Thursday, March 31, 2011

လူငယ်နှင့် ပရဟိတစိတ်ဓာတ်

ရှည်လျားသော အတွေးများ ငုတ်လျှိုးကွယ်ပျောက်သွားခဲ့သည်။ ကောင်းကင်သို့ မော့ကြည့်လိုက်စဉ် တိမ်စများ ပြေးလွှားနေခဲ့သည်။ လျှပ်စီးလက်မှုများ ဖြစ်ပေါ်လာသည်။ မကြာခင် မိုးရွာတော့မည်။ တခဏအတွင်းမှာပင် မိုးသားများ ညိုမည်းစွာ တက်လာနေခဲ့သည်။ လေပြင်းတစ်ချက် ဝှေ့အတိုက်မှာတော့ ချမ်းစိမ့်စိမ့် ညနေချမ်းလေးသည်လည်း မကြာခင် ကုန်ဆုံးကွယ်ပျောက်လေတော့သည်။ လတာပြင်ကျယ်မှာ လေတိုက်နှုံးသည်လည်း မြင့်တက်လာသည်။ ထိုင်ရာမှ ထလိုက်သည် သို့သော် စိတ်တွေက အိမ်ပြန်ချင်စိတ်ကို တားမြစ်နေတော့သည်။ ဆက်ထိုင်လိုက်သည်။ ပြန့်ကျဲနေသော အတွေးစများကို ပြန်လည်စုစည်းလိုက်သည်။ လေနဲ့အတူပါသွား၍လား မပြောတတ် မိုးရိပ်သန်းနေသော တိမ်လွှာများသည်လည်း အဝေးသို့ လွှင့်စင်သွားသည်။ တိမ်များသည် အနီရောင်သို့ ပြောင်းလဲကာ ခဏချင်းမှာပင် ပြန်လည်ကွယ်ပျောက်သွားသည်။

အတွေးများက လူသားတစ်ယောက်၏ သတ်ပုံမမှန်သော စရိုက်လက္ခဏာ။ လူသားမဆန်သော ပြုကျင့်မှု။ အပေါ်ယံဆန်သော ပုံပန်းသဏ္ဍာန်များဖြစ်သည်။ ထိုအတွေးများကို ဖျောက်ဖျက်ပစ်လိုက်ပြီး။ လူသားဆန်သော၊ သတ်ပုံမှန်သော၊ အတွင်းကျသော အတွေးများသို့ ဦးတည်ပြောင်းလဲလိုက်နိုင်ခဲ့သည်။ အဆိုပါ အတွေးစများကို ဆန့်ထုတ်ကြည့်လိုက်တော့ စိတ်များ ကြည်ရွှင်လာသည်။ မြူးတူးပျော်ပါး သွားလာနေသော ငှက်အုပ်များကဲ့သို့ ပေါ့ပါးလာခဲ့သည်။ အဝေးသို့ လှမ်းကြည့် လိုက်တော့ ကဗျာဆန်ဆန် ကျွဲတစ်အုပ်၏ အိပ်တန်းပြန်ချိန်ကား လှပနေခဲ့သည်။ လေနုအေးလေးများကတော့ အဆက်မပြတ် ဆိုသလို တိုက်ခတ်နေဆဲ။ အတွေးများသည်လည်း လူးလွင့်နေဆဲ။ ဖမ်းဆုပ်ရန်ခက်သော စကားလုံးများသည်လည်း ရင်ထဲမှ တစ်လုံးပြီး တစ်လုံး ထွက်အန်ကျလာခဲ့သည်။

ဂေဟာမဲ့ ငှက်ကလေးများ

အန်ကြိတ်နိုင်စွမ်း မရှိတော့တဲ့အဆုံး

လူလုံးမလှတဲ့ ငှက်ကလေးတို့ရေ

မင်းတို့ရဲ့ အတောင်ပံတွေ ကျိုးကြေနေရော့သလား

ပိုင်ဆိုင်ထားတဲ့ ဘဝများကို မနှစ်မြို့ပေမယ့်

တောအုပ်ထဲ လမ်းပျောက်တာထက်

ဘဝမျိုးစုံ ဖြန့်ခင်းထားတဲ့ ဝင်္ကပါလမ်းမထဲ

လမ်းလျှောက်ရင်း လမ်းပျောက်တာပဲဖြစ်ဖြစ်ပေါ့

အတောင်တွေဖြန့်ပြီး ပျံသန်းလိုက်ပါ။

မြို့ကြီးပြကြီးဆိုတာ ရင်မအေးရဘူးကွယ့်

မင်းတို့ရဲ့ ဖြန့်ထားတဲ့လက်နုလေးတွေထဲ

မာကြောတဲ့ ဒဏ်ရာပြင်းပြင်းတွေဟာ နက်တယ်။

ကြိတ်ပြီး ငိုနေခဲ့တဲ့ ပူလောင်မှုတွေကို

ကမ္ဘာစောင့်နတ်တွေ သိပါစေလို့

မတိုင်တည်ပေမယ့် အားလုံးကြားပါတယ်။

တစ်ကောင်နဲ့ တစ်ကောင်

အစာတွေ၊ နေရာတွေ၊ ဝတ်ရုံတွေထဲ

မသိစိတ်တွေနဲ့ ပျော်နေခဲ့တာ ကြည်နူးဖွယ်။

တကယ့်တော့ လောကကြီးရဲ့ တစ်နေရာရာမှာ

မင်းတို့လေးတွေရဲ့ အိပ်တန်းပျံဖို့ နေရာလေးတွေ

ဖန်ဆင်းပေးထားပါတယ်။

အတောင်ပံ့တွေ ဖြန့်တန်းလိုက်ပါ

အားအင်တွေ ထုတ်သုံးလိုက်ပါ

လေအဟုန်မှာ မြူမှုန်တွေခါထုတ်ရင်း

အနာဂတ်လမ်းထဲ ရဲရဲရင့်ရင့် ပျံသန်းလိုက်ပါ။

အဲဒီမှာ

သမ္မာဒေဝနတ်ကောင်းတွေနဲ့ စကားလက်ဆုံကြရင်း

လှပတဲ့အိပ်မက်လေးထဲ ပျော်ဝင်စီးဆင်းနိုင်ပါစေ။

လူသားဆန်သော လူတွေအတွက် လုပ်စရာမျိုးစုံအနေဖြင့် စောင့်လင့်နေခဲ့သည်။ လမ်းပေါင်းမျိုးစုံပေါ်သို့ မိမိသွားသင့်သည့် လမ်းကြောင်းပေါ်သို့ ဦးတည်ကာ လျှောက်လှမ်းဖို့ လိုသည်။ မိဘမဲ့ဂေဟာများ၊ အခမဲ့ပညာသင်ကြားရေးများ၊ အေ့စ်ရောဂါစောင့် ရှောက်ရေး ဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ မျက်မမြင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ဂေဟာများ။ တောင်ပေါ်ဒေသရှိ လူသူအရောက်ပေါက်နည်း စာသင်ကျောင်းများ၊ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ၊ နာရေးကူညီမှုဌာနများ-စသဖြင့် နေရာ များစွာသည် သင့်အားဆီးကြိုနေသည်။

နေသာသောနေ့တစ်နေ့။ အငှားကားတစ်စီး၏ အကူအညီဖြင့် ဆင်ခြေဖုံးနေရာတစ်ခုသို့ ရောက်သွားခဲ့သည်။ မြင်ရသော မြင်ကွင်းသည်ကား အတိုင်းအဆမရှိ ကြည်နူးဖွယ် ဖြစ်၏။ မိဘမဲ့ကလေးများ၊ ဆင်းရဲသောကလေးများ၊ တိုင်းရင်းသားလေးများ၊ လေးရာကျော်လောက်ကို စာသင်ကျောင်းတစ်ခုမှာ မြင်လိုက်ရသည်။ အခမဲ့ပညာရေးကျောင်း။ ဆရာမများ၏ ရွှင်ပြပြအပြုံး၊ ကျောင်းသူ၊ ကျောင်းသားများ၏ ပကတိကြည်လင်နေသော အပြုံးမျက်နှာများ။ တောက်ပနေသော မျက်လုံးအစုံဖြင့် ဆီးကြိုနေခဲ့သည်။ သူငယ်တန်းမှအစ ရှစ်တန်းအထိ အခမဲ့ပညာသင်ကြားနေသော ကျောင်းဝန်းတစ်ခုလုံးသည်၊ သန့်ရှင်းတောက်ပ နေခဲ့သည်။ အမှိုက်သရိုက်များမရှိ။ သန့်ရှင်းသပ်ရပ်သော စာသင်အဆောင် သုံးဆောင်။ ဘကဆန်ဆန်ဖြစ်သောကြောင့် ကိုရင်ငယ်လေးများ၊ သီလရှင်လေးများပါ တွေ့မြင်ခဲ့ရသည်။ ထိုကျောင်းကို ဦးစီးသူကလည်း ဆရာလေး။ ဆရာမများကလည်း ကူညီမှုအပြည့် ပေးထားသည်။ ဆရာမများ၏လခကိုလည်း ထိုဆရာလေးမှပင် ကူညီပံ့ပိုးထားသည်။ မွန်မြတ်သော လုပ်ငန်းပင်ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးများကို တကယ့်မီးအိမ်ရှင်အဖြစ် သတ်မှတ်ရမည်ဖြစ်သည်။ သူ့လိုလူမျိုးများကိုလည်း နေရာအနှံ့အပြားမှာ လိုအပ်နေသည်။ မြင့်မြတ်သောသူများ၏ ခြေရာများကို လိုက်ပြီးလှမ်းလျှောက်နေသော သူမ၏ခြေလှမ်းများသည် ရပ်မသွားရန်လိုသည်။

မှန်သည်။ သူမ၏ဦးဆောင်မှုဖြင့် အသိမြ<ွကယ်ကလေးငယ်များ၏ ဘဝများသည် ဝင်းလက်တောက်ပလာနေခဲ့သည်။ ထိုကလေးငယ်များ၏ အသိများဆက်လက် တောက်ပဖို့လိုသည်။ သို့အတွက် ပရဟိတစိတ်ရှိသော ဓနရှင်များစွာသည်လည်း ကူညီ ဖေးမဖို့လိုသည်။ သို့မှသာလျှင် ဆက်လက်မောင်းနှင် နေနိုင်လိမ့်မည်ဖြစ်သည်။ ကူညီမှုများဖြင့် လှပသောလက်ပိုင်ရှင်များ ဖြစ်ရန်ြ<ွကယ်ဝချမ်းသာသူများကို မျှော်လင့်နေပေလိမ့်မည်။ သို့မှသာ အနာဂတ်မှာ ကြယ်ကလေးတွေ ဆက်လက်တောက်ပနိုင် ပေလိမ့်မည်။ အရောင်ဖျော့ဖျော့ ကြယ်ကလေးများ၏ အလင်းအားသည် တစထက်တစ တောက်ပလာရန်လိုသည်။ သို့အတွက် မိမိ၏ အားကောင်းသော ပရဟိတအင်အားဖြင့် မီးမောင်းထိုးနိုင်ရန် လိုအပ်ပေသည်။ ပေးသောလက်သည် ထာဝရရှင်သန်နေသော ခွန်အားရှိ လက်တစ်စုံဖြစ်သည်။ ထိုကဲ့သို့သော လက်အစုံများသည် ကမ္ဘာလောကကြီး၏ အမွန်မြတ်ဆုံး လက်ပိုင်ရှင်များဖြစ်သည်။

နာမည်ကား ချန်ဂွမ်ပေါင်။ တရုတ်နိုင်ငံသား။ ကျန်စုဟွန် ကုမ္ပဏီ၏ ဥက္ကဋ္ဌ။ ပိုင်ရှင်မှုငွေကြေး ပမာဏ တရုတ်ယွမ်ငွေ ငါးဘီလီလျံ (ယူအက်ဒေါ်လာ-၇၃၅သန်း)။ ထင်ရှားကျော်ကြားတဲ့ ဖျော်ဖြေရေးလုပ်ငန်းရှင်။ ပရဟိတအလှူရှင် ဘီလီလျံနာ။ အဆိုပါ သူဌေးကြီး၏ အတွေးများသည်ကား။ အံ့သြဖွယ်ရာဖြစ်သည်။ သူသည် လူ့ဘဝကို အဓိပ္ပါယ်ရှိစွာ နေထိုင်သွားချင်သူဖြစ်သည်။ အချီးအနှီးသာ လာခဲ့သောသူ့ဘဝကိုလည်း အချီးအနှီးသာ ပြန်သွားချင်သည်။ သို့သော် ထိုအချီးအနှီးသည်ပင် သူ့အတွက် တန်ဖိုးဖြတ်မရသော စိတ်ဓာတ်။ အနာဂတ်အတွက် ရိက္ခာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အထက်ဖော်ပြပါ ငွေကြေးပမာဏ များအား အကယ်၍ သူသေသွားခဲ့မယ်ဆိုလျှင်၊ လူမှုရေးရံပုံငွေအဖွဲ့သို့ လှူဒါန်းမည်ဖြစ်ကြောင်း။ ၂ဝ၁ဝ၊ စက်တင်ဘာလက တရားဝင် ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ အဆိုပါ အဖွဲ့စည်းသည်ကား ဘီလ်ဂိတ်၊ ဝရန်ဘူဖေးတို့၏ ဦးဆောင်မှုဖြင့် လည်ပတ်နေသော ပရဟိတထောက်ပံ့ရေး အဖွဲ့အစည်းဖြစ်သည်။ သူတို့နှစ်ဦးသည်လည်း အံ့သြဖွယ်ကောင်းလောက်အောင်ပင် ပရဟိတအလုပ်ကို ဦးဆောင်လုပ်ကိုင်နေသူများဖြစ်သည်။ သူတို့၏ ဦးဆောင်မှုဖြင့် အမေရိကန်ရှိ ဘီလျံနာ လေးဆယ်တို့က သူတို့ပိုင်ဆိုင်သော ငွေကြေး အနည်းဆုံးတစ်ဝက်ကို ကွယ်လွန်တဲ့အချိန်မှာ လူမှုရေးရံပုံငွေသို့ လှူဒါန်းမည်ဖြစ်ကြောင်း ဝန်ခံကတိပြုထားကြသည်။ ခေတ်သစ်ဝေဿန္တရာများပင် ဖြစ်သည်။ အတုယူကြမည်ဖြစ်သည်။ သူတို့သည် ဘယ်တော့မှ သေသွားကြမည်မဟုတ်။ လူသေသွားသော်လည်း ဘယ်တော့မှ နာမည်သေသွားကြမည် မဟုတ်။ ဂုဏ်ယူရမည့် ပုဂ္ဂိုလ်များဖြစ်သည်။

မိမိတို့အနေနဲ့ ပစ္စည်းဥစ္စာများစွာ ရှာဖွေထားခဲ့ကြသော်လည်း သူတစ်ပါးအား၊ မလှူရက်၊ မပေးရက်၊ မကမ်းရက်ဘူး ဆိုလျှင် ရှာရကျိုး မနပ်။ ရှာခဲ့သောပစ္စည်းများဖြင့် အကျိုးမရှိသော အာရုံငါးပါး ကာမဂုဏ်တရားတွေအတွက်သာ သုံးဖြုန်းပစ်မည် ဆိုလျှင်လည်း အဓိပ္ပါယ်မရှိပြန်ပေ။ တစ်ချို့က ရှာသည်။ ရသည်။ သုံးမည်။ ဖြုန်းမည်။ သုံးတတ်လျှင်ကောင်း၏။ ဖြုန်းပစ်လျှင်တော့ အနှစ်သာရ မရှိ။ ဗုဒ္ဓကလည်း ပြော၏။ သက္ကာရော ကာ ပုရိသံ ဟန္တိ- ပစ္စည်းဥစ္စာ ပူဇော်သက္ကာရဆိုတာ ယုတ်ညံ့သော စိတ်ဓာတ်ရှိသူ၊ မခိုင်မာသူများအတွက် အဆိပ်သဖွယ်ဖြစ်၏။ ဘဝ၌ မကောင်းသောနိဂုံးကို ဖြစ်စေတတ်၏။

မှန်သည်။ အချို့က ပစ္စည်းဥစ္စာသည် ဘာမဆိုလုပ်လို့ရသည်ဟု ထင်တတ်သည်။ ငွေကြေးဖြင့် မကောင်းမှုတွေကို ဝယ်ယူတတ်သည်။ ငွေသည် မသုံးတတ်တော့ြေ>ွမဖြစ်လာသည်။ အင်မတန်ကြောက်စရာကောင်းသည်။ စည်းစိမ်ဥစ္စာကို ပျော်ဖို့ အတွက်သာ ရှာဖွေခြင်းဖြစ်ပြီး သုံးဖြုန်းပစ်သည်။ မကောင်းမှု ဒုစရိုက်တွေကို ဇိမ်ပြေနပြေ လုပ်တတ်သည်။ ထိုလူ၏ ဘဝနိဂုံသည်ကား ကြောက်စရာကောင်းသည်။ မကောင်းသော နိဂုံးဖြင့် ဘဝကိုအဆုံးသတ်သွားစေသည်။

သူတစ်ပါးအား ပေးကမ်းစွန့်ကျဲရာ၌လည်း စေတနာပြတ်ဖို့လိုသည်။ စေတနာမပြတ်လျှင် နောင်တ တဖန်ပူပန်ရတတ်သည်။ အကျိုးလိုလားသော စိတ်ဖြင့် မည်သူကိုမျှ ရွေးခြယ်မှုမပြုဘဲ အယုတ် အလတ် အမြတ်မရွေး လှူဒါန်းမှု၊ ပေးကမ်းမှု၊ စွန့်ကျဲမှု ထားနိုင်ရမည်။ ဒါမှသာလျှင် သူတော်ကောင်း အလုပ်ဖြစ်သည်။ သို့မဟုတ်လျှင် ကုန်ဆုံးသွားသော ပစ္စည်းများကို နှမြောတသ ဖြစ်ကာ ကုန်ရကျိုးမနပ်ဘဲ ဖြစ်သွားပါလိမ့်မည်။ '' အလှူတစ်ခု လုပ်တော့မယ်ဆိုရင် ပထမဦးဆုံး ပညာရှိတဲ့လူနဲ့ တိုင်ပင်ပြီး လုပ်သင့်တယ်။ အဲဒီလို မတိုင်ပင်ဘဲ လုပ်မိရင် နောင်တတဖန်ပူပန်ရတတ်တယ် ''တဲ့။ ပေးသောလက်ပိုင်ရှင်များဖြစ်နိုင်ကြပါစေ။


မောင်မင်းစိုး၊ရွှေနံ့သာ၊