Friday, May 29, 2009

လက်မောင်းသွေးကို ဖောက်ကြည့်ချင်း (၁)

လက်တစ်ကမ်းမှာ
အောင်မြင်မှု သေခြင်းတရားနဲ့
မှုန်ဝါးဝါးရာစု အသစ်တစ်ခုရှိနေရဲ့
မိန်းမတစ်ယောက်က ကျွန်တော့်ကိုစောင့်နေတာလား
ကျွန်တော်က မိန်းမတစ်ယောက်ကို စောင့်နေတာလား
ခြေလှမ်းတွေမှာ အပြစ်မရှိ



သိပြီးသား ကိစ္စတွေပါ
လိုအပ်နေတာက ခရက်ဒစ်ကဒ်လည်းမဟုတ်
ဇိမ်ခံကားလည်းမဟုတ်
ကွန်ဒိုမီဒီယမ်လည်းမဟုတ်
ဒီနေ့လိုအပ်နေတာက
လွတ်လပ်မှုနဲ့ ထိမ်းမြားလက်ထပ်ဖို့သာ

ဒါပေမယ့် စေ့စပ်ကြောင်းလမ်းခြင်းတောင် မအောင်မြင်
ခက်တာက
ဘုရားသခင်ကလည်း ကိုယ့်ဘက်မှာမရှိ
ရာသီဥတုကလည်း ကိုယ့်ဘက်မှာမရှိ
ဖြစ်နေပုံက မချိမဆန့်
ဒါပေမယ့် လိပ်ပြာသန့်ခဲ့ပါတယ်

ရထားက ဘူတာကိုလိုက်ရှာနေတာလား
ဘူတာရုံက ရထားကိုလိုက်ရှာနေတာလား
သံလမ်းတွေမှာ ခံစားချက်မရှိ
ပူပြင်းတဲ့ ခေါင်းစဉ်ကို သယ်ထမ်းရင်း
ဘယ်နှစ်ယောက်လောက် ကျွမ်းခဲ့ပြီလဲ
ကိန်းဂဏန်းအတိအကျ ဖော်မပြနိုင်

“ပြုတ်မကျစေနဲ့
ပြုတ်မကျစေနဲ့”တဲ့
ငါ့ကို ဆွဲမထားတဲ့အရာက ဘာများပါလိမ့်

ငြီးငွေ့မှုတွေက စခဲ့တာလား
တက်မက်မှုတွေက စခဲ့တာလား
ဒီဘ၀မှာ မလေးရှားမှာ ကားရေဆေးတယ်
နောက်ဘ၀အတွက် ကဗျာရေးတယ်
ဒါဟာ ကျွန်တော်နဲ့ လောကကြီးရဲ့ ဆက်ဆံရေးပါပဲ

သွေးကြောထဲက ကြေငြာချက်မှာ
လက်ရှိပွဲတော်တွေကို ငြင်းတယ်
လက်ရှိဆိုင်းပုဒ်တွေကို ငြင်းတယ်
လက်ရှိဦးထုပ်တွေကို ငြင်းတယ်
ရှင်းရှင်းလေးပါပဲ
အနာဂတ်ကို သင်မစဉ်းစားခဲ့ရင်
သင့်ကိုယ်လည်း အနာဂတ်က စဉ်းစားမှာမဟုတ်ဘူး။

လှသန်း

Wednesday, May 27, 2009

အရူးသီချင်း

(ဒီဝတ္ထုတိုလေးဟာ ဘယ်တော့မှ မကြွေတော့မယ့် ကြယ်စင်လေးကို မျှော်မှန်းရင်း မျက်ရည် တွေကျကျ နေတတ်တဲ့ လူငယ်တစ်ယောက်ကို နိမိတ်ပုံလေးနဲ့ ပုံဖော်ထားတယ်။ ချစ်စရာ ကောင်းလို့၊ ကြိုက်လည်းကြိုက်လို့ သူ့ဆီကနေ တောင်းပြီးတင်လိုက်ပါတယ်)

ငြိမ်သက်နေသော အခန်းတစ်ခုထဲတွင် ယောက်ယက်ခတ်နေသော အိမ်မြောင်တစ်ကောင် လဲလျောင်းနေခဲ့သည်။ မပျော်မရွှင်ခြင်းနှင့် ပျော်ရွှင်ခြင်း အကြောင်းအရာကို ထိုအိမ်မြောင်က စဉ်းစားနေသည်။ ကောင်းကင်ပေါ် ခဏခဏမော့ကြည့်နေသော ထိုအိမ်မြောင်၏ မျက်လုံးထဲတွင် မျက်ရည်များ ရွှဲနစ်နေသည်၊ “မင်း ဘာဖြစ်လို့ ကောင်းကင်ပေါ်မော့ကြည့်ပြီး မျက်ရည်ကျနေရတာလဲ”
“အခု ငါ့ကို မေးခွန်းထုတ်နေတာ ဘယ်သူလဲ“
“ ငါက မင်းဒုက္ခတရားနဲ့ မင်းရဲ့ ပရိဒေ၀တွေကို ရှင်းပစ်နိုင်တဲ့ အနှိုင်းမဲ့ တန်ခိုးရှင်တစ်ပါးပဲ” အိမ်မြောင်က ဟက်ဟက်ပက်ပက် ရယ်မောပစ်လိုက်သည်။
“ ငါ အခု ဆာလောင်နေတယ်”

“ ဒါဆို မင်းဆာလောင်နေတဲ့ ချို၊ချဉ်၊ငံ၊စပ်၊ဖန်၊ခါး အရသာတွေကိုတောင်းဆိုစေ“
အိမ်မြောင်က ဟက်ဟက်ပက်ပက် ရယ်မောပစ်လိုက်ပြန်သည်။ ယောက်ယက်ခတ်နေသော အိမ် မြောင်တစ်ကောင်ပေါ်တွင် ငြိမ်သက်နေသည့် အခန်းလွတ်တစ်ခန်းသည် လဲလျောင်းနေ၏။
“ ငါက လျှာနဲ့ ခံစားရတဲ့ အရသာတွေကို အရွံရှာဆုံးပဲ“
“ ဒီလိုဆို ခံစားနေရမယ့် အရသာတွေကို တောင်းဆိုစေ“
“ အနံ့နဲ့ ခံစားရမယ့် အရသာကိုလည်း ငါက မတပ်မက်ပါဘူးကွာ“
“ ဒါဆို၊ အထိ“
“ နိုးပဲ“
“ ကိုင်း၊ ဒီလိုဆို အတွေ့ရော“ အိမ်မြောင်က ထပ်ပြီး ဟက်ဟက်ပက်ပက် ရယ်မောပစလိုက်ပြန် သည်။
“ အထိ၊ အတွေ့ ၊ အရသာဆိုတာ လူအကန်းတွေလိုက်စား၊လိုက်ရှာနေတဲ့ ကာမတဏှာပဲ”
“ ကဲ….ဒါဆိုပြောပါဦး၊ မင်းလိုချင်တာက ဖျက်အားပြင်း အနုမြူလောင်စာလား“
“ လူသား ပျက်သုဉ်းရေးဝါဒ ငါ့မှာ မရှိဘူး“
အနှိုင်းမဲ့ တန်းခိုးရှင်သည် သူ့ခေါင်းမှ ဆံပင်ဖြူဖြူများကို တဗျင်းဗျင်း ကုတ်နေ၏။
ကမ္ဘာသူ၊သားတို့၏ သိစိတ်ထဲတွင် ဆာလောင်မှုများ တရဲရဲတောက်ထနေခဲ့သည်။ တိုက်ခန်းပေါင်း များစွာ၊ တဲအိမ်ပေါင်းများစွာ၌ ခိုများ သီချင်းတကြော်ကြော်အော်ဆိုနေ၏။ အိမ်အပြန် နောက်ကျတတ်သော သမီးငယ်ကို ဘယ်မိဘကမှ မငေါက်ငမ်းတော့ပါ။ အသက်နှစ်ဆယ်မပြည့်သေးသည့် မိန်းမအလွတ်တစ် ယောက် ရည်းစားပေါင်း နှစ်ဆယ်ကျော်ပြီဆိုသည့် ရပ်ကွက်သတင်းတစ်ပုဒ်ကလည်း ကျွန်ုပ်တို့အတွက် ထူး ပြီး မဆန်းတော့။ ဆန်းပြီးမထူးတော့။
နေ၀င်တော့မည်။

ကောင်းကင်ပေါ်တွင် မိုးသားမည်းမည်းများ အမြဲတစေ အုံ့ဆိုင်းနေ၏။ အိမ်တိုင်းအိမ်တိုင်းမှာ သွား ကြားထိုးတံများ အသုံးမ၀င်တော့။ ကြည့်မှန်များခေတ်မစားတော့။ ငါးကြီးဆီ ပုလင်းများအတွက် နေရာမရှိ တော့၊ပြတင်းတံခါးများ ဂျက်ချရန်မလိုတော့။ မိသားစုများ အလွန်ဝေးကွာနေခဲ့ပြီဖြစ်သည်။
အခန်းတခုထဲတွင် အိမ်မြောင်တစ်ကောင်သည် ယောက်ယက်ခတ်ဆဲပင် ဖြစ်၏။ စိတ်ခွဲပညာရှင် “ဆစ်ဂမန်ဖရွိုက်”သာ ထိုအိမ်မြောင်၏ ဦးခေါင်းကို ခွဲစိတ်၊စိတ်ခွဲကြည့်ပါက အဘယ်သို့သော စိတ်စီးကြောင်းများ ရှာဖွေတွေ့ရှိလေမည်လဲ။ အိမ်မြောင်က ကောင်းကင်ပေါ်ကြည့်ပြီး ခဏ၊ခဏ ၀မ်းနည်း နေပါသည်။ ခဏ၊ခဏ မျက်ရည် ကျနေပါသည်။
“ ဒေါက်..ဒေါက်..ဒေါက်“
“ ဟေ့ …ဘယ်သူတုန်းကွ“
“ ငါပါ၊ အနှိုင်းမဲ့တန်ခိုးရှင်ပါ“
အနှိုင်းမဲ့ တန်းခိုးရှင်အသံကြောင့် အိမ်မြောင် တော်တော်လေး စိတ်ပျက်သွားသည်။
“ခင်ဗျားက အနှိုင်းမဲ့ တန်ခိုးရှင်လည်းပြောသေး၊တံခါးလည်းခေါက်ရသေး၊ မြေလျှိုး၊မိုးပျံပြီး ၀င်လာခဲ့ ပါလား“
“ ထားပါ၊ ငါက မင်းရဲ့ဒုက္ခတရားနဲ့ ပရိဒေ၀တွေကို ကူညီဖြေရှင်းဖို့လာခဲ့တဲ့ ပုဂ္ဂိုလ်ပဲ အချင်းမများချင် ပါဘူးကွာ“
“ စိတ်မရှိပါနဲ့ အသင်တန်ခိုးရှင်၊ ငါဟာ ငါကလွဲရင် တခြားဘာကိုမှ အားမကိုးတတ်ပါဘူး၊ ငါ့ဒုက္ခ တရားနဲ့ ငါ့ပရိဒေ၀ကိုလည်း ဘယ်သူမှ ကူညီဖြေရှင်းပေးနှိုင်မှာ မဟုတ်ပါဘူးကွာ“
အိမ်မြောင်က စိတ်ပျက်လက်ပျက် ညည်းတွားလိုက်၏။
နေ၀င်တော့မည်။
အမှောင်ရိပ်များ သဲသဲမဲမဲ ဒုန်းစိုင်းနှင်လာကြပြီဖြစ်၏။
“ ကောင်းကင်ကြီးပေါ်ကြည့်ကြည့်ပြီး ခဏခဏ မျက်ရည်ကျနေတဲ့ မင်းကို မကြည့်ရက်လို့ပါ။ ငါတန် ခိုးရှင်မင်းကို ကူညိဖြေရှင်းပေးပါရစေ“
တန်ခိုးရှင်ကလည်း အသည်းအသန်ကို ကူညီဖြေရှင်းပေးချင်သော ပုဂ္ဂိုလ်ပင်ဖြစ်သည်။
“ ငါ မျက်ရည် ခဏခဏ ကျနေတာဟာ၊ ငါ့အရှေ့က ကြယ် တွေကြောင့်ပဲ“
“ ဘာလဲ ကောင်းကင်ပေါ်က ကြယ်တွေကို မင်းလိုချင်တယ်ဆိုပါတော့“
“ မဟုတ်ဘူး၊ကောင်းကင်ပေါ်က ကြယ်တွေက ကြွေတတ်တယ်။ ငါအလိုရှိတာက ဘယ်တော့မှ မကြွေတဲ့ ကြယ်စင်တွေ“
“ အို….ဂေါ့“
အနှိုင်းမဲ့ တန်ခိုးရှင် ပါးစပ်အဟောင်းသားဖြစ်သွား၏။
အိမ်မြောင်က တစ်ခန်းလုံး တုန်ခါသွားအောင် ဟက်ဟက်ပက်ပက်ကို ရယ်မောပစ်လိုက်ပါသည်။

မောင်စိုးအောင်(ကန့်ဘလူ)