Tuesday, February 3, 2009

မောင်မင်းစိုး(ရေနံ့သာ) ဂလိုဘယ်လ် လူငယ်များနှင့် စကားပြောခြင်း

မောင်မင်းစိုး(ရွှေနံ့သာ)ရဲ့
ဒုတိယမြောက် လုံးချင်းစာအုပ်
ဂလိုဘယ်လ် လူငယ်များနှင့်စကားပြောခြင်း

ဆရာသစ္စာနီရဲ့ အမှာစာနဲ့အတူ
ထွက်ပြီ

ညီ၊ညီမလေးသို့ အိတ်ဖွင့်ပေးစာ(၉)


ညီလေး၊ညီမလေးတို့ရေ……
ခေတ်ကာလအခြေအနေအရပ်ရပ် ရှုမြင်သုံးသပ်ဖို့လိုတယ်။ မပြီးသေးတဲ့ အနာဂတ်လမ်းမှာ မင်းတို့ရဲ့လှုပ် ရှားမှု၊ရုန်းကန်မှုတွေဟာ မင်းတို့ရဲ့အဖော်တွေပဲ။ ဘယ်အခြေအနေရောက်ရောက် ပြီးဆုံအောင်တော့လျှောက်သင့် တယ်။ လမ်းတစ်ဝက်ကနေလှည့်ပြန်လာတာဟာ သဘာဝမကျဘူး။ ဆိုတော့ မင်းတို့ရဲ့ အတွေးခေါ်တွေရင့်ကျက်ဖို့ နဲ့ စိတ်ဓာတ်တွေ ခိုင်မာနေဖို့အရေးကြီးတယ်။ မပြောလဲဘူးဆိုတာ မပြောင်သေးလို့ပါ။ အတွေးတွေပြောင်းပါ။ အယူ အဆတွေပြောင်းပါ။ လုပ်ကိုင်ဆောင်ရွက်မှုတွေပြောင်းပါ။ စိတ်ဓာတ်တွေပြောင်းပါ။ ပြောင်းစရာတွေနဲ့ ပြည့်သိပ်နေ တဲ့ ဘ၀မှာမပြောင်းသေးရင်တော့ လမ်းဟောင်းကြီးထဲမှာ တ၀ဲလည်လည်ကျန်ရစ်နေလိမ့်ဦးမယ်။
ဘယ်အခြေအနေတွေ ဘယ်လိုပဲဆိုးဆိုး ခံယူတတ်တဲ့လူဟာ နေပျော်စရာပါ။ လောကဓံရဲ့လှည့်ကွက်က နေ လွတ်မြောက်အောင်ရုန်းဖို့ဆိုတာ စိတ်သာလျှင် အခရာကျပါတယ်။ ဘယ်လိုအခြေအနေဆိုးတွေနဲ့ ကြုံကြုံနေ တတ်အောင်နေရင် လူ့ဘ၀ဟာအင်မတန်နေစရာအောင်တဲ့ ဘ၀ဖြစ်ပါတယ်။ ဟိုတစ်လောလေးက အစ်ကို ထိုင်းကို ပညာသွားခဲ့တယ်။ အဲဒီထဲက သင်တန်းကနေ နေရာဒေသတစ်ခုကို လိုက်ပို့တယ်။ သာယာတဲ့ရှုခင်းတွေနဲ့ နတ်ဘုံ နတ်နန်းသဏ္ဍာန်ဖန်ဆင်းထားတဲ့ တောအုပ်ထူထူထဲက HIV-AIDS-ရောဂါဝေဒနာရထားတဲ့ လူတွေနေတဲ့နေရာ လေးကိုရောက်သွားတယ်။ အဲဒီမှာ သူတို့အတွက်အလုပ်တွေ ပေးထားတယ်။ အစ်ကိုကတော့ ရောဂါဝေဒနာရှင် တွေဆိုတာ မသိဘူး။ လိုက်ပို့တဲ့ ဆရာလော်ရီကရှင်းပြမှာ ဘ၀မှာကြောက်စရာကောင်းလောက်အောင် ချိမ်းခြောက် နေတဲ့ ရောဂါဆိုးကြီးကို ခံစားနေရတဲ့ လူငယ်တွေဖြစ်နေတယ်။ အဓိကကတော့ မိန်းခလေးတွေချည်းပဲ။ သီးသန့်ကို ဘုန်းကြီးတစ်ပါးက နေရာဖန်ဆင်းပြီး စောင့်ရှောက်ထားတယ်ပေါ့။ သူတို့ဟာ ရောဂါသည်တွေနဲ့ နည်းနည်းမှကို မတူဘူးဖြစ်နေတယ်။
ဘယ်လိုကြောင့်လည်းဆိုတာ ဆရာကိုမေးကြည့်တော့မှ ရောဂါသည်တွေကို ပြုစုစောင့်ရှောက်မှုတွေ၊ ဘယ်လိုနေထိုင်ရမယ်ဆိုတာတွေကို စနစ်တကျပြောထားပြီး ဆေးမှန်မှန်သောက်ဖို့၊ ကျမ်းမာရေးဂရုစိုက်ဖို့၊ ပျော်ရွှင် စရာတွေနဲ့နေဖို့ဆိုတာတွေကို အားလုံးပြည့်စုံနေအောင် ဖော်ဆောင်ပေးထားတာဖြစ်တယ်။ သူတို့ဟာ အထက်က ညွှန်ကြားသလိုနေမယ်ဆိုရင် သက်တမ်းစေ့နေထိုင်နိုင်တယ်ဆိုတာတွေပြောထားတော့ သူတို့ကိုယ်တိုင်လည်း ဒီ ဝေဒနာကြောင့် ကြောက်လန့်စိတ်တွေကင်းပျောက်အောင် နေထိုင်ကြတယ်။ ညီလေး၊ညီမလေးတို့နေရာမှာလည်း အခြေအနေတစ်ခုခုကြောင့် ဒီလိုရောဂါမျိုးတွေနဲ့ ရင်ဆိုင်နေရတဲ့လူမျိုး ရှိကောင်းရှိပါလိမ့်မယ်။ အကယ်၍ရှိခဲ့မယ်ဆို ရင် သူတို့ကိုဘယ်လိုသော အကြောင်းကြောင်းနဲ့မှ ပြစ်ပယ်မှုမျိုးမလုပ်ဖို့ မှာချင်ပါတယ်။ အသိုင်းဝန်းက ပြစ်ပယ် လိုက်ရင်တော့ သူဟာဘယ်လိုမှ ရှင်သန်ဖို့မဖြစ်နိုင်ဘဲ ဝေးသွားနိုင်တယ်။
ပထမဆုံးမှာချင်တာကတော့ စိတ်ပိုင်းဆိုင်ရာမှာ ခြောက်လှန့်ခံထားရသလို ကြောက်နေလိမ့်မယ်။ ဒါကို ဖြဲခြောက်တာမလုပ်ဖို့ပေါ့။ နောက်တစ်ခုကတော့ စိတ်ထိခိုက်မဲ့ အပြုအမူအပြောအဆိုကို မလုပ်မိဖို့ အရမ်းအရေး ကြီးတယ်။ ဆက်ဆံတဲ့အခါမှာ နှိမ့်ချတဲ့အပြုအမူမျိုးကို ဘယ်တော့မှမလုပ်ပါနဲ့။ အဲဒီလို လုပ်လာရင်တော့ ဝေဒနာ ရှင်ဟာ ကြောက်လာမယ်။ စိတ်ထိခိုက်လာမယ်။ ပူပင်မှု သောကရောက်မှုတွေ ဆထက်တိုးတိုးပြီး ခံစားလာရမယ်။ နောက်ဆုံးတော့ စိတ်ဓာတ်တွေပါကျလာမယ်။ စိတ်ဓာတ်ကျတော့ မျှော်လင့်ချက်တွေလည်း ကင်းပျောက်လာမယ်။ အထီးကျင်လာမယ်။ နောက်ဆုံး အဲဒီလို ဒုက္ခ၊သုက္ခတွေနဲ့ နပမ်းလုံးနေရရင်တော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ အထိတောင်ဖြစ်သွားတတ်တယ်။ စိတ်ထောင်းလို့ကိုယ်ကြေ၊စိတ်ပျိုလို့ကိုယ်နု ဆိုသလို စိတ်ဓာတ်တွေကျကျနေရင် တော့ ရုပ်ပိုင်းဆိုင်ရာကလည်း တဖြေးဖြေးကျဆင်းလာမယ်ပေါ့။
ဒီတော့ သူတို့ကို အဖက်လုပ်ပြီး စကားတွေပြောပါ။ စိတ်ချမ်းသာစေမယ့် အဖြစ်အပျက်လေးတွေကို ပြော ပါ။ နောက်တစ်ခုကတော့ ဘယ်လိုနေရမယ်ဆိုတာကို တဖြေးဖြေးအကြံပြုပါ။ အဲဒီလိုပြောဆိုတဲ့အခါမှာလည်း သူ လက်ခံယုံကြည်အောင် အရင်လုပ်ထားနိုင်ရမယ်။ ကိုယ်ပြောတာကိုပဲ ချက်ခြင်းလက်ခံဖို့ဆိုတာမျိုးကို အတင်းအ ကျပ်မပြောမိဖို့လိုတယ်။ ပြောတဲ့အခါမှာလည်း စိတ်ဝင်တစားပြော။ သူ့ကိုကြင်နာတဲ့ အမူအရာပြနိုင်ရမယ်။ ကိုယ် တိုင်လည်း ရောဂါရဲ့လက္ခဏာကို ကြိုတင်လေ့လာထားသင့်တယ်။ နောက်ပြီး ကူးစက်မှုအကြောင်းကို ဘယ်လိုနေ မှ၊ဘယ်လိုလုပ်မှ ကူးစက်နိုင်တယ်ဆိုတာကို ကြိုတင်လေ့လာထားဖို့လိုတယ်။
ကိုယ့်ဘက်ကလည်း သူ့ရဲ့ယုံကြည်မှု၊လက်ခံနိုင်မှုဆိုတာတွေ ကြိုတင်ပြင်ဆင်ထားပြီးပြီးဆိုရင်တော့ သူနဲ့ တွေ့ဖို့ နေရာလေးတစ်ခု ဖန်တီးလိုက်ပါ။ သန့်ရှင်းသပ်ရပ်ပြီး စိတ်ချမ်းမြေ့စေမယ့် နေရာလေးဖြစ်ဖို့မမေ့ပါနဲ့။ သူလာ တဲ့ အခါမှာလည်း ယဉ်ကျေးတဲ့အမူအရာ၊ ယုံကြည်မှုအပြည့်ရှိစေမယ့် အနေထားနဲ့ ကြိုဆိုလိုက်ပါ။ သူနဲ့ပြောဆို ဆက်ဆံတဲ့အခါမှာ ဘယ်တော့မှ အထက်စီးကမနေပါနဲ့။ စိတ်ဓာတ်ကို တန်းတူထားနိုင်ဖို့ဟာလည်း အရေးကြီးပါ တယ်။ သက်တောင့်သက်သာဖြစ်စေအောင် လုပ်ထားဖို့လည်းလိုတယ်။ နှောက်ယှက်မှုဟာ ကိုယ့်အတွက်ကြောင့် လုံးဝမဖြစ်စေသင့်ဘူး။ နွေးထွေးတဲ့အပြုအမူလေးနဲ့ အေးအေးဆေးဆေး ချိုချိုသာသာနဲ့ အရောင်းအရာစမေးပေါ့။ အဲဒီနေရာမှာ ကိုယ်ရေးကိုယ်တာကို ဘာမှမပြောရင်အကောင်းဆုံးပဲ။ လုပ်လဲမလုပ်နဲ့။ ဥပမာ-ဟိုထသွားတာ၊ဒီထ သွားတာမျိုးပေါ့။
မေးခွန်းစမေးတဲ့အခါ ဘယ်လိုခံစားရလဲဆိုတာကိုပဲမေး။ ဘယ်လိုရတယ်ဆိုတာကို လုံးဝမမေးမိဖို့အရေး ကြီးတယ်။ သူ့ဘာသာသူ စဉ်းစားမှုမျိုးကိုလုပ်ခိုင်းရမယ်။ သူပြောတဲ့အခါမှာလည်း ဂရုတစိုက်နားထောင်ဖို့လိုတယ်။ ဟိုလျှောက်ကြည့်၊ဒီလျှောက်ကြည့်တာမျိုးမလုပ်ရဘူး။ နှစ်သိမ့်တဲ့စကားမျိုးကိုပြော။ ဘယ်အချိန်မဆို လာရောက်ဖို့ ဖိတ်ခေါ်ရမယ်။ ဆေးဝါးတွေရှိတဲ့အကြောင်းနဲ့ကျမ်းမာရေးဂရုစိုက်ရင် လူ့သက်တမ်းနေနိုင်တယ်ဆိုတာတွေကို စိမ့် ၀င်နေပြီး လက်ခံနိုင်အောင်ရှင်းပြရမယ်။
ဒါတွေကို ညီလေး၊ညီမလေးတို့ကို ဘာကြောင့်ပြောပြနေရတာလဲဆိုတော့ လူသားချင်းစာနာထောက်ထား ဖို့ရယ်။ ကမ္ဘာနဲ့ချီပြီး ချိန်းခြောက်နေတဲ့ ဒီရောဂါဝေဒနာဆိုးကြီးကို ကာကွယ်တားဆီးဖို့ လူတိုင်းမှာတာဝန်ရှိတာရယ်၊ နောက်တစ်ခုကတော့ လူမှုရေးဆိုတာ ကိုယ်လုပ်နိုင်တဲ့နေရာကနေ ဘယ်လိုကိစ္စရပ်ပဲဖြစ်ဖြစ်လုပ်ကိုလုပ်ရမယ်ဆို တာသိစေချင်တာနဲ့ အစ်ကိုပြောပြရချင်းဖြစ်တယ်။ နောက်လည်းကြုံရင် ဘယ်လိုလုပ်ရမယ်။ ဘယ်လိုတွေကြောင့်ရ တယ်။ ဘယ်လိုတားဆီးရမယ်ဆိုတာတွေကို ကြုံရင်ကြုံသလိုပြောပြဦးမယ်လေ။ အဓိကကတော့ လူသားဆန်တဲ့ စိတ်ဓာတ်တွေမွေးမြူဖို့နဲ့ ကိုယ့်အပေါ်မကျလာသော်ညား ကိုယ်လုပ်ရမယ့်ကိစ္စရပ်တွေမှာ လုပ်နိုင်တာလေးတွေကို အလိုက်သိလုပ်စေချင်တယ်။ နည်းနည်းများများအရေးမကြီးမဘူး။ လုပ်နေဖို့အရေးကြီးတယ်။
စိတ်ဓာတ်ကျတာမျိုးမဖြစ်စေရဘူး။ ကိုယ်တိုင်လည်း စိတ်ဓာတ်ကျတာမျိုးမဖြစ်စေရဘူး။ စိတ်ဓာတ်ကျပြီး နေချင်သလိုနေမယ်ဆိုရင် ဘ၀ကိုအရှုံးပေးလိုက်နဲ့တူနေလိမ့်မယ်။ ၁၉၇၀-ခုနှစ်လောက်က သိပ္ပံပညာရှင်တစ်ဦးဖြစ် တဲ့ စတီဖင်ဟော့ကင်းဟာ ကျန်းမာရေးတော်တော်အခြေအနေ ဆိုးဝါးနေတယ်။ သူ့ကိုယ်ခန္ဓာကိုယ်ကိုတောင် လှုပ် ရှားဖို့အနိုင်နိုင်ဖြစ်နေတယ်။ ဆရာဝန်လုပ်တဲ့လူကတော့ သူ့ကိုအများဆုံးနေနိုင်ရင် နှစ်နှစ်လောက်ပဲ အသက်ရှင်နေ နိုင်တော့မယ်လို့ ပြောခဲ့တယ်။ ဒီစကားကိုကြားတော့ ဟော့ကင်းက
“ကောင်းပြီလေ။ အခုချိန်ကစပြီးကျွန်တော် ဘယ်အရာကိုမှ ပူပန်ကြောင့်ကြမနေတော့ဘူး။ စကြ၀ဠာကြီး အကြောင်းကိုပဲ နားလည်အောင်ကြိုးစားတော့မယ်” လို့ပြောခဲ့တယ်။
အဲဒီအချိန်ကစပြီး သူဟာ သူ့ရောဂါကိုဂရုမစိုက်တော့ဘူး။ စကြ၀ဠာအကြောင်းကိုပဲ ရှင်းလင်းလွယ်ကူစွာ ပြောဆိုနိုင်ဖို့ အားထုတ်နေတော့တယ်။ ဒီလိုနဲ့ နှစ်နှစ်ခွဲကုန်လွန်သွားတယ်။ ဒါပေမယ့် သူကတော့ အသက်ရှင်နေ တုန်းပဲ။ သူ့ရဲ့ ဘီးတပ်ကုလားထိုင်မှာ တပ်ဆင်ထားတဲ့ စကားလုံး(၅၀၀)ပဲ အသုံးပြုနိုင်တဲ့ ကွန်ပျူတာကို အသုံးချ ပြီး သူ့တစ်ကိုယ်လုံးမှာ လှုပ်ရှားနိုင်တဲ့ လက်ချောင်းလေးတွေကိုပဲ အသုံးချပြီး သူ့ရဲ့ကမ္ဘာကျော် ဂန္ထ၀င်ကျမ်းဖြစ်တဲ့ “အချိန်၏ သမိုင်းအကျဉ်း” စာအုပ်ကို ရေးသားနိုင်ခဲ့တယ်။ ဒီစာအုပ်ဟာ ခေတ်သစ် ရူပဗေဒလောကအတွက် အား ထားလောက်တဲ့ အမြင်သစ်တွေဖြစ်လာတော့တယ်။ တကယ်ပါ သူဟာ မသန်စွမ်းဖြစ်နေတဲ့ ဘ၀နဲ့ မတန်အောင်ပါ ပဲ။ မကျန်းမမာဖြစ်နေရခြင်းဟာ သစ်လွင်တဲ့အတွေးအခေါ် နည်းလမ်းတွေကို ဖော်ထုတ်ဖို့ သူ့အတွက် တွန်းအား တွေဖြစ်စေခဲ့ပါတယ်။
ဆိုလိုတာကတော့ မသန်းမစွမ်းတဲ့ ဘ၀ကနေတောင် စိတ်ဓာတ်တွေကျဆင်းသွားခြင်းမရှိဘဲ။ အားမာန်အ ပြည့်နဲ့ သူ့ရဲ့စွမ်းဆောင်ချက်တွေကို ဟော့ကင်းဟာ အကောင်အထည်ဖော်သွားနိုင်ခဲ့တယ်။ ညီလေး၊ညီမလေးတို့ တစ်တွေဟာလည်း ဘ၀မှာ နာကြင်စရာမျိုးစုံ၊စိတ်ထိခိုက်စရာအဖုံဖုံနဲ့ ရင်ဆိုင်နေရဦးမှာပါ။ အဲဒီလို ရင်ဆိုင်ရတဲ့အ ခါမှာ ဘယ်တော့မှ စိတ်ဓာတ်ကျဆင်းမှုတွေဖြစ်ပြီး ဘ၀ကိုအရှုံးပေးတာမျိုး မလုပ်မိဖို့မှာချင်တာပါ။ အခြားခြားသော ကိုယ့်အသိုင်းအ၀န်းက စိတ်ဓာတ်ကျစရာမျိုးစုံထဲက တစ်ခုခုနဲ့ရင်ဆိုင်ရတဲ့ လူမျိုးတွေ့ရင်လည်း အထက်ကပြောခဲ့ သလို ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ဖြေရှင်းနိုင်ဖို့ ကူညီနိုင်ဖို့ လေ့လာသင့်တာတွေ၊ သင်ယူစရာတွေကို လေ့လာသင်ယူကြ ဖို့လိုတယ်။ နောက် အပတ်မှပဲ ပြောစရာတွေဆက်ပြောကြတာပေါ့။
မင်းတို့ရဲ့ ချစ်ဆုံးအစ်ကိုကြီး….
မောင်မင်းစိုး(ရွှေနံ့သာ)