Thursday, January 28, 2021

ကရုဏာဖြင့် နေထိုင်ခြင်း

https://youtu.be/0RWFxe08cBg

#ဒေသနာဉာဏ်အလင်းရှင်သို့ ဦးညွှတ်ခြင်း

#ဒေသနာဉာဏ်အလင်းရှင်သို့ ဦးညွှတ်ခြင်း
========================
 ''ရဟန်းတို့၊ ရဟန်းမည်သည် ရာဓကဲ့သို့ ပြောဆိုဆုံးမလွယ်ကူသူ ဖြစ်ရမည်။ အပြစ်ကိုပြပြီး ဆုံးမလာသည့် အခါ အမျက်ဒေါသ မထွက်ရပေ။ အဆုံးအမပေးသူကို ရွှေအိုးကို ညွှန်ကြားသူကဲ့သို့ ဆည်းကပ်ရမည်'' 

 လောက၌ ပြောဆိုတတ်ကြသည့် စကားနှစ်ခွန်းသည် ဤမထေရ်မြတ်၏ အကြောင်းအရာအား ပိုမိုပြီးတော့ လင်းပွင့်စေခဲ့သည်ဟု ထင်မြင်မိပါသည်။ တစ်လုပ်စားဖူး သူ့ကျေးဇူးဆိုသည့်စကားနှင့် အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုသည့် စကားနှစ်ခွန်း ဖြစ်သည်။ မှန်ပါသည် လောကတွင် ကျေးဇူးတရားကို သိရန်လိုအပ်ပါသည်။ သိသည့်အားလျော်စွာလည်း ပြန်လည်ကျေးဇူးတုံ့ဆပ်ဖို့ လိုအပ်ပါသည်။ ထိုအပြင်လည်း အသက်အရွယ်ကြီးရင့် လာသော်လည်း မိမိ၏စိတ်ဓာတ်များ ယိုယွင်း မပျက်စီးလာရန် လိုအပ်ပါသည်။ အသက်ကြီးပေးမယ့် အသိကြီးကြီး စိတ်ဓာတ်ကြီးကြီးဖြင့် ဘ၀ကို ယိမ်းယိုင်မသွားရန် ပြုလုပ်ဖို့ လိုအပ်ပါသည်။ 

 လွန်ခဲ့သောကမ္ဘာတစ်သိန်းအထက် လောက၌ ပဒုမုတ္တရမြတ်စွာဘုရားရှင် ပွင့်တော်မူခဲ့သည်။ ထိုဘုရား ရှင်လက်ထက်တွင် ဟံသာ၀တီမင်းနေပြည်တော်၌ အရှင်ရာဓလောင်းလျာသည် အမျိုးသားကောင်းတစ်ယောက် ဖြစ်လာခဲ့သည်။ တစ်နေ့တွင် မြတ်ဗုဒ္ဓသည် ရဟန်းတစ်ပါးအား ဒေသနာဉာဏ်များ တိုးပွားလာအောင် စွမ်းဆောင်ရာ၌ အမြတ်ဆုံးဧတဒဂ်ရာထူးကို ပေးအပ်သည့်အခါ ထိုအမျိုးကောင်းသည် ဤရဟန်းကဲ့သို့ ပဋိဘာနေယျက= မြတ်စွာဘုရား၏ တရားဟောဆိုကြောင်း ဓမ္မဒေသနာ ပဋိဘာန်ဉာဏ်အသစ်သစ်ကို ဖြစ်စေသောအရာ၌ ဧတဒဂ်ရာ ထူးဆုကို ရရှိရန် ကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး ဆုပန်ခဲ့သူဖြစ်သည်။

 ဝိပဿီဘုရားရှင်လက်ထက်တွင်လည်း လူ့အဖြစ်သို့ ရရှိခဲ့ပြီး ဆွမ်းခြွံကလာသည့် ဝိပဿီဘုရားရှင်အား သရက်သီးမှည့်များကို လှူဒါန်းခွင့် ရရှိခဲ့သူဖြစ်သည်။  ထိုကုသိုလ်ကောင်းမှုများကြောင့် လူ့ပြည် နတ်ပြည်တို့၌ ဖြစ်ခဲ့ပြီး ဘ၀အဆက်ဆက်တွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့သူဖြစ်သည်။ 

 ဂေါတမဘုရားရှင်လက်ထက်တွင် ရာဇဂြိုဟ်ပြည်၌ ပုဏ္ဏားမျိုးတွင် မွေးဖွားလာခဲ့သည်။ နာမည်ကား ရာဓဟု အမည်ရသည်။ အရွယ်ရောက်သော် မိမိ၏ပုဏ္ဏားမျိုးမှ အမျိုးသမီးနှင့် အိမ်ထောင်ကျသည်။ အသက် အရွယ်ကြီးရင့်လာ၍ အလုပ်မလုပ်နိုင်တော့သည့်အချိန် အိမ်သူအိမ်သားများ၏ ငြိုငြင်မှုကို ခံလာရသည်။ သို့အတွက် လူပိုဖြစ်နေသည့် လူအိုကြီးအား အိမ်တွင် မထားချင်ကြတော့ပေ။ ချမ်းသာသည့်အမျိုးတွင် မွေးဖွားကြီးပြင်းလာခြင်း မဟုတ်သည်ကတစ်ကြောင်း၊ မိမိကိုယ်တိုင်သော်လည်း ချမ်းသာသည့် အိမ်ထောင်တစ်ခုကို ဖန်တီးပေးနိုင်ခြင်း မရှိသည်ကတကြောင်းကြောင့် သူ့အား မယားနှင့်တကွ သားသမီးတို့၏ ကြင်နာမှုကို မရရှိခဲ့ပေ။

 အသက်အရွယ်အားဖြင့်လည်း ကြီးရင့်လာပြီဖြစ်သည်။ အပြင်တွင်စာရင်းငှာလုပ်ရန်အတွက်လည်း အဆင် မပြေ။ သို့အတွက် ခိုကိုးရမဲ့အခြေအနေသို့ ရောက်ရှိသွားသည်။ မည်သူ့အား အားကိုး မည်နည်း။ အားကိုးရာအတွက် ရှာဖွေကြည့်သည် သို့သော် သူ့အားထောက်ပံ့ကျွေးမွေးမည့်သူ တစ်ယောက်မျှ မတွေ့။ သို့အတွက် နောက်ဆုံးထွက် ပေါက်အဖြစ် ဝေဠု၀န်ကျောင်းတော်ကြီးဆီသို့ ချီတက်ခဲ့သည်။ ထိုကျောင်းများတွင် သံဃော့၀ယျာ၀စ္စလုပ်လျက် ဆွမ်းကျန် ကွမ်းကျန်လေးများဖြင့် အသက်မွေးခဲ့သည်။ 

 ကျောင်းတိုက်ရှိ သံဃာတော်များထံသို့ တစ်ပါးစီ တစ်ပါးစီထံ ၀င်ထွက်သွားလာလျက် သူ့အား ရဟန်းပြု ပေးဖို့ တောင်းပန်ရှာသည်။ သို့သော် သူ့အား ရဟန်းပြုပေးမည့် ရဟန်းတစ်ပါးတလေမျှ မတွေ့။ ရဟန်းတော်များသည် အသက်အရွယ်အားဖြင့် ငယ်ရွယ်သူတို့ကိုသာ ရှင်ရဟန်းပြုပေးလိုကြသည်။ အဘယ့်ကြောင့်ဆိုသော် မိမိရှင်ရဟန်း ပြုပေးထားသည့် တပည့်၏ အပြစ်အပြစ်ကြီးတို့ကို အမြဲမပြတ် ကြည့်ရှုဆုံးမ ပေးရသည်။ ပြောဆိုသွန်သင်ပေးရသည်။ မိမိ၏ ဝေယျာ၀စ္စတို့ကိုလည်း ပြုလုပ်ပေးနိုင်သူတို့ကိုသာ ရွေးပြီး ရှင်ရဟန်း ပြုပေးတတ်ကြသည်။ ထိုကဲ့သို့သော အကြောင်းများကြောင့် ပုဏ္ဏားကြီးသည် စိတ်ဆင်းရဲမှုများ ပိုမိုဖြစ်ကာ အိုမင်းရင့်ရော်လာသည်။ ရုပ်ရည်အဆင်း မလှပခဲ့။  အရိုးပေါ်အရေတင် အကြောင်းပြိုင်းပြိုင်းထလျက် ရှုချင်စဖွယ်ပင် မရှိတော့ပေ။  

 အမှန်အားဖြင့် သူ့သည် နောက်ဆုံးပစ္ဆိမဘဝိက လူသားအဖြစ် မွေးဖွားလာသူဖြစ်သည်။ သို့အတွက် ပါရမီသမ္ဘာအရှိန်အားဖြင့်လည်း ရင့်သန်နေခဲ့သည်။ မိမိ၏ လက်ကျန်ရှိနေသေးသည့် အသက်တမ်းလေးကို သာသနာ တော်တွင်၀င်လျက် ကုန်ဆုံးလိုချင်စိတ် ဖြစ်လာခဲ့သည်။ သို့အတွက် သာသနာတော်သို့ ၀င်ရောက်ရန် စိတ်ဆန္ဒသည် အလွန်အမင်းပြင်းထန်နေခဲ့ခြင်းလည်း ဖြစ်သည်။ ယခုသော်ကား မိမိ၏အလိုဆန္ဒကို မည်သူတစ်ဦးတစ်ယောက်ကမျှ အကောင်အထည်ဖော်ပေးမည့်သူ မရှိပေ။ သို့အတွက် များစွာပင် စိတ်သောက ရောက်နေခြင်းပင် ဖြစ်သည်။

 တစ်ရက် မြတ်ဗုဒ္ဓသည် ဝေဠု၀န်ကျောင်းထဲတွင် လှည့်လည်သွားလာနေသည့် ထိုရာဓပုဏ္ဏားအိုကြီးအား တွေ့လိုက်ရသည်။ ထိုပုဏ္ဏားအိုကြီး၏ ရှေးရှေးသောဘ၀များက ပြုလုပ်ခဲ့ဖူးသော ကောင်းမှုများနှင့် ပြည့်စုံသူဖြစ် နေသည်ကို သိရသဖြင့် ရဟန်းများ စုဝေးစေသည်။ 

 ''ပုဏ္ဏားကြီး၊ သင့်ကို သားမယားတို့က ပြုစုလုပ်ကျွေး၏လော့''
 ''အို အရှင်ဂေါတ၊ ပြုစုလုပ်ကျွေးဖို့နေနေသာသာ အကျွန်ုပ်ကို သား,မယားတို့က အိမ်မှာမနေစေဘဲ အိမ်ကနေပင် နှင်ထုတ်လိုက်ကြပါသည်ဘုရား''
 ''ဒီလိုဆို ပုဏ္ဏားကြီး၊ ရဟန်းပြုရန် မသင့်လျော်ဘူးလော့''
 ''အိုအရှင်ဂေါတမ၊ ဘယ်သူက အကျွန်ုပ်ကို ရဟန်းပြုပေးလိမ့်မည်နည်း၊ အသက်ကြီးနေပြီဖြစ်တဲ့ အကျွန်ုပ် အား မည်သူကမျှ ရှင်ရဟန်းပြုပေးရန် မရှိပါချေ''

  မြတ်ဗုဒ္ဓသည် ရဟန်းများအား ထိုပုဏ္ဏားအိုကြီး၏ ပြုခဲ့ဖူးသော ကျေးဇူးတရားကို သိရှိသော ရဟန်းသည် သူ့အား ရဟန်းခံပေးရန် တိုက်တွန်းစကား ဆိုသည်။ ထိုစဉ် အရှင်သာရိပုတ္တရာသည် ပုဏ္ဏားကြီးအား မိမိရဟန်း ပြုပေးမည့်အကြောင်း လျှောက်ထားသည်။ ထိုပုဏ္ဏားကြီးသည် မိမိအား တစ်ခါက ဆွမ်းတစ်ဇွန်းမျှ လောင်းခဲ့ဖူးသည့် ကျေးဇူးရှိသူဖြစ်ကြောင်း လျှောက်ထားသည်။ မြတ်ဗုဒ္ဓသည် ဆွမ်းတစ်ဇွန်းမျှလောင်းခဲ့ဖူးသော ထိုကျေးဇူးကို သိသည့် အရှင်သာရိပုတ္တရာအား သာဓုခေါ်ပြီး ရဟန်းပြုပေးရန် မိန့်ကြားတော်မူသည်။
 
 လောက၌ရနိုင်ခဲသော ပုဂ္ဂိုလ်နှစ်ယောက်ရှိသည်။ ယင်းကား ကျေးဇူးတရားကို ကျေးဇူးရှိမှန်း သိသူသည် လည်း ရခဲသည်။ ထိုကျေးဇူးတရားကို ပြန်လည်ပြီးတော့ ဆပ်သူသည်လည်း ရခဲသည်။ မှန်ပါသည်။ လူသား တို့သည် မိမိအဆင်မပြေသည့်အခါ မိမိအား ကျေးဇူးပြုသူကို ရှာဖွေကြသည်။ တောင်းတကြသည်။ ကျေးဇူးပြု သူ၏ ကျေးဇူးပြုစဉ်အချိန်ကို ကြည်ကြည်နူးနူးကျေကျေနပ်နပ် လက်ခံတတ်ကြသည်။ သို့သော် မိမိကိုယ်တိုင် အဆင်ပြေ၍သော်လည်းကောင်း၊ ပြန်လည်ပြီးတော့ ကျေးဇူးဆပ်ရမည့်အချိန်ရောက်လျှင်သော်လည်းကောင်း မေ့နေ  တတ်သည်။ မသိချင်ဟန် ဆောင်နေတတ်သည်။ ပြန်လည်ပြီးတော့ ကျေးဇူးတုံ့အား ဆပ်ရန်လည်း မရှိတတ်ပေ။ ဤကား လောက၌ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဖြစ်နေခဲ့သည်။ သို့အတွက် ကျေးဇူးသိခြင်းနှင့် ပြန်လည်ပြီးတော့ ကျေးဇူးဆပ်ခြင်းကို ရခဲသောပုဂ္ဂိုလ်အဖြစ် မြတ်ဗုဒ္ဓဟောကြားတော်မူခြင်းဖြစ်သည်။ ယခု အရှင်သာရိပုတ္တရာ မထေရ်မြတ်သည်။ မိမိအား ဆွမ်းတစ်ဇွန်းလောင်းခြင်းဆိုသည့် ကျေးဇူးတရားကိုလည်း သိပါ၏။ ထိုကဲ့သို့ကျေးဇူး တရားကို သိသည့်အားလျော်စွာ ပြန်လည်ပြီးတော့ ကျေးဇူးဆပ်သည့်အနေဖြင့် ရဟန်းပြုပေးသည့်အတွက် လောက၌ ရခဲသောပုဂ္ဂိုလ် ထူးပုဂ္ဂိုလ်မြတ်ကြီး ဖြစ်ပေသည်။ မြန်မာစကားတွင်လည်း ပြောဆိုသုံးနှုံးကြသည့် စကား တစ်ခွန်း ရှိသည်။ တစ်လုပ်စားဖူး သူ့ကျေးဇူးဆိုသည့်စကား ဖြစ်သည်။ ထိုစကားသည် အရှင်သာရိပုတ္တရာ၏ ကျေးဇူး သိမှု/ဆပ်မှုမှ ဆင်းသက် လာသည့်စကားဖြစ်လိမ့်မည်ဟု ထင်မြင်မိသည်။ 

 ရာဓ၏ ရဟန်းခံခြင်းကိစ္စသည်လည်း သမိုင်း၀င်သည့်ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အရှင်သာရိပုတ္တရာသည် ရာဓအား ရဟန်းခံပေးရာ၌ မည်ကဲ့သို့ ရဟန်းခံပေးရမည်ကို မြတ်ဗုဒ္ဓအား မေးမြန်းလျှောက် ထားသည်။ ရာဓအား ရဟန်းမခံချိန်အထိ သာသနာတော်၌ ဧဟိဘိက္ခုခေါ်၍ ရဟန်းဖြစ်လာသူ၊ သြ၀ါဒခံယူခြင်းဖြင့် ရဟန်းဖြစ်လာသူ၊ သရဏဂုံဖြင့် ရဟန်းဖြစ်လာသူတို့သာ ရှိသည်။ အထူးအားဖြင့် သရဏဂုံ ခံယူကာ ရဟန်းခံမှုဖြင့် ရဟန်းအချင်းချင်း ရဟန်းပြုပေးမှုသာ ရှိသည်။ ထိုသို့ သရဏဂုံဖြင့် ရဟန်းခံပေးနေခြင်းအား သိပါလျက် အရှင် သာရိပုတ္တရာသည် မြတ်ဗုဒ္ဓအား မေးလျှောက်ထားခြင်းဖြစ်သည်။ မြတ်ဗုဒ္ဓသည် သရဏဂုံဖြင့် ရဟန်းခံပေးခြင်းကိစ္စကို ပယ်ဖျက်ကာ ဉတ္တိစတုတ္ထကမ္မ၀ါစာဖြင့်သာ ရဟန်းပြုပေးရန် မိန့်တော်မူလိုက်သည်။ ယခုခေတ် ရဟန်းတော်များ၏ သိမ်၀င်လျက် ရဟန်းခံခြင်းအမှုကို အရှင်ရာဓမှ စတင်လိုက်ခြင်းပင် ဖြစ်သည်။ သို့အတွက် အရှင်ရာဓသည် ပထမဦးဆုံး ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းပြုလာခဲ့သော ရဟန်းဖြစ်ကြောင်း သာသနာ့သမိုင်းတွင် မော်ကွန်းထိုးခံရသူ ဖြစ်သည်။ 

 ထို့နောက်  အရှင်သာရိပုတ္တရာမထေရ်မြတ်သည် မိမိရဟန်းခံပေးလိုက်သည့် ဦးဇင်းကြီးကို တောရွာလေး တစ်ရွာသို့ ခေါ်သွားခဲ့သည်။ ရွာလေးသည် ဆင်းရဲသည်။ ကျောင်းတွင်လည်း နေရာထိုင်ခင်းစသော အသုံးအဆောင် ပစ္စည်းများ မပြည့်စုံ။ နေရာထိုင်ခင်းမှအစ ဆွမ်းကွမ်းကိစ္စစသည်အားဖြင့် ခက်ခဲသည်။ မပြည့်စုံ။ သို့သော် အရှင်သာရိပုတ္တရာသည် မိမိကိုယ်တိုင်က လက်ျာတော်ရံအဂ္ဂသာ၀က ဖြစ်သည့်အားလျော်စွာလည်းကောင်း၊ ဝါအစဉ် အရလည်း ကြီးရင့်သူဖြစ်သည့်အတွက်လည်းကောင်း နေရာထိုင်ခင်း၊ ဆွမ်းကွမ်းကိစ္စတို့၌ ဦးစားမှုပေးမှု ခံရသည်။ သို့အတွက် အရှင်မြတ်အား ကောင်းသည့်နေရာထိုင်ခင်း၊ ဆွမ်းကွမ်းကိစ္စများကို ဦးစားပေးကြသည်။ အရှင်မြတ်သည် မိမိရရှိသည့် ထိုအခွင့်အရေးများကို ရဟန်းပြု၍ မကြာသေးသည့် တပည့်ဖြစ်သူ အရှင်ရာဓအား စွန့်ကြဲပေးကမ်းလျှက် ချီးမြှောက်တော်မူသည်။  မိမိကိုယ်တိုင်ကား ဆွမ်းခံ၍စားသည်။ အရှင်ရာဓသည် ဆွမ်းကွမ်းစသည်များ သပ္ပာယမျှတ လာသည်။ ထို့နောက် အရှင်သာရိပုတ္တရာ၏ ဆုံးမမှုကို နာယူလျက် ကမ္မဋ္ဌာန်းယူကာ  ရဟန်းတရားအားထုတ်ရာ မကြာခင် ရဟန္တာအဖြစ်သို့ ရောက်တော်မူသည်။ ထိုအခါ အရှင်သာရိပုတ္တရာမထေရ်မြတ်၏ အတိတ်ဘ၀တစ်ခု၌ ဆင်ဘ၀တွင် ဖြစ်ခဲ့စဉ်ကလည်း ယခုကဲ့သို့ ကျေးဇူးတရားကို သိသူဖြစ်ကြောင်း ပေါ်လွင်စေရန် အလီနစိတ္တ ဇာတ်တော်ကို ဟောတော်မူသည်။ ဤနေရာ၌ အရှင်ရာဓအကြောင်းကို ဦးစားပေးလို၍ မပြောလိုတော့ပေ။

 ထို့နောက် မြတ်ဗုဒ္ဓသည် အရှင်သာရိပုတ္တရာအား ထိုရာဓမထေရ်ကဲ့သို့ ပြောဆိုဆုံးမရသည့် တပည့်များ နောက်ထပ်ရခဲ့မည်ဆိုလျှင် မည်မျှလောက်လိုချင်သနည်းဆိုပြီး မေးမြန်းတော်မူခဲ့သည်။ အရှင်သာရိပုတ္တရာသည် များစွာလိုချင်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်။ ထိုရာဓမထေရ်အား သက်သေတည်၍ မြတ်ဗုဒ္ဓသည် ရဟန်းတော်များကို တရားဟောတော်မူခဲ့သည်။

 ''ရဟန်းတို့၊ ရဟန်းမည်သည် ရာဓကဲ့သို့ ပြောဆိုဆုံးမလွယ်ကူသူ ဖြစ်ရမည်။ အပြစ်ကိုပြပြီး ဆုံးမလာသည့် အခါ အမျက်ဒေါသ မထွက်ရပေ။ အဆုံးအမပေးသူကို ရွှေအိုးကို ညွှန်ကြားသူကဲ့သို့ ဆည်းကပ်ရမည်။ ထိုသို့သဘော ရှိသည့် ပညာရှိကို ဆည်းကပ်သောသူအား အထူးသဖြင့် မွန်မြတ်ပေ၏''

 မြတ်ဗုဒ္ဓသည် ဝေနေယဇ္စျာသယ၊ ပုဂ္ဂလဇ္စျာသယအားလျော်စွာ တရားဓမ္မတို့ကို ဟောတော်မူရသည်။ သတ္တဝါ တို့၏ အမေးအားလျော်စွာ ဖြေဆိုဟောကြားရသည်များလည်း ရှိပေသည်။ နေရာအလိုက်၊ ဒေသအလိုက်၊ သတ္တဝါအလိုက် ဟောရခြင်း ဖြစ်သည်။ ထိုသို့ဟောကြားခဲ့ရာ၌ အရှင်ရာဓမထေရ်နှင့် ဆက်စပ်၍ ဟောတော်မူရသော ဒေသနာများစွာ ရှိသည်။ အရှင်မြတ်သည် မြတ်ဗုဒ္ဓအား ဒေသနာဉာဏ် ထင်လင်းအောင်၊ ထူးခြားအောင်၊ တိုးပွားလာအောင်၊ ဆန်း ဆန်းကြယ်ကြယ်ဖြစ်လာအောင် စွမ်းဆောင်သည့် ရဟန်းတော်တစ်ပါး ဖြစ်လာခဲ့သည်။ ထိုအရှင်မြတ် နှင့်ပတ်သက်၍ ခန္ဓ၀ဂ္ဂသံယုတ်၊ ရာဓသံယုတ်တွင် ၀ဂ်လေးခုအနေဖြင့် သုတ်ပေါင်း (၄၆)သုတ်အထိ ဟောကြားတော်မူထားသည်ကို လေ့လာ တွေ့ရှိရသည်။ ထိုသုတ်များကို လေ့လာကြည့်ပါက အရှင်ရာဓသည် မြတ်ဗုဒ္ဓအား လေးနက်သည့် တရား တော်များကို မေးမြန်းလျှောက်ထားသည်ကို တွေ့ရသည်။

 ထိုမေးလျှောက်မှုအားလျော်စွာ ပြန်လည်ဖြေကြားဟောတော် မူသော မြတ်ဗုဒ္ဓ၏ ဒေသနာဉာဏ်သည်လည်း တဆင့်ပြီးတဆင့် တိုးပွားလာခဲ့ရသည်။ ဆန်းကြယ်လှသော တရား သဘောများအဖြစ် ဒေသနာဉာဏ်တော်အား ပွင့်လင်းစေခဲ့သည်။ 

 ထို့ကြောင့် နောင်တစ်ချိန်တွင် ပရိသတ်လေးပါး အလယ်၌ သာသနာတော်၌ အသက်ကြီးမှရဟန်းပြုလာသည့် အရှင်ရာဓမထေရ်အား ''ရဟန်းတို့ ငါဘုရားအား ဒေသနာဉာဏ်အလင်း လင်းပွင့်စေသည့်အရာ တဆင့်ပြီတဆင့် တိုးပွားလာအောင်စွမ်းဆောင်ပေးသည့်ရဟန်းတော်တို့တွင် ရာဓရဟန်းသည် အသာလွန်ဆုံး၊ အမြတ်ဆုံး ဖြစ်ပေ၏''ဟု ဧတဒဂ်ဘွဲ့ထူး ချီးမြှင်အပ်နှင်းတော်မူလေသည်။ အရှင်ရာဓ ဟောကြားတော်မူအပ်သည့် ထင်ရှားသည့် တရားတော်တစ်ပုဒ် ရှိသည်။ ကမ္မဋ္ဌာန်းတရားကို ရှုမှတ်ပွားများနေသည့် ယောဂီများအတွက် ဂုဏ်ကျေးဇူးကို ထုတ်ဖော်ဟောကြားထားသည့် တရားဒေသနာ ဖြစ်သည်။

 ''ကောင်းမွန်စွာ အမိုးအကာ ပြုလုပ်မထားသည့် အိမ်ကို မိုးရေမိုးပေါက်များ ထိုးဖောက်၀င်ရောက်လာသကဲ့သို့ ကမ္မဋ္ဌာန်းဘာ၀နာ မပွားများထားသော စိတ်ကိုလည်း ရာဂစသည့် ကိလေသာ မိုးရေမိုးပေါက်များ အလွယ်တကူ ၀င်ရောက်နိုင်ပေ၏''

 ''ကောင်းမွန်စွာ အမိုးအကာ ပြုလုပ်ထားသည့်အိမ်ကို မိုးရေမိုးပေါက်များ ထိုးဖောက်၀င်ရောက်ခြင်းငှာ မစွမ်းနိုင်သလို၊ ကမ္မဋ္ဌာန်း ဘာ၀နာအလုပ်ကို ကောင်းစွာပွားများ အားထုတ်ထားသူ၏ စိတ်ကို ကိလေသာ မိုးရေမိုးပေါက် များ အလွယ်တကူ ၀င်ရောက် မလာနိုင်ပေ''

 အသက်ကြီးသော်လည်း မပျက်စီးသော ပုဂ္ဂိုလ်များထဲတွင် အရှင်ရာဓမထေရ်သည်လည်း ပါ၀င်ပါသည်။ မပျက်စီးသည့်အပြင် အခြားသူများ ပျက်စီးနေသည့် စိတ်ဓာတ်များကိုလည်း ပြုပြင်မွမ်းမံတော်မူနိုင်ခဲ့သည်။ မြတ်ဗုဒ္ဓ ဒေသနာဉာဏ်အလင်းကို လင်းပွင့်စေခဲ့သူပင် ဖြစ်သည်။ သို့အတွက် ''ပဋိဘာနေယျက''အရာ၌ ဧတဒဂ်ဘွဲ့ထူး ရရှိတော်မူခဲ့သည့် အရှင်ရာဓမထေရ်မြတ်အား ဦးညွတ်လိုက်ရပါသည်။ 

မောင်မင်းစိုး


လက်ညှိုးပန်းသို့ ဦးညွတ်ခြင်း
====================


    ''ရဟန်း...ရပ်...ရပ်။
    ငါက ရပ်နေတယ်။ သင်ကသာ ရပ်ပါ''

    မြတ်ဗုဒ္ဓသည် သာ၀တ္ထိပြည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်။ ပသေနဒိကောလသမင်း၏ တိုင်းပြည်သည်  မငြိမ်းချမ်း။ စိုးရိမ်ကြောင့်ကြမှုဖြင့် အသက်ရှင်နေကြရသည်။ အကြောင်းကား နာမည်ကျော် သူခိုးလူဆိုးဗိုလ်၏ ရန်ကြောင့် ဖြစ်သည်။ သူနာမည်ကား အဟိံသက။ မညှင်းဆဲသူ။ မသတ်ဖြတ်သူဟု အဓိပ္ပာယ်ရသည်။ သူ့ကို မွေး စဉ်ကတည်းက နိမိတ်ပြအဖြစ် လက်နက်တွေ အရောင်တလက်လက် လင်းလက်သည်။ တစ်ကိုယ်တော်သူခိုးအဖြစ် ရှင်သန်ဖို့အရေးအကောင်အထည်မဖော်ခင် အစောပိုင်းကတည်းက သုတ်သင်ရှင်းလင်းလို့ ရသည်။ သို့သော် မရှင်းခဲ့ကြ။ နှမ်းတစ်စေ့ဖြင့် ဆီဖြစ်လာမှာမဟုတ်ဟူသော အတွေးဖြင့် အသာတကြည်ပင် အသက်ရှင်ခွင့်ပေးခဲ့သည်။

    အသက်အရွယ်ရောက်လာသည့်အချိန် တက္ကသီလာသို့ ပညာတော်သင်ခွင့်ရသည်။ အဟိံသကသည် လူလိမ်မာ ဖြစ်သည်။ တရားသဖြင့် ဆရာထံ ချည်းကပ်သည်။ ကပ်ဖားရပ်ဖားမျိုး မလုပ်။ လုပ်ကျွေးသည်။ ဉာဏ်ပညာ ထက်သည်။ တော်သည်။ အလိုက်သိသည်။ အလိုက်သိလျှင် ချစ်စရာကောင်းသည်ဆိုသည့်အတိုင်း ဆရာသမား၏ အခွင့်အရေးပေးမှုကို ခံရသည်။ သို့သော် လူသားများသည် ကိုယ့်ထက်သာ မနာလိုချင်ကြ။ ကိုယ့်ထက်အစွမ်းအစ ရှိသူကို လက်ခုပ်တီး၍ အားမပေးချင်။ မည်သို့နှိပ်ကွက်ရမည်ဆိုတာကို တွေးကြသည်။ တွေးကြသည့်အတိုင်း အကောင် အထည်ဖော်တတ်ကြသည်။

    မလိုနာမှုအားကြီးသည့်အတိုင်း ဆရာဖြစ်သူအား ကုန်းချောစကားဆိုကြသည်။ မယုံမကြည်ဖြစ်မည်ကို သိ၍ အစုသုံးစု ခွဲလိုက်သည်။ တစ်စုပြီးတစ်စု ကုန်းချောစကားဆိုသည်။ ပထမတော့ မယုံကြည်။ သို့သော်  တစ်စုပြီးတစ်စု ပြောသည့်အခါ စိတ်ယိုင်သွားသည်။ ယိုင်ချင်စရာလည်း ကောင်းအောင် လိမ်ညာမှုကို ပီပြင်အောင် ဖန်တီးလိုက်ခြင်းပင်။ ဆရာ့ကတော်နှင့် အဟိံသကတို့ ဖောက်ပြန်သည့်အကြောင်းဖြင့် စွပ်စွဲလျက် လုပ်ဇာတ်ခင်းလိုက်ခြင်းဖြစ်သည်။ သို့အတွက် ဆရာသည် စိတ်ယိုင်သွားသည်။ တွေေ၀သွား၏။ သို့အတွက် မိမိအနားတွင် တပည့်ဖြစ်သူ အဟိံသကကို မထားချင်တော့။ ဒီအတိုင်း သတ်ပစ်လိုက်လျှင်လည်း တပည့်ဖြစ်သူအား အမျက်ဒေါသဖြင့် သတ်ဖြတ်လိုက်သည်ဆို သည့်သတင်း ထွက်သွားမည်ဆိုလျှင် နောက်ထပ်လာမည့် တပည့်များအား ရနိုင်တော့ မည်မဟုတ်။ သို့အတွက် အဟိံသက အသက်ရှင်သန်မှု မရှိတော့အရေးကို နည်းလမ်းကြံဆရတော့သည်။

    လူတို့၏ စိတ်ဓာတ်များသည် ယုတ်ညံ့ပြီဆိုလျှင် အသိဉာဏ်မရှိသည့် တိရစ္ဆာန်များထက် သာသည်။ အထူး သဖြင့် ကိုယ့်ထက်သာ မလိုနာခြင်းကြောင့်ဖြစ်သည့် မစ္ဆရိယစိတ်သည် ကြောက်စရာကောင်းလွန်းသည်။ လုပ်ကြံမှု များဖြင့် ကိုယ့်ဘ၀ရပ်တည်ရေးအတွက် ကိုယ်ကျင့်သိက္ခာကို စတေးပစ်လိုက်ကြသည်။ အင်မတန်ပင် ကြောက်မက် ဖွယ်ကောင်းလှချေသည်။ ဆရာသည် အြွကင်းမဲ့ ယုံကြည်မှုအား လက်ခံလိုက်သည်။ မိမိ၏အညှာကို သိသည့် တပည့်များ၏ လိမ်ညာမှုအောက်တွင် အသိဉာဏ်ကို နှလုံးသားအရေးအတွက် ထိုးကျွေးပစ်လိုက်သည်။ ခံစားမှုကို ရှေ့တန်းတင်လိုက်ပြီးသည့်နောက် မလုပ်သင့်သည်များကို လက်ရဲဇက်ရဲ လုပ်ပစ်သည်။ ယင်းသည် နေရာတိုင်းတွင် ရှိတတ်ပေသည်။

    အတတ်ပညာ၏ အဆုံးသို့ရောက်ရန်၊ ဆုံးခန်းတိုင်အောင် တတ်စေရန်အတွက် ပညာလိုချင်သူအား ပညာဖြင့် မျှားသည်။ သို့သော် ယုတ်မာမှုဖြင့် ဖြားယောင်းမှုကို အဟိံသက မသိ။ သူ့အား လူပေါင်းများစွာ၏ အသက်ကို သတ်၍ လက်ညှိုးပေါင်းတစ်ထောင်ဖြတ်၍ ယူခဲ့ရန် ပြောသည်။ ငြင်းဆန်သည်။ မရ။ မိမိ၏ အမည်နှင့်ဂုဏ်ဒြဗ် လိုက်ဖက်အောင် သူတစ်ပါးအသက်သတ်ဖြတ်မှုကို မပြုလိုကြောင်း ငြင်းသည်။ အတတ်ပညာ၏ ဆုံးခန်းသည် သူတစ်ပါးတို့၏ အသက်ပေါ်မူတည်၍ သတ်ဖြတ်ရန်ကိုသာ ဆရာက တိုက်တွန်းသည်။ သို့ဖြင့် လက်နက်များယူ ဆောင်လျက် တောအုပ်တစ်ခုဆီသို့ အဟိံသက ထွက်လာခဲ့သည်။

    လူတွေကို သတ်သည်။ လက်တွေကို ဖြတ်သည်။ အမှတ်မထားမိ။ စုပုံထားသည့် လက်ချောင်းလေးများသည်  တိရစ္ဆာန်များ၏ ထိုးချီကိုက်ခဲမှုကြောင့် ပျောက်ပျက်သွားရသည်။ သို့ဖြင့် လူတစ်ယောက်ကို သတ်သည်။ လက်ကို ဖြတ်သည်။ ထိုဖြတ်တောက်လိုက်သည့် လက်ချောင်းလေးအား ပျောက်ပျက်သွားမည်စိုး၍ အပေါက်ဖောက်လျက် လည်ပင်းတွင် ချိပ်ဆွဲထားလိုက်သည်။ ထိုအချိန်မှစ၍ အဟိံသကဆိုသည့် မူလနာမည် ပျောက်သွားသည်။ အင်္ဂု လိမာလ=လက်ညှိုးတွေကို ပန်းကဲ့သို့ သီကုံးလျက် ဆင်မြန်းထားသူဆိုသည့် နာမည်ရရှိလာခဲ့သည်။ သူသည် တောတွင် သတ်စရာ လူမရှိသည့်အတွက် ရွာတွေအထိ ဆင်းသည်။ နိဂုံးတွေအထိ ဆင်းသည်။  ညဘက်တွင် အိပ်ကောင်းခြင်းဖြင့် မအိပ်ကြရ။ အင်္ဂုလိမာလ၏ ရန်ကို စိုးရိမ်နေကြရသည်။ အင်အားများသည့်နေရာ မြို့ပြကြီးဆီသို့ ပြောင်းရွေ့နေကြရသည်။ ရွာတွေ၊ နိဂုံးတွေ ကင်းဆိတ်လာခဲ့ရသည်အထိ ဖြစ်လာခဲ့သည်။

    ပြည်တင်းလာခဲ့သည်။ မင်းလည်း မခံနိုင်တော့ပေ။ နန်းတော်တွင် စုရုံးလျက် အော်ဟစ်ကာ ဆန္ဒပြတောင်း ဆိုလာကြသည်။ ''အင်္ဂုလိမာလ ရှင်းလင်းပေးရေး'' ကြွေးကြော်သံဖြစ်သည်။ သို့အတွက် ကောသလဘုရင်သည် ကိုယ်တိုင်ပင် အင်္ဂုလိမာလအား ရှင်းလင်းပေးရန် ထွက်ခွါလာရသည်အထိ ဖြစ်သည်။ တစ်ပါတီအာဏာရှင်စံနစ်ဖြင့် အုပ်ချုပ်သည့် ဘုရင်များသည်လည်း လူထုညီညာလျှင် ဖြုတ်ချပစ်နိုင်စွမ်းရှိသည်ကို ရှေးပေ၀သဏီကတည်းကပင် ရှိခဲ့သည်။ ပြည်သူ မကြိုက်လျှင် လမ်းပေါ်ထွက်ကြမည်။ လျစ်လျူရှုထား၍ မရ။ ယင်းသည် ပြည်သူ၏ အင်အားနှင့် ညီညွတ်မှု ပြယုဂ်ဖြစ်သည်။

    အင်္ဂုလိမာလ၏ လည်ပင်းတွင် ချိပ်ဆွဲထားသည့် လက်ညှိုးပန်းတို့သည် တစ်ထောင်ပြည့်ရန်အတွက် တစ် ချောင်းသာ လိုတော့သည်။ သို့အတွက် မည်သူ့ကိုမျှ အသက်ရှင်ချမ်းသာခွင့် ပေးမည်မဟုတ်။ မိဘအားသော်လည်း ကောင်း၊ ရဟန်း ပုဏ္ဏားအားသော်လည်းကောင်း အသက်ရှင်ခွင့်ပေးမည်မဟုတ်။ တွေ့သည်လူသည် သူ၏အင်အားကြီး သည့်၊ အားအစွမ်းဖြင့်ပြည့်သည့် ရမ်းကားပုတ်ခတ်မှုအောက်မှ ရုန်းထွက်ရန် မလွယ်ကူလှ။ လူပေါင်းများစွာ အစုအဖွဲ့ဖြင့် သွားကြသော်လည်း သူရှိသည့်တောအုပ်မှ ကျော်ဖြတ်နိုင်သူဟူ၍ မရှိသလောက်ပင်။

    တစ်နေ့ မြတ်ဗုဒ္ဓသည် ထိုနေရာသို့ကြွသွားသည်။ အင်္ဂုလိမာလ၏အမေသည်လည်း ထိုတောအုပ်သို့ တစ်ကိုယ် တော် ချီတက်သည်။ အင်္ဂုလိမာလသည်ကား မည်သူ့ကို အလွတ်ပေးမည်မဟုတ်။ တွေ့သမျှလူသည် သူ၏သတ်ဖြတ်မှုကို ခံရပြီး လက်စွဲတော်သန်လျက်ဖြင့် လက်ညှိုးဖြတ်ခံရမည်ဖြစ်သည်။ မြတ်ဗုဒ္ဓသည် ထိုတောအုပ်သို့ တစ်ပါးတည်း ၀င်ခဲ့သည်။ နွားကျောင်းသားများက တားသည်။ သို့သော် မရ။  အင်္ဂုလိမာလသည် အံ့သြသွားသည်။ သူနေသည့် တောအုပ်တွင် တစ်ယောက်တည်းလာဖို့ဆိုသည်မှာ နည်းသည့်သတ္တိမဟုတ်ဟု တွေးသည်။ ထို့နောက် မြတ်ဗုဒ္ဓ၏ ဖန်ဆင်းထားသည့် ဟင်းလင်းပြင်တွင် ရင်ဆိုင်တွေ့ကြသည်။ အင်္ဂုလိမာလသည် မောပန်းကြီးစွာဖြင့် မြတ်ဗုဒ္ဓအား သတ်ဖြတ်ရန် လိုက်သည်။ ချွေးများ အဆမတန် ထွက်လာသည်။ အာခေါင်မှ တံတွေးခန်းခြောက်လာသည်။ ပင်ပန်းမှု အားကြီးစွာဖြင့် မတတ်နိုင်သည့်အဆုံး အော်ပြောလိုက်သည်။

    ''ရဟန်း၊ ရပ် ရပ်။
    အင်္ဂုလိမာ၊ ငါက ရပ်နေတယ်။ သင်ကသာ မရပ်ဘဲ ပြေးနေတယ်'' ဒီစကားတော်သည် လိမ်ညာပြီးပြော သည့်စကား ဖြစ်တန်ရာသည် မဟုတ်။ မြင်နေရသည်ကား ထိုသို့မဟုတ်။ သို့အတွက် ထိုစကားလုံးတွင် အင်္ဂုလိမာလ၏ စိတ်သည် တန့်သွားသည်။ အကျိုးကြောင်း သိလိုသည်။ မေးလိုသည်။ မှန်ပါသည်။ အင်္ဂုလိမာလသည် ဒေါသအမျက်ဖြင့် ပြေးသွားနေခဲ့သည်။ ထိုဒေါသအမျက်သည် ဤဘ၀တွင်မဟုတ် သံသရာအထိ ပြေးသွားရခြင်း၏ အကြောင်း ပင်ဖြစ်သည်။ မြတ်ဗုဒ္ဓသည် အမျက်ဒေါသများကို သတ်ဖြတ်ထားသူဖြစ်သည်။ ကရုဏာရှင်ဖြစ်သည်။ မေတ္တာ ရှင်ဖြစ်သည်။ သည်းခံနိုင်သူဖြစ်သည်။ သတ္တ၀ါတို့အား မည်သည့်အကြောင်းကြောင့်မျှ ညှင်းပန်းခြင်း နှိပ်စက်ခြင်း မရှိ။ သို့အတွက် ဤဘ၀သည် နောက်ဆုံးဘ၀ပင်ဖြစ်သည်။ ရပ်နေသူပင်ဖြစ်သည်။ အင်္ဂုလိမာလသည် ကြီးမားသည့် သေံ၀ဂဉာဏ်ကို ရရှိလိုက်သည်။ ရဟန်းပြုသည်။ မြတ်ဗုဒ္ဓနှင့်အတူ သာ၀တ္ထိပြည် ဇေတ၀န်ကျောင်းတော်သို့ ပါသွား ခဲ့သည်။ သူအား မြင်ရသည့်လူသားများသည် ကြောက်လန့်ကြသည်။ ထွက်ပြေးကြသည်။

    အင်္ဂုလိမာသည် အမိုက် တကာတို့၏ ထိပ်ခေါင် သူခိုးဓားပြဗိုလ်အား ရဟန်းပြုပေးသည်ဆိုသည် ကဲ့ရဲ့ဒဏ် ကြောင့် သူခိုးဓားပြ ဗိုလ်တို့အား ရဟန်းမပြုပေးရ။ ပြုပေးလျှင် ဒုက္ကဋ်အာပတ်သင့်စေဆိုပြီး ၀ိနည်းပညတ်ချက်ထားခဲ့ ရသည် အထိပင် ဖြစ်သည်။ ကောသလမင်း၏ အသဒိသဒါနအလှူတွင် ဆင်ဆိုးအား အင်္ဂုလိမာလမထေရ်ထံတွင် ထားရသည်အထိ တိရစ္ဆာန်များပင် ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်ခဲ့ရသူပင် ဖြစ်သည်။ 

    ကံတရား၏ အတုံ့အလှည့်သည်ကား ဆန်းကြယ်သည်။ ကင်းလွတ်ခွင့် မပေး။ နောက်ဆုံးပစ္ဆိဘ၀ိကသမားပင် ဖြစ်လင့်ကစား ဒိဋ္ဌဓမ္မေ၀ဒနိယကံအဖြစ် ခံစားရမည် ဖြစ်သည်။ ဆွမ်းခံထွက်သည်။ ဆွမ်းလောင်းမည့်သူ မရှိ။ အစားအစာအတွက် ရှင်သန်မှု ခက်ခဲသည်။ သူ့ကို မြင်သော်လည်း ရဟန်းအသွင်ဖြင့်ဖြစ်သော်လည်း ကြောက်ရွံ့ကြသည်။ ထိုထိုပစ္စည်းကိရိယာများဖြင့် တစ်စုံတစ်ခုသို့ ပစ်လွှတ်လိုက်သော လက်နက်ခဲယမ်းများသည် အင်္ဂုလိမာလ၏ ဦးခေါင်းသို့ ထိမှန်သည်။ သို့အတွက် နေ့စဉ်နှင့်အမျှ သူ့ဘ၀သည် သွေးစိမ်းရှင်ရှင် ပမ်းထွက်နေသည်။ သင်္ကန်းသွေးစွန်းသည့် နေ့ရက်များကိုသာ ပိုင်ဆိုင်ထားရသူ ဖြစ်သည်။ ယင်းကား သူလုပ်သည့်ကံအားလျော်စွာ ပြန်လည် လက်ခံရခြင်းပင်ဖြစ် သည်။

    သံသရာကျင်လည်ရာတွင် သူ့ဘ၀၏ ဖြစ်စဉ်တို့အား လေ့လာကြည့်လျှင်လည်း ရက်စက်ကြမ်းကြုတ် သူတစ်ယောက် အဖြစ် ရှင်သန်ခဲ့ရသည်ကား များသည်။ မဟာသုတသောမဇာတ်တွင် လူသားစား ပေါရိသာဒအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ သုတနုဇာတ်တွင်လည်း လူသားစားဘီလူးအဖြစ် ရှင်သန်ခဲ့ရသည်။ ပဉ္စာဝုဓ ဇာတ်တော်တွင်လည်း လူသားစားဘီလူးအဖြစ် ရပ်တည်ခဲ့သည်။ ဘဂ္ဂဇာတ်တွင်လည်း လူသားစားဘီလူးအဖြစ် ရှင်သန်ခဲ့ရသည်။ သို့အတွက် သူ့ဘ၀သည် ကြမ်းတမ်းခက်ထန်သူအဖြစ် ရှင်သန်ခဲ့ရသည်သာ ဖြစ်သည်။ 

    မထေရ်မြတ်သည် တစ်ရက် ဆွမ်းခြွံကသည်။ သားမဖွားနိုင်သည့် မိန်းကလေးတစ်ယောက်၏ ငြီးငြူးသံကို ကြားရသည်။ ရဟန်းဆိုသည့်အသွင်အပြင်ဖြင့် ဓမ္မရေစီးသံကြောင့် နှလုံးသားသည် အလိုလို နူးညံ့သွားသည်။ သိမ်မွေ့သွားသည်။ သို့အတွက် ထိုအမျိုးအား ကူညီလိုသည့် ကရုဏာစိတ် ဖြစ်ပေါ်လာသည်။ သို့အတွက် မြတ်ဗုဒ္ဓအား လျှောက်ထားသည်။  မြတ်ဗုဒ္ဓသည် ''ယတောဟံ ဘဂိနိ (အရိယာယ) ဇာတိယာ ဇာတော''စသော သစ္စာပြုပုံကို သင်ကြားပေးလိုက်သည်။ ထိုသစ္စာစကားဖြင့် သစ္စာပြုဆုတောင်းလိုက်သည်နှင့် မိခင်နှင့်ကလေးပါ လွယ်ကူစွာဖွားမြင် သွားသည်။ ထိုနေရာသည် ကမ္ဘာတည်သမျှ ကပ္ပဋ္ဌိတိ အရပ်အဖြစ် တည်ရှိနေမည့် နေရာဖြစ်သည်။ အရှင်မြတ်၏ မေတ္တာဓာတ်၊ ကရုဏာဓာတ်၊ သစ္စာဓာတ်များသည် ကမ္ဘာတည်နေသမျှ တည်ရှိလျက် အကျိုးသက်ရောက်မှုရှိနေမည့် အရပ်ဌာနဖြစ်ပေသည်။

    ကြမ်းတမ်းသောဘ၀သည် အဆုံးသတ်ခဲ့ပေပြီ။ ငြိမ်းချမ်းမှု သန္တိသုခမြို့တော်သို့ ကြွလှမ်းတော်မူသွားပေပြီ။ ထိုအရှင်၏ ကြမ်းတမ်းသော ဘ၀မှ နူးညံ့သောဘ၀သို့ ချိန်းပစ်လိုက်ခြင်းဖြင့် သတ္တ၀ါများအပေါ်ထားရှိသည့် မေတ္တာ, ကရုဏာ,သစ္စာတရားတို့သည် ပြောင်မြောက်လှသည်။ အတုယူ သင့်လှသည်။ သို့အတွက် လက်ညှိုးပန်းပိုင်ရှင် မထေရ်အား ညီးညွတ်လိုက်ရပေသည်။

မောင်မင်းစိုး