခဲ့သည်။ သူတို့၏ ဆင်းရဲမွဲတေမှုများကို တာဝန်ရှိသူများ၊ တာဝန်သိသူ များအနေဖြင့် ဆင်းရဲတွင်းမှ ဆွဲတင်ရန် အလွန်ပင် လိုအပ်ပေလိမ့်မည်။ ပါရမီမြောက်မှု၊ မမြောက်မှုထက် လုပ်ဆောင်ရမည့် လုပ်ငန်းများစွာတွင် ဘုရားလောင်း၏ လုပ်ဆောင်ချက်များကို နည်းယူပြီး လုပ်ဆောင်ရမည်ဖြစ်သည်။ ၄င်းနှင့် ပတ်သက်ပြီး မဟာသုဒဿန စကြဝတေးမင်းဖြစ်စဉ်က လုပ်ဆောင်ခဲ့သော လုပ်ငန်းများနှင့် ပတ်သက်ပြီး ပြောပြရန် များပြားလွန်းသည်ကြောင့် သေခါနီးဆဲဆဲတွင် မှာကြားသွားသော စကားလေးတစ်ခွန်းကိုပဲ ပြန်လည်ဖောက်သည်ချလိုက်ပါသည်။ မိမိနည်းတူ တိုင်းသူ ပြည်သားများကိုလည်း ဖြည့်ကျင့်လိုသည့် စစ်မှန်သည့် ပြောဆိုချက်ဖြစ်သည်။ ''အလှူဒါနမျိုးစုံကိုပေးကမ်းလှူဒါန်းကြရမယ်၊အကျင့်သီလနဲ့ပြည့်စုံစွာနေကြရမယ်၊ဥပုသ်သီတင်းဆောက်တည်ကြရမယ်'' ဆိုသည့် လုပ်ငန်းများကို လုပ်ဆောင်ကြရန် အသိပေးခဲ့သည်။ မှာကြားသွားခဲ့သည်။
မောင်မင်းစိုး