Wednesday, October 3, 2012

လူငယ်နှင့် နိုင်ငံရေး အခင်းအကျင်း(၇) အဖေပေးတဲ့ ကတိ

ယခုတလော ကြားနေရတဲ့အသံတွေက ပြည်သူလူထုရဲ့ မတရားမှုတွေကို မတရားမှန်းသိတဲ့အတွက်ကြောင့် ဆန်္ဒဖော်ထုတ် မှုတွေ နေရာတကာမှာ ကြီးမားစွာနဲ့ လမ်းတွေပေါ် တက်လာကြပါတယ်။ အဓိကအနေနဲ့တော့ လယ်ယာမြေသိမ်းတာတွေကို ပြန်လိုချင်တာတွေကတော့ အထူးသဖြင့် များပြားလွန်းတယ်ပေါ့။ လုပ်ခလစာနည်းလို့ လမ်းတွေပေါ်နောက်ထပ်တက်လာတဲ့ အခြေခံ လူတန်းစားတွေလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပေါ်ထွက်လာပြန်တယ်။ အထူးသဖြင့် မိန်းကလေးများဖြစ်နေတာကို သတိပြုမိကြပါလိမ့်မယ်။ ဒီတော့ မိန်းကလေးများရဲ့ လမ်းပေါ်ထွက်လာမှုတွေကိုလည်း ကြိုဆိုပေးကြရမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မိဘပိုင်မြေဖြစ်တဲ့ လယ်ယာမြေသိမ်းယူမှုနှင့်အတူ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုတဲ့ သဘာဝတရားကြီးရဲ့ ကြီးမားလှတဲ့ ဒဏ်ခတ်ခံရမှာကို ကြိုတင်ကြောက်ရွံ့သူတွေရဲ့ ဆန်္ဒဖော်ထုတ်ပွဲအဖြစ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ရပ်ဆိုင်းဖို့ လမ်းပေါ်ထွက်လာတဲ့ အညာသူ၊ အညာသားများစွာရဲ့ ရဲရဲဝံ့ဝံ့ ဆန်္ဒဖော်ထုတ်ပွဲတွေလည်း အာဏာပိုင်များရဲ့ တားဆီးပိတ်ပင်မှုတွေကို ဂရုမစိုက်ဘဲ နေ့စဉ်ရက်လမ်းပေါ်ထွက်လာကြတဲ့ ဖြစ်ရပ်တွေလည်း လေလှိုင်းမှတဆင့်၊ အွန်လိုင်းမှတသွယ်၊ ဂျာနယ်များမှတဖုံဆိုသလို နေ့စဉ်မြင်နေရ၊ ကြားနေရ၊ သိနေရ၊ ဖတ်နေရပါတယ်။ သူတို့တတွေဟာ ဘာကြောင့် ဒါတွေကို အရေးတကြီး တောင်းဆိုနေကြသလဲဆိုတာ စဉ်းစားကြည့်စေချင်ပါတယ်။ ဒီနေရာမှာ တော့ မိမိနဲ့အကျွမ်းတ၀င်ရှိလာတဲ့ ကြေးနီစီမံကိန်းအကြောင်းကိုပဲ နည်းနည်းပြောလိုပါတယ်။ နှစ်စဉ်လိုလို နွေရာသီမှာ ကလေးသူ ငယ်များကို မိမိတတ်သိထားတဲ့ ပညာရပ်လေးတွေကို ဖြန့်ဝေတဲ့အနေနဲ့ ကံကုန်း၊ ဒုန်းတောမှကလေးပေါင်း လေးရာကျော်ကို စာသင်ပေးခဲ့တာ ဒီနှစ်ပါဆိုရင်တော့ ခုနှစ်နှစ်တိုင်ခဲ့ပါပြီ။ မိမိရဲ့ မွေးရပ်မြေမဟုတ်သော်လည်းဘဲ ဘာကြောင့် ဒီနေရာလေးတွေကို နှစ်စဉ်စာသင်ပေးနေရသလဲဆိုရင်တော့ အဓိကကတော့ ကလေးငယ်များရဲ့ သံယောဇဉ်ကြောင့်ဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ချစ်သလို ထိန်းသိမ်းချင်တဲ့အတွက်ကြောင့် ဒီနေရာလေးကိုနှစ်စဉ်သွားပြီး ဒီလုပ်ငန်းတွေရဲ့ လာရာနှင့် လားရာကို ဝေဖန်ဆန်းစစ်ပေးချင်တဲ့ ဆန်္ဒတွေကြောင့် သွားဖြစ်နေရတာပေါ့။ ဒီနှစ်ချက်ကြောင့်လို့ သာမာန်ပဲဆိုပါတော့။ ဟုတ်ပါတယ်။ အဲဒီနေရာတွေဟာ သန့်ရှင်းတဲ့ရေမရတာ နှစ်ပေါင်းအတော်ရှိခဲ့ပါပြီ။ ကြေးနီးစီမံကိန်းအတွက် စံပယ်တောင် ကြီးကို ဖြိုချလုပ်ကိုင်ခဲ့မှုကြောင့် ဒီစီမံကိန်းရဲ့ ဆိုးမွေအဖြစ် ရေမသန့်ရှင်းခဲ့ရတာပါ။ ဒီရွာလေးတွေရဲ့ ယခင်ဘိုးဘွားပိုင်မြေတွေဟာ လည်း အခုတော့ ဘာမှလုပ်ကိုင်စားသောက်လို့ မရတော့ပါဘူး။ ဒုဋ္ဌာဓာတ်တွေရဲ့ အနိုင်လွှမ်းမိုးမှုကြောင့် ဘာအပင်မှစိုက်ပျိုးလို့ မရခဲ့တော့ပါဘူး။ ဒီနေရာလေးတွေဟာ မနှိုင်းယှဉ်သင့်ပေမယ့် ပုဂံကဘုရားပုထိုးစေတီလေးတွေလိုပါပဲ အမြင်ကတော့ အဝေးကကြည့်ရင် တော်တော်လေး ရှုမောဖွယ်ကောင်းလှပါတယ်။ မြေပုံလေးတွေ အစီအရီနဲ့ ဒုဋ္ဌာမှတဆင့်ကြေးအဖြစ် ဖန်တီးကာ လုပ်ကိုင်လာကြ တဲ့အတွက် ဒီမြေကလေးတွေရဲ့ လားရာဟာနောင်နှစ်ပေါင်းများစွာ ဘာမှစိုက်ပျိုးလို့မရတော့ဘူးဆိုတာပါပဲ။ ဆာဗျူရစ်အက်စစ်ရုံကလည်း ရွာရဲ့အရှေ့တည့်တည့် အတန်းကျောင်းအနီးမှာ တည်ရှိနေတဲ့အတွက် ကလေးတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ဟိုတုန်းကဆို ဆရာ၊ ဆရာမတွေဟာ ဒီအနံ့အသက်တွေရဲ့ ဒဏ်ကိုမခံနိုင်လို့ နှာခေါင်းစွပ်တွေကို ဖန်တီးပြီး သင်ပေးခဲ့ကြရတဲ့ အခါတွေတောင်ရှိပါတယ်။ ကလေးတွေကတော့ ဒီအနံ့အသက်တွေနဲ့ ယဉ်ပါးနေပြီးလားမပြောတတ်။ ဒါပေမယ့် ဒီကလေးငယ်တွေရဲ့ အနာဂတ်ရပ်တည်နိုင်ရေးအတွက် စဉ်းစားကြရတော့မယ်။ ငွေရလမ်းလေးဖြောင့်ဖြူးပြီး တစ်နိုင်တစ်ပိုင် လုပ်ဆောင်ခဲ့တဲ့ ကျင်းစိမ်း တာတွေဟာလည်း သူ့တို့အဆိုအရ အမှုန့်မရတော့တာကြောင့် အခုတော့ အလုပ်မဖြစ်တော့။ သေချာတာကတော့ ဆုံးသွားတဲ့ လယ်ယာမြေတွေဟာ စိမ်းလန်းစိုပြေစေဖို့အတွက် အစားထိုးလို့မရတော့ပါဘူး။ ဒီတော့ ဒီဖြစ်ရပ်ဆိုးတွေကို လက်ရှိအချိန်အထိ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ဒီဝန်းကျင်မှာ နောက်ထပ်လက်ပံတောင်းတောင် စီမံကိန်းဆိုတာကြီးက စတင်နေပြန်ပြီဆိုတော့ ဒီကြေးရွာအနီးအပါးမှာရှိတဲ့ ၀က်မှေးရွာ စတဲ့ကျေးရွာကလူထုအနေနဲ့ မုံရွာမြို့ပေါ် အထိတက်ပြီး တားမြစ်မှုတွေကြားကပဲ မိဘဘိုးဘွားပိုင်မြေကို မကျူးကျော်ရေး၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရေးအတွက် တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် အဖေပေးထားတဲ့ ကတိတွေအတိုင်း သူတို့ဟာ ဆက်လက်ပြီးတိုက်ပွဲဝင်နေကြဦးမယ်လို့ ထင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အဖြစ်အပျက်လေးတစ်ခုလောက် ပြောပြချင်ပါတယ်။ အမေရိကန်အနောက်ပိုင်းကို အောင်နိုင်ရေးအတွက် စစ်ခင်းနေရတဲ့ ကာလ၊ လူနီရိုင်းတွေ သွေးမြေကျနေတဲ့ ကာလဖြစ်ပါတယ်။ လူနီရိုင်းတွေရဲ့ အကြီးအကဲ ဂျိုးဇက်(၁၈၄၀-၁၉၀၄)ရဲ့ ဖခင်ဟာ သေဆုံးလုဆဲဆဲမှာ သူ့သားကိုခေါ်ပြီး အခုလို ပြောဆိုမှာကြားခဲ့ပါတယ်။
““ငါ့သား၊ ငါ့ရဲ့ခန်္ဓာကိုယ်ဟာ မကြာခင် အမိမြေကြီးဆီကို ပြန်သွားရတော့မယ်။ ငါမရှိတော့အခါ ဒီနယ်မြေဟာ မင်းရဲ့ အမွေဆက်ခံရာဖြစ်တယ်။ မင်းကိုစည်းစိမ်းချမ်းသာတွေ ငါမပေးနိုင်ခဲ့ဘူး။ ငါ့ရဲ့ရာထူးကို မင်း လက်ခံရတဲ့အတွက် ဂုဏ်ယူပီတိ ဖြစ်စရာလို့ ထင်မနေနဲ့။ အဲဒါဟာ ကျေပွန်အောင်ထမ်းဆောင်ရမယ့် တာဝန်ဝတ်္တရားတွေပဲ ဖြစ်တယ်။ မင်းလက်ထဲကို ငါ့ပြည်သူတွေနဲ့ မင်းလျှောက်နေတဲ့ မြေကြီးကို ပေးခဲ့တယ်။ မကြာခင်လူဖြူတွေပတ်လည်ဝိုင်းလာပြီး တို့မြေကိုဝယ်ဖို့ ကြိုးစားကြလိမ့်မယ်။ မင်းအမြဲ သတိတရ ရှိနေသင့်တာက ငါ့ရဲ့ခန်္ဓာကိုယ်ဟာ ဒီမှာလဲလျောင်းနေပြီး ငါဟာ သူမရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတယ်ဆိုတာပါပဲ”” ဂျိုးဇက်က သူ့အဖေတောင်းတဲ့ ကတိကို ပေးခဲ့တယ်။ သူတို့နယ်မြေကို လူဖြူတွေ အမျိုးမျိုးဝယ်ဖို့ ကြိုးစားပေမယ့် သူက အမြဲငြင်းပယ်ခဲ့တယ်။ ကျူးကျော်သိမ်းပိုက်ဖို့ ကြိုးစားလာတဲ့အခါ ဂျိုးဇက်ဟာ သူ့လူတွေကို ခေါင်းဆောင်ပြီး အမေရိကန်တွေကို ခုခံတိုက်ခိုက်ခဲ့တယ်။ နောက်ဆုံး သူ့ကို ဖမ်းမိတဲ့အခါ ဘာကို ခုခံကာကွယ်ဖို့အတွက် ခုလောက် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေရတာလဲ လို့ မေးကြတယ်။ ဒီတော့ သူကပြန်ပြောတယ်။ ““ ဘယ်သူမှ ကိုယ့်အဖေရဲ့ အရိုးတွေကို မရောင်းဘူး””တဲ့။ (ဆရာသစ်္စာနီဘာသာပြန်၊ပေါ်လိုကိုးဟို၏ဒဿနစာစု) ဒီအဖြစ်အပျက်လေးအတိုင်း ဘယ်ူမှ ကိုယ့်အဖေရဲ့ အရိုးတွေကို မရောင်းလိုကြပါဘူး။ ဒါကြောင့် နေ့စဉ်ရက်ဆက်ဆိုသလို ဒီဆန်္ဒပြမှုတွေ တစ်ရက်ပြီးတစ်ရက်၊ တစ်ခုပြီးတစ်ခု၊ တစ်နေရာပြီးတစ်နေရာ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်လာနေခဲ့ကြတာပါ။ ရိုးရိုးလေး ပါပဲ ဒါတို့ပြည်၊ ဒါတို့မြေ၊ ဒို့ပိုင်တဲ့ပြည်(မြေ)မို့ ဆက်လက်တိုက်ပွဲ ၀င်နေကြခြင်းဖြစ်ပါတယ်။ ပြည်သူလူထုရဲ့အသံကို နားထောင်ပါ။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန်္ဒ လွှတ်တော်ဆန်္ဒဆိုတဲ့ လွှတ်တော်အမတ်မင်းကြီးများဟာလည်း ဒါကို လေ့လျူရှုမထား ဖို့ လိုအပ်ပါတယ်။ ““မင်းကိုစည်းစိမ်းချမ်းသာတွေ ငါမပေးနိုင်ခဲ့ဘူး။ ငါ့ရဲ့ရာထူးကို မင်း လက်ခံရတဲ့အတွက် ဂုဏ်ယူပီတိ ဖြစ်စရာလို့ ထင်မနေနဲ့။ အဲဒါဟာ ကျေပွန်အောင်ထမ်းဆောင်ရမယ့် တာဝန်ဝတ်္တရားတွေပဲ ဖြစ်တယ်။ မင်းလက်ထဲကို ငါ့ပြည်သူတွေနဲ့ မင်းလျှောက်နေတဲ့ မြေကြီးကို ပေးခဲ့တယ်။ မကြာခင်လူဖြူတွေပတ်လည်ဝိုင်းလာပြီး တို့မြေကိုဝယ်ဖို့ ကြိုးစားကြလိမ့်မယ်။ မင်းအမြဲ သတိတရ ရှိနေသင့်တာက ငါ့ရဲ့ခန်္ဓာကိုယ်ဟာ ဒီမှာလဲလျောင်းနေပြီး ငါဟာ သူမရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတယ်ဆိုတာပါပဲ”” ဂျိုးဇက်ရဲ့ ဖခင်မှာကြားခဲ့တဲ့အတိုင်းပါပဲ တိုင်းပြည်တစ်ခုမှာ တစ်ယောက်ဆင်းတစ်ယောက်တက်ဆိုသလို မင်းအာဏာစတဲ့ လုပ်ပိုင်ခွင့်ဆိုတာ တွေဟာ ရေတပွက်စာမျှသာဖြစ်ပါတယ်။ တတိယလှိုင်းကို ကူးပြောင်းဖို့ ကြွေးကြော်သံပဲ ရှိသေးပါတယ်။ ဒီပထမလှိုင်းထဲကတောင် မထွက်နိုင်သေးတဲ့ စိုက်ပျိုးရေးကို အခြေခံပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ အစပြုတုန်းပဲရှိသေးတယ်။ ဒါကြောင့် အခုအချိန်အထိတော့ ချမ်းသာကြွယ်ဝတဲ့ သယံဇာတတွေသာ တစ်ခုပြီးတစ်ခု ကုန်ဆုံးနေပေမယ့် ဘာမှသိသိသာသာ တိုးတက်ပြောင်းလဲလာတာ မတွေ့ ရသေးပါဘူး။ ဒါကြောင့် နောင်လာနောက်သားတွေအတွက်တော့ စည်းစိမ်းချမ်းသာတွေ ပေးနိုင်မှာ မဟုတ်သေးပါဘူး။ ဒီတော့အနာဂတ်မှာ တိုင်းပြည်ကြီးကို ပုခုံးလွှဲတာဝန်ယူကြရမယ့် လူငယ်များအနေနဲ့လည်း တကယ်လို့ ဒီတာဝန်တွေကို လွှဲပြောင်းရယူခဲ့ရတယ်ဆိုရင်လည်း ရာထူးကြီးလောက်နဲ့တော့ ဂုဏ်မယူဖို့ လိုအပ်ပါလိမ့်မယ်။ လွှဲပြောင်းတာဝန် ထမ်းဆောင်ရမယ့် တာဝန်ကိုပဲ ကိုယ့်လက်ထက်မှာ ကျေပွန်စွာထမ်းဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီတော့ အမှန်တရားဆိုတာတွေဟာ အလွန်တရာ မှ အရေးပါတဲ့ ကိစ်္စရပ်တွေဖြစ်လာပါပြီ။ အမှန်တရားဖော်ထုတ်နိုင်ရမယ်။ ပြုပြင်နိုင်ရမယ်။ လျှောက်လှမ်းနိုင်ရမယ်။ တချို့ကတော့ ပြောတယ်။ မှန်ကန်တိုင်းမကောင်းဘူးတဲ့။ မကောင်းချင်နေပါစေ။ မှန်ကန်တဲ့လုပ်ရပ်တွေကိုတော့ ပြည်သူ့အတွက် အကျိုးရှိမယ်ဆိုရင် ဘာမဆို ရဲရဲဝံ့ဝံ့ လုပ်ဆောင်နိုင်ရဲရပါတယ်။ ဒီနေရာမှာတော့ အားလုံးရပြီးတဲ့ ဇာတိမာန် သီချင်းလေးကို ပြည်လည်ငြီးညူရင် တစိမ့်စိမ့်တွေးကာ အကောင်အထည်ဖော်နိုင်ဖို့ ထည့်သွင်းပေးလိုက်ပါ့မယ်။ ရေးသူ ရွှေတိုင်ညွန့်ဆိုတာလည်း သိပြီးဖြစ်ပါလိမ့်မယ်။ (ဒါတို့တိုင်း တို့ပြည် တို့မြန်မာတွေ)၂ (မြင့်မြတ်တဲ့ ဂုဏ်ကျက်သရေ --- ကျုပ်တို့ရဲ့ ရွှေထီးရွှေနန်း တင့်ဆန်းပေ)၂ (အာဇာနည် ဗုဒ်္ဓဘာသာ --- အမျိုးသားတိုင်းပြည် ရာဇ၀င်ရှေးထုံးစဉ်လာ ထွန်းတောက်ခဲ့ပေ --- ပိုင်ဆိုင်သူဘိုးဘွား ဘီဘင် --- တို့အမွေ --- တို့ပြည် --- တို့မြေ)၂ သံပြိုင်-(ရိုးရာအခြေ မညှိုးပါသလေ မျိုးသာကီနွယ် ဆင်းသက်ပေ ဒါတို့ရွှေထီး --- ဒါတို့မြေကြီး -- စည်တီးခရိုင် --- ကိုယ်ပိုင်မြန်မာပြည် (တက်လူတွေ)၂ လုံ့လ၀ီရိယရှိကြစေ မျိုးဂုဏ်တက်အောင် --- ရွက်ဆောင်လေ --- တို့တာဝန် ---အမှန်ပေ --- (အာဇာနည် --- တို့မြေ) (မျိုးရိုးနဲ့ --- တန်ခိုးရှိခဲ့သလေ --- ထီးနန်းနဲ့ စံမြန်းလာတာတွေ)၂ (ကမ်္ဘာမိုးမြေ --- တေဇာတော်ဖြိုးဝေ -- မဟာမျိုးတွေ --- စိတ်အားတက်ကြစေ)၂ (ရွှေမှန်ကင်းအစစ် ၀င်းဝင်းတောက်ခဲ့ပေ နောင်လာနောက်သားတွေ သိအပ်ကြတဲ့အခြေ)၂ မြန်မာချင်း ရိုင်းပင်းစေ ဘုန်းတန်ခိုးတိုးတက်ကြဖို့ ခေတ်ကောင်းရောက်ပေါ့လေ (မျိုးကျက်သရေ တိုးတက်ပေ အောင်ကြောင်းမင်္ဂလာအခြေ မိုးအောက်မြေတန်ခိုးတောက်ပေ ခေတ်ကောင်းရောက်ပြီလေ)၂ (အောက်ကျမခံဘူးဟေ့ အမျိုးသား တို့ရေ)၂ ခေတ်ကောင်းရောက်ပေါ့လေ) (အောက်ကျမခံဘူးဟေ့ အမျိုးသမီးတို့ရေ) မြန်မာအပေါင်းအကြောင်းသိစေ အာဇာနည်တွေ ရွှေမှန်ကင်းအချင်းတို့ရေ အာဇာနည်တွေ တိုင်းပြည်လုံးပဲ နယ်လုံးပဲ ညီညွတ်ကြစေ မျိုးရိုးကအထက်တန်းစားတွေ (ရိုးရာအခြေ --- တို့မြေ) အားလုံးရပြီးဖြစ်ပေမယ့် ဒီဆောင်းပါးလေးနဲ့ အလွန်မှ လိုက်ဖက်ညီလှတဲ့အတွက်ကြောင့် ဒီဇာတိမာန်သီချင်းကို ရေးထည့်ပေးလိုက်ပါတယ်။ သီချင်းစာသားတွေဟာ တွေးလေတန်ဖိုးကြီးမားလေဆိုတော့ အကျယ်တ၀ံ့တော့ မချဲ့လိုတော့ပါဘူး။ ရှင်းလင်းလွယ်ကူတယ်ဆိုပေမယ့် အတွေးကောင်းကောင်းနဲ့ တွေးပြီး အတွေးကြောင့်ရလာတဲ့ အသီးအပွင့်တွေ ကို ဆထက်တိုးတက်အောင် စိုက်ပျိုးနိုင်ပြီး ခေတ်မီလှပတဲ့ နိုင်ငံတော်ကြီးဖြစ်ဖို့ စွမ်းစွမ်းတမံဆောင်ရွက်နိုင်ပါစေကြောင့် တိုက်တွန်း လိုက်ရပါတယ်။ မောင်မင်းစိုး

Monday, October 1, 2012

လူငယ်နှင့် နိုင်ငံရေး အခင်းအကျင်း(၆) ဘယ်နေရာကို ရောက်နေပြီလဲ

ဒီတစ်ပတ်မှာတော့ ဖတ်ခဲ့ဖူးတဲ့ အကြောင်းအရာလေး တစ်ခုကိုအဖွင့်သဘောအနေနဲ့ ဖောက်သည်ချလိုပါတယ်။ ရှေးဦးစွာ မှာထားချင်တာကတော့ ဒါလေးကိုဖတ်ပြီး အပြန်ပြန် အလှန်လှန် သုံးသပ်စေချင်ပါတယ်။ ကိုယ်နားလည်ထားတဲ့ ရှုထောင့်လေးကို လည်း ထပ်ဆင့်ဝေငှနိုင်ဖို့လည်း တိုက်တွန်းလိုပါတယ်။ အဖြစ်အပျက်လေးကတော့ အနည်းငယ်ရှည်လျားပါတယ်။ ဒါပေမယ့် ပြီး ဆုံးတဲ့အထိအောင် ဒီဇာတ်လမ်းအဖြစ်အပျက်လေးကို ဖတ်ပေးပါလို့ မှာချင်ပါတယ်။ (ဆရာသစ်္စာနီဘာသာပြန်ထားတဲ့ ပေါ်လိုကိုဟိုး၏ ဒဿနစာစုများဆိုတဲ့ စာအုပ်ထဲက အကြောင်းအရာလေးပါ။ တချို့တော့ ဖတ်ဖူးကောင်းဖတ်ဖူးပြီး ဖြစ်ပါလိမ့်မယ်) တစ်ခါက တွေးခေါ်ပညာရှင်တစ်ယောက်ဟာ သူ့တပည့်တစ်ယောက်နဲ့အတူ သစ်ထောထဲကို ဖြတ်လျှောက်ခဲ့ကြတယ်။ အဲဒီလို ဖြတ်လျှောက်လာရင်းပဲ ဆရာတပည့်နှစ်ယောက်ဟာ မျှော်လင့်မထားတဲ့ အခက်အခဲတွေနဲ့ တွေ့ကြုံရင်ဆိုင်ရမှုတွေရဲ့ အရေးပါပုံ အကြောင်းကို ဆွေးနွေးလာခဲ့ကြတယ်။ ဆရာလုပ်တဲ့သူဟာ ဘယ်လိုအကြောင်းအရာကိုပဲဖြစ်ဖြစ် ဖြေရှင်းတဲ့အခါ သာဓကအနေနဲ့ လက်တွေ့ကျတဲ့ အဖြစ်အပျက်လေးတွေကို ထုတ်ပြလေ့ရှိတယ်။ ဒီလို အလွန်တရာမှ ဆင်းရဲနွမ်းပါးလှတဲ့ မိသားစုတစ်စုကို တောထဲမှာ နေထိုင်နေကြတာကို တွေ့ခဲ့ကြကတယ်။ တပည့်လုပ်တဲ့သူက ““ဒီနေရာကို ကြည့်စမ်းပါဦး၊ ဆရာပြောတာမှန်ပါတယ်။ စည်းစိမ်ချမ်းသာနဲ့ နေထိုင်တဲ့လူတွေဆီက ကျွန်တော်တို့ နည်းယူရမယ်ဆိုတာလေ။ ဒါပေမယ့် သူတို့ဘယ်လိုပြုမူဆောင်ရွက်တယ်ဆိုတာ သတိမထားမိရင် ဒီလိုစိတ်မချမ်းသာ အခြေအနေနဲ့ ဆက်ပြီးအသက်ရှင် ရပ်တည်နေရမှာပဲ”” လို့ မှတ်ချက်ချတယ်။ ဒီတော့ ဆရာလုပ်တဲ့သူက- ““မင်းကို ငါအမြဲပဲ လေ့လာသင်ယူမှုနဲ့ သွန်သင်ပြသမှုလို့ ပြောလေ့ရှိတယ်။ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ သာမာန် သတိပြုမိရုံနဲ့ မလုံလောက်ဘူး။ တို့ဟာ အကြောင်းခံတရားကို တွေ့အောင်ရှာဖွေရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်းခံတရား ကို နားလည်မှာသာ ကမ်္ဘာကြီးကို နားလည်မှာ ဖြစ်လို့ပါပဲ”” လို့ဆိုတယ်။ သူတို့ဟာ အဲဒီအိမ်ကလေးထဲကို တံခါးလေးခေါက်ပြီး တော့ ၀င်လိုက်ကြတယ်။ ၀င်လိုက်တယ်ဆိုရင်ဘဲ အင်မတန်နွမ်းရိလှတဲ့ အ၀တ်အစားလေးတွေ ၀တ်ထားကြတဲ့ သားအမိတွေကို တွေ့လိုက်ပါတယ်။ အဖေ၊ အမေနဲ့ သားသမီးသုံးယောက်ပါပဲ။ ဒီတော့ ဆရာလုပ်တဲ့လူက ““ ခင်ဗျားတို့ ဒီလိုတောခေါင်ခေါင်နေရာမှာ နေကြတယ်။ ပတ်ပတ်လည်မှာ ဈေးဆိုင်ကနားရယ် လို့လဲ မရှိဘူး။ ဘယ်လိုလုပ်များ အသက်မွေးမှုပြုပါသလဲ””လို့ မေးတယ်။ အိမ်ရှင်ယောက်ျားကလည်း အေးဆေးတဲ့ လေသံလေး နဲ့ ပြန်လည်ဖြေပါတယ်- ““ဒီလိုရှိပါတယ် မိတ်ဆွေတို့၊ ကျုပ်တို့မှာ အင်မတန်မှ နို့ထွက်ကောင်းတဲ့ နွားမတစ်ကောင် ရှိတယ်။ သူက တစ်နေ့ လီတာ အတော်များများ ထုတ်ပေးနိုင်တယ်။ ဒီတော့ အဲဒီက နွားနို့အချို့ကို အနီးအနားမှာရှိတဲ့ မြို့ကိုတက်ပြီး ရောင်းတန်တာ ရောင်းတယ်။ အစားအသောက်တွေနဲ့လည်း လဲတန်တာလဲတယ်။ ကျန်တဲ့နို့ကိုတော့ ဒိန်ခဲတို့၊ ဒိန်ချဉ်တို့၊ ထောပတ်တို့လုပ်ပြီး ကျုပ်တို့စားကြတယ်။ အဲဒါဟာ ကျုပ်တို့ဘယ်လို အသက်မွေးနေတယ်ဆိုတဲ့ အကြောင်းပါပဲ”” ဒီလိုနဲ့ စကားပြောလိုက်၊ နားလိုက်နေခဲ့ပြီး အိမ်ရှင်ကို ကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်။ နောက်ပြီး အိမ်ကလေးကိုလည်း အတန်ကြာအောင် လှည့်ပတ်ပြီး ကြည့်ရှုလိုက်ပါတယ်။ ပြီးတော့ အဲဒီကနေ ဆရာတပည့်နှစ်ယောက်တို့ ထွက်လာခဲ့ကြတယ်။ ထွက်လာပြီးလို့ တော်တော်လေးဝေးတဲ့ နေရာလေးကိုရောက်ခါမှ ဆရာလုပ်တဲ့သူက တပည့်ကို ခိုင်းလိုက်ပါတယ်။ ““ခုနကအိမ်က နို့ထွက်ကောင်းတဲ့ နွားမကို သွားယူလိုက်၊ ပြီးရင် ချောက်ကမ်းပါးဆီကို ဆွဲခေါ်ပြီး တွန်းချလိုက်”” ဒီလို စေခိုင်းလိုက်ပါတယ်။ ဒီတော့ တပည့်လုပ်တဲ့သူက- ““ဆရာ သူတို့မှာ ဒီနွားတစ်ကောင်ပဲ အားကိုးစရာရှိတာမဟုတ်လား””ဆိုပြီး အဓွန့်ပြီး မေးခွန်းထုတ်တဲ့အနေနဲ့ ပြန်လည်း ချေပလိုက်ပါတယ်။ ဒါပေမယ့် ဆရာလုပ်တဲ့သူက ဘာမှပြန်မပြောဘူး။ တပည့်ဖြစ်သူဟာ ဆရာ့ကိုလည်းကြောက်ရ၊ နောက်ပြီး တစ်ဖက်ကလည်း ဒီနွားလေးနဲ့ အသက်ရှင်နေတဲ့ မိသားစုအကြောင်းကို တွေးလိုက်နဲ့ လုပ်နေရင်း နောက်ဆုံးတော့ ဆရာ့အမိန့်ကို မလွန်ဆန်နိုင်ဘဲ နွားမလေးကို ဆွဲခေါ်ပြီး ဆရာညွှန်ကြားတဲ့အတိုင်း လုပ်လိုက်ပါတယ်။ တပည့်ဖြစ်သူဟာ ဒီမြင်ကွင်းလေးကို ဘယ်လို့မှ မေ့ဖျောက်လို့မရဘဲ ဖြစ်နေခဲ့ပါတယ်။ ကဲ ဒီဇာတ်လမ်းလေးကို ရှေ့ဆက်မပြောခင် နည်းနည်းလေး တွေးခေါ်ကြည့်ကြရ အောင်။ တွေးခေါ်တာထက် စဉ်းစားကြည့်ရအောင်လို့ပဲ သုံးလိုပါတယ်။ ရှေ့ဘာဆက်ဖြစ်မလဲဆိုတာ ခဏလေးနားထားလိုက်ပြီး ဆရာ တပည့်နှစ်ယောက် လုပ်ရပ်ဟာ မှန်သလား၊ မှားသလား၊ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလားဆိုတာ စဉ်းစားစေချင်ပါတယ်။ ဟုတ်ပြီး ဒီလိုဆိုရင် စာဖတ်သူအနေနဲ့ ဒီဆရာတပည့်နှစ်ယောက်ထဲက တစ်ယောက်အနေနဲ့ ကိုယ်တိုင်ပါဝင်နေရတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ကဲထားပါ။ ဆရာဖြစ်သူအနေနဲ့ ပါဝင်တယ်ဆိုရင် ဒီလိုခိုင်းတာဟာ မျှတမှုရှိသလား၊ မှန်ကန်မှုရှိသလား၊ လုပ်သင့်သလား၊ ခိုင်းသင့်သလားဆိုတာ စဉ်းစားကြည့်ပါ။ စဉ်းစားပြီးရင် ဘာကြောင့်မမှန်ကန်တာလည်း၊ မမျှတတာလည်။ မလုပ်သင့်တာလဲ။ မခိုင်းသင့်တာလဲ။ နည်းနည်းချရေး လိုက်ပါ။ သို့မဟုတ်ရင် တေးမှတ်ထားလိုက်ပါ။ သို့မဟုတ်ရင်လည်း ဘာကြောင့် မှန်ကန်တဲ့ ခိုင်းစေချက်၊ လုပ်ဆောင်ချက်ဖြစ်တယ် ဆိုရင်လည်း အထက်ပေါ်ကလို့ နည်းနည်းတေးမှတ်ထားလိုက်ပါ။ ဘယ်နေရာကနေ ရပ်တည်မလဲဆိုတာကို နောက်ပိုင်းကျမှ အဖြေရှာကြည့်စေချင်ပါတယ်။ သို့မဟုတ်ရင် တပည့်လုပ်တဲ့သူအနေနဲ့လည်း စဉ်းစားကြည့်စေချင်ပါတယ်။ အထက်ကလူကြီးဆိုသူ၊ သို့မဟုတ် ဆရာလုပ်သူစေခိုင်းတိုင်း လုပ်သင့်သလား။ မလုပ်ဘဲနေပြီး ဆရာလုပ်သူရဲ့ စေခိုင်းမှုကို မပြုမူဘဲ နေလိုက်ရင်ကော မဖြစ်ဘူးလား။ ဖြစ်ရင် ဘာဖြစ်လို့ လုပ်ဆောင်ရတာလဲ။ နောင်တဆိုတာ နောက်မှရစေတဲ့ သဘောမျိုးကိုတော့ မဖြစ်သင့်ဘူး မဟုတ်လား။ သို့မဟုတ်ရင်လည်း သူရဲ့စိတ်အစဉ်မှာ ဘယ်လိုဆုံးဖြတ်ပြီး လုပ်ဆောင်လိုက်တာလဲ။ မိမိအနေနဲ့ကော တကယ်လို့ ဒီကိစ်္စကို လုပ်ဆောင်လိုက်တယ်ဆိုရင် ဘာကြောင့် လုပ်ဆောင်လိုက်တာလဲ။ တေးမှတ်လိုက်ပါ။ ဥပမာ ကြောက်လို့လား။ သို့မဟုတ် တစ်ခုခု အဖြေရှိလို့လား။ လုပ်သင့်လို့ လုပ်လိုက်တာလား။ နည်းနည်းလေး စဉ်းစားကြည့်စေချင်ပါတယ်။ စဉ်းစားပြီးပြီဆိုရင်တော့ အဖြစ်အပျက်လေးကို ဆက်ပြီးပြောပြပါ့မယ်။ ကိုယ်မှန်းဆထားတဲ့၊ သို့မဟုတ် ကိုယ့်ရဲ့ဆုံးဖြတ်ချက် နဲ့ ကိုက်ညီမူရှိသလား၊ မရှိဘူးလားဆိုတာ စဉ်းစားပြီး ဘာဖြစ်ကြောင့် မကိုက်ညီတာလည်းဆိုတာကို နားလည်စေချင်ပါတယ်။ ဒါပေမယ့် စာဖတ်သူရဲ့ ဆုံးဖြတ်ချက်ကကော တကယ်လို့ ဒီအကြောင်းအရာနဲ့ မကိုက်ညီဘူးဆိုရင်ကော မှားသလားဆိုတာ မေးလာရင်တော့ မမှားပါဘူးလို့ဘဲ ရိုးရိုးအဖြေပေးလိုပါတယ်။ ဒါပေမယ့် သူနဲ့ကိုယ်နဲ့ ဘာရည်ရွယ်ချက်တွေ လွဲချော်သွားတာလဲ ဆိုတာ တစ်ခါတလေမှာ အထက်ကပြောခဲ့တဲ့ မမြင်နိုင်တဲ့ မျှော်လင့်မထားတဲ့ အခက်အခဲတွေ တွေ့ကြုံတဲ့အခါမှာ အရေးပါမှုရဲ့ အကြောင်းကို ထပ်မံပြီးစဉ်းစားစေချင်လို့ ခဏလောက် အလုပ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီလိုနဲ့ နှစ်တွေလည်း တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်သွားပါတယ်။ တပည့်လုပ်သူဟာလည်း ကိုယ်တိုင်ပဲ အောင်မြင်လှတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ယောက်ဖြစ်နေပါတယ်။ ဒါကြောင့် သူဟာ သူဆုံးဖြတ်ချက်ချထားတဲ့အတိုင်းပဲ ဘယ်လိုမှမေ့ဖျောက် လို့မရတဲ့ အဲဒီနေရာလေးကို နောက်တစ်ခေါက်သွားဖို့၊ ဖြစ်ပျက်သမျှကိုလည်း မိသားစုလေးကို အကုန်အစင်ပြောပြဖို့၊ သူ့ကိုလည်း ခွင့်လွှတ်ဖို့၊ တောင်းပန်ဖို့၊ နောက်ပြီး အရင်းအနှီးအဖြစ် ငွေကြေးအကူအညီပါပေးဖို့ဆိုပြီး ထပ်မံရောက်ရှိသွားပါတယ်။ ဒါပေမယ့် ဟိုယခင်ကလို မြင်ကွင်းကမဟုတ်တော့ဘဲ အစစအရာရာ ပြောင်းလဲနေခဲ့ပါတယ်။ ဒီပြောင်းလဲမှုဟာ သူ့ကို အလွန်မှပဲ အံ့အားသင့်စေပါတယ်။ လယ်တဲကအိမ်ကလေးဟာ ယခုတော့ အိမ်ကြီးအိမ်ကောင်းဖြစ်လို့၊ လှပတဲ့ သစ်ပင်ပန်းမာန် တွေကလည်း ဖူးဖွင့်ဝေဆာလို့၊ ဂိုဒေါင်ထဲမှာလည်း ကားတစ်စီး ရပ်ထားလို့၊ ကလေးတွေဟာလည်း ပန်းခြံထဲမှာဆော့ကစားလို့ တကယ်ပါပဲ မယုံနိုင်လောက်အောင် ပြောင်းလဲနေတာကို တွေ့လိုက်ရပါတယ်။ ဒါပေမယ့် ဒီနေရာကလူတွေဟာ အရင်ကလူတွေ မဟုတ်လောက်ဘူးလို့ တွေးတောပြီး အိမ်ကလေးဆီကို သွားခဲ့ပါတယ်။ နောက်ပြီး အိမ်စေလေးတစ်ယောက် တွေ့လို့လည်း လှမ်း မေးလိုက်ပါတယ်။ ““ဟိုး လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဒီမှာနေထိုင်တဲ့ မိသားစု ဘယ်ကိုပြောင်းသွားသလဲ”” ဆိုတော့ အိမ်စေလေးက- ““သူတို့ပါပဲရှင် ဘယ်မှမပြောင်းကြပါဘူး””လို့ ပြန်ပြောလိုက်တယ်။ သူ့အနေနဲ့ ဘယ်လိုမှမယုံစရာဖြစ်နေတော့ သိချင်စိတ်တွေ ပြင်းပြင်းပျပျနဲ့ပဲ ပြေးဝင်ကြည့်လိုက်ပါတယ်။ အိမ်ရှင်ယောက်ျားကို တွေ့လိုက်ပါတယ်။ ဟုတ်ပါတယ်။ သူပါပဲ။ အိမ်ရှင်ယောက်ျားကလည်း ကောင်းကောင်းကြီးကို သူ့ကို မှတ်မိနေပါတယ်။ ဒါကြောင့် သူ့ဆရာအကြောင်းကို မေးလိုက်ပါတယ်။ နောက်ပြီး သူ့အနေနဲ့ ဘယ်လိုမှ မယုံနိုင်တာကြောင့် ခင်ဗျားတို့ဟာ ဘယ်လိုဖြစ်ပြီး ဒီလိုပြောင်းလဲနေတာလည်းဆိုတာကို သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။ ““ကျုပ်တို့ဟာ နွားတစ်ကောင်ကို မှီပြီး အသက်မွေးနေကြတာပဲ။ ဒါပေမယ့် အဲဒီနွားဟာ ချောက်ထဲကျပြီး သေသွားတယ်။ ကျုပ်တို့မိသားစု အဲဒီအချိန်တုန်းကတော့ အတော်လေးကို ခက်ခက်ခဲခဲ ရုန်းကန်ပြီးနေခဲ့ကြရတယ်။ ဒါပေမယ့် ကျုပ်ဟာ ဒီအခြေအနေ ကနေ လွတ်မြောက်ဖို့ အလုပ်တွေလုပ်ရတော့တာပေါ့။ ယာထဲမှာ အသီးအနှံတွေ၊ ဟင်းခတ်မွှေးကြိုင်ပင်တွေ စိုက်တယ်။ ဒီအပင် တွေ မကြီးခင်မှာတော့ တောထဲမှာသွားပြီး သစ်ပင်တွေကို ခုတ်ရပြီး ထင်းရောင်းရတာပေါ့။ ဒါပေမယ့် အဲဒီလိုခုတ်ထွင်လိုက်တဲ့ သစ်ပင်တွေနေရာမှာ အစားထိုးဖို့ အပင်ပေါက်လေးတွေကို ၀ယ်တယ်။ ဒီလိုဝယ်ရင်း ကလေးတွေအတွက် ၀တ်ဖို့စဉ်းစားမိတာနဲ့ ချည်ထုတ်လို့ရတဲ့ ၀ါပင်တွေ ၀ယ်စိုက်တယ်။ ပထမနှစ်မှာတော့ တော်တော်လေးကို ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ လုပ်ရတာပေါ့။ အသီးအနှံတွေ ခူးဆွတ်ချိန်ရောက်တဲ့အခါမှာတော့ ကျုပ်ဟာ အသီးအနှံတွေ ဟင်းခတ်အမွှေးကြိုင်ပင်တွေကို ခူးရောင်းတယ်။ ၀ါတွေလဲ ရောင်းရတယ်။ လယ်ယာမြေဟာ ဒီလောက်အသုံးဝင်မှန်း ကျုပ်အရင်က သဘောမပေါက်ခဲ့ဘူးလေ။ ကျုပ်နွား သေဆုံး သွားတယ်ဆိုတာ တကယ်တော့ ကျုပ် ကံကောင်းတာပဲ”” အဖြစ်အပျက်လေးကတော့ ဒီမှာပဲ ပြီးဆုံးသွားပါတယ်။ စဉ်းစားထားတဲ့ အဖြေနဲ့ ကိုက်ညီမှုရှိလား။ ဒါပေမယ့် အထက်ကပြောခဲ့သလိုပါပဲ ခင်ဗျားကိုယ်တိုင်စဉ်းစားထားတဲ့အဖြေဟာလည်း မမှားဘူးဆိုတာ ပါပဲ။ ဒါပေမယ့် ကျုပ်တို့တစ်တွေဟာ အဖြေတွေမတွေ့ခင်မှာ စဉ်းစားမှုလေးကို လုပ်စေချင်တာကြောင့် ကြားဖြတ်ပြီး ကြော်ငြာ ၀င်ခဲ့တာပါ။ ဟုတ်ပါပြီး ဒီတော့ ဘယ်နေရာရောက်နေပြီလဲလို့ ခေါင်းစဉ်ပေးထားတဲ့အတိုင်း မိမိကိုယ်တိုင်အနေနဲ့ကော ဘယ်နေရာကို ရောက်နေပါပြီလဲ။ ဒီရောက်နေတဲ့ နေရာလေးမှာပဲ ကျေနပ်နေပါသလား။ ရှေးဆက်ပြီး တိုးတက်ဖို့အတွက်ကော မပြင်ဆင်တော့ဘူး လား။ မဖြစ်နိုင်တော့ဘူးလို့ ထင်နေပါသလား။ ဘာကြောင့်မဖြစ်နိုင်တာပါလဲ။ ဒါလေးတွေကို ဆက်လက်စဉ်းစားပြီး အနာဂတ်ခရီး ကို ဖြောင့်ဖြောင့်မတ်မတ် လျှောက်စေချင်ပါတယ်။ ရှိတာလေးနဲ့ ရောင့်ရဲတယ်ဆိုတာ မင်္ဂလာတရားတော်နဲ့ အညီပါပဲလို့ အဖြေနဲ့ တော့ မလုံလောက်ပါဘူး။ လုပ်သင့်လုပ်ထိုက်ပြီး ဖြစ်မလာတဲ့အခါမှာတော့ ဒီအဖြေဟာ ကောင်းမွန်တဲ့အဖြေပါပဲ။ ဒါကိုပဲ ဗုဒ်္ဓက မင်္ဂလာတရားတော်အနေနဲ့ မိန့်မှာတာဖြစ်ပါတယ်။ မလုပ်ဘဲနဲ့တော့ ဒီအတိုင်းလေးပဲ ရှိတာလေးနဲ့ ရောင့်ရဲတာပဲဆိုတဲ့ အဖြေလောက် နဲ့တော့ မရောင့်ရဲစေလိုပါဘူး။ ယခုနိုင်ငံတော်ကတော့ ပြောတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်းမှတဆင့် တတိယလှိုင်းနဲ့အတူ အနာ ဂတ်မြန်မာနိုင်ငံကြီးကို ပုံဖော်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဒီတော့ ကျုပ်တို့ဘယ်လှိုင်းထဲမှာ နေရစ်မှာလဲ။ ရွှံ့စေးတွေ အလိမ်းလိမ်းကပ်ငြိနေတဲ့ ဗွက်အိုင်ကြီးပေါ်ကို ဖြတ်မောင်းသွားဖို့ ကားတစ်စီးကတော့ ရှိနေတယ်။ ဒါပေမယ့် အရင်ဆုံးအနေနဲ့ ကတော့ ဒီဗွက်ကြီးကို ကောင်းမွန်စွာဖို့ထားနိုင်မှ ပြုပြင်ထားနိုင်မှသာ ဖြတ်မောင်းဖို့ လွယ်ကူပါလိမ့်မယ်။ မကူးတော့ဘဲ ဒီနေရာမှာ ပဲ ရပ်နားပြီး ကားကြီးကို လည်ပြန်ကြည့်နေပြီး ကောင်းကင်ပေါ်မှာ ဖြတ်သန်းသွားတဲ့ တခြားသူများရဲ့ လေယျာဉ်ပျံကြီးတွေကို ပဲ မော့ကြည့်နေတော့မှာလား။ ဘယ်နေရာရောက်နေပြီလဲ။ ဒီရောက်နေတဲ့ နေရာလေးမှာပဲ ကျေနပ်ပါသလား။ မောင်မင်းစိုး