Monday, November 17, 2008

စကားဝါကဖေး

မြို့ပြ ရဲ့ဆင်ခြေဖုံးမှာ
အသက်တွေလုရူရင်း
အပျိုဖော်ဝင် ကောင်မလေးရဲ့ အလှနဲ့
ရှက်သွေးဖြာလို့
စကားဝါ မင်းဟာအရွယ်ရောက်ခဲ့ပြီ။

တစ်တောဝင် တစ်တောထွက်
တစ်တောင်တက် တစ်တောင်ဆင်း
မုဆိုးတွေရဲ့ တောလိုက်မှုက
မာယာများတယ်။

ရာဂနဲ့မာန်ဖီနေတဲ့ ကျားသစ်တွေ
ယဉ်ယဉ်ကျေးကျေး ရူးသွတ်နေတဲ့မြွေတွေ
ကိုယ့်ဆန္ဒကို ကိုယ်တိုင်အရောင်တင်နေတဲ့လိပ်တွေ
တဖွဲဖွဲရောက်လာကြ
တဖွဲဖွဲပြန်သွားကြ
စကားဝါ မင်းဟာအာရုံငါးပါးရဲ့ ဘုရင်မ။

ရှည်လျားနက်ပြောင်သော ဆံနွယ်စကို
အစီအရီဖီးချထားတဲ့
ကောင်တာက နတ်မိမယ်
မြို့ပြယဉ်ကျေးမှုအောက် ပြားပြားမှောက်နေရတဲ့
အညာကျေးတောသူ
ဟစ်ဟော့ပ်သီချင်းကို လိုက်လိုက်အော်နေတတ်တဲ့
ဆယ်ကျော်သက် အဖျော်ဆရာ
သားပိုက်ကောင်လို မိခင်မေတ္တာအပြည့်နဲ့ မာသာထရီဇာ
အရာရာဟာ သေ၀ပ်လှပလို့
စကားဝါမင်းဟာ ကမ္ဘာကြီးရဲ့ဆွဲအားတစ်ခု။

လူ့အဖြစ်ရဲ့ ဂုဏ်သိက္ခာကို အန်ထုတ်နေတဲ့ငှက်တွေ
မယားတစ်ကွဲ သားတစ်ကွဲမုဆိုးတွေ
မိသားစုဝမ်းရေးအတွက် ထိုင်တွေးနေတဲ့ ၀ံပုလွေတွေ
တစ်ယောက်မျက်ရည် တစ်ယောက်သုတ်နေတဲ့ ပိုးဖလံတွေ
ယောက်ျားဖြစ်ပြီး မာယာများတဲ့ကျီးတွေ
တရားဓမ္မနဲ့ကင်းကွာနေတဲ့ ယုန်တွေ
တစှေ္ဆတွေလို ခြောက်လှန့်ကြ
ခွေးတွေလို မာန်ဖီကြ
ခြင်္သေ့တွေလို ရဲရင့်ကြ
ခိုတွေလို ငြီးညူကြ
ကျားတွေလို ဟိန်းဟောက်ကြ
အိမ်မြောင်တွေလို တွယ်ကပ်ကြ
စကားဝါမင်းဟာ တိရိစ္ဆ္တာန်ရုံကြီးလည်း ဖြစ်ခဲ့ပေါ့။

အညှီနံ့သင်းနေတဲ့ သားသတ်ရုံလို
သားစိမ်းငါးစိမ်းတွေနဲ့
မင်းရဲ့နောက်ဘေးချောင်ဟာ မလှပဘူး
အဲဒီလိုပဲ
ငါတို့ရဲ့ အကုသိုလ်အညှီနံ့တွေက
တစ်ဆိုင်လုံးသင်းနေခဲ့တယ်
ငါတို့ရဲ့ အပူတွေက
တစ်ဆိုင်လုံး လောက်ကျွမ်းနေခဲ့တယ်။

နေ့စဉ်ပွင့်အာနေတဲ့ အပြုံးပန်းတွေက
လူ့ဘ၀ရဲ့ သရုပ်မှန်ပြဇာတ်လား
မျက်လှည့်ဆရာရဲ့ ပြကွက်လား
ဒီမှာ အရောင်ရောင်အမှားမှား အကြည့်တွေနဲ့
ဂဏာမၿငိမ္ဘူး
စကားဝါ မင်းဟာမုဆိုးတွေရဲ့ပစ်မှတ်။

စကားဝါ ငါ့စိတ်တွေ တည်ငြိမ်နေသလောက်
မင်းစိတ်တွေ ယောက်ယက်ခတ်နေခဲ့တယ်
မင်းစိတ်တွေ ငြိမ်းချမ်းနေသလောက်
ငါ့စိတ်တွေ ပူလောင်နေခဲ့တယ်
ငါကချစ်ခြင်းမေတ္တာကို တန်ဘိုးထားသလောက်
မင်းက အရောင်တွေကို ဖက်တွယ်ခဲ့တယ်။

ဆားကျက်တဲ့ အိုးကင်းထဲက ပြောင်းဖူးစေ့လို
အပူနဲ့ပက်ပင်းတိုးလို့
ငါ့စိတ်တွေ
တဖျောက်ဖျောက် ထပေါက်ခဲ့တယ်။
စကားဝါ မင်းဟာ ရုပ်ဝတ္ထုရဲ့ ကျေးကျွန်လား။

အဖြစ်သနစ်က
ငါ့အိပ်မက်တွေ ဖွေးဖွေးလှုပ်ပြီး
မင်းအကြည့်တွေ မည်းမှောင်နေခဲ့တယ်
ငါ့အသံတွေ ချိုမြိန်ပြီး
မင်းဝတ်ရည်တွေ ခါးသီးနေခဲ့တယ်
ငါ့အတွေးတွေ တောင့်တင်းခိုင်မာပြီး
မင်းခံယူချက်တွေ ပျော့ညံ့နေခဲ့တယ်
မင်းအပြုံးက
ငါသောက်နေတဲ့ လက်ဘက်ရည်လို ချိုမြလို့
မင်းအပြုအမူက ငါ့အရေပြားလို ပါးနပ်လို့
မင်းဖြစ်တည်မှုက
ငါမှုတ်ထုတ်လိုက်တဲ့ စီးကရက်မီးခိုးလို မှုန်ဝါးနေခဲ့တယ်။

သွေးရူးသွေးတန်း ငါ့စားကျက်မှာ
စကားဝါ မင်းဟာမြေဇာမြက်။
အမှောင်ရဲ့စွမ်းအင်ကို
ငါတို့ရင်ခုန်သံနဲ့ မီးမောင်းထိုးလို့
ဝင်္ကပါထဲ လမ်းသလားကြမယ်။

စကားဝါ
ငါတို့ဆုံးဖြတ်ချက်တွေ တည်ငြိမ်လို့
တောင်အထပ်ထပ် ဖြတ်ကျော်ကြမယ်
ငါတို့လက်တွေ သန်စွမ်းလို့
မြစ်အသွယ်သွယ် ကူးခတ်ကြမယ်
စမ်းချောင်းအသွင် စီးဆင်းလို့
ရင်ခုန်သံတွေ တူမျှလို့
အမှန်တရားကို ရှာဖွေလို့
ငါတို့ရက်ရက်စက်စက် မှားလိုက်ကြပြီး
တည်တည်ငြိမ်ငြိမ် လက်ခံကြ
စွန့်စွန့်စားစား ကျော်ဖြတ်ကြ
လူ့ဘ၀ရဲ့ ခဏငယ်ကို အသက်တွင်းကြမယ်။

“ စကားဝါ ငါခေါ်နေတယ်
စကားဝါ ငါပြောနေတယ်”
မင်းရဲ့တုန့်ပြန်မှုက ပဲ့တင်ထပ်မလာဘူး။

အခု
တောမကျွမ်းတဲ့ မုဆိုးတစ်ယောက်လို
ငါ့ဘ၀တွေ တောမှောက်ခဲ့ပြီ
နားမကြားတဲ့ မျက်မမြင်တစ်ယောက်လို
တွင်းနက်ထဲ ပြုတ်ကျခဲ့ပြီ
ဒဏ်ရာရ ငှက်တစ်ကောင်လို
ငါ့နှလုံးသားတွေ အသားမာတက်ခဲ့ပြီင်္
အဘိဓမ္မာအကြောင်း နားမလည်တဲ့ သင်တန်းဆရာလို
ငါ့သစ္စာတွေ မှားယွင်းခဲ့ပြီ။

စကားဝါ ငါနဲ့ငါ့ဖြစ်တည်မှုမှာ
မင်းဟာ အဓိကကျတဲ့အစိတ်ပိုင်းတစ်ခု
မင်းပို့ချတဲ့ သင်တန်းမှာ နေ့စဉ်တက်ရောက်လို့
မင်းကျွေးတဲ့ အစာမှာ အဆိပ်သင့်ခဲ့ပြီ။

စကားဝါ
အရူးတစ်ပိုင်း ငါ့စိတ်တွေ
သန်းခေါင်ယာမ် ထထအော်ရင်း
ငါဟာ အချစ်မှာ ဆေးစွဲခဲ့ပြီ

စကားဝါ
ငါဟာ အချစ်မှာဆေးစွဲခဲ့ပြီ။

မောင်မင်းစိုး(ရွှေနံ့သာ)

No comments: