Sunday, August 22, 2010

လုပ်စရာတွေ တောထနေတယ်



လူငယ်နဲ့ခေါင်းဆောင်မှု....အဆက်

ဘာတွေလုပ်ကြရမလဲဆိုတော့၊ လုပ်စရာတွေကတော့ တစ်ပုံတပင်ကြီးကို ရှိနေတယ်။ ဒီလိုလုပ်စရာတွေများထဲမှာ ကိုယ် ကျွမ်းကျင်ရာတွေနဲ့၊ ကိုယ်ဝါသနာပါတာတွေကို ဦးစားပေးလုပ်ဖို့ပေါ့။ ဒီတော့ ဘာတွေလုပ်ကြမလဲဆိုရင် အခု ၂ဝ၁ဝမှာ အပူချိန် ဟာ မြန်မာနိုင်ငံအနေနဲ့ လူးလိမ့်ပြီး ခံစားခဲ့ကြရတယ်။ မသေသင့်ဘဲ သေသွားကြရတဲ့လူတွေလည်း အများကြီးဖြစ်ပေါ်ခဲ့တယ်။ ရေရှားပါးမှု ပြဿနာတွေနေရာတော်တော်များများ ပေါ်ပေါက်ခဲ့တယ်။ ဘာဖြစ်လို့ ဒီအပူဒဏ်တွေဟာ တစ်နှစ်နဲ့တစ်နှစ်မတူအောင် ပူလောင်နေခဲ့ရတာလဲ။ အဖြေရှာပါ။ သေချာတာတစ်ခုကတော့ ကမ္ဘာကြီးပူနွေးလာမှု ပြဿနာဟာ တော်တော်လေးဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတယ်။ ဘာကြောင့်ဖြစ်ရတာလဲ။

အိုဇုန်လွှာပါးလာမှုဟာ အဓိကတရားခံကတော့ သစ်တောတွေပြုန်းတီးတာတွေ၊ ကျောက်မီးသွေးတွင်းကနေ ထွက်ပေါ်လာ တဲ့ ကာဗွန်တွေ၊ အခြားအခြားသော ရေကာတာတွေ အဆမတန်လုပ်ပြီး မနိုင်ဝန်ထမ်းစေတာတွေ၊ အမှိုက်မီးရှို့တာတွေ၊ သစ်ပင် တွေခုတ်လှဲတာတွေ၊ ရီဆိုက်ကယ်ပြန်လုပ်လို့မရတဲ့ ကြွတ်ကြွတ်အိတ်များအဆမတန် သုံးစွဲလာတာတွေ စသဖြင့်တော်တော်လေး များပြားနေခဲ့တယ်။ ဒီတော့ ဒီသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို ဘယ်လိုအကောင်အထည်ဖော်ပြီး လုပ်ဆောင်ကြမလဲ။ သစ်ပင်မခုတ်ရဆိုပေမယ့် သုံးစွဲစရာ လောင်စာမီးမရှိတော့ ခုတ်တဲ့လူကတော့ ခိုးပြီးခုတ်ကြမှာပဲ။ ဒီတော့ လောင်စာကိုဘယ်က နေရအောင် ရှာကြမလဲ။ အဓိကပင်မ လျှပ်စစ်မီးရဖို့ ဘယ်လိုလုပ်ဆောင်သင့်သလဲ။ ဒါတွေကို အဖြေရှာကြဖို့ပါ။ ဒီလိုအဖြေရှာ တဲ့အခါမှာ ကိုယ်စွမ်းကိုယ်စနဲ့တော့ တတ်နိုင်မှာမဟုတ်ဘူး။ ဒီတော့ အာဏာပိုင်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့တော့ လိုပါလိမ့် မယ်။ ဒီလိုဆိုရင်တော့ ကမ္ဘာကြီးပူနွေးလာမှု ပြဿနာဟာလည်း လူတိုင်းလုပ်ဆောင်သင့်တဲ့ ကိစ္စတစ်ရပ်ဖြစ်နေပါပြီ။ သေချာတာ ကတော့ လုပ်နိုင်စရာလေးတွေကို လုပ်ချင်တယ်ဆိုရင်တော့ အမှိုက်များမီးမရှို့အောင် ကာကွယ်ပေးပါ။ အပြစ်များပြောပြပါ။ သစ်ပင်များ များနိုင်သလောက်များများ စိုက်ဖို့တိုက်တွန်းပါ။ အဲဒါလေးကတော့ လူတိုင်းလိုလို လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ထိုင်းမှာတော့ သစ်ပင်တွေ သင်္ကန်းတွေစည်းပေးထားတာတွေ တွေ့ခဲ့ရတယ်။ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလည်းဆိုရင် သင်္ကန်းဝတ်ပေးတဲ့သဘောဖြစ်သွားတော့ ဒီသစ်ပင်ကို ဘယ်သူမှမခုတ်ရဲတော့ဘူး။ ခုတ်လည်းမခုတ်တော့ဘူးတဲ့။ ဒါကတော့ သူတို့ ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တစ်ဖက်တစ်လမ်းကနေ လုပ်ဆောင်နည်းတစ်မျိုးပေါ့။ နောက်တစ်ခုကတော့ လုံးဝကို ဘေးမဲ့ပေးတဲ့သစ်တောတွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်ခြင်းပဲ။ ဒါကိုလည်း အားလုံးလိုက်နာနိုင်အောင် လုပ်ထား တော့ တော်တော်လေး ခရီးရောက်တဲ့ လုပ်ဆောင်ချက်လို့ ဆိုရမှာပေါ့။ ကဲ ဒီလိုဆိုရင် လုပ်စရာများစွာအနက် သင့်အနေနဲ့ ပထမ ဆုံး လုပ်ဆောင်ရမယ့် ကိစ္စကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းပေါ့။ ဘယ်လိုလုပ်မလဲ။ ဘယ်သူတွေနဲ့ လုပ်မလဲ။ ဘာကြောင့်လုပ်ရတာလဲ။ ဘယ်တော့စတင်မလဲ။ အဲဒီလို လဲတွေကိုအဖြေရှာဖို့ကတော့ ဒီသဘာဝတရားကြီး အဆမတန်ပူလောင် လာမှုကြောင့် ဘယ်လို အန္တရာယ်တွေကျရောက်နိုင်တဲ့အကြောင်း၊ ဘယ်နေရာမှာ ဘာတွေဖြစ်တယ်ဆိုတာတွေ လေ့လာဖို့မမေ့ပါနဲ့ ခေါင်းဆောင်းကောင်း တစ်ယောက်ဖြစ်ချင်ရင်တော့ လေ့လာစရာရှိတာတွေ၊ သင်ယူစရာရှိတာတွေ၊ နာယူစရာရှိတာတွေကို မပျင်းမရိ လေ့လာဖို့ လိုပါလိမ့်မယ်။ ကိုယ်တိုင် ဘာမှပြင်ဆင်မထားရင်တော့ ကိုယ့်နောက်ကလူတွေ ပါလာအောင် စည်းရုံးဖို့တော့ တော်တော် လေး ခက်ခဲနေပါလိမ့်မယ်။

နောက်ထပ်လုပ်စရာတစ်ခုကတော့ ကမ္ဘာနဲ့ချီပြီး တုန်လှုပ်ချောက်ချားနေဆဲဖြစ်တဲ့ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါတား ဆီးရေး၊ ဒီရောဂါအနေနဲ့လည်း တွေ့ရှိတာကြာပြီဖြစ်သော်လည်း အခုထိ လုံးဝပျောက်ကင်းသွားတဲ့ ဆေးဝါးဆိုတာ အခုထိတော့ မတွေ့ရသေးဘူး။ တွေ့ရှိပြီးဆေးဝါးများအနေနဲ့လည်း လုံးဝမပျောက်ကင်းသော်လည်း သက်သာမှုသာဖြစ်စေပါတယ်။ သို့သော်လည်း ဒီဆေးဝါးတွေကလည်း တန်ဖိုးကအရမ်းကြီးမားနေဆဲဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါတွေ မဖြစ်ပေါ်လာအောင်၊ မကူးစက်ရအောင် တားဆီးဖို့ လူတိုင်းမှာတာဝန်ရှိပြန်တယ်။ ခုခံအားကျဆင်းမှုကြောင့် တဖြည်းဖြည်းအသားအရေ ခန်းခြောက်သွားပြီး သေဆုံးသွား ခဲ့ကြရတဲ့ ရောဂါရှင်တွေကို သင်ကိုယ်တိုင်လည်း မြင်ဖူးကောင်းမြင်ဖူးပါလိမ့်မယ်။ ဒီတော့ လူ့အသက်ကို ထုတ်ထုတ်ယူနေတဲ့ ဒီရောဂါဟာလည်း ကမ္ဘာပြည်သူလူထုတစ်ရပ်လုံးကို ခြိမ်းချောက်နေဆဲပါပဲ။ ဒီတော့ ဘယ်လိုကာကွယ်ကြမလဲဆိုတာတွေကို လူတိုင်းအနေနဲ့ သိထားရင်မကောင်းဘူးလား။ စစ်တမ်းတစ်ခုအရ အခု ဧရာဝတီတိုင်း ဖျာပုံမြို့မှာ ဘယ်လောက်တောင်ရှိနေပြီ ဆိုတဲ့ သတင်းတွေကြားနေရတယ်မဟုတ်လား။ တကယ်တော့ နေရာအနှံ့အပြားမှာ ဒါတွေကူးစက်ဖြစ်ပေါ်နေတယ်ဆိုတာ မမေ့ပါ နဲ့။

နောက်တစ်ခုက ကူးစက်ခံနေကြရတဲ့ ရောဂါသည်တွေကိုလည်းဘယ်လို ပြုစုစောင့်ရှောက်ရမလဲဆိုတာ သင်တန်းတွေရှိပါတယ်။ ဒါတွေကိုလည်း တတ်ရောက်သင့်ပါတယ်။ လေ့လာသင့်ပါတယ်။ လေ့လာပြီးတော့လည်း ဘယ်လိုပြုစုစောင့်ရှောက်ရမယ်ဆိုတာ တွေကို ကိုယ်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ပြန်လည်ဖောက်သည်ချပြီး သင်ကြား၊ ဟောပြောပေးဖို့လိုပါလိမ့်မယ်။

ဒီတော့ ဒီရောဂါနဲ့ ပတ်သက်ပြီး တိုက်ဖျက်ပစ်ဖို့၊ မပြန့်ပွားအောင် လုပ်ဆောင်ဖို့ဆိုတာတွေ လုပ်ဆောင်ဖို့ သင့်အနေနဲ့ ဘာတွေလုပ်ရမလဲ။ ဘယ်လိုသင်တန်းတွေ တက်ရောက်ရမလဲ။ ဘယ်မှာရှိသလဲ။ ဘယ်လိုစာအုပ်တွေ ဖတ်ထားရမလဲ။ ဘယ်လို လက္ခဏာရပ်တွေ ဖြစ်ပေါ်လာတတ်တယ်ဆိုတာတွေ၊ ဘယ်လို ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စသလဲဆိုတာတွေကို သင်ယူပြီးတာနဲ့တစ်ပြိုင် နက် အဲဒီအိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအစီအစဉ်ကို ခေါင်းစဉ်တစ်ခု ရေးဆွဲပါ။ ဘယ်တော့စသင်ရမလဲဆိုတာ တွေနဲ့၊ ဘယ်လိုလုပ်ရမလဲဆိုတာတွေကို အထက်ပေါ်က ပြောပြခဲ့သော နည်းလမ်းအတိုင်း လုပ်ဆောင်ပါ။ ခေါင်းဆောင်အနေနဲ့ အခြားသူတွေထက်တော့ အစစအရာရာ သာလွန်နေမှဖြစ်မယ်။ အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ထိုင်းမှာ လုပ်ထားတဲ့အဖွဲ့စည်းလေး တွေ အကြောင်းလည်းအနည်းငယ်ပြောပြလိုပါတယ်။

သူတို့ကတော့ နေရာတော်တော်များများမှာ သင်တန်းတွေရှိတယ်။ ပြုစုစောင့်ရှောက်ရေး ဂေဟာတွေရှိတယ်။ အဲဒီထဲက အဖွဲ့အစည်းလေးတစ်ခုအကြောင်းကို ပြောပြမယ်။ အခြားသော အဖွဲ့အစည်းပေါင်းများစွာအနက် တော်တော်လေးစိတ်ဝင်စားစရာ ကောင်းတယ်။ အဲဒါက ဘာလဲဆိုတော့ ကိုရင်ငယ်လေးတွေ သီးသန့်ဖွဲ့ထားတဲ့ အဖွဲ့အစည်းလေး။ သူတို့မှာ ကိုယ်ပိုင်ဝက်ဆိုက် ရှိတယ်။ ကူညီစောင့်ရှောက်ဖို့ အင်ဂျီအိုလို အဖွဲ့အစည်းတွေကလည်း ဘေးကနေအကူအညီပေးထားတယ်။ ဒီတော့ တော်တော် လေး ကောင်မြင်နေတဲ့ အဖွဲ့အစည်းလေးဖြစ်နေတယ်။ အဲဒီမှ မြန်မာနိုင်ငံက ရှမ်းကိုရင်ငယ်လေးတွေပါတယ်။ သူတို့ဟာ လွတ်လပ်တယ်။ ကူညီရိုင်းပင်လိုစိတ် ပရဟိတစိတ်ရှိတယ်။ အမြဲတန်းလည်း လေ့လာသင်ယူနေတယ်။ ဖြစ်စဉ်များကိုလည်း အင်တာ နက်ဝက်ဆိုက်ပေါ် လုပ်ဆောင်ချက်နဲ့အတူ တင်ကြတယ်။ ဒါနဲ့ လူငယ်လေးတွေလည်းဖြစ်ပြန်၊ ကိုရင်လေးတွေလည်းဖြစ်ပြန်ဆိုတော့ ဒီအဖွဲ့အစည်းလေးက တော်တော်လေး စိတ်ဝင်စားစရာကောင်းနေခဲ့တယ်။ ဒါကြောင့် လေ့လာဖြစ်ခဲ့တယ်။

ပြဿနာကက ဒီကိစ္စဟာ ရဟန်းတွေနဲ့လုပ်စရာလို့လား၊ လုပ်သင့်သလားဆိုတဲ့ အမေးပါပဲ။ ဒါကို သူတို့ကဘယ်လိုပြန်ဖြေသလဲ ဆိုတော့ လုပ်သင့်ပါတယ်။ လုံးဝကို လုပ်သင့်ပါတယ်တယ်။ လောကာနုကမ္ပာယ- လောကလူသားတွေကို စောင့်ရှောက်ဖို့ ဘုရား ပွင့်လာတာ။ ဒီတော့ ဒီလိုရောဂါဝေဒနာသည်တွေကို စေတနာသန့်သန့်နဲ့ ဘာလာဘ်လာဘမှမခင်တွယ်ဘဲ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းလို့ သလောထားပြီး လုပ်ဆောင်ဖို့လိုတယ်တဲ့။ သူတို့အပြောအရကတော့ လုပ်စရာနည်းလမ်းတွေ များစွာရှိပါတယ်။ ဥပမာ- ဒီရောဂါဝေဒနာရလို့ စိတ်သောကရောက်နေတဲ့ လူနာကို ဘုရားဟောတဲ့ လမ်းစဉ်တွေဖြစ်တဲ့ စိတ်ကိုစိတ်နဲ့ကုစားတာတွေ၊ ဝိပဿနာ အလုပ်တွေ၊ သမာဓိအလုပ်တွေနဲ့ နေထိုင်တတ်အောင်၊ နေတဲ့အခါမှာစိတ်ချမ်းမြေ့စွာနဲ့ အနေရဲရဲ အသေရဲရဲဖြစ်အောင် စွမ်းဆောင် ပေးတာမျိုးတွေဟာ ဘုရားနည်းတွေဖြစ်တယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးတွေနဲ့ လိုအပ်နေတဲ့၊ စိတ်ဒုက္ခရောက်နေတဲ့ လူငယ်တွေကို လမ်းကြောင်းပေါ်ပြန်တင်ပေးတာဟာ လုပ်ကိုယ်လုပ်ရမယ့်လုပ်ငန်းတစ်ခုလို့ သူတို့ကပြောတယ်။

နောက်ကိုရင်လေးတွေအနေနဲ့ ဘာကြောင့်ဖွဲ့စည်းထားသလဲဆိုတော့၊ ကိုရင်လေးတွေဆိုတော့ သူတို့ဟာ လူငယ်တွေပေါ့၊ လူငယ်ဆိုတော့ လွတ်လပ်တယ်။ လူငယ်အချင်းချင်းနားလည်မှုရှိတယ်။ ထိန်ဝှက်တာမျိုးမရှိဘူး။ နောက်များသောအားဖြင့် ဒီရောဂါ ရတဲ့လူဟာ ကိုယ့်မှာဒီရောဂါရှိတဲ့အကြောင်းကို ဂုဏ်သိက္ခာအရကြောင့်ရော၊ ရှက်ကြောက်မှုအရကြောင့်ရော သိပ်ပြီးသူ့မှာရှိတယ် ဆိုတာ ထုတ်ဖော်မပြောချင်ကြဘူး။ ဒါပေမယ့် လူငယ်အချင်းအချင်းစကားပြောတဲ့အခါ တစ်ယောက်ကိုတစ်ယောက် လိုလိုချင်ချင်၊ တစ်ဦးကို တစ်ဦးဂရုစိုက်မှုတွေရှိလာရင် ရှိတဲ့လူတွေက တဖြည်းဖြည်းနဲ့ ထဲထဲဝင်ဝင်ဆွေးနွေးလာတယ်။ ပြောပြလာတတ်တယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ လူငယ်အချင်းအချင်း ပြုစုစောင့်ရှောက်တဲ့အနေနဲ့ ကိုရင်ငယ်လေးတွေ ဖွဲ့စည်းထားကြောင်းပြောပြတယ်။ ဒီတော့ ကိုရင်လေးတွေဟာလည်း လေ့လာထားကြသူများ ပီပီ ထိန်ဝှက်ထားခြင်းအပြစ်တွေပြော၊ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာတွေ ပြောပြခြင်းအားဖြင့် ကူညီစောင့်ရှောက်မှုတွေ လုပ်တယ်လို့ပြောတယ်။ ဒီမှာတင် စိတ်ဝင်စားစရာကောင်းသလို၊ အတုယူစရာကောင်း နေပြန်တယ်။ နောက် သူတို့အနေနဲ့ ဘာသာရေးနဲ့ ဘယ်လိုကူညီသင့်တာတွေ၊ ဘယ်လိုနည်းလမ်းတွေကို ဗုဒ္ဓလုပ်ခဲ့တယ်။ အဲဒီနည်းလမ်း တွေအတိုင်းအသုံးချရင် ထိရောက်မှုတွေရှိတယ်ဆိုတာတွေ တော်တော်များများပြောပြတယ်။

သူတို့ပြောတဲ့ အတုယူစရာနည်းလမ်းတစ်ခုကို ထပ်ဆင့်ပြောပြလိုပါတယ်။ ဘုရားလောင်းဟာ တောမထွက်ခင် နိမိတ်ကြီး လေးပါးကို မြင်တယ်။ ဒါကြောင့် ဒုက္ခဖြစ်တယ်။ ဒီတော့ သူငြီးငွေ့တယ်။ တောထွက်တယ်။ အမှန်တရားကို လိုက်ရှာတယ်။ ဒါပေမယ့်အမှန်တရားကို သူရှာတယ်။ တော်တော်နဲ့မတွေ့ဘူး။ အမှန်တရားဟာ ဘာလဲဆိုတာ ပထမတော့ ဝေခွဲရခက်နေခဲ့တယ်။ ဒီတော့ သိချင်လာတယ်။ သိချင်လာတော့ ပိုပြီးကျင့်လာတယ်။ ဒီတော့ လွတ်မြောက်ရာလမ်းကို ရှာဖွေတွေ့ရှိတယ်။ ဒါကြောင့် ဒီလမ်းစဉ်အတိုင်း ရှာဖွေတွေ့ရှိထားပြီးဖြစ်တော့ သူကိုယ်တိုင် လွတ်မြောက်ချင်သလို၊ သူတစ်ပါးအားလည်း ထွက်မြောက်စေလိုတယ်။ ဒါကြောင့် မနေမနားအလုပ်လုပ်တယ်။ ဒီတော့ ထွက်မြောက်သင့်သူ၊ လွတ်မြောက်သင့်သူတွေကို ထွက်မြောက်၊ လွတ်မြောက်အောင် လုပ်ဆောင်ခဲ့တယ်။ အဲဒီအတိုင်းပါပဲ။

ဆက်လက်ဖော်ပြပါမည်.....