Friday, September 12, 2008

နံရံမဲ့ ကမ္ဘာ

ခံစားချက်တိုင်း သန္ဓေတည်ခဲ့တဲ့ နာကျင်မှုတွေနဲ့
စကားလုံးတွေ ကောင်းကင်အပြည့် ရေးခြစ်လိုက်တယ်။
ရေပျော်ငှက်တွေရဲ့ ပေါ့ပါးမှုမျိုးနဲ့
စိတ်တွေလမ်းသလားချင်ခဲ့တယ်။

ယုံကြည်ချက်ပေါ် ရပ်တည်ခဲ့ပေမယ့်
ကမ္ဘာကြီးဟာ ယုံကြည်ချက်နဲ့ တည်ဆောက်ခဲ့တာ မဟုတ်ဘူး။

မေမေရေ……


ကျွန်တော်ဟာ သံခင်းတမန်ခင်း နားမလည်တဲ့ ကဗျာဆရာတစ်ယောက်ပါ
စိတ်ဆာတိုင်း ဆာနေတဲ့ စိတ်နဲ့ ကုစားတတ်ယုံကလွဲပြီး
ဘယ်သူ့ရင်ခွင်မှ ခေါင်းထိုးမ၀င်ခဲ့ပါဘူး

အချစ်ဆိုတာ ပူလောင်တဲ့မီးတောက်မှ မဟုတ်တာ
ကျွန်တော်ဟာ ကမ္ဘာကြီးကို ချစ်တတ်တဲ့
ငှက်ဖြူလေးတစ်ကောင်ဖြစ်တယ်။

မိုးရွာတိုင်း မိုးမစိုခဲ့ပေမယ့်
မိုးရာသီရောက်တိုင်း ဖျားနာခဲ့တယ်။
အဘိုးတို့ခေတ်က တစ်နဲ့တစ်ပေါင်း နှစ်
အဖေတို့ကျပြန်တော့ တစ်နဲ့တစ်ပေါင်း တစ်
ကျွန်တော်တို့လက်ထက်ရောက်တော့ တစ်နဲ့တစ်ပေါင်း ဇီးရိုး

ဒီလိုပဲ အမြဲတည်မနေတဲ့ ရလာဒ်တွေကို ကုစားရင်း
ကမ္ဘာဟာ
ပူလောင်နေခဲ့တယ်ဆိုတဲ့ အိုဇုန်းလွှာကို ဖာထေးဖို့ကြိုးစားနေခဲ့ပါတယ်။
ရောင်စုံဖူးပွင့်တဲ့ ဒီမြေမှာ
ပန်းတစ်ပင်တော့ စိုက်ခွင့်ပြုပါ။

မောင်မင်းစိုး

Thursday, September 11, 2008

မန္တလေး မူးယစ်ဆေးဝါးသတင်း

မန္တလေးမြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အထူးကျယ်ပြန့်နေပါတယ်။ မူးယစ်အထူးရဲတွေရဲ့ လာဘ်စားမှုဟာလည်း ပေါ်ပေါ်တင်တင်ကို ဖြစ်နေပါတယ်။ ရေရှည်မှာ မြို့နေလူထုအတွက် စိုးရိမ်စရာ အခြေ အနေ ဖြစ်နေပါတယ်။ မူးယစ်ဆေးဝါး ရောင်းချတဲ့ နေရာတွေကတော့ …
၁။ စက်ရိပ်ရွာ ( ၁၉ လမ်း အနောက်တည့်တည့် ဧရာဝတီမြစ်တွင်းက ကျွန်းပေါ်မှာရှိပါတယ်)
၂။ အောင်ပင်လယ် ကွက်သစ်အတွင်း
၃။ သင်ပန်းကုန်း မြို့သစ်အတွင်း
၎။ ၁၉ လမ်းနဲ့ ကမ်းနားလမ်းထောင့်ရှိ လှေများပေါ်မှာ (လှေပေါ်မှာ အသုံးပြုနိုင်ပါတယ်)

အဓိကရောင်းတဲ့နေရာကတော့ ၁၉ လမ်းနဲ့ ကမ်းနားလမ်းထောင့် ဖြစ်ပါတယ်။ တစ်နေ့တစ်နေ့ လာရောက် ဝယ်ယူသုံးစွဲသူ အများစုဟာ လူငယ်များ ဖြစ်ပါတယ်။ မူးယစ်အထူးရဲတွေဟာ ၂ ဘက်စလုံးကို ငွေတောင်းပါ တယ် (သုံးစွဲသူနဲ့ ရောင်းချသူ)။ သုံးစွဲသူလူငယ်တွေ ပြန်လာတတ်တဲ့ နေရာကနေ စောင့်ဖမ်းပါတယ်။ ပစ္စည်း ပါရင် ၁,၀၀၀,၀၀၀ ကျပ် ၊ ပစ္စည်းမပါဘဲ သုံးစွဲလာရင် ၅၀၀,၀၀၀ ကျပ် တောင်းပါတယ်။ မပေးနိုင်ရင်တော့ ဖမ်းဆီးထောင်ချပါတယ်။ ပေးနိုင်မယ်ထင်တဲ့လူကို ရွေးဖမ်းပါတယ်။ မြို့ခံမိခင် တစ်ယောက်မှ ….. “ကျွန်မ သား အဖမ်းခံရတာ ၂ ခါရှိပါပြီ။ ပထမတစ်ခါ ၁၀ သိန်းပေး ရွေးရပါတယ်။ ဒုတိယတစ်ခါကျတော့ ၅ သိန်း တောင်းပါတယ် မရွေးရင် ထောင်ချမယ်ဆိုလို့ရှိတဲ့ လက်ဝတ်လက်စားပါ ချွတ်ပြီး ရဲတွေဆီမှာ သွားရွေးရ ပါတယ်။ ရောင်းတဲ့လူကို မဖမ်းဘဲနဲ့ ရဲတွေလုပ်စားနေတာ စိတ်ပျက်စရာကြီးပါ” လို့ ပြောပါတယ်။ မူးယစ်အ ထူးရဲရုံးဟာ ၆၆ လမ်း ၁၉ လမ်းထောင့် ကျုံးအရှေ့ဘက်မှာ ရှိပါတယ်။ ပြည်သူတွေပေးတဲ့ လစာနဲ့ ပြည်သူကို စောင့်ရှောက်ပုံကတော့ ချီးမွမ်းလောက်ပါတယ်။ တိုင်းပြည်ရဲ့ မျိုးဆက်သစ်များအတွက်ရော မိဘတွေအ တွက်ပါ ရင်လေးစရာ အခြေအနေမို့ သတင်းရေးပို့ရခြင်း ဖြစ်ပါတယ်။
ပေးပို့သူ (ဖြစ်ရပ်မှန်) - မန္တလေးသားတစ်ယောက်
ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူဖော်ပြပါသည်။

Wednesday, September 10, 2008

အဝေးရောက်တွေအတွက် အလွမ်းပြေ

ဘယ်လိုပဲပဲ ဖြစ်ဖြစ် အဝေးကိုထွက်ခွါနေကြပေမဲ့ မေ့ဖျောက်မရတဲ့ ပုံရိပ်လေးတွေ ရှိခဲ့ကြမှာပါ။ အဲဒီအတွက် အလွမ်းပြေဖို့ ဓာတ်ပုံလေးတွေတင်လိုက်တယ်။



အချစ်ငှက်

သူမရဲ့ပါးပြင်နုနုဟာ
တံဆိပ်ခတ်ထားသလို
မျက်ဝန်းထဲ ပျော်ဝင်ခဲ့ပြီ။

ရယ်တိုင်းလှနေရအောင်
ဘယ်အလှနတ်က ဖန်ဆင်းထားတာလဲ
အချစ်ဆာနေတဲ့ ငှက်တစ်ကောင်ရဲ့ တပ်မက်မှုက
မင်းဘ၀၊ မင်းခန္ဓာ

ချိုမြမြ တခစ်ခစ်ရယ်သံမှာ
နစ်ဝင်သွားတဲ့ နှလုံးသားတစ်စုံဟာ
ဆာလောင်မှုရဲ့ သင်္ကေတပဲ

ပျော့ပြောင်း ဖြောင့်စဉ်း တွယ်လျလျ
ကတ္တီပါအနက်ရောင် ဆံနွယ်စလေးမှာ
ခပ်ဆန်းဆန်းတေးသွားလေးတွေ ဥနေခဲ့တယ်

ဖြစ်ချင်တိုင်းဖြစ်ခွင့်ရမယ်ဆိုရင်
မင်းပါးပြင်မှာ
သင်းမြမြရနံ့တွေ ရှူလို့
မင်းမျက်ဝန်းအိမ်မှာ သိုက်ဆောက်လို့
မင်းဆံနွယ်စလေးမှာ နားခိုနေခဲ့မယ်။

မောင်မင်းစိုး

အလုပ်ရှာဖွေရေး အေးဂျင့်တခုလျှင် လုပ်သား ၃ဝဝ ပို့ဆောင်ရန် လျာထား

နယူးဒေလီ။ ။ အလုပ်သမား ဝန်ကြီးဌာနတွင် တရားဝင် မှတ်ပုံတင်ထားသည့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများအား တနှစ်အတွင်း မြန်မာ အလုပ်သမားဦးရေ စုစုပေါင်း ၃ဝဝ တိုးမြှင့် ပို့ဆောင်သွားရန် ဝန်ကြီးဌာနမှ သတ်မှတ် ညွန်ကြားထားသည်။

ယခင်က ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများအား တနှစ်လျှင် အလုပ်သမား ၁ဝဝ သာ ပို့ဆောင်ရန် သတ်မှတ်ထားသော်လည်း ယခုနှစ် မေလမှ စတင်ကာ စုစုပေါင်း ၃ဝဝ အထိ တိုးမြှင့်သွားရန် ဧပြီလအတွင်း ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ညွန်ကြားခဲ့သည်။

သတ်မှတ် လူဦးရေအတိုင်း မပြည့်မှီပါက နောက်ထပ် လိုင်စင်သက်တမ်း တိုးရာတွင် အခက်အခဲ ပြဿနာများ ကြုံလာနိုင်ကြောင်း ရန်ကုန်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများက ပြောသည်။

“သူတို့ သတ်မှတ်ထားတဲ့ အဆင့် မရောက်ခဲ့ရင်တော့ နည်းနည်း လိုရင်တော့ ပြဿနာတော့ သိပ်ရှိမယ် မထင်ဘူး။ လုံးဝ ကွာခြားနေရင်တော့ နောက်တနှစ် လိုင်စင် သက်တမ်းတိုးတဲ့အခါ လိုင်စင်သိမ်းမယ့် အဆင့်အထိ အရေးယူခံရမယ်လို့ ပြောတယ်” ဟု အမည်မဖော်လိုသော အေဂျင်စီတခုက ပြောသည်။

အလုပ်သမား ဝန်ကြီးဌာနတွင် တရားဝင် မှတ်ပုံတင်ဖြင့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အနည်းဆုံး ၂ဝဝ ရှိသော်လည်း ကုမ္ပဏီအများစုမှာ လုပ်ငန်း မလည်ပတ်နိုင်သည့် အတွက် ရပ်ဆိုင်းထားရသည်။

သို့သော် ပြည်တွင်း အလုပ်အကိုင် ရှားပါးလာနေသည့်အတွက် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမား ဦးရေမှာ သိသိသာသာ တိုးမြင့်လာနေသည်။

ရွှေဘုံသာ လမ်းတွင်ဖွင့်လစ်ထားသည့် အေဂျင်စီ တခုကမူ အစိုးရ သတ်မှတ်ပေးထားသည့် လူဦးရေ ၃ဝဝ ပြည့်ရန် မလွယ်ကူကြောင်းနှင့် မှတ်ပုံတင်ထားခြင်း မရှိသော ပွဲစားများနှင့် ယှဉ်ပြိုင်လုပ်ဆောင်ရန် ခက်ခဲသည်ဟု ပြောသည်။

“လူ ၃ဝဝ ပြည့်ဖို့က မလွယ်ဘူး။ အပြင်မှာကလည်း လူပို့နေတဲ့ အဖွဲ့တွေ ကလည်းများတယ်။ သူတို့နဲ့ ယှဉ်ပြီးတော့ လူရှာရတာဆိုတော့ လွယ်တော့ မလွယ်ဘူး၊ အပြင်က ပွဲစားတွေက ပိုက်ဆံ ပိုရတာပေါ့။ ဒါပေမဲ့ ကျမတို့မှာက ဝန်ထမ်းလခ၊ အင်တာနက်သုံးခ၊ ရုံးဌားခ၊ အစိုးရကို တရားဝင် အခွန်တွေ ဆောင်ရတယ် ဆိုတော့ အပြင်က ပွဲစားတွေထက်စာရင် ကုန်ကျစရိတ် များတယ်” ဟု အေဂျင်စီ အရာထမ်းတဦးက ပြောသည်။

ယခင်က ရန်ကုန်မြို့ရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အများစုသည် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာ အလုပ်သမားများ၏ ကုန်ကျစရိတ်များကို လက်ငင်း ငွေချေစနစ် ကျင့်သုံးလာခဲ့သော်လည်း ယခုအခါတွင် ကုန်ကျငွေစရိတ် ထက်ဝက် ပေးချေစနစ် ကျင့်သုံးလာခဲ့သည်။

ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများသည် မြန်မာနိုင်ငံသား အများစု သွားရောက် အလုပ်လုပ်ရာ နိုင်ငံများ ဖြစ်ကြသည်။

နန်းဒေဝီ
News by Mizzima

မေတ္တာရေကြည် အေးအေးလေး ပေးခဲ့ပါဦး




ဘ၀တွေ အသေအချာကြည့်လိုက်တော့
မတူမျှမှုတွေက လူတွေကိုသီးသန့်ထား
လိုက်တယ်။ လူသားတစ်ယောက်ရဲ့ နေ့တဓူဝ
မှာ အစာဟာ အဓိကပဲ ဆိုတော့……

Monday, September 8, 2008

ငါလူညံ့

ဒီကဗျာလေးကို လူတစ်ယောက်ကမေးလ်နဲ့လှမ်းပို့လိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူ့ဝန်ခံချက်ကို အသိမှတ်ပြုတာပေါ့။ ဒီတော့ လည်းဒီဘလော့ဂ်လေးမှာ တင်ဖြစ်တယ်။ လူတိုင်းအတွက်
မဟုတ်ပေမယ့် အဲဒီလူကို ကိုယ်စားပြုတယ်။

သူငယ်ချင်းတို့
ငါတို့လက်မောင်းမတန်းရဲဘူးလား
ဆာဗီးယားက ဘယ်လိုလုပ်ခဲ့သလဲ
ထိုင်းလန့်မှာ ဘာလုပ်နေသလဲ

သူဟာ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်
သူဟာငါတို့ရဲ့ခေါင်းဆောင်
အခု သူပင်ပန်းနေတယ်၊ သူမ ပင်ပန်းနေပါတယ်။
ငါတို့ဘာမှ လုပ်မပေးရဲဘူး။

လေလှိုင်းတွေ ပျံ့လွင့်နေရုံသက်သက်လား
ဓာတ်ကြီးလေးပါးအလိုအရ
မီးဓာတ်မပါဘဲနဲ့ လေဓာတ်ဟာ အသုံးမ၀င်နိုင်ဘူး၊
ငါတို့ပူလောင်လိုက်ကြပါစို့။
အချိန်မီရုံလေးပါပဲ
အခု အခုကို ငါတို့ မီးတောက်ထဲ ခုန်ချလိုက်သင့်ပြီ၊
မီးဆိုတာ ရေမပါပဲ မတောက်ဘူး၊
ဒီမီးတောက်က (ငါတို့အတွက်)အအေးဓာတ်ပေးမယ့် မီးတောက်ပါ။

မင်းကြောက်နေသလား(မလိမ်နဲ့နော်)
ငါကတော့ကြောက်တယ်။
ဗမာလူမျိုးဆိုတာ သုံးမျိုးပဲရှိတယ်ထင်ရဲ့
ကြောက်လို့ ထွက်ပြေးသူ၊
ကြောက်လို့ပုန်းနေသူ၊
ကြောက်လို့လိုက်ကိုက်သူ၊
ငါကြောက်တယ်၊ ငါလူညံ့
မင်းကြောက်လား(သတ္တိကောင်းချင်ရောင် ဆောင်ရဲ့လို့လား)

ဒီမီးတောက်မှာ ၀ါးရင်းတုတ်တွေရှိမယ်၊
ဒီမီးတောက်မှာ သေနပ်တွေရှိမယ်၊
ဒီမီးတောက်မှာ ထောင်တွေရှိမယ်။

ငါတို့မီးတောက်ထဲ ခုန်ချသင့်ကြပြီ၊
အချိန်မီလေးပါပဲ။

လင်းလက်သူ

Sunday, September 7, 2008

ကဗျာသေတော့မယ် မြန်မြန်ပြန်လာခဲ့ပါ

ယားနေလား
လူ့ဘ၀လမ်းမှားပေါ်မှာ ငါ့တို့လျှောက်ခဲ့ပြီ
ဒီဇင်ဘာနှင်းတွေထဲ အနွေးထည်ဝတ် နွေးထွေးလို့
ခေတ်ကြီးတစ်ခေတ်ထဲ အမဲလိုက်လို့
မတ်တပ်ရပ်ပြီး/ရေငုံနုတ်ပိတ်လိုက်တော့
ငါတို့အိပ်ခဲ့ပြီ

ပန့်ခ်သီးချင်းတွေ ခေတ်စားလာတာ သိပ်ကြိုက်တာပဲ
ငါဆက်တိုက် ပျော်ရွှင်ခဲ့ဖူးသလား . . . နိုး

နေ့နဲ့ညများ
ခွေးတစ်ကောင်လို ကုတ်ခြစ် ကမ္ဘာအဆိုးကို ဟောင်နေပြီ
မျက်လုံးကိုမှိတ်ပြီး တစ်စုံတစ်ရာကို စဉ်းစားတယ်
ငါအသက်ငင်ဖူးသလား

သူကဖြင့်
တစ္ဆေသင်္ဘောကို မမြင်ဖူးသေး
ဖရိုဖရဲဖြစ်နေပြီ
ကောင်းကင်ကိုမော့ကြည့်ပြီး ခေါင်းကိုငုံ့တိုင်း
သေကွဲခွဲရလောက်အောင် လာနုတ်ဆက်ပုံမျိုး မကြုံဖူးသေး
ဟိုစမ်းစမ်း ဒီစမ်းစမ်း

ပျော်စရာ အရည်လေးဖြစ်ဖြစ် ဖြည့်ထားရင်းက
ကွဲပေါက်သွားခဲ့ပြန်ပါရော
ကွယ်လွန်ဖို့ သိပ်လွယ်တယ်
အသက်ရှင်ရတာ မလွယ်တဲ့ကဗျာလေ
သိလား ။

စိုးမင်းအောင်