Thursday, June 11, 2009

လက်မောင်းသွေးကို ဖောက်ကြည့်ချင်း (၃)

ဖြစ်နိုင်ရင်
အံသွားအသစ်လဲချင်တယ်
အဆုပ်အသစ်လဲချင်တယ်
ဦးနှောက်နဲ့အသည်းနှလုံးကို ဒီအတိုင်းထားလိုက်ပါတော့
နှစ်နှစ်ခြိုက်ခြိုက် မှားခဲ့ပြီးပြီးပဲ

အရသာခံတယ်
ကင်တာကီကြက်ကြော်ကို အရသာခံတယ်
စကော့ခ်ျဝီစကီကို အရသာခံတယ်
ဟောလီဝုဒ် ရုပ်ရှင်တွေကို အရသာခံတယ်
ပုံနှိပ်စာလုံးတွေကို အရသာခံတယ်
ဆန့်ကျင်ဘက်လိင်ကို အရသာခံတယ်
ငွေစက္ကူတွေကို အရသာခံတယ်

အာသာမပြေဘူး
ဘင်းစတန့် အစားအစာတွေနဲ့ အာသာမပြေဘူး
ခပ်ညံ့ညံ့ ဘီယာတွေနဲ့ အာသာမပြေဘူး
အပေါစား အိပ်ယာတွေနဲ့အာသာမပြေဘူး
သွေးပြန်ကြောထဲ တိုက်ရိုက်မရောက်တဲ့ အနုပညာနဲ့ အာသာမပြေဘူး
သံဆူးကြိုးပတ်ထားတဲ့ ဖယောင်းတိုင်အလင်းနဲ့ အာသာမပြေဘူး
ကာကီရောင် မိုးဥတုနဲ့ အာသာမပြေဘူး
အာသာမပြေဘူး
အာသာမပြေဘူး

သင်္ဘောမြှပ်မှာကို ကြိုသိနေတဲ့ ကြွက်တစ်ကောင်
စာရွက်တစ်ရွက်ကို ဆုပ်ဖြဲခံရခြင်းများ
ရွံ့စောင်းသွားတဲ့ အာရုံမြင်လက်ရေး
လည်ချောင်ထဲ နင်နေတဲ့အိပ်မက်
ထွေးထုတ်လို့မရတဲ့ သက္ကရာဇ်
ရင်ဘတ်ပေါ် ပြုတ်ကျလာတဲ့ ကြယ်တစ်ပွင့်
သော့တူတစ်ချောင်းလို ပရိယာယ်
ကွယ်လွန်သွားပြီ ဖြစ်သောလပြည့်ည
ဒါတွေဟာ ငါတွေ့ခဲ့ရတဲ့ မီးခိုးလုံးတွေ

မိုးတိမ်တွေအရည်ဖျော် ခေါင်းလျော်ပြီးပြီ
နားထင်ရောက်နေတဲ့ သွေးနဲ့ ခြေဆေးဖို့
ကမ္ဘာကြီးအားလုံးကို အကြောင်းကြားလိုက်ပါတယ်
မွေးမြူရေး ငါးတစ်ကောင်မဟုတ်ခဲ့တာကို
ဂုဏ်ယူပါရစေ။ ။

လှသန်း