Wednesday, February 3, 2021

မောနေယျအရှင်သို့ ဦးညွတ်ခြင်း



 ''ချစ်သား နာလက၊ မောနေယျအကျင့်ကို ကျင့်သောရဟန်းသည် သင်ဓုန်းသွားလျှင် နှိုင်းယှဉ်ဖွယ်ရာ ဥပမာရှိသူ ဖြစ်ရမည်။ လျှာဖြင့် အာစောက်ကို ဖိထောက်ပြီးလျှင် ၀မ်းအတွက် စောင့်စည်းသူ ဖြစ်ရမည်။ မပျင်းရိသူလည်း ဖြစ်ရမည်။ ဆွေကြောင်းမျိုးကြောင်း မြို့ကြောင်းရွာကြောင်းစသည့် ထွေရာလေးပါးတို့ဖြင့် အကြံမများရာ''

 လောက၌ ပြောဆိုနေကြသည့် စကားအတိုင်းပင် 'တစ်မိုးအောက်မှာ တစ်ယောက်တည်း ရှိ'သည်ဆို သလိုပင်၊ မောနေယျအကျင့်ကို ကျင့်နိုင်သည့်သူသည်လည်း ဘုရားတစ်ဆူလက်ထက်တွင် တစ်ပါးတည်းသာ ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ခက်ခဲပင်ပန်းစွာ ကျင့်ရသောကြောင့်ဟု ဆိုရမည်။ ဂေါတမဗုဒ္ဓလက်ထက်တွင်လည်း ထိုတစ်မိုးအောက်မှာ တစ်အောက်ထဲတွင် ရှိသည့် မောနေယျအကျင့်မြတ်ကို ကျင့်တော်မူခဲ့သည့် မထေရ်တစ်ပါး ရှိခဲ့သည်။ သူ့နာမည်ကား နာလက ဖြစ်သည်။

 သုဒ္ဓေါဒနမင်းကြီး၏ ခမည်းတော်သည် ဘုရင်သီဟဟနုမင်းဖြစ်သည်။ ထိုမင်း၌ တိုင်းရေးပြည်ရေး မင်းရေး စိုးရေးကိစ္စအ၀၀တို့ကို တိုင်ပြင်နှီးနှောရန် အသိတဆိုသည့် ပုရောဟိတ်ပုဏ္ဏားကြီးတစ်ယောက် ရှိသည်။ အများအသိနာမည်ကား ဒေ၀ိလဖြစ်သည်။ ထိုဒေဝိလသည် သုဒ္ဓေါဒနမင်းအား ငယ်စဉ်အခါကပင် အတတ်ပညာ အရပ်ရပ်တို့ကို သင်ပေးရသည့်ဆရာဖြစ်သည်။ သုဒ္ဓေါဒနသည် မိမိကိုယ်တိုင် ရှင်ဘုရင်ဖြစ်လာသည့်အခါ၌ ရသေ့ပြု သွားသော ဆရာဒေဝိလအား မိမိ၏ဥယျာဉ်တွင်ပင် နေထိုင်စေလျက် တိုင်းရေးပြည်ရာများကို ဆက်လက်ပြီး ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်သည်။ ထိုရသေ့သည် လောကီဈာန်သမာပတ်ရှစ်ပါးနှင့် ပြည့်စုံသူပီပီ နေ့သန့်စင်ရာအဖြစ် ဟိမ၀န္တာတောင်၊ စတုမဟာရာဇ်နတ်ပြည်၊ တာ၀တိံသာနတ်ပြည်တို့၌ သွားရောက်လျက် နေထိုင်ခြင်းမျိုး ပြုလုပ်လေ့ရှိ သည်။ တစ်ရက်တွင်၏ နတ်များ ဥဒဟိုသွားလျက် ကြွေးကြော်သံကြောင့် လောက၌ဘုရားဖြစ်မည့် ကလေးတစ် ယောက် မွေးဖွားလာကို သိသည်။ သို့အတွက် ဆင်ခြင်ကြည့်သော်  မိမိကိုယ်တိုင် ထိုဘုရားရှင်အား မဖူးမြော်ရမည်ကို သိ၍ မိမိ၏ညီမဖြစ်သူ၏သား တူတော်မောင်နာလကကို ခေါ်၍ ရသေ့ရဟန်းပြုရန် တိုက်တွန်းတော်မူခြင်း ဖြစ်သည်။

 နာလကသည် ကပိလတ်ပြည်တွင် ကုဋေ(၈၀)ချမ်းသြွာကယ်၀သည့် အမျိုး၌ ဖြစ်သည်။ ဦးလေးဖြစ်သူ ဒေဝိလရသေ့၏ စေခိုင်းတိုက်တွန်းချက်အရ ယုံကြည်စွာဆုံးဖြတ်ချက်ခိုင်မာမာ ချပြီး ဆံပင်မုတ်ဆိတ်တို့ကို ပယ်စွန့် လျက် ဈေးတွင်ရှိသော သပိတ်သင်္ကန်းတို့ကို ၀ယ်၍ ၀တ်ရုံကာ တောထွက်ခဲ့သည်။ မြတ်ဗုဒ္ဓ၏ ဘုရားဖြစ်မည့်နေ့ ကိုစောင့်ကြိုကာ ဟိမ၀န္တာတောတွင် တရားဘာ၀နာကြိုးစား အားထုတ်လျက် နေခဲ့သည်။ ဤသို့ဖြင့် မြတ်ဗုဒ္ဓ သည် သက်တော်(၃၅)နှစ်သို့ရောက်သော် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။ ပဉ္စ၀ဂ္ဂီငါးပါးတို့အား ဓမ္မစကြာ+ အနတ္တလက္ခဏသုတ်တို့ကို ဟောတော်မူပြီးသည့်နောက် (၇)ရက်မြောက်နေ့၌ ထိုတရားနာပရိသတ်ထဲတွင်ပါ၀င်သည့် နတ်ဗြဟ္မာတို့၏ အသိပေးလျှောက်ထားချက်အရ နာလကမထေရ်သည် ဟိမ၀န္တာအရပ်မှ ဣသိပတန မိဂါဝုန်တောရှိ  မြတ်ဗုဒ္ဓထံသို့ ကြွရောက်ခဲ့သည်။ ထိုစဉ် မိမိအနေဖြင့်(၃၅)နှစ်ကြာသည့်တိုင် စောင့်ဆိုင်းလျက် သိလိုသည့် မောနေယျအကျင့်မြတ်ကို မေးမြန်းတော်မူခဲ့သည်။ ထိုတွင် မြတ်ဗုဒ္ဓသည် မောနေယျအကျင့်ကို (၂၃)ဂါထာတို့ဖြင့် ဟောတော်မူခဲ့သည်။ ယခု ထိုအကျင့်များကို မပြောခင် မောနေယျအကျင့်၏ မည်မျှခက်ခဲကြောင်းကို သိစေရန် အတွက် ဦးစွာပြောပြလိုပါသည်။

 သူတစ်ပါးထက် သာလွန်ထူးခြားလိုလျှင် သူတစ်ပါးထက် သာလွန်သည့် ဇွဲလုလ္လ ၀ီရိယရှိဖို့လိုသည်။ သည်းခံနိုင်မှု လိုသည်။ ပညာလိုသည်။ သူတစ်ပါးမကျင့်နိုင်သည့် မလုပ်နိုင်သည့် အကျင့်အလုပ်တို့ကို ပြုကျင့် နိုင်စွမ်း ရှိရမည်။ သို့မှသာ သူတစ်ပါးတို့ မရသည့် မရှိသည့် မရောက်သည့်နေရာသို့ ရခြင်း သိခြင်း ရောက်ခြင်း မျိုးကို ပိုင်ဆိုင်ရပေလိမ့်မည်။

 မောနေယျအကျင့်ကို ကျင့်ရာ၌ ပြင်းပြင်းထန်ထန် ကျင့်လျှင် (၇)လမျှသာ အသက်ရှည်သည်။ အလယ် အလတ်ကျင့်လျှင် (၇)နှစ်မျှသာ အသက်ရှည်သည်။ ခပ်လျော့လျော့ကျင့်လျှင် (၁၂)နှစ်မျှသာ အသက်ရှည်သည်။ နာလကမထေရ်သည် ခပ်ပြင်းပြင်းကျင့်သည့်အတွက် (၇)လမျှသာ အသက်ရှည်သည်။ အလိုနည်းခြင်း ရှိရသည်။ ဘုရားဖူးရန်အတွက်လည်းကောင်း၊ တရားနာရန်အတွက်လည်းကောင်း၊ မောနေယျအကျင့်ကို မေးမြန်ရန်အတွက် လည်းကောင်း သုံးမျိုးတို့၌ပင် အလိုနည်းသူဖြစ်ရမည်။ ထိုသို့ဖြစ်ရာ၌ သဒ္ဓါတရားခေါင်းပါး၍ မဟုတ်။ တစ်ခါနှင့်ပြီး ပြည့်စုံပြီဆိုသည့်အတွေးနှင့် အားရကျေးနပ်ခြင်းမျိုးဖြင့် အလိုနည်းခြင်း ဖြစ်သည်။

 မထေရ်သည် မောနေယျအကျင့်နှင့်စပ်သော တရားဒေသနာကို ကြားနာပြီးသောအဆုံး၌ အလွန်ပင်ကြည် လင်နေ၏။ ရွှင်ပျနေ၏။ အားရ၀မ်းသာခြင်းနှင့်အတူ မြတ်ဗုဒ္ဓကို ရှိသေမြတ်နိုး ရှိခိုးလျက် တောသို့၀င်ခဲ့သည်။ ထိုသို့တောသို့ ၀င်သည့်နေမှစ၍ နောက်တဖန်''ငါသည် မြတ်စွာဘုရားကို ဖူးမြင်ရပါမူ ကောင်းလေစွ''ဆိုသည့် အလိုဆန္ဒမျိုး အရှင်မြတ်သန္တာန်၌ တစ်ကြိမ်မျှ မဖြစ်တော့ချေ။ ဤကား အရှင်မြတ်၏ ဘုရားဖူးခြင်း၌ အလိုနည်း  ခြင်း ဖြစ်သည်။

 ထိုနည်းတူစွာ ''ငါသည် နောက်ထပ်တစ်ဖန် တရားတော်ကို နာရပါမူကောင်းလေစွ''ဆိုသည့် အလိုဆန္ဒ မျိုးလည်း အရှင်မြတ်သန္တာန်၌ တစ်ကြိမ်မျှ မဖြစ်တော့ချေ။ ဤသည်ပင် အရှင်မြတ်အနေဖြင့် တရားနာခြင်း၌ အလိုနည်းခြင်း ဖြစ်သည်။

 ထိုနည်းတူစွာ''ငါသည် နောက်ထပ်တဖန် မောနေယျအကျင့်ကို မြတ်စွာဘုရားအား လျှောက်ထား မေးမြန်း ရပါမူ ကောင်းလေစွ''ဆိုသည့် အလိုဆန္ဒမျိုးလည်း အရှင်မြတ်၏သန္တာန်၌ တစ်ကြိမ်မျှ မဖြစ်တော့ချေ။ ဤကား မောနေယျအကျင့်၌ အလိုနည်းပါးမှု ဖြစ်သည်။

 မှန်ပါသည်။ အရှင်မြတ်သည် ဘုရားတဆူ၌ တစ်ဦးသာပေါ်ထွက်လာသည့် ပုဂ္ဂလဝိသေသ,သာ၀ကဝိသေသ ဖြစ်သည့်အတွက် တစ်ကြိမ်မျှ ဖူးမြင်ရရုံ၊ တရားနာရရုံ၊ အကျင့်မြတ်နှင့်ပတ်သက်၍ မေးလျှောက်ရရုံဖြင့် တင်းတိမ် အားရ ကျေနပ်တော်မူသည်။ ထိုကဲ့သို့ အလိုဆန္ဒပြည့်၀သွားခြင်းကြောင့် နောက်ထပ်ဘုရားဖူးခြင်း၊ တရားနာခြင်း၊ မောနေကျအကျင့်နှင့်ပတ်သက်၍ မေးလျှောက်ခြင်းမျိုး မလုပ်တော့ခြင်း ဖြစ်သည်။

 မောနေယျအကျင့်သည် လျောင်း၍ အိပ်စက်ခြင်းမျိုး မရှိရပေ။ ဆွမ်းခံ၍ စားရသည်။  သစ်တစ်ပင်တွင် တစ်ရက်သာ နေထိုင်ရသည်။ ထိုနည်းအတူ တစ်ရွာတွင်လည်း တစ်ရက်သာ ဆွမ်းခံရသည်။ တတောတွင် တစ်ရက် သာ နေထိုင်သည်။ တတောင်တွင် တစ်ရက်သာ နေထိုင်ရသည်။ ဤနည်းဖြင့် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကျင့်ကြံတော်မူရခြင်း ဖြစ်သည်။ ထို့ပြင် ပုထုဇဉ်ဘ၀ဖြင့် ကိလေသာမဖြစ်အောင် နေထိုင်ရခြင်းသည် ပိုမိုပြီး ခက်ခဲသည့် အချက်ဖြစ်ပေလိမ့်မည်။ ဤသို့သောအကျင့်များနှင့် ပြည့်စုံတော်မူမည့် မထေရ်မြတ်သည် မြတ်ဗုဒ္ဓထံသို့ ကြွသွားတော်မူလျက် မောနေယျအကျင့်နှင့် ပတ်သက်၍ သိလိုရေးအတွက် မေးမြန်းလျှောက်ထားတော်မူသည်။

 ''မြတ်စွာဘုရား၊  တပည့်တော်သည် အိမ်ရာမထောင်သော ရဟန်း ဖြစ်ပါသည်။ ဆွမ်းခံစား သူဖြစ်ပါသည်။ တပည့်တော် မေးလျှောက်ပါရစေ၊ မောနေယျအကျင့်မြတ်ကို ဟောတော်မူပါဘုရား''

 မောနေယျအကျင့်သည် ပြုနိုင်ခဲ၊ ကျင့်နိုင်ခဲသော အကျင့်ဖြစ်သည်၊ ထိုအကျင့်ကို ငါဘုရားဟောမည်၊
သင်သည် မိမိကိုယ်ကို  အားထားပြုလော့- (ဤနေရာ၌ မြတ်ဗုဒ္ဓ၏ဟောတော်မူသော ဂါထာတို့၏ အကျဉ်းစကား အနှစ်ချုပ်ကို တည်တောဆရာတော်၏ ဘာသာပြန်အတိုင်း ဖော်ပြပေးပါမည်)

 (၁) မိမိအား ဆဲရေးသူနှင့် ရှိခိုးသူကို ထပ်တူရှုရမည်၊ ဆဲရေးခံရသော် စိတ်ပြစ်မှားမှုမရှိအောင် စောင့် ရှောက်ရမည်၊ ရှိခိုးခံရသော်လည်း တကြွ်ကမှု မရှိအောင် ကျင့်ရမည်။ (၂) ဖြားယောင်းသွေးဆောင်သည့် မိန်းမ တို့ကြောင့် မပျက်စီးစေဘဲ။ ကာမဂုဏ်တို့ကို ပယ်စွန့်၍ မေထုန်မှုမှ ရှောင်ကြရမည်။ (၃) ငါသည် ချမ်းသာကို အလိုရှိသကဲ့သို့ သတ္တဝါတို့လည်း ချမ်းသာကို အလိုရှိကုန်၏ဟု မိမိကိုယ်ကို ဥပမာပြု၍ သတ္တဝါတို့ကို မသတ်ရာ၊ မသတ်စေရာ။ (၄) ပုထုဇဉ်သည် ပစ္စည်းလေးပါး၌ ကပ်ငြိ၏၊ တဏှာချောက်သည် နက်ရှိုင်း၏၊ ပညာဖြင့် လိုချင်မှု လောဘကို ပယ်စွန့်၍ နက်ရှိုင်းသော ချောက်မှ ကျော်တက်ရာ၏။ (၅) နှိုင်းယှဉ်ပိုင်းခြားအပ်သော ၀မ်းရှိရာ၏၊ အလိုနည်းရာ၏၊ တဏှာဟူသော မွတ်သိတ်မှု မရှိခြင်းကြောင့် ငြိမ်းစေ၏။ (၆) မောနေယျ အကျင့်ကျင့်သော ရဟန်းသည် ဆွမ်းခံပြီးလျှင် တောသို့သာ ပြန်သွား၏၊  သစ်ပင်ရင်း၌ ထိုင်၍သော်လည်းကောင်း၊ ရပ်၍သော်လည်းကောင်း နေရာ၏။ (၇) ထိုရဟန်းသည် ဈာန်လေ့လာသူ၊ တည်တံ့သူ၊ တော၌ပျော်မွေ့သူ ဖြစ်ရာ၏၊ သစ်ပင်ရင်း၌ ဈာန်၀င်စားရာ၏။ (၈) ဆွမ်းခံ၍သာ စားရာ၏၊ ပင့်ဖိတ်၍ လှူသောဆွမ်း၊ ရွာမှဆောင်ယူ၊ လှူသော ဆွမ်းတို့ကို မနှစ်သက်ရာ။ (၉) ဒါယကာတို့နှင့် ရောနှောမနေရ၊ မြတ်သောစကားရှိသည်ဖြစ်၍ နိမိတ် ဝိညတ်နှင့်ယှဉ်သော စကားကို မဆိုရာ။ (၁၀) တစ်စုံတစ်ခုသော ပစ္စည်းကို ရလျှင်ကောင်း၏၊ မရလျှင်လည်း ကောင်း၏ ဟု ရ-မရ နှစ်ပါး၌ပင် တုန်လှုပ်ခြင်း မရှိရာ။ (၁၁) မအပ်ပါပဲလျက်နှင့် အယောင်ဆောင်ကာ အနည်းငယ်လှူခြင်းကိုလည်း မရှုတ်ချ၊ မေးလှူသူကိုလည်း မထီမဲ့မြင် မပြုရာ။ (၁၂) မဂ်ရကြောင်း အကျင့်ကို သုခပဋိပဒါစသည် အယုတ်အမြတ်ရှိ၏ ဟု ဘုရားရှင်ဟောတော်မူ၏၊  သို့သော် တစ်ခုတည်းသော မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့ နှစ်ကြိမ်သော်ကား မရောက်၊ ကိလေသာတို့ တစ်ပြိုင်နက် မကုန်ရကား နိဗ္ဗာန်ဟူသောကမ်းသို့ တစ်ကြိမ်သာ ရောက်သည်လည်း မဟုတ်။ (၁၃) အကြင်ရဟန်းအား ပျံ့နှံ့သော တဏှာမရှိ၊ တဏှာအလျဉ်ပြတ်ပြီးသော ထိုရဟန်းအား ရာဂစသည်ကြောင့် ဖြစ်သော ပူပန်မူ မရှိ။ (၁၄) မောနေယျရဟန်းသည် သင်တုန်းသွား ဥပမာ ရှိသူ ဖြစ်ရာ၏၊ အာစောက်ကို လျှာဖြင့် ထိကပ်ပြီး  ၀မ်း၌ စောင့်စည်းသူ ဖြစ်ရာ၏။(၁၅) မတွန့်ဆုတ်သော စိတ်ရှိရာ၏၊ များစွာမကြံရာ၊ တဏှာအညှှီကင်းသူ၊ တစ်စုံတစ်ခုသော ဘ၀၌ မမှီသူ၊ အကျင့်မြတ်လျှင် လဲလျောင်း ရာရှိသူ ဖြစ်ရာ၏။ (၁၆) တစ်ဦးတည်း ကျင့်ရမည်၊  ကမ္မဋ္ဌာန်းအာရုံ၌ အားထုတ်နိုင်ရမည်၊ တစ်ဦးတည်း နေထိုင်ခြင်းသည် မောနမည်၏၊  တစ်ဦးတည်း မွေ့လျော်နိုင်မှ  အရပ်မျက်နှာတို့ ထင်ရှားလတံ့။ (၁၇) ဘုရားကို မြတ်နိုးသူသည် ဈာန်၀င်စားမှု၌ မြတ်နိုး၏၊ ကာမကို စွန့်ကုန်သော ပညာရှိတို့၏ ကြွေးကြော်သံကြား၍ ဟိရီကိုလည်းကောင်း၊ သဒ္ဓါကိုလည်းကောင်း၊ အတိုင်းထက်အလွန် ပြုရာ၏။ (၁၈) မြစ်ငယ်ချောင်းငယ်တို့သည် ချောက်အကြား၌ အသံမြည်လျက် စီးသွားကုန်၏၊ မြစ်ကြီးတို့သည် တိတ်ဆိတ်ငြိမ်သက်စွာ စီးဆင်းကုန်၏၊ စကားကို ဤ၌မြစ်ဥပမာဖြင့် သိလော့။ (၁၉) ရေမပြည့်သောအိုးသည် အသံမြည်၏၊ ရေပြည့်အိုးကား အသံမမြည်၊ သူမိုက်သည် ရေမပြည့်သော အိုးနှင့် တူ၍၊ ပညာရှိကား ရေပြည့်အိုးနှင့်တူ၏။(၂၀) ဘုရားရှင်သည် အကြောင်း အကျိုးနှင့် ပြည့်စုံ၍ အစီးအပွားနှင့် စပ်သော စကားကို များစွာ မြွက်ဆို၏၊ ဤသြွို့မက်ဆိုခြင်းကား တရားကို သိတော်မူသည်ဖြစ်၍သာ များစွာ မြွက်ဆိုတော်မူခြင်းဖြစ်၏။ (၂၁) တရားကို သိသောသူသည် စောင့်စည်းအပ်သော စိတ်ရှိ၏၊ စကားကိုများစွာမဆို၊  ထိုပုဂ္ဂိုလ်သည် အရဟတ္တဖိုလ် ရထိုက်၏၊ ရလည်းရ၏။ မြတ်ဗုဒ္ဓသည် မောနေယျအကျင့်နှင့်ပတ်သက်၍ အရှင်မြတ်အား အပြည့်အစုံ ဟောကြားတော်မူသည်။

 အရှင်မြတ်သည် မောနေယျအကျင့်ကို အထက်သန်ဆုံး အမြတ်ဆုံး ဖြည့်ကျင့်တော်မူသည့် ဥက္ကဌ်ပုဂ္ဂိုလ်ဖြစ် သည့်အတွက် (၇)လမျှသာ အသက်ရှည်တော်မူသည်။ မိမိ၏ အာယုသင်္ခါရ အသက်တမ်းကုန်ဆုံးတော့မည်ကို သိတော်မူ၍ ခန္ဓာကိုယ်ကိုယ် သန့်စင်ဆေးကြော ရေချိုးတော်မူလျက် သင်္ကန်းများကို အ၀န်းညီစွာ ပြင်၀တ် တော်မူလိုက်သည်။  မြတ်ဗုဒ္ဓရှိရာအရပ်သို့ မျက်နှာမူလိုက်သည်။ ထိခြင်းငါးပါးဖြင့် မြတ်ဗုဒ္ဓကို ရှိခိုးလျက် ဟိင်္ဂုလကမည်သော တောင်ကိုမှီ၍ ရပ်တော်မူလျက်သာလျှင် ပရိနိဗ္ဗာန်၀င်စံတော်မူခဲ့သည်။ မြတ်ဗုဒ္ဓသည် နာလက မထေရ်လွန်တော်မူသည်ကို သိ၍ နောက်ပါသံဃာတော်များနှင့်အတူ ကြွတော်မူလျက် ဈာပနကိစ္စကို ကိုယ် တော်တိုင်စီမံ၍ ပြီးဆုံးစေပြီးနောက် ဓာတ်တော်များကို စေတီတည်ထားရန် ကောက်ယူစေခဲ့ပြီး ရာဇဂြိုဟ်ပြည်သို့ ပြန်လည်ကြွချီတော်မူခဲ့သည်။

 ထိုကဲ့သို့ တစ်မိုးအောက်တွင် တစ်ယောက်တည်းရှိခဲ့သည့် မထေရ်မြတ်၏ အကျင့်မြတ်တို့ကို အာရုံပြုလျက် မထေရ်မြတ်၏ ဂုဏ်အလီလီတို့ကို မှန်းဆလျက် ဦးညွတ်တော်မူလိုက်ရပေတော့သည်။

မောင်မင်းစိုး

No comments: