Sunday, October 10, 2010

လူထုအင်အားစည်းရုံးလှုံ့ဆော်နည်း


လူထုအင်းအားစည်းရုံးတဲ့အခါမှတော့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ကတော့ အများထက် အမြဲတန်းလိုလို အစစအရာရာ ခေါင်းတစ်လုံးသာနေမှရမယ်။ အဲဒီလိုမှမဟုတ်ဘဲ ပျင်းရိလေးတွဲ့ပြီး၊ ဘာမှမလေ့လာ မသုံးသပ်၊ မစူစမ်း၊ မရှာဖွေရင်တော့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ဘက်ပါအောင်စည်းရုံးလှုံ့ဆော်ဖို့ ခက်ခဲပါလိမ့်မယ်။ ပထမဆုံး ကိုယ့်အနေနဲ့ ဘာလုပ်ချင်တာလဲ၊ မဟာဗျူဟာကဘာလဲ၊ ပြီးမြောက်အောင် လုပ်နိုင်မလုပ်နိုင် သုံးသပ်ပါ။ အကြမ်းသဘောအနေနဲ့ လုပ်ချင်တဲ့ စီမံကိန်းကို ရေးဆွဲပါ။ နောက်ပြီး ဝါသနာတူတဲ့ တစ်ဦးနှစ်ဦးကို ကိုယ်လုပ်ချင်တဲ့ စီမံကိန်းကို ချပြပါ။ ပါလာအောင် တဖြည်းဖြည်း ဆွဲခေါ်ပါ။ အဲဒီကနေတဆင့် တဖြည်းဖြည်း လူတန်းအသီးသီး ပါဝင်လာအောင် စည်းရုံးပါ။ ဒီထဲမှာ ဒေသတွင်းက လူကြီးတွေ၊ ဘုန်းကြီးတွေ၊ သြဇာအာဏာရှိတဲ့ ဆရာ၊ ဆရာမ စတာတွေကနေ အစပြုပြီး အောက်ခြေလူတန်းစားတစ်ရပ်လုံး ပါဝင်လာ အောင် ဆွဲဆောင်သိမ်းသွင်း စည်းရုံးလှုံ့ဆော်နိုင်ရမယ်။ အစိုးရထဲက လူကြီးများလည်း ပါဝင်အောင်လုပ်ဆောင်သင့်တယ်။ နောက် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့လည်း ဥပမာ-အင်ဂျီအိုလို အဖွဲ့စည်းတွေရဲ့ အထောက်အပံ့ဆိုတာမျိုးတွေကိုလည်း လာရောက် နိုင်အောင် အကူအညီပေးနိုင်အောင် စီမံကိန်းကို စနစ်တကျရေးဆွဲပြီး င်္ကည ငွေများရှာသင့်ပါတယ်။ နောက် မီဒီယာဟာလည်း အင်မတန်အရေးအကြီးပါတယ်။ အကောင်အထည်မဖော်ခင်၊ ဖော်ဆောင်နေဆဲ၊ ဖော်ပြီးချိန် စတာတွေမှာ သူတို့ရဲ့အကူအညီက လည်း အရမ်းလိုအပ်ပါတယ်။

အဲဒီလိုလုပ်ဆောင်မှုစတင်ပြီဆိုရင် အပြောင်းအလဲတစ်ခုကို အမြဲတန်း ဦးတည်နေဖို့လိုတယ်။ တသတ်မှတ်တည်းသွားလို့ မရဘူး။ ခေါင်းဆောင်လုပ်တဲ့လူဟာ မိမိကိုယ်ကိုယ် အရင်ပြုပြင်ပြောင်းလဲနိုင်ရမယ်။ ဒါမှသာ သူတစ်ပါးကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ မိမိကိုယ်ကိုယ်မပြောင်းလဲနိုင်ရင်တော့ သူတစ်ပါးကိုပြောင်းလဲလာအောင်လုပ်ဖို့ မကြိုးစားပါနဲ့။ ဖွဲ့ဖြိုးရေးလုပ်ငန်း ဆိုတာကလည်း အချိန်ကြာကြာလုပ်နိုင်ဖို့လိုတယ်။ ဒီလိုဖွံ့ဖြိုးရေးလုပ်တဲ့အခါမှာလည်း ဒေသနဲလည်း ကိုက်ညီဖို့လိုပါတယ်။ ဒီတော့ တိုင်ပင်ပါ။ အစီအစဉ်ကို စနစ်တကျ အားလုံးပူပေါင်းပြီး ရေးဆွဲပါ။ နောက် လူတိုင်းဟာကိုယ့်ဆောင်ရွက်ချက်ကို အမြဲတန်းသုံးသပ် နေမလို၊ အဲဒီလို အမြဲတန်းလေ့လာဆန်းစစ်ဖို့ အဖွဲ့ကိုလည်း သုံးလေးယောက်လောက် တာဝန်ပေးထားရပါလိမ့်မယ်။ အင်အားစုစည်း မှုကောင်းလေ၊ တိုးတက်မှုမြန်ဆန်လေဖြစ်မှာပေါ့။ ဒီတော့ အဖွဲ့ကြီးကနေတစ်ဆင့် ထပ်မံတိုးချဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့သေးတွေကို လည်းခေါင်းဆောင်နိုင်သူတွေ ထပ်မံရွေးချယ်ရမယ်။ သူတို့ရဲ့ လှုံ့ဆော်မှုဟာလည်းအရေးကြီးပါတယ်။ လက်ရှိလုပ်နေတဲ့ လုပ်ငန်း အခြေအနေကို သိအောင်လုပ်ပါ၊ လေ့လာသုံးသပ်ပါ။ လုပ်ငန်းရဲ့အောင်မြင်မှုအခြေအနေဟာ တိုင်းတာလို့ရ မရ၊ ဆက်ပြီးသွားနိုင် ဖို့ ဖြစ်နိုင်ချေရှိ မရှိဆိုတာတွေလည်း ဆန်းစစ်နေဖို့လိုပါတယ်။ ဒီတော့ ဒီလုပ်ငန်းဘယ်အချိန်မှာ ပြီးမြောက်နိုင်မလဲ။ ဘယ်သူတွေ အကျိုးကျေးဇူးများမှာလဲ။ ဒါတွေကို တပြေးညီလုပ်ဆောင်နိုင်ရင် လူထုကိုစည်းရုံးလို့ရပြီ။ ခေါင်းဆောင်လို့ရပါပြီ။ ဒီတော့ ထားပါ တော့ ကိုယ့်အနေနဲ့ ခေါင်းဆောင်ဖြစ်သွားပြီ။ ဒီလိုဆိုရင်တော့ ထပ်ပြီးစဉ်းစားပါ။ လက်ခံပါ။ အဲဒါကတော့ ခေါင်းဆောင်ဆိုတာ အစေခံဘဲ။ မိမိကိုယ်ကိုယ်မိမိ အစေခံဟုမသိဘဲ အထက်စီးကနေနေပြီး တစ်မိန့်တစ်အာဏာနဲ့ဆိုရင်တော့ အဲဒီလူဟာ ခေါင်းဆောင် မဟုတ်ဘူး။ အဲဒီလူဟာ အခွင့်အရေးသမားမျှသာဖြစ်ပါတယ်။

မဟာသုဒဿနစကြဝတေးမင်း အကျင့်

အထက်ကပြောခဲ့သလို ဘဝတစ်ခုကို ရရှိပိုင်ဆိုင်ခဲ့သူများပီပီ တကယ့်စစ်မှန်တဲ့ ဘဝကိုတန်ဖိုးရှိရှိ၊ အဓိပ္ပါယ်ရှိရှိ၊ သူတစ်ပါး အကျိုးကိုဘယ်လောက် ထမ်းဆောင်ခဲ့သလဲဆိုတာကို ဘုရားလောင်း မဟာသုဒဿနစကြဝတေးမင်းဖြစ်စဉ်က ကျင့်ကြံခဲ့သော ကျင့်စဉ်တစ်ခုကို ပါဠိတော်လာတဲ့အတိုင်း မြန်မာပြန်သက်သက် ထုတ်ပြလိုက်ပါတယ်။ လောကလူသားတွေအတွက် ဘာတွေ ဘယ်လိုလုပ်သွားတယ်ဆိုတာ သိသာလာပါလိမ့်မယ်။ ဒီတော့ သူဟာလည်း စစ်မှန်တဲ့ ဘဝပိုင်ဆိုင်ဖြစ်ခဲ့သလား၊ ဘာကြောင့်လဲဆိုတာ ကိုယ်တိုင်တိုင်းတာကြည့်စေချင်ပါတယ်။ သေချာတာတစ်ခုကတော့ တိုင်းသူပြည်သားတွေရဲ့ ခေါင်းဆောင်ဖြစ်သူပီပီ သူ့အနေနဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆီးပေးသွားခဲ့တယ်။ ပြုလုပ်ဆောင်ရွက်သွားခဲ့တယ်ဆိုတာပါပဲ။

''အကြင်အခါ ငါသည် ကုသဝတီမြို့၌ များမြတ်သောဗိုလ်ပါအင်အားရှိသည့် မဟာသုဒဿနမည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။ ထိုအခါ ငါသည် ထိုကုသဝတီမြို့ ထိုထိုအရပ်၌ တစ်နေ့သုံးကြိမ် ကြွေးကြော်စေ၏။ အဘယ်သူသည် အဘယ်အရာဝတ္ထုကို အလိုရှိသနည်း၊ တောင့်တသနည်း။ အဘယ်သူအား အဘယ်ဥစ္စာကိုပေးစေချင်သနည်း။ အဘယ်သူသည် ဆာလောင်သနည်း။ အဘယ်သူသည် မွတ်သိပ်သနည်း။ အဘယ် သူသည် ပန်းကိုအလိုရှိသနည်း။ အဘယ်သူသည် နံ့သာပျောင်းကို အလိုရှိသနည်း။ အဘယ်သူသည် အဝတ်အထည်မရှိ၍ အထူးထူးဆိုးအပ်သော အဝတ်တို့ကို လိုသနည်း။ အဘယ်သူသည် လမ်းခရီး၌ ထီးကို ယူမည်နည်း။ အဘယ်သူသည် နူးညံ့လှပသော ဖိနပ်တို့ကိုယူမည်နည်း။ ဤသို့ ညချမ်းအခါ၌လည်းကောင်း၊ နံနက်အခါ၌လည်းကောင်း ထိုထိုအရပ်၌့ ကြွေးကြော်စေ၏။ ထိုပေးလှူဖွယ် ဥစ္စာကို ဆယ်ပါးသော အရပ်ဌာနတို့၌လည်းကောင်း၊ အရပ်ဌာနတစ်ရာတို့၌ လည်းကောင်း စီရင်ထားအပ်သည် မဟုတ်သေး။ အရာမက များစွာသော အရပ်ဌာနတို့၌လည်း တောင်းသူတို့ကို ရည်၍ ဥစ္စာကို စီရင်ထား၏။ နေ့အခါ၌လည်းကောင်း၊ သို့မဟုတ် ညဥ့်အခါ၌လည်းကောင်း အလှူခံဖုန်းတောင်း ယာစကသည်အကယ်၍ လာငြားအံ့။ အလိုရှိတိုင်းသော ဥစ္စာကိုရ၍ ပြည့်သောလက်ရှိလျက်သာလျှင် သွားရ၏။ ငါသည် ဤသို့ သဘောရှိသော အလှူကြီးကို အသက်ရှိသမျှ ကာလပတ်လုံး ပေးလှူခဲ့၏၊ ငါသည် ဥစ္စာကို မနှစ်သက်၍ ပေးလှူသည်လည်း မဟုတ်၊ ငါ့ထံ၌ ဥစ္စာကို စုဆောင်းထားခြင်းမရှိသည်လည်း မဟုတ်။ ဥပမာအားဖြင့် ရောဂါဖြင့် နာကျင်သူမည်သည် ရောဂါမှ လွတ်မြောက်ခြင်းငှါ ဥစ္စာဖြင့်ဆေးဆရာကို ရောင့်ရဲစေလျက် ရောဂါမှ လွတ်မြောက်သကဲ့သို့- ထို့အတူပင် (အလှူခံ၏ အလိုဆန္ဒကို) အကြွင်းမဲ့ ပြည့်စေရန်သိသော ငါသည် အလှူခံဖုန်းတောင်းယာစကာတို့၏ ယုတ်လျော့သော စိတ်(အလို)ကို ပြည့်စေလျက် တွယ်တာကပ်ငြိမှု မရှိ, တောင့်တမှုမရှိဘဲ သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ခြင်းငှါသာ လှူဖွယ်ကို ပေးလှူ၏။ ''