Sunday, April 24, 2011

မြင့်မြတ်သူတို့၏လမ်းကြောင်း


'တောင်ထိပ်မှာ ရှိတဲ့သူက တောင်အောက်မှာ ရှိတဲ့လူကို (ကြည့်ရှု) မြင်ရသလို၊ အပ္ပမာဒတရားဖြင့် ပမာဒတရားကို ပယ်ပြီးတဲ့ ရဟန္တာ ပညာရှိဟာ ပုထုဇဉ်မိုက်တို့ကို (ကြည့်ရှု) မြင်ရတယ်'' (ဗုဒ္ဓ) အချိန်နှင့်တပြေးညီ အိုင်တီပညာများ တိုးတက်မှုနှင့်အတူ ကမ္ဘာ့မျက်နှာပြင်များ ကျဉ်းလာခဲ့သည်။ လုံးဝိုင်းခဲ့သော ကမ္ဘာကြီးသည် အပြားအဖြစ်သို့ ရောက်ခဲ့ကာ ကျုံ့ဝင်လာခဲ့သည်။ ကမ္ဘာပြားပြီဟုြေ<ွကးကြော်သံများသည်လည်း ဆူညံလာခဲ့သည်။ မှန်သည် ကမ္ဘာကြီးသည် နယ်မြေကျဉ်းမြောင်းလာသည်၊ ကျုံ့ဝင်လာခဲ့သည်။ အပြားဖြစ်လာခဲ့သည်။ သို့သော် အမှန်တကယ် ကျဉ်းမြောင်း၊ ကျုံ့ဝင်၊ ပြားလာခဲ့သည်ကား မဟုတ်။ အင်တာနယ်အဖြစ် အင်တာနက်ဟူသော ပိုက်ကွန်ဖြင့် ခြုံလွှမ်းကာ ကျဉ်းမြောင်း၊ ကျုံ့ဝင်၊ ပြားလာခဲ့ခြင်းဖြစ်သည်။ သို့အတွက် မိုင်းပေါင်းများစွာ ကွာဝေးသော ပဋိပက္ခမျိုးစုံ၊ အားကစားမျိုးစုံ၊ သတင်းမျိုးစုံ၊ စစ်ပွဲမျိုးစုံ၊ အကြမ်းဖက်မှုမျိုးစုံ၊ ကိစ္စမျိုးစုံများသည် တခဏချင်းမှာပင် သိနိုင်၊ မြင်နိုင်၊ ကြားနိုင်နေတော့သည်။ သို့အတွက် လမ်းကြောင်းမျိုးစုံပေါ်သို့ ဖြတ်သန်းနေသော အလွှာအသီးသီးမှ လူသားများ၏ သတင်းအစအနများ၊ လုပ်ကိုင်ဆောင် ရွက်ချက်များ၊ လမ်းကြောင်းများ၊ စရိုက်လက္ခဏာများသည် မတူကွဲပြားဘဲ ဘဝမျိုးစုံ ကကြိုးဆင်လျက် လူမိုက်များ၏ လမ်းကြောင်းများ၊ သူတော်ကောင်းများ၏ လမ်းကြောင်းအဖြစ် မီဒီယာများမှတဆင့် မြင်နေရ၊ ကြားနေရ၊ သိနေရပေသည်။ စစ်မှန်သော လမ်းကြောင်းပေါ်သို့ ဖြတ်သန်းနေသော လူသားများ၏ ခြေရာများ၊ ရွဲ့စောင်းနေသော လမ်းမှားပေါ်သို့ လျှောက်လှမ်းနေသော ခြေရာများသည်လည်း တုန်ခါမှုများဖြင့် အချိန်နှင့်တပြေးညီ ဖန်သားပြင်အသီးသီးပေါ်သို့ ထင်ပေါ်လာနေခဲ့သည်။ အတုယူရမည့် လမ်းကြောင်းများ၊ လိုက်လျှောက်ရမည့်လမ်းကြောင်း၊ ကွင်းရှောင်သွားရမည့် လမ်းကြောင်းသည်လည်း တစ်လမ်းပြီး တစ်လမ်း၊ တစ်ကြောင်းပြီး တစ်ကြောင်း ပေါ်ထွက်နေခဲ့သည်။ လမ်းမှန်သို့ ဦးတည်နိုင်ဖို့၊ လမ်းမှားကို ရှောင်ကွင်းနိုင်ဖို့ အရိပ်တကြည့်ကြည့်နှင့် အသိပညာမျက်စေ့ဖြင့် အချိန်နှင့်တပြေးညီ ကြည့်နေဖို့၊ သတိရှိနေဖို့လိုသည်။ သို့မှသာ အိုင်တီခေတ်ကြီးထဲမှာ မျက်စေ့လည် လမ်းမှားမှုကို ရှောင်ကွင်းသွားနိုင်ပေလိမ့်မည်။ ပိပ္ပလိသည် နှမသဖွယ် ဇနီးသည် ဘဒ္ဒါကာပိလာနီနှင့် ကြောခိုင်းကာ ရာဇဂြိုဟ်သို့ ဦးတည်လျက် လျှောက်လာနေခဲ့သည်။ သို့သော်၊ သူ၏ လာခြင်းကား ကောင်းသော လာခြင်းပင်ဖြစ်သည်။ မြင့်မြတ်သောသူ၏ လမ်းကြောင်းသည်ကား အဓိပ္ပါယ်များစွာနှင့် ပြည့်နေခဲ့သည်။ ဥပဓိကောင်းသော သူ၏ အသွင်အပြင်၊ ကြည်ကြည်လင်လင်နှင့် လျှောက်လှမ်းလာနေခြင်းသည် အာဇာနည် ယောက်ျားတစ်ယောက်၏ အားမာန်အပြည့်နှင့်ဖြစ်သည်။ သာယာယစ်မူးစရာ မဟုတ်မှန်းသိ၍ ကုဋေပေါင်းများစွာသော စည်းစိမ်းဥစ္စာများကို စွန့်လွှတ်ကာ ငှက်တစ်ကောင်လို ပေါ့ပါးနေခဲ့သော အသွင်အပြင်ဖြင့် လမ်းကြောင်းမှန်သို့ လျှောက်လှမ်းလာနေခဲ့ သည်။ ဗုဒ္ဓသည် ချီးမြှောက်ထိုက်သူများကို ချီးမြှောက်သည်။ ကဲ့ရဲ့ ပြစ်တင်ထိုက်သူများကိုလည်း အပြစ်ပြကာ ကဲ့ရဲ့ပြစ်တင်တတ်၏။ သို့အတွက် အနာဂတ်သာသနာအတွက် အားကိုးအားထားရမည့် လူတစ်ဦးကို မြင်တော်မူ၍ သီတင်းသုံးတော်မူရာ ဝေဠုဝန်ကျောင်းတိုက်မှ သုံးဂါဝုတ်တိုင်အောင် ခရီးသို့ြ<ွကရောက်တော်မူပြီး ပိပ္ပလိအား ခရီးဦးကြိုဆိုတော်မူသည်။ ထို့နောက် ပိပ္ပလိအား ကဿပဟူသောအနွယ်ဖြင့် ရဟန်းအဖြစ် ခွင့်ပြုတော်မူခဲ့လေသည်။ ထိုအချိန်မှစတင်ကာ အရှင်မဟာကဿပ-ဟူ သော အမည်သည် သာသနာတော်မှာ နေလို၊ လလို ထင်ရှားတော်မူခဲ့သည်။ တန်ဖိုးရှိသော လူသားတစ်ယောက်ကို ကြိုဆိုမှုပြုခဲ့သော ဗုဒ္ဓ၏ အပြုအမူကို အတုယူရမည်ဖြစ်သည်။ သုံးလောကထွဋ် ထား ဘုရားပဲ မည်သူ့ကိုမှ ကြိုဆိုစရာမလိုဟူသော မာန်မာနလျဉ်းမျှ မရှိ။ ချီးမြှောက်ထိုက်သူကို ချီးမြှောက်တော်မူခဲ့သည် သာဖြစ်သည်။ အဖွဲ့အစည်းများအနေဖြင့် အတုယူရန် အလွန်ပင်လိုအပ်ပေသည်။ လူကြီးလုပ်သူများအနေဖြင့် ထိုကဲ့သို့ မိမိထက် နိမ့်ကျသူကို အရေးတမူ မလုပ်ချင်တတ်ကြပေ။ ချီးမြှောက်သင့်သူကို ချီးမြှောက်ရန် ဝန်လေးတတ်ကြသည်။ ဗုဒ္ဓသည် မိမိတည်ထောင် တော်မူမည့် အနာဂတ်သာသနာကြီးအတွက် ချီးမြှောက်သင့်သူကို ကိုယ်တိုင်အပင်ပန်းခံကာ လမ်းခရီးသို့သွားပြီး ကြိုဆိုတော်မူ ခဲ့လေသည်။ ဗုဒ္ဓလိုပုဂ္ဂိုလ်မျိုးသည်ပင် မိမိအောက် ဂုဏ်အားဖြင့် နိမ့်ကျသူကို ခရီးဦးကြိုဆိုမှုပြုကာ ချီးမြှောက်မှုပြုခဲ့လျှင်၊ အခြားသော အဖွဲ့အစည်းမျိုးစုံရှိ ခေါင်းဆောင်းများသည် မိမိတို့၏ အဖွဲ့အစည်း၊ အသင်းအပင်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ရှေ့ရှုကာ ချီးမြှောက်ထိုက်သူကို ချီးမြှောက်ရန် ဝန်မလေးသင့်ပေ။ ဒါမှသာလျှင် မိမိအဖွဲ့အစည်း၏ ရေရှည်တည်တန့်ရေး၊ တိုးတက်လာရေး၊ စည်းလုံးညီညွတ်ရေးစသော အရေးကိစ္စများအတွက် လင်းလက်နေပေလိမ့်မည်။ မှန်သည် ဗုဒ္ဓသည် အရှင်မဟာကဿပအား မိမိမရှိတော့သည့် နောက်ပိုင်း၊ မိမိအနေဖြင့် ပင်ပန်းခက်ခဲစွာ တည်ထောင်ထားတော်မူခဲ့သော သာသနာတော်ကြီးအား တပည့်ကြီး အရှင်မဟာကဿပအား တာဝန်လွှဲပေးလိုသည်။ စွမ်းနိုင်သည်ကိုလည်း သိတော်မူခဲ့သည်။ သို့အတွက် သုံးဂါဝုတ်တိုင်တိုင်ြ<ွကတော်မူလျက် ခရီးဦးကြိုဆိုမူ လုပ်ခဲ့သည်။ ပုဏ္ဏာအမည်ရှိတဲ့ ကျွန်မ၏ အလောင်းမှ တစ်ပြည်သားရှိသော လောက်များကို ဖယ်ရှားပြီး ကောက်ယူခဲ့သော ဒုကုဋ် ပံသကူသင်္ကန်းကိုလည်း ဗုဒ္ဓသည် တပည့်ကြီး အရှင်မဟာကဿပနှင့် ဒုကုဋ်သင်္ကန်းချင်း လဲလှယ်ကာ ဝတ်ရုံစေပြီး မိမိနှင့်ထပ်တူပြုလျက် ချီးမြှောက်တော်မူခဲ့သည်။ ရဟန်းတော်များအား ဆုံးမသွန်သင်မှု ပြုရာတွင်လည်း '' ကဿပလို နေနိုင်အောင်၊ ကဿပလို ကျင့်နိုင်အောင်၊ ကဿပလို ဟောပြောနိုင်အောင် ကြိုးစားရန် '' ဆုံးမလေ့ရှိသည်။ ကဿပသည် ငါလိုပင် ချက်ချင်းဆိုသလို ဈာန်ဝင်စားနိုင်သည်-စသော ချီးမြှောက်မှုများဖြင့် ကိုယ်တော်နှင့် တန်းတူထားကာ ချီးမြှောက်တော်မူခဲ့လေသည်။ အဂ္ဂသာဝကများဖြစ်ကြသော အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်များသည်၊ ဘုရားပရိနိဗ္ဗာန် စံတော်မမူခင် စောစီးစွာပင် ပရိနိဗ္ဗာန် စံတော်မူကြလေသည်။ မရှေးမနှောင်းဆိုသလို ဗုဒ္ဓသည်လည်း ပရိနိဗ္ဗာန် စံတော်မူမည်ဖြစ်သည်။ သာသနာတော်တည်းဟူသော အသင်းအဖွဲ့အစည်းကြီးသည် မရှေးမနှောင်းဆိုသလို ခေါင်းဆောင်များ ပျက်စီးဆုံးရှုံးသွားမည်ဆိုလျှင် ခက်ခဲပင်ပန်းစွာ တည်ထောင်ထားတော်မူခဲ့သော သာသနာတော်ကြီးအား နေလိုလနှယ် ဆက်လက် ထင်ပေါ်စေရန်၊ အောင်မြင်စေရန်၊ တည်တန့်စေရန် ဦးစီးဦးဆောင်လုပ်မည့် ခေါင်းဆောင်ကောင်းတစ်ယောက် ရှိနေဖို့လိုအပ် နေပေလိမ့်မည်။ ဒါမျိုးကို ကြိုတင်သိမြင်ထားသော ဘုရားရှင်အနေဖြင့် တတိယသာဝကဖြစ်တော်မူသော အရှင်မဟာကဿပအား အားကိုးဖို့လိုသည်။ ချီးမြှောက်ဖို့လိုသည်။ သို့အတွက် တည်ငြိမ်ရင့်ကျက်မှုများဖြင့် ခေါင်းဆောင်ကောင်းဖြစ်စေမည့် တပည့်ကြီးအား ချီးမြှောက်တော်မူခဲ့လေသည်။ ''တောင်ထိပ်မှာ ရှိတဲ့သူက တောင်အောက်မှာ ရှိတဲ့လူကို (ကြည့်ရှု) မြင်ရသလို၊ အပ္ပမာဒတရားဖြင့် ပမာဒတရားကို ပယ်ပြီးတဲ့ ရဟန္တာ ပညာရှိဟာ ပုထုဇဉ်မိုက်တို့ကို (ကြည့်ရှု) မြင်ရတယ်'' လို့ ဗုဒ္ဓမိန့်မှာတော်မူခဲ့သော စကားလေးသည် အလွန်ပင်လေးနက်သည်။ သာမာန်အမြင်ဖြင့်ပင် ပြောရလျှင် အကယ်၍ တောင်အောက်မှာသော အရာဝတ္ထု များအားလုံးကို မြင်လိုလျှင် မိမိအနေဖြင့် တောင်ထိပ်သို့ ဦးစွာရောက်ရန် တက်ရောက်နိုင်ဖို့လိုသည်။ သို့မှသာ တောင်အောက် ရှိ အရာဝတ္ထုများအားလုံးကို မြင်နိုင်ပေလိမ့်မည်။ ထို့အတူ လောကုတ္တရာနယ်ပင်တွင် အရိယာများနှင့် အနအရိယာများ၊ တစ်နည်းဆိုရလျှင် သာမာန်ပုထုဇန်များနှင့် အရိယာသူတော်စဉ်များ ဟူသော စံနှုံးသည် ဘဝကို အဆုံးအဖြတ်ပေးရာ၌ အလွန်ပင် အရေးပါသည်။ သို့အတွက် မိမိအနေဖြင့် ရဟန္တာ အရိယာတည်းဟူသော ပညာရှိ ပုဂ္ဂိုလ်ဖြစ်မှသာ၊ ပုထုဇဉ်များကို မြင်နိုင်ပေလိမ့် မည်။ ထို့သို့ ခွဲခြားသိမြင်နိုင်မှလည်း ကယ်တင်ရမည့်သူများ၊ လမ်းမှားလျှောက်သူများကို လမ်းမှန်သို့ရောက်ရန် တွန်းတင်ပို့နိုင် ပေလိမ့်မည်။ ထိုကဲ့သို့သော ပညာရှိဂုဏ်အင်္ဂါများနှင့် အရှင်မဟာကဿပသည် ပြည့်စုံနေခဲ့လေသည်။ ထိုအရှင်သည် ဘဝတစ်သက်တာပတ်လုံး တောကျောင်းမှာပင် သီးတင်းသုံးတော်မူခဲ့သည်။ သုံးထည်မျှလောက်သော သင်္ကန်းကိုသာ ပိုင်ဆိုင်မှု ပြုခဲ့လေသည်။ မိမိခြေသလုံးမြင်းခေါင်းကို အမှီပြုတော်မူပြီး ဆွမ်းခံစားတော်မူခဲ့သည်။ ထိုကဲ့သို့သော ဂုဏ်အင်္ဂါမျာဖြင့် ပြည့်စုံတော်မူခဲ့သည်။ သတ္တဝါများအား အလွန်ပင်လျှင် ချီးမြှောက်တော်မူလိုပေသည်။ သနားကြင်နာမှု ကရုဏာ သည်လည်း အားကြီးတော်မူခဲ့လေသည်။ တစ်ခါတရံ မိမိသည် ဆင်းရဲသားများအား ချီးမြှောက်လိုသော စေတနာများဖြင့် ဖလသမာပတ်ဝင်စားတော်မူလျက် သမာပတ်မှထတော်မူပြီးတာနဲ့ တပြိုင်နက် ဆင်းရဲသားများကို ဦးစားပေးချီးမြှောက်လို၍ ဆင်းရဲသားများထံသို့ြ<ွကတော်မူတတ်သည်။ ဓမ္မလမ်းကြောင်းပေါ်သို့ လျှောက်နေတော်မူသော်လည်း မသမာသူများ၏ အနှောက်အယှက်ပေါင်းစုံကိုလည်း မုချခံကြရမည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့ အနှောက်အယှက်မျိုးစုံနှင့် ရင်ဆိုင်ဖြတ်သန်းရသည်ရှိသော် မတုန်မလှုပ်ဘဲ အများအတွက် ဟူသော ပရဟိတစိတ်ဖြင့် ရှေ့ဆက်လျှေက်ရမည်သာဖြစ်သည်။ အရှင်မဟာကဿပသာ မဟုတ်၊ ဗုဒ္ဓသည်လည်း ထိုကဲ့သို့သော လောကကောင်းကျိုးများစွာကို လေးဆယ့်ငါးဝါပတ်လုံး ပင်ပန်းမှုကို လေ့လျူရှုကာ ခက်ခဲစွာဖြင့်ပင် သာသနာတော်ကြီးကို တည်ထားတော်မူခဲ့သည်။ ကျွတ်သင့်သည့် သတ္တဝါများအားလည်း ဖြေချွတ်တော်မူခဲ့သည်။ မနားတမ်းဆိုသလိုလည်း ကိုယ်တော်အတွက် မဟုတ်ဘဲ၊ ဝေနေယျများစွာအတွက် အလုပ်ပေါင်းများစွာကို လုပ်တော်မူခဲ့ရသည်။ သို့သော် မနာလိုသူ၊ ဝန်တိုသူ၊ ကဲ့ရဲ့လိုသူများ၏ အမျိုးမျိုးသော ဆဲရေးတိုင်းထွာမှုများ၊ ဝါဒပြိုင်မှုများ၊ ကဲ့ရဲ့ရှုပ်ချမှုများ၊ နောက်ဆုံး အသက်ကိုပင် ချိမ်းခြောက်တော်မူသည်အထိ ဒဏ်အမျိုးမျိုးနှင့် ရင်ဆိုင်တော်မူခဲ့ရသည်။ သို့သော် ဗုဒ္ဓသည် မတုန်လှုပ်၊ မကောင်းသော တုန့်ပြန်မှုများဖြင့် ဘာမှတုန့်ပြန်တော်မမူခဲ့ဘဲ ကြီးမားသော မေတ္တာတော်ဖြင့် အနိုင်ယူတော်မူခဲ့လေသည်။ ဗုဒ္ဓလျှောက်ခဲ့သော လမ်းကြောင်းပေါ်သို့ တပည့်ကြီးသည်လည်း ပင်ပန်းမှုကို ပဓာနမထားဘဲ သာသနာအတွက် အဓမ္မများကို ဓမ္မဖြင့်အနိုင်ယူနိုင်ရန် စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူခဲ့သည်။ သာသနာတော်၏ အရေးကိစ္စများကို အားသွန်ခွန်စိုက် ထမ်းဆောင်တော်မူခဲ့သည်။ ဗုဒ္ဓမရှိသည့်နောက် မိမိခေါင်းပေါ် သို့ ပုံကျလာသော ပြဿနာမျိုးစုံကို ကျွမ်းကျင်နိုင်နင်းစွာ ကိုင်တွယ်နိုင်ခဲ့သည်။ ရွက်ဆောင်နိုင်ခဲ့သည်။ သာသနာတော်မှာ အလွန်အရေးကြီးသော ပထမ သံဂါယတနာ တင်ပွဲကြီးကိုလည်း သူ၏ဦးဆောင်မှုဖြင့် ဖော်ဆောင်နိုင်ခဲ့သည်။ အချိန်ကား ဘုရားပရိနိဗ္ဗာန်စံတော်မူပြီး သုံးလအကြာ။ သုဘဒ္ဒလို့ခေါ်တဲ့ တောထွက်ရဟန်းကြီး၏ ဘုရားရှင် ပညတ် တော်မူခဲ့သော သိက္ခာပုဒ်များကို မလေးမစားနှင့် ဝေဖန်ပုတ်ခတ်မှု။ ဒါကို အကြောင်းပြုပြီး ဘုရားဟောများကို သူ့နေရာနှင့်သူ ပန်းများစီကုံးထားသလို မျိုးတူရာပေါင်းစုကာ သံဂါယတနာတင်ရန် နေ့မအား၊ညမနား ကြိုးစားတော်မူခဲ့သည်။ ထိုအစည်းအဝေး မှတ်တမ်းကို ပြန်လည်ခြေရာကောက်ပြီး မှတ်တမ်းတင်ရမည်ဆိုလျှင် သံဃာ့အစည်းအဝေး၏ အတည်ပြုချက်၊ ဆုံးဖြတ်များသည် လည်း အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်းသည်။ အတုယူစရာလည်း ကောင်းသည်။ လုပ်နိုင်သူကို လုပ်ဆောင်ဖို့ရန် တိုက်တွန်းတော်မူခဲ့သည့် ဖြစ်ရပ်များ၊ အရှင်အာနန္ဒာအား ပါဝင်နိုင်ရေး ကြိုးစားမှုများ၊ မပါလို့လည်း မရ၊ ပါလို့လည်း မဖြစ်နှင့် အကျပ်ရိုက်နေမှု ပြဿနာများကိုလည်း ဖြေရှင်းတော်မူခဲ့ရသည်။ အချိန်နီးကပ်နေသော်လည်း အရေးပေါ် ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချရန်လိုသည်။ ပညာတတ်များစွာရှိသော်လည်း အမှန်တကယ်လုပ်နိုင်သည့်သူ၊ ဗုဒ္ဓ၏လျှောက်လှမ်းခဲ့သော လမ်းကြောင်းများ အားလုံးကိုလည်း သိသည့်သူ။ ပြန်လည်ဟောကြားမှုကြောင့် တစ်လုံးမကျန် ပြန်လည်နာယူရင်း သိတော်မူခဲ့သော တရားဓမ္မများနှင့် ပြည့်စုံတော်မူခဲ့သည့် အရှင်အာနန္ဒာ၏အရေးသည် အလွန်ပင်စိတ်ဝင်စားစရာကောင်းသည်။ ( ကြုံလျှင် ဒီအကြောင်းအရာများ ပြည့်ပြည့်စုံစုံ ပြောပြပါဦးမည်။ အခုတော့ သဘောလောက်ကိုပဲ ပြောပြခဲ့ခြင်းဖြစ်ပါသည်။ ) ထိုကဲ့သို့သော ခြေရာများစွာဖြင့် ဘဝကို တန်ဖိုးရှိစွာ အသုံးချတော်မူခဲ့သော အရှင်မဟာကဿပ၏ ခြေလှမ်းများသည်ကား ထင်ကျန်နေခဲ့ပေသည်။ လမ်းကြောင်းများသည်လည်း သာယာဖြောင့်ဖြူး နေခဲ့ပေသည်။ ဒီနေရာ၌ တန်ဖိုးဟူသော စကားလုံးသည် လူသားများအနေဖြင့် သူ့နေရာနှင့် သူ၊ စံနှုံးထားကာ သတ်မှတ်ခဲ့ကြသည်။ တန်ဖိုးမှာ လောကအတွင်းရှိ တန်ဖိုးနှင့် လောကမှလွတ်မြောက်ရာ လောကုတ္တရာတန်ဖိုးဟူ၍ နှစ်မျိုး နှစ်စား ရှိသည်။ ထိုကဲ့သို့သော နှစ်မျိုးလုံးအတွက် မထေရ်သည် ချမှတ်သွားနိုင်ခဲ့သည်။ စိုက်ထူ သွားနိုင်ခဲ့သည်။ တန်ဖိုးဖြတ်မရသော ခြေရာများအဖြစ် ထင်ကျန်တော်မူခဲ့သော မထေရ်၏ လမ်းကြောင်းများသည်ကား သာယာဖြောင့်ဖြူးခဲ့သော် ယခုအခါဝယ် အချို့နေရာများ၌ မှေးမှိန်း ပျောက်ကွယ်စပြုလာနေခဲ့ပေသည်။ ဥပမာအားဖြင့် ဆိုရလျှင်၊ ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသသည် ဟိုယခင်ကား သာသနာတော်ကြီး ထည်ဝါစွာ တည်ရှိတော်မူခဲ့သော်လည်း ယခုအခါ၌ ကွယ်ပျောက်သွားလေပြီ။ ထို့အတူ ပါကစ္စတန်၊ အင်ဒိုနီးရှားလို နေရာများသည်လည်း ယခင်က သာသနာတော် ထွန်းလင်းတောက်ပခဲ့သော်လည်း ယခုအခါသော်ကား မှတ်တိုင်များသည်ပင် မကျန်ရစ်အောင် ကွယ်ပျောက်နေလေပြီ။ အဘယ့်ကြောင့်ဆိုသော် ချမှတ်ထားသော မူဝါဒများကို ပယ်နှုတ်မှုများ၊ တင်းကျပ်သည်ဟုထင်သော ဝိနည်းဥပဒေသများကို ယုတ်လျော့စွာ လိုက်နာတော်မူခဲ့မှုများ စသဖြင့် မထေရ်များ၏ ခက်ခဲပင်ပန်းစွာ ထမ်းဆောင်ခဲ့သော တာဝန်များကို လေ့လျူရှုကြပြီး၊ လမ်းကြောင်းများကိုလည်း အတည့်မလိုက်ဘဲ လမ်းခွဲကြခြင်း၊ ဖြတ်လမ်းလိုက်ခြင်း၊ လမ်းမှား လိုက်ခြင်းဟူသော အကြောင်းများကြောင့် ထိုကဲ့သို့ ကွယ်ပျောက်မှုဆီသို့ ကူးပြောင်းသွားရလေသည်။ မြန်မာနိုင်ငံသည်ကား သာသနာကြီး နေလိုလနှယ် ထွန်းလင်းစေမြဲဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံနှင့် တူသော နိုင်ငံများသည်လည်း ငါးနိုင်ငံလောက်သာ ကျန်ရှိသော်လည်း မြန်မာပြည်လိုကား သာသနာ ထည်ဝါမှု မှေးမှိန်လာနေခဲ့သည်သာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်သည်မှာ မြန်မာနိုင်ငံမှာသာ ရှိသည်။ အခြားနိုင်ငံများမှာ မတွေ့ရတော့ပေ။ အထူးအားဖြင့် အဘိဓမ္မာသည် မြန်မာနိုင်ငံမှာသာ အားကြီးစွာ တည်ရှိနေတော့သည်။ အခြားသော ထေရဝါဒ နိုင်ငံများသည်ကား ဝိနည်း၊ သုတ္တန်ဟူသော ပိဋကတ်နှစ်ပုံလောက်ကိုတော့ ရှိနေသေးသည်။ သို့သော် အဘိဓမ္မာကိုကား မြန်မာများလောက် သင်ယူတတ်မြောက်မှုများ သိပ်မရှိကြတော့ပေ။ မြန်မာနိုင်ငံအနေဖြင့် အဘယ့်ကြောင့် ပိဋကတ်သုံးပုံလုံး အားကောင်းစွာ တည်ရှိနေသနည်းဟုဆိုလျှင် သာသနာတော် တည်တန့်ခြင်း၏ အဓိက အထောက်အပံ့ဖြစ်သော၊ မူလ ရေသောက်မြစ်ဖြစ်သော ပရိယတ္တိစာပေများ သင်အံ့ပို့ချနေသော စာသင်တိုက်ကြီးများ အားကောင်းစွာ တည်ရှိနေခြင်းကြောင့်ဟု ဆိုရပေလိမ့်မည်။ တစ်နည်းအားဖြင့် ဆိုရလျှင် မထေရ်အစဉ်အဆက် ချမှတ်တော်မူခဲ့သော လမ်းကြောင်းပေါ်သို့ မယိမ်းမယိုင်ဘဲ လျှေက်လှမ်းခဲ့သောကြောင့်ဟု ဆိုရပေလိမ့်မည်။ ထိုပရိယတ္တိသာသနာ တော်ကြီး တည်တန့်ဖို့ဆိုသည်မှာလည်း စေတနာ၊ အနစ်နာ၊ ဝါသနာဟူသော နာသုံးနာကို လက်ကိုင်ထားလျှက် ပင်ပန်းမှုများကို မှုတော်မမူခဲ့သော စာချဆရာတော်များ၏ ကျေးဇူးများသည်လည်း အထူးပင် အရေးကြီးခဲ့ပေသည်။ သူတို့သည်လည်း ရှေးမထေရ်များ၏ မြင့်မြတ်သောလမ်းကြောင်းပေါ်သို့ တန်းမတ်စွာ လျှောက်ခဲ့သောကြောင့်ပင် ဖြစ်သည်။ ဓမ္မတည်းဟူသော လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေစဉ်၊ အဓမ္မလမ်းကြောင်းများကိုလည်း တွေ့ကြုံနိုင်ပေလိမ့်မည်။ ထိုကဲ့သို့ တွေ့ကြုံပါက အဓမ္မလမ်းကြောင်းများကို မမှိန်မသုန် ရှင်းလင်းနိုင်ပြီး ရဲဝံ့စွာဖြတ်သန်းသွားလာနိုင်ဖို့ လိုပေသည်။ သို့အတွက် အထက်က ပြောခဲ့သလို ချီးမြှောက်သင့်သူကို ချီးမြှောက်ကြခြင်း၊ လုပ်နိုင်သူကို တွန်းတင်ပေးခြင်းစသော အလုပ်များကို ဗုဒ္ဓ၏ ကြိုက်နှစ်သက်တော်မူခဲ့သော ခေါင်းဆောင်းများနည်းတူ အဂတိတရားလေးပါး ရှင်းလင်းစွာ ရှောင်ကွင်းလျှက် မြင့်မြတ်သူများ၏ လမ်းကြောင်းပေါ်သို့ ထပ်တူပြုကာ လျှောက်လှမ်းနိုင်ရန် အလွန်ပင် လိုအပ်နေပေလိမ့်မည်။ သို့မှသာလျှင် မြန်မာနိုင်ငံအနေဖြင့် ထေရဝါဒသာသနာတော်ကြီး နေလို လလို ဆက်လက်ပြီး အားကောင်းစွာ တောက်ပလျက် တည်ရှိ နေပေလိမ့်မည်။ အခွင့်ကြုံဆဲမို့ မြင့်မြတ်သော ခြေလှမ်းများကိုလည်း ခြေရာထပ်ကာ လိုက်သင့်ကြပေသည်။ သို့မှသာ မြင့်မြတ်သူများ လျှောက်လှမ်းခဲ့သော လမ်းကြောင်းများသည်လည်း ပိုမိုထင်ပေါ်စေပြီး အားကောင်းစွာ တောက်ပနေပေလိမ့်မည်။ အထက်ကပြောခဲ့သော လမ်းမှန်သို့ ဦးတည်နိုင်ဖို့၊ လမ်းမှားကို ရှောင်ကွင်းနိုင်ဖို့ အရိပ်တကြည့်ကြည့်နှင့် အသိပညာမျက်စေ့ဖြင့် အချိန်နှင့်တပြေးညီ ကြည့်နေဖို့၊ သတိရှိနေဖို့ဆိုသည်မှာ ရုပ်ဝတ္ထုများ အဆမတန် တိုးတက်မှုမျာဖြင့် အပေါ်ယံ သဘောလောက်ကိုသာ ခင်မင်တွယ်တာ နေပြီး၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုဟူသော စစ်မှန်သော ဓမ္မလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းမှုသည်ကား မှေးမှိန်ကွယ်ပျောက် လာနေခဲ့သည်။ ဒါကို ကောင်းမွန်စွာ သိရှိနေဖို့ လိုသည်။ သို့မှသာ အိုင်တီ ခေတ်ကြီးထဲမှာ မျက်စေ့လည် လမ်းမှားမှုကို ရှောင်ကွင်း သွားနိုင်ပေလိမ့်မည်။ ဘုရားရှင် ဟောတော်မူခဲ့သော၊ အားကောင်းသော ဂါထားလေးတစ်ပုဒ်၏ မြန်မာပြန်စားသားလေးကို လက်ဆောင်ပေးလိုက်ပါသည်။ အတုယူပြီး လျှောက်ရမည့်လမ်းကြောင်းကို ဖြောင့်ဖြူးသာယာစွာ လျှောက်လှမ်းနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။ '' သမင်သည် ပြည်တန်ပတ္တမြားကို တွေ့မြင်သော်လည်း တန်းဖိုး မသိသည့်အတွက်၊ မြက်ကိုသာ အရသာခံပြီး စားသောက်ခါ တောအတွင်းသို့ ဝင်ရောက် ပျော်မြူးသွားသကဲ့သို့၊ လူမိုက်သည်လည်း လူ့ဘဝ အခွင့်ကာလကောင်းကို ရနေပါသော်လည်း တန်းဖိုးမသိသည့်အတွက် အာရုံငါးပါး ကာမဂုဏ်တရားများ ပျော်မြူးစွာ အရသာခံစားပြီး အပါယ်လေးပါးသို့ သွားရောက်ရ၏ '' (ဗုဒ္ဓ)

မောင်မင်းစိုး(ရွှေနံ့သာ)

(လှရတနာဆရာတော် ရွှေရတုပုံရိပ်လွှာ၊ နိုဝင်ဘာလ၊ ၂ဝ၁ဝ)