Friday, February 13, 2009

ချစ်သူများနေ့


ချစ်သူများနေ့
အချစ်ဆိုတာ ရယူချင်းပဲဖြစ်ဖြစ်။
ပေးဆပ်ချင်းပဲဖြစ်ဖြစ်။
စစ်မှန်တဲ့ မေတ္တာစစ်နဲ့ ချစ်တတ်ကြပါစေ။


Valentine’s day ချစ်သူများနေ့


ချစ်သူများနေ့ဆိုတာ ဘီစီ၎ရာစုခေတ်က ရောမနိုင်ငံသားတွေဟာ လူပါကပ်စ်ဆိုတဲ့ နတ်ဘု ရားကို အကြောင်းပြုပြီး ပွဲတော်အဖြစ်ကျင်းပခဲ့ကြတယ်။ ပွဲတော်ရက်မတိုင် ခင်မှာတော့ (ဖေ ဖော်ဝါရီ၊၁၄)မှာ ရောမနတ်ဘုရားရဲ့ မိဖုရားဖြစ်သူ ဂျူနိုကို ဂုဏ်ပြုတဲ့အနေနဲ့ ပွဲကျင်းပ ရခြင်းဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ဂျူနို ကို လက်ထပ်ထိမ်းမြားခြင်းရဲ့ နတ်ဘုရားအဖြစ် ကိုးကွယ်ကြတာပေါ့။ နောက်ပြီးတော့မှ ဖေဖော်ဝါရီ(၁၅)ရက်နေ့ကျမှာ နတ်ဘုရားဖြစ်တဲ့ လူပါကပ်စ်ကို ကိုးကွယ် ပူဇော်ပသကြတာဖြစ်တယ်။ အဲဒီနေ့မှာတော့ အမျိုးသား နဲ့အမျိုးသမီး လုံးဝတွေ့ဆုံခွင့်မပြုခဲ့ကြဘူး။ သီးခြားဆီနေခဲ့ကြရတယ်။ အဲဒီနေ့ရဲ့ ညနေပိုင်းမှာတော့ လူငယ်များဟာ ကံစမ်းမဲတွေ ကိုယ့်နာမည်ရေးပြီး အနှိုက်ခံခဲ့ကြတယ်။ အကယ်၍ မဲပေါက်တဲ့ အမျိုးသားကို သူပေါက်တဲ့မဲနာမည်ဖြစ်တဲ့ အမျိုးသမီးဟာ နောက်နှစ် ဒီလိုရက်အချိန်ထိ တစ်နှစ်လုံးလုံးအတူနေခွင့်ရှိတယ်။ ဒါကြောင့် ဒီတစ်နှစ်လုံးအတူနေ ခွင့်ကြောင့် တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးကျွမ်းဝင် ဖြစ်ကြပြီး မေတ္တာသက်မျှကြတယ်ပေါ့။ ဒါပေမယ့် နှစ်ပေါင်း ၈၀၀လောက် အဲဒီပွဲကို ကျင်းပပြုလုပ်ခဲ့ကြပေမယ့်။ နောက်ပိုင်းမှာတော့ ဘာသာရေး ဆိုင်ရာဘုန်းတော်ကြီးများ၊ပုဂ္ဂိုလ်များက ရပ်ဆိုင်းပစ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါကြောင့် ဒီပွဲတော် ရက် ပျောက်သွားတဲ့ အထိမ်းအမှတ်အဖြစ် ချစ်သူများနေ့ ဆိုတာကို ကျင်းပခဲ့တယ်လို့ ယူဆခဲ့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် အချစ်ကဗျာလေးတွေ တင်ပေးလိုက်ပါတယ်။ လူသားတိုင်းဟာ ချစ်သူနဲ့ ကင်းခဲ့ကြတာမှ မဟုတ်တာ။ လူတစ်ဦးနဲ့တစ်ဦးချစ် တတ်ခဲ့တာဆိုတာ အာဒံနဲဧ၀ကပဲစစ။ ကျုပ်တို့လည်း ဘယ်ကမှန်းမသိခဲ့တဲ့ အချစ်တွေကိုချစ် တတ်လာခဲ့တယ်။ ဒါကြောင့် ချစ်သူများနေ့အထိမ်း အမှတ်အဖြစ် အချစ်ကဗျာလေးတွေကို တင်ဆက်လိုက်ရပါတယ်။

ရွှေနံ့သာ

Valentine’s day ချစ်သူများနေ့ရဲ့ ဗီးနပ်စ်


ဗီးနပ်ဂြိုလ်ဆိုတာ နေစကြ၀ဠာမှာတော့ ဆဋ္ဌမမြောက်အကြီးဆုံးဂြိုဟ်တစ်စင်းဖြစ်တယ်။ နေမှ ဒုတိယမြောက်နေရာမှာ တည်ရှိပြီးတော့ နေကိုပုံမှန်လည်ပတ်နေခဲ့တယ်။ မြန်မာတို့အနေနဲ့က တော့ သောကြာဂြိုဟ်လို့ ခေါ်ဝေါ်ခဲ့ကြတယ်။ ဂရိတွေကတော့ အက်ဖရိုဒိုက်လို့ ခေါ်ဝေါ်ခဲ့ကြ တယ်။ ဒီတော့ ဗီးနပ်ဟာ အချစ်နှင့်လှပခြင်းတို့ရဲ့ နတ်ဘုရားဖြစ်နေခဲ့တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဗီးနပ်ဂြိုဟ်ရဲ့ မျက်နှာပြင်ကို လှပသော အမျိုးသမီးများရဲ့ အသွင်အပြင်နဲ့ နှိုင်းယှဉ် တတ်ကြတယ်။ တစ်ချို့ကတော့ အတောက်ပဆုံးကြယ်အဖြစ် တင်စားခဲ့ကြတယ်။ ဒါကြောင့်မို့ လည်း ဗီးနပ်ဟာ အလှနတ်ဘုရားမ ဖြစ်လာခဲ့ဟန်တူပါတယ်။

ဒဏ္ဍာရီဆန်ဆန်အဖြစ်ပျက်ကို ပြောပြရမယ်ဆိုရင်တော့ ခရိုနပ်စ်ကို ယူရေးနပ်စ်က ဆုံးမ ဒဏ်ခတ်ခဲ့တယ်။ သူ့ရဲ့အစိတ်အပိုင်းတစ်ချို့ကို ပင်လယ်ထဲ ပစ်ချခဲ့တယ်။ အဲဒီအချိန် မှာပဲ အထက်ကပြောခဲ့တဲ့ ဗီးနပ်ဆိုတဲ့ ဂရိအခေါ် အက်ဖရိုဒိုက် ကိုမွေးဖွားပေးခဲ့တယ်။ တစ်နည်းဆိုကြတာကတော့ အဲဒီအက်ဖရိုဒိုက်ကို ကြီးမားတဲ့ ကမာခွံတစ်ခုမှာ မွေးဖွားခဲ့တယ်။ အဲဒီကနေ ကုန်းမြေကို ပြောင်းရွေ့လာခဲ့တယ်။ ပင်လယ်နတ်သမီးကလည်း အက်ဖရိုဒိုက်ကို လှပတဲ့ အ၀တ်တန်ဆာတွေ ဆင်ယဉ်ပေးပြီး အလှပဆုံးဖြစ်အောင် ပြုပြင်ပေးခဲ့တယ်။ သူမဟာအလွန်လှပတဲ့ နတ်သမီးတစ်ပါးဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ အဲဒီနတ်သမီးဟာ လူသားများ အလွန်နှစ်သက်ကြတဲ့ နတ်ဘုရားမအဖြစ် အသိမှတ်ပြုလာကြတယ်။ သူကို ပင်လယ်စောင့် နတ်သမီးအဖြစ်လည်း သိလာခဲ့ကြတယ်။

အခြားသော ဒဏ္ဍာရီတစ်ခုမှာတော့ သူမကို ဇုစ်နတ်မင်း(Zeus)နဲ့ဒိုင်ယွန်(Dione)တို့ရဲ့ သမီးတော်အဖြစ် ရေးသားခဲ့တာတွေတော့ရှိခဲ့တယ်။ ထားပါတော့ အင်မတန်လှတဲ့ အဲဒီ ဗီးနပ်စ်(အက်ဖရိုဒိုက်)ကို ဟေဖတ်စ်တပ်စ် ဆိုတဲ့ အရုပ်ဆိုးတဲ့ မီးနတ်သားနဲ့ လက်ထက်ဖို့ အတင်းအကြပ်ဆိုသလို စေခိုင်းခံခဲ့ရတယ်။ ဒါပေမယ့် သူမဟာ မငြင်းဆန်ခဲ့ပေမယ့် ၊ အဓိပ္ပါယ် ရှိတဲ့ စကားလုံးလှလှလေးနဲ့ နုနုညံ့ညံ့ ပြန်ပြောခဲ့လိုက်တယ်။ သူမကို ထိန်းချုပ်မှုမပြုရန်နှင့်၊ လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်။ ဒါကြောင့် သူမဟာ လွတ်လပ်ရေးကို ရခဲ့တဲ့အပြင် သူအင်မတန်ချစ်ရတဲ့ အချစ်သစ်ကိုပါ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူ့နာမည်က တော့ အဲရီးစ်ဖြစ်သည်။ သူဟာ စစ်ဘုရင်အဖြစ်၊သို့မဟုတ် နတ်စစ်ဘုရင်အဖြစ် တည်ရှိခဲ့တယ် နောက်တော့ သူတို့နှစ်ဦးဟာ လက်ထပ်ခဲ့ကြတယ်။ သူတို့ရဲ့ သားသမီးတွေထဲမှာတော့ အဲရပ်စ်ဟာ ထင်ထင်ရှားရှားဖြစ်ခဲ့တယ်။ သူ့ကို ရောမတွေကတော့ ကျူးပစ်ဒ်လို့ ခေါ်ခဲ့ကြ တယ်။ ဖူးစာရေးနတ်သားလို့ လူသိများလာခဲ့တယ်ပေါ့။ အဲရပ်စ်(Eros)ဟာ ယခုချစ်သူများနေ့ ရဲ့ သင်္ကေတအဖြစ် တည်ရှိနေခဲ့ပါတယ်။ တစ်ချို့တလေကတော့ သူတို့သားအမိ(အက်ဖရို ဒိုက်၊အဲရပ်စ်)ပုံလေးတွေကို ယှဉ်တွဲလျှက် လက်ဆောင်လေးတွေ ပေးနေကြတာကို တွေ့မြင် နေခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ချစ်တတ်တဲ့ လူသားတိုင်း အချစ်ကို ကိုးကွယ်တဲ့ ခေတ်မကုန် သေးဘူးဆိုတာ ပြောပြလိုက်ပါတယ်။ ဒါနဲ့ တဆက်ထဲလည်း အချစ်ကဗျာလေးတွေကို တင်ခဲ့ လိုက်ပါတယ်။

မောင်မင်းစိုး

မြို့ပြမိန်းမများ


ဆံပင်ပုံစံအစ ဒေါက်မြင့်ဖိနပ်အဆုံး

နောက်ဆုံးပေါ် ဖက်ရှင်အားလုံးစိတ်ဝင်စားတယ်

အပေါ်ယံကြည့်ရင်

ခေတ်ရေစီးမှာ ကတ်ဝေါ့ခ်လျှောက်နေတဲ့

အလှပိုင်ရှင်

အနှစ်သာရက

ကမ္ဘာမြေကို ဆော့ကစားနေတဲ့ ရုပ်ဝတ္ထုရဲ့ ကျေးကျွန်

သီချင်းအဟောင်းကြီးတွေ ကြိုက်တယ်

နိုင်ငံခြားအမှတ်တံဆိပ်မှန်သမျှ အလွတ်ရတယ်

အချစ်ဆိုတာ ဘာလဲ

လျှာရှည်ပြီး သွားမေးမနေနဲ့

ဘယ်မိန်းမကလေးမှ မသိသေးတဲ့

ဟန်းဖုံးတစ်လုံးရဲ့ လျှို့ဝှက်နံပါတ်လို့ ဖြေလိမ့်မယ်

ပေါ့ပေါ့ပါးပါးပဲ

သူတို့အမှန်တရားက

ဂျေဒိုးနတ်က မုန့်အရသာဟာ အနုပညာထက်

ချိုမြိန်တယ်

စီးတီးမတ်ထဲလျှောက်ကြည့်ရတဲ့ ဖီလင်ဟာ

ရုပ်ရှင်ရုံထဲ အလဟဿရင်ခုန်တာထက်မြင့်တယ်

ပိုက်ဆံမရှိရင် စိတ်ကူးယဉ်တွေကို ရပ်ပစ်လိုက်

ခေတ်က အချစ်ကို ကိုးကွယ်တဲ့ဘာသာရေး မရှိတော့ဘူး

ခင်ဗျားမှာ အတွေးအခေါ် ဘယ်လောက်ရှိသလဲ

ခင်ဗျားရှေ့မှာ ရပ်နေတာ မိန်းကလေးမဟုတ် အိုင်ကျူမြင့်တဲ့ရုပ်တု

ယောက်ျားတစ်ယောက်ကို မော်တော်ကားတစ်စီးလို့မြင်တယ်

၂၀ရာစု

ရိုမီယိုနဲ့ ဂျူးလိယက်ဇာတ်လမ်းတွေထားလိုက်ပါ

အခု ဘင်အက်ဖလက်နဲ့ ဂျနီဖာလိုပက်ဇ်

အသည်းကွဲတယ်ဆိုတာ

၂၁-ရာစုမှာ ဖတ်လို့အကောင်းဆုံး သရော်စာပဲ

သစ္စာတရားက

အပြောင်းအလဲမြန်တယ်၊မျက်နှာများတယ်

အနံ့အရသာပျက်နေပြီ

ခေတ်က ဘာဆိုလား ညာဆိုလား

မြို့ပြမိန်းမများဟောတဲ့တရား

ခင်ဗျားမမေ့လျော့လေနဲ့။

အောင်ရင်ငြိမ်း

အမုန်းတရားနဲ့ စီးထိုးခြင်း


ညက အိပ်မက်မက်တယ်

သူမရဲ့ရင်ခွင်ထဲ ကိုယ်သင်းနဲ့လေးနဲ့ ခွေခွေလေး။

ခြစ်ခြစ်တောက် ပူနေတဲ့ နှလုံးသားမှာ

အနာအဆာ ဒဏ်ရာတွေနဲ့ လောင်ကျွမ်းလို့

ဥခဲ့တဲ့ အလွမ်းတွေလည်း ပျော်ဝင်ခဲ့ပြီ။

ဝေးမသွားပါနဲ့လား ညီမလေး

မနေရဲလို့

စိမ်းမသွားပါနဲ့လား ညီမလေး

မခံစားရဲလို့

မုန်းမသွားပါနဲ့လား ညီမလေး

ဒီမှာကြောက်လို့

အရူးမီးဝိုင်းနေတဲ့ နေ့စွဲတွေနဲ့ ဝေးရာ။

မင်းမျက်နှာပေါ် ဖြာကျနေတဲ့ ရောင်ခြည်တန်းလေးကို မုန်းတယ်

မင်းလိမ်းခြယ်ထားတဲ့ အညာသနပ်ခါးလေးကို မုန်းတယ်

မင်းဝတ်ဆင်ထားတဲ့ တီရှပ်ပေါ်က ၀က်ဝံရုပ်လေးကို မုန်းတယ်

ကျစ်ကျစ်လစ်လစ် ခြည်နှောင်ထားတဲ့ ခေါင်းစီးကြိုးလေးကို မုန်းတယ်။

တကယ်တော့ ငါကလွဲပြီး မင်းဘာကိုမှ မ၀တ်ဆင်စေချင်ဘူး။

အချစ်ကြီးသူရဲ့ ကန္တာရကွင်းပြင်ထဲ

ချိုင့်နေတဲ့ ပါးချိုင့်လေးကို ၀ိုင်းနေအောင် ပြုံးပြလိုက်စမ်းပါ

ပုန်းကွယ်နေတဲ့ မေတ္တာတစ်စက်လောက်

သောက်လိုက်ရရင် သေပျော်ပါပြီ။

ညီမလေး….

ငါ့မှာတော့ ဆာလောင်မှုတွေနဲ့ အသက်ဆက်နေရတယ်။

မောင်မင်းစိုး

Valentine’s day -ချစ်သူများနေ့ ဆိုသည်မှာ


အေဒီ ၂၇၀ ခုမှာ ရောမဟာ Claudius-II ဆိုတဲ့ ဘုရင်အုပ်ချုပ်နေခဲ့တယ်။ သူဟာ တိုင်းသူ၊ပြည်သားတွေအပေါ်မှာ လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်ပြီး အမိန့်တွေထုတ်ပြန် ပြီး ကန့်သတ်တားမြစ်ခဲ့တယ်။ အဲဒီအချိန်ကတော့ ရောမအင်ပါယာလည်း တစ်စတစ်စဆိုသ လို ပျက်စီးပြိုကျချိန်ရောက်နေခဲ့တယ်။ ဥရောပနှင့် အာရှနိုင်ငံများကလည်း ရောမအင်ပါယာ ကို စတင်ခြိမ်းခြောက်မှုတွေ ရှိလာခဲ့တယ်။

အဲဒီလို ပြင်ပနိုင်ငံများရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ထဲကနေ လွတ်မြောက်အောင် ရောမ ဘုရင်ဟာ စစ်သားများ၊ဘုရင့်ဝန်ထမ်းများကို များနိုင်သမျှများအောင် ခေါ်ယူထားခဲ့တယ်။ အမှန်က ရောမသားတွေဟာ စစ်တိုက်ရမယ့်အရေးထက် မိမိတို့အိမ်ထောင်ပြုရေးကိုသာ အား သာနေခဲ့ကြတယ်။ ဒါကြောင့် ရောမဘုရင်ဟာ လူငယ်တွေအတွက် ပြင်းထန်ထဲ့ ဥပဒေကို ထုတ်ပြန်ကြေညာခဲ့တယ်။ လူငယ်များ အိမ်ထောင်မပြုရဆိုတဲ့ အမိန့်ကိုပေါ့။

အဲဒီအချိန်မှာ ရောမနိုင်ငံမှာ ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်း(st.Valentine)ဆိုတာရှိ ခဲ့တယ်။ သူဟာ အထက်ကပြောခဲ့တဲ့ ရောမဘုရင်ရဲ့ တင်းကျပ်တဲ့ အမိန့်ဖြစ်တဲ့ လူငယ်များ လက်မထက်ရေး အမိန့်ကြောင့် တော်တော်လေးစိတ်မကောင်းခဲ့သလို၊ လူငယ်တွေအပေါ် ကိုယ်ချင်းစာစိတ်တွေရှိခဲ့တယ်။ ဒါကြောင့် သူဟာ လူငယ်တော်တော်များများကို လျှို့ဝှက်စွာ ပဲခေါ်ပြီး လက်ထက်ပွဲတွေ ကျင်းပပေးခဲ့တယ်။ အဲဒါကို ရောမဘုရင်ကသိတော့ သူ့ကိုဖမ်းဆီး ခဲ့တယ်။ ဘာသာရေးခံယူချက်များကို ဘုရင်သဘောထားနဲ့ကိုက်ညီအောင် လုပ်ဆောင်ဖို့ ဖျား ယောင်းခဲ့တယ်။ ဒါပေမယ့် သူကသဘောမတူခဲ့ဘူး။ သူ့ဟာ အေဒီ ၂၇၀-ဖေဖော်ဝါရီ(၁၄)ရက် နေ့မှာ အသတ်ခံရပါတယ်။

တကယ်တော့ သူဟာ မသတ်ခံရခင် အကျဉ်းကျနေစဉ်အတွင်းမှာတောင် Asterius ဆိုသူက သူ့သမီးဖြစ်သူဟာ မျက်စေ့မမြင်မမြင်ရလို့ ကုသပေးဖို့တောင်းပန်တာနဲ့ ကုသပေးခဲ့ပါ တယ်။ မျက်စေ့ရောဂါဝေဒနာသည်ဟာလည်း ပျောက်ကင်းသွားခဲ့ပါတယ်။ အချို့ကတော့ သူရဲ့မေတ္တာကြီးမားမှုကြောင့်လို့ ဆိုကြပါတယ်။ အခြားခြားသော ဇာတ်လမ်းတွေမှာဆိုရင် အဲဒီမျက်စေ့ဝေဒနာသည်လေးနဲ့ ချစ်ကြိုက်ခဲ့ကြတယ်လို့ ရေးထားခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ ဗယ်လင်တိုင်းဟာ သူမသတ်ခံရခင်နေ့တစ်နေ့မှာ ထောင်မှုးထံမှ စာရွက်နှင့်ကလောင်တံတစ် ချောင်းကို တောင်းယူခဲ့ပြီး သူမထံကို ကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ စာတစ်စောင်ပေးခဲ့ လိုက်ပါတယ်။ အဲဒီစာသားကတော့ ” From your valentine” ဆိုတာပါ။ အဲဒီနေ့ရဲ့ အောက် မှာတပ်ထားတဲ့ နေ့စွဲလေးကို ကြည့်လိုက်တော့ ဖေဖော်ဝါရီ(၁၄)ရက်နေ့ဖြစ်နေပါတယ်။

နောက်တော့ လူသားတွေဟာ သူ့ကိုသတိရလာခဲ့ကြတာနဲ့တူပါတယ်။ အဓိကကတော့ လူငယ်တော်တော်များရဲ့ သတိရခြင်းကို ခံခဲ့ရပါတယ်။ ဒါကြောင့် မိမိချစ်သူဆီကို အမှတ်တရ လက်ဆောင်လေးတွေ ပေးတဲ့အခါမှာ Valentine ဆိုတဲ့ အမည်ကို အသုံးပြုလာခဲ့ကြတယ်။ အထူးသဖြင့်တော့ ချစ်သူအချင်းချင်း ဒီစာတမ်းလေးကို ရေးထိုးရင်း အချစ်သင်္ကေတ ပုံလေး တွေ၊ ပန်းကလေးတွေကို ပေးလာခဲ့ကြပါတယ်။ နောက်တော့ Valentine’s day ဆိုပြီး ဖေဖော် ၀ါရီ(၁၄)ရက်နေ့ကို သတ်မှတ်လာခဲ့ကြတယ်။ အဲဒီလို သူ့ကိုအမှတ်တရနဲ့ ကျင်းပလာခဲ့တဲ့ ကဒ်လေးတွေကနေတဆင့် အချစ်ဆိုတဲ့အရာဟာ လူသားတိုင်းရဲ့ နှလုံးသားမှာ ကျွံပြီးရင်ပြန် နှုတ်ရခက်သလိုဖြစ်နေတတ်ပြီး၊ အချစ်ကြီးသူတွေက ပေါက်ဖွားလာတဲ့ ဒီနေ့လေးကို သူ့ဂုဏ် ပြုတဲ့အနေနဲ့ Valentine’s day -ချစ်သူများနေ့ အဖြစ်သတ်မှတ်လိုက်ပါတယ်။ ချစ်တတ်သူအ ပေါင်းတို့ စစ်မှန်တဲ့ချစ်ခြင်းတရားကို ချစ်တတ်ကြပါစေ။

မောင်မင်းစိုး

နေထိုင်ကမ္ဘာနှင့်ကခုန်ခြင်း


ဒ်ီမှာ…..

နေ့လွဲညစာနဲ့ဝေးခဲ့ရတဲ့နေ့တွေ

တစ်ကိုယ်စာ အခန်းကျဉ်းထဲက အော်ဟစ်ပေါက်ကွဲခဲ့တဲ့ အသံတွေ

ဆာလောင်တိုင်း လက်ထိုးပြီး အန်ခဲ့ရတဲ့ ညတွေ

အလိုမကျတိုင်း ကျကျနေတတ်တဲ့စိတ်တွေ

လမ်းလျောက်ရင်း လမ်းပျောက်ခဲ့ရတဲ့ လူသားတစ်ယောက်ဟာ

ကာမရနံစူးစူး၊ အပျော်တွေနဲ့ ကင်းခဲ့ရတယ်။

စီးပွားပျက်ကပ်ကြီးထဲ နျူကလီးယား မပြန့်ပွားရေးတွေ

ဂါဇာကမ်းမြောင်ဒေသက စူးရှရှအော်သံတွေ

အိုဘားမားရဲ့ ချိန်း ဆိုတဲ့အသံနဲ့ ကျမ်းသစ္စာကျိန်ဆိုမှုတွေ

မွန်ဘိုင်းတိုက်ခိုက်မှုအတွက် သံသယမျက်လုံးတွေ

အိုဇုန်းလွှာပါးခြင်းရဲ့ သက်ရောက်မှုဆိုးကျိုးတွေ

အန္တာတိကတိုက်မှာ တစိမ့်စိမ့်ပျော်ကျနေတဲ့ ရေခဲတွေ

အီရန်နိုင်ငံရဲ့ ပထမဆုံးဂြိုဟ်တုရဲ့ နောက်ဆက်တွဲ အငြင်းပွားဖွယ်တွေ

သြစတေးလျမှာ စံချိန်သစ်အပူဒဏ်ကြောင့် တောမီးလောင်မှုတွေ

ပါကစ္စတန်မှာ မကြာခင်ကနေအိမ်အကျယ်ချုပ်ဘ၀ကနေ

လွတ်မြောက်လာတဲ့ နျူးကလီးယားပညာရှင်ရဲ့ နောက်ဆက်တွဲ ဝေဖန်မှုတွေ

ဆင်ဆာမဲ့ ညစ်ညမ်းသံစဉ်တွေ လွင့်ဝဲလာတဲ့ ရန်ကုန်မြို့တော်ရဲ့ လှုပ်လှုပ်ရှားရှားအသံတွေ

ခရီးဆက်ဆဲ ကမ္ဘာကြီးဟာ ရင်ခေါင်းတစ်ခုလုံး ပေါက်ပြဲနေခဲ့တယ်။

စံနှုံးမြင့်အပျော်တွေနဲ့ သီရိဂေဟာစနစ်တွေ

ပြဌာန်းချက်အသေတွေနဲ့ နေ့မြင်ညပျောက်တွေ

တရစ်ရစ်ထိုးကျနေတဲ့ ရေနံဈေးတွေလို

စိတ်တွေတစ်ထစ်ထစ် ထိုးကျနေခဲ့ရင်း

နေကြတ်ခဲ့သလို လူတွေကြတ်နေခဲ့တယ်။

အင်တာနက်ကနေ လျှံကျလာတဲ့ သတင်းအစအနတွေ

ပေါ့ပ်စာမျက်နှာပေါ်ကနေ ယိုစီးလာခဲ့တဲ့ မနာလိုဝန်သိုမှုတွေ

ဒစ်ဂျစ်တယ်ခေတ်မှာ လမ်းလျောက်ရင်း နောက်ကြောမလုံတော့တာတွေ

ခိုးကူးခွေတွေ တွင်ကျယ်နေတဲ့ခေတ်မှာ အနုပညာဟာ မစစ်တော့ဘူး

ကွန်ပျူတာတွေ ဗိုင်းရပ်ကိုက်သလို

ကိုယ့်ကျင့်တရားတွေ ဗိုင်းရပ်ကိုက်နေခဲ့တယ်။

ဒီလိုနဲ့

စစ်မီးလျံတွေကြားက ထိုးထွက်လာတဲ့ ငြိမ်းချမ်းရေး ငှက်တစ်ကောင်ဟာ
ကမ္ဘာမြေပေါ်မှာ စီးချက်မညီဘဲ ကခုန်လို့

နေပျော်ပျော်နေနေခဲ့ပါတယ်။

မောင်မင်းစိုး

ဖြေရာ


ဘ၀တစ်ခုလုံး ထိုးကျွေးရင်း

ဝဋ်ကျွေးရှင်ရဲ့ ဇာတ်တွေနာခဲ့တယ်။

သိပ်သည်းစတွေက ကြောက်စရာကောင်းလောက်အောင်ပဲ

ကျားတစ်ကောင်ရဲ့ မာယာအောက် ပြားပြားမှောက်လို့

ဝပ်ကျဉ်းထဲ အတောင်ကျိုးနေတဲ့ ငှက်တစ်ကောင်၊ ဘ၀တစ်ခုလုံး ဆို့ပိတ်လို့

ပြေးလမ်းဟာ ပုန်းကွယ်နေခဲ့တယ်။

အသားတွေ တဆတ်ဆတ်တုန်ခါ

အတွင်းဒဏ်ရာက အစိပ်စိပ်အမွအမွ

ခမ်းချောက်နေတဲ့ မျက်ရည်စတွေနဲ့

ညရောက်မှာကို တွေးပြီးကြောက်နေခဲ့တယ်။

ရောက်မလာသေးတဲ့ သန္ဓေသားနှစ်ကောင်ဟာ

မုန်တိုင်းရဲ့ ခက်ထန်ကြမ်းတမ်းမှုအောက် တစ်စစီကျိုးကျေလို့

ဖြာကျခဲ့တဲ့ သွေးဖြူစတွေက

အိပ်ယာပေါ် ရွဲရွဲစိုနေခဲ့တယ်။

ရင်ထဲအန်ကြိတ်ပြီး အော်ခဲ့တဲ့ ဆာလောင်သံတွေ

တစ်ခန်းလုံး ဆူညံတုန်ဟီးလို့။

ပြေးလမ်းပေါ်ရောက်တော့ ကွင်းကအလွဲလွဲ အမှားမှား

မျက်လုံးတွေက သိန်းငှက်တွေလို စူးရှတောက်ပြောင်လို့

တစ်ကိုယ်လုံး ရင်သတ်ရှုမောနေခဲ့တယ်။

လွယ်ထားခဲ့တဲ့ မနိုင်ဝန်လေးကို ဘယ်လိုသုတ်သင်ရမလဲ

လက်ဆွဲသည်ရဲ့ အဖြေက

“နင် .. ဒီတစ်ခါတော့ မရတော့ဘူး“

သစ္စာရှိပါ ကမ္ဘာမြေ

သင့်ရဲ့ နှုးညံ့တဲ့လက်တော်ထဲ

မေတ္တာတရားဟာ ဆေးဖက်မ၀င်တော့ဘူးလား။

အူသံတွေက နားနဲ့မဆန့်တော့ဘူး

ထင်ယောင်မှားတဲ့ ယုန်ဖြူတစ်ကောင်ရဲ့ ရမ္မက်က

စိတ်ပျက်ဖွယ် ခက်ထန်နေခဲ့တယ်။

ဒီလိုနဲ့……

ပင်လယ်ထဲ နစ်မြုပ်သွားတဲ့ လှေငယ်တစ်စီးဟာ

ပြန်ပေါ်မလာတော့ဘူး။

မောင်မင်းစိုး

ငါကျင်လည်ရာဝန်းကျင်


အဲဒီနေရာဟာ

အမှတ်သင်္ကေတမရှိတဲ့ မြို့ပြရဲ့လမ်းကြား

မှိုလိုပေါက်ရောက်နေတဲ့ ဝေဒနာသည်များ

ရှို့မြိုက်ခဲ့တဲ့ အစအနများ၊အကွဲကွဲ….အပြားပြား။

သတင်းစကားတစ်ခု ကြားဖူးတယ်

မင်း ဒီနေ့ ဘယ်လိုရှင်သန်ရမလဲဆိုတာ သိဖို့လိုတယ်။

ရံဖန်ရံခါ ပေါ့ပ်အင်တာဗျူးနဲ့ အသက်ဆက်လို့

တစ်ခါတစ်ရံ မိတ်ဆုံစားပွဲသတင်းလေးနဲ့ ရှင်သန်လို့

ဒီလို စကားလုံးထူထူပါးပါးလေးတွေ တန်ဆာဆင်လို့

ဂျနီဖာနဲ့လည်း တရင်းတနှီး၊ မိုက်ကယ်ဂျက်ဆင်နဲ့လည်း ပူးပူးကပ်ကပ်

ကိုရီးယား အနုပညာပေါင်းစုံနဲ့ အော်စကာဆု ပွဲတော်တွေလည်း တက်တတ်လာခဲ့တယ်

ပရီးမီးယားလိပ်ဖလားကို ပွေ့ပိုက်ရင်း ဖာဂူဆန်ကိုလည်း အကျွမ်းဝင်လာခဲ့တယ်။

အဲဒီ ငါကျင်လည်ရာဝန်းကျင်မှာ

အနံ့ပါးပါးဆွတ်ဖြန်းရင်း အုပ်စုဖွဲ့ ပျံသန်းလာတဲ့ ငှက်တွေ

ဇာတ်ကားတစ်ကားရဲ့ အကောင်းမမြင်ပြကွက်တွေ

မော်ဒယ်ဘွိုင်းဘာယောင်ယောင်နဲ့ လမ်းပျောက်တာတွေ

စင်တင်တေးဂီးတနဲ့ ရှိုးပွဲတွေတင်ဆက်ရင်း ဘ၀ပျောက်တာတွေ

ကယ်ရီကေးချားရေးဆွဲရင်း ကိုယ်တိုင်ရုပ်ပျောက်တာတွေ

ခပ်တည်တည် ပြကွက်အမှားတွေနဲ့ ရွေးခြယ်စရာတွေကို ငြင်းပယ်ရင်း သက်ပြင်းချတာတွေ

ထွေရာလေးပါး ဝေ့၀ဲကြည့်ရင်း အိတ်ကပ်တွေလိုက်ဖတ်နေတာတွေ

မျက်နှာရှစ်ခေါက်ချိုးပြီး ဟမ်းဖုံးတစ်လုံးနဲ့ အလုပ်ရှုပ်နေတာတွေ

မျက်နှာဖုံးစွပ်ပြီး လောကကြီးကို ငေးကြည့်နေတာတွေ

ဘယ်လိုဖြစ်မယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ရတဲ့ ဖန်တရာတေ ဇာတ်လမ်းတွေ

မြီးကောင်ပေါက်လေးတွေကို မျှားခေါ်ရင်း အသက်ဆက်နေတာတွေ

တစ်ခန်းဝင်တစ်ခန်းထွက်ရင်း မှော်အတတ်နဲ့ လမ်းသလားနေတာတွေ

သစ်ပင်လို ယိမ်းထိုးရင်း ကကွက်အမှားတွေ

ဖြတ်ညှပ်ကပ် အတတ်နဲ့ ရွှေတွဲလွဲ ငွေတွဲလွဲတွေ

စိတ်ကူးရတိုင်း နှစ်ယောက်တစ်အိပ်မက်မက်တာတွေ

ကိုယ်ပိုင်သံစဉ် တစ်ပုဒ်ကို အိတ်ထောင့်ထဲထည့်ရင်း ပုန်းခိုနေတဲ့ ပျောက်ကြားတပ်တွေ

အွန်လိုင်းယဉ်ကျေးမှုနဲ့ ဖက်ဖူးရောင်ကို ပိုင်ဆိုင်တာတွေ

မှော်အတတ်နဲ့ ပြိတ္တာတစ်ကောင်ရဲ့ ဇာတ်လမ်းကို ဖန်တီးတာတွေ

အဲဒီနေရာဟာ

မာယာကော့စကီးရဲ့ မျိုးဆက်ဖြစ်သလို

ပလေတိုရဲ့ ယုံကြည်ချက်ကို ငြင်းပယ်တာတွေ

တော့စတွိုင်းရဲ့ ခြေရာအတိုင်းနင်းခဲ့တာတွေနဲ့

ဂါဇာဒေသရဲ့ စစ်ရိပ်ကို မုန်းတီးမှုတွေလည်း ရှိခဲ့တယ်။

အဲဒီနေရာဟာ

စားကျက်ပြောင်းပြီး ကွင်းဆင်းနေခဲ့တာတွေနဲ့

ပြန်လှည့်မလာတော့တဲ့ ဇီးကွက်တွေရဲ့ နေရာလည်းဖြစ်ခဲ့တယ်။

အဲဒ်ီနေရာဟာ

အနုပညာ ဗိုင်းရပ်တွေ

တစ်နေ့တခြား ဆဲလ်တွေလို ပွားနေခဲ့တယ်။

မောင်မင်းစိုး

Monday, February 9, 2009

အရူးသီချင်း

(ဒီဝတ္ထုတိုလေးဟာ ဘယ်တော့မှ မကြွေတော့မယ့် ကြယ်စင်လေးကို မျှော်မှန်းရင်း မျက်ရည် တွေကျကျ နေတတ်တဲ့ လူငယ်တစ်ယောက်ကို နိမိတ်ပုံလေးနဲ့ ပုံဖော်ထားတယ်။ ချစ်စရာ ကောင်းလို့၊ ကြိုက်လည်းကြိုက်လို့ သူ့ဆီကနေ တောင်းပြီးတင်လိုက်ပါတယ်)



ငြိမ်သက်နေသော အခန်းတစ်ခုထဲတွင် ယောက်ယက်ခတ်နေသော အိမ်မြောင်တစ်ကောင် လဲ လျောင်းနေခဲ့သည်။ မပျော်မရွှင်ခြင်းနှင့် ပျော်ရွှင်ခြင်း အကြောင်းအရာကို ထိုအိမ်မြောင်က စဉ်းစားနေသည်။ ကောင်းကင်ပေါ် ခဏခဏမော့ကြည့်နေသော ထိုအိမ်မြောင်၏ မျက်လုံးထဲတွင် မျက်ရည်များ ရွှဲနစ်နေသည်၊ “မင်း ဘာဖြစ်လို့ ကောင်းကင်ပေါ်မော့ကြည့်ပြီး မျက်ရည်ကျနေရတာလဲ”
“အခု ငါ့ကို မေးခွန်းထုတ်နေ တာ ဘယ်သူလဲ“
“ ငါ က မင်းဒုက္ခတရားနဲ့ မင်းရဲ့ ပရိဒေ၀တွေကို ရှင်းပစ်နိုင်တဲ့ အနှိုင်းမဲ့ တန်ခိုးရှင်တစ်ပါးပဲ” အိမ်မြောင်က ဟက်ဟက်ပက်ပက် ရယ်မောပစ်လိုက်သည်။
“ ငါ အခု ဆာလောင်နေတယ်”
“ ဒါဆို မင်းဆာလောင်နေတဲ့ ချို၊ချဉ်၊ငံ၊စပ်၊ဖန်၊ခါး အရသာတွေ ကိုတောင်းဆိုစေ“
အိမ်မြောင်က ဟက်ဟက်ပက်ပက် ရယ်မောပစ်လိုက်ပြန်သည်။ ယောက်ယက်ခတ်နေသော အိမ် မြောင်တစ်ကောင်ပေါ်တွင် ငြိမ်သက်နေသည့် အခန်းလွတ်တစ်ခန်းသည် လဲလျောင်းနေ၏။
“ ငါက လျှာနဲ့ ခံစားရတဲ့ အရသာတွေကို အရွံရှာဆုံးပဲ“
“ ဒီလိုဆို ခံစားနေရမယ့် အရသာတွေကို တောင်းဆိုစေ“
“ အနံ့နဲ့ ခံစားရမယ့် အရသာကိုလည်း ငါက မတပ်မက်ပါဘူးကွာ“
“ ဒါဆို၊ အထိ“
“ နိုးပဲ“
“ ကိုင်း၊ ဒီလိုဆို အတွေ့ရော“ အိမ်မြောင်က ထပ်ပြီး ဟက်ဟက်ပက်ပက် ရယ်မောပစလိုက်ပြန် သည်။
“ အထိ၊ အတွေ့ ၊ အရသာဆိုတာ လူအကန်းတွေလိုက်စား၊လိုက်ရှာနေတဲ့ ကာမတဏှာပဲ”
“ ကဲ….ဒါဆိုပြောပါဦး၊ မင်းလိုချင်တာက ဖျက်အားပြင်း အနုမြူလောင်စာလား“
“ လူသား ပျက်သုဉ်းရေးဝါဒ ငါ့မှာ မရှိဘူး“
အနှိုင်းမဲ့ တန်းခိုးရှင်သည် သူ့ခေါင်းမှ ဆံပင်ဖြူဖြူများကို တဗျင်းဗျင်း ကုတ်နေ၏။
ကမ္ဘာသူ၊သားတို့၏ သိစိတ်ထဲတွင် ဆာလောင်မှုများ တရဲရဲတောက်ထနေခဲ့သည်။ တိုက်ခန်းပေါင်း များစွာ၊ တဲအိမ်ပေါင်းများစွာ၌ ခိုများ သီချင်းတကြော်ကြော်အော်ဆိုနေ၏။ အိမ်အပြန် နောက်ကျတတ်သော သမီးငယ်ကို ဘယ်မိဘကမှ မငေါက်ငမ်းတော့ပါ။ အသက်နှစ်ဆယ်မပြည့်သေးသည့် မိန်းမအလွတ်တစ် ယောက် ရည်းစားပေါင်း နှစ်ဆယ်ကျော်ပြီဆိုသည့် ရပ်ကွက်သတင်းတစ်ပုဒ်ကလည်း ကျွန်ုပ်တို့အတွက် ထူး ပြီး မဆန်းတော့။ ဆန်းပြီးမထူးတော့။
နေ၀င်တော့မည်။
ကောင်းကင်ပေါ်တွင် မိုးသားမည်းမည်းများ အမြဲတစေ အုံ့ဆိုင်းနေ၏။ အိမ်တိုင်းအိမ်တိုင်းမှာ သွား ကြားထိုးတံများ အသုံးမ၀င်တော့။ ကြည့်မှန်များခေတ်မစားတော့။ ငါးကြီးဆီ ပုလင်းများအတွက် နေရာမရှိ တော့၊ပြတင်းတံခါးများ ဂျက်ချရန်မလိုတော့။ မိသားစုများ အလွန်ဝေးကွာနေခဲ့ပြီဖြစ်သည်။
အခန်းတခုထဲတွင် အိမ်မြောင်တစ်ကောင်သည် ယောက်ယက်ခတ်ဆဲပင် ဖြစ်၏။ စိတ်ခွဲပညာရှင် “ဆစ်ဂမန်ဖရွိုက်”သာ ထိုအိမ်မြောင်၏ ဦးခေါင်းကို ခွဲစိတ်၊စိတ်ခွဲကြည့်ပါက အဘယ်သို့သော စိတ်စီးကြောင်းများ ရှာဖွေတွေ့ရှိလေမည်လဲ။ အိမ်မြောင်က ကောင်းကင်ပေါ်ကြည့်ပြီး ခဏ၊ခဏ ၀မ်းနည်း နေပါသည်။ ခဏ၊ခဏ မျက်ရည် ကျနေပါသည်။
“ ဒေါက်..ဒေါက်..ဒေါက်“
“ ဟေ့ …ဘယ်သူတုန်းကွ“
“ ငါပါ၊ အနှိုင်းမဲ့တန်ခိုးရှင်ပါ“
အနှိုင်းမဲ့ တန်းခိုးရှင်အသံကြောင့် အိမ်မြောင် တော်တော်လေး စိတ်ပျက်သွားသည်။
“ခင်ဗျားက အနှိုင်းမဲ့ တန်ခိုးရှင်လည်းပြောသေး၊တံခါးလည်းခေါက်ရသေး၊ မြေလျှိုး၊မိုးပျံပြီး ၀င်လာခဲ့ ပါလား“
“ ထားပါ၊ ငါက မင်းရဲ့ဒုက္ခတရားနဲ့ ပရိဒေ၀တွေကို ကူညီဖြေရှင်းဖို့လာခဲ့တဲ့ ပုဂ္ဂိုလ်ပဲ အချင်းမများချင် ပါဘူးကွာ“
“ စိတ်မရှိပါနဲ့ အသင်တန်ခိုးရှင်၊ ငါဟာ ငါကလွဲရင် တခြားဘာကိုမှ အားမကိုးတတ်ပါဘူး၊ ငါ့ဒုက္ခ တရားနဲ့ ငါ့ပရိဒေ၀ကိုလည်း ဘယ်သူမှ ကူညီဖြေရှင်းပေးနှိုင်မှာ မဟုတ်ပါဘူးကွာ“
အိမ်မြောင်က စိတ်ပျက်လက်ပျက် ညည်းတွားလိုက်၏။
နေ၀င်တော့မည်။
အမှောင်ရိပ်များ သဲသဲမဲမဲ ဒုန်းစိုင်းနှင်လာကြပြီဖြစ်၏။
“ ကောင်းကင်ကြီးပေါ်ကြည့်ကြည့်ပြီး ခဏခဏ မျက်ရည်ကျနေတဲ့ မင်းကို မကြည့်ရက်လို့ပါ။ ငါတန် ခိုးရှင်မင်းကို ကူညိဖြေရှင်းပေးပါရစေ“
တန်ခိုးရှင်ကလည်း အသည်းအသန်ကို ကူညီဖြေရှင်းပေးချင်သော ပုဂ္ဂိုလ်ပင်ဖြစ်သည်။
“ ငါ မျက်ရည် ခဏခဏ ကျနေတာဟာ၊ ငါ့အရှေ့က ကြယ် တွေကြောင့်ပဲ“
“ ဘာလဲ ကောင်းကင်ပေါ်က ကြယ်တွေကို မင်းလိုချင်တယ်ဆိုပါတော့“
“ မဟုတ်ဘူး၊ကောင်းကင်ပေါ်က ကြယ်တွေက ကြွေတတ်တယ်။ ငါအလိုရှိတာက ဘယ်တော့မှ မကြွေတဲ့ ကြယ်စင်တွေ“
“ အို….ဂေါ့“
အနှိုင်းမဲ့ တန်ခိုးရှင် ပါးစပ်အဟောင်းသားဖြစ်သွား၏။
အိမ်မြောင်က တစ်ခန်းလုံး တုန်ခါသွားအောင် ဟက်ဟက်ပက်ပက်ကို ရယ်မောပစ်လိုက်ပါသည်။
မောင်စိုးအောင်(ကန့်ဘလူ)

ကျွန်တော်ဝတ်ဆင်တဲ့ တီရှပ်တိုင်းမှာ

လွယ်လွယ်မချစ်တတ်ဘူးဆိုတဲ့ မင်း
လွယ်လွယ်နဲ့ မုန်းတတ်တာ
မင်းလမ်းခွဲထွက်ခွါသွားတဲ့ မနက်တစ်ခုက စ လို့
ငါ့ဘ၀က အရူးစိတ်ကူးနဲ့ ဖျပ်ဖျပ်လူးတော့တာပဲ။
အချစ်ဆိုတာ မကျွံခင် နှုတ်မှ
သံယောဇဉ်ဆိုတာ မလောင်ခင်တားမှ
ဒီလို အတွေးခေါ်တွေ စွဲကပ်နေတာကို
မင်းရဲ့ ခမ်းနားမှုတစ်ခုလား
အချစ်ကြီးသူဟာ အရှုံးကြီးသူဖြစ်တယ်
မင်း ဒီလိုသီဆိုခဲ့တယ်။
ပင်လယ်အပြောကျယ်တယ်ဆိုတာထက်
မိန်းမတွေရဲ့ အမြင်ကပိုကျယ်မှန်း
ငါ အခုတော့ သိခဲ့ပြီ။
ဒီမှာ
လွမ်းလိုက်တာ တအားပဲ
ဘ၀ကူးတဲ့အထိ ဒီအချစ်က ငါ့ကို စူးနေမှာ အမှန်ပဲ။
အမြန်ပြန်လာပါကွယ် အော်ဟစ်ခေါ်နေလည်း
အသံဝင်သွားတဲ့အထိ
ချစ်သူဟာ ငါ့ခန်းထဲ ၀င်မလာဘူး။
မင်းက အသည်းမာတယ်
ငါက ခေါင်းမာတယ်
မရှင်တော့တဲ့ အချစ်ကို
အသေခံ ပြန်စိုက်တယ်။
ရက်မြတ်ဇော်
(၁၇-၁၀-၂၀၀၈)

အပြန်လမ်း

မိုင်တိုင်တွေ ဘယ်လောက်ပျံသန်းခဲ့တယ်
အခြေအနေတွေ ဘယ်လောက်ရှင်သန်ခဲ့တယ်
ဆုံမှတ်တိုင်းမှာ မတူညီမှုတွေ ရှိခဲ့တယ်။

ငါကိုယ်တိုင်ထွင်းထုခဲ့တဲ့ ရုပ်ကမှာ
လူသားဆန်တဲ့ ပြေးလမ်းအတိုင်း ပြေးခဲ့ရင်း
အရောင်အသွေး စုံညီတဲ့ ပန်းခင်းလမ်းတွေ
ဂြိုဟ်မဲ့ကမ္ဘာရဲ့ အော်ဟစ်ပေါက်ကွဲသံတွေ
ထွေရာလေးပါး ဆာလောင်မှုတွေ
မြစ်ဟာ စီးဆင်းမြဲစီးဆင်းခဲ့တယ်။

ခွေပျော့နေတဲ့ ဘ၀အသေတွေနဲ့
ရှင်းထုတ်လို့ မရတဲ့ စိတ္တဇအမှောင်တွေ
လျှောက်ခဲ့တဲ့လမ်းတွေပေါ် ပစ်တင်ထားခဲ့တဲ့
ရက်ချုပ်ပြက္ခဒိန်အပြဲတွေ
မေ့ဖျောက်လို့မရတဲ့ ညီမလေးရဲ့ ကိုယ်သင်းနံ့တွေ
ပြောင်းလဲဖို့လိုနေတဲ့ ပြဌာန်းချက်အဟောင်းတွေ
မြို့မဆန်တဲ့ မြို့တစ်မြို့ရဲ့ ဘ၀အမောတွေ
ခေတ်ပေါ်တေးဂီတတွေရဲ့ ပေါက်ကွဲမှုသံစဉ်တွေ
လမ်းမှားနေတဲ့ ငှက်ကလေးတွေရဲ့ အိပ်တန်းပျံချိန်မှာ
တစ်ယောက်တည်း ငုတ်တုတ်ထိုင် ငေးနေမိခဲ့တယ်။

ခပ်တည်တည် ပြကွက်အမှားတွေနဲ့
မျက်လှည့်ဆရာရဲ့ လိမ်ညာမှုတွေကို
နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ရတယ်။

တိမ်ပြာတဲ့နေ့တစ်နေ့ဆိုတာ မသေချာမှုကိုပြောတာလား
ဘယ်တော့မှ ပြီးဆုံးမသွားတဲ့ ပြဇာတ်တစ်ခုကို
တစ်ခန်းဝင်တစ်ခန်းထွက် မိုက်တွင်းနက်ခဲ့ကြတယ်။

အဖြေမတွေ့သေးတဲ့ ပုစ္ဆာတစ်ပုဒ်ကို နှစ်ပေါင်းများစွာရှာလို့
ကမ္ဘာမကြေ ဥဒါန်းတွေ ရေးလို့၊ဆိုလို့
အ၀ါရောင်ပန်းတွေ ရဲရဲနီလို့
သစ္စာတရားတွေ မှားယွင်းဖောက်ပြန်လို့
ကျိန်စာသင့်လူသားတွေ ခေါင်ခိုက်ခဲ့ပြီ။

အမေ. . . .
သားကိုယ်တိုင် ဘယ်သွားရမယ် မသိ
စိတ်တွေမခိုင်တော့ဘူး ရင်ဖိုလှိုက်မောလို့
အဖြစ်သနစ်က ဘယ်မှာမှ ရှာဖွေမရနိုင်တဲ့ အဆုံး
ဒုက္ခတနင့်တပိုး သယ်ဆောင်လို့
အပြန်လမ်းကို ပြန်လှည့်ခဲ့ပါမယ်။

မောင်မင်းစိုး