Saturday, November 22, 2008

ရွှေနံ့သာစာကြည့်တိုက်တည်ထောင်ခြင်း

LIBRARY NAME = SHWE NANT THAR
LOGO =
Definition Of Logo =လူ့ဘ၀ကို လူသားဆန်စွာ လျှောက်ရဲဖို့ နေထိုင်တတ်ဖို့ အလွန်အရေးကြီးပါတယ်။ ထိုကဲ့သို့ လူသားဆန်ဖို့ကို ဘာတွေလုပ်ကြမလဲ၊ ဘာတွေလုပ်ခဲ့ကြပြီးပြီလဲ၊ ဘာတွေလုပ်နေသလဲဆိုတဲ့ ပေတံ နဲ့တိုင်းတာကြရမှာဖြစ်ပါတယ်။ ဒီတော့ လူသားတိုင်းဟာ ဘ၀မှာတကယ်လူဖြစ်ရကျိုး နပ်ခဲ့ပါသလားဆိုတဲ့ မေးခွန်း မျိုးကို ကိုယ်တိုင်မေးခွန်းထုတ်နိုင်ရန် လိုအပ်ပါတယ်။ ကိုယ်တိုင်ထုတ်သော အဆိုပါမေးခွန်းကို မိမိရော၊ ပတ်ဝန်းကျင် ကပါ အဖြေပေးပါလိမ့်မယ်။ သို့အတွက် မိမိသည်လည်း လူသားအဖြစ်ကို ရခဲ့တဲ့အတွက် ရခဲ့သောလူသားအဖြစ်ကို ဘယ်လိုအကျိုးရှိရှိ အသုံးချမလဲဆိုတဲ့ မေးခွန်းမျိုးကို ကိုယ်တိုင်ဖြေကြည့်လိုက်တော့ လူသားကောင်းကျိုးပြု ဘာလုပ်မလဲဆိုတဲ့ ပြဿနာက ခေါင်းထဲရောက်ရှိလာခဲ့ပါတယ်။ ဒါကြောင့် အဆိုပါပြဿနာကို ဖြေရှင်းတဲ့အနေနဲ့ ကိုယ်ပိုင်စာကြည့်တိုက် တစ်ခုတည်ထောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အရပ်ဒေသ၊ လူနေမှူအဆင့်ဆင့်၊ တိုင်းပြည် အခြေအနေစသော အရပ်ရပ်ကို ရှုကြည့်လိုက်တော့ လူသားတစ်ယောက်ဟာ လူသားတစ်ယောက်လုပ်သင့်သော အလုပ်ကိုလွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိဖို့လိုသော်လည်း အကြောင်းကြောင်းကြောင့် နှောင်းနှေးတာတို့၊ ပိတ်ပင်ခံရ တာတို့၊ အတိုက်အခံလုပ်ခံရတာတို့၊ မကောင်းကြံ ခံရတာတို့၊ အနှောက်အယှက် အမျိုးမျိုးနဲ့ ရင်ဆိုင်ခံရမှာဖြစ်ပါတယ်။ ထိုသို့ဖြစ်ပေါ်လာလျှင် ကိုယ့်ကိုယ်ကိုယ် အရှုံးပေးလိုက်ပြီး ကိုယ့်လုပ်ရပ်ကို ဆက်လက်အကောင်အထည် မဖော်နိုင်ဘဲ ရပ်တန့်သွားတာမျိုး မဖြစ်ပေါ်စေရန် ရည်ရွယ်ပြီးတော့ စကြာကဲ့သို့ အမြဲတန်းလည်ပတ်နေရန် ရည်ရွယ်ပြီး ၊ ဒီ logo -ကိုရွေးခြယ် လိုက်ခြင်းဖြစ်ပါသည်။

စာကြည့်တိုက်ရဲ့ဆောင်ပုဒ် = ထိုင်နေလို့တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။
(အများသိပြီးဖြစ်သော ဆောင်ပုဒ်ကို သတ်မှတ်ထားသည်)

GOOL = အဆင့်ဆင့်မြင့်မြင့် လူ့အဖွဲ့စည်းများကို တည်ထောင်နိုင်ပြီး လူသားဆန်သော လူ့အခြေခံ ကျင့်ဝတ်တရားများ လိုက်နာနိုင်လျှက် အသိပညာ ဖွံ့ဖြိုးတိုးတက်စေရန်။
OBJECTIVES = (က) လူသားအားလုံး အသိပညာ ဖွံ့ဖြိုးတိုးတက်စေရေး။
(ခ)အချို့သော ဘွဲ့ရပညာတတ်များ လူတောမတိုးရဲခြင်းနှင့် ရပ်ရွာပြန်လျှက် လယ်တော၊ ယာတောထဲမှာသာ အချိန်ကုန်ခံလျှက်ဘ၀များ စတေးနေခြင်းများကို ပပျောက်အောင် ရှင်းလင်းရေး။
(ဂ) အရွယ်မရောက်သော ကလေးငယ်များ လယ်ထဲဆင်းနေရခြင်းမျိုးကို ထုတ်ဆယ်နိုင်ရေး။
(ဃ) အနာဂတ် ဖြစ်ပေါ်လာမည့် အရေးကိစ္စများ ၊တာဝန်များကိုထမ်းဆောင်ရာ၌ ခေါင်းဆောင်နိုင်မှူများ တိုးတက်များပြားလာစေရေး။
(င) အကြောက်တရားများနှင့် ဖိနှိပ်ချုပ်ခြယ်မှူများကို အမှန်တရားပေါ်ရပ် တည်လျှက် တုန့်ပြန်ဖြေရှင်းနိုင်ရေး။
(စ) လူဆိုသည်မှာ တစ်ဦးတစ်ယောက်တည်း နေလို့မရသော သတ္တ၀ါဟုသိ
မြင်လာပြီး စုပေါင်းလုပ်ဆောင်ခြင်း၊ ညီညွတ်မှူ အင်အားများ၏
တန်ဘိုးကို နားလည်လာစေရန်။
(ဆ) လူ့တန်ဘိုးကို နားလည်သူပီပီ လူသားအခွင့်ရေးများ ရရှိပိုင်ဆိုင်မှူ အခြေအနေများကို သိမြင်နားလည်လာစေရန်။


Activities
Situation Analysis:(1)
မိမိတို့ရပ်ရွာသည် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ နံ့သာကုန်းရွာ ဖြစ်ပါသည်။ အများစုသည် ဗုဒ္ဓဘာသာ ကိုသာ ရှေးရိုးစွဲအဖြစ် ကိုးကွယ်ယုံကြည် သက်ဝင်နေကြသူများဖြစ်သည်၊ အထက်မြန်မာပြည် အညာဒေသဖြစ်ပြီး တောင်သူများကိုသာ လုပ်ကိုင်စားသောက်နေကြရပါသည်။ တောင်သူများသည် အဓိကအားဖြင့် ရာသီဥတု-ဟုခေါ် သော မိုးလေ၀သကိုသာ မင်းမူနေကြရသည်။ တော်ဖလာ ကြွေးကြော်ခဲ့သော တတိယလှိုင်းထဲသို့ ၀င်ရောက်ဖို့ရန် အချိန်တော်တော်ကြာကြာ ရုန်းကန်နေကြရဦးမည်သာဖြစ်သည်။ အသွားအလာ ခက်ခဲသလို ဆေးရုံဆေးခန်းမရှိခြင်း ဖြင့် ဆေးမှီတိုကိုသာ အားကိုးနေကြရခြင်းဖြစ်သည်။ သို့သော် မိမိတို့ ရပ်ရွာသည် လူအဆင့်တန်းတော့ မှီသည်ဟု ဆိုကြရမည်။ အဘယ်ကြောင့်ဆိုသော် ရပ်ရွာကို အဓိကကြိုးကိုင်နေသော ရွာဦးကျောင်းဆရာတော်၏ အသိဥာဏ် ဖွံ့ဖြိုးမှူကြောင့်ဟုဆိုလျှင် လွန်မည်မထင်ပါ။ အိမ်ခြေနှစ်ရာခန့်သာရှိသော ကျေးရွာပင်ဖြစ်သော်လည်း ရဟန်း သံဃာ(၆၀) ကျော်ရှိပါသည်။ အစိုးရဓမ္မာစရိယ ဘွဲ့ရ ၁၅-ပါး၊ သာမဏေကျော် ၆-ပါး၊ ပိဋကတ်နှစ်ပုံအောင်(၃)ပါး၊နှစ် ပုံခွဲအောင်(၁)ပါး၊ တစ်ပုံအောင် (၂)ပါးစသဖြင့် အဆင့်မြင့်ပညာရေးများကို ရဟန်းသံဃာတော်များ ဘက်မှပြည့်စုံနေ သလို၊လူဘွဲ့ရ ပညာတတ်များလည်း (၃၀)ကျော်ထိ ပေါများနေပါသည်။ သို့သော်လည်း ဘွဲ့ရပညာတတ်များအနေဖြင့် ရပ်ရွာပြန်ပြီး လယ်တောထဲမှာသာ ဘ၀တွေကို အဖိနှိပ်ခံဘ၀များဖြင့် စတေးနေကြပါသည်။

မိမိတို့ရွာသည် အခြားရွာများနှင့်စာလျှင် လူနေမှူအခြေအနေ မဆိုးဟုဆိုရမည်ဖြစ်သော်လည်း အုပ်စုရွာများ ဖြစ်သော အခြားရွာများသည် အသက်ငယ်ငယ်ဖြင့် လယ်ယာလုပ်ကိုင် နေကြရခြင်း၊ မှော်ဟုခေါ်သော ကျောက်တူး ဖော်ရေး နေရာများကိုသာ ဦးစားပေးလျှက် သွားရောက်လုပ်ကိုင်နေကြခြင်း၊ထိုသို့ လုပ်ဆောင်ရာ၌ ငှက်ဖျားရောဂါရ လျှက် သေကြေသူများလည်း တစစတိုးတက်များပြားလာခြင်းစသော ဘေးထွက်ဆိုးကျိုးများဖြင့် ရင်ဆိုင်နေကြရ သည်။ အဆိုပါ ရွာများမှာ မုံသွင်ရွာ၊ ချင်ပြစ်ရွာ၊ လှိုင်း၊ ပိတောက်ကုန်း၊ ပေါက်သဖ၊ သာစည်၊ လက်ပန်တန်း၊ ရွာနောင်၊ အင်း၊ သဲကုန်း၊ ရွှေလှံ၊မန်ကျီးကုန်း (နံ့သာကုန်း)စသောရွာများဖြစ်ပါသည်။ ထိုရွာများအနက် ပေါက်သဖ၊ မန်ကျီးကုန်း၊ သဲကုန်း၊ နံ့သာကုန်း၊ အင်း၊ သာစည်၊ လက်ပန်တန်းရွာများသည် လမ်းသာချာသော အုပ်စုရွာများ ဖြစ်ပါသည်။ အခြားသော မုံသွင် ၊ရွာနောင်၊ရွှေလှံ၊ချင်ပြစ်၊လှိုင်း၊ပိတောက်ကုန်း စသောရွာများသည်ကား တစ်မိုင်ခရီး လောက်သာဝေး သော ဂေါရစဂမ် ရွာများဖြစ်ပါသည်။ အိမ်ခြေ ၂၀၀၀-ကျော်ရှိပြီး လူဦးရေ(၁၂၀၀၀) ကျော်ရှိပါသည်။ အားလုံးသည် မိမိတို့ရွာနီးနားခြင်းဖြစ်သလို တစ်ရွာနဲ့တစ်ရွာ ကူးသန်းရောင်းဝယ်နေကြ၍ မသိသူ မရှိလောက်အောင် သာရေးနားရေးများကို တက်ညီလက်ညီလုပ်ကိုင်နေလျှက် တစ်ရွာတည်းလို ဖြစ်နေပါသည်။ အနောက်ယွန်းယွန်းရှိ ပုံတောင်ပုံညာနှင့်ဘုရားတောင်၊ ခိုတောင်စသော တောင်အဆွယ်ပွားများသည် အဆိုပါလူများ၊ ရွာများ၏ စားကျက်ဟု ဆိုရပေလိမ့်မည်။ မျှစ်ချိုးခြင်း၊ ပျားရှာခြင်း၊ တောလိုက်ခြင်း၊ မှိုရှာခြင်း စသောအလုပ်များသည် အဆိုပါတောင်များက လုပ်ကျွေးနေခဲ့လေသည်။ မိမိမှတ်မိနေသေးသည် မိမိကလေးဘ၀ ခြောက်နှစ်သားလောက်က ၁၉၈၁-ခုလောက်က မိုးများခေါင်သဖြင့် ရွာသူ၊ ရွာသားများသည် တောင်ပေါ်တက်လျှက် လူကိုသေကြေပျက်စီးနိုင်လောက်အောင်သော ကြွေးဟုခေါ်သော အဥတစ်မျိုးကို တူးဖော်စားသောက်ခဲ့ကြရသည်။ အဆိုပါအဥသည် အဆိပ်တောက်ရှိသည်။ သို့သော် အဥမှာရှိသော အဆိပ်ရည်များကို ကြက်သွန်ဖတ်များလို ပါးပါလှီးလျှက် ချောင်းထဲသွားကာ နင်းနှယ်ပြီး မတောက်စေရန် တစ်ပတ်ခန့် စဉ့်အိုးများဖြင့်တိတ်ထားခဲ့ရသည်။ တစ်ပတ်ကြာလျှင်လည်း ထိုနည်းအတူ ချောင်းထဲ သွား၍ နင်းနှယ်ကာ အချို့တတ်နိုင်သူများက စာဖွဲများဖြင့်ရောချက်၊အချို့ကတော့ ထိုကြွေးဥများကိုသာ ပေါင်းလျှက် ကြွေးပေါင်းကို စားခဲ့ရပါသည်။ ထိုကဲ့သို့သော ရာသီဥတု၏ မညီမျှများသည် ယခုချိန်ဆို ပိုမိုများပြားလာနေခဲ့သည်။ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးကြွေးကြော်သံများ မိုးထိအောင် အော်နေခဲ့သော်လည်း အဆိုပါရွာများသည် ရာသီဥတုမမျှလျှင်ကား စားဖို့သောက်ဖို့ တော၊ တောင်ကိုသာ ခုတ်ဖြတ်လျှက် ထင်းများ၊ သစ်များ၊ ၀ါးများကိုသာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ခုတ်ဖြတ်လျှက် ရောင်းဝယ်စား သောက်နေကြရဦး မည်သာ။

Situation Analysis:(2)
ယခု တော်ဖလာကြွေးကြော်ခဲ့သော တတိယလှိုင်းပေါ်သို့ တဖြေးဖြေးဆွဲတင်နိုင်အောင် ရည်ရွယ်ပြီး ရွှေနံ့သာ စာကြည့်တိုက်ကို မိမိငယ်စဉ်တောင်ကြေး ကလေးဘ၀ဖြစ်သော ကိုရင်ငယ်ဘ၀စ၍ အနှစ်နှစ်ဆယ်ကျော် တိုင်တိုင် ဟိုရွေ့ဒီရွေ့ဖြင့် စုဆောင်းထားသော စာအုပ်နှစ်ထောင် ၀န်းကျင်ဖြင့် မိမိ၏ ကိုယ်ပိုင်စာကြည့်တိုက်အဖြစ် ကျေးရွာသို့သွားဖွင့်ပေးခဲ့ပါသည်။ ပြီးခဲ့သော၁၉-၅-၂၀၀ဂရက်နေ့၊ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ ရန်ကုန်မှ ကားအတန်တန်၊ရေအတန်တန်ဖြင့် သယ်ဆောင်လျှက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ ကိုယ်ပိုင်စာကြည့် တိုက်ဖြစ်သည့်အတွက် ကျေးရွာရှိ ရွာသူ၊ ရွာသားများ အခြားရွာနီးနားမှ စာပေချစ်မြတ်နိုးသူများကို ဖိတ်လျှက်စာ ကြည့်တိုက်ဖွင့်လှစ်ရခြင်းအကြောင်းကို ပြောဆိုလျှက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ရွာဦးကျောင်းဆရာတော်မှလည်း ခိုင်ခန့်လျှက် ကြီး မားကျယ်ဝန်းသော သိမ်တိုက်ကြီးကို စာကြည့်တိုက်ဖွင့်လှစ်ရန် ခွင့်ပြုလျှက် ကိုယ်တိုင်လည်း တက်ညီ လက်ညီရှိကာ အားလုံးကိုလိုလေသေးမရှိအောင် ခွင့်ပြုစီမံပေးခဲ့ပါသည်။ ရပ်ရွာနှင့်အုပ်စု ဥက္ကဌလုပ်သူ သည်မိမိ၏ အကိုရင်းဖြစ်ပါသည်။ သို့သော် သူ့ကိုထိုပွဲ တက်ရောက်ရန် ဖိတ်မံခြင်း အသိပေးခြင်းမရှိပါ၊ အဘယ် ကြောင့်ဆိုသော် ထိုရက်ပိုင်းအတွင်း၌ ကိုယ့်ညီတစ်ပါး ဦးစီးပြီးစာကြည့်တိုက်ဖွင့်လှစ်မည်ဖြစ် သော်လည်း ကျောင်းသို့ လာရောက်ခြင်းမရှိပါ၊ ထိုရက်ပိုင်းအတွင်း၌ ပြည်သူတွေကို လိမ်ညာပြီး လုပ်ဆောင်နေသော မဲဆန္ဒခံယူပွဲအတွက် ရပ်ရွာနှင့်အုပ်စုအတွင်းရှိ မဲမပေးနိုင်သူများကို တစ်အိမ်တက်တစ် အိမ်ဆင်းကာ ထောက်ခံကြောင်းဆိုတာတွေနဲ့ အချိန်ကုန်နေသောကြောင့်ဖြစ်သည်။ နောက်တစ်ချက်မှာ အကယ်၍ သူ့ကိုအလေးပေးခြင်း၊အသိမှတ်ပြုခြင်းလုပ်လျှင် မြို့နယ်များသို့ မကြာခဏရောက်နေသောကြောင့် မြို့နယ်ရှိ မယက၊ ပြန်ဆက်ဆိုတာတွေ ပြောကြား၍ လာရောက်ခါ သူတို့ဖွင့်သလိုလိုလုပ်ပြီး နေရာယူသွားမှာကို စိုးရိမ်သောကြောင့်ဖြစ်သည်။
မကြာသေးခင်က စာကြည့်တိုက်မှ ဖုံးဝင်ရောက်ခဲ့သည်။ မြို့နယ်ကခေါ်လို့သွားခဲ့ကြောင်းနှင့် သူတို့ကိုအသိ မပေးလို့ဆိုတာတွေပြောဆိုခဲ့ကြောင်း ပြောလိုက်သည်။ သို့သော် သူတို့အဆိုအရတော့ မဆိုးဟုဆိုရပေလိမ့်မည်။ ဒီလောက်ကြီးကျယ်တဲ့ စာကြည့်တိုက်တွေဖွင့်လှစ်တာ နေ့စဉ်ထုတ်သတင်းစာကြီးတွေမှာ ထည့်ပေးချင်တဲ့အကြောင်း နှင့်၊ ပြန်လည်ဖွင့်လှစ်နိုင်ပါက ဖွင့်လှစ်ပေးပါရန်ဆိုတဲ့အထိ ပြောခဲ့ပါသည်။ နောက်တစ်ခုကတော့ မှတ်ပုံတင်ခြင်း ကိစ္စဖြစ်သည်။ ထိုအကြောင်းကို ပြောမည်ဆိုပါက သူတို့ ဖွင့်လှစ်ခဲ့သော ဇွဲ -ဆိုသော စာကြည့်တိုက်အကြောင်းကိုပါ ပြောပြဖို့လိုပါလိမ့်မည်။ ပြန်ကြားရေးဝန်ကြီးဆိုသူမှ လွန်ခဲ့သော ခြောက်နှစ်ခန့်က လာရောက်ပြီး ဖွင့်လှစ်ထားခဲ့သော ဇွဲ-ဆိုသော စာကြည့်တိုက်အမည်ဖြင့် စာကြည့်တိုက်ကို အုပ်စုစာကြည့်တိုက်အဖြစ် ဖွင်လှစ်ပေးထားခဲ့သော စာကြည့်တိုက်ကို အမည်ပေါက်ပြီး ဖြစ်ပါ၍ ထိုအမည်ဖြင့်သာ ဖွင့်လှစ်ရန်ပြောဆိုလာခဲ့သည်ဟုဆိုပါသည်။ အမှန်က ထိုစာကြည့်တိုက်မှာ နာမည်တောင်ကျန်ခဲ့သော စာကြည့်တိုက်မဟုတ်ပါ။ အခြားသော စာရွက်၊ စာတမ်း၊ စာအုပ် များနှင့် ပရိဘောဂ ပစ္စည်းများမှာ ငှါးရမ်းထားသော ပစ္စည်းများဖြစ်တဲ့အတွက် ပြန်လည်ယူဆောင်သွားခဲ့ ကြပါသည်။ သူတို့ပြန်ကြားရေးမှပေးထားခဲ့သော ပေါ်လစီစာအုပ်များသာ ရက်အနည်းငယ်အတွင်း ထိရှိခဲ့သည်ဟု ရွာသားများ အဆိုရသိရပါသည်။ သို့သော် သူ့အဆိုရကတော့ စာပေဟောပြောပွဲများနှင့် အခြားသော ကိစ္စရပ်များ လုပ်ဆောင်ရာ ၌ လွယ်ကူစေဖို့ မှတ်ပုံတင်ထား ရန်မှာခဲ့ကြောင်းပြောခဲ့သဖြင့် တင်ထားခဲ့လေသည်။ နောက်တစ်ခုကတော့ စာကြည့် တိုက်နာမည်ကိုတော့ မိမိဦးဇင်းဖြစ်တဲ့အကြောင်း စာရေးဆရာဖြစ်တဲ့အကြောင်း စသည်ပြောဆိုပြီး ပြင်ပေးရန် သူ့မှာသာတာဝန်ရှိတဲ့အကြောင်းစသည်ဖြင့် မိမိကိုသာ လွှဲချခဲ့သဖြင့် တစ်နှစ်ပြည့်လျှင် ဇွဲ အစား ထိုရွှေနံ့သာကိုသာ အတည်ဖြစ်အောင်လုပ်ပေးမည်ဖြစ်ကြောင်းစသည်ဖြင့် ပြောင်းပေးမည်ဟု သိရပါသည်။
မိမိတို့ ရပ်ရွာသည် အထက်ကပြောခဲ့သလို အခြားသောမိမိနောင်တော်များ လူတော်များရှိခဲ့သော်လည်း သူတို့သည် ရှေးရိုးစွဲ ကွန်ဆာဗေးတစ်များသာများကြပါသည်။ သူတို့ကိုလည်း အပြစ်မတင် ချင်ပါ။ သို့သော် မိမိထက် အစစ အရာရာအဆင်ပြေသော ရဟန်းတော်များရှိခဲ့သော်လည်း သူတို့မလုပ်ခဲ့သောကြောင့် မိမိသည်လူငယ် ဖြစ်သော်လည်း မိမိရှိသော ငွေကြေး၊ စာအုပ်များဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါသည်။ နောက်တစ်ခုကတော့ မိမိသည် စာရေးဆရာဖြစ်၍ စာပေအသိုင်းအ၀န်းမှာ အယ်ဒီတာများ၊ ထုတ်ဝေသူများ ၊ အခြားသောဝန်ထမ်းများနှင့် တော်တော် လေးရင်းနှီးခဲ့သောကြောင်း စာအုပ်များ၊ ဂျာနယ်များကို လှူဒါန်းကြသဖြင့် စာရွက်စာတန်းများတော်တော် ပေါများ နေခဲ့ပါသည်။ ပြီးခဲ့တဲ့လကလည်း မိမိနှင့် အခြားမိမိကဲ့သို့ လူမှူရေး စိတ်ရှိသော ရဟန်းငယ်နှစ်ပါး စုပေါင်းလျှက် ငွေခြောက်သောင်းကျော်ဖိုး ၀ယ်ပေးလိုက်ပါသည်။ ယခု ငါးလကျော်ကျော်သာ ရှိနေသေးသော်လည်း စာအုပ်များ ၂၅၀၀-ကျော်ရှိသွားပြီ ဖြစ်ပါသည်။ အသင်းဝင်ဦးရေမှာလည်း ၂၀၀-ကျော်လာပါပြီ။ (စာကြည့်တိုက် မှတ်တမ်းတင်ဓာတ်ပုံ များကို နောက်ဆက်တွဲအဖြစ် တင်ပြထားပါသည်။)


Situation Analysis:(3)

စာကြည့်တိုက်ကို ရည်ရှည်တည့်တန့်နိုင်ဖို့ မိမိတတ်နိုင်သော ငွေကြေးများ ၊ ပရိဘောဂများဖြင့် လိုအပ်သလို ဖြည့်တင်းပေးနေခဲ့ရသည်။ ထိုကဲ့သို့ တစစကြီးကျယ်လာသော စာကြည့်တိုက်ကို ကြည့်ပြီး ၀မ်းသာပီတိဖြစ်ရပါသည်။ တစ်ခါတလေတော့ ငါဒါကြီးကိုဆက်လက် ထောက်ပံ့နိုင်ပါ့မလားဟူသော စိုးရိမ်စိတ်များတော့ဖြစ်မိပါသည်။ အထက် ကဆိုခဲ့သလို ရွာသူ၊ရွာသားများနှင့် အုပ်စုတွင်းရှိကျေးရွာများသည် တောင်သူများသာဖြစ်၍ တစ်နေ့လုပ်တစ်နေ့စား ဘ၀ဖြင့်ဘ၀ကိုဆက်လက် ရပ်တည်နေကြရသည်။ သို့အတွက် သူတို့ထံမှလဲ ဆပ်ကျေးဆန်ဆန် ငွေခွဲခြင်းမျိုးကို မလုပ်ချင်ခဲ့ပေ။ အချို့သော ငွေရှိသော ရဟန်းများရှိသော်လည်း သူတို့သည် လူမှုရေးကို ရဟန်းသံဃာတော်များ နှင့်မဆိုင်ဟူသော ရှေးရိုးစွဲ ကွန်ဆာဗေးတစ်များသာများနေ၍ သူတို့ထံမှလည်း သွားရောက်အလှူခံမှုမျိုးကို လုပ်လို့မရပေ။ မိမိသည် စာရေးဆရာဖြစ်၍ ပြီးခဲ့သောနှစ်က ဂျာနယ်တစ်ခုတွင် ပင်တိုင်ရေးခဲ့သော လူငယ်များ အတွက် ဦးစားပေးရေးခဲ့သော ပေးစာဆောင်းပါးများကို ငွေကြေးချေးကာ လုံးချင်းတစ်အုပ်ထုတ်လိုက်ပါသည်။ ကံကောင်းသည်ဟု ဆိုရပါမည်။ ထိုစာအုပ်သည် တော်တော်လေးအမြတ်အစွန်းရခဲ့သည်။ အမှန်တိုင်းဆိုရလျှင် ထိုစာအုပ်မှရသော ငွေကြေးများစွာနှင့် စာကြည့်တိုက်ကို တည်ထောင်ခြင်း၊ အခြားယဉ်ကျေးမှုသင်တန်းဖွင့်လှစ်ခြင်း၊ အင်္ဂလိပ်စာ သင်တန်းများ ဖွင့်လှစ်ခြင်းတို့ကို အရင်နှစ်များစွာကတည်းက လုပ်ခဲ့ပါသည်။ ယခုဆိုလျှင် သင်တန်းသား ၄၂၆-ယောက်ထိ များပြားလာပါသည်။ အမှန်တိုင်း ၀န်ခံရလျှင် သင်တန်းသားများ ထိုထက်များလာနိုင်သည်။ ပြီးခဲ့သောနှစ်ကဆိုလျှင် လေးတန်းအောက် ကလေးငယ်များကို လုံးဝလက်မခံနိုင်ခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် အဆောက်အဦးစာသော နေရာအခက်အခဲများနှင့် ပရိဘောဂစသော အသုံးအဆောင်ပစ္စည်းများ မလုံလောက်မှု ကြောင့် ဖြစ်ခဲ့ရပါသည်။ ယခုနှစ် တစ်နှစ်ပြည့်လျှင် စာပေဟောပြောပွဲ ကျင်းပနိုင်အောင် အားထုတ်နေခြင်းဖြစ်သည်။ သို့သော် ထိုကိစ္စကို မိမိတတ်နိုင်မှာမဟုတ်မည်ကို စိုးရိမ်နေရသည်။ အဘယ့်ကြောင့်ဆိုသော် ရံပုံငွေကအနည်းသာ ရှိနေခဲ့သည်။ သို့သော် မိမိအစွမ်းအစကို အားပြိုင်နေခဲ့သည်ဟု ယူဆပြီး မဖြစ်ဖြစ်အောင် လုပ်ဖို့ကြိုးစားနေခဲ့သည်။ နောက်တစ်ချက်မှာ အဖွဲ့ဝင် ၂၀-ကျော်ပါသော ကော်မတီအဖွဲ့မှာ အရေးကြီးဆုံး ကိစ္စဖြစ်သော စာကြည့်တိုက်မှူး နှစ်ယောက်သည် စေတနာဝန်ထမ်းများဖြစ်သော်လည်း သူတို့သည်နေ့စဉ်ရက်ဆက် စာကြည့်တိုက်ကြီးကို ပင်မထမ်း ဆောင်နေကြသူများသာဖြစ်သည်။ မိမိသည်က ရန်ကုန်မှသာကြိုးကိုင်လျှက် ဖြေရှင်းပေးနေခဲ့ရသည်။သို့အတွက် အိမ်အလုပ်ပျက်ခံလုပ်နေကြသော အဆိုပါစာကြည့်တိုက်မှူးများအား လစဉ်ကြေးမဟုတ်သော်လည်း တစ်နှစ်တစ်ခါ လောက်တော့ ငွေကြေးနှင့်အသုံးအဆောင်များကို တတ်နိုင်သလို ချီးမြှင့်ထောက်ပံ့မှုများ လုပ်ချင်ပါသည်။ သို့သော် ရံပုံငွေတောင့်တင်းမှု အားနည်းနေမှုများ ဖြစ်နေခဲ့ရပါသည်။ သို့သော် ထိုကိစ္စကိုလည်း မိမိတတ်နိုင်သလို ဖြေရှင်း သွားဖို့ ကြိုးစားနေခဲ့ပါသည်။ စာကြည့်တိုက်အနေဖြင့် စာအုပ်များကိုတော့ တော်တော်လေး လုံလောက်မှုနှင့် များသထက်များအောင် ကြိုးစားနေခဲ့ရပါသည်။ ထိုကိစ္စကိုကား လွယ်ကူစွာဖြေရှင်းနိုင်ခဲ့ပါသည်။ မိမိနှင့်အကျွမ်း ၀င်သော စာပေအသိုင်းဝန်း၏ အထောက်ပံ့ကို အမြဲတန်းရနေသော ကြောင့်ဖြစ်ပါသည်။ အကျဉ်းချုပ်ရလျှင် မိမိ တစ်ဦးတည်း၏အားကိုးသာ အားကိုးနေကြရခြင်း။ စာကြည့်တိုက်သည် တစ်နေ့တစ်ခြား အသင်းဝင်များ စာအုပ်စာ အုပ်စာတမ်း တိုးတက်လာနေခြင်း၊ အဆောက်အဦး အခိုင်အမာရှိပြီးဖြစ်နေခြင်း၊ ရာသီဥတုကိုသာ အားကိုးနေရသော ကျေးလက်နေပြည်သူများထံမှ ဖြစ်နိုင်လျှင် စေတနာဖြင့် လှူဒါန်းမှုလောက်သာ လက်ခံလိုခြင်း၊ အခြားကောက်ခံခြင်း မျိုးကို ဘယ်လိုသောနည်းနှင့်မျှ မလုပ်ဆောင်လိုခြင်း - စသော ပြဿနာများ မူဝါဒများစွာဖြင့် ခရီးဆက်နေပါသည်။ အခြားခြားသော သင်တန်းမျိုးစုံကိုလည်း ကျေးရွာဖွံ့ဖြိုးမှုများဖြစ်စေမည့် အချက်များကိုသာ ရေရှည်ရှေ့ရှူလျှက် လုပ်ဆောင်သွားနိုင်ရန် စိုင်းပြင်နေခဲ့ပါသည်။ (ထိုကိစ္စများကို မှန်ကန်မှု၊ရှိ-မရှိဆိုသာသိချင်လျှင် ကွင်းဆင်း ကြည့်ရှူလေ့လာနိုင်ပါ သည်၊မြေပုံကိုလည်း သိရှိနိုင်ရန် အကျဉ်းမျှ တင်ပြလိုက်ပါသည်)


Strength
*နေရာ အတည်တကျရှိပြီး
*membersများရှိပြီး
*စေတနာရှင် ၀န်ထမ်းများ
ရှိပြီး။
*စာအုပ်စာတမ်းများရှိပြီး
*ပရိဘောဂများရှိပြီး
*အဆောက်အဦးရှိပြီး
*အဖွဲ့ဝင်များရှိပြီး
*စာကြည့်တိုက်မှူးများရှိပြီး
*ဘဏ္ဍာရေးမှူးများရှိပြီး
*စာရင်းစစ်များရှိပြီး
*အုပ်ချုပ်မည့်နာယက
ဆရာတော်များရှိပြီး
*ပလပ်စတိတ်လောင်း
စက်ရှိပြီး
*ဖြတ်စက်ရှိပြီး
*ID-cardsများရှိပြီး
*အသင်းဝင်ကဒ်များရှိပြီး
*လစဉ်အလှူရှင်ထိုက်သင့်
သလောက်ရှိပြီး
*တရားဝင်မှတ်ပုံတင်ထား
ပြီးဖြစ်ခြင်း
*ယဉ်ကျေးမှုသင်တန်းဖွင့်
လှစ်ထားခြင်းရှိပြီး
*အင်္ဂလိပ်စာ သင်တန်းဖွင့်
လှစ်ထားခြင်းရှိပြီး
*အနာဂတ်မှာ ဖြစ်ပေါ်လာ
သော ပြဿနာရပ်များကို
ရင်ဆိုင်နိုင်ရန်နှင့် ရည်ရှည်
တည်တန့်နိုင်ရန် မျှော်လင့်
ချက်များ၊plan-များ အစဉ်
တစိုက်ရေးဆွဲထားပြီးခြင်း
စိတ်ဓာတ်ခွန်အားများ အ
ခိုင်အမာရှိပြီးခြင်း။


weakness
* ပရိဘောဂများရှိပြီးဖြစ်သော်
လည်းစာအုပ်စာတမ်းများတဖြေးဖြေးများလာသဖြင့်မလုံလောက်ခြင်း။
* စာကြည့်တိုက်မှူးနှစ်ယောက်
သည်စေတနာဝန်ထမ်းများ ဖြစ်
သော်လည်း တစ်နှစ် တစ်ခါသူ
တို့တို့ကိုဆုအဖြစ် တတ်နိုင်သ
လောက်ချီးမြှင့်ချင်သော်လဲ
ဘဏ္ဍာငွေ နည်းပါးနေခြင်း။

* နှစ်စဉ်စာပေဟောပြောပွဲများ
လုပ်ချင်သော်လည်း ငွေကြေး
မပြည့်စုံဖြစ်နေခြင်း။

* သင်တန်းများ ထပ်မံတိုးချဲ့ချင်သော်လည်း အဆောက်အဦး
နှင့်ပရိဘောဂများလိုအပ်နေ
ခြင်း။
*အသင်ဝင်များ၊အဖွဲ့ဝင်များ အနေဖြင့် တစ်ခါတစ်ခါ ဆွေးနွေး ပွဲများကျင်းပခြင်း၊လုပ်ဆောင် ခြင်းများကို မှတ်တမ်းတင် နိုင်ထားမှုအားနည်းခြင်း ထိုကိစ္စများဝယ် ဓာတ်ပုံရိုက်ခြင်း အသံဖိုင်သွင်းထားခြင်း စသော အရာများပါဝင်နေပြီး ထိုကိစ္စ မျိုးကိုဆောင်ရွက်ရာ၌ လိုအပ် သောပစ္စည်းများ မရှိသေး၍ အားနည်းနေခြင်း။
*စာအုပ်များမှတ်တမ်းတင်ရာ၌ လုပ်ဆောင်နည်းများ၊ စာရင်း အင်းအတတ်ပညာများ၌အား နည်းနေခြင်း။

opportunity
* စာကြည့်တိုက်ဖွင့်ပြီး ဖြစ်၍ လူငယ်များ စာပေများ အစဉ်
တစိုက် ဖတ်လာခြင်း။
* အနာဂတ်ခေါင်းဆောင်နိုင် သူများကို မွေးထုတ်ပေးနိုင် မည်ဖြစ်ပြီး၊ကြောက်စိတ်ဖြင့် ၀န်းရံနေသော ခေတ်ကာလ ကို အသိပညာရှိရှိဖြင့် ကျော် ဖြတ်သွားနိုင်ခြင်။

* အနာဂတ်ပျောက်နေသော လူငယ်များသည် စာပေမှတ ဆင့် မိမိဘ၀ကို စစ်မှန်သော လူသားတစ်ယောက်ဖြစ်လာ ရန်နှင့်၊မိမိကိုယ်ကိုယ်တန်ဖိုး ထားတတ်လာခြင်း။

* အရွယ်မရောက်သူများ အလုပ်ကြမ်း ၀င်လုပ်ခြင်းကို စာဖတ်ခြင်းမှ အသိဥာဏ်များ ရရှိစေလာပြီးနည်းပါးလာခြင်း။

* တိုးတက်ပြောင်းလဲနေသော ခေတ်ကာလ အခြေအနေအ ရပ်ရပ်ကို စာဖတ်ခြင်းမှသိရှိ လာနိုင်ပြီး ကမ္ဘာနှင့်ရင်ပေါင် တန်းလာနိုင်ခြင်း။
* အမှန်တရားကို ထုတ်ဖော် ခွင့်မရဘဲ၊ ကြောက်စိတ်ဖြင့် ချောက်လှန့်ထားမှုများကို ကျော်လွှားနိုင်ပြီး အမှန်တရား ကိုထုတ်ဖော်ရဲလာခြင်း။

* အချင်းချင်းညီညွတ်စိတ်၊စု ပေါင်းလုပ်ကိုင်လိုစိတ်ကြောင့် ရရှိသောအသီးအပွင့်များကို တန်ဖိုးရှိရှိနားလည်လာစေရန်။

threat
* စာကြည့်တိုက်ဖွင့်စဉ်အခါက အထက်ကို မဖိတ်သဖြင့် စာပေဟောပြောပွဲများကို အငြိုးထား၍ ပိတ်ပင်မှု ရှိလာနိုင်ခြင်း။

* အညာသူ၊အညာသား များသည်၊အထက်မှဆိုလျှင် အသိဥာဏ်နည်း ပါးမှုကြောင့်ကျေးရွာဥက္ကဌ မှစ၍ ကြောက်ရွံ့နေရသဖြင့် လုပ်ချင်တာများကို ပိတ်ပင်မှုများရှိလျှင် ကြောက်စိတ်ရှိနေကြရခြင်း။

* ခေတ်ကာလအခြေအနေ
အရ သင်တန်းများကို ဖွင့်လှစ်ရာ၌မည့်သည့် သင်တန်းမျိုးကိုမဆိုဖွင့် လှစ်လိုလျှင်အနည်းဆုံး မျိုးနယ်အဆင့်လောက် ထိအသိပေးနေရသဖြင့် သင်တန်းများဖွင့်လှစ်ရာ၌ တားမြစ်ပိတ်ပင်မှုများရှိ နေခြင်း။

* လုပ်ချင်တာများနေပြီး ရံပုံငွေလုံလောက်မှုများ အားနည်းနေရခြင်း။

*အချို့လုပ်နိုင်သူများ သည်၊လုပ်ချင်သူများကို မကူညီတဲ့အပြင်၊အ နှောက်အယှက်မျိုးစုံ၊အ ပြစ်တင်မှုမျိုးစုံဖြင့် ဝေဖန် မှုများရှိနေခြင်း။

Problem Analysis(1)
တစ်နေ့ထက်တစ်နေ့ ပိုမိုကာ ကမ္ဘာကြီးသည် အိုဇုန်းလွှာပါးလာမှုဟူသော ဆိုးမွေကိုလူးလဲကာ ခံစားနေခဲ့ရ သည်။ သဘာဘေးအန္တရာယ်များသည်လည်း တစ်စထက်တစ်စ မိုးသည်းထန်ရွာခြင်း၊ နေလွန်စွာပူပြင်းလာခြင်း၊ အချို့နေရာများ၌ လွန်စွာမှအေးခြင်းဟူသော ရာသီဥတု၏ နှိပ်စက်မှုဒဏ်ကို အန်တင်းလျှက်ခံစားနေခဲ့ကြရသည်။ ထိုထက် ပိုဆိုးသည်မှာ ခေတ်ကာလအခြေအနေကျဉ်းကျပ်ထဲ လူသားများ စက်ရုပ်ဆန်ဆန် ရုန်းကန်နေခဲ့ကြရ သော်လည်း လုပ်အားထက် အဖိုးအခနည်းပါးခြင်းဟူသော ပြဿနာအရပ်ရပ် တို့ကိုလည်း ခံစားနေခဲ့ကြရသည်။ ထိုထဲတွင် မိမိတို့ အညာသူ၊အညာသားများသည် မိရိုးဖလာဖြစ်သော လယ်တောထဲမှာသာ နေ့စဉ်နှင့်အမျှ ရာသီကို အန်တုလျှက် ခက်ခဲပင်ပန်းပြင်းထန်စွာ ရုန်းကန်နေခဲ့ကြရသည်။ တစ်နေ့ဝင်သောငွေကြေးများဖြင့် မိသားစုစား ၀တ်နေရေးများကို ဖြေရှင်းနေရဆဲပင်ဖြစ်သည်။ ထိုထဲတွင် အထက်မှခွဲသော ဆပ်ကြေးများ၊ ဘာသာရေး၊ လူမှုရေး-စသော ကိစ္စရပ်တိုင်းလိုလို ဆပ်ကြေးအဖြစ်ခွဲခံ နေခဲ့ကြရသည်။ သူတို့သည် အလုပ်ကိုပင်ပန်းတကြီး လုပ်နေခဲ့ကြ သော်လည်း အပိုအလျှံငွေကြေးဆိုသူမှာ တောင်သူကြီးဆိုသူများသာ အနည်းစုလောက်ရှိခဲ့ကြသည်။ သို့သော် သူတို့သည် ဘ၀ကိုခင်တွယ်နေခဲ့ကြသည်မှာ သာယာကြည်နူးဖွယ်ဖြစ်သည်။ ဘာကိုမှမျှော်လင့်မထားခဲ့လား မပြော တတ်။ နေပျော်ပျော်နေခဲ့ကြသော်လည်း မိမိတို့လို မြို့ပြမှာ အခြေချပြီး ပညာသင်ကြားသူများ ရပ်ရွာသို့ နွေရာသီ ကျောင်းပိတ် ပြန်ခဲ့ကြလျှင် သနားစရာကောင်းသော ရွာသူ၊ ရွာသားများစွာကို တွေ့မြင်ခဲ့ရသည်။ တစ်နေ့ကျရင် ငါရပ် ရွာကို ဘာလုပ်ပေးရမည်ဟူသော အတွေးများ ငယ်စဉ်တောင်ကြေး ကလေးဘ၀ကပင် သန္ဓေတည်လာခဲ့ပါသည်။
မိမိတို့ကျေးရွာများသည် မုံရွာမြို့နှင့် မိုင်သုံးဆယ်လောက်ဝေးသော်လည်း တစ်နေကုန်အောင်သွား နေကြရ သည်။ အဘယ့်ကြောင့်ဆိုသော် ကားလမ်းအခိုင်အမာရှိသော်လည်း လမ်းများသည်သွားမဖြစ်အောင် ပျက်စီးယိုယွင်း မှုများဖြစ်နေခဲ့သည်။ ကားလမ်းသည် ဒုတိယကမ္ဘာစစ်က စစ်လျှော်ကြေးအဖြစ် ခင်း ထားသော ကားလမ်းကြီးဖြစ် သော်လည်း အစိုးရမှလည်း နည်းနည်းမှပြုပြင်ခြင်းမရှိ။ ပို၍ဆိုးရွားသည်မှာ တံတားများသည် အားလုံးလိုလိုကျိုပျက် နေခဲ့ခြင်းကြောင့်ဖြစ်သည်။ သို့အတွက် အလွန်ဝေးသောအရပ်များမှ ကွေ့ပတ်ခါ မောင်းနှင်နေကြရခြင်းဖြစ်သည်။ ယမားဆည်ကိုဖောက်ထားသော ဆည်ပေါင်များအတိုင်းသွား နေကြရသည်။ ဆည်ပေါင်လမ်းများသည် မြေသားများ ဖြစ်၍ မိုးတွင်းဖြစ်၍ ကားသွားလို့လုံးဝမဖြစ်ပေ။ သို့အတွက် ဆေးရုံဆေးခန်းများမရှိသော ကျေးလက်ဒေသများသည် မိုးတွင်းဖျားနာလျှင် မသေသင့်ဘဲသေနေခဲ့ရသည်မှာ ယခုထက်တိုင်ဖြစ်သည်။ ယခုတော့ ရဟန်းတော်များ ဦးဆောင် လျှက် ထိုလမ်းများကို စတင်ခင်းခြင်း၊ တံတားအသစ်တည်ဆောက်မှုများ စတင်ခြင်းများ ပြုလုပ်နေခဲ့ပါသည်။ ထိုလမ်းသည် အလောင်းတော်ကဿပတို့သွားရာ၌လည်း အသုံးပြုနေရသော လမ်းဖြစ်ပါသည်။ ယခု ကျေးလက်နေ လူများသည် အနှစ်နှစ် အလအလ စုဆောင်းထားသော ငွေစကြေးစများဖြင့် ဆိုင်ကယ်တစ်စီးဝယ်ဖို့ လုပ်နေခဲ့ကြ ရသည်။ ဆိုင်ကယ်များဖြင့် နွေမိုးဆောင်း တော်တော်လေးအသုံးဝင်နေ၍ တော်သေးသည်ဟု ဆိုရပေမည်။ သို့သော်လည်း ထိုဆိုင်ကယ်များသည်လည်း မတန်တဆဈေးပေးဝယ်ကြရခြင်းဖြင့် လွန်ခဲ့သောနှစ်နှစ်ခန့်လောက်မှ စတင်နိုင်ခဲ့ ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့သော အခြေအနေအရပ်ရပ်များဖြင့် နေ့စဉ်ရက်ဆက် ခရီးဆက်နေကြရသော အညာသူ၊ အညာသားများ၏ ဘ၀သည် ဘယ်လောက်တိုးတက်နေသောခေတ်ဟု ကြွေးကြော်နေခဲ့ကြသော် လည်း၊ တော်ဖလာပြောခဲ့သောလှိုင်းသုံးလှိုင်းထဲဝယ် ပထမလှိုင်းထဲမှာသာ ဘ၀ကိုမြှပ်နှံလျှက် နေနေခဲ့ကြဆဲဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာများ မည်မျှပင်အသံကောင်းဖြင့် ဟစ်အော်နေခဲ့သော်လည်း တစ်ရွာနှင့်တစ်ရွာ ရွံ့နွံ အထပ်ထပ် ဖြတ်လျှောက်လျှက် ခရီးသွားနေခဲ့ကြရသေးသည်။ အသိပညာနည်းပါးမှုများသည်လည်း သူတို့ဘ၀များ အား ဒုက္ခနွံထဲက ဆွဲမထုတ်နိုင်ခဲ့ကြခြင်းဖြစ်သည်။



Problem Analysis(2)
မိမိတို့နွေရာသီ ကျောင်းပိတ်လျှင် ကျေးရွာများကို ဟိုယခင်တစ်နှစ်တစ်ခါလောက်သာ ပြန်ခဲ့ကြရသည်။ ထိုကဲ့သို့ ပြန်ခဲ့လျှင်လည်း ခွင့်ရက်ဖြင့်နေချင်သလောက်နေလို့ မရခဲ့ပေ။ လွန်ခဲ့သောခြောက်နှစ်လောက်က ရွာကိုပြန်သွားတော့ ရွာသားများအပေါ် အုပ်စုစာရေးဆိုသူ၏ ရွာသူ၊ရွာသားများပေါ် ပဲတောင်းသည်ကို မပေးနိုင် ၍ဆိုပြီး အိမ်ပေါ်တက်ရိုက်သည်ထိ မြင်ကွင်းမျိုးကို ကိုယ်တိုင်ကြုံ၊ကြားသိခဲ့ရသည်။ သို့အတွက် သနားစရာကောင်း သော ရွာသားများသည် ထိုစဉ်ကအဘယ့်ကြောင့် ခေါင်းငုံခံခဲ့ရသနည်းဟု ကိုယ်တိုင်မေးလျှက် အဖြေများ ကိုရှာဖွေ ခဲ့ဘူးသည်။ ထိုကိစ္စများကို စိစစ်ကြည့်လိုက်တော့ အသိပညာနည်းပါးမှုကြောင့်ဟု တရားခံအစစ်ကို ရှာဖွေတွေ့ ရှိခဲ့ပါသည်။ သို့အတွက် ငယ်စဉ်တောင်ကြေး ကိုရင်ငယ်ဘ၀မှ စတင်စုဆောင်းထားခဲ့သော စာအုပ်နှစ်ထောင်နှီး ပါးဖြင့် စာကြည့်တိုက်ကို ပြီးခဲ့သော မေလ(၁၉)ရက်နေ့၊ ကဆုန်လပြည့်နေ့မှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ နံ့သာကုန်းကျေးရွာအတွင်းရှိ ကမ္ဘာ့ရန်ကင်းကျောင်းတိုက်အတွင်းမှာ နာယကဆရာတော်များ၏ သြ၀ါဒကိုခံယူကာ မိမိကိုယ်ပိုင်စာကြည့်တိုက်ကို မိမိကလောင်နာမည်ဖြစ်၏ နောက်ဆက်တွဲဖြစ်သော ရွာကိုယ်စားပြု ရွှေနံ့သာ-ဟူသောနာမည်ကို ယူကာဖွင့်လှစ်ပေးခဲ့ပါသည်။ ယခုသော်ကား တစ်နှစ်မျှပင်မပြည့်သေးသော်လည်း စာကြည့်တိုက် သည် အသင်းဝင်နှစ်ရာကျော်ဖြင့် တော်တော်လေး ခရီးရောက်နေခဲ့ပါသည်။
ထိုစာကြည့်တိုက်ဖွင့်ပွဲ အကြောင်းကို ပြန်ပြောရလျှင် မြို့နယ်မှ ဒီလောက်ကြီးကျယ်ခမ်းနားသော စာကြည့် တိုက်ဖွင့်တာ အဘယ့်ကြောင့်သူတို့ကို မဖိတ်ခဲ့သနည်း။ သူတို့က ဒီလိုကြီးကျယ်သော စာကြည့်တိုက်တွေကို သတင်းစာများမှာ ခမ်းခမ်းနားနား ဖော်ပြပေးချင်လို့ ဟူသောအဖြေများ၊ တုန့်ပြန်ချက်များဖြင့် အပြစ်တင်မှုများ၊ ရှိခဲ့ပါ သည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့သည် ကလေးငယ်ဘ၀မှပင် စုဆောင်းထားခဲ့သော စာအုပ်များ၊ငွေကြေး များဖြင့် ကိုယ်တိုင်တည်ထောင်ခဲ့သော စာကြည့်တိုက်ကိုဖွင့်လှစ်ခြင်းဖြစ်သည်။ အကယ်၍ သူတို့ကိုဖိတ်ကြား မည်ဆိုလျှင် လူကြီးများလာတယ်ဆိုပြီး ရွာသူတွေဒုက္ခရောက်မှာတစ်ကြောင်း ဒုက္ခဆိုသည်မှာ အထက်လူကြီးဖြစ် သော မြို့နယ်လူကြီးလောက်လာသော်လည်း နေဖို့၊ ထိုင်ဖို့၊ စားဖို့၊ သောက်ဖို့-ဆိုတာ တွေအားလုံး လုပ်ပေးရသဖြင့် ဒုက္ခရောက်မည်ကိုဆိုလိုသည်။ နောက်တစ်ချက်ကတော့ မိမိသည်ချွေးနည်း စာလေးများဖြင့် မစားရက်၊ မသောက် ရက် ချွေချွေတာစုဆောင်းပြီး ၀ယ်ထားသောစာအုပ်များကို အနှစ်နှစ်အလလ စုဆောင်းခဲ့သည်ကို သူတို့သိမည် မဟုတ်၊သူတို့ကတော့ တစ်ရက်တည်းလာပြီး နာမည်ကောင်းယူသွားပြီး သူတို့ဖွင့်လှစ်ပါတယ်ဆိုပြီး လုပ်မှာမျိုးကို မလိုလားသောကြောင့် ဖိတ်မံချင်းဆိုတာတွေ မလုပ်ဘဲ ရွာသူ၊ ရွာသားများ အခြားခြားသော စာပေချစ်သူများကို ဟစ်အော်ပြီး မိမိဘာသာ စာကြည့်တိုက်ဖွင့်လှစ်ရခြင်းအကြောင်းများ ဟောပြောလျှက် ဖွင့်ခဲ့ပါသည်။
ယခုသော်ကား အဖွဲ့ဝင်များ အခိုင်အမာဖွဲ့စီး ထားနိုင်ခဲ့ပြီး၊ လိုအပ်သော ပရိဘောဂများကိုလည်း ကိုယ်တိုင် လိုအပ်ရင်သလို ရန်ကုန်မှာ လူကြုံရှိတိုင်းလိုလို ၀ယ်ပေးနေခဲ့ခြင်း၊ ပြီးခဲ့သောလက မိမိနဲ့စိတ်တူ၊ကိုယ်တူ သူငယ်ချင်း ရဟန်းငယ်နှစ်ပါးဖြင့် စုပေါင်းကာ စာအုပ်(၃၀၀)ကျော် ထပ်မံဝယ်ပေးလိုက်ပါသည်။ နောက် မိမိနောက်ထပ် ထုတ်ဝေမည့် စာအုပ်အတွက် ထားခဲ့သောငွေများဖြင့် အခြားလိုအပ်သော ID-ကဒ် နှစ်ရာ၊အခြား စာကြည့်တိုက်အသုံး ၀င်မည့် ကတ်ကြေး၊ ဗလာစာအုပ်၊ဖလင်-စသော ပစ္စည်းကိရိယာများကိုလည်း အဆင်ပြေရင် ပြေသလို အခက်အခဲမျိုး စုံကြားထဲမှ ဖြေရှင်းပေးနေခဲ့ရပါသည်။ ထိုကဲ့သို့သော အခက် အခဲမျိုးစုံများကို ဖြေရှင်း နိုင်သော်လည်း အခြားအခြား သော ကြီးမားသောကိစ္စများကိုကား မိမိတစ်ပါးတည်း မတတ်နိုင်သည်များလည်း များစွာရှိနေခဲ့ရပါသည်။ ဥပမာ-စာကြည့်တိုက်အတွင်း ရှိသင့်သောကွန်ပျူတာ၊ နောက်တစ်ခုကတော့ မှတ်တမ်းတင်ထားမှုများ လုပ်ရန် ဗွီဒီယိုကင် မရာ၊ ဒီဂျစ်တယ်ကင်မရာစသော ပစ္စည်းများကိုကား မစွမ်းဆောင်နိုင်သေးပါ။



Problem Analysis(3)
နောက်များစွာသော ဒုက္ခပေါင်းထဲမှ အဖြစ်ချင်ဆုံးလိုအပ်ဆုံး မဖြစ်ဖြစ်အောင်လုပ်ချင်နေခဲ့သော ကိစ္စတစ် ရပ်မှာ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ လုပ်ချင်နေခဲ့သည်။ မိမိတို့ရွာသို့ စာရေးဆရာ တစ် ယောက် ရန်ကုန်မှခေါ်သွားဖို့ အနည်းဆုံး လေးငါးသောင်း အထက်မှာသာရှိနေခဲ့သည်။ သူတို့ကိုခေါ်ပြန်လျှင်လည်း အနည်းဆုံးတော့ နှစ်ယောက်လောက်ခေါ်မှဖြစ်မည်။ ထိုကဲ့သို့ အပြန်အသွားစ ရိတ်များနှင့်ကန်တော့ကြေးများ၊ နေထိုင်စဉ်ကုန်ကျစရိတ်များ-စတာတွေကို မိမိတစ်ပါးတည်းဖြင့် တော်တော်လေးကို ရုန်းကန်နိုင်မှဖြစ်မည်ထင်သည်။ ရွာသားများထံမှ ငွေကြေးခွဲခြင်းမျိုးသည် လုံးဝကိုမလုပ်ချင်သော ကိစ္စရပ်ဖြစ်သည်။ သို့သော် မိမိတို့တစ်ခုစဉ်းစား ထားသည်မှာ ရံပုံငွေအတွက် အင်ကျီးများကို စာကြည့်တိုက် တံဆိပ်ရိုက်နှိပ်လျှက် ရောင်းချရန်တော့ စီစဉ်ထားသည်။ ထိုကိစ္စများကိုလည်း အဖွဲ့ဝင်များ၊အသင်းဝင်များနှင့် အားလုံးကို အသိပေးပြီး လုပ်ဆောင်ရန်စီစဉ်ထားခဲ့သည်။ ယခုထိ တော့ အကောင်အထည်မဖော်နိုင်ခဲ့ သေးပေ။
နောက်တစ်ခုကတော့ လုပ်နိုင်သူများသည် များသောအားဖြင့် ဘုန်းတော်ကြီးများစွာရှိပါသည်။ သူတို့သည် မိမိထက်အားလုံးလိုလိုကြီးမားသော အတတ်ပညာပိုင်း၊ငွေကြေးအင်အားပိုင်း၊ အသက်ဂုဏ်ဝါ သိက္ခာပိုင်းအားဖြင့် သာလွန်သူများဒုနှင့်ဒေးရှိခဲ့ပါသည်။ သို့သော်သူတို့သည် ဘာမှရပ်ရွာကို ပြန်ကြည့်ခဲ့တာ မရှိကြပါ၊ ကိုယ်ပိုင်သော၊ ကိုယ်ထိုင်နေသော ကျောင်းကန်များကိုသာ ရှိသရှိအောင် ပြုပြင်ခြင်း၊ဆောက်လုပ် ခြင်းများဖြင့်သာ အချိန်ကုန်နေ ကြသည်။ သို့သော် ထိုကိစ္စကိုကား သူတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်နေ၍ အပြစ်တင်ခြင်းမျိုးမရှိပါ။ သို့သော် သူတို့သည် မိမိတို့မလုပ်ချင်သော် လုပ်ချင်သူများ၊လုပ်နေသူများကိုကား အထောက်အပံ့မပေးခြင်း၊ အားပေးခြင်းများ မရှိတဲ့အပြင် ပို၍ဆိုးရွားသည်မှာ အပြစ်တင်လိုသည့်လေသံများ ဖြင့် ပြောဆိုလာသံများကို ကြားနေခဲ့ရသည်။ မိမိတို့ သာသနာလောကတွင်လည်း အရမ်းရှေးရိုးစွဲဆန်သော ရဟန်းသံဃာတော်များ အခုထိရှိနေသေးပါသည်။ ထိုထဲတွင် သူတို့လည်းပါဝင်ကျပါသည်။ သူတို့ ယူဆသော၊ကိုင်စွဲထားသော ကွန်ဆာဗေးတစ်အတွေးခေါ်သည်ကား ရဟန်းဆို တာ ဂန္ထဓူရ၊၀ိပဿနာဓူရဆိုတဲ့ စာပေများသင်အံပို့ချခြင်း၊ တရားများဟောပြောပြသခြင်းဆိုတဲ့ ၀ိပဿနာဓူရ လောက် သာပြောနေကြပြီး အခြားသော ဘာသန္တရ စာပေလေ့လာခြင်း၊ ဥပမာ-အင်္ဂစာပေများ လေ့လာခြင်းများကို တိရစ္ဆာန ကထာ-ဆိုတဲ့ လေသံများလွှင့်ခြင်း၊ နောက် ထိုကဲ့သို့သောလူမှုရေး လုပ်ငန်းဆိုတာ ရဟန်းသံဃာတော်များ၏ တာဝန် မဟုတ်ဟူသော လေသံကောင်းများ လွှင့်နေကြခြင်းမျိုးဖြင့် ဒုက္ခပေးသံများ ဝေစီနေအောင် ကြားနေခဲ့ရသည်။
ကွန်ပျူတာသင်တန်းများ၊ အခြားသော အားစကားပြိုင်ပွဲများ၊ စာအုပ်များ များပြားလာတဲ့အတွက်စင်များ ထပ်ရိုက်လိုခြင်း၊ လစဉ်ထုတ်မဂ္ဂဇင်းများ ထပ်မံအားဖြည့်ဖို့-သော ကိစ္စရပ်များ လုပ်လိုသော်လည်း ရံပုံ ငွေအားနည်း နေသဖြင့် စိတ်သာရှိသော်လည်း လက်တွေ့အကောင်အထည်မဖော်နိုင်ဘဲ ရှိနေခဲ့သေးသည်။ ၀င်ငွေထွက်ငွေ မညီမျှခြင်းဖြင့် နပန်းလုံးနေရသော ရွာသူ၊ရွာသားများသည် ပညာရေးကို ပဓာနမထားနိုင်ဘဲ ရရာအလုပ်ကို အသက် ငယ်ငယ်ဖြင့်ပင် လုပ်ကိုင်နေကြရသည်။ ထိုကဲ့သို့သော အခြေအနေအနေ အရပ်ရပ်များကို သုံးသပ်လေ့လာ ကြည့်တော့ အသိပညာနည်းပါးမှုပင် ပင်မတရားခံအဖြစ် တွေ့ရှိခဲ့ရပါသည်။ သူတို့သည် တောင်သူမှလွဲရင် အခြား အလုပ်များကို လုပ်ကိုင်ခြင်းမျိုးများကို BLCE-မှ ရလာမည်ဖြစ်သော အသိ ပညာ အတတ်ပညာများဖြင့် ကျေးဇူးပြုနိုင် လိမ့်မည်ဟု ယုံကြည်မိပါသည်။ ခေတ်အခြေအနေအရ လုပ်ကိုင်စားသောက်တာ အဆင်မပြေမှုများသည် မိမိတို့လို တာဝန်သိတတ်သူများကသာ ဖြေရှင်းပေးမှသာလျှင် ပြေလည်လာနိုင်သည်။ အထက်ကလည်း ထိုကိစ္စမျိုးများကို လုံးဝအလေးတမူရှိနေလိမ့်မည် မဟုတ်ဟုထင်မြင် ယူဆမိပါသည်။

မောင်မင်းစိုး (ရွှေနံ့သာ)

Monday, November 17, 2008

စကားဝါကဖေး

မြို့ပြ ရဲ့ဆင်ခြေဖုံးမှာ
အသက်တွေလုရူရင်း
အပျိုဖော်ဝင် ကောင်မလေးရဲ့ အလှနဲ့
ရှက်သွေးဖြာလို့
စကားဝါ မင်းဟာအရွယ်ရောက်ခဲ့ပြီ။

တစ်တောဝင် တစ်တောထွက်
တစ်တောင်တက် တစ်တောင်ဆင်း
မုဆိုးတွေရဲ့ တောလိုက်မှုက
မာယာများတယ်။

ရာဂနဲ့မာန်ဖီနေတဲ့ ကျားသစ်တွေ
ယဉ်ယဉ်ကျေးကျေး ရူးသွတ်နေတဲ့မြွေတွေ
ကိုယ့်ဆန္ဒကို ကိုယ်တိုင်အရောင်တင်နေတဲ့လိပ်တွေ
တဖွဲဖွဲရောက်လာကြ
တဖွဲဖွဲပြန်သွားကြ
စကားဝါ မင်းဟာအာရုံငါးပါးရဲ့ ဘုရင်မ။

ရှည်လျားနက်ပြောင်သော ဆံနွယ်စကို
အစီအရီဖီးချထားတဲ့
ကောင်တာက နတ်မိမယ်
မြို့ပြယဉ်ကျေးမှုအောက် ပြားပြားမှောက်နေရတဲ့
အညာကျေးတောသူ
ဟစ်ဟော့ပ်သီချင်းကို လိုက်လိုက်အော်နေတတ်တဲ့
ဆယ်ကျော်သက် အဖျော်ဆရာ
သားပိုက်ကောင်လို မိခင်မေတ္တာအပြည့်နဲ့ မာသာထရီဇာ
အရာရာဟာ သေ၀ပ်လှပလို့
စကားဝါမင်းဟာ ကမ္ဘာကြီးရဲ့ဆွဲအားတစ်ခု။

လူ့အဖြစ်ရဲ့ ဂုဏ်သိက္ခာကို အန်ထုတ်နေတဲ့ငှက်တွေ
မယားတစ်ကွဲ သားတစ်ကွဲမုဆိုးတွေ
မိသားစုဝမ်းရေးအတွက် ထိုင်တွေးနေတဲ့ ၀ံပုလွေတွေ
တစ်ယောက်မျက်ရည် တစ်ယောက်သုတ်နေတဲ့ ပိုးဖလံတွေ
ယောက်ျားဖြစ်ပြီး မာယာများတဲ့ကျီးတွေ
တရားဓမ္မနဲ့ကင်းကွာနေတဲ့ ယုန်တွေ
တစှေ္ဆတွေလို ခြောက်လှန့်ကြ
ခွေးတွေလို မာန်ဖီကြ
ခြင်္သေ့တွေလို ရဲရင့်ကြ
ခိုတွေလို ငြီးညူကြ
ကျားတွေလို ဟိန်းဟောက်ကြ
အိမ်မြောင်တွေလို တွယ်ကပ်ကြ
စကားဝါမင်းဟာ တိရိစ္ဆ္တာန်ရုံကြီးလည်း ဖြစ်ခဲ့ပေါ့။

အညှီနံ့သင်းနေတဲ့ သားသတ်ရုံလို
သားစိမ်းငါးစိမ်းတွေနဲ့
မင်းရဲ့နောက်ဘေးချောင်ဟာ မလှပဘူး
အဲဒီလိုပဲ
ငါတို့ရဲ့ အကုသိုလ်အညှီနံ့တွေက
တစ်ဆိုင်လုံးသင်းနေခဲ့တယ်
ငါတို့ရဲ့ အပူတွေက
တစ်ဆိုင်လုံး လောက်ကျွမ်းနေခဲ့တယ်။

နေ့စဉ်ပွင့်အာနေတဲ့ အပြုံးပန်းတွေက
လူ့ဘ၀ရဲ့ သရုပ်မှန်ပြဇာတ်လား
မျက်လှည့်ဆရာရဲ့ ပြကွက်လား
ဒီမှာ အရောင်ရောင်အမှားမှား အကြည့်တွေနဲ့
ဂဏာမၿငိမ္ဘူး
စကားဝါ မင်းဟာမုဆိုးတွေရဲ့ပစ်မှတ်။

စကားဝါ ငါ့စိတ်တွေ တည်ငြိမ်နေသလောက်
မင်းစိတ်တွေ ယောက်ယက်ခတ်နေခဲ့တယ်
မင်းစိတ်တွေ ငြိမ်းချမ်းနေသလောက်
ငါ့စိတ်တွေ ပူလောင်နေခဲ့တယ်
ငါကချစ်ခြင်းမေတ္တာကို တန်ဘိုးထားသလောက်
မင်းက အရောင်တွေကို ဖက်တွယ်ခဲ့တယ်။

ဆားကျက်တဲ့ အိုးကင်းထဲက ပြောင်းဖူးစေ့လို
အပူနဲ့ပက်ပင်းတိုးလို့
ငါ့စိတ်တွေ
တဖျောက်ဖျောက် ထပေါက်ခဲ့တယ်။
စကားဝါ မင်းဟာ ရုပ်ဝတ္ထုရဲ့ ကျေးကျွန်လား။

အဖြစ်သနစ်က
ငါ့အိပ်မက်တွေ ဖွေးဖွေးလှုပ်ပြီး
မင်းအကြည့်တွေ မည်းမှောင်နေခဲ့တယ်
ငါ့အသံတွေ ချိုမြိန်ပြီး
မင်းဝတ်ရည်တွေ ခါးသီးနေခဲ့တယ်
ငါ့အတွေးတွေ တောင့်တင်းခိုင်မာပြီး
မင်းခံယူချက်တွေ ပျော့ညံ့နေခဲ့တယ်
မင်းအပြုံးက
ငါသောက်နေတဲ့ လက်ဘက်ရည်လို ချိုမြလို့
မင်းအပြုအမူက ငါ့အရေပြားလို ပါးနပ်လို့
မင်းဖြစ်တည်မှုက
ငါမှုတ်ထုတ်လိုက်တဲ့ စီးကရက်မီးခိုးလို မှုန်ဝါးနေခဲ့တယ်။

သွေးရူးသွေးတန်း ငါ့စားကျက်မှာ
စကားဝါ မင်းဟာမြေဇာမြက်။
အမှောင်ရဲ့စွမ်းအင်ကို
ငါတို့ရင်ခုန်သံနဲ့ မီးမောင်းထိုးလို့
ဝင်္ကပါထဲ လမ်းသလားကြမယ်။

စကားဝါ
ငါတို့ဆုံးဖြတ်ချက်တွေ တည်ငြိမ်လို့
တောင်အထပ်ထပ် ဖြတ်ကျော်ကြမယ်
ငါတို့လက်တွေ သန်စွမ်းလို့
မြစ်အသွယ်သွယ် ကူးခတ်ကြမယ်
စမ်းချောင်းအသွင် စီးဆင်းလို့
ရင်ခုန်သံတွေ တူမျှလို့
အမှန်တရားကို ရှာဖွေလို့
ငါတို့ရက်ရက်စက်စက် မှားလိုက်ကြပြီး
တည်တည်ငြိမ်ငြိမ် လက်ခံကြ
စွန့်စွန့်စားစား ကျော်ဖြတ်ကြ
လူ့ဘ၀ရဲ့ ခဏငယ်ကို အသက်တွင်းကြမယ်။

“ စကားဝါ ငါခေါ်နေတယ်
စကားဝါ ငါပြောနေတယ်”
မင်းရဲ့တုန့်ပြန်မှုက ပဲ့တင်ထပ်မလာဘူး။

အခု
တောမကျွမ်းတဲ့ မုဆိုးတစ်ယောက်လို
ငါ့ဘ၀တွေ တောမှောက်ခဲ့ပြီ
နားမကြားတဲ့ မျက်မမြင်တစ်ယောက်လို
တွင်းနက်ထဲ ပြုတ်ကျခဲ့ပြီ
ဒဏ်ရာရ ငှက်တစ်ကောင်လို
ငါ့နှလုံးသားတွေ အသားမာတက်ခဲ့ပြီင်္
အဘိဓမ္မာအကြောင်း နားမလည်တဲ့ သင်တန်းဆရာလို
ငါ့သစ္စာတွေ မှားယွင်းခဲ့ပြီ။

စကားဝါ ငါနဲ့ငါ့ဖြစ်တည်မှုမှာ
မင်းဟာ အဓိကကျတဲ့အစိတ်ပိုင်းတစ်ခု
မင်းပို့ချတဲ့ သင်တန်းမှာ နေ့စဉ်တက်ရောက်လို့
မင်းကျွေးတဲ့ အစာမှာ အဆိပ်သင့်ခဲ့ပြီ။

စကားဝါ
အရူးတစ်ပိုင်း ငါ့စိတ်တွေ
သန်းခေါင်ယာမ် ထထအော်ရင်း
ငါဟာ အချစ်မှာ ဆေးစွဲခဲ့ပြီ

စကားဝါ
ငါဟာ အချစ်မှာဆေးစွဲခဲ့ပြီ။

မောင်မင်းစိုး(ရွှေနံ့သာ)