Friday, July 18, 2008

အချစ်အကြောင်းပြောတဲ့ည

အချစ်ကြောင့် ရူးသွပ်ခဲ့ရတာတွေနဲ့

ကျွန်ဖြစ်သွားခဲ့ရတဲ့ ဘ၀တွေ

လေတစ်လုံး မိုးတစ်လုံးနေထိုင်မှုတွေနဲ့

အရက်ဖြစ်သွားရတဲ့ သားကောင်းတွေ

အချစ်ဟာ

ဘုရားသခင် ထပ်မံဖန်ဆင်းခဲ့တဲ့

ကျိန်စာလား

မတရားမှုရဲ့တရားခံလား

အရောင်ရောင်အမှားမှားအတွေးတွေနဲ့

ကံဆိုးမိုးမှောင်ကျခဲ့တယ်။

ကဗျာဆရာမှာ အချစ်ရှိသလို

စားပွဲထိုးလေးမှာလည်း အချစ်ရှိတယ်

အချစ်ဟာ မိုက်ရူးရဲဆန်ခဲ့တဲ့နေ့တွေနဲ့

အိပ်မပျော်တဲ့ ညတွေကိုဖန်ဆင်းခဲ့တယ်။

ပွင့်ဖတ်တွေလို

နုနယ်ပြီး

လွှသွားတွေလို ကြမ်းရှတယ်

မီးခိုးချင်းပေါင်းကူးခဲ့ပြီး

မျက်စောင်းတစ်ချက်ကြောင့်

ဘ၀ပေါင်းများစွာကို လောင်ကျွမ်းစေခဲ့တယ်

အမှန်တရားမရှိဘူး

မိုက်တွင်းနက်တယ်

သွေးစွန်းတယ်

အချစ်ဟာအချစ်နဲ့တူခဲ့ပြီး

အမုန်းနဲ့ ဂဟေဆက်ထားတယ်

အချစ်ကြောင့်ပူလောင်လို့

ဒဏ်ရာအနာတရ ရခဲ့ပါတယ်။

မောင်မင်းစိုး(ရွှေနံ့သာ)

သောကြာသမီးရဲ့ တစ်သျှူးစလေး

ဒီည

ဖုံးခေါ်သံက တစ္ဆေလို။

ဖေဖော်ဝါရီရောက်တိုင်း

ပြာကျသွားတဲ့ အချစ်ဟာ မီးထထတောက်တယ် မီးထတောက်တယ်

မီးထထတောက်တယ်။

ပူပူနွေးနွေး မျက်ရည်ဥဟာ

အခုထိမပေါက်သေးဘူး။

မိုက်ခဲ့တဲ့ညတွေမှာ

သံသရာမကြောက်ခဲ့ပေမဲ့

မိုးလင်းမှာကို ကြောက်တယ်။

အရမ်းဗရမ်းဆန်တဲ့

စိတ္တဇအရေပြားအတွက်

ဘ၀ကိုချကြွေးရင်း

သောကြာသမီးရဲ့လည်တိုင်မှာ

တစ်သျှူးစလေးနွမ်းကျေလို့။

မောင်မင်းစိုး(ရွှေနံ့သာ)

ကောင်မလေးနဲ့ အညှီနံ့ရတဲ့ည

သူမရဲ့ရယ်သံမှာ

အာရုံငါးပါးရဲ့အနံ့သက်တွေသင်းတယ်။

အညှီနံ့ရနေတဲ့ မျက်ဝန်းအစုံက

စူပါမားကက်နဲ့

ဟမ်းဆက်

သူမရဲ့လေချွန်သံက

အင်းလျားကန်အကြော်ဆိုင်မှာ

ငါ့ရင်ဘတ်ကို ရိုက်ပုတ်ခဲ့တယ်

မနက်ဖန်

မီးနီလား

မီးဝါလား

မီးစိမ်းလား

ကောင်မလေးရေ

ဒီညဂြိုဟ်စီးခံနေရတာ

တုန်လှုပ်ချောက်ခြားဖွယ်။

မောင်မင်းစိုး(ရွှေနံ့သာ)

မုန်တိုင်းအလွန်ကာလ အသံများ

မုန်တိုင်းအလွန်ကာလအသံများ

မျှော်လင့်ချက်ပါးပါးလေးကို ဆုပ်ကိုင်ထားရ

ဆက်လက်အသက်ရှင်မှု

ဘယ်မှာလဲ… သောက်ရေ

ဘယ်မှာလဲ… စားစရာ

ဘယ်မှာလဲ… နေစရာ

ဘယ်မှာလဲ… အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ခွင့်

ရွာပျက် ဒီရေဖုံး တစ်ဆွေမျိုးလုံးသေခဲ့ပြီ…

ချောင်းထဲမှာ မျောနေတဲ့ ရုက်ဆင်းပျက်အလောင်းတွေ

အမေ… အမေ… ဘယ်မှာလဲ

လမုတောထဲမှာလား

ပင်လယ်ဝဘက်ဆီ မျောသွားပြီလား

ပိုင်ရှင်မဲ့ အလောင်းပုံကြား အမေ့ကို တွေ့ရ

သင်္ဂြုဟ်ခွင့်မရဘူးအမေ

အမေ့အလောင်းကို ၀ါးလုံးနဲ့ ထိုးကော်ရင်း

ဆက်လက်စီးဆင်းသွားပါတော့အမေရယ်….

အဖြစ်ဆိုးလှချည်းလား သားရယ်…

သားပျောက်မိခင်တစ်ယောက် အော်ဟစ်ငိုကြွေးသံ

ရုက်ပျက်ဆင်းပျက် အုန်းပင်ပိကလေးငယ်တစ်ယောက်

မုန်းတိုင်းအလွန် ဘေးဆိုးကြီးအောက်က လွတ်မြောက်သွားပြီ…

နာဂစ်ဆိုင်ကလုံးက ကဆုန်ပေါက် မိုးသီးမိုးပေါက်တွေ ပစ်ပေါက်

ဒီရေလှိုင်းကို အရက်ကိုးမောင်းတိုက်ပြီး

အမှောင်ဆုံးညမှာ သောင်းကြမ်းနင်းချေဖျက်ဆီး

အမြစ်ကျွတ်ထွက် တုံးလုံးပက်လက် သစ်ပင်ကြီးတွေ

ပြားပြားဝပ်အမှိုက်ပုံ လူနေအိမ်ခြေတွေ

ဆားငန်ရေ၀င် တမျှော်တခေါ်လယ်ကွင်းတွေ

ပေါလောကြီးမျော ကျွဲသေတွေ

ခါးလယ်ပြတ်ကျ ထီးကျိုးစေတီပျက်တွေ

ရွာဦးဘုန်းကြီးကျောင်းက လွင့်ဝဲစုတ်ပြတ်မျော သင်္ကန်းစတွေ

ငရဲပွက်သလို ရွာလုံးကျွတ် ဆူပွက်ပျောက်ဆုံးခဲ့ရ

အဖေ အမေပျောက်ရှာ မိဘမဲ့ကလေးတွေ

သားသေ လင်ဆုံး ယူကျုံးမရ စိတ်ဖောက်ပြန်သွားသူတွေ

ကမ္ဘာကြီးတစ်ခုလုံး ခါယမ်းနေတဲ့အသံတွေ

ကြားလား…. အသံ

သင့်နှလုံးသားနံရံကို အဆက်မပြတ်ခေါက်မိနေပြီ

ဒီလိုပဲ လက်ပိုက်ကြည့်နေကြမှာလား

သင်လည်း ဗုဒ္ဓဘာသာ မြန်မာ ဒုက္ခသည်တွေကလည်း မြန်မာ

မြန်မားလူမျိုးအချင်းချင်း လူသားချင်းစာနာမှု

ရိုင်းပင်းကူညီကြပါ

အချိန်မရှိတော့ဘူး

အခုချက်ချင်း တတ်နိုင်သလောက်ကူညီကြပါ….

သင့်ဘေးနားမှာ ရင်နင့်ဖွယ်ငိုသံတွေ

ဆူညံပွက်လောရိုက် တုန်ဟည်းနေပေါ့….

ကောက်နွယ်ကနောင်

(နာဂစ်မုန်တိုင်း ၀မ်းနည်းခြင်းအမှတ်တရ တစ်လပြည့် 2.62008)

ငါ့ပြက္ခဒိန်

နံရံပေါ် ရောင်စုံပြက္ခဒိန်တစ်ချပ်

ပြက္ခဒိန်ထဲက အမေ့ရုပ်ပုံ

စပါယ်တွေဝေလို့

အမေဟာစံပါယ်တွေလို ဖြူစင်နေခဲ့တယ်။

အမေ့ရဲ့တည်ကြည်မှုက

ပညာရှိဆန်ပြီး

ငါ့ကိုအရိပ်တကြည့်ကြည့်

အမေဟာမြန်မာဆန်တယ်

ရဲရင့်တယ်

အမေ့ရဲ့မေးရိုးတွေတောင့်တင်းခိုင်မာပြီး

မချိပြုံးက

လောကကြီးကို

လှပစေချင်တဲ့သဘောဆောင်တယ်။

အမေ့ရဲ့မျက်နှာပေါ်

နှင်းဆီရောင်သန်းနေတဲ့အရောင်တွေက

ငါ့ကိုရဲရင့်စေခဲ့တယ်

အမေဟာ သားသမီးတွေကိုချစ်လို့

သားသမီးတွေကလည်းအမေ့ကိုချစ်တယ်

အမေဟာအနာဂတ်ကို မျှော်ကြည့်တတ်ပြီး

ငြိမ်းချမ်းမှုကို လိုလားတယ်

ဘာသာတရားကိုင်းရှိုင်းတယ်

နုညံ့ပျော့ပြောင်းတယ်

ကိုယ်ချင်းစာတရားရှိတယ်

လွတ်လပ်မှုကို မြတ်နိုးတယ်

လောကဓံကို အန်တုနိုင်ခဲ့တယ်

အမေဟာ အလင်းရောင်ကို မြတ်နိုးပြီး

အမှောင်ထုကို စက်ဆုပ်တယ်။

အမေဟာ ကျိန်စာမိနေသူတစ်ယောက်လို

မတုန်မလှုပ်ထိုင်လို့

အတွေးတွေ စကြာဝဠာတစ်ခုလုံးနှံ့ပြီး

မျှော်လင့်ချက်တွေ အဆီတ၀င်းဝင်း

အမေဟာ ဆယ့်နှစ်လ ပြက္ခဒိန်ရဲ့ ကိုယ်ရံတော်ဖြစ်ပြီှး

နေ့ရက်တွေနဲ့ ဝေးနေခဲ့တယ်

အမေဟာ ဟန်ဆောင်မှုကင်းမဲ့တယ်

ပွင့်လင်းမှုကို လိုလားတယ်

ရိုင်းပြမှုကိုစက်ဆုပ်တယ်

ရိုင်းပင်းမှုကို မြတ်နိုးတယ်။

အမေဟာ ငါတို့ရဲ့ ဘုရားသခင်ဖြစ်လို့

ခေါင်းရင်းက ပြက္ခဒိန်မှာ နှစ်စဉ်နေရာယူခဲ့တယ်

အမေဟာ အဘိုးခြေရာနင်းလို့

အမေ့ဘ၀ဟာ ခန့်ညားထည်ဝါခဲ့တယ်

အမေ့ကျောင်းကို တက်တုန်းက

ကောင်းကင်းကြီးကို မော့ကြည့်င်္ပြီး

ကြယ်တွေရဲ့အမည်တွေကို ပြောပြခဲ့တယ်

“ ကြယ်တွေဟာ ညမှာထွက်ကြပြီး

နေ့မှာပျောက်ဆုံးနေခဲ့တယ်

သူတို့မှာ ကိုယ်ပိုင်အလင်းရောင် အရှိကြဘူး”

အမေပြောလို့ သိခဲ့ရတယ်။

အမေဟာ ငါ့ကိုပုခက်ထဲ ထည့်လွှဲတော့

အမေ့ရဲ့ မေတ္တာဓာတ်တွေ

ပုခက်ကြိုးထဲကနေ ရင်ထဲထိစီးဆင်းခဲ့တယ်။

အမေဟာ ငါ့ကိုသိပ်ရင်

“ ကမ္ဘာမကြေ ” သီချင်းနဲ့ဆိုသိပ်ခဲ့တယ်။
အမေပြောပြတဲ့ တစ်ထောင့်တစ်ည ပုံပြင်တွေ

ဇာတ်နိပါတ် ၀တ္ထုတွေ

အခုတော့

ဗြဟ္မဒတ်မင်းကြီး အကြောင်းတောင် မကြားရတာကြာခဲ့ပြီ။

အမေဟာ ငါ့ကို

အနေမြတ်အောင် သင်ခဲ့တယ်

အသေမြတ်အောင် သင်ခဲ့တယ်

လမ်းလျှောက်တတ်အောင် သင်ခဲ့တယ်

မှတ်ကျောက်တင်ခံရအောင် သင်ခဲ့တယ်

အမေဟာ ဥယျာဉ်မှုးကြီးလည်း ဖြစ်ခဲ့ပေါ့။

အမေဟာ လူသားချင်းစာနာထောက်ထားလို့

အမေ့ရဲ့ လက်တွေရက်ရောခဲ့တယ်

အမေဟာ လောကကြီးကို ခါးစောင်းတင်ပြီး

ငါတို့အတွက် တိုက်ပွဲဝင်ခဲ့တယ်

အမေဟာ ယောက်ျားတွေကို တုပပြီး

ရင်ပေါင်တန်းနိုင်ခဲ့တယ်

အမေဟာ ရာဇ၀င်ကိုနိုင်ပြီး

ဥပဒေတွင်းမှာ နေထိုင်ခဲ့တယ်။

အမေ့ရှေ့က ထိုင်သူမဲ့ထိုင်ခုံကိုငေးလို့

ပြုံးနေခဲ့တယ်။

ထိုင်ခုံပေါ် တွယ်ကျနေတဲ့ ငုဝါပန်းတွေ

အရောင်တွေဖျော့လို့

ကြွေကျမဲ့သဘောဆောင်ပြီး

ပြက္ခဒိန်အသစ်တစ်ခု တောင်းဆိုခဲ့တယ်

အမေဟာ မထင်ရှားတဲ့မြို့မှာ နေထိုင်လို့

ရေဆန်ကို လှော်တက်ခဲ့ရတယ်

အမေဟာ မေတ္တာရှင်လည်းဖြစ်တယ်

ဥပေက္ခာဝါဒီလည်းဖြစ်တယ်

ကရုဏာရှင်လည်းဖြစ်တယ်

အမေ့ရဲ့ အသက်တွေကြီးရင့်ခဲ့ပေမဲ့

စိတ်တွေနုပျိုနေဆဲ

အမေ့ရဲ့ အရိပ်ဖြာနေတဲ့ သစ်ပင်အောက်

ငါတို့နားခိုလို့

စိတ်တွေကူးစက်ခဲ့တယ်။

အခုတော့

အမေ့ရဲ့ ခြေလက်တွေ မသန်စွမ်းသလို

ပါးစပ်တွေ ဆွံ့အခဲ့ပြီး

မျက်စေ့တွေေ၀၀ါးနေခဲ့တယ်

နားတွေထားလို့

ဆံပင်တွေ ဖြူနေခဲ့ပြီ

အမေဟာ အို မင်းမစွမ်းလို့

အိမ်လည်မထွက်နိုင်တာတောင် ကြာခဲ့ပေါ့။

ငါ့အခန်းရဲ့ နံရံတွေပေါ်

အမေ့ရဲ့ ပြက္ခဒိန်တွေ ရှိနေဦးမှာပါ

အမေ့ရဲ့ ပြက္ခဒိန်ကိုကြည့်ရင်း

မျက်နှာတစ်ပြင်လုံး မျက်ရည်ပူတွေ။ ။

(အန်တီစုနှင့်အမေများအားလုံးသို့ …….)

မောင်မင်းစိုး(ရွှေနံ့သာ)

စကားဝါကဖေး

မြို့ပြ ရဲ့ဆင်ခြေဖုံးမှာ

အသက်တွေလုရူရင်း

အပျိုဖော်ဝင် ကောင်မလေးရဲ့ အလှနဲ့

ရှက်သွေးဖြာလို့

စကားဝါ မင်းဟာအရွယ်ရောက်ခဲ့ပြီ။

တစ်တောဝင် တစ်တောထွက်

တစ်တောင်တက် တစ်တောင်ဆင်း

မုဆိုးတွေရဲ့ တောလိုက်မှုက

မာယာများတယ်။

ရာဂနဲ့မာန်ဖီနေတဲ့ ကျားသစ်တွေ

ယဉ်ယဉ်ကျေးကျေး ရူးသွတ်နေတဲ့မြွေတွေ

ကိုယ့်ဆန္ဒကို ကိုယ်တိုင်အရောင်တင်နေတဲ့လိပ်တွေ

တဖွဲဖွဲရောက်လာကြ

တဖွဲဖွဲပြန်သွားကြ

စကားဝါ မင်းဟာအာရုံငါးပါးရဲ့ ဘုရင်မ။

ရှည်လျားနက်ပြောင်သော ဆံနွယ်စကို

အစီအရီဖီးချထားတဲ့

ကောင်တာက နတ်မိမယ်

မြို့ပြယဉ်ကျေးမှုအောင် ပြားပြားမှောက်နေရတဲ့

အညာကျေးတောသူ

ဟစ်ဟော့ပ်သီချင်းကို လိုက်လိုက်အော်နေတတ်တဲ့

ဆယ်ကျော်သက် အဖျော်ဆရာ

သားပိုက်ကောင်လို မိခင်မေတ္တာအပြည့်နဲ့ မာသာထရီဇာ

အရာရာဟာ သေ၀ပ်လှပလို့

စကားဝါမင်းဟာ ကမ္ဘာကြီးရဲ့ဆွဲအားတစ်ခု။

လူ့အဖြစ်ရဲ့ ဂုဏ်သိက္ခာကို အန်ထုတ်နေတဲ့ငှက်တွေ

မယားတစ်ကွဲ သားတစ်ကွဲမုဆိုးတွေ

မိသားစုဝမ်းရေးအတွက် ထိုင်တွေးနေတဲ့ ၀ံပုလွေတွေ

တစ်ယောက်မျက်ရည် တစ်ယောက်သုတ်နေတဲ့ ပိုးဖလံတွေ

ယောက်ျားဖြစ်ပြီး မာယာများတဲ့ကျီးတွေ

တရားဓမ္မနဲ့ကင်းကွာနေတဲ့ ယုန်တွေ

တစှေ္ဆတွေလို ခြောက်လှန့်ကြ

ခွေးတွေလို မာန်ဖီကြ

ခြင်္သေ့တွေလို ရဲရင့်ကြ

ခိုတွေလို ငြီးညူကြ

ကျားတွေလို ဟိန်းဟောက်ကြ

အိမ်မြောင်တွေလို တွယ်ကပ်ကြ

စကားဝါမင်းဟာ တိရိစ္ဆ္တာန်ရုံကြီးလည်း ဖြစ်ခဲ့ပေါ့။

အညှီနံ့သင်းနေတဲ့ သားသတ်ရုံလို

သားစိမ်းငါးစိမ်းတွေနဲ့

မင်းရဲ့နောက်ဘေးချောင်ဟာ မလှပဘူး

အဲဒီလိုပဲ

ငါတို့ရဲ့ အကုသိုလ်အညှီနံ့တွေက

တစ်ဆိုင်လုံးသင်းနေခဲ့တယ်

ငါတို့ရဲ့ အပူတွေက

တစ်ဆိုင်လုံး လောက်ကျွမ်းနေခဲ့တယ်။

နေ့စဉ်ပွင့်အာနေတဲ့ အပြုံးပန်းတွေက

လူ့ဘ၀ရဲ့ သရုပ်မှန်ပြဇာတ်လား

မျက်လှည့်ဆရာရဲ့ ပြကွက်လား

ဒီမှာ အရောင်ရောင်အမှားမှား အကြည့်တွေနဲ့

ဂဏာမၿငိမ္ဘူး

စကားဝါ မင်းဟာမုဆိုးတွေရဲ့ပစ်မှတ်။

စကားဝါ ငါ့စိတ်တွေ တည်ငြိမ်နေသလောက်

မင်းစိတ်တွေ ယောက်ယက်ခတ်နေခဲ့တယ်

မင်းစိတ်တွေ ငြိမ်းချမ်းနေသလောက်

ငါ့စိတ်တွေ ပူလောင်နေခဲ့တယ်

ငါကချစ်ခြင်းမေတ္တာကို တန်ဘိုးထားသလောက်

မင်းက အရောင်တွေကို ဖက်တွယ်ခဲ့တယ်။

ဆားကျက်တဲ့ အိုးကင်းထဲက ပြောင်းဖူးစေ့လို

အပူနဲ့ပက်ပင်းတိုးလို့

ငါ့စိတ်တွေ

တဖျောက်ဖျောက် ထပေါက်ခဲ့တယ်။

စကားဝါ မင်းဟာ ရုပ်ဝတ္ထုရဲ့ ကျေးကျွန်လား။

အဖြစ်သနစ်က

ငါ့အိပ်မက်တွေ ဖွေးဖွေးလှုပ်ပြီး

မင်းအကြည့်တွေ မည်းမှောင်နေခဲ့တယ်

ငါ့အသံတွေ ချိုမြိန်ပြီး

မင်းဝတ်ရည်တွေ ခါးသီးနေခဲ့တယ်

ငါ့အတွေးတွေ တောင့်တင်းခိုင်မာပြီး

မင်းခံယူချက်တွေ ပျော့ညံ့နေခဲ့တယ်

မင်းအပြုံးက

ငါသောက်နေတဲ့ လက်ဘက်ရည်လို ချိုမြလို့

မင်းအပြုအမူက ငါ့အရေပြားလို ပါးနပ်လို့

မင်းဖြစ်တည်မှုက

ငါမှုတ်ထုတ်လိုက်တဲ့ စီးကရက်မီးခိုးလို မှုန်ဝါးနေခဲ့တယ်။

သွေးရူးသွေးတန်း ငါ့စားကျက်မှာ

စကားဝါ မင်းဟာမြေဇာမြက်။

အမှောင်ရဲ့စွမ်းအင်ကို

ငါတို့ရင်ခုန်သံနဲ့ မီးမောင်းထိုးလို့

ဝင်္ကပါထဲ လမ်းသလားကြမယ်။

စကားဝါ

ငါတို့ဆုံးဖြတ်ချက်တွေ တည်ငြိမ်လို့

တောင်အထပ်ထပ် ဖြတ်ကျော်ကြမယ်

ငါတို့လက်တွေ သန်စွမ်းလို့

မြစ်အသွယ်သွယ် ကူးခတ်ကြမယ်

စမ်းချောင်းအသွင် စီးဆင်းလို့

ရင်ခုန်သံတွေ တူမျှလို့

အမှန်တရားကို ရှာဖွေလို့

ငါတို့ရက်ရက်စက်စက် မှားလိုက်ကြပြီး

တည်တည်ငြိမ်ငြိမ် လက်ခံကြ

စွန့်စွန့်စားစား ကျော်ဖြတ်ကြ

လူ့ဘ၀ရဲ့ ခဏငယ်ကို အသက်တွင်းကြမယ်။

“ စကားဝါ ငါခေါ်နေတယ်

စကားဝါ ငါပြောနေတယ်”

မင်းရဲ့တုန့်ပြန်မှုက ပဲ့တင်ထပ်မလာဘူး။

အခု

တောမကျွမ်းတဲ့ မုဆိုးတစ်ယောက်လို

ငါ့ဘ၀တွေ တောမှောက်ခဲ့ပြီ

နားမကြားတဲ့ မျက်မမြင်တစ်ယောက်လို

တွင်းနက်ထဲ ပြုတ်ကျခဲ့ပြီ

ဒဏ်ရာရ ငှက်တစ်ကောင်လို

ငါ့နှလုံးသားတွေ အသားမာတက်ခဲ့ပြီင်္

အဘိဓမ္မာအကြောင်း နားမလည်တဲ့ သင်တန်းဆရာလို

ငါ့သစ္စာတွေ မှားယွင်းခဲ့ပြီ။

စကားဝါ ငါနဲ့ငါ့ဖြစ်တည်မှုမှာ

မင်းဟာ အဓိကကျတဲ့အစိတ်ပိုင်းတစ်ခု

မင်းပို့ချတဲ့ သင်တန်းမှာ နေ့စဉ်တက်ရောက်လို့

မင်းကျွေးတဲ့ အစာမှာ အဆိပ်သင့်ခဲ့ပြီ။

စကားဝါ

အရူးတစ်ပိုင်း ငါ့စိတ်တွေ

သန်းခေါင်ယာမ် ထထအော်ရင်း

ငါဟာ အချစ်မှာ ဆေးစွဲခဲ့ပြီ

စကားဝါ

ငါဟာ အချစ်မှာဆေးစွဲခဲ့ပြီ။

မောင်မင်းစိုး(ရွှေနံ့သာ)

ဝေဒနာတေး

ဒီတစ်ခါကော

ထူးခြားတဲ့ပြောင်းလဲမှု ဦးတည်နိုင်ပမလား

ဘ၀ကို

နံရံဆီပစ်ပေါက်လိုက်တယ်။

ကိုယ်ယုံကြည်ရာ ဖက်တွယ်ခဲ့ပေမဲ့

ဝီထိအစဉ်မှာ အကုသိုလ်ဇောတွေပဲ စောနေခဲ့တယ်

အိပ်မရတိုင်း

တယောထထထိုးရတာ အရသာမရှိဘူး။

ကောင်းကင်ပြာတာ မဆန်းပေမဲ့

အချိန်အခါမဟုတ် မိုးရွာတာဆန်းတယ်

ကောင်မလေးရေ

မင်းမေးရိုးတွေ ခိုင်မာသေးမဟုတ်လား။

ဒီမှာ

လှုပ်လေမြှပ်လေ

ငြိမ်ငြိမ်နေလို့ မရဘူး

ဒီတော့

စိတ်အဆာမပြေတိုင်း

တောက်ပဲ ခေါက်မိတယ်။

(၂၀၀၇-စက်တင်ဘာ)

မောင်မင်းစိုး(ရွှေနံ့သာ)

အနာဆာနေတဲ့ဒဏ်ရာ

အပုတ်နံ့တွေ ဝေစီနေတဲ့လမ်းထဲ

ထပြန်သွားတော့

အိပ်မက်တွေ ကစဥ့်ကလျား အရေပျော်ကုန်တယ်။

ခန္ဓာကိုယ်က

ရေဘယ်လောက်ချိုးချိုး အညှီနံ့မကင်းဘူး

လူဆိုရင် လူစိတ်ရှိရမှာပေါ့

အခုတော့

လက်ဖျံရိုးတွေက ဟစ်တလာထက်မာကြောတယ်

ဘာလင်တံတိုင်း ပြိုကျတဲ့နေ့က

ကွဲကွာသွားတဲ့ ကောင်မလေးနဲ့ပြန်ဆုံခဲ့သလိုမျိုး

နေပျော်ပျော် သေပျော်ပျော်ဆိုပေမဲ့

အခွင့်အခါကိုတော့ မျှော်မိတယ်။

သစ္စာဆိုတာ

အသစ်ကိုဆာလောင်နေတဲ့ လူတွေရဲ့

လက်ဝတ်ရတနာပဲ

ဒီကောင်မပါးနပ်ပုံပြောပါတယ်

ရင်ကော့ပေးရတယ်လို့

သေတတ်တယ်ဆိုတာ မတွေးမိဘူးလား။

မောင်မင်းစိုး(ရွှေနံ့သာ)

ဒဏ်ရာနဲ့ထုဆစ်ထားတဲ့ကောင်းကင်

လရောင်အောက်

အုပ်စုဖွဲ့ပျံသန်းသွားတဲ့ ငှက်တွေလို

စိတ်တွေ မလွတ်လပ်ဘူး။

ငှက်ဆိုတော့ အတောင်ပံရှိမှ ပျံသန်းနိုင်တယ်

လူတွေမှ ဒဏ်ရာရှိမှ နေပျော်မယ်ပေါ့

ဥပါဒါန်မရှိရင် ကောင်းတယ်ဆိုပေမဲ့

ဖြစ်သင့်တာကို စွဲလန်းနေတာ

လူ့ဘ၀ရဲ့ဓာတ်စာမဟုတ်လား။

ငါ့စကားနွားရပြောချင်ပြော

ကိုယ့်ငါးချဉ်ကိုယ်ချဉ် ဆိုချင်ဆို

ဒီကောင်ဟာ လူဆိုပေမဲ့

လူလိုမနေခဲ့ရဘူး။

အောင်ခြင်းရှစ်ပါး အသံမကြားရတာကြာပြီ

မေတ္တာဟာ အဆိပ်သင့်

ဗီလိန်။

…………………………….

…………………………….

ကောင်းကင်မှာ အညှော်နံ့ရနေတော့

အသက်ရှူရတာ မ၀ဘူး။

မောင်မင်းစိုး(ရွှေနံ့သာ)

ကွဲကွာနေတဲ့သူ့ငယ်ချင်းတွေ

တွန့်လိမ်ကောက်ကွေးနေတဲ့ ဘ၀တွေကို

ဘယ်လို မီးပူတွေနဲ့တိုက်ပစ်ကြမလဲ

မတွေ့တာကြာပေမဲ့

မင်းတို့တတွေရဲ့ နာကျင်မှုတွေဟာ

မင်းတို့ရေးတဲ့စာတွေ ကဗျာတွေကနေတဆင့်

ငါ့ရင်ထဲကို မူးဝေစေခဲ့တယ်

ဆာလောင်နေတဲ့ အသံတွေနဲ့

တုန်ချိနေတဲ့ မင်းတို့လက်တွေ

ခဏတာ မေ့ပျောက်ဖို့ကြိုးစားရင်း

ငါ့ဆီကို ရောက်ရောက်လာကြ

အခုတော့ မင်းတို့အားလုံးကို မတွေ့တာတောင်ကြာပြီ

ကိုရဲရဲ့စကားနဲ့ငှါးပြောရရင်

သံမဏိလမ်းခွဲသွားကြတာလား

မင်းတို့စိတ်တွေမာကြောလို့

မင်းတို့ခေါင်းတွေစူးရှလို့

မင်းတို့နှလုံးသားတွေ နုညံ့လို့

မင်းတို့လက်တွေ ရဲရင့်လို့

ရန်ကုန်ကို ကြောခိုင်းသွားကြပေမဲ့

ငါတစ်နေ့မှ မေ့မရဘူး။

၃၃-လမ်းဟာ

အခုတော့ အထီးကျန်ခဲ့ပြီ

ညနေညနေ စည်ခဲ့ပေမဲ့

အခုတော့ ဘ၀တွေအစီးခံနေရတယ်

ကွဲကွာနေတဲ့ မင်းတို့နဲ့ပြန်ဆုံဖို့ဆိုတာ

မဖြစ်နိုင်တော့ဘူးလား။

အ၀ါရောင် ကဖေးမှာပြန်ဆုံဖို့

မင်းတို့စိတ်တွေ ခိုင်ခိုင်ထားရင်း

မနက်ဖန်ဆိုတာ

ငါတို့ပြန်တွေ့ရမဲ့ နေ့တစ်နေ့ဖြစ်ခဲ့ရင်

ငါတို့အားလုံး

ကဗျာတွေ သံပြိုင်ရွတ်လို့

လက်ခုပ်တွေ အားရပါးရတီးကြမယ်။

(ကွဲကွာနေသော သူငယ်ချင်းအားလုံးသို့)

မောင်မင်းစိုး(ရွှေနံ့သာ

တစ်ခုခုကို ရှာဖွေတွေ့ရှိခြင်း

တစ်ခုခု

အဲဒီတစ်ခုခုဟာ

အသက်ဖြစ်ပြီး

အဲဒီတစ်ခုခုဟာ ပေါင်မုန့်ဖြစ်တယ်။

အဲဒီတစ်ခုခုဟာ ငှက်တစ်ကောင်ဖြစ်င်္ပြီး

အဲဒီတစ်ခုခုဟာ တစ်ခုခုဖြစ်တယ်

အဲဒီတစ်ခုခုဟာ

မသေဆေးတစ်ခွက်

ဓားတစ်လက်နဲ့ ချစ်ခြင်းမေတ္တာ

အရက်ခွက်ထဲက အနာဂတ်

မြူနှင်းဝေတဲ့ဆောင်း။

အဲဒီတစ်ခုခုဟာ

မရှိခြင်းတွေ သယ်ဆောင်ခဲ့ပြီး

ပူလောင်မှုတွေကိုလည်း သယ်ဆောင်ခဲ့ပါတယ်

ခေတ်ပေါ်လူ့ယဉ်ကျေးမှုနဲ့

အနုပညာ၊လိင်စိတ်

ဟိုဝါဒ၊ဒီဝါဒနဲ့

အာဏာရှင်စနစ်

အိပ်ရေးပျက်တဲ့ ညတွေကိုသယ်ဆောင်ခဲ့ပြန်တယ်

တစ်ခုခု

အဲဒီတစ်ခုခုဟာ တစ်ခုခုကိုသယ်ဆောင်ခဲ့ပြီး

ပျင်းရိစွာနေထိုင်တဲ့ စိတ္တဇမျိုး

အဲဒီတစ်ခုခုဟာ တစ်ခုခုပါပဲ။

မောင်မင်းစိုး(ရွှေနံ့သာ)

(၂၀၀၅-ဇူလိုင်-နှလုံးအိမ်)

ညီလေးရဲ့မေးခွန်းများ

“ အဖေဘယ်တော့ ပြန်လာမှာလဲ”

“ လာမှာပေါ့ကွ”

ညီလေးရဲ့ရိုးရိုးသားသားမေးခွန်းတွေကို

မုသာဝါဒဆိုတဲ့ အနဲ့ဆိုးနဲ့ ရောနှောခဲ့တယ်

တကယ်တော့အဖေဟာ အိမ်ရာသစ်ထူထောင်ခဲ့ပြီ။

“ အမေကရော”

“ သူလည်းပြန်လာမှပေါ့ကွ”

အမေ့ဈေးတောင်းအောက်က ခေါင်းးခုလေးဟာ

မင်းအတွက်ချုပ်ပေးထားတဲ့ ဘောင်းဘီစုပ်လေး

အမေ့မြေပုံပေါ်ကျခဲ့တဲ့ မျက်ရည်စတွေ

အခုထိ မခမ်းခြောက်သေးဘူး။

“ညည ထမင်းလာတောင်းတဲ့ လူင်္ကြီးက အရူးကြီးလား”

“အေးအေး”

အချစ်အတွက်နဲ့ စိတ်ဖောက်ပြန်သွားတဲ့

အကိုအကြီးဆုံး ကိုကြီးမျိုးဟာ

မင့်အကိုဆိုတာ ဘယ်လိုပြောထွက်မှာလည်း

”ထီပေါက်ရင် အကျီ င်္ဝယ်ပေးမယ်ဆို

ဘယ်တော့ဝယ်ပေးမှာလဲ”

“၀ယ်ပေးမှာပေါ့ကွ”

စီးကျခဲ့တဲ့မျက်ရည်စတွေ

မင်းမမြင်အောင်ဖုံးကွယ်လို့

နပ်မှန်အောင် တိုက်ပွဲဝင်နေခဲ့ရတဲ့ ၀မ်းရေးအတွက်

မေးခွန်းတွေနဲ့မနှိပ်စက်ပါနဲ့တော့ ညီလေး

ကံကြမ္မာရဲ့အလှည့်အပြောင်းဟာ

တစ်နေ့တော့ မင်းလည်းလူကြီးဖြစ်လာဦးမှာပေါ့

ဆာလောင်နေတဲ့အသံတွေနဲ့

ညညအိပ်မပျော်မှုတွေဟာ

မင်းအန်ကြိတ်တာထက် ပြင်းထန်လွန်းလှတယ်

တကယ်တော့

ငါတို့နှစ်ယောက်ဟာ ဥမကွဲ သိုက်မပျက်

လောကဓံရဲ့ကျီစယ်မှုတွေကို တွန်းလှန်ရင်း

မင့်ကို ပိုးမွေးသလို မွေးပါ့မယ်

နောက်ထပ်မေးခွန်းတွေနဲ့

မနှိပ်စက်ပါနဲ့တော့ ညီလေး။

မောင်မင်းစိုး(ရွှေနံ့သာ)

အဖေ

အဖေ

တွေးမိတိုင်း မျက်ရည်ဝဲခဲ့ရတဲ့အဖြစ်

စမ်းသပ်ခံရဲတဲ့ ကိုယ်ကျင့်တရားနဲ့

အဖေဟာ ငါ့ကိုမွေးခဲ့တယ်။

အဖေဟာထန်းမတက်ခဲ့ပေမဲ့

တောအရက်တွေ ချက်ရောင်းခဲ့ဘူးတယ်

အဖေဟာ ဘယ်တော့မှ လူမှုရေးနောက်မကျဘူး

ဘာဖြစ်လို့တစ်မျိုးလုံးက အဖေ့ကိုချဉ်ခဲ့တာလဲ

စဉ်းစားလို့မရဘူး

တကယ်တော့ အဖေဟာအဖေနဲ့ပါတယ်

“ငါ့သား သူများမိုးခါးရေသောက်တိုင်း

ဘယ်တော့မှ လိုက်မသောက်နဲ့

မနက်ဖန်ည ကြယ်ကြွေညတွေကို

ထိုင်ပြီးရေတွက်ရင်း

အလင်းတန်းတွေကို သယ်ဆောင်ခဲ့ပါ”

အဖေသေတော့

ငါ့ကို ဘယ်သူမှအကြောင်းမကြားကျဘူး

အဖေရဲ့

နောက်ဆုံးချိန်လောက် အရေးကြီးတာဘာရှိလို့လဲ

အဖေ ကောင်းရာသုဂတိရောက်ပါစေ။

မောင်မင်းစိုး(ရွှေနံ့သာ)

အခြေအနေအရ နေထိုင်ခြင်း

ပျောက်ဆုံးနေတဲ့ စိတ္တဇပန်းချီကားများ

နေ့လည်ခေါင်မျာလမ်းလျောက်ရတာမောတယ်

ဘ၀သစ်ကို စတင်ခြင်း

တမြေ့မြေ့ကြီးထွားလာတဲ့ အကျင့်ပျက်ကို လက္ခံဖို့ရန်

ညင်းဆိုခဲ့တယ်

ရယ်မောဖို့ ဖြစ်တည်လာသောအတွေးများနဲ့

ဒဏ်ရာရင့်လာတာကို ကြိုဆိုခဲ့တယ်

တစ်နေ့ပြီးသွားမယ်ဆိုတာ သိရဲ့သားနဲ့

အဆုံးကို ကြောက်ရွံ့နေတာဟာလဲ

လူ့ဘ၀ရဲ့အရသာလို့သိခဲ့တယ်

ဖြစ်ချင်တိုင်းဖြစ်ခွင့်ရတဲ့ ကုသိုလ်မျိုး မလိုချင်ဘူး

လူသေတိုင်း အော်ဟစ်ငိုကြွေရတဲ့ ဘ၀ကိုကြောက်တယ်

လူ့ဘ၀ဆိုတာ လုနေရတဲ့ဘ၀ဆိုတော့

အနာဂတ်မှာ အနာတွေရပ်တန့်သွားအောင်

လုပ်နေရတယ်

အဝေးက နေရောင်ခြည်ဟာ

ရင်ညွန့်ထဲ ထိုးကျမလာဘူး

ထတောက်နေတဲ့ မီးလျှံကို မသေစေနဲ့

လမ်းလျှောက်ရင်း လမ်းပျောက်နေတဲ့ဘ၀တွေကို

လမ်းမဖျောက်ပစ်ရင်ကောင်းမယ်

ဥပါဒ်ဖြစ်နေတဲ့ အစာတွေပဲ စားနေရတော့

ရောဂါတွေပဲ ရနေခဲ့တယ်

ပျောက်ဆုံးနေတဲ့ တက်မက်မှုတွေကို

ရှာဖွေရင်း

ရေကြည်ရာ မြက်မနုခဲ့ဘူး

အလင်းနှစ် သန်းတစ်ထောင်ဆိုပေမဲ့

အမှောင်တွေပဲ ကြီးစိုးနေခဲ့တယ်

အမှန်သိမြင်ဖို့ အမှန်တွေလိုအပ်တယ်

စစ်ကို စစ်နဲ့ တုန့်ပြန်ဖို့ မဖြစ်ဘူး

ဆိုတော့

လွင့်နေတဲ့ စိတ်တွေ စုစည်းလိုက်တယ်

အခြေအနေအရ နေထိုင်ရပေမယ့်

အခြေအနေတွေ မချေဖျက်နိုင်သေးဘူး

ဝိပဿနာ ပညာမဲ့နေတဲ့ စိတ္တဇနာမ်ဟာ

ဘယ်တော့မှ အကောင်းမမြင်ဘူးဆိုတာ မှန်တယ်

အလိုမပြည့်တိုင်း ဒုက္ခဖြစ်တယ်ဆိုရင်

ဒုက္ခဖြစ်တိုင်း အလိုမပြည့်ဘူးပေါ့

ဒီတော့

စိတ်နာတယ်ဆိုလည်း

နာနေတဲ့ စိတ်တွေ မကုသချင်တော့ဘူး

လေဟာနယ်မှာ

မမြင်ရတဲ့ အသံတွေကြားနေရတယ်

ကုစားလို့မရတဲ့ ရောဂါများ

အော်ဟစ်လို့ မရတဲ့ ဆာလောင်မှုများ

ဖော်ပြလို့မရတဲ့ ဒဏ်ရာများ

ရေးဆွဲလို့မရတဲ့ ပန်းချီကားများ

တွန်းလှန်လို့ မရတဲ့ ဝေဒနာများ

ပြောဆိုလို့မရတဲ့ စကားလုံးများ

ပျံသန်းလို့မရတဲ့ အတောင်ပံများ

နေထိုင်းခြင်းမှာ စည်းတွေ ရှိခဲ့တယ်။

ဘ၀ကို ခေါစာချကျွေးရင်းတောင်

ဘယ်ခွေးလေခွေလွင့်ကမှ လာစားမှာမဟုတ်ဘူး

အဲဒီလို ကျိန်စာသင့်နေတဲ့ဘ၀ဟာ

ကမ္ဘာမြေပေါ်မှာ

အခြေအနေအရ နေထိုင်ခဲ့ရပါတယ်။ ။

(၂၀၀၈-မတ်-ပျော်ပျော်ရွှင်ရွှင်-စိစစ်ရေးထိ)

မောင်မင်းစိုး (ရွှေနံ့သာ)

ဘ၀ဆာနေတဲ့ငှက်

တိမ်လို

မြေလို

ရေလို

ဘ၀ကိုဆာတယ်။

ပြဿနာက

မနေ့ကလို ပြီးသွားပြီ

ခမ်းခမ်းနားနားရယ်လို့

ရောင်လို့တောင်မအော်ရဲဘူး။

သင်္ချိုင်းက တစှေ္ဆမခြောက်ဘဲ

မြို့လည်ခေါင် တစ္ဆေခြောက်တာ

ကြောက်စရာ

မြို့ကြီးပြကြီးဟာ တောကြီးမျက်မည်းလို တိတ်ဆိတ်လို့

လူတွေ

ငိုဖို့မျက်ရည်မရှိတော့

ကိုက်ချင်တဲ့ခွေးကို

အမဲသားကျွေးလိုက်။

မောင်မင်းစိုး (ရွှေနံ့သာ)

မီးသင့်ကျောက်

လဲကျတိုင်း ပြန်ထဖို့ကြိုးစားခဲ့တယ်

ကံကြမ္မာက မျက်နှာသာမပေးဘူး

သွေးရဲရဲ သားရဲရဲ

စိတ်ကူးတွေ လဲကျသေဆုံး

ဦးနှောက်ခြောက်တယ်။

အရေးပြားဆန်လာတဲ့ လောကကြီးထဲ

ဘ၀ကိုမိတ္တူကူးတော့ မှုန်တယ်

တစ်နေကုန် ထိုင်ဆေးနေတာတောင်

စိတ်ကမဖြူဘူး

ဒီလူထဲမှာ မွန်းကျပ်တယ်။

လေထုညစ်ညမ်းနေတဲ့ ကောင်းကင်

ဘယ်တော့လင်းမှာလဲ

ခူးဆွတ်ပြီး ကြယ်တွေစုပုံဖို့

ချူတံတိုနေတယ်

အသွားအပြန်မရှိတဲ့ လမ်းဆုံးမှာ

ဝပ်ကျင်းထဲဝပ်လို့

လက်နှစ်ဖက်ကို ဆန့်တန်းထားလိုက်တယ်။

(၂၀၀၅-ဇူလိုင်-ပိတောက်မြေ)

မောင်မင်းစိုး(ရွှေနံ့သာ)

အတွင်းစိတ်

အသံတွေကြားတိုင်းထထအော်ခဲ့ရ

ပြေးလမ်းအတိုင်း ပြေးခဲ့ပါတယ်

ပြတင်းမှာထိုင်ငေးရင်း

တစ်နံတစ်လျားရှည်ထွက်လာတဲ့အတွေးတွေ

မနိုင်ဝန်ထမ်းထားရသလို

လေးလံလွန်းလှတယ်

ပြဿနာက ပြတ်ကျပြီးနာနေတဲ့ ဒဏ်ရာကစခဲ့တယ်

လျှောက်ခဲ့ရတဲ့လမ်းတွေ

ဟစ်ကြွေးခဲ့ရတဲ့အသံတွေ

ထွားထွားကြိုင်းကြိုင်းဖြစ်မလာဘူး

ညီမလေး

မင်းနာမည်ကို ကြားရတိုင်း

လွမ်းနာကျလို့

မင်းလည်းမင့်အပူနဲ့ဆိုတော့

စိတ်ဆာလည်း

ဆာနေတဲ့စိတ်တွေ မကုစားချင်တော့ဘူး။

(၂၀၀၇-စက်တင်ဘာ-လမ်းတွေလျှောက်ခဲ့စဉ်က)

မောင်မင်းစိုး(ရွှေနံ့သာ)

လမသာတဲ့ည

ညအခါ လမသာတော့

မကစားနိုင်ဘူး

မနားနိုင်ဘူး။

မိစ္ဆာနတ်ဆိုးတွေရဲ့ အကြမ်းဖက်တဲ့ည

အိပ်ပျော်မှာကို ကြောက်ရွံ့နေရတဲ့ည

သွေးပျက်ဖွက် စိုးထိတ်နေရတဲ့ည

ညနက်မှာကို လန့်နေရတဲ့ည

မြည်သံတွေ နားစွန့်နေရတဲ့ည

ညတာရှည်မှာကို ကြောက်ရွံ့နေရတဲ့ည

ညဟာ

ဝတ်ရုံနက်တွေ လွှမ်းခြုံလို့

သူတော်ကောင်းဟန်ဆောင်ထားခဲ့တယ်

တုန်ရီလှိုက်မော

မျက်တွင်းတွေ ဟောက်ပက်နေခဲ့တယ်။

ညရောက်မှာကိုကြောက်တယ်

ညဟာညနဲ့တူခဲ့ပြီ

ညအခါလမသာတော့ဘူး။

(၂၀၀၇-စက်တင်ဘာ-အကြမ်းဖက်တဲ့ညများစွာသို့)

မောင်မင်းစိုး(ရွှေနံ့သာ)

ငှက်

မပျံသန်းရ နယ်မြေကိုမှ

ရွေးပြီးပျံချင်တဲ့ငှက်

နက်သထက်နက်တဲ့ တွင်းနက်ထဲ ခုန်ဆင်းချင်သူ

ဘ၀ကို သရေကွင်းလို ဆွဲဆန့်တော့

သံသရာက နူးညံ့စွာရှည်လျား

အိမ်ပြင်ထွက်ခွင့်မပြုတဲ့ အိမ်စောင့်နတ်

ငါ့မျက်လုံးကို ဖောက်

ငါ့နားကိုပိတ်

လေတိုက်တိုင်း မြင့်တက်နေမဲ့စွန်

ကြိုးတွေလျှော့ပြီး လွင့်တင်လက်

ပြန်လမ်းမရှိတဲ့ လေဟာနယ်ထဲ

လွင့်နေမယ်။

(၂၀၀၄-ဇူလိုင်-နှလုံးအိမ် စိစစ်ရေးထိ)

မောင်မင်းစိုး(ရွှေနံ့သာ)

Thursday, July 17, 2008

ည(၂)

မြူနှင်းဝေတဲ့ဆောင်းညမှာ

အရေပြားတွေယားတယ်

ကံကိုမယုံခဲ့တာ ငါ့အမှား

အော်တာနေးတစ်ကောင်မလေးရဲ့

ပါးပြင်နုနုမှာ

ငါ့ဘ၀တစ်ခုလုံး မြှပ်နှံခဲ့တယ်။

စိတ်နာတယ်ဆိုယုံနဲ့

အချစ်ကပြီးသွားပြီးလား

သံသရာမကြောက်တဲ့ မိစ္ဆာနတ်ဆိုးလို

မင်းဟာ

ငါ့ဘ၀အတွက် အားဖြစ်သလို

ဓားလည်းဖြစ်တယ်

အချစ်ဆိုတာ

ညညအိပ်ရေးပျက်စေတယ်။

မောင်မင်းစိုး(ရွှေနံ့သာ)

မမေ့နိုင်သော ဇူလိုက်(၁၉)

ငါတို့အတွက် ဘ၀တွေစတေးသွားရင်း
အာဇာနည်တွေ ကွယ်ပျောက်ခဲ့ပြီ။
စနစ်ဆိုးရဲ့ ၀ပ်ကျင်းထဲက ဘယ်လိုထွက်မြောက်နိုင်မှာလဲ
သွေးဆာနေတဲ့ မိစ္ဆာနတ်ဆိုးတွေရဲ့လက်တွေ
သန်မာထွားကြိုင်းနေခဲ့တယ်။


ဖိနှိပ်ခံ ဘ၀များရဲ့မျှော်လင့်ခြင်းအလင်းအတွက်
လွတ်မြောက်မှုရဲ့ အန္တိမမျှော်လင့်ချက်
ကျိန်စာသင့်ဘ၀များရဲ့ နောက်ဆုံးထွက်သက်
ဆာလောင်သံများရဲ့ အလိုအပ်ဆုံးမေ့ဆေး
ဒီအတွက် တိုက်ပွဲတွေဝင်နေကြတယ်။
ဗိုလ်ချုပ်တို့ဟာ ပြည်ပရန်ကာကွယ်လို့
ငါတို့ဟာ ပြည်တွင်းရန်ကိုခုခံနေဆဲ
မင့်ကိုမေ့ဖျောက်ဖို့ ကြိုးစားနေတဲ့
လူယုတ်မာတွေရဲ့ စနစ်ဆိုးကိုတွန်းလှန်ဖို့
ငါတို့လက်တွေ ရဲရဲနီခဲ့ပြီ။
ကမ္ဘာမြေတည်သရွေ့
မင့်ရဲ့နာမည်ဟာ ဘယ်တော့မှမသေဘူး
မင်းအတွက်လူသားစစ်မှန်တဲ့လူတွေ
အသက်တွေ ယဇ်ပူဇော်လို့
လမ်းတွေလျှောက်ခဲ့ကြတယ်
လမ်းတွေဖောက်နေကြတယ်
အာဇာနည်နေ့
မင်းဟာငါတို့ရဲ့နေ့ထူးနေ့မြတ်
လူမဆန်တဲ့ မိစ္ဆာနတ်ဆိုးတွေရဲ့ ယုတ်မာပက်စက်မှုအောက်
ဘ၀တွေပြားပြားမှောက်နေကြပေမဲ့
စိတ်ဓာတ်တွေ သံမဏိလိုမာကြောတယ်။
ကမ္ဘာတုန်ဟီးခဲ့တဲ့ ဥသြဆွဲသံတွေ
တိတ်ဆိတ်လို့
ဝမ်းနည်းခြင်းအထိမ်းအမှတ်တင်တဲ့ အလံတော်ဟာ
နာဂစ်နဲ့အတူ ကျေမွဆုတ်ပျက်ခဲ့ပြီ။
ဒါပေမဲ့
ငါတို့ဒီနေ့ကို ဘယ်လိုမှမေ့မရဘူး
ဖာနိုင်ငံ ဆိုတှဲ့ဗိုလ်ချုပ်ရဲ့မိန့်ခွန်းလို
အခု
ငှက်ကလေးတွေ အိပ်တန်းမပျံနိုင်ခဲ့ကြဘူး။
စစ်မြေပြင်ဖြစ်နေတဲ့ ၀တ္တမြေတွေ
သွေးစိမ်းနဲ့ ရဲသွေးနီနှီစွန်းထင်လို့
ရဟန်းတော်များရဲ့ စာအံသံတွေ တိတ်ဆိတ်ခဲ့ပြီ။
အရွယ်မရောက်ကလေးတွေ
စားပွဲထိုးလို့၊စစ်ထဲဆွဲသွင်းလို့၊အမှိုက်ကောက်လို့
ဆာလောင်မှုရဲ့အသံတွေနဲ့ အော်ဟစ်ရင်း ၀ရုန်းသုန်းကားပြေးလွှား
လူတွေဟာလူနဲ့မတူတော့ဘူး။
လွတ်လပ်ရေးအတွက် ပေးဆပ်ခဲ့တဲ့ အာဇာနည်တွေ
သင်တို့လမ်းအတိုင်း ဘ၀ကိုစတေးရင်း
ဆာလောင်နေတဲ့ လွတ်မြောက်မှုဆီကိုလျှောက်နေကြရင်း
ငါတို့ ဘယ်လိုမှမေံမရပါဘူး။
ရာဇာစိုး၊ရန်ကုန်။
17, 07, 2008

Tuesday, July 15, 2008

အလင်းရောင် (လေးဖြူ)

15-07-2008

ရေကြည်ချမ်းမြတပေါက် သောက်ပါရစေ

15-07-2008


ကွဲပြားချက်ရဲ့တဖတ်မှာ

15-07-2008

ကျွန်တော် ဘုရား မမြင်ဘူး ပေမဲ့
ဘုရားကိုကြည်ညိုတယ်၊ယုံကြည်တယ်
ဘုရားလမ်းစဉ်ကို၊လိုက်နာကျင့်ကြံတယ်
ဘာဖြစ်လို့လဲဆိုတော့
မြတ်စွာဘုရား က၊သတ္တဝါတွေရဲ့ကောင်းကျိုးကို
အမြဲကြည့်တက်တဲ့၊ မဟာကရုဏာရှင်ဖြစ်လို့ပဲ။


ကျွန်တော် ဗိုလ်ချုပ် မမြင်ဘူး ပေမဲ့
ဗိုလ်ချုပ် ကိုလေးစားတယ်၊ယုံကြည်တယ်
ဗိုလ်ချုပ် လမ်းစဉ်ကို၊လိုက်နာကျင့်ကြံတယ်
ဘာဖြစ်လို့လဲဆိုတော့
ဗိုလ်ချုပ် က၊ကျွန်တော်တို့ကိုတိုင်းတပါးကျွန်ဘဝမှု
ကယ်တင်ခဲ့တဲ့၊ လွတ်လပ်ရေးဖခင်ဖြစ်လို့ပဲ။
ကျွန်တော် ဒေါ်စုကိုမြင်ဘူး တယ်
ဒေါ်စု ကိုလေးစားတယ်၊ယုံကြည်တယ်
ဒေါ်စုလမ်းစဉ်ကို၊လိုက်နာကျင့်ကြံတယ်
ဘာဖြစ်လို့လဲဆိုတော့
ဒေါ်စု က၊ကျွန်တော်တို့ကိုစစ်တပ်ကျွန်ဘဝမှု
ကယ်တင်မယ့်၊ တမျိုးသားလုံးရဲ့မိခင်ဖြစ်လို့ပဲ။
ကျွန်တော် သန်းရွှေကိုမြင်ဘူး တယ်
သန်းရွှေ ကိုမမုန်းပါ
ဒါပေမဲ့---
သန်းရွှေစစ်ဝါဒကို ရွံတယ်၊မုန်းတယ်
သန်းရွှေ လမ်းစဉ်ကို၊ဆန့်ကျင်တယ်
ဘာဖြစ်လို့လဲဆိုတော့
သန်းရွှေ က၊ကျွန်တော်တို့တမျိုးသားလုံး
ဒုက္ခတွေမျိုးစုံဖြစ်အောင်၊
တွန်းပို့နေတဲ့၊စစ်အာဏာရှင်ဖြစ်နေလို့ပဲ။
ဪ----မည်သူမဆို
လူသားကောင်းကျိုးပြုတဲ့သူကို
လေးစား ယုံကြည် ကြတာ၊ဓမ္မတ္တာပါဘဲ။
လူသားကောင်းကျိုးပြုသူများ
အမြန်နေရာယူနိုင်ကြပါစေ။

သစ္စာရှင် {MSMA}

စစ်ဗိုလ်ချုပ်များ သတိထား.....

15 July 2008

ဆူဒန်သမ္မတကို နိုင်ငံတကာခုံရုံးတွင် စစ်ရာဇ၀တ်မှု စွဲချက်တင်နိုင်ရန် ကြိုးပမ်း


နိုင်ငံတကရှေ့နေ ကောင်စီ ဥက္ကဋ္ဌ

နိုင်ငံတကာ ရာဇ၀တ်ခုံရုံးရဲ့ ရှေ့နေ လူးဝစ္စ မော်ရီနိုအိုကမ်ပို (Luis Moreno-Ocampo) က ဆူဒန်နိုင်ငံသမ္မတ အိုမာ ဟက်ဆန် အယ်လ် ဘရှီးယား(Omar Hassan al Bashir) ကို ဒါးဖောဒေသမှာမျိုးဖြုတ်သတ်ဖြတ်မှုတွေနဲ့ စစ်ရေးဆိုင်ရာရာဇ၀တ်မှုတွေမှာ ကြိုးကိုင်ခြယ်လှယ်ခဲ့တာကြောင့်ဝရန်းထုတ်အရေးယူဖို့ တောင်းဆိုလိုက်ပါတယ်။ဒီလို ၀ရန်းထုတ် အရေးယူရေး မယူရေးအတွက်တရားသူကြီး ၃ ဦးကနေပြီး ရက်နဲ့ လနဲ့ချီ အချိန်ယူပြီး ဆုံးဖြတ်နိုင်ဖွယ်ရှိကြောင်း ဗွီအိုအေသတင်းထောက် တန်ဒိုင်း မာဖိုဆာ (Tendai Maphosa) သတင်းပေးပို့တာကို နော်ရှိုးကတင်ပြပေးထားပါတယ်။

ICC ခေါ် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးရဲ့ရှေ့နေ လူးဝစ္စ မော်ရီနို အိုကမ်ပိုက နယ်သာလန်နိုင်ငံ ဟိဂ်မြို့တော်အခြေစိုက် ICC ရုံးချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတခုမှာအခုလို ကြေညာခဲ့တာပါ။

“ဆူဒန်နိုင်ငံသမ္မတ အိုမာ ဟက်ဆန် အယ်လ် ဘရှီးယားကို ဒါးဖောဒေသမှာ မျိုးနွယ်တုံးသတ်ဖြတ်မှုတွေ၊ လူမဆန်တဲ့ ရာဇ၀တ်မှုနဲ့ စစ်ရာဇ၀တ်မှုတွေကြောင့် ၀ရန်းထုတ်ဖမ်းဆီးဖို့ ခုပဲ ကျနော် နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးကို လျှောက်လွှာတင်ခဲ့ပါတယ်။”

ဒါပေမယ့် အဲဒီရှေ့နေက သူကိုယ်တိုင် သမ္မတ ဘရှီးယားကို တရားရုံးမှာ စွဲချက်တင်မှာမဟုတ်ဘူးလို့ အခုလို အတိအလင်း ပြောသွားပါတယ်။

“ကျနော် ရှင်းရှင်းပဲပြောမယ်။ ကျနော်ဟာ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကိုသာတောင်းဆိုတာပါ။ သူတို့အနေနဲ့ ကျနော့် တင်သွင်းချက်လျှောက်လွှာကို သဘောတူနိုင်တယ်၊ ဒါမှမဟုတ် ပယ်ချပြီး သူတို့ကြိုက်တဲ့ပုံစံမျိုးနဲ့ သွားနိုင်တယ်၊ ဒါမှမဟုတ် ပိုပြီးခိုင်လုံတဲ့ သက်သေအထောက်အထားကို ထပ်တောင်းဆိုနိုင်တယ်။ ဒါကြောင့် တရား
သူကြီးတွေဟာ သူတို့သဘောအတိုင်း ဆုံးဖြတ်နိုင်ပါတယ်။”

မစ္စတာ မော်ရီနို အိုကမ်ပိုက တကယ်လို့ သမ္မတ ဘရှီးယားကို ခုံရုံးမှာ တရားစွဲချက်တင်ခံခဲ့ရလို့ရှိရင် သူ့အနေနဲ့ မျိုးနွယ်တုံးသတ်ဖြတ်မှု၊ လူတွေကို စိတ်သောက အလွန်အမင်းရောက်စေမှုနဲ့ ကိုယ်ကာယ အပျက်အစီး အဆုံးအရှုံးတွေ ဖြစ်ပေါ်လာဖို့ အခြေအနေဖန်တီးခဲ့တဲ့အမှု စတဲ့ အမှုသုံးမှုတို့နဲ့ အရေးယူခံရပါလိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင်
လူမဆန်တဲ့ ရာဇ၀တ်မှုအပါအ၀င် အမြစ်ဖြုတ်သတ်ဖြတ်မှု၊ လူအစုလိုက်အပြုံလိုက်ကိုအဓမ္မပြောင်းရွှေ့ခိုင်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှု စသည်တို့ကို ထည့်တွက်မယ်ဆိုရင်တော့ သမ္မတ ဘရှီးယားဟာ အမှု ၅ မှုအထိ ရင်ဆိုင်ရနိုင်ပါတယ်။

တကယ်လို့ တရားသူကြီးတွေက မစ္စတာဘရှီးယားကို ၀ရန်းထုတ်အရေးယူဖို့ ဆုံးဖြတ်ခဲ့ရင် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကနေ အာဏာရှိဆဲ နိုင်ငံ့ခေါင်းဆောင်ကို တရားစွဲဆိုတာမျိုးမှာ သမ္မတ ဘရှီးယားဟာ ပထမဦးဆုံး ဖြစ်ပါလိမ့်မယ်။

ဆူဒန်နိုင်ငံဟာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို အသိအမှတ်မပြုပါဘူး။ တရားရုံးက အလိုရှိတဲ့ သူတို့နိုင်ငံရဲ့ လူမှုကယ်ဆယ်ရေးဝန်ကြီး အာမက် ဟာရွန် (Ahmad Harun) နဲ့စစ်သွေးကြွခေါင်းဆောင် အလီ ကူရှေ့ဘ် (Ali Kushayb) တို့ကို အပ်နှင်းဖို့ တစိုက်မတ်မတ် ငြင်းဆိုခဲ့ပါတယ်။

ဆူဒန်ပြည်သူတွေက သမ္မတ ဘရှီးယားကို ခုလို နိုင်ငံတကာ ခုံရုံးကနေ အရေးယူဖို့ကိစ္စကို ခါးခါးသီးသီး တုံ့ပြန်ကြပါတယ်။ သူတို့က ဒီလိုအရေးယူခြင်းအားဖြင့် ဆူဒန်အစိုးရနဲ့ဒါးဖောသူပုန်တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးတဲ့နေရာမှာ ထိခိုက်နိုင်တယ်လို့ ယူဆကလို့ ဖြစ်ပါတယ်။

လန်ဒန်မြို့က ဆူဒန်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ခါလစ် အယ်လ် မူဘာဘရက်က်(Khalid al Mubabrak) က သမ္မတ ဘရှီးယားကို စွဲဆိုချက်တွေဟာ မမှန်ကန်ဘူးလို့ပြောပါတယ်။ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးအနေနဲ့ ဆူဒန်နိုင်ငံအပေါ် တရားစီရင်ပိုင်ခွင့်မရှိဘူးလို့ အခုလိုဆိုပါတယ်။

“ပြောရရင် အမေရိကန်နိုင်ငံလိုပါပဲ။ ကျနော်တို့လည်း နိုင်ငံတကာ ရာဇ၀တ်ခုံရုံးဖြစ်ပေါ်လာဖို့ ဖန်တီးပေးခဲ့တဲ့ ရောမဥပဒေစာတမ်းကို အတည်ပြုလက်မှတ် ရေးထိုးခဲ့တာမဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ တော်တော် ထိထိရောက်ရောက် စွမ်းဆောင်နိုင်စွမ်းရှိပါတယ်။ ဒါးဖောကိစ္စနဲ့ပတ်သက်လို့လည်း ကျနော်တို့ စတင်လေ့လာခဲ့ပြီးဖြစ်တဲ့အပြင် တချို့ကို တရားစွဲဆို အရေးယူတာတွေ၊ အကျဉ်းကျနေသူတချို့ကို ပြန်လွှတ်ပေးခဲ့တာတွေ လုပ်ခဲ့ပြီးပါပြီ။”

ဆက်လက်ပြီး မစ္စတာ မူဘာဘရက်က်က ခုလို ခုံရုံးတင်မယ့်ကိစ္စတွေကြောင့် ဒါးဖောသူပုန်တွေ ပိုပြီးဆူပူလာဖို့ အားပေးအားမြှောက်ပြုမှာမို့ ဒီပြဿနာကြီးတခုလုံးဟာပိုပြီးတောင် ကြန့်ကြာသွားနိုင်ပါတယ်လို့ ဆိုပါတယ်။

ဒါးဖောပြဿနာဟာ ၂၀၀၃ ခုနှစ်တုန်းကတက်လာတဲ့ ဆူဒန်အစိုးရအသစ်ကို ဒါးဖောသူပုန်တွေက ဆန့်ကျင်တိုက်ခိုက်တာကနေ စခဲ့တာပါ။ ဒီလိုဆန့်ကျင်တာကို ဆူဒန်အစိုးရက စစ်သွေးကြွတွေသုံးပြီး လူထောင်ပေါင်းများစွာကို အတင်းအဓမ္မ ပြောင်းရွှေ့စေခြင်းနဲ့ တုံ့ပြန်ခဲ့ပါတယ်။

ဒီအရှုပ်အရှင်းကြောင့် အနည်းဆုံး လူပေါင်း ၃ သိန်း အသက်ဆုံးရှုံးခဲ့ရပြီး ၂ သန်းကျော်အိမ်ရာမြေစွန့်ပစ်ပြီး ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ပြည်သူကို မည်သူလိမ်သနည်း

14-07-2008

ကျွန်တော်ဟာ နိုင်ငံ့ဝန်ထမ်းတစ်ယောက်မို့ နိုင်ငံရေးကိစ္စတွေနှင့် ကင်းရှင်းရမည့်သူ ဖြစ်ပါတယ်။ သို့သော်လည်း အစိုးရပိုင် သတင်းစာတွေမှာ မြန်မာပြည်သူတွေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တခဲနက် ထောက်ခံခဲ့ကြပါတယ်ဆိုပြီး ဗြောင်လိမ်ဗြောင်စား ရေးသား နေတာတွေ၊ သူခိုးက လူ လူ ဟစ်ဆိုသလို ပြည်သူတွေရဲ့ အမှန်တကယ်အရွေးချယ်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာငန်းဖမ်းနေသူတွေဆိုပြီး အမျိုးမျိုး ရှုတ်ချရေးသားနေ တာတွေကို ဖတ်ရှုနေရတဲ့အတွက် ဒီစာကို ရေးသားလိုက်ရတာပါ။

တကယ်တမ်း အာဏာရူးနေတာက စစ်အစိုးရပါ။ ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲမှာ တကယ် သန့်ရှင်းတဲ့၊ လွတ်လပ်တဲ့၊ တရားမျှတတဲ့ပွဲ ဟုတ်မဟုတ်ဆိုတာ ကာယကံရှင်တွေ အသိဆုံးပါ။ ဘာပဲလုပ်လုပ် ကိုယ့်လိပ်ပြာကိုယ်လုံဖို့၊ ကိုယ့်သိက္ခာ ကိုယ်ယုံမှသာ လူသားစစ်စစ်ဖြစ်မှာပါ။

ကျွန်တော်တို့နိုင်ငံ့ဝန်ထမ်းတွေဟာ ရပ်ကွက်/ကျေးရွာများမှာ မဲရုံမှူးများအဖြစ် ဆောင် ရွက်ရပါတယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း သူတို့နဲ့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းသမား တွေကိုမှ ရွေးချယ်ထားတာပါ။ ကော်မရှင်အဖွဲ့ဝင်တွေ၊ မဲရုံမှူးနဲ့တကွ တာဝန်ရှိသူတွေကို အထက်အဆင့်ဆင့်က ဘာပြောလဲဆိုတော့ ကိုယ့်မဲရုံကို ကိုယ်တာဝန်ယူရမယ်။ ဆန္ဒခံယူပွဲ ရှုံးနိမ့်ခဲ့ရင် အဲဒီ့မဲရုံမှူးတွေ အိပ်ယာလိပ်သာပြင်ထားလို့ ညွှန်ကြားပါတယ်။ ဒီလိုညွှန်ကြားရာမှာ နအဖရဲ့မူအတိုင်း သူတို့ကိုအမှုမပတ်အောင် တရားဝင် စာနဲ့ ညွှန်ကြားတာမဟုတ်ပေမယ့် နှုတ်မိန့်နဲ့ ညွှန်ကြားခဲ့တာပါ။

ဒီတော့ ကျွန်တော်တို့ တာဝန်ရှိသူတွေဟာ ကိုယ့်ရာထူးလေးမပြုတ်ဖို့ နည်းမျိုးစုံနဲ့ ကြံရ ဖန်ရပါတော့တယ်။ လူမြင်ကောင်းအောင် အခြေခံဥပဒေရှင်းလင်းပွဲဆိုတာကို လုပ်ရပါတယ်။ တစ်အိမ်တစ်ယောက် မလာမနေရ ဆင့်ခေါ်ပြီး စကားလေးနည်းနည်းပါးပါးပြော၊ သတင်းစာထဲ ထည့်ဖို့ မှတ်တမ်းဓာတ်ပုံရိုက်ပြီးတာနဲ့ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြတာပါပဲ။ ဘာမှ ရေရေ ရာရာ မပြောဘဲ ဆန္ဒမဲလက်မှတ်မှာ အမှန်ခြစ်ဖို့သာ တိုက်တွန်းလိုက်ကြတာပါ။ မကြိုက်ရင် အမှားခြစ်ရမယ်ဆိုတဲ့စကားကို လေသံတောင် မဟခဲ့ကြပါဘူး။ လာရောက်တဲ့ လူထုကလည်း လိုလိုချင်ချင် လာကြတာမှမဟုတ်တာ၊ မြန်မြန်ပြီး အေးရောဆိုပြီး လာကြသူတွေမဟုတ်လား။ ဘယ်သူမှလည်း စိတ်ဝင်တစား နားမထောင်ကြပါဘူး။ အခမ်းအနားပြီးဆုံးကြောင်း ကြေညာ ပါတယ်ဆိုတာနဲ့ အိနြေ္ဒတောင်မဆောင်ကြပါဘူး။ အသီးသီး ထပြန်ကုန်ကြတာပါပဲ။ ဒီပွဲတွေမှာ အခြေခံဥပဒေ(မူကြမ်း)စာအုပ်ဆိုတာ ပါလဲမပါဘူး၊ ရှိလည်းမရှိပါဘူး။ တစ်မြို့နယ်ကို အုပ်ရေ(၄၀) နှုန်းသာ ဖြန့်ဝေပေးတာပါ၊ ဒါတောင် အခမဲ့မဟုတ်ပါဘူး၊ တစ်အုပ်ကို ကျပ်တစ်ထောင် နှုန်းနဲ့ ၀ယ်ရတာပါ။ စိတ်ဝင်စားသူအရေအတွက် နည်းလွန်းလို့ ခွဲတမ်းနဲ့ ရောင်းတာတောင် မကုန်တဲ့အတွက် မြို့နယ်ပြန်/ဆက်ရုံးက ၀န်ထမ်းတွေဟာ တာဝန်ကျေအောင် အိတ်ထဲက စိုက်ထုတ်ပေးပြီး ရောင်းမလောက်အောင် ၀ယ်ယူကြပါတယ်လို့ အစီရင်ခံစာကို လိမ်လည်ပြီး တင်ပြကြရပါတယ်။

ဆန္ဒခံယူပွဲမအောင်မြင်ရင် ကိုယ့်ရာထူး အထိခိုက်မခံနိုင်ကြတဲ့ ဆင့်ကဲဆင့်ကဲသော တာဝန်ရှိသူတွေဟာ အကြံအဖန်လုပ်ကြရပါတယ်။ ကိုယ့်ဌာန၊ ကိုယ့်တပ်ရင်းတပ်ဖွဲ့က ဝန်ထမ်း တွေ၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မှီခိုမိသားစုဝင်တွေအားလုံးကို ကြိုတင်မဲထည့်ခိုင်းပါ တယ်။ ကြိုတင်မဲဆိုပေမယ့် လွတ်လပ်တဲ့ မဲမဟုတ်ပါဘူး။ တစ်ခါတည်း အမှန်ခြစ်ပြီးသား မဲ လက်မှတ်မှာ ကိုယ့်အမည်၊ အဖအမည်၊ မှတ်ပုံတင်နံပါတ်နဲ့ ဌာနလိပ်စာကိုသာ ရေးသွင်းပြီး လက်မှတ်ထိုးပေးခဲ့ရတာပါ။ တစ်ချို့ဌာနတွေဆို မဲလက်မှတ်တောင် မမြင်လိုက်ကြရပါဘူး၊ ကြိုတင်မဲပေးပြီးကြောင်းသာ လက်မှတ်ထိုးပေးခဲ့ရတာပါ။ တစ်ချို့ဌာနတွေကျတော့လည်း လူမြင်ကောင်းအောင် ကိုယ်ကြိုက်သလို ဆန္ဒပြုနိုင်တယ်လို့ဆိုပေမယ့် ဌာနအကြီးအကဲရဲ့ ရှေ့မှာ ဆန္ဒပြုရတာကတစ်ကြောင်း၊ ကြိုတင်မဲရဲ့လက်မှတ်မှာ ကိုယ့်အမည်၊ မှတ်ပုံတင်နံပါတ် စတာတွေ ဖြည့်သွင်းထားရမှတော့ ဘယ်သူက ကန့်ကွက်မဲပေးရဲပါတော့မလဲ။ ဒါတောင်မှ ကျိုင်းတုံဒေသမှာ ၀န်ထမ်းတွေရဲ့ ကြိုတင်မဲတွေမှာ ကန့်ကွက်မဲတွေပါနေလို့ သက်ဆိုင်ရာ ဝန်ထမ်းအချို့ကို အရေးယူထားပါတယ်။

ရိုးသားတဲ့ တောသူတောင်သားတွေကိုကျတော့ သက်ဆိုင်ရာ သူကြီး၊ ဆယ်အိမ်ခေါင်း တွေက သူတို့ကိုယ်စား မဲသွားပေးမယ်ဆိုပြီး တစ်ရွာလုံးအတွက် မဲလက်မှတ်တွေထုတ်ပြီး ထုံးစံ အတိုင်း အမှန်ခြစ်ပေးလိုက်ကြပါတယ်။ မဲရုံမှာ တကယ်မဲလာထည့်သူတွေကိုလည်း မဲရုံတာဝန် ကျတွေက ဒီနေရာမှာ ဒီလိုအမှန်ခြစ်ရမယ်နော်ဆိုတဲ့ စကားကိုသာ တွင်တွင်ကြီးပြောနေတာက တစ်ကြောင်း၊ (ရယက)တွေက မျက်ထောင့်နီကြီးတွေနဲ့ လှမ်းလှမ်းကြည့်ပြီး သတိပေးနေကြ တာကတစ်ကြောင်းဆိုတော့ အားလုံးက အမှန်ပဲခြစ်ကြရပါတယ်။ နောက်ပြီး ရပ်ကွက်ထဲမှာ တိုးတိုးတိတ်တိတ်ဖြန့်ထားတဲ့ သတင်းတစ်ပုဒ်က ရှိသေးတယ်။ မဲရုံမှာ လျှို့ဝှက်ကင်မရာ တပ်ထားမှာနော်၊ ကန့်ကွက်မဲ ထည့်ရဲထည့်ကြည့်၊ အကြောင်းသိမယ်လို့ ခြိမ်းခြောက်သလိုလို နောက်ပြောင်သလိုလို ပြောထားတော့ ရိုးသားတဲ့ပြည်သူတွေဟာ အကြောက်တရားနဲ့ အမှန်ပဲ ခြစ်ပေးလိုက်ကြရပါတယ်။

တစ်ချို့တောင်ပေါ်တိုင်းရင်းသားတွေဆိုရင် မလာရင်ဒဏ်ရိုက်မယ်လို့ ဆင့်ခေါ်ထားတဲ့ အတွက် လာသာလာကြရတာ၊ ဘာအတွက်ခေါ်မှန်းတောင် မသိကြပါဘူး။ မဲရုံရောက်မှ အသင့် ထုတ်ပေးတဲ့ မဲလက်မှတ်ကိုယူ၊ မဲပုံးထဲထည့်ပြီး ပြန်ထွက်သွားကြရှာတာ။ သူတို့အဖို့ ဒါဟာ ဆန္ဒမဲပေးတာပါလားလို့တောင် မသိပါဘူး။ ဒီအကြောင်းတွေကို ရှင်းရှင်းလင်းလင်းသိချင်ရင် ဆန္ဒမဲထုတ်ယူပြီးကြောင်း မှတ်တမ်းတွေကို ပြန်လေ့လာကြည့်ပါ။ စာတစ်လုံးမှမတတ်ကြလို့ လက်မှတ်တောင်မထိုးနိုင်ဘဲ လက်ဗွေသာနှိပ်ခဲ့ကြရတာဟာ ထင်ရှားတဲ့သမိုင်းသက်သေတွေပါ။

စစ်အစိုးရကို အင်မတန်မှမုန်းတဲ့ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း စတဲ့တိုင်းရင်းသားတွေကို ကျတော့ ဘယ်လိုစည်းရုံးသလဲဆိုရင် အလံရှူးတွေကတဆင့် “ထောက်ခံမဲပေးရင် စစ်အစိုးရ ပြုတ်ကျမယ်”လို့ တစ်ဖက်လှည့်နဲ့စည်းရုံးလိုက်တော့ ဘာပြောကောင်းမလဲ၊ စစ်အစိုးရပြုတ်ကျ ရေး ဒို့အရေးဆိုပြီး အားပါးတရ ထောက်ခံလိုက်ကြတာပေါ့။ ကျွန်တော်သာ စစ်အစိုးရက ဗိုလ်ချုပ်တစ်ယောက်များဖြစ်ခဲ့ရင် ရှက်လွန်းလို့ နေရာမှာတင် အသက်ထွက်နိုင်လောက်ပါတယ်။

မဲရုံပိတ်ချိန်အထိလာမထည့်တဲ့ မဲများကို မဲရုံမှူးက အားလုံးအမှန်ခြစ်ပြီး ထည့်လိုက်တာ တွေကလည်း အများအပြားပါ။ တစ်ချို့ဆိုရင် မဲရုံကို ညနေ (၄) နာရီမှ ပိတ်ရမှာဖြစ်ပါမယ့် (၂) နာရီ (၃) နာရီ ကြိုပိတ်ပြီး အားလုံးကို အမှန်ခြစ်လိုက်တဲ့ မဲရုံတွေကလည်း ဒုနဲ့ဒေးပါ။

ကဲ - ဒီတော့ စစ်အဆိုးရကကြေညာသလို (ကြေငြာမဟုတ်-ကြေညာတာဖြစ်သည်။) ၉၂ ရာခိုင်နှုန်းကျော် ပြည်သူက ထောက်ခံပါတဲ့ လူထုဆန္ဒခံယူပွဲကို စစ်စစ်ပေါက်ပေါက် တွက်ချက် လိုက်ရင် အဖြေက ဟောဒီလိုထွက်ပါတယ်။

အမှန်မဲမထည့်မနေရ ၀န်ထမ်းများ(မှီခိုများအပါအ၀င်)ထံမှ ကြိုတင်မဲ ၂၀ ရာခိုင်နှုန်း
အမှန်ခြစ်ရင် စစ်အစိုးရပြုတ်ကျမယ်ဆိုလို့ အမှန်ခြစ်လိုက်သူများ ၄၀ ရာခိုင်နှုန်း
ကာယကံရှင်ရဲ့ဆန္ဒမပါဘဲနဲ့ (ရယက)အပါအ၀င် တာဝန်ရှိသူတွေ ထည့်လိုက်တာက ၃၀ ရာခိုင်နှုန်း
ကိုယ့်ဆန္ဒအတိုင်း စိတ်ကြိုက်ထည့်ခွင့်ရသူက ၁၀ ရာခိုင်နှုန်း

ကိုင်း- ဒီတော့ ပြည်သူကို မည်သူလိမ်သနည်းဆိုတဲ့အဖြေက ရှင်းရှင်းလေးပါနော်။ သံသရာတစ်ပတ်လည်တဲ့အချိန်မှာ သမိုင်းက သက်သေခံပါလိမ့်မယ်။

The NEJ

Min Soe

Min Soe started to post on today