Saturday, August 1, 2009

ရွှေရောင်လွန်ခဲ့သော နေ့ရက်များဆီ သတိတရ


ကိုယ့်အသက်ကိုကယ်တင်ဖို့
သူစိမ်းမိန်းမရဲ့ ကတုတ်ကျင်းထဲ ခုန်းဆင်းခုခံခဲ့ရတယ်
အော်သံတွေ လမ်းမပေါ် လျှံကျလာချိန်၊ကင်မရာမီးတွေ တဖျတ်ဖျတ်
သံဆူးကြိုးများ၊မျက်လုံးနီနီများ၊တံတိုင်းနံရံတွေဆီ
ပဲ့တင်ပြန်လာတဲ့ မြန်နှုန်းဖြင့် သတ္တုအသံလှိုင်းများ
ကိုယ့်ကျောပြင်ဆီ ချဉ်းကပ်လာတဲ့ အန္တရာယ်
တယ်လီဖုံးအဆက်အသွယ်တွေ ရန်သူမိတ်ဆွေမကွဲပြား
တစ်လောကလုံးမှောင်မိုက်၊အမှားအမှန် ခြေရှုပ်နေတဲ့ကာလ
အယ်လ်ပီတွေကတော့ ဘီယာဆိုင်မှာငြိမ့်လို့
အော်ဂလီဆန်ဖွယ်ရာ စာမျက်နှာဆီ တိုးဝင်သွားတော့မယ့် အဖြစ်အပျက်တွေ
တစ်မြို့ပြီးတစ်မြို့၊ ကားတစ်စီးပြီးတစ်စီး၊လိပ်စာတစ်ခုပြီးတစ်ခု၊နာမည်တစ်မျိုးပြီးတစ်မျိုး
အဲဒီတုန်းက အခုလို စိတ်အေးလက်အေးကဗျာမရေးနိုင်
ခံစားချက်တွေကို စိတ်နဲ့တေးမှတ်ထား
အိပ်မက်ထဲကခွေးဟောင်းသံတွေနားစွင့်၊ ဆိုင်ကယ်အင်ဂျင်သံကြားရင်လန့်နိုး
ညစဉ်ဘုရားရှိခိုးပြီး အဝေးကမိသားစုဆီ ဆုတောင်းမေတ္တာပို့ရတယ်
ကိုယ့်မီးလျံတွေကြည့်ပြီး သူချင်းတွေ စိုးရိမ်ထိတ်လန့်နေ
ခရီးသွားလက်မှတ်တစ်စောင်မှအပ လူကောင်းတစ်ယောက်ဖြစ်ကြောင်း အထောက်အထားမရှိ
ငှက်ဆိုးထိုးသံတွေ တရစပ်၊စာရွက်စာတမ်းတွေ အတိတ်မှာ တစ်စစီ
ကျွန်တော်ဘာတွေဖြစ်ပျက်နေတာလဲ၊အနာဂတ်ဆိုတာဝေးလို့ ကိုယ့်ကိုယ်ကိုတောင်မသေချာ
သံသယများ၊မေးခွန်းများ၊အဆက်မပြတ်၊စဉ်းစားဆင်ခြင်ခန်းများ၊စိတ်မလုံခြုံမှုများ
နာမည်ဟာ လူတွေပါးစပ်ဖျားမှာ ကောလာဟလ
လူ့ဘ၀ဘာသာပြန်အလွဲများ၊အင်္ဂလိပ်လိုရေးထားတဲ့ တရုတ်ကဗျာတွေနဲ့ နေ့စဉ်
အဲဒီနောက် ဆက်သွယ်မှုဧရိယာပြင်ပ တိုက်ခန်းများ
ကလေးဘ၀ဆီ သွယ်တန်းထားတဲ့ဓာတ်ကြိုးများ၊ သိပ္ပံနဲ့ အက်ရှင်ဇာတ်လမ်းများ
ကံကောင်းလို့ ဇာတ်လိုက်ဟာ ရန်သူတွေလက်ထဲက ပြန်လည်လွတ်မြောက်လာ
လူ့အဖြစ်ရဲ့နွေရာသီကို ကတ်ဘိုကိန်းသီချင်းတွေနဲ့ အပျင်းပြေခဲ့
ရွှေရောင်လွန်ခဲ့သော နေ့ရက်များဆီ သတိတရ
အခုလို ၀ါကျများ တစ်ကြောင်းပြီးတစ်ကြောင်း စီရေးရာ
လူ့ဘ၀၊မှန်ကူကွက်များလို ရောင်စဉ်ခုနှစ်သွယ် ပြောင်းလဲနေတော့တာ
အဲဒါလား၊ ခင်ဗျားတို့ပြောပြောနေတဲ့ အမှန်တရား
ဆယ်ဘ၀၊ဆယ်ကမ္ဘာ၊မပြီးဆုံးနိုင်တော့မယ့် မေးခွန်းများ။
အောင်ရင်ငြိမ်း
(၂၀-ဧပြီ-၂၀၀၈)

မုန်တိုင်းထန်သော နေ့ရက်များ


“ အကယ်၍ အချိန်အကြာကြီး စောင့်နိုင်ခဲ့ပြီး အဲဒီအတွက်လည်း မမောမပန်းနေနိုင် မယ်ဆိုရင် ဒါမှမဟုတ် မဟုတ်တရား မုသားစကားတွေ ကြားနေရတဲ့အခါ မင်းကလည်း အ လိမ်အညာတွေနဲ့ မတုံ့ပြန်ဘူးဆိုရင် ဒါမှမဟုတ် မင်းကိုလူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အ ခါ မင်းဟာအမုန်းတွေ ပြန်မပွားဘူးဆိုရင် ပြီးတော့ မင်းကိုယ်မင်း လူတော်တစ်ယောက် ရယ်လို့ မမြင်ဘဲ ပညာရှိစကားတွေလည်း မပြောကြားဘူးဆိုရင် ”

မတီးဘဲမြည်နေတဲ့စည်ဟာ ဘာအဓိပ္ပါယ်မှမရှိဘူး။ ဆိုလိုတာက အကျိုးမဲ့သက်သက် စွန့်စားမှုမျိုးတွေကို ရှောင်ရှားဖို့လိုတယ်။ အတိုင်းအတာတစ်ခုထိ စောင့်ဆိုင်းခဲ့ရတဲ့ နေ့ရက်များစွာကို ပြန်လည်ရှင်သန်နေဖို့ဆိုတာ သက်တော်စောင့်တစ်ယောက်ရဲ့ စည်းမျိုး တာဝန်ကျေမှုမျိုးရှိပြီး သိုသိုဝှက်ဝှက် ရှိနေဖို့လိုတယ်။ အဲဒီလို အချိန်တွေ အကြာကြီးစောင့် စားခဲ့ပြီးမှ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်ပြီး လူတစ်ယောက်အတွက် ရှိသင့်တဲ့အမိုက်တွေ လွန်ကဲပြီး ဖောက်ပြန်နေမယ်ဆိုရင်တော့ သို့မဟုတ်ရင် မောပန်းနွမ်းနွယ်နေပြီး အူလိုက်အ သည်းလိုက် ဖတ်ဖတ်နေခဲ့မယ်ဆိုရင် သေချာမှုခရီးအစဟာ မကြာခင်ကျေမွသွားပါလိမ့် မယ်။ ဒါကြောင့် အချိန်အတိုင်းအတာ တစ်ခုထိလျှောက်ခဲ့ပြီးမှ နောက်တတဖန်တွေးတော ပူပန်မှုတွေနဲ့ မကျေမနပ်ဖြစ်နေမယ်ဆိုရင် သံသရာကိုဆွဲဆန့်သလို ဖြစ်နေပါလိမ့်မယ်။

ကိုယ်လုပ်နိုင်တာတွေကို လုပ်နေကြတယ်။ လုပ်နေရမယ်။ လုပ်ဆောင်မှုကို လုပ်နေခြင်းမျိုးကို ဆက်လက်လုပ်နေဖို့လိုတယ်။ ဒီအတွက်လည်း အားအင်အပြည့်မွေးပြီး ဆက်လက် ရွက်လွင့်နိုင်အောင် လက်နက်ကိရိယာတွေ အပြည့်အ၀တပ်ဆင်ထားဖို့လို တယ်။ ကိုယ်လုပ်ဆောင်တာတွေကို လုပ်နေတဲ့အခါ နောက်မတွန့်ဖို့ အရမ်းအရေးကြီး တယ်။ ပတ်ဝန်းကျင်ကတော့ ဆယ်လေးတစ်လေးပေါ့။ ဒါဟာ အရေးမကြီးဘူး။ အဲဒီလို လုပ်နေတဲ့အခါ မုသားစကားတွေ၊စွတ်စွဲမှုတွေ၊အပြစ်တင်မှုတွေ၊ဝေဖန်မှုတွေ ပြောဆိုနေ သံတွေ ကြားနေရလိမ့်မယ်။ အဲဒီလို ကြားနေရတဲ့အခါ မင်းဟာ စိတ်ကိုလျော့ချထားလိုက် ရေ၀၀သောက်လိုက်။လေကောင်းလေသန့် ၀၀လင်လင်ရှူသွင်းလိုက်၊ ပြီးတော့ စိတ်ကိုဖြေ လျော့လိုက်ပြီးတာနဲ့ တစ်ပြိုင်နက် အားလုံးရဲ့အသက်ရှူသံတွေကို နားထောင်လိုက်ဖို့လို တယ်။ ကိုယ့်ကိုယ်ကို မဟုတ်မမှန်တရားတွေနဲ့ ပြည်လည်မတုန့်ပြန်မိအောင် အရေးတ ကြီးလိုအပ်တယ်။

ကိုယ်လုပ်နိုင်တာကို လုပ်လိုက်ပါ။ နောက်ပြီးကိုယ့်လုပ်ဆောင်ချက်ကို ကျေကျေ နပ်နက်လက်ခံလိုက်ပါ။ ရရှိလာတဲ့ အကျိုးတရားကို ဆိုးကောင်းမခွဲခြားဘဲ လက်ခံထားပြီး တာနဲ့ မင်းဟာ လူတော်တစ်ယောက်ဖြစ်ပြီးပေါ့။ အခြေအနေတွေ ကပြောင်းကပြန်ဖြစ်ဖို့ တွန်းအားမျိုးစုံနဲ့ မင်းကိုတွန်းနေလိမ့်မယ်။ ဒါကိုလည်း မင်းဟာ ခေါင်းအေးအေးထားပြီး ရင်ဆိုင်ဖို့လိုတယ်။ ဒီအတွက်ကြောက်ရွံ့နေမှုမျိုးစုံမှ ကင်းပျောက်အောင်လုပ်ဆောင်ဖို့ဆို တာ ကိုယ့်ဘ၀ကိုတန်ဖိုးထားတတ်ဖို့လိုတယ်။ လူတွေက ကိုယ်ဘာကောင်ဆိုတာကို မ တိုင်းတာတော့ဘူး။မကြည့်တော့ဘူး။ကိုယ်ဘာလုပ်နေတယ်ဆိုတာကိုပဲ တိုင်းတာကြမယ်။ ကြည့်ကြလိမ့်မယ်။ ဆိုလိုတာက ကိုယ့်တာဝန်ကို ကျေပွန်အောင်တာဝန်ထမ်းဆောင်ပေး ပြီးတာနက် တပြိုင်နက် လူသူကင်းရှင်းတဲ့ အရပ်ကနေ ကြည့်ပြီးပြုံးပျော်နေဖို့ပါ။ တိုင်ပေါ် တက်ပြီး ခေါင်ထောင်ပြနေစရာမလိုဘူးဆိုတာပါပဲ။

မောင်မင်းစိုး(ရွှေနံ့သာ)

Sunday, July 26, 2009

တုန်ခါခြင်း''


ထိထိရှရှ ထိခိုက်ဒဏ်ရာရသဖြင့် ဖူးရောင်နေသော ဘ၀လမ်းကြောင်း
အသားလန်သွားသော နေ့များကို ရှေ့ ဆက်ရင်း ဘာတွေ ဆက်ဖြစ်မလဲ
ရင်သပ်ရှုမော စောင့်ကြည့်နေရ

ရုတ်တရက် လေပြည်သေဆုံးသွားချိန်
စိတ်အဆင်းရဲဆုံး ကြုံတွေ့ရတဲ့ ညတွေ

ကြိုးစားပြေးထွက်ကြည့်ခြင်းဖြင့် နောက်တစ်နေ့ နောက်တစ်ကမ္ဘာမှာ
ပျော်ရွှင်အေးချမ်းမှာလို့
ခံယူထားပါတယ်

ချစ်ကျွမ်းဝင်သူတို့နဲ့ ကွဲကွာခြင်း နာခြင်း
ကံအကြောင်းရင်းများ မလွန်ဆန်နိုင်ပါ

အပျက်အစီးလောက်လမ်းက ဝေးဝေးရှာစရာ မလိုပါ
ကူးစက်မှုဆက်လက်ရှိနေဆဲ
တို့အားလုံးရင်ချင်းဆိုင်ရမှာပါ

အဆွေးသွေးများ အန်ပါသည်

အဟမ်း...လောကထဲ ရှိသူတို့ သွေးရူးသွေးတန်းကိုယ်စီ ဖက်ပွေ့ပါ
တို့တော်တော် အားနည်းနေပြီ

ညှော်နံ့စူးစူးအမှောင်တွေ ဧရာမ စိုးရိမ်ပူပန်စရာတွေ
အမှန်တရားအူခွေ ပုပ်နေတာတွေ
နေနဲ့လ တစ်ခြမ်းစီ ပြိုင်တူထွက်လို ထွက်နဲ့ မထီမဲ့မြင် အသည်းလာတိုက်စားတာတွေ
ငါးပေ လေးလက်မရှိ ခန္ဒာကိုယ်နဲ့ မဆံ့တော့ဘူး

အပေါက်တွေ နေရာအနှံ့ပဲ အကုန်ဖိကြိတ်ညှဉ်းပန်း ၀ါးမျိုခံထားရ
စွတ်...လူသားအဖြစ်မေ့အောင် တလိမ့်တုံးတွေနဲ့ လှိမ့်နေကြ
နံရိုးတွေ ဖြုတ်ခံထားရသလို အားလုံးပျော့ခွေယိုင်နဲ့ နေကြ
ညောင်းလို့ လှုပ်စရာ နေရာလွတ်မရှိ
မီးများမြိုက်ခံထားရတယ်

လှည့်စားမှုတွေ သိပ်များနေရင် ဘယ်ကို ထွက်သွားရမလဲ
သေဇောငင်တယ်ကွာ
မိုးကုပ်စက်ဝိုင်းဆီ အရောက်မှာ ရိုးရှင်းလွန်မြောက်မှုနဲ့ တွေ့ကြပါစို့။

စိုးမင်းအောင်