Wednesday, July 28, 2010

စံပြမိဘများ


လူငယ်နဲ့ ခေါင်းဆောင်မှု အဆက်....

လူငယ်တွေကို အသိပညာ၊ အတတ်ပညာသင်ပေးကြတယ်။ ကိုယ်တုန်းကမစွမ်းဆောင်နိုင်မှုတွေဟာ လူငယ်တွေအပေါ် ကိုယ်ကထမ်းဆောင်ကြရတဲ့အခါ မိဘများဟာ ကိုယ့်ထက်သာစေချင်တဲ့ သဘောနဲ့သားသမီးတွေကို ထိန်းသိမ်းစောင့်ရှောက်ကြတယ်။ အသိပညာရှင်၊ အတတ်ပညာရှင်တွေဖြစ်အောင် စွမ်းဆောင်စေခဲ့ကြတယ်။ ဒါဟာလည်း တိုးတက်လာမှုနဲ့အညီ မိဘများရဲ့ ကြီးမားတဲ့မျှော်လင့်ချက်တွေဖြစ်ပါတယ်။ အချို့မိဘများကတော့ ကလေးကိုတော်စေချင်တာတစ်ခုတည်းနဲ့ နည်းအမျိုးစုံနဲ့ ဖိနှိပ် ချုပ်ခြယ်ကြတယ်။ ဒါဟာ ကလေးရဲ့စိတ်ဓာတ်ကို ရိုက်ချိုးပစ်လိုက်တာနဲ့တူပါတယ်။ ဖိအားတွေအရမ်းပေးတော့ ကလေးဟာ ကိုယ်ဖြစ်ချင်သလိုမဖြစ်တော့ဘဲ နောက်ဆုံးဘာမှအသုံးမကျတဲ့ လူငယ်တစ်ယောက်ဖြစ်သွားရတာတွေလည်း မနည်းတော့ဘူးပေါ့။ ဒီတော့ ကလေးကို အရမ်းချုပ်ခြယ်လို့တော့ မဖြစ်ဘူး။ ပုံစံအမျိုးမျိုးနဲ့ စတိုင်လ်အမျိုးမျိုးနဲ့ ကိုယ်ဖြစ်ချင်တာကိုပဲ ရှေ့တန်းတင် ပြီး မရရအောင် မောင်းတတ်တဲ့ မိဘတွေအနေနဲ့ ဒါကိုကြိုးစားပြီး ရှောင်ရှားစေချင်ပါတယ်။

တောကရွာလေးတစ်ရွာမှာ သမီးတွေချည်းသာ မွေးဖွားထားခဲ့တဲ့ မိဘများရှိတယ်။ လက်လုပ်လက်စားဘဝဆိုပါတော့။ အားလုံး သမီးချည်း(၆)ယောက်ပေါ့။ ဒီသားအမိတွေ ကြည့်ရတာမြင်ရသူတိုင်း စိတ်ချမ်းသာကြတယ်။ အားလုံးတပျော်တပါးဆိုပါတော့။ သူငယ်ချင်းတွေလည်း ချစ်ချစ်ခင်ခင်။ လုပ်စရာရှိတာလည်း မခိုမကပ်ကြဘူး။ မိဘများကလည်း အားလုံးကို ဘွဲ့ရပညာတတ်တွေ အထိ ကျောင်းထားပေးကြတယ်။ အမ်အေတွေအထိဆိုပါတော့။ ပီအိတ်ခ်ျဒီအတွက်တောင် လုံးပန်းနေတဲ့အထိ။ သူတို့ဟာ ခြွေတာ ကြတယ်။ ကြိုးစားကြတယ်။ မိဘကို ဘယ်တော့မှစိတ်ဆင်းရဲအောင် မလုပ်ကြဘူး။ အားလုံးတက်ညီလက်ညီဆိုပါတော့။ မိဘတွေ ကလည်း သူတို့သာ မတတ်မြောက်ခဲ့ကြပေမယ့် သမီးတွေပညာတတ်ဖြစ်အောင် အစွမ်းကုန်ကြိုးစားပေးခဲ့တယ်။ ရုန်းကန်ခဲ့ကြတယ်။ တကယ်တော့ အခြားသော ပစ္စည်းရှိသူတွေတောင် သူတို့လို ပညာရေးကို အားမပေးကြဘူး။ နောက်တစ်ခုက ကလေးတွေကို မချုပ်ချယ်ဘူး။ လွတ်လပ်ခွင့်အမြဲပေးတယ်။ ကလေးတွေအနေနဲ့လည်း အားလုံးလိုလို အလိုက်သိကြတယ်။ မိဘတွေ ဘယ်လိုရုန်းကန် ပြီး ထားခဲ့ကြတယ်ဆိုတာ သူတို့သိတယ်။ ဒီတော့ အားလုံးကလည်း ပညာတတ်ဘွဲ့ရတွေဖြစ်အောင် ကြိုးစားကြတယ်။ အငယ်ဆုံး ကလေးနှစ်ယောက်သာ ကျောင်းမပြီးသေးတာ။ အခုတော့ ပြန်လည်ပြီးကြီးတဲ့အမဖြစ်သူတွေဟာ ပြန်လည်ပြီးတော့ မိဘတွေကို လုပ်ကျွေးနိုင်ကြပါပြီ။ အလတ်မလေးတစ်ယောက်ကတော့ ပီအိတ်ခ်ျဒီအတွက် ဆက်ပြီးလေ့လာနေဆဲပေါ့။ ဒီတော့ ဒီလိုမိဘမျိုးတွေကို ဆထက်တိုးတက်ပေါများလာဖို့ စံပြအဖြစ်နဲ့ တိုက်တွန်းချင်ပါတယ်။ မရှိဘူး၊ မဖြစ်ဘူး၊ မတတ်နိုင်ဘူးဆိုတာတွေ ဘယ်တော့ မှ ကလေးစိတ်ဆင်းရဲအောင် မလုပ်ကြဘူး။ မရရအောင်စွမ်းဆောင်နိုင်အောင် ဖြေရှင်းပေးကြတယ်။ အင်မတန်ကို လေးစားဂုဏ် ယူထိုက်တဲ့ မိဘတွေဖြစ်သလို၊ ကလေးတွေအနေနဲ့ ကိုယ့်ဘဝအခြေအနေကို သိပြီး ကြိုးစားမှုတွေဟာ တော်တော်လေး ဂုဏ်ပြု ထိုက်ပါတယ်။ ဒီတော့ စံပြမိသားစုအဖြစ် မိမိကတော့ စိတ်ထဲကနေ သတ်မှတ်နေမိပါတယ်။

အခုခေတ်က တောရော၊ မြို့ပါ ကလေးငယ်တွေက ကလေးတွေနဲ့မတူတော့ဘူး။ အရမ်းကို ဖိစီးမှုဒဏ်တွေနဲ့ ခံနေကြရ တယ်။ အိုင်တီခေတ်၊ အိုင်တီခေတ်ဆိုတာတွေ ကြွေးကျော်လွန်းပြီး ကလေးတွေကို အရမ်းဖိနှိပ်ချုပ်ချယ်လွန်းတာတွေဟာ လွတ် လွတ်လပ်လပ် အားအင်အပြည့်နဲ့ ရှင်သန်ချင်နေတဲ့ပန်းပင်လေးကို အမြစ်ကနေနှုတ်နှုတ်ပြီး ရှင်လား၊ သေလားဆိုတာ စမ်းသပ် နေတဲ့ မြောက်တွေလိုဖြစ်နေတယ်။ ဒီတော့ ဒါမျိုးတွေကို သတိထားပြီး ပြုမူစေချင်ပါတယ်။ ကလေးတွေကို အရမ်းကို မဖိနှိပ်ပါနဲ့၊ မချုပ်ချယ်ပါနဲ့၊ တင်းကျပ်တဲ့ စည်းကမ်းဥပဒေသတွေကို မထုတ်ပြန်ပါနဲ့၊ လွတ်လပ်ခွင့်ပေးပါ။ အရမ်းတင်းလွန်းရင်လည်း ပြတ် သွားတတ်ပါတယ်။ သို့သော်လည်း အရမ်းကြီးလျော့လွန်းရင်လည်း ရစ်သွားတတ်ပါတယ်။ ဗုဒ္ဓဟောတဲ့၊ သူကိုယ်တိုင်လိုက်နာခဲ့တဲ့ မတင်းလွန်း၊ မလျော့လွန်းတဲ့ မဇ္ဈိမပဋိပဒါလမ်းဖြစ်တဲ့ အလယ်အလတ်လမ်းစဉ်ကိုသာ လိုက်သင့်ပါတယ်။ အခုဖြစ်နေတာက ကလေးငယ်ဟာ တစ်နေကုန် စာ စာ စာ တွေနဲ့ပဲ နပန်းလုံးနေကြရတယ်။ ကျောင်းကသင်တာတွေ၊ ပြန်ရောက်ပြီး ကျူရှင်ကို ရေတောင်ကောင်းကောင်းမသောက်ရသေးဘူး ဆက်သွားရတာတွေ၊ ညဘက်အိမ်ပြန်ရောက်တော့ ကျောင်းကပေးတဲ့အိမ်စာတွေ၊ ကျူရှင်ပေးတဲ့ စာတွေနဲ့ နပန်းလုံးပြီး စားချိန်တောင်ကောင်းကောင်းမရ၊ နားချိန်ဆိုတာ ဝေလာဝေးပြီ။ အိပ်ချိန်တွေတောင် လုပြီးအိပ်နေကြရတယ်။ ဒီလိုနဲ့ မနက်ကျောင်းယူထားသူဆိုရင် စောစောထ။ မိုးလင်းတာနဲ့ကျောင်းသွား။ ဒီလိုပဲ တစ်နေကုန်ကျ ရပြန်တယ်။ ဒါတွေကို နားလည်ပေးကြဖို့ပါ။ မှာချင်တာကတော့ တင်းလွန်းရင် ပြတ်သွားတတ်တယ်ဆိုတာပါပဲ။ ကျောင်းစာကို အားပေးတာကိုတော့ ကောင်းပါတယ်။ ဒါပေမယ့် ချုပ်ချယ်လွန်းတာကိုတော့ လုံးဝမလုပ်သင့်ဘူးဆိုတာကို ထပ်ပြီးမှာလိုပါတယ်။



ကျောင်းပြီးအောင်မတက်ခဲ့ကြရတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်များ

တစ်ချို့ကိုယ့်အနေနဲ့ ကျောင်းစာကိုအထွတ်အထိပ်အထိရောက်အောင် ဒီဂရီလေးတစ်ခုခုရအောင် တက်ချင်ကြသည်။ သို့သော် အမျိုးမျိုးသောအကြောင်းကြောင်းကြောင့် မတက်ဖြစ်နိုင်ခဲ့ပါ။ သို့အတွက် အဆိုပါပုဂ္ဂိုလ်များအတွက် ထွက်ပေါက်လေး တစ်ခုတလေတော့ ရကောင်းပါသည်။ စိတ်ဓာတ်တစ်စုံတရာ ပြုပြင်ပြောင်းလဲပြီး မထင်မှတ်တဲ့ အလှည့်အပြောင်းတစ်ခုကို ရရှိကောင်းရရှိလိမ့်မယ်ဟု ထင်မြင်ယူဆမိပါတယ်။ ဒါကြောင့် ကျောင်းပြီးအောင်မတက်ခဲ့ရသော်လည်း လုပ်ငန်းခွင်အသီးသီးမှာ အောင်မြင်မှု၊ ကျော်ကြားမှု၊ ထင်ပေါ်မှုများနှင့် ပြည့်စုံနေသော ပုဂ္ဂိုလ်(၁ဝ)ဦးကို တိုင်းမ်မဂ္ဂဇင်းကြီးက စစ်တမ်းကောက်ပြီး ဖော်ပြ လိုက်ပါတယ်။ အဲဒီကို ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။

၁။ ဘီလ်ဂိတ်
သူဟာ ဟားဗက်တက္ကသိုလ်မှာ ၁၉၇၃ခုနှစ်တွင် တက်ရောက်ခဲ့သူဖြစ်ပါတယ်။ သို့သော်လည်းပဲ သူဟာနှစ်နှစ်လောက်သာ တက်ရောက်ခဲ့ပါတယ်။ ကျောင်းပြီးအောင် မတက်ရောက်ဖြစ်ခဲ့ပါဘူး။ သူ့ သူငယ်ချင်းဖြစ်သူ ပေါလ်အယ်လင်နှင့်အတူ မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပါတယ်။ သို့သော်လည်းပဲ ၂ဝဝ၇ခုနှစ်မှာတော့ ကျောင်းကနေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ် ခဲ့ခြင်းကို ခံခဲ့ရပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး(၁ဝ) ဦးထဲမှာလည်း ထိပ်ဆုံးကနေ ဦးဆောင်နေခဲ့သူဖြစ်ပါတယ်။ သူဟာ အသက်(၅၂)နှစ် အရွယ်သာရှိသေးသော်လည်း သူ့ရဲ့ချမ်းသာမှုဟာ ဒေါ်လာ ၅၉ဘီလီယံအထိ ချမ်းသာနေခဲ့ပါတယ်။ ချမ်းသာသလောက် အလှူအတန်း မှာလည်း ရက်ရက်ရောရောရှိလှတဲ့အတွက်ကြောင့် သူ့ကိုလူများတော်တော်လေး သိကျွမ်းကြပါတယ်။

၂။ စတိဗ်ဂျော့ဘ်
ဒီလူကတော့ အခုလူတော်တော်များ အသုံးပြုနေကြတဲ့ Apple – Nixt အစရှိတဲ့ ကွန်ပျူတာတွေ ထုတ်လုပ်နေပြီး၊ Pixar ကုမ္ပဏီကို ထူထောင်ခဲ့သူဖြစ်ပါတယ်။ သူပြောတာကတော့ သူဟာတကယ်လို့ ကျောင်းဆက်တက်နေခဲ့မယ်ဆိုရင် အခု တစ်ကမ္ဘာလုံးခေတ်စားပြီး အသုံးများ၊ တန်းဖိုးကြီးလှတဲ့ iPad-iPod-MuzzLightyear ကဲ့သို့သော အရာများ ပေါ်ပေါက်လာ လိမ့်မယ်မထင်ပါဘူးတဲ့။ သူဟာ စီးပွားရေးအခက်အခဲကြောင့် ရိဒ်ကောလိပ်ကို ခြောက်လမျှသာ တက်ရောက်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူပြောတာကတော့ သူ့အနေနဲ့ကျောင်းပညာရေးကို ပြီးဆုံးတိုင်မတက်ရောက်ဖြစ်ခဲ့သော်လည်း၊ ကောလိပ်ပညာရေးဟာ အချီးအနှီးမဖြစ်ကြောင်း စတန့်ဖိုဒ်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားခဲ့စဉ်က ထည့်ပြောသွားခဲ့ပါတယ်။ သူပြောတာကတော့ သူဟာ ကောလိပ်မှာ ခြောက်လသာတက်ရောက်ခဲ့ရပေမယ့် သူသင်ခဲ့ရတဲ့ လက်ရေးလှပညာက မက်ကင်တော့ ကွန်ပျူတာတွက် အသုံးပြုသော လက်နှိပ်စက်ပညာအတွက် အခြေခံကို ရရှိစေခဲ့ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

၃။ ဖရန့်လွိုက်ရိုက်
သူကတော့ အမေရိကတိုက်မှာ အထင်ရှားဆုံး ဗိသုကာပညာရှင်ဖြစ်ပါတယ်။ သူအနေနဲ့ကတော့ ဝှစ်ကိုဆင်-မက်ဒီဆင် တက္ကသိုလ်မှာ တစ်နှစ်လောက်သာ ကျောင်းတက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ချီကာဂိုကိုသွားရောက်ခဲ့ပါတယ်။ သူဟာ ကမ္ဘာကျော်အဆောက်အအုံဒီဖိုင်း ငါးရာကျော်ကို ရေးဆွဲပေးခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ခေတ်သစ်ဗိသုကာပညာရှင်များရဲ့ ဖခင်လို့ထင်ရှားခဲ့သူဖြစ်ပါတယ်။ သူရဲ့ထင်ရှားတဲ့ ကမ္ဘာကျော်အဆောက်အအုံများမှာ ဖောလင်းဝါးတားနဲ့နယူယောက်မှာရှိတဲ့ ဆိုလို မွန်အားဂတ်ဂျန်ဟိမ်းပြတိုက် အဆောက်အအုံတို့လည်း ပါဝင်ခဲ့ပါတယ်။

၎။ ဘက်မင်စတာဖူလာ
သူကလည်း ကမ္ဘာကျော်ဟားဗတ်တက္ကသိုလ်ကြီးမှာ ကျောင်းကနေနှစ်ကြိမ်တိုင်တိုင် ထွက်ခဲ့ပြီး။ ကောလိပ်ပညာရေးကို လုံလောက်စွာမရှိခဲ့သော်လည်း ကမ္ဘာကျော်ဗိသုကာပညာရှင်နဲ့ တီထွင်သူပါရဂူဖြစ်လာခဲ့ပါတယ်။

၅။ ဂျိမ်းကင်မရွန်း
အောက်စကာဆုရ ဒါတာကြီး ဂျိမ်းဟာ သူ့ဘဝစောစောပိုင်းအနေနဲ့ ဟောလိဝုဒ်ပညာနဲ့ နည်းနည်းမှ ပတ်သက်ခဲ့ခြင်းမရှိ ခဲ့ပါဘူး။ သူဟာ ၁၉၇၁ခုမှာတော့ သူမိသားစုနဲ့အတူ ကနေဒါကနေ ကာလီဖိုးနီးယားကို ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ အဲဒီကနေ ဖူလာတန်ကောလိပ်ကို ရူပဗေဒပညာကို တက်ရောက်သင်ကြားခဲ့ပါတယ်။ သို့သော်လည်း ခေတ္တမျှသာတက်ရောက်ခဲ့သူဖြစ်ပါတယ်။ ကျောင်းမှထွက်ခဲ့ပြီး စားပွဲထိုးအမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ကျကာ အလုပ်ကြမ်းသမားတစ်ဦးသာဖြစ်ခဲ့ပါတယ်။ ဘတ်စကားဒရိုက်ဘာ အဖြစ်လုပ်ကိုင်ခဲ့တယ်။ ၁၉၇၇ခုမှာ StarQars ရုပ်ရှင်လောကကို ခြေစုံပစ်ပြီးဝင်ရောက်ရန် ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် နှစ်ပေါင်း သုံးဆယ်ကြာပြီးတဲ့နောက်မှာတော့ သူဟာကမ္ဘာ့အံဖွယ်အကောင်းဆုံး သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားများကို ဖန်တီးလာနိုင်ခဲ့ သူဖြစ်ပါတယ်။

၆။ မက်ဇက္ကာဘတ်
အခု ကမ္ဘာမှာအကျော်ကြားဆုံး လူမှုရေးဝက်ဆိုက်ဖြစ်တဲ့ Facebook ကိုထူထောင်ခဲ့သည်ဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ် ကို တက်ရောက်နေစဉ်မှာပဲ သူရဲ့ကုမ္ပဏီဟာ ကာလီဖိုးနီးယားကို ပြောင်းရွေ့တဲ့အတွက် ကျောင်းမှထွက်ခဲ့ပြီး လိုက်ပါသွားခဲ့ရတယ်။ သို့သော်လည်း အလုပ်လုပ်စိတ်အားထက်သန်ပြီး ကျောင်းထွက်ခဲ့သော သူ့ရဲ့လုပ်ရပ်ဟာ မှန်ကန်တယ်လို့ ပြောရမှာပေါ့။ အခုသူဟာ အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ င်္သမဘနျ ForbeQ မဂ္ဂဇင်းရဲ့စစ်တမ်းအရ သူဟာ ၂ဝ၁ဝပြည့် နှစ်မှာ ဒေါ်လာ ၄ဘီလျံချမ်းသာပြီး ကမ္ဘာမှာ အချမ်းသာဆုံးလူငယ်အဖြစ် ရပ်တည်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၇။ တွမ်ဟန့်
ဒီပုဂ္ဂိုလ်ကိုတော့ လူအတော်များများ သိပြီးဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ အော်စကာဆုရတဲ့ မင်းသားတစ်ယောက် ဖြစ်တော့ ပရိသတ်နဲ့ အကျွမ်းဝင်းပြီးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ သူ့ကားတွေလည်း တော်တော်များများကြည့်ဖူးကြပါလိမ့်မယ်။ သူအနေနဲ့ကတော့ အိုဟိုင်းအိုးပြည်နယ် ကလီဗာလန်းမှာရှိတဲ့ ဂရိတ်လိတ်ပြဇာတ်ရုံမှာ အချိန်ပြည့်အလုပ်လုပ်နိုင်ရန် ရည်ရွယ်ပြီး ကောလိပ်ကျောင်းကနေ ထွက်ခဲ့သူဖြစ်ပါတယ်။ သူရဲ့ ပြဇာတ်ရုံမှ အတွေ့အကြုံတွေက ဟောလိဝုဒ်မှာ တော်တော်လေးအထောက် အကူပြုခဲ့ပါတယ်။ ဒါကြောင့် ဟောလိဝုဒ်မှာ သြဇာအကြီးဆုံး သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ စာရေးဆရာဖြစ်လာ ပါတော့တယ်။ အဲဒီလို နာမည်ကျော်ကြား၊ သြဇာကြီးသူဖြစ်ခဲ့သော်လည်း သူဟာ ဘယ်တော့မှ ဘဝမေ့တတ်သူ မဟုတ်ပါဘူး။ ဒါဟာလည်း သူ့ရဲ့အားသာချက်တစ်ခု ဖြစ်ပါလိမ့်မယ်။ သူဟာ ၂ဝဝ၉ခုနှစ်က သူရဲ့ဘဝတက္ကသိုလ်ဖြစ်တဲ့ ကလီဗာလန်းပြဇာတ်ရုံ အား ပြန်လည်မွမ်းမံရန်အတွက် ရန်ပုံငွေရှာဖွေအတွက် စိတ်အားတက်ကြွစွာ ဝင်ရောက်ကူညီခဲ့ပါတယ်။

၈။ ဟာရီဆန်ဖို့ဒ်
StarWars ဇာတ်ကားနဲ့ အင်ဒီယာနာဂျုန်းဇာတ်ကားများကြောင့် သူဟာရုပ်ရှင်လောကမှာ အကြီးအကျယ်ထင်ရှားလာ သူဖြစ်ပါတယ်။ သူဟာ ရိပွန်ကောလိပ်မှာ ဒဿနိကဗေဒဘာသာ အဓိကနဲ့ကျောင်းတက်ရောက်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘွဲ့မရမီမှာဘဲ ကျောင်းကနေထွက်ခဲ့ပါတယ်။ ကျောင်းကထွက်ပြီးတဲ့နောက် ဟောလိဝုဒ်ရုပ်ရှင်လောကထဲ အရေးမပါတဲ့ အခန်းတွေ မှာပါဝင်ခဲ့ပြီး။ ဘဝကို ဒီလောကထဲမှာ ရှင်သန်ဖို့အနေနဲ့ ခြေစုံပစ်ပြီး ဝင်ရောက်ခဲ့ပါတော့တယ်။ သို့သော်လည်း ဆယ်နှစ်လောက် ကြာလာပြီးတဲ့နောက်မှာတော့ အထက်ကပြောခဲ့တဲ့ StarWars ဇာတ်ကားနဲ့ အကြီးအကျယ်ထင်ရှားလာခဲ့သူဖြစ်ပါတယ်။

၉။ လေဒီဂါဂါ
ဒီပါရမီရှင် အဆိုတော်လေးကိုတော့ မသိသူမရှိလောက်အောင် နာမည်ကျော်ကြားနေခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့နာမည်အရင်း ကတော့ ဂျိုအန်နီအိန် ဂျယ်လီနာဂျာမန်နိုတက်ဗ်ဖြစ်ပါတယ်။ သူဟာလည်းကမ္ဘာကျော် နယူးယောက်တက္ကသိုလ် အနုပညာကျောင်း ကိုတက်ရောက်ခဲ့ပေမယ့်၊ တစ်နှစ်မပြည့်ခင်မှာပဲ ကျောင်းကထွက်ခဲ့ပါတယ်။ သူမဟာ ကျောင်းကထွက်ခဲ့ပြီး ဂီတအလုပ်တွေနဲ့သာ အချိန်ကုန်နေခဲ့ပါတော့တယ်။ ၂ဝဝ၈-ခုမှာတော့ သူမရဲ့ ပထမဆုံးပွဲဦးထွက် အယ်လ်ဘမ်ထွက်လာပြီးတဲ့ နောက်ပိုင်းမှာတော့ လေဒီဂါဂါမှ လေဒီဂါဂါဖြစ်ရလောက်အောင် အကြီးအကျယ်အောင်မြင်မှုတွေ ရရှိလာတော့ပါတယ်။

၁ဝ။ တိုက်ဂါးဝုဒ်
သူဟာ စီးပွားရေးပညာ အဓိကကျောင်းသားအဖြစ် စတန့်ဖိုဒ်တက္ကသိုလ်မှာ တက်ရောက်ခဲ့သူဖြစ်ပါတယ်။ သူ့ကိုလည်း မသိသူရှားပါးပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်တွေကတော့ အိမ်ထောင်ရေး ပဋိပက္ခတွေနဲ့ နပန်းလုံးနေခဲ့ရတော့ လူတွေ တော်တော်လေး စိတ်ဝင်တစား စောင့်ကြည့်ခံခဲ့ရသူဖြစ်လာပါတယ်။ အပျော်တမ်းဂေါက်သီးရိုက်ဘဝကနေ ကြေးစားလောကကို ခြေစုံပစ်ဝင်ရန် ကောလိပ်ပညာရေးကို လက်လွတ်ခဲ့သူဖြစ်ပါတယ်။ အပျော်တမ်းဂေါက်သီးရိုက်ဘဝနဲ့ နှစ်နှစ်လောက်သာ ကျင်လည်ခဲ့ပြီး ကြေးစား လောကထဲကို ဝင်ရောက်နိုင်ခဲ့သူဖြစ်တော့ အခုကမ္ဘာမှာ ဝင်ငွေအကောင်းဆုံး အားကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူရဲ့နှစ်စဉ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်း ၁ဝဝကျော်ရှိကြောင်း သိရပါတယ်။

ကဲဒီလောက်ဆို အကြောင်းမျိုးစုံကြောင့် ကျောင်းပြီးအောင်မတက်ခဲ့ရတဲ့ လူငယ်လေးတွေအနေနဲ့ ဘာမှအားငယ်စရာမလို တော့ပါဘူး။ ဒီလိုလူတွေအနေနဲ့တောင် ကျောင်းပညာရေးကို တက်ရောက်ခွင့်ရသော်လည်း၊ အခြေအနေမျိုးစုံကြောင့် ကျောင်းပြီးအောင် တက်ရောက်မသွားခဲ့ကြတဲ့ လူတွေကို အတုယူပြီး ကိုယ်လည်း ဘယ်လိုလုပ်ရမလဲ၊ ဘာတွေလုပ်ရမလဲ၊ ဘယ်လောက်ကြာရင်တော့ ဘာတွေဖြစ်လာမလဲဆိုတဲ့ ပုံကြမ်းရေးဆွဲမှုနဲ့အတူ အောင်မြင်တဲ့ ပုဂ္ဂိုလ်ဖြစ်လာပြီးတဲ့နောက် ဘယ်လိုနေရာတွေမှာ ဘယ်သူတွေကို ဘာအတွက် ခေါင်းဆောင်ပြီး အလုပ်လုပ်နေသလဲ၊ လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာပေါ့။

ဆက်လက်ဖော်ပြပါမည်..