Monday, September 7, 2009

ရွှေမြို့တော်အထိ ကူးစက်လာသော ရွှေဆံပင်အလှူ



စစ်ကိုင်းတိုင်း၊ယင်းမာပင်၊ပုလဲမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပနှင့် အမေရေယာဉ်နန်းရင်းသို့ သွားရာ ပင်မလမ်းမကြီးဖြစ်သော လည်ငေါက်၊ ချင်ပြစ်သို့သွားရာလမ်းကြီးအတွင်းမှာ တည်ဆောက်မည့် ရွှေဆံပင်တံတား ဆောက်လုပ်ဖို့ အမျိုးသမီးတွေဟာ မိမိတို့ အမြတ်တနိုးထားတဲ့ ဆံပင်တွေ ဖြတ်လှူနေကြတယ်။ တော်တော်လေးလည်း ဝမ်းသာကြည်နူးမှုတွေ ဖြစ်မိပါတယ်။ ဒါကြောင့် လှူဒါန်းကြတဲ့ အမျိုးသမီးအားလုံးတို့ကို ဂုဏ်ပြုတင်စား ချင်တာကတော့ ကမ္ဘာမှာ ဒို့မြန်မာမိန်းကလေးတွေသာ လုပ်နိုင်တဲ့၊ လုပ်ခဲ့ကြတဲ့ အလှူဒါနပွဲကြီး ဖြစ်ပါပေတယ်လို့ တင်စားလိုက် ချင်ပါတယ်။ အခုဆို ရန်ကုန်ရွှေမြို့သူတွေပါ ၀င်လာမစဲဆိုပါတော့။
ဟုတ်တယ်၊ ဒါဟာ အင်မတန်မြင့်မြတ်တဲ့ အလှူဖြစ်တယ်။ ဘုရားအလောင်း သူတော်ကောင်းတွေ လုပ်ခဲ့တဲ့ အလှူ ဒါနမျိုးလည်းဖြစ်ပါတယ်။ အင်္ဂပရိစ္စာဂ-ဆိုတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖြတ်တောက်ပြီး အများသူငါ သွားလာရေးမှာ လွယ်ကူချောမွေ့စေအောင် မြင့်မြတ်တဲ့အလှူဒါနကို မြင့်မြတ်တဲ့စိတ်ထား ပိုင်ရှင်ဖြစ်တဲ့ မြန်မာမိန်းကလေး တွေရဲ့ မွန်မြတ်တဲ့ အလှူပွဲပေါ့နော်။ ဒီပင်္ကရာဘုရားရှင်သွားမယ့် လမ်းခရီးတစ်ခုမှာ မိမိတာဝန်ယူထားတဲ့ လမ်းနေရာ မပြီးလို့ ခန္ဓာကိုယ်ကို လမ်းအဖြစ် အသုံးပြုစေပြီး လှူဒါန်းမှုပြုခဲ့တဲ့ သုမေဓာရှင်ရသေ့ ကိုတောင် ပြေးပြီးမြင် ယောင်မိပါတယ်။ ဒီကိစ္စမှာပဲ ဒီပင်္ကရာဘုရားရှင်က ဗုဒ္ဓဘာသာဝင်တွေ အခုကိုးကွယ်နေတဲ့ ဂေါတမဗုဒ္ဓ ဘုရားရှင် ဖြစ်လာမယ့် သုမေဓာရှင်ရသေ့ကို ဗျာဒိတ်တော် ပေးခဲ့တယ်မဟုတ်လား။ အခုလည်း တကယ်လို့သာ ဂေါတမ ဘုရားရှင်ကိုယ်တော်မြတ်ကြီးသာ သက်ရှိထင်ရှားရှိနေ ဦးမယ်ဆိုရင် ''ချစ်သမီးတို့၊ ဒီကုသိုလ်ဟာ အင်မတန်မွန်မြတ်တဲ့ ကုသိုလ်ဖြစ်တယ်'' စသဖြင့် သာဓုသုံးကြိမ်ခေါ်ပြီး ဂုဏ်ပြုတော်မူခဲ့လိမ့်မယ်လို့ ထင်မိပါတယ်။
လူ့လောကြီးထဲရောက်လာတော့ တကယ်လူဖြစ်ရကျိုး နပ်ဖို့ဆိုတာ ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ကြီးနဲ့၊ အ စိတ်ပိုင်းတွေနဲ့ လောကကြီး၊ လူသားကောင်းကျိုးအတွက် ငါဘာတွေ လုပ်ပေးနိုင်မလဲ။ ဘာတွေ လုပ်ပေးနေသလဲ၊ ဘာတွေလုပ်ပေးခဲ့ဦးမလဲ-စတဲ့ မေးခွန်းတွေမေးမြန်းပြီး ကိုယ်တိုင်လူ့အဖြစ်ကိုရရှိတာ အကျိုးရှိရဲ့လားဆိုတာ တိုင်းတာ စေချင်တာ။ အခုတော့ အလှူရှင်များဖြစ်တဲ့ အချို့မိန်းကလေးများဟာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဆင်းရဲကောင်း ဆင်းရဲကြပါလိမ့်မယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ အင်မတန်မွန်မြတ်တဲ့ လူတွေဖြစ်နေကြပါပြီ။ အခုဆို အမြတ်တနိုး ထိန်းသိမ်းထားခဲ့တဲ့၊ အနှစ်နှစ်အလအလ ကြာရှည်စွာ စောင့်ရှောက်ခဲ့ကြရတဲ့ ဆံနွယ်စလေးတွေကို အများသူငါသွားလာမယ့် လမ်းခရီးမှာ ဖြတ်တောက် လှူဒါန်းတယ်ဆိုတာ တော်တော်လေးကို စိတ်ထားမြင့်မြတ်ကြလို့ပေါ့။ မိန်းတို့ဘုန်း ဆံထုံး-ဆိုသလို ဘုန်းဖြစ်တဲ့ ဆံထုံးကို လှူဒါန်းတယ်ဆိုတော့ အင်မတန်ကြီးမြတ်တဲ့ စိတ်ထားရှိနေလို့ပေါ့၊ ဒါကြောင့် ဒီလိုဘုန်းဖြစ်တဲ့ ဆံထုံးကို လှူဒါန်းရတဲ့အတွက်ကြောင့် ဘုန်းကံကြီးတဲ့ ဘဝပိုင်ရှင်ကို အခုရော၊ နောက်ဘဝ များစွာမှာပါ ပိုင်ဆိုင်ရပါလိမ့်မယ်။
ဒီလမ်းကြီး တည်ရှိနေသရွေ့ ဒီအလှူရှင်တွေရဲ့ နာမည်တွေဟာ ဘယ်တော့မှ ပျောက်ကွယ်မှာ မဟုတ်ပါဘူး။ တံတားကြီး သဘာဝဘေးအန္တရာယ်တစ်ခုခုနဲ့ တကယ်လို့ပျက်စီးသွားခဲ့ရင်တောင် ဒီလမ်းကြီးမှာရှိတဲ့ ဒီတံတားကြီးရဲ့ လားရာ၊ လာရာဟာ ဘယ်တော့မှ မှုန်ဝါးသွားမှာ မဟုတ်ပါဘူး။ ဒီတော့ ဒီလမ်းကြီးမှာရှိတဲ့ တံတားကြီးအတွက် လှူဒါန်းလိုက်ရတဲ့ မွန်မြတ်ဆံနွယ်လေးတွေကို ဖြတ်တောက်ပြီး ပါဝင်လှူဒါန်းခွင့်ရလို့ အတိုင်းမသိပါဘဲ ဝမ်းသာကြည်နူး မှုတွေဖြစ်လို့ သာဓုအတန်တန် ခေါ်မိလိုက်ပါတယ်။
တစ်ခါက သျှန္တီလို့ခေါ်တဲ့ တရားဟော ဓမ္မဆရာတစ်ယောက် ရှိခဲ့တယ်။ သူဟာ တစ်မြို့ဝင်၊ တစ်မြို့ထွက်ပြီး တရားဓမ္မတွေကို ဟောပြောလေ့ရှိတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့နားကို လူတစ်ယောက် ခြေထောက် ထော့နင်း ထော့နင်းနဲ့ ရောက်လာခဲ့တယ်။ နောက်သူဟာ သျှန္တီကို သူနေထိုင် မကောင်းကြောင်းပြောပြတယ်။ ငြီးငြီး ညူညူနဲ့ပေါ့။ ဒါကြောင့် တရားဟော ဆရာဖြစ်တဲ့ သျှန္တီကသူ့ကို. . . .



''အလုပ်လုပ်ပါ၊ အစာစားပါ၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အောက်မေ့ပါ''လို့ပြောလိုက်တယ်။ ဒါကို သူက ဘာပြန် ပြောသလဲဆိုတော့. . .
''ကျုပ် အလုပ်လုပ်တဲ့အခါ ကျောကနာတယ်၊ အစာစားတဲ့အခါ အစာမကြေဘူး၊ ရေသောက်ရင်လည်း လည်ချောင်း ထဲက ပူလောင်တယ်၊ ဘုရားသခင်ဆီမှာ ဆုတောင်းလဲ ဘုရားသခင်က နားထောင်နေလိမ့်မယ်လို့ ကျုပ်ခံစားလို့ မရဘူးဖြစ် နေတယ်'' လို့ ငြီးငြီးညူညူနဲ့ပဲ ပြန်ပြောတယ်။ ဒီတော့ သူ့ကို သျှန္တီက. . . .
''ဒါဆိုရင်လဲ တခြားလမ်းညွှန်နိုင်တဲ့ လူကိုသာ ရှာပေတော့'' လို့ ပြန်ပြောလိုက်တယ်။ အဲဒီလူဟာ မကျေမချမ်းနဲ့ သူ့နားကနေ ထွက်သွားတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ယောက် စကားပြောနေတာကို ဘေးနားကနေ နားထောင်နေတဲ့လူ တစ်ယောက်ရှိတယ်၊ အဲဒီလူကို တရားဟောဆရာသျှန္တီက ခုနက လူအကြောင်းကို အောက်က မှတ်ချက်မှတ်ချက်ကို ပေးလိုက်တယ်။
''ခုနက လူဟာ အရာရာတိုင်းကို ကြည့်မြင်တဲ့နေရာမှာ ဖြစ်နိုင်စရာရှိတဲ့ လမ်းနှစ်သွယ်ထဲက အညံ့ဆုံးလမ်းကိုသာ အမြဲတန်း ရွေးခဲ့သူဖြစ်တယ်။ သူသေသွားရင်တောင် သူ့ရဲ့အုတ်ဂူဟာ အေးလွန်းတဲ့အကြောင်း မကျေမနပ်နဲ့ သေချာပေါက် ငြီးညူနေဦးမယ့် လူပဲ'' တဲ့။
ဟုတ်တယ် တစ်ခါတလေမှာ ငါဟာဘာမှ မလုပ်နိုင်ဘူးဆိုပြီး ငြီးညူနေရုံနဲ့တော့ အချိန်တွေ ထိုးကြွေးနေလို့ မဖြစ်ဘူး။ ဘာမှ မလုပ်ဘဲနဲ့တော့ မဖြစ်နိုင်လောက်ပါဘူးဆိုပြီး ငြီးညူနေတာဟာ သဘာဝမကျဘူး။ လုပ်ကြည့်ဖို့ တိုက်တွန်းပေမယ့် သူနဲ့ဖြစ်မှာ မဟုတ်ပါဘူး။ ဒီလူတွေဟာ ဘာတွေ၊ ညာတွေဆိုတဲ့ မှတ်ချက်တွေပေးပြီး ပြီးပြီးသွားတဲ့ လူတွေလည်းတစ်ယောက်မဟုတ် တစ်ယောက်တော့ ရှိနေခဲ့မယ်မဟုတ်လား။ တချို့ကတော့ ပြုပြင်ပြောင်းလဲမှုဆီကို ဦးတည်မောင်းထွက်သွားတဲ့ လူတွေလည်းရှိပါတယ်။ တချို့ကျပြန်တော့ ကျွဲပါးစောင်းတီးသဘော လုပ်သွားတဲ့ လူလည်းရှိမှာပဲပေါ့လေ။ ထားပါ အဓိကကတော့ ကိုယ်တိုင်မေးကြည့်ဖို့ပဲပေါ့။ ဘာလုပ်ပေးနိုင်မလဲဆိုတာလေ။
ဒါနဲ့ ပတ်သက်ပြီး ညီမလေးတစ်ယောက်ပြခဲ့တဲ့ စကားလေးတစ်ခွန်းကို ပြန်ပြောပြမယ်။ အဲဒီညီမလေးကတော့ မှတ်မိတော့မယ်တော့ မသိပါဘူး။ အဲဒီညီမလေးရဲ့ သူငယ်ချင်းဖြစ်တဲ့ မအိဖြူတို့ အကြီးအကျယ် ဆိုင်းနဲ့ဝိုင်းနဲ့လှူတော့၊ '' ညီမလေးတို့ ဒီလိုအလှူမျိုးကို ဘယ်တော့မှာ လှူနိုင်မှာ မဟုတ်ပါဘူး'' ဆိုတဲ့ မှတ်ချက်စကားလေပါ။ အဲဒီတုန်းက ဒီစကားပြောပြီး အဲဒီညီမလေးရဲ့ မျက်နှာဟာ တော်တော်လေး မကောင်းဖြစ်သွားတယ်။ အဲဒီညီမလေးကတော့ ဖာသိဖာသာအနေနဲ့ ငယ်စဉ်က ပြောခဲ့တာဆိုတော့ မှတ်မိတော့မယ် မထင်ပါဘူး။ ဒါပေမယ့် ဘယ်တော့မှ မေ့ဖျောက်လို့ မရခဲ့ပါဘူး။ သူတို့ကို နှိမ့်ချပြီး၊ မနာလို ဝန်တိုစိတ်နဲ့ပြောတာ မဟုတ်ပါဘူး။ အဲဒီတုန်းက သူတို့အနေနဲ့ ညီမလေး၊ အခုလှူဒါန်းလိုက်တဲ့ ဆံပင်ဒါနလောက် စိတ်ထားတွေ၊ စေတနာတွေ ဖြူစင်ခဲ့ရဲ့လားဆိုတာ မသိနိုင်ပါဘူး။ ဒါပေမယ့် အခု၊ ညီမလေးခေါင်းပေါ်က နှစ်ရှည်လများ စုဆောင်း ထိန်းသိမ်းထားခဲ့တဲ့ ဆံပင်လေးတွေကို တံတားခင်းဖို့ လှူလိုက်ပြီလို့ ကြားရတဲ့နေ့က အဲဒီညီမလေးရဲ့စိတ်ကို မှန်းပြီးကြည့်နေခဲ့မိတယ်။ တကယ့်ကို ညီမလေးရဲ့စိတ်၊ စေတနာတွေဟာ တော်တော်လေးကို ဖြူဖြူစင်စင်ဖြစ်ပြီး ဝမ်းသာကြည်နူးမှုတွေ ဖြစ်နေလိမ့်မယ်လို့။ တကယ်တော့ ဒီအလှူမျိုးဟာ နည်းတယ်လို့ပြောလို့ မရဘူးလေ။ ညောင်ပင်ကြီးလောက် လှူလည်း၊ ညောင်စေ့လောက်ရတာတို့။ ညောင်စေ့လောက် လှူလည်း ညောင်ပင်ကြီးလောက်ရတာတို့ ဆိုတာတွေဟာ အလှူတစ်ခု လုပ်တဲ့အခါမှာ ထားလိုက်တဲ့ စိတ်စေတနာကသာ အဓိကပဓာန ကျလိမ့်မယ်မဟုတ်လား။ ဒါကြောင့် ဒီဆိုရိုးစကားလေး ဖြစ်လာတာနဲ့ တူပါတယ်။
အခုဆို အညာသူကျေးတောသူများမှတဆင့် တစတစ ဆိုသလို သူတော်ကောင်းစိတ်များ ကူးစက်လာပြီး၊ လိုအပ် တဲ့ နေရာတွေမှာ ရန်ကုန်ရွှေမြို့သူတွေလည်း ၀ိုင်းဝန်း လုပ်ဆောင်နေလာကြပြီလေ။ အခု ဆရာမကြီး ဒေါ်ခင်လေးမြင့် စမ်းချောင်း။ ဒေါ်တင်လှဝင်း သင်္ဃန်းကျွန်း။ မမိုးမမမျိုး၊ တ-ဥက္ကလာပ၊ ဆရာမဒေါ်မြစန်းကြည် (မ၊ ဥက္ကလာပ၊ အ.လ.က (၁) ကျောင်းအုပ်ဆရာမကြီး) မင်္ဂလာဒုံမြို့နယ်။ အစရှိသဖြင့် လာရောက်လှူဒါန်းသူတွေ တစတစများပြားလာနေတာဟာ တော်တော်လေး ကြည်နူးမှုတွေ ဖြစ်ရပါတယ်။ သူတို့ဟာလည်း လိုအပ်တဲ့၊ ကွက်လပ်လေးတစ်ခုကို ဖြည့်ဆီးပေး ခြင်းမျိုးလည်း ဖြစ်ပါတယ်။ အဲဒီလိုပါပဲ လစ်ဟာနေတဲ့ ကွက်လပ်လေးတွေကတော့ ပတ်ဝန်းကျင်မှာ တစ်ခု မဟုတ် တစ်ခု လောက်တော့ ရှိနေမှာပါ။ ဒီတော့ ကိုယ်ဘာလုပ်ပေးနိုင်လဲ၊ ဘယ်လိုပေါက်နေတဲ့ အပေါက်လေးတွေ၊ ကွက်လပ်လေး တွေကို ဖြည့်ဆီးပေးနိုင်မလဲ၊ ဆိုတာလေးတွေကို လုပ်ပေးဖို့တော့ လိုအပ်နေပါလိမ့်မယ်။ ဒါနဲ့ ပတ်သက်ပြီး ဖတ်ထားခဲ့ဖူးတဲ့ အကြောင်းအရာလေး တစ်ခုကိုလည်း ထပ်ဆင့်ဖောက်သည်ချ လိုပါတယ်။
တစ်ခါက သေအံ့မူးမူးဖြစ်နေတဲ့ အဘိုးကြီးတစ်ယောက်ရှိတယ်။ အဘိုးကြီးဟာ ဆေးရုံပေါ်ကနေ နောက်ဆုံးအနေနဲ့ သူ့ရဲ့ချစ်စွာသော သားလေးကိုတွေ့ချင်နေခဲ့တယ်။ သူ့သားဟာလည်း အဝေးကိုရောက်နေခဲ့တယ်။ တပ်ထဲမှာပေါ့။ နောက်တော့ တပ်ကစာရောက်လာတာနဲ့ နာမည်မှားပြီး လွှတ်လိုက်တယ်။ သူရောက်လာတော့ သူနာပြုဆရာမက အဘိုးကြီးကို သူ့သားရောက်လာတဲ့အကြောင်း နားဘေးကပ်ပြီး အော်ပြောလိုက်တယ်။ ဒီလိုနဲ့ စစ်သားငယ်လေးဟာ အဘိုးကြီးရဲ့ ဘေးနားကနေ အရိပ်တကြည့်ကြည့်နဲ့ ထိုင်နေခဲ့တယ်။ အဘိုးကြီးကလည်း သူ့ရဲ့လက်ကို ဆုပ်ကိုင်ထားခဲ့တယ်။ သူဟာ တစ်ညလုံးလိုလိုပါပဲ အားပေးစကားတွေကို ပြောပြီးနေခဲ့တယ်။ နောက် တစ်ညလုံး အားရပါးရ ဆုပ်ကိုင်ထားတဲ့ အဘိုးကြီးလက်ဟာ အေးခဲသွားခဲ့တယ်။ ဒါနဲ့ သေပြီဆိုသိတော့ ဆရာမဟာ စစ်သားငယ်လေး ဘေးနားမှာ ထိုင်ပြီး သူ့ကိုကြင်နာစွာ ကြည့်နေပြီး စကားတွေ ပြောရင်း ဖြေသိမ့်နေခဲ့တယ်။
''ကျွန်မတို့လည်း ကြိုးစားပြီးတော့ ကုပါတယ်၊ အခုတော့ မအောင်မြင်ဘူးပေါ့လေ၊ ဒီအတွက် အဖေ့ကိုယ်စား သားကို အားနာပါကြောင်း ပြောရှာတယ်'' ဒီတော့ စစ်သားငယ်လေးဟာ သူ့ရဲ့အဖြစ်မှန်ကို ပြောပြတော့တယ်၊ သူဟာတကယ်တော့ အဘိုးကြီးရဲ့ သားမဟုတ်ကြောင်း၊ တပ်ကနေလူမှားပြီး လွှတ်လိုက်လို့ ရောက်လာခဲ့ရတဲ့အကြောင်း၊ တကယ်တော့ လွှတ်လိုက်ကတည်းက တစ်ခုခုတော့ မှားနေပြီဆိုတာ သိလိုက်ရတဲ့ အကြောင်း၊ ဒါပေမယ့်လည်း အဘိုးကြီးရဲ့ လိုအပ်နေတဲ့ ကွက်လပ်လေးကို ဖြည့်ဆီးပေးလိုက်ရတဲ့အတွက် ကျေနပ်မိပါကြောင်း ပြန်ပြောလိုက်တယ်။
ဒီတော့မှ သူနာပြုဆရာမလေးလည်း အံ့သြသွားရှာတယ်။ ဘာဖြစ်လို့ အစကထဲက မပြောခဲ့တာလည်း မေးတော့၊ အဘိုးကြီးရဲ့ လိုအပ်နေတဲ့ ကွက်လပ်လေးကို ဖြည့်ပေးလိုက်တာတာပါ။ သူလည်း သေအံ့မူးမူးဖြစ်နေပြီ ဘာမှမမှတ်မိတော့ ဘူးလေ။ သူ့သားကိုတောင် အတု၊ အစစ်ဆိုတာ ခွဲခြားမသိတော့တာ။ ဒါကြောင့် သူအင်မတန် လိုအပ်နေတဲ့ နောက်ဆုံး အချိန်လေးမှာ သူ့သားလေးနဲ့ တွေ့ချင်စိတ်တွေသာ ကြီးစိုးနေခဲ့တယ်လေ။ ဒီတော့ ကျုပ်လည်းခပ်တည်တည်နဲ့ပဲ သူ့သားလေးအဖြစ် သတ်မှတ်ရင်း၊ ဘေးနားကနေ မအိပ်ဘဲ အားပေးစကားတွေ ထိုင်ပြောနေခဲ့တယ်လေ။ အခုတော့ သူလည်း အသေ ဖြောင့်သွားပါပြီ။ ကျွန်တော့်ကို ပြန်ခွင့်ပြုပါတော့ဆိုပြီး သူနာပြုဆရာမလေးကို နှုတ်ဆက်ရင်း ရှင်းပြ လိုက်တော့ သူမလည်း တွေးငေးပြီး ကျန်နေရစ်ခဲ့တယ်။
အဲဒီလိုပါပဲ အားလုံးကတော့ ကိုယ်စွမ်းဆောင်နိုင်တဲ့ နေရာတွေမှာ လုပ်စရာတွေ၊ လုပ်လို့ရတာတွေ၊ လုပ်ကိုလုပ် ရမယ့်အရာတွေ လောကကြီးမှာ အများကြီးရှိနေပါတယ်။ ဘယ်လိုလုပ်မလဲ၊ ဘယ်သူတွေနဲ့ ပူးပေါင်းသင့်သလဲ။ ဘာအကျိုးတွေ ဖြစ်လာနိုင်မလဲ။ ဘယ်သူတွေရဲ့ ကူညီမှုကိုလိုသလို ဆိုတဲ့ မေးခွန်းတွေ ချရေးပြီး လုပ်ကြဖို့ပါပဲ။ ဥပမာကွာ ပလပ်စတစ်တို့၊ ကြွပ်ကြွပ်အိတ်တို့ မသုံးအောင် ဘယ်လိုလုပ်မလဲ။ ဘာကြောင့်လဲ။ ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင် သလဲဆိုတာတွေကို စီမံကိန်းချပြီး ကိုယ်လုပ်နိုင်တဲ့အလုပ်မှာ ကိုယ့်သူငယ်ချင်းတွေနဲ့ လုပ်တာမျိုးတွေဟာလည်း အများအကျိုးကို ကိုယ်လုပ်နိုင်တဲ့ ဘက်ကနေ လုပ်ဆောင်နေခြင်း တစ်မျိုးပေါ့။ ဒါမျိုးတွေ အများကြီးပါ။ လုပ်ဖို့လိုတယ်။ လုပ်ကိုလုပ်ရမယ်။ ကိုယ့်မှာ တာဝန်ရှိတယ်လို့ အမြဲတန်းခေါင်းထဲမှာ ထည့်ထားနိုင်ရမယ်။ ဒါဆို လူ့လောကကြီးထဲကို ရောက်ရှိတဲ့အခါ လူဖြစ်ရကျိုးနပ်တာပေါ့။ ဒါကြောင့် လူဖြစ်ရကျိုးနပ်အောင် အခုလို ရွှေဆံပင်လှူဒါန်းခြင်းမျိုးတွေကိုလည်း အလားတူ နောက်ထပ်လုပ်ဆောင်ကြရမယ့် အခြားလူမှုရေးများစွာမှာ လုပ်လာကြသူများ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရင်း. . . .။
ရွှေဆံပင်များနှင့် အခြားများ လှူဒါန်းလိုပါက လမ်းတံတား အကျိုးတော်ဆောင် ဆရာတော် ဦးဝေပုလ္လ၊ ဖုံး-၀၉-၂၀၃၀၇၂၈၊ ၀၉-၅၁၅၁၃၉၇၊ အရှင်ရာဇိန္ဒ၊ ဖုံး-၃၈၄၃၆၃၊ (မောင်မင်းစိုး၊ရွှေနံ့သာ) အမှတ်(၆)၊ ရွှေပိဋကတ်တိုက်၊ အာဇာနည်လမ်း၊ ရွှေတိဂုံ ဘုရားအရှေ့ဘက်မုဒ်အနီး၊ ဗဟန်း၊ ရန်ကုန်နှင့်၊ အရှင်ဥာဏိဿရ၊ ဖုံး-၀၉-၂၀၁၁၆၀၇၊ တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊ အရှေ့ဝါယာလက်(၂)လမ်း၊ ရေးကူး၊ ကမ္ဘာအေး၊ မရမ်းကုန်းမြို့နယ်-သို့ တိုက်ရိုက် ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မောင်မင်းစိုး