Thursday, September 26, 2013

လူငယ်နဲ့ အချစ်

လူငယ်နဲ့ အချစ်
    ဒီကိစ္စကကိုတော့ ပြောဖို့ရန် တော်တော်လေးတော့ ဝန်လေးမိပါတယ်။ တစ်လမ်းသွားစနစ်နဲ့ မောင်းနှင် ခဲ့တော့ ဒါမျိုးတွေက ထိတွေ့မှုနဲ့ပြောဆိုပြီး ဥပမာပြဖို့ မလွယ်ကူဘူးပေါ့။ ဒါပေမယ့် ကြားရတာလေးတွေကို အတုယူစေချင်တာ၊ လိုက်နာစေချင်တာ၊ လမ်းလွှဲမသွားစေချင်တာကြောင့် ရေးလိုက်ရပါတယ်။ တစ်ခုရှိတာကတော့ ဒီနေရာမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားထဲက မေတ္တာဆိုတဲ့ အချစ်ဆိုတာကိုတော့ မပြောလိုပါဘူး။ ဒါဟာ အပ္ပမညာဆိုတဲ့အတိုင်း အတိုင်းအဆမရှိဘူးလေ။ (၅၂၈)ဆိုတဲ့ စကားလုံးနဲ့ သုံးရင် အဆင်ပြေပါလိမ့်မယ်။ အဲဒီ (၅၂၈)ဆိုတဲ့ အချစ်ဆိုတာမျိုးကို မပြောချင်ပါဘူး။
    ဒီနေရာမှာတော့ အထူးသဖြင့် သမီးရည်းစား အချစ်ဆိုတာကိုပဲ ပြောချင်ပါတယ်။ ဒါကိုတော့ လူငယ်တွေ ပြောနေကြတဲ့ (၁၅ဝဝ)ဆိုတဲ့ ကိလေသာအချစ်လို့ သုံးရင် ပိုပြီး ရုပ်လုံြး<ွကပါလိမ့်မယ်။ ဒီတော့   အချစ်ဆိုတဲ့ဟာ နှစ်မျိုးနှစ်စား တွေ့ရတယ်။ မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ ညီအစ်ကိုမောင်နှမဆိုတဲ့ မောင်ချစ်နှမချစ်ဆိုတာမျိုးက တစ်ခု၊ လင်ချစ် မယားချစ်၊ သမီးရည်းစားအချစ်ဆိုတဲ့ အချစ်ကတစ်မျိုးပေါ့။ တကယ်တော့ မိဘနဲ့သားသမီး အချစ်မှာတောင် လူတိုင်းအနေနဲ့ ခုနကပြောတဲ့  ဗြဟ္မစိုရ်ထဲက မေတ္တာစစ်စစ်တော့ မဟုတ်လှပါဘူး။ ဒါပေမယ့် အဲဒါတွေကိုတော့ ထားလိုက်ပါ။ လူငယ်ဘာဝ လူငယ်တွေကိုအဓိကပြောပြချင်တာကြောင့် သမီးရည်းစားချစ်လို့ပဲ သုံးလိုက်ပါတယ်။ အဲဒါကိုပဲ အနည်းငယ်လောက် ပြောပြချင်ပါတယ်။
    အချစ် အချစ် ချစ်တိုင်း ချစ်က ချစ်လေ ချစ်မပြေတည်း-ဆိုသလိုပါပဲ။ နည်းနည်းချစ်ရင် နည်းနည်း ဒုက္ခရောက်မယ်၊ များများချစ်တော့ များများဒုက္ခရောက်မယ်ပေါ့။ ဒီတော့ အချစ်တိုင်း ဒုက္ခရောက်သလားဆိုတော့ မဟုတ်ပါဘူး။ သို့သော်လည်းပဲ သာယာစရာတွေနဲ့ တွေ့နေရချိန်မှာ သုခလို့ထင်ပေမယ့် စိတ်ဆင်းရဲစရာတွေ၊ အထင်လွဲတာတွေ၊ စိုးရိမ်မှုတွေစတဲ့ ဆင်းရဲစရာတွေနဲ့တွေ့ရရင်တော့ ခုနကပြောတဲ့ များများချစ်လေ များများ ဒုက္ခရောက်လေပါပဲ။ ဆားငန်ရေများလိုပ သောက်တိုင်း အငတ်မပြေ ဆိုတာမျိုး။
    အခုတလောကြားနေရတဲ့ ကိုယ့်ကိုယ်ကို သတ်သေခြင်းဆိုတာပါ။ ဟိုတလောလေးကလည်း ဖတ်လိုက်ရတယ်။ မောင်က သက်ကို မချစ်တော့ပါဘူးဆိုတဲ့ စာလေးရေးပြီး ကိုယ့်ကိုယ်ကို ကြိုးဆွဲချပြီး သေသွားတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ မကြာခဏဆိုသလို ဒါမျိုးလေးတွေ ကြားနေခဲ့ရတယ်။ ဒါဟာ တကယ့်အချစ်စစ်လား၊ အချစ် မှန်လား။ အဲဒီလို ခွဲခြားပြီးကို မသိတဲ့အတွက်ကြောင့် မလုပ်သင့်တာတွေကို လုပ်သွားကြတာပါ။
    တချို့က ဆိုတယ်။ ဒါဟာ ထွက်ပေါက်တဲ့။ လုံးဝမှားယွင်းတဲ့ စွဲချက်ပါပဲ။ ဖြေရှင်းချက်ပါပဲ။ ကိုယ့်ကို မချစ်လို့ ချစ်ကြောင်းသက်သေပြချင်တဲ့အတွက် ကိုယ့်ကိုယ်ကို သတ်သေတာမျိုးဟာ တကယ့်ထွက်ပေါက်လား။ အချစ်စစ်လားဆိုတာ မဝေခွဲနိုင်ဘဲ မိုက်ရူးရဲဆန်မှု၊ သူရဲဘောကြောင်မှု တစ်ခုလို့ပဲ မြင်တယ်။ တကယ်တော့ ကိုယ့်ဘဝလောက် ဘာမှ တန်ဖိုးမရှိပါဘူး။ ဒါကို သိရင် ဒီလိုမျိုးဖြစ်ဖို့ အကြောင်းပေါ်ပေါက်လာမှာမဟုတ်ပါဘူး။ လူ့ဘဝဆိုတာ တိုတိုလေးပါ။ တိုတိုလေးမှာ ဒီအချစ်လောက်နဲ့ ဘဝကို တန်ဖိုးဖြတ်ပစ်မှာလား။ ဒါဟာ စစ်မှန်တဲ့ တန်ဖိုးလို့ထင်သလား။ မင်းကမှ မခံစားရတာကိုး၊ သူများခံစားရတာကို နားမလည်ပေးနိုင်ဘူးလို့ ဆိုရင်လည်း လက်ခံပါ့မယ်။ ဒါပေမယ့် မိမိကတော့ ဒါကို ထွက်ပေါက်အနေနဲ့ အသုံးချတာမျိုးကိုတော့ ဘယ်လိုနည်းနဲ့မှ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်၊ ကောင်းမွန်တဲ့ထွက်ပေါက်၊ ကောင်းမွန်တဲ့ဖြေရှင်းချက်ဆိုတာမျိုးမဟုတ်တဲ့အတွက်၊ ဒီထွက်ပေါက်မျိုးကိုတော့ အားလည်း မပေးဘူး။ လက်လည်း လက်မခံနိုင်ပါဘူး။
    ဒါနဲ့ပတ်သက်ပြီး လောလောလတ်လတ်ပါပဲ၊ မိမိနဲ့အရမ်းခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ရင်ဖွင့် လာပါတယ်။ သူ့ချစ်သူက သူ့ကို အထင်လွဲတယ်။ သူ့ကိုယ် မယုံကြည်ဘူး၊ ကိုယ်ကလည်း ဘာမှလုပ်တာမဟုတ်ဘူး၊ သက်သက် အထင်လွဲတာ၊ မယုံကြည်တာကြောင့် သတ်သေချင်တယ်ဆိုတဲ့စကားကြောင့်  ဒီစာလေးကို ရေး ဖြစ်တာပါ။ ဒါကို စဉ်းစားကြည့်ပါ။ သူ မယုံကြည်မှုတာ အရေးကြီးဆုံးလား။ သူပြောသလို ကိုယ်ကလည်း ဘာမှ မလုပ်ဘဲ ကိုယ့်သိက္ခာကို ထိပါးတဲ့ အပြုအမူ၊ အပြောအဆိုနဲ့ ကိုယ့်ကို ပြန်မချစ်နိုင်တာဟာ ကိုယ့်သိက္ခာအတွက် အသက်ပါစတေးပြတာဟာ အကောင်းမွန်ဆုံး ဖြေရှင်းချက်၊ ထွက်ပေါက်ဆိုတာ ယုတ္တိတန်ပါသလား။ အမှန်က သူ မယုံကြည်တာထက် ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ဟာ အရေးကြီးပါတယ်။ ကိုယ့်လိပ်ပြာ ကိုယ်လုံသူတစ်ယောက်အတွက် မှန်ကန်တဲ့ ထွက်ပေါက်အနေနဲ့ကတော့ သူ့ရင်ခွင်ကနေ ရဲရဲကြီး ဆုတ်ခွာလိုက်ပါ။ အဲဒါဟာ ကောင်းမွန်တဲ့ ဖြေရှင်း ချက်၊ ကောင်းမွန်တဲ့ ထွက်ပေါက်ပါပဲ။
    တကယ်တော့ လူ့ဘဝမှာလူဖြစ်လာရတာ ချစ်သူတစ်ယောက်ရဲ့ အချစ်အတွက်လောက်ပဲ ဘဝကိုဆုံး ဖြတ်ပစ်တာဟာ မှားယွင်းတဲ့ အပြုအမူပါပဲ။ လုပ်စရာတွေ အများကြီးပါ။ လုပ်စရာတွေအများကြီးထဲမှာ ဘာမှမဟုတ်တဲ့ အရေးအရာလေးနဲ့ လူ့ဘဝကို ဒီအတိုင်းစတေးလိုက်ရမယ်ဆိုတာ တန်သလား စဉ်းစားကြည့်ပါ။ ကိုယ့်ကိုယ်ကို တန်တယ်ထင်ရင်တော့ မတတ်နိုင်ဘူးပေါ့လေ။ ခက်တာကလည်း ဒါမျိုးကို ဘာမှမဟုတ်ဘဲ၊ ဒါမှ သူရဲကောင်းသဖွယ် ပြောဆို သမုတ်ပေးတဲ့ ပတ်ဝန်းကျင်မျိုးကလည်း ရှိခဲ့သေးတယ်။ တကယ်တော့ ဒါဟာလည်း လွဲမှားတဲ့ ထောက်ခံချက် ပါပဲ။ လုပ်စရာတွေအများကြီးထဲကနေ လူပီသအောင် နေထိုင်သွားလာ ပြုမူမယ်ဆိုရင် ဒါလေးဟာ ဘာမှမဟုတ်တဲ့ ပြဿနာသေးသေးလေးပါ။
    ဘာလုပ်ပြီးပြီလဲ၊ ဘာလုပ်နေလဲ။ ဘာတွေလုပ်ဦးမှာလဲ။ ဘာအတွက် ငါအသက်ရှင်မှာလဲ။ ငါ့မိသားစုအတွက် လား၊ ငါ့နိုင်ငံအတွက်လား၊ ငါ့ဆွေမျိုးအတွက်လားစသဖြင့် စဉ်းစားပါ။ ဒါဟာ လူပီသတဲ့ အပြုအမူတွေပါ၊ အတွေး အခေါ်တွေပါ။ ဘာမှ မလုပ်ရသေးရင်တော့ လူ့အဖြစ်ကို ရလာတာ မတန်သေးဘူး။ ရခဲတဲ့ လူ့အဖြစ်ကို ငါ့အနေနဲ့ ဒီပေတံက အရေးကြီးသလား၊ အချစ်ဆိုတဲ့ အဲဒီတစ်ယောက်က အရေးကြီးသလား စဉ်းစားပါ။ တကယ်တော့ သူနဲ့ကိုယ်နဲ့က ဘာမှမဟုတ်သေးဘူး။ သူ့အကျိုးကိုလည်း ဘာမှ မလုပ်ပေးရသေးသလို၊ ကိုယ့်အကျိုးကိုလည်း ဘာမှ မလုပ်ပေးနိုင်သေးဘူး။ တကယ်လို့ လုပ်ပေးတယ်ထားဦး ဘာမှမဟုတ်တဲ့ တဏှာအချစ်အတွက်လောက်သာ ဖြစ်နေဦးမယ်။ ဒါကြောင့် ဒီလောက်လေးနဲ့ ကိုယ့်ဘဝကို လဲပစ်မယ်ဆိုရင်တော့ ကိုယ့်ထက်မိုက်တဲ့လူ ရှိပါဦးမလား။
    ဒါကြီးကိုပဲ သူရဲကောင်းအချစ်လို့ သတ်မှတ်ချင်သေးတာလား။ ကောင်းမွန်တဲ့ စိတ်ထားရှိသူတွေအနေနဲ့ ကိုယ်ရရှိထားတဲ့ ခန္ဓာကိုယ်ကြီးကို အဓိပ္ပာယ်ရှိရှိ အသုံးချမယ်ဆိုရင်တော့ လူတစ်ယောက်အတွက် ရှိသင့်ရှိထိုက်တဲ့ ပြုလုပ်သင့် ပြုလုပ်ထိုက်တဲ့ အတ္တဟိတဆိုတဲ့ ကိုယ်ကောင်းကျိုး၊ ပရဟိတဆိုတဲ့ သူတစ်ပါးကောင်းကျိုးကို စွမ်းနိုင်သမျှ ပြုလုပ်ခြင်းဖြင့်သာ ဘဝကို အကျိုးကျိုးရှိရှိ ကုန်ဆုံးစေသင့်ပါတယ်။ ဒီလို ကုသိုလ်ကောင်းမှုတွေနဲ့ နေသွားမယ်ဆိုရင် ခုနကပြောတဲ့ ကိစ္စဟာ ဘာမှမဟုတ်ပါ့လား၊ အဓိပ္ပာယ်မရှိပါ့လားဆိုတာ အလိုလို သိလာပါလိမ့်မယ်။
    ဘုရားခေတ်ကတော့ (ပရဟိတ) ကုသိုလ်ကောင်းမှုအတွက် ကြီးမြတ်တဲ့စိတ်ဓာတ်နဲ့ ဘဝကို အကျိုးရှိရှိ အသုံးချသွားသူ တစ်ယောက်ရှိတယ်။ ( သူတော်ကောင်းဆိုတာ ကုသိုလ်ကောင်းမှုကို လုပ်ချင်တာဟာလည်း သဘာဝ ပါပဲ။ မလုပ်ရလို့ တားမြစ်ပိတ်ပင်နေပေမယ့် သူလုပ်လို့ရတဲ့ စိတ်ဖြူစင်မှု၊ မေတ္တာပို့သမှုဆိုတာမျိုးကတော့ တားလို့ မရတတ်ပါဘူး။) သူ့နာမည်က ဥတ္တရာ။ သူရထားတဲ့ လင်က သူနဲ့ဘာသာမတူတဲ့ အမျိုးသား။ ဒီတော့ ဘာသာ မတူတော့ အိမ်မှာ အလှူအတန်းလုပ်ချင်တယ်။ ဒါပေမယ့် လုပ်ခွင့်မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူ့အနေနဲ့ မိန်းမအဖြစ် ရောက်လာတာဟာ လင်ဖြစ်သူအတွက် ဖျော်ဖြေဖို့သက်သက်ပဲ ဖြစ်နေခဲ့တယ်။ ချမ်းသာတယ်ဆိုပေမယ့် ဒီချမ်းသာမှုတွေဟာ အဓိပ္ပာယ်ရှိရှိ အသုံးမချရတော့ သူမဟာ မပျော်ရွှင်ဘူး။ ဒါတွေကို အဓိပ္ပာယ်ရှိရှိ အသုံးချချင်တယ်။ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ချင်တယ်။ ဒီတော့ ဒါတွေ မလုပ်နိုင်တာဟာလည်း လင်အတွက် အဖြည့်ခံသက်သက် ဖြစ်နေလို့ပဲ။ ဒီတော့ သူမအနေနဲ့ စဉ်းစားတယ်။ သူ့ထက်လှပလွန်း၊ ပြေပြစ်လွန်း၊ ချောမောလွန်းလှတဲ့ မိန်းမ တစ်ယောက် (ပြည့်တန်ဆာမ) ကို လင်ယောက်ျားကို ဖျော်ဖြေဖို့၊ အဖြည့်ခံဖြစ်ဖို့အနေနဲ့ ထိုက်သင့်တဲ့ကြေး ပေးပြီး ငှားလိုက်တယ်။
    အဲဒီ ပြည့်တန်ဆာမကလည်း နာမည်ကြီးပါပဲ။ သီရိမာလို့ အမည်ရတယ်။ ဒါကို လင်ဖြစ်သူက သဘောတူ တယ်။ ကြည်ကြည်ဖြူဖြူ လက်ခံလိုက်တယ်။ ဒီလိုနဲ့ ဥတ္တရာလည်း ကုသိုလ်ကောင်းမှု ပြုလုပ်ခွင့်အချိန်ရလာတယ်။ လုပ်လာတယ်။ လုပ်နိုင်ခဲ့တယ်။ ဒီဖြစ်စဉ်မှာ အငှားမယားရဲ့ အကောက်ကြံမှုတွေဆိုတာမျိုးတွေ ပါနေပေမယ့် အဲဒါတွေ အသာထားလိုက်ပါ့မယ်။ အရေးကြီးဆုံးကတော့ ဥတ္တရာဟာ အချစ်အတွက်ပါပဲ။ စိတ်ဓာတ်ကောင်းမွန်စွာနဲ့ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် စီမံခဲ့တယ်။ သဘောထားကြီးခဲ့တယ်။ ခွင့်လွှတ်သည်းခံခဲ့တယ်။ အစစ အရာရာ နားလည်ခဲ့တယ်။ ဒီလို သူတော်ကောင်းစိတ်ဓာတ်နဲ့ ကိုယ့်အတွက် အဓိပ္ပာယ်ရှိစွာနဲ့ ဖြတ်သန်းသွားချင်တာကြောင့် ပြည့်တန်ဆာတောင် ငှားပေးခဲ့တဲ့အထိ သဘောထားကြီးခဲ့ပါတယ်။
    ဆိုလိုတာက ဥတ္တရာဟာသူ့လင်ကို မချစ်ဘူးမဟုတ်ဘူး ချစ်ပါတယ်။ ဒါဆို ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ။ အယူဝါဒမတူတဲ့ လင်ဖြစ်သူနဲ့ နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့အတွက် အချစ်ကို ချကျွေးပစ်ခဲ့တာပါ။ ဒါဟာကြီးမား တဲ့၊ ခိုင်မာတဲ့၊ ပြတ်သားတဲ့၊ သူတော်ကောင်းဆန်တဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်ပါ။ နှစ်ဦးသဘောတူတဲ့အထိ ကြိုးစားဖြေရှင်းပြီးမှ ထွက်ပေါက်အဖြစ် တဏှာနဲ့ ကုသိုလ်ဆိုတဲ့ ပြယုဂ်နှစ်ခုကို ထုတ်ပြလိုက်ခြင်းပါပဲ။
    ဆိုတော့ ဘာမှမဟုတ်တဲ့ ဒီအချစ်ဆိုတာလေးလောက်နဲ့တော့ ကိုယ့်ကိုယ်ကိုစတေးပစ်မယ်ဆိုတာ အဓိပ္ပာယ် မရှိတဲ့ လုပ်ဆောင်ချက်ဆိုတာပါပဲ။ လူငယ်ဆိုတာ မိုက်ရှုးရဲဆန်တတ်ပါတယ်။ ဒါကို သိအောင်ကြိုးစားပါ။ ထွက်ပေါက် အဖြစ်ကတော့ လူ့ဘဝဆိုတဲ့ခဏတာလေးမှာ ဒါနဲ့ပဲ ငါ့ဘဝကို စတေးပစ်ရတာ တန်ရဲ့လားဆိုတာ တွေးပါ။ ဒီလို ဆိုရင်တော့ လုပ်စရာတွေ တောထနေတဲ့ လူ့ဘဝဇာတ်ခုံကြီးမှာ လူသားပီသစွာနဲ့ လုပ်ဆောင်စရာတွေ အများကြီး ရှိသေးပါ့လားဆိုတာ သိပြီး ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်ပါစေကြောင်း မီးမောင်းထိုးပြလိုက်ပါတယ်။

မောင်မင်းစိုး

No comments: