Friday, December 12, 2008

ညီ၊ညီမလေးသို့ အိတ်ဖွင့်ပေးစာ (၅)



ညီလေး၊ ညီမလေးတို့ရေ……

မမြင်နိုင်တဲ့ အနာဂတ်ဆိုတာကြီးကို တမ်းတပြီး ပင်ပန်းဆင်းရဲမှုဆိုတာတွေဟာ တစ်ခါတစ်လေ ၀င်လာ တတ်တယ်။ ကြိုတင်မှမမြင်ရပဲ။ ဒါကိုတွေးပြီး စိတ်ပျက်နေယုံနဲ့တော့ အလုပ်မဖြစ်သေးဘူး။ လျှောက်ရမယ့်လမ်း တွေ အဝေးကြီးလိုသေးတယ်။ ကြုံတွေ့ရဦးမယ် လောကဓံလှလှတွေကိုလည်း နဖူးတွေ့ဒူးတွေ့ဆိုသလို ရင်ဆိုင်ရ ဦးမယ်မဟုတ်လား။ ခေတ်သစ်တက္ကနိုလော်ဂျီတွေကတော့ သိကြတဲ့အတိုင်း အရမ်းကိုတိုးတက်လွန်းနေတယ်။ ဒါကိုလိုက်နိုင်ဖို့ကတော့ ဒီတိုင်းထိုင်နေယုံနဲ့တော့ ဖြစ်မယ်မထင်ဘူး။ လေ့လာစရာ၊ သင်ယူစရာတွေကတော့ တော် တော်များတယ်။ မလိုက်နိုင်တော့ဘူးဆိုပြီး စိတ်ဓာတ်ကျနေယုံနဲ့တော့ အလုပ်မဖြစ်ဘူးပေါ့။ ဒီတော့ကွာ ဟိုတစ်ပတ် ကပြောခဲ့သလို မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးကိုခေါင်းထဲထည့်ပြီး လက်မှိုင်ချတာမျိုးနဲ့ အရှုံးပေးသွားတာမျိုးကိုတော့ မလိုချင်ဘူး။ လုပ်တော့လုပ်ကြည့်၊လိုက်တော့လိုက်ကြည့်ပေါ့။ လုံးဝမဖြစ်နိုင်တော့မှ အရှုံးပေးသွားရင် မဖြစ်နိုင်ခြင်း ရဲ့ ဇာစ်မြစ်ကိုလိုက်ကြည့်သင့်တယ်။ အဲဒီထဲ့ကနေ ဘယ်လိုသင်္ခန်းစာတွေ ယူရမလည်းဆိုတာတွေ ထည့်စဉ်း စားပြီး ရှောင်သင့်တာရှောင်၊ဆောင်သင့်တာဆောင်ဖို့ မှာချင်တာပါ။

နပိုလီယံဆိုတဲ့ စစ်ဗိုလ်ချုပ်ကြီးကတော့ မဖြစ်နိုင်ဘူးဆိုတာ ငါ့အဘိဓမ္မာမရှိဘူးတဲ့လေ။ ဆိုလိုတာက မဖြစ် သေးတာပဲ ရှိတယ်လို့ဆိုလိုတယ်။ ဒီစကားကိုတော့ အကိုတော့တော်တော်လေးကို ကြိုက်တယ်။ ဒါပေမယ့် ရေ လိုက်ငါးလိုက်တော့ မလွဲစေဖို့လိုတယ်။ ဟုတ်တယ် အဲဒီလိုမဟုတ်ဘဲနဲ့ သူ့လိုစစ်ကိုဆာလောင်နေပြီး လိုက်တိုက် ခိုက်နေယုံနဲ့တော့ သူ့အယူအဆကိုတော့ လက်ခံလို့မဖြစ်ဘူး။ ဒီတော့ ကိုယ်က ဒီစကားလုံးကို အားကျနေပေမယ့် သူ့လို မကောင်းတဲ့ဘက်မှာ မဖြစ်နိုင်တာမရှိဆိုတာမျိုးတော့ ရှောင်ပေါ့။ ကိုယ်နဲ့တော်မယ့် ၊ကိုယ်နဲ့အံဝင်ခွင်ကျ ဖြစ်မဲ့ အလုပ်မျိုးကို လုပ်တော့မယ်ဆိုပါတော့ အဲဒီလိုအလုပ်မျိုး လုပ်တော့မယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးဆိုတာ မရှိစေရဘူး ဆိုပြီး လက်ခံထားရင်း ရှေ့ကိုဆက်လျှောက်ရဲတဲ့ သတ္တိတွေမွေးဖို့ မှာချင်တာပါ။

မနေ့က ရောက်လာတဲ့ ညီလေး၊ညီမလေးတို့ရဲ့ စာထဲမှာရေးရေးလေး ရေးပြထားတဲ့ စာလေးတွေကို ဖတ် ပြီး အကိုသိပ်ပြီး အားမရဘူး။ မရောက်သေးတဲ့ အနာဂတ်ဆိုတာကြီးကို မရင်ဆိုင်ရဲသလိုလို ဖြစ်နေတယ်လို့ နောက်ဆုံးကောက်ချက်ချလိုက်တယ်။ အကို့အနေနဲ့တော့ ဒီစကားမျိုး၊အပြုအမူမျိုး၊စိတ်ဓာတ်မျိုးကိုတော့ အားမ ပေးချင်ဘူး။ မဖြစ်နိုင်သေးတဲ့၊မမြင်ရသေးတဲ့ အနာဂတ်ကိုတွေးပြီးကြောက်နေတာဟာ လူပျော့လူညံ့တွေရဲ့ အလုပ် လို့ အကိုတော့ထင်တယ်။ မင်းတို့ကတော့ အမေမရှိတော့တယ့်နောက်ပိုင်း ဘာလုပ်ကြမလဲတဲ့ ။ အခုလောလော ဆယ်တော့ အမေရှိနေတာပဲ သူ့ကိုအစွမ်းကုန် ဖြည့်ဆီးပေးပေါ့။ နောက်တစ်ခုက အမေမရှိတော့တဲ့နောက်ပိုင်း ဆို တာ ရောက်မှမလာသေးတာပဲ ။ ဒါကိုတွေးပြီးကြောက်နေလို့ကတော့ နေဖို့တောင်မကောင်းတော့ဘူးကွာ။ မင်းတို့ ဒီ လောက်တော့ သတ္တိမနည်းပါဘူးဆိုတာ အကိုယုံကြည်ပါတယ်။

ဒီတော့ လုပ်စရာတွေကတော့ အများကြီးပဲ ဆီးကြို နေတယ်။ ဘာတွေလုပ်သင့်တယ် ဆိုတာ စဉ်းစားပြီး လုပ်ကြရမှာပေါ့။ အခုတော့ အဲဒါကြီးကို မေ့ဖျောက်ထားလိုက် ပါဦး။ စာမေးပွဲလည်း နီးလာပြီဆိုတော့ စာကြိုးစားဖို့က အဓိကပေါ့။ အဲဒါကိုပဲလုပ်ပါ။ ဒါနဲ့ အကြောင်းအရာ၊ အဖြစ်
အပျက်လေးတစ်ခုကို ပြောပြလိုက်ဦးမယ်။

ဧကရာဇ်မင်းဖြစ်တဲ့လူက ပညာရှိဖြစ်တဲ့ ရက်ဘီကို တစ်ခါက ဒီလိုပြောခဲ့တယ်။ “ မင်းတို့ရဲ့ ဘုရားသခင် ကို ငါသာမြင်ရရင် တော်တော်ဝမ်းမြောက်မိမှာပဲ” ဒီတော့ ရက်ဘီက ပြန်ပြောတယ်။

“ ဒီကိစ္စဟာ မဖြစ်နိုင်ပါဘူး အရှင်မင်းမြတ်” ဒါနဲ့ ဘုရင်က …
“ မဖြစ်နိုင်ဘူး ဟုတ်လား။ ဒါဆိုရင် ကျုပ်က မမြင်တောင်မမြင်ဖူးတဲ့ လူတစ်ယောက်ဆီမှာ ကျုပ်ဘ၀တစ်ခု လုံးကို ဘယ်လိုလုပ် အပ်နှံရမှာလဲ ” ဆိုတော့ ရက်ဘီက
“ အရှင်မင်းကြီးရဲ့ အိတ်ထဲမှာ ထည့်ထားတဲ့ မိဖုရားကြီးရဲ့ အချစ်တွေကို ကျွန်တော်မျိုးကို ခဏလောက်ပြ စမ်းပါ၊ သူ့အချစ်တွေ ဘယ်လောက်ကြီးမားတယ်ဆိုတာ သိရအောင် ချိန်တွယ်ကြည့်ချင်လို့ပါ “ ဆိုတော့ ဘုရင်က
“ မင်းရူးနေသလား။ ဘယ်သူက တခြားသူတစ်ယောက်ရဲ့ အချစ်ကို အိတ်ထဲထည့်ထားနိုင်မလဲ“ ဆိုတော့
“ သင်ဟာ အချစ်ကိုတာကို မမြင်နိုင်ပါဘူး။ ဒါပေမယ့် မိဖုရားကြီး သင့်ကိုချစ်တယ်ဆိုတာ ယုံကြည်ပြီး ဘ၀တစ်ခုလုံး အပ်နှံရဲပါတယ်။ ကျွန်တော်တို့ မမြင်ရတဲ့အရာတွေဆိုတာ ယုံကြည်ပြီး သင့်ရဲ့ဘ၀တစ်ခုလုံးကို အပ်နှံရဲပါတယ်။ ကျွန်တော်တို မမြင်ရတဲ့အရာတွေကို ယုံကြည်တယ်ဆိုတာ သဘာဝမကျတဲ့ ကိစ္စမဟုတ်ဘူး” လို့ ရက်ဘီက ပြန်ပြောလိုက်တယ်။ ကဲ ဘယ်လိုသဘောရလဲ။ အဖြစ်ပျက်လေးကို သေချာပြန်ဖတ်ကြည့်လိုက်ဦး။ နားထဲရူပ်သွားမှာစိုးလို့။ ရှင်းရှင်းလင်းလင်း ဖတ်လို့နားလည်သွားရင် ဘယ်လိုလဲဆိုတာ ပြောပြစရာတောင် မလို ပါဘူး။

ကိုသိန်းဇော်ရဲ့ ကဗျာတစ်ပုဒ်လည်း ရှိသေးတယ်။ ပန်းတိုင် လို့ခေါင်းစီးပေးထားတယ်။
မရောက်သေးရင် ရောက်အောင်သွား
ရောက်ရင် တစ်ထောက်နား
ပြီးရင်ရှေ့ဆက်သွား
အဲဒီမှာ ဘာမှမရှိဘူး။
ဘယ်လောက်လှတဲ့ ကဗျာလေးလည်း ။ ကဗျာဆရာကတော့ နောက်ဆုံးအန္တိမပန်းတိုင် ထိကိုပြောသွားတယ်။ ထားပါ။ ဒါကိုအကျယ်ချဲ့နေရင် ကဗျာရဲ့အလှ၊အဓိပ္ပါယ်တွေ ပျက်နေလိမ့်မယ်။ ကိုယ် တိုင်ခံစားကြည့်ဖို့ လိုပါတယ်။ ဆိုလိုချင်တာကတော့ ဘ၀မှာဘာမှဖြစ်မလာသေးခင် ကြိုတင်မမြင်နိုင်တာကိုတွေးပြီး စိတ်ပျက်ဝမ်းနည်းမှုတွေဖြစ်မ နေဖို့ မှာချင်တာပါ။ ရက်ဘီ ရဲ့စကားတွေကို ပြန်လည်စဉ်းစားကြည့်ပါ။
ဟုတ်တယ် ဘယ်သူမှကြိုတင်မှန်းဆလို့မရတာတွေကို မဖြစ်လောက်ပါဘူးကွာဆိုပြီး တွေးနေတာလောက် နဲ့ အချိန်ကုန်ခံနေမှာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ အဲဒီမမြင်နိုင်တာကိုပဲ ပုံအပ်ပြီးတော့ လုပ်နေကြတယ်။ ဒါကို ငြင်းချက်ထုတ်ချင်ရင်တော့ ဘ၀မှာအရှုံးကို ရင်မဆိုင်ရဲတာနဲ့ သေနေသလိုဖြစ်နေပြီ။

ဒီတော့ နောက်ဆုံးမှာချင်တာ ကတော့ ညီလေး၊ညီမလေးတို့အနေနဲ့ စိတ်ပျက်အားလျော့နေတဲ့ အနာဂတ်ဆိုတာကြီးကို မလှမ်းဘဲ၊ မရင်ဆိုင်ဘဲနဲ့ တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာကိုပဲ မှာချင်တာပါ။

မင်းတို့ရဲ့ ချစ်ဆုံးအကိုကြီး….

မောင်မင်းစိုး(ရွှေနံ့သာ)

လေလွင့်ငှက်




ကျွန်တော်
စုံကန် ပျံထွက်ခဲ့တုန်းက
လှုပ်ခါကျန်ရစ်ခဲ့တဲ့
မိသားစုအကိုင်းလေးဟာ
ခုနေခါမှာ အေးရိပ်သာယာ။

ကျွန်တော့မှာသာ
ညောင်သီးကနည်းနည်း
လေးညှို့သံကများများထဲ
အရိပ်မြင်လည်း ကြောက်နေရ
အရောင်မြင်လည်း လန့်နေရ။

ဒေါင်းမွှေးတစ်ပင် နှစ်ပင်နဲ့
ခေါင်းအေးအေးဆင်ခြင်မိချိန်မှာတော့
ပင်လယ်ပြင်လည်း
တစ်ဝက်ကျိုးနေပြီ
ဆင်သေကြီးလည်း
ပုပ်သိုးနေပြီ။

မတတ်နိုင်တော့ဘူးအမေ
ကျွန်တော့ဟာကျွန်တော်
ပျံရင်းသေပါရစေတော့။ ။

ဝါဆိုကိုဦး(တောင်ကြီး)

Tuesday, December 9, 2008

စင်္ကာပူ လာသူများအတွက် အမှာစာ



၂၀၀၈ ခုနှစ်မှာ မြန်မာများစွာ စင်္ကာပူကို ရောက်လာကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးရာ အဓိကလို့ပြောရင် ပိုမှန်မှာပါ။ လာသူတွေကို အကြမ်းဖျင်းကြည့်ရင် - ၁။ အလုပ်ရှာရန်နဲ့ အလုပ်လုပ်ရန်၂။ ပညာသင်ရန် (သို့မဟုတ်) ကျောင်းနေခြင်းနှင့်ဆိုင်တဲ့ ကိစ္စများ၃။ စီးပွားရေးလုပ်ရန်တခြား အလည်အပတ်လာသူ၊ ဈေးဝယ်ရန်၊ ဆေးရုံတက်ရန် တဲ့ကိစ္စတွေရှိမှာပါ။ နိုင်ငံရေးသမား၊ ဘာသာရေးသမားတွေလည်း အနည်းအကျဉ်း ရှိမှာပဲ။ ဒီအမှာစာလေးမှာတော့ အလုပ် လာလုပ်လိုသူတွေအတွက် အဓိက ရေးပါတယ်။ စင်္ကာပူမှာ နိုင်ငံခြားသားတွေအတွက် အလုပ်အဆင့်အတန်း ၃ မျိုး ရှိပါတယ်။ ပထမအမျိုးအစားကတော့ Expert ဆိုတဲ့ လစာငွေ ဒေါ်လာ ၅ ထောင်၊ တသောင်း အထက်ရတဲ့ အဆင့်ပါ။ မြန်မာပြည်က စတင်ရောက်လာသူတွေ မရနိုင်ပါဘူး။ ဒါပေမဲ့ စင်္ကာပူမှာ လစာငွေ ဒေါ်လာ သောင်းချီရနေတဲ့ မြန်မာများစွာ ရှိနေပါတယ်။ သူတို့တွေဟာ စင်္ကာပူမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး တဖြေးဖြေးချင်း တိုးတက်လာသူတွေပါ။

ဒုတိယအမျိုးအစားကတော့ EP, S-Pass ဆိုတဲ့ ဘွဲ့ရအဆင့်အတန်း အလုပ်အကိုင်ပါ။
တတိယအမျိုးအစားမှာတော့ WP Work Permit ဆိုတဲ့ Skill Workers အဆင့်ပါပဲ။ မြန်မာအများစုဟာ ရန်ကုန်မှာ အလုပ်ပွဲစားများနဲ့ အလုပ်ရှာကြပါတယ်။ အလုပ်ပွဲစား အများစုကတော့ တတိယအမျိုးအစား WP အလုပ်မျိုးကို အလွယ်တကူ ရှာပေးနိုင်ပါတယ်။

လစာငွေ ဒေါ်လာ ၅၀၀ နဲ့ တထောင်အကြား ရဖို့အရေး ပွဲစားခနဲ့ လေယာဉ်စရိတ်ပေါင်း စင်္ကာပူဒေါ်လာ ၃ ထောင်နဲ့ ၄ ထောင်ကြားမှာ တောင်းပါတယ်။ ငွေများများပေးရင် လစာပိုရပြီး၊ အလုပ်လည်း အချိန်ပို လုပ်ရတယ် ပြောပါတယ်။ မြန်မာတွေဟာ ရန်ကုန်မှာရှိတဲ့ စင်္ကာပူအစိုးရ အသိအမှတ်ပြု သင်တန်းကျောင်းတွေမှာ သင်တန်းမျိုးစုံတက်ပြီး အောင်လက်မှတ် ယူရပါတယ်။ သင်တန်းတွေကတော့ အမျိုးသားတွေအတွက် ဆောက်လုပ်ရေး၊ သင်္ဘောပြင်၊ ဂဟေဆော်၊ သံချည်သံကွေး စတဲ့ ၃ လရက်တို သင်တန်းတွေပါပဲ။ အမျိုးသမီးတွေအတွက်ကတော့ ဘိုးဘွားစောင့်ရှောက်ရေး၊ မသန်စွမ်းသူ စောင့်ရှောက်ရေး၊ စားဖိုမှူးသင်တန်း၊ အိမ်ဖော်သင်တန်း၊ သူနာပြုအကူ သင်တန်း စတဲ့ စင်္ကာပူအစိုးရက လိုအပ်နေတဲ့ အလုပ်တွေပါ။ တချို့ပွဲစားတွေက ဒုတိယအမျိုးအစား အလုပ်ရှာပေးမယ်ဆိုပြီး လိမ်ညာဆွဲဆောင်ပါတယ်။ မြန်မာတွေကလည်း ၁၀ တန်း မအောင်ရင်တောင် ဘွဲ့ရအလုပ်မျိုးကို မှန်းကြတယ်။ ''လစာက စင်္ကာပူဒေါ်လာ ၂၀၀၀ လောက် အချိန်ပိုနဲ့ပေါင်းရင် ရမယ်၊ ဘာညာ'' ဆိုပြီး အလုပ်အပ်အောင် ရွှမ်းရွှမ်းဝေ ပြောကြတယ်။

လူတော်တော်များများက ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်ကြတော့ သူတို့ပြောတာတွေကို ယုံလိုက်ကြတယ်။ အရေးထဲ စင်္ကာပူရောက်ရင် လူပွဲစားလုပ်စားမယ် ကြံရွယ်နေတဲ့ မြန်မာတွေကလည်း တဆင့်ပွဲစားလုပ်ပြီး ကိုယ့်သူငယ်ချင်းကို အယုံသွင်း၊ ကြိုတင်ငွေတောင်းလုပ်လို့ နောက်ပိုင်းမှာ အဆင်မပြေဖြစ်ရာကနေ မိတ်ဆွေပျက်ရုံမက ရန်သူတောင် ဖြစ်သွားရတဲ့ တကယ့်အဖြစ်အပျက်တွေ များစွာရှိပါတယ်။ ကိုယ်ညံ့လို့၊ လူယုံသတ်ခံရတာ ဆိုတော့လည်း ဘယ်သူ့မှ မပြောတော့ဘဲ ငြိမ်ခံလိုက်ရတာတွေလည်း အများအပြား ရှိပါတယ်။ ဥပမာ အနည်းအကျဉ်း (ကိုယ်တွေ့တွေပဲ ရေးပါမယ်)။


ပထမအဖြစ်အပျက်
၂၀၀၇ မှာ ကျနော့် တူမတဦး စင်္ကာပူကို ရောက်လာပါတယ်။ သူ့အမေက ဖုန်းဆက်ပြောလို့ လာမယ်သိရပေမယ့် သူ့ဦးလေးအိမ်ကို မတည်းပါဘူး။ ''ပွဲစားက စီစဉ်ပေးတဲ့နေရာပဲ နေမယ်'' လို့ ပြောတယ်။ ''အလုပ်လည်း ရမယ်၊ လစာလည်း ကောင်းတယ်၊ ဘာညာ'' နဲ့ ရန်ကုန်က ဖုန်းဆက်ပြောတယ်။ ''စင်္ကာပူရောက်ရင် ဖုန်းဆက်ခိုင်းပါ'' လို့ပဲ မှာလိုက်ရတယ်။ အဲဒီ ၂၆ နှစ်အရွယ် မိန်ကလေးက မြန်မာပြည်မှာ ၁၀ နှစ်လောက် အန်ဂျီအို (အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း) တွေမှာ အလုပ်လုပ်ခဲ့ဖူးတော့ အင်္ဂလိပ်စကားလည်း အသင့်အတင့် ပြောတတ်တယ်။ ဘွဲ့ကလည်း ရပြီးသားဆိုတော့ ပွဲစားပြောတာကို အဟုတ်ထင်တယ်။

စင်္ကာပူက မြန်မာအလုပ်ပွဲစားတဦး (ဒီလို ပွဲစားတွေ ထောင်နဲ့ချီ ရှိပါတယ်) က ''အလုပ်လည်း ရှိတယ်၊ နေစရာလည်း သူ စီစဉ်ပြီးသား (အလကား နေရမယ့် ပုံစံမျိုး ပြောတယ်) ၊ စင်္ကာပူရောက်မှ S-pass တင်လိုက်ရုံပဲ၊ ၂ ပတ်လောက် စောင့်ပြီးရင် S-pass Approved စင်္ကာပူအစိုးရ ချပေးပြီးရင် အလုပ်စလုပ်ရုံပဲ၊ S-pass စောင့်နေတုန်းမှာလည်း နေ့စားအလုပ် ရှာလုပ်ရင် တနာရီ စင်္ကာပူဒေါ်လာ ၁၀ လောက်ရမယ်'' ဆိုတာတွေ ပြောတော့ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ တူမဖြစ်သူက စဘော်ငွေအဖြစ် ဒေါ်လာ ၂၀၀၀ ကို ရအောင်ရှာရတယ်။ အဖေ၊ အမေ ဖြစ်သူကို ရွှမ်းရွှမ်းဝေအောင် ပြောပြတော့ သမီးအတွက် ဘုရားဆုတောင်းပြီး၊ စင်္ကာပူမှာရှိတဲ့ ဆွေမျိုးတွေကို မှာရတယ်။ အဲဒီတူမလည်း ရောက်တဲ့နေ့မှာပဲ ပြဿနာကြုံတော့တာပဲ။ ပွဲစားမနဲ့ တူမ ၂ ယောက်သား ကြိတ်ပုန်းခုတ်ပြီး ကျနော့်တူမကို အိမ်တအိမ်မှာ သွားထည့်ထားလိုက်တယ်။

ပွဲစားမကတော့ သူ့မိတ်ဆွေအိမ်မှာ နေတယ်။ စင်္ကာပူမှာ အိမ်ဖွင့်စားတဲ့လူတွေ အများကြီးပဲ။ အိမ်ငှားခ ဈေးကြီးတော့ အိမ်တလုံး အခန်း ၃ ခန်းရှိရင် ၂၀၀၇၊ ၂၀၀၈ ခုနှစ် ပေါက်ဈေးအရ တလမှာ ဒေါ်လာ ၁၈၀၀ ကနေ ၂၀၀၀ အထိပေးရတော့ မြန်မာတွေ လူတင်ထားရတယ်။ တလကို တခန်းလုံးယူရင် ဒေါ်လာ ၆၀၀ ဒါမှမဟုတ် တခန်းမှာ နှစ်ထပ်ကုတင် နှစ်လုံးထည့်ထားပြီး လူ ၄ ယောက်နေရင် တလမှာ တယောက်ကို ဒေါ်လာ ၁၅၀ စသဖြင့် နေကြရတယ်။ ကျနော့်တူမကို နေစရိတ်အဖြစ် တလအတွက် ဒေါ်လာ ၂၀၀ လောက်တောင်းပြီး စပေါ်ငွေကိုတော့ ဒေါ်လာ ၂၀၀ လောက်၊ စုစုပေါင်း ဒေါ်လာ ၄၀၀ လောက် တောင်းတယ်။ ပွဲစားမက ''ပေးလိုက်လေ'' လို့ ပြောတော့ လက်ထဲမှာ အဖေ၊ အမေဆီက တောင်းလာတဲ့ ဒေါ်လာလေးလည်းရှိ၊ ''ငါ့မှာ ပိုက်ဆံရှိတယ်'' ဆိုတဲ့ မာနလေးကလည်း အနည်းအကျဉ်းရှိဆိုတော့ ဈေးတောင် ကောင်းကောင်းဆစ်ချိန် မရပါဘူး။ တောင်းသမျှ ပေးလိုက်မိတော့တယ်။ နောက် နေတော့လည်း သိပ်အဆင်မပြေတော့ အဲဒီနေ့မှာပဲ သူ့ဦးလေးဆီ ဖုန်းဆက်ပြီး သိပ်အဆင်မပြေကြောင်း သတင်းပို့လိုက်ရတယ်။ ဒီတော့မှ တူမဖြစ်သူကို အိမ်ကို ပြန်ခေါ်ထားလိုက်ရပေမယ့် အိမ်ဖိုးငွေ ပေးထားပြီးသားကတော့ ပြန်မရတော့ပါဘူး။ ''နေမယ်ပြောထားလို့၊ အခု မနေတော့ဘူး'' ဆိုတော့ သူ့နေရာ အလွတ်ကြီး ဖြစ်နေပြီ။ ''လူစားရှာပေးရင်တော့ ပေးထားတာတွေ ပြန်ပေးပါမယ်'' လို့ အိမ်ရှင်ကလည်း ညည်းတွားပြတယ်။ ငွေပေးပြီးရင် ပြန်တောင်းလို့ မလွယ်တော့တာတော့ သဘာဝပါပဲ။

အဲဒီကတည်းက အတူလာတဲ့ မြန်မာပြည်က ပွဲစားမက သူထားတဲ့နေရာ မနေဘူးဆိုပြီး အပြစ်တင်လာတယ်။ တူမဖြစ်သူကလည်း စင်္ကာပူရောက်မှ စုံစမ်းကြည့်တော့ ပွဲစားမ ပြောတာတွေ အာပလာ ဖြစ်နေကြောင်းနဲ့ S-pass အလုပ်ရဖို့ အင်မတန်ခက်ကြောင်း သိလာရတယ်။ လွယ်ကူတဲ့ Nurse Assistance အလုပ်မျိုး လုပ်ရင်လည်း ရှက်တယ်။ လစာလည်း မရဘူး။ အရေးထဲ ပွဲစားမကလည်း စင်္ကာပူက မြန်မာပွဲစားနဲ့ သူတို့ချင်း ပြဿနာဖြစ်ပြန်တယ်။ ကျနော့်တူမက စင်္ကာပူပွဲစားဆီ အလုပ်အပ်တဲ့ စဘော်ငွေ (ဒေါ်လာ ၅၀၀ လားမသိဘူး) မပေးလို့ သူက ''အလုပ်ရှာမပေးနိုင်ဘူး'' လုပ်ပြန်တယ်။ အတူလာတဲ့ ပွဲစားအမျိုးသမီးကလည်း သူ့အသိ ကုမ္ပဏီ အသေးကလေးတွေနဲ့ အင်တာဗျူး စီစဉ်ပေးတယ်။ ''အဲဒီလူတွေက တလကို ၄၀၀ ပဲ ပေးမယ်၊ အိုဗာတိုင် မပေးနိုင်ဘူး၊ ငါတို့ကုမ္ပဏီက သေးတော့ မိသားစုလို အလုပ်အားလုံး လုပ်ပေးရမယ်'' ပြောတယ်။ ကုမ္ပဏီသေးတော့ စင်္ကာပူအစိုးရကလည်း အလုပ်ပါမစ် S-pass ချပေးမှာ မဟုတ်ဘူးဆိုတာ သေချာနေတော့ မလုပ်ချင်ဘူးလို့ ငြင်းလိုက်ရတယ်။ ဒီတော့ အတူလာတဲ့ ပွဲစားအမျိုးသမီးက ''နင်က တယ်ပြီး အလုပ်ဂျီးများတာပဲ'' လို့ အပြစ်တင်တယ်။ ''ကျမ ဖာသာပဲ အလုပ်ရှာပါတော့မယ်။ ပွဲခပြန်ပေးပါ'' လို့ တောင်းတော့ ရန်သူဖြစ်လာတယ်။ အတူလာတဲ့ ပွဲစားအမျိုးသမီးကလည်း ကြည့်ရတာ သူရဲ့ ပထမဆုံး ပွဲစားအလုပ်က ကျနော့် တူမလား မသိပါဘူး။ ဘာပဲပြောပြော နောက်ဆုံးတော့ ကုန်ကျစရိတ်တွေ နှုတ်ပြီး အရစ်ကျနဲ့ ရန်ကုန်မှာ ပြန်ပေးပါမယ်လို့ သဘောတူလိုက်ရတယ်။ အတူလာတဲ့ ပွဲစား အမျိုးသမီးခမျာလည်း ငွေမပြေလည်ရုံမက၊ သူကိုယ်တိုင်လည်း အလုပ်မရှိ၊ အခက်အခဲရှိနေသူဆိုတော့ .. ဒီလိုနဲ့ပဲ တူမဖြစ်သူခမျာ ကိုယ့်အားကိုယ်ကိုးပြီး အလုပ်ရှာတယ်။

စင်္ကာပူမှာ နေထိုင်ခွင့် ဗီဇာကို နှစ်ပတ်တခါ သက်တမ်းတိုးရင်း ၃ လပြည့်တော့ ဗီဇာဆက်တိုးလို့ မရတော့ဘူး။ စင်္ကာပူမှာ ကျောင်းလာတက်တဲ့ မြန်မာသူဌေး သား၊ သမီးတွေ အများကြီး ရှိတယ်။ ကျောင်းသားဗီဇာနဲ့နေပြီး အလုပ်ရှာနေတဲ့ လူတွေလည်း အများကြီးရှိပေမယ့် ကျောင်းသားဗီဇာအတွက် ကျောင်းလခက တလကို စင်္ကာပူဒေါ်လာ ၃၀၀ အထက်၊ ငွေ ၂ ထောင်လောက် အရင်ပေးရမယ်။ အစိုးရဆီမှာလည်း အာမခံငွေ တနှစ်စာ ကျောင်းလခ စဘော်တင်ထားရမယ်နဲ့ အနည်းဆုံး ဒေါ်လာ ၅ ထောင်လောက် ရင်းနှီးရမယ်ဆိုတော့ ကျနော့်မှာလည်း ငွေပိုလျှံမရှိ။ နောက်ဆုံးတော့ တူမက အလုပ်တခုရသွားတော့ S-pass တင်ထားပြီး မြန်မာပြည်တော့ မပြန်ချင်တော့ဘူး။ ရှက်ပုံရတယ်။ ''မလေးရှားသွားပြီး စတေးရှောင်နေတော့မယ်'' ပြောတယ်။ နောက်ဆုံး ဘုရားပဲဆုတောင်းရင်း ရှေ့မျက်နှာနောက်ထား စရိတ်သက်သာ၊ စိတ်လည်း ချမ်းသာတဲ့ မြန်မာပြည်ပဲ ပြန်သွားပြီး S-pass စောင့်တော့တယ်။ နှစ်ပတ်ကြာတော့ S-pass Reject ဖြစ်သွားတော့၊ မြန်မာပြည်ရောက်နေတဲ့ တူမဆီ အကြောင်းကြားရင်း တခေါက်ပြန်လာ အလုပ်ထပ်ရှာဖို့ပဲ ရှိကြောင်း ပြောရတယ်။

နောက်တခေါက်လာတော့ ဘုရားဆီပဲ ဆုတောင်းရင်၊ ကိုယ့်ကိုယ်ကို အထင်ကြီး၊ ဘ၀င်မြင့်တဲ့ စိတ်တွေ ဖျောက်ထားပြီး နှိမ့်ချမှုနဲ့ အလုပ်ရှာတဲ့အခါ စိတ်ရဲ့ ငြိမ်းချမ်း ငြိမ်သက်ခြင်း ရရှိသွားတဲ့အတွက် ကုမ္ပဏီတခုမှာ စာရေးမ Administrative အဖြစ် S-pass ရသွားပါတယ်။
ဒုတိယအဖြစ်အပျက်
၂၀၀၈ ခုနှစ် ဇန်န၀ါရီလောက်မှာပဲ စင်္ကာပူမှာ အလုပ်အတူလုပ်တဲ့ သူငယ်ချင်းက စိတ်ပျက်လက်ပျက်နဲ့ ပြောလာတယ်။ ''ငါ့မိန်းမကလည်း မြန်မာပြည်မှာ သူ့အမေ ဆေးရုံတက်နေတာကြောင့် မိန်းမ မြန်မာပြည် ခဏပြန်သွားတုန်း ငါ့မိန်းမရဲ့ တူမ မနေ့က ငါ့ဆီ ဖုန်းဆက်တယ်။ ကြည့်ရတာ မင့်တူမလိုပဲ ပွဲစားအလိမ်ခံရပြီ ထင်တယ်။ သူက ပွဲစားအိမ်မှာ နေနေတာ နှစ်လလောက်ရှိပြီ။ S-pass အလုပ်ရမယ်ပြောပြီး သူပြောတဲ့ အလုပ်တွေမှာ အင်တာဗျူးတာလည်း အလုပ်မရဘူးတဲ့။ မင့်တူမက အင်္ဂလိပ်စကား ပြောနိုင်တော့ တော်သေးတယ်။ ငါ့တူမက မပြောနိုင်တော့ ပွဲစားက နင်ညံ့လို့ အလုပ်မရဘူး၊ မြန်မာပြည်ပဲ ပြန်တော့လို့ ပြောနေတယ်'' ''စင်္ကာပူမှာ ကျောင်းသားဗီဇာနဲ့ ၆ လလောက်နေရင် အင်္ဂလိပ်စကား ပြောတတ်မယ်ဆိုပြီး ကျောင်းတက်ရင် ကောင်းမလားလို့ ငါ့ကို လာတိုင်ပင်တယ်။ ပိုက်ဆံကလည်း မရှိတော့ဘူး။ ငါလည်း နင့်အဒေါ် နောက်တပတ် ပြန်လာမှ တိုင်ပင်လို့ ပြောထားတယ်။

ပွဲစားပြောသလိုပဲ၊ မြန်မာပြည်ပြန်ပြီး စောင့်ပါလား။ စင်္ကာပူမှာက စရိတ်သိပ်ကြီးတယ်။ ငါ့အိမ်တော့ ခေါ်ထားချင်ပေမယ့် ငါ့အိမ်မှာ နေရာလပ် မရှိတော့ဘူး။ အခန်း ၂ ခန်း ပိုတာလည်း ငှားစားထားလိုက်ပြီး ငါ့မိသားစုတောင် ကလေး နှစ်ယောက်နဲ့ မာစတာအိပ်ခန်းထဲ စုပြုံအိပ်ရတော့ ငါ့တူမကို ဧည့်ခန်းမှာ သိပ်လို့လည်း မကောင်းဘူး" ''ဒီလိုပဲကွာ သူများတွေရဲ့ သူငယ်ချင်း၊ တူ၊ တူမတွေ အလိမ်ခံရတာကြားလို့ သူ့ကို မလာခင်ကတည်းက သူ့အမေကိုလည်း သေသေချာချာ မှာတယ်။ သတိထား၊ လူလိမ်ခံရမယ် မှာထားရက်နဲ့၊ ငါ့တို့ကို အစစအရာရာ တာဝန်မယူနိုင်လို့ စိတ်ခုသွားသလား မသိဘူး၊ အဆက်အသွယ် မလုပ်တော့ဘူး။ အခု အရင် နှစ်လလောက် ကတည်းက တူမ စင်္ကာပူရောက်နေတာလည်း သတင်းမပို့ဘူး။ အခု မကယ်နိုင် မရှူနိုင်ဖြစ်ပြီးမှ အကြောင်းကြားလာတယ်ကွာ'' လို့ ညည်းတွားပြတယ်။

တတိယအဖြစ်အပျက်
၂၀၀၈ ခုနှစ် သြဂုတ်လမှာပဲ အမေရိကားက သူငယ်ချင်းတဦးက ဖုန်းဆက်လာတယ်။ သူ့တူ ပွဲစားက S-pass လစာ ၂၀၀၀ လောက်ရမယ်ဆိုပြီး စင်္ကာပူ ရောက်နေပြီ။ သူ့တူက အသက် ၂၅ နှစ်လောက်၊ ဘွဲ့ရပြီးသား။ မလေးရှားမှာလည်း ၅ နှစ်လောက် အလုပ်မျိုးစုံ လုပ်ခဲ့တယ်။ မြန်မာပြည်မှာလည်း စင်္ကာပူ အလုပ်သင်တန်းတွေ တက်ခဲ့ပြီး သေချာပေါက် အလုပ်အဆင်ပြေမယ်ဆိုပြီး ပွဲစားနဲ့ လာခဲ့တယ်။ ပွဲခငွေ တ၀က်တော့ ပေးထားပြီးပြီ။ ဒါပေမဲ့ ပွဲစားထားတဲ့အိမ်မှာ လူတွေအများကြီးပဲ။ သူ့မှာလည်း သုံးစရာ စင်္ကာပူဒေါ်လာ ၁၅ ဒေါ်လာပဲရှိတော့လို့ ဦးလေးရယ် ကူပါအုံး ပြောနေတယ်။ သူ့အတွက် ကုန်ကျငွေတော့ ကျနော်ချေးငှားပေးပါမယ်။ ခင်ဗျားတို့ ကြည့်ရှုစောင့်ရှောက်ပေးပါ။ ခင်ဗျားတို့အရှိန်အ၀ါနဲ့ဆို ပွဲစားလည်း သူ့ကို ကောင်းကောင်းဆက်ဆံမယ်၊ ပိုက်ဆံလည်း ပြန်ပေးသင့်သလောက် ပြန်ပေးမယ်ပေါ့။ ကူပါဦးဆိုလို့ ပွဲစားကို ခေါ်တွေ့ရတယ်။ ပွဲစားကလည်း သူ့အထက် ပွဲစားအကြီးတယောက် ရှိသေးတယ်။ အလုပ်ပေးမယ်ပြောတဲ့ အလုပ်ရှင်ကလည်း ရှိသေးတယ်လို့ မျက်နှာငယ်ငယ်နဲ့ ပြောရှာတယ်။ ဟုတ်ပါတယ်။ ပွဲစားငယ်လေးကို ပွဲစားအကြီးက ဖြတ်အုပ်ထားတော့ ပွဲစားငယ်ခမျာလည်း အရှိန်အ၀ါရှိသူနဲ့တွေ့တော့ ကြောက်ရှာတာပေါ့။ အဲဒီ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး S-pass ရမယ် မျှော်လင့်နေတဲ့ မလေးရှားမှာ ကျဘမ်း ၅ နှစ်လုပ်ဖူးသူ လူငယ်ကိုလည်း မင်း Work Permit အလုပ်ပဲရွေးပါလား၊ အလုပ်ရဖို့ လွယ်တယ်၊ ပွဲခလည်း နည်းတယ်။ ၆ လ ၊ တနှစ်လောက်လုပ်ရင် ငွေစုရင်၊ ကုမ္ပဏီတွေ အင်တာဗျူးရင် စင်္ကာပူမှာ S-pas အလုပ်ကို ပွဲခမပေးဘဲ ရနိုင်ပါတယ်လို့ ပြောပြရတယ်။ အဲဒီ လူငယ်အမျိုးသားလေးလည်း နောက်ဆုံးတော့ သူနဲ့ထိုက်တန်တဲ့ WP အလုပ်ကလေးကို ရသွားပါတယ်။ မြန်မာပြည်က ဒီဗိုလ်ချုပ်ကြီးတွေ နောင်တရပါပြီး စိတ်ထဲကပဲ ပြောတယ်။ ပြည်သူတွေပဲ ခံနေရပြီး ပြည်သူတွေ နိုင်ငံခြားထွက် အလုပ်လုပ်ရတဲ့အကြောင်း စဉ်းစားရင် ဘယ်မြန်မာလူမျိုးမှ မပျော်ရွှင်ပါဘူး။ စင်္ကာပူအကြောင်း ရေးရတာလည်း ပညာအသင့်အတင့်တတ်တဲ့ မြန်မာတွေအတွက်၊

ပိုက်ဆံအသင့်အတင့် တတ်နိုင်တဲ့ မြန်မာတွေအတွက်ပဲ ဖြစ်တော့ အခြေခံလူတန်းစား မြန်မာတွေ ထိုင်းနဲ့ မလေးရှားမှာ ပင်ပမ်းဆင်းရဲစွာ လုပ်ကိုင်နေရတဲ့ အကြောင်းတွေကို ကျနော်တို့ သိနားလည်သင့်ပါတယ်။ ပြည်ပရောက် မြန်မာ ၃ သန်းကျော်ရှိတဲ့ အချိန်မှာ စင်္ကာပူဆိုတဲ့ အလျား မိုင် ၆၀၊ အနံ မိုင် ၄၀ ကျွန်းကလေးတခုမှာ မြန်မာ ၂ သိန်းလောက် စုပြုံနေထိုင်ကြတဲ့ ခြင်္သေ့ကျွန်းကလေးမှာ မက်မောပြီး အလုပ်ရှာတဲ့ လူတွေရဲ့ အခက်အခဲတွေကို အနည်းအကျဉ်း ရေးရပါတယ်။

ကျနော် ဘယ်လိုပဲရေးရေး၊ ဘယ်လိုပဲ ပြောပြော အလိမ်ခံရသူတွေကတော့ ရှိနေမှာပါပဲ။ ဘာပဲဖြစ်ဖြစ် စင်္ကာပူမှာ အလုပ်လာရှာတဲ့၊ ကိုယ်ရင်းနှီးတဲ့ ဆွေမျိုးမိတ်ဆွေတွေ မခံရရေးကနေ စတင်ပြီး တဖြေးဖြေး ချဲ့ထွင်နိုင်မယ် ဆိုရင်တော့ အတော်ပဲ လျော့ပါးနိုင်ကြောင်းပါ ခင်ဗျား။

မောင်သာမန်


(ဒီဆောင်းပါးကို သိသင့်တယ်ထင်လို့ တင်လိုက်ပါတယ်)

ကမ္ဘာကြီးကို ကယ်တင်ဖို့ လိုနေပြီ