Thursday, April 7, 2011

လူငယ်နဲ့ မိတ်ဆုံစားပွဲ




ပွင့်လင်းတဲ့ ရာသီဥတုဟာ နောက်ကျပြီးမှ ရောက်လာတယ်။ မုန်တိုင်းများနဲ့ နားပန်းလုံးနေရတဲ့ လောကကြီးမှာ သဘာဝတရားကို လေ့လျူရှုထားလို့ မရတော့ဘူး။ မာကျောခက်ထန်လှတဲ့ မုန်တိုင်းများဟာ တစ်လုံးပြီးတစ်လုံး ဝင်ရောက်လာ နေခဲ့ပြီ။ မကြာခင်က ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများကို ဂီရိဆိုတဲ့ ဆိုက်ကလုန်း ဝင်ရောက်နှောက်ယှက်သွားတယ်။ သေကျေပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရမှု၊ အိုးအိမ်ပျက်စီးမှု စတာတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါပဲ။ ဒီလို မုန်တိုင်းများဟာ ငါးနှစ်ဆက်တိုက် ဆိုသလို မြန်မာနိုင်ငံထဲကို ဝင်ရောက်လာနေမှုဟာ ကြောက်မက်ဖွယ်အဖြစ် ထားရှိရတော့မှာဖြစ်တယ်။ ဒီလိုနဲ့ ဒီနှစ်မိုးနှောင်း ကောင်းခဲ့ပြီး၊ ပွင့်လင်းရာသီရောက်ဖို့ တုန့်ဆိုင်းခဲ့တာကို သတိထားခဲ့ကြပါလိမ့်မယ်။ ပွင့်လင်းရာသီ ရောက်တယ်ဆိုရင်ပဲ ရာသီစာ ပွဲလမ်းသဘင်တွေလည်း ဟိုမှာကျင်းပ၊ ဒီမှာကျင်းပ လုပ်ခဲ့ကြတယ်။ စီးရီးမိတ်ဆက်ပွဲတွေ၊ ရှိုးပွဲတွေ၊ မိတ်ဆုံစားပွဲတွေ၊ ပါတီပွဲတွေ နေရာအနှံ့အပြားမှာ ကျင်းပလာခဲ့ကြတယ်။ ဒါဟာ ဒီနှစ်မှ မဟုတ်ပါဘူး။ နှစ်စဉ်လိုလို ဒီလိုပါတီပွဲတွေ ဆင်းနွှဲခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒါကိုပဲ မိတ်ဆုံစားပွဲလို့ ခေါ်ဝေါ်ကြပြန်ပါတယ်။ ဘတ်ဒေးပါတီဆိုတာတွေ၊ ကျောင်းဆင်းပွဲ အမှတ်တရပါတီတွေ၊ သင်တန်းဆင်းပွဲ ပါတီတွေ၊ ကုမ္ပဏီအသီးသီးက ကျင်းပတဲ့ ပါတီတွေ-စသဖြင့် ပါတီပွဲတွေ နေရာအနှံ့အပြားမှာ ကျင်းပခဲ့ကြတယ်။ ကိုယ်တိုင်းလည်း တက်ရောက်ကောင်း တက်ရောက်ခဲ့ကြ ပါလိမ့်မယ်။ လူဆိုတာ အပျော်မက်တဲ့ သတ္တဝါတွေ မဟုတ်လား။ သူလည်းပျော်၊ ကိုယ်လည်းပျော်၊ အားလုံးလည်းပျော်ဆိုသလို အပျော်တွေနဲ့ နေချင်ကြတာ သဘာဝပဲ မဟုတ်လား။ အမှန်ကတော့ ပါတီပွဲဆိုတာကလည်း ဒီလိုအပျော်တွေအတွက် ဆင်နွှဲဖို့၊ ကျင်းပခဲ့ကြခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက အပျော်ရှာတဲ့ပွဲလို့ ခေါ်ဆိုရမှာဖြစ်ပါတယ်။ ဒီလိုအပျော်ရှာခဲ့ကြရင်း အတော်တွေရှိခဲ့သလို၊ အဖော်တွေလည်း ရှိခဲ့ပါတယ်။ အကျော် တွေလည်း ရှိခဲ့ပြန်ပါတယ်။ ဒါဟာ အကောင်းဘက်က ရှုမြင်ခြင်းပေါ့။ အဲဒီလိုမဟုတ်ဘဲ မြန်မာတွေ ပြောဆိုနေခဲ့တဲ့ အပျော်အပျက် ဆိုတဲ့ စကားလို ဆိုရင်တော့ အနုတ်လက္ခဏာသဘော ဆောင်သွားပါတော့တယ်။ အပျော်လွန်ရင် ပျက်သွားတတ်တယ်လို့ ဆိုပါတယ်။ သတိထားဖို့ကတော့ အပျော်လွန်ရင်တော့ ပါတီပွဲဖြစ်ဖြစ်၊ မိတ်ဆုံစားပွဲဖြစ်ဖြစ်၊ ပျော်ပွဲ ရွှင်ပွဲဖြစ်ဖြစ်၊ ဖျော်ဖြေရေး ပွဲတွေဖြစ်ဖြစ် ပျက်သွားတတ်တယ်ဆိုတာပါပဲ။ ပွဲတွေမှမဟုတ်ပါဘူး၊ ဒီပွဲကို ကျင်းပကြတဲ့ လူတွေအနေနဲ့လည်း အပျော်လွန် ရင်တော့ ပျက်သွားတတ်တယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ ရိုးရာတစ်ခုဖြစ်နေတတ်တဲ့ ပါတီပွဲရဲ့ လက္ခဏာကလည်း ပျော်ဖို့အတွက် ဘီယာ၊ အရက်ကလည်း မပါမဖြစ်။ သေချာ တယ် ဒါတွေပါလာရင်တော့ အပျက်ဖက်ကို ဦးတည်သွားပြီး၊ အနုတ်လက္ခဏာ ဆောင်သွားတတ်ပါတယ်။ ကိုယ်တိုင်အတွေ့ အကြုံပွဲလေးအကြောင်း ပြောပြပါ့မယ်။ ဘတ်ဒေးပါတီလို့ ဆိုရမှာပေါ့။ ကိုယ်နဲ့ ဝါသနာတူတဲ့ လူရွယ်၊ လူငယ်လေးတွေနဲ့ မြစ်ကမ်းနဘေးမှာ လေပြည်လေညင်းရဲ့ အထိအတွေ့ ခံစားပြီး ပါတီပွဲလေးတစ်ခု ကျင်းပဖြစ်ခဲ့တယ်။ ပထမ ရည်ရွယ်ချက်က လွတ်လပ်မှုရဲ့ အရသာကို ခံစားဖို့၊ စာကြောင်း၊ ပေကြောင်း၊ ကဗျာအကြောင်းတွေ ပြောဆိုဖို့၊ ကဗျာလေးတွေ ရွတ်ကြဖို့၊ မြစ်ပြင်ကျယ်ပေါ်ကနေ တိုက်ခိုက်ဖြတ်သန်းလာတဲ့ လေနုအေးလေးတွေ ရှုရှိုက်ရင်း ကြယ်ရောင်စုံတဲ့ ညတစ်ညကို အေးမြကြည်လင် လှတဲ့ လမင်းမျက်နှာလေးကို ငေးကြည့်ရင်း ကျော်လွန်ကာ ကုန်ဆုံးဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ပြဿနာက စတက်ပါပြီ။ အပျော်အတွက် သယ်ဆောင်လာတဲ့ ပုလင်းလေးကို ဖောက်သောက်၊ အေးအေးလူလူ စကားလေးတွေ ပြောဆိုနေဆဲ ကဗျာဆရာဝဲကျော်က ကဗျာလေးရွတ်ဖတ်ပြီး၊ ထိုင်လိုက်ရင်ပြီးသွားပြီ။ အဲဒီလိုမဟုတ်ဘူး။ မောင်မင်းကြီးသားက သူသာလျှင် တလောကလုံးမှာရှိတဲ့ ကဗျာဆရာတွေထက် သာလွန်ကြောင်း၊ ဘယ်ကဗျာတွေက ကဗျာမဟုတ်ကြောင်း၊ ကဗျာ မစစ်ကြောင်း၊ ဘယ်သူ့ကိုမှ ဂရုမစိုက်ကြောင်း၊ စာမျက်နှာပေါ်မှာ ဘယ်လောက်ပါကြောင်း စတာတွေ ထအဖောက်မှာတော့ ဘေးနားက ကဗျာဆရာငရဲက မျက်နှာတည့်တည့်ကို ထတီးလိုက်ပါတော့တယ်။ အရက်လေး တမြမြနဲ့ ခံတွင်းတွေ့ပြီး ပြောချင်ရာ ရှောက်ပြောနေတဲ့ ကဗျာဆရာဝဲကျော်လည်း ဘုမသိ၊ ဘမသိနဲ့ ငေးကြောင်းနေပြီးမှ နှာခေါင်းထဲက သွေးကျလာမှ အနီးအနားမှာရှိတဲ့ ပုလင်းနဲ့ ပြန်ဆော်လိုက်ပါတယ်။ ဒီလိုနဲ့ တစ်ယောက်တစ်ချက်ကနေ တစ်ယောက်ဆယ်ချက်မက ဆော်နေတော့မှ ဘေးနားက ဟိုလူ့ကိုဆွဲသလို၊ ဒီလူ့ကိုဆွဲသလိုနဲ့ သူ့ဘက်ကိုယ့်ဘက်တွေ ပါလာပြီး ကဗျာဆွဲပွဲ ဖြစ်သွားပါတော့တယ်။ အဲဒီနှစ်က စပြီး ကဗျာဆရာတွေနဲ့ မွေးနေ့ပါတီပွဲ အခုထိ မလုပ်ဖြစ်တော့ပါဘူး။ လန့်သွားပြီ။ သွေးဆိုးတော့ ဘေးထိုးထားလိုက်တော့တယ်။ ကျော်တော့ လှေသူကြီး၊ ညားတော့ လှေထိုးသားနဲ့-ဆိုသလိုပါပဲ အေးအေးလူလူ ကဗျာလေးတွေ ရွတ်ဖတ်ကြမယ်ဆို ခဲ့ပေမယ့်။ တကယ်တန်း ဖြစ်သွားတော့ တစ်ယောက်ကိုယ်တစ်ယောက် ပြန်ဆွဲခဲ့ရတဲ့ ကဗျာထိုးပွဲ၊ သို့မဟုတ် ကဗျာဆွဲပွဲ ဖြစ်ခဲ့ရပါတယ်။ မွေးနေ့ပါတီပွဲလေးဟာ ညမွန်းမတည့်ခင်မှာပဲ သွေးသံရဲရဲနဲ့ ပြီးသွားခဲ့ပါတယ်။ ဒီပွဲလေးကို အစက ရည်ရွယ်ခဲ့တဲ့၊ ကဗျာအကြောင်း၊ စာအကြောင်းတွေ ဆွေးနွေးမယ်၊ ကဗျာလေးတွေ ရွတ်ဖတ်မယ်၊ လောကအကြောင်းတွေ ဆွေးနွေးတိုင် ပင်ကြမယ်၊ စိတ်တွေ ဖြေလျော့ပြီး ကြည်နူးမှုတွေနဲ့ သဘာဝအလှကို ခံစားပြီး ညလေးတစ်ညကို အဓိပ္ပါယ်ရှိစွာ ကုန်ဆုံးစေပြီး မွေးနေ့ပါတီပွဲလေးကို အောင်အောင်မြင်မြင်၊ ကြည်ကြည်နူးနူး၊ သာသာယာယာနဲ့ ပြီးဆုံးခဲ့မယ်ဆိုရင် မွေးနေ့ပါတီလေးဟာ အသက်ဝင်နေမှာဖြစ်ပါတယ်။ အခုတော့ မိစ္ဆာနတ်ဆိုးတွေရဲ့ အကြမ်းဖက်ဝင်ရောက် နှောက်ယှက်မှုကြောင့် သွေးပျက်ဖွယ် သေဆုံးခဲ့ရပါတော့တယ်။ ဒီလိုပါပဲ၊ လောကကြီးမှာ နေရာတိုင်းလိုလို၊ ပါတီပွဲလေးတွေ ကျင်းပခဲ့ကြတယ်။ အေးချမ်းသာယာစွာနဲ့ အဓိပ္ပါယ်ရှိရှိ ပြီးဆုံးသွားခဲ့တဲ့ ပါတီပွဲလေးတွေ ရှိခဲ့သလို၊ အထက်ကပြောခဲ့သလို မလိုသမာသူတွေရဲ့ နှောက်ယှက်မှုကြောင့် အဓိပ္ပါယ်မဲ့စွာ ကုန်ဆုံး ပြီးမြောက်ခဲ့ရတဲ့ ပါတီပွဲတွေလည်း မနည်းမနောပေါ့။ ဒါကို အဓိကထား ဆန်းစစ်ကြည့်တော့ အရက်ကြောင့်ဆိုတာ ၉ဝ ရာခိုင်နှုံးလောက် ဖြစ်နေတာ တွေ့ရပါတယ်။ လုပ်ငန်းပြီးဆုံးခြင်း၊ အောင်မြင်ခြင်း၊ သင်တန်းပြီးဆုံးခြင်း၊ အောင်မြင်ခြင်း၊ မွေးနေ့ပွဲ အထိမ်းအမှတ်စတာတွေကို အကြောင်းပြုပြီး ပါတီပွဲ၊ မိတ်ဆုံစားပွဲတွေ ကျင်းပပြုလုပ်ကြတာဖြစ်ပါတယ်။ ဒီတော့ လုပ်ငန်းအောင်မြင်လို့ပဲဖြစ်ဖြစ်၊ သင်တန်း ပြီးဆုံးလို့ပဲဖြစ်ဖြစ် ပါတီပွဲတွေ၊ မိတ်ဆုံစားပွဲတွေ လုပ်တဲ့အခါမှာ အပျော်လွန်တာမျိုး၊ အပျော်ကဲတာမျိုးနဲ့ တွေ့ဆုံပြီး ယစ်မူးနေတာ မျိုးတွေလောက်နဲ့တော့ ငွေကြေးကုန်ကျခံပြီး ကျင်းပတာဟာ အဓိပ္ပါယ်မရှိပါဘူး။ ရှေ့ဆက်လျှောက်ရမယ့် လမ်းတွေ၊ လုပ်ငန်းတွေ၊ လူမှုရေးစတာတွေမှာ ဘာတွေလုပ်ပေးနိုင်မလဲ။ သို့မဟုတ်ရင်လည်း ဘယ်လိုကောင်းမွန်တဲ့ ပစ္စည်းတွေ၊ စားသုံးသူတွေကို အကျိုးရှိစေမယ့် ရည်ရွယ်ချက်တွေ၊ ဒါတွေကို ဦးစားပေးပြီး ဆွေးနွေးအဖြေရှာကြမယ်ဆိုရင်တော့ ပါတီပွဲ၊ မိတ်ဆုံစားပွဲလေးဟာ ပိုမိုပြီးပြည့်စုံမယ့် အခြေအနေတစ်ရပ်ကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ ပျော်မယ်၊ သောက်မယ်၊ စားမယ်၊ ကဲမယ် လောက်ဆိုရင်တော့ အထက်ကပြောခဲ့သလို အပျော်လွန်ရင်တော့ ပျက်သွားလိမ့်မယ်ဆိုတာ သတိထားသင့်ပါတယ်။ ဒီလို အပျော်လွန်ပြီးတော့ ပျက်သွားတဲ့ ပါတီပွဲ၊ မိတ်ဆုံစားပွဲ၊ တွေ့ဆုံပွဲတွေလည်း မနည်းမနောဆိုတာ ကြားဖူး၊ သိဖူး၊ ကြုံဖူးခဲ့ကြ ပါလိမ့်မယ်။ အမှန်ကတော့ အဖြေရှာခြင်းမျိုးကို ဦးတည်စေမယ့် ပါတီပွဲ၊ မိတ်ဆုံစားပွဲ၊ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်စေဖို့ဆိုတာ ရည်ရွယ်ချက်ရှိရှိနဲ့ စတင်အကောင်အထည် ဖော်ဆောင်တဲ့ လူအနေနဲ့ မသောက်ခင်၊ လူစိတ်လေး ပုံမှန်ရှိနေစဉ်မှာ လမ်းကြောင်းပေါ်ကို ဆွဲတင်နိုင်ဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သောက်ပြီးလို့ ပုံမှန်စိတ်လေး ယိုင်နဲ့သွားတာနဲ့ အဓိပ္ပါယ် မရှိတဲ့ စကားတွေ၊ ပြောဆိုမှုတွေ၊ ငြင်းခုန်မှုတွေ၊ ရန်ပွဲ စတာတွေဟာ တစ်ခုမဟုတ်တစ်ခု ဝင်ရောက်လာပြီး ပျက်စီး သွားရတတ်ပါတယ်။ အဓိကကတော့ ပါတီပွဲကနေတဆင့် အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးအဖြေခြင်း (နြနအငညါ) ဖြစ်ဖို့အရေးကြီးပါတယ်။ အင်္ဂါလေးပါးနဲ့ ပြည့်စုံတဲ့ ရဟန်းသံဃာများအနေနဲ့ တွေ့ဆုံခြင်း၊ အစည်းအဝေးပွဲပြုခြင်းလုပ်တဲ့ သာဝကသန္နိတမှာ ပွင့်တော်မူခဲ့ပြီး ဘုရားရှင်များဟာ နောက်လိုက်တပည့်သား သံဃာတွေကို ဆုံးမခဲ့တဲ့ တရားစကားလေးတွေကို ပြောပြချင်ပါတယ်။ ဒါဟာ ဘုရားရှင်တိုင်း ဟောပြောဆုံးမတဲ့ တရားစကားတော်၊ သြဝါဒတော်လည်းဖြစ်ပါတယ်။ ခေါင်းဆောင်များ အနေနဲ့ ပါတီပွဲ၊ မိတ်ဆုံစားပွဲ၊ တွေ့ဆုံဆွေးနွေးပွဲများကို အဓိပ္ပါယ်ရှိတဲ့ မိန့်ခွန်းများ၊ ဆုံးမစကားများ၊ သွန်သင်မှုများကို မီးမောင်းထိုး ပြခြင်းဖြစ်ပါတယ်။ ဒါမှလည်း ပြီးပြည့်စုံတဲ့ ပါတီပွဲလေး၊ မိတ်ဆုံစားပွဲလေး၊ တွေ့ဆုံဆွေးနွေးပွဲလေး ဖြစ်သွားပါလိမ့်မယ်။ အချိန်နဲ့ ငွေ ကုန်ရကျိုးလည်း နပ်ပါလိမ့်မယ်။ သည်းခံခြင်း ခန္တီတရားဟာ မြင့်မြတ်တဲ့လူတွေရဲ့ မြင့်မြတ်တဲ့ အကျင့်၊ အမူအရာဖြစ်တယ်။ ကိလေသာများ ချုပ်ပြတ်ငြိမ်းရာ နိဗ္ဗာန်ဟာလည်း မြင့်မြတ်တယ်။ သူတစ်ပါးကို ညှင်းဆဲ နှိပ်စက်မူမျိုးကို ရဟန်းများ မလုပ်၊ သူတစ်ပါးကို ညှင်းဆဲ နှိပ်စက်မူမျိုးကို လုပ်တဲ့ သူဟာလည်း ကိလေသာခပ်သိမ်းကို ငြိမ်းအေးစေတတ်တဲ့ ရဟန်းမဟုတ်။ လူမူရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ စားရေး၊ ဝတ်ရေးစတဲ့ အရေးကိစ္စ မှန်သမျှအတွက်ပဲ ဖြစ်ဖြစ်၊ ဘာအလုပ်အတွက်ပဲဖြစ်ဖြစ် မကောင်းတာမှန်သမျှ မလုပ်ပါနဲ့။ ဘာအလုပ်ပဲဖြစ်ဖြစ် မိမိ၊ သူတစ်ပါး၊ မထိခိုက် မနစ်နာ၊ အကျိုးရှိမယ့် ကုသိုလ်ရမယ့် အလုပ်မျိုးကို ဘာမဆို လုပ်ဆောင်ပါ၊ မိမိစိတ်ကလေးကို နီဝရဏတရားတွေနဲ့ မဖုံးလွှမ်းခံဘဲနဲ့ ပကတိဖြူစင်နေတဲ့ စိတ်ကလေးဖြစ်အောင်ထား။ အတိုချုံ့တော့၊ မကောင်းတာမလုပ်နဲ့၊ ကောင်းတာမှန်သမျှလုပ်၊ စိတ်ထားဖြူစင်အောင်ထား။ သူတစ်ပါးကို မိမိကိုယ်တိုင်သော်လည်းကောင်း မစွပ်စွဲပါနဲ့ ။ တခြားလူကိုလည်း မခိုင်းပါနဲ့။ သူတစ်ပါးအား ကိုယ်တိုင်လည်း မညှင်းဆဲ၊ မနှိပ်စက်၊ မသတ်ဖြတ်ပါနဲ့၊ တခြားလူအားလည်း ညှင်းဆဲ၊ နှိပ်စက်၊ သတ်ဖြတ်မှုကို မစေခိုင်းပါနဲ့၊ ကိုယ်ကျင့်သီလအတွက် ကောင်းမွန်စွာစောင့်ထိန်းပါ။ အစားအသောက်ကို လွန်လွန်ကျူးကျူး မဟုတ်ဘဲ စောင့်ထိန်းပါ၊ သူတစ်ပါး ပေးသော်လည်း အတိုင်းအရှည်ကို သိပါ။ လူနဲ့ဝေးရာမှာနေပြီး ဝိပဿနာအားထုတ်ပါ။ အဲဒီအချက်တွေကို ဘုရားရှင်တိုင်းဟာ နောက်လိုက် တပည့်သား သံဃာတွေအတွက် အစည်းအဝေး ပြုလုပ်ပြီး ဆုံးမသွန်သင်လေ့ရှိပါတယ်။ ဒါဟာ ဗုဒ္ဓကိစ္စတစ်ခုပါပဲ။ ဒီတော့ ပါတီပွဲ၊ မိတ်ဆုံစားပွဲ၊ တွေ့ဆုံဆွေးနွေးပွဲလေးကို အဓိပ္ပါယ်ရှိရှိ ကုန်ဆုံးစေချင်တယ်ဆိုရင်တော့ ဦးစီးဦးဆောင် တဲ့လူအနေနဲ့ တာဝန်ရှိပါတယ်။ သောက်ဖို့၊ စားဖို့၊ ပျော်ဖို့၊ ပါးဖို့လောက်တော့ မဖြစ်သင့်။ များသောအားဖြင့်တော့ ဒီလိုပွဲတွေ ဆိုတာ လူငယ်တွေအနေနဲ့ ကျင်းပလေ့၊ ပျော်ပါးလေ့ ရှိကြတယ်။ လူငယ်ဆိုတော့ မဟုတ်မခံချင် စိတ်ကလည်း ရှိပြန်၊ စိတ်လေးကလည်း မာဆတ်ဆတ် ရှိပြန်ဆိုတော့ မူးပြီးလို့ ပုံမှန်စိတ်လေး ပျောက်လာရင် တစ်ယောက်ကိုတစ်ယောက် စကျ၊ နောက်ကျရင်း ရန်ပွဲအသွင်ကို ပြောင်းသွားစေပြီး ကုန်ကျမှုများ အချီးအနှီးဖြစ်စေမယ့် ပွဲမျိုးလောက်တော့ မလုပ်သင့်ပေ။ လူငယ်တွေအနေနဲ့ အပျော်အပါး၊ အပျော်အပျက်ဆိုတာတွေကို သူသူငါငါ လုပ်ချင်ကြတယ်၊ နွှဲချင်ကြတယ်။ ဒါပေမယ့် အထက်က ပြောခဲ့သလို အပျော်လွန်ရင်တော့ ကောင်းတဲ့စိတ်တွေပါးပြီး မကောင်းမှုဆီသို့ ရောက်သွားတတ်တယ်ဆိုတာ၊ နောက် အပျော်လွန်ရင် တော့ ပျက်သွားတတ်တယ် ဆိုတာတွေကို မမေ့ပါနဲ့။ ဘုရားရှင်များကတော့ အထက်ကလို တွေ့ဆုံဆွေးနွေးပွဲ၊ အစည်းအဝေးများမှာ အဓိပ္ပါယ်ရှိတဲ့ ဆုံးမမှုတွေ၊ သွန်သင်မှုတွေနဲ့ ကုန်လွန်စေပါတယ်။ အတုယူစေချင်ပါတယ်။ ရဟန်းတော်များမှ မဟုတ်ပါဘူး၊ လူဝတ်ကြောင်များလည်း အထက်က ဘုရားရှင်တိုင်းဆုံးမခဲ့တဲ့ သွန်သင်မှုမျိုးတွေကို လိုက်နာသင့်ပါတယ်။ အဲဒါတွေ ပြန်ပြီး အကျဉ်းချုပ်ကြည့်မယ်ဆိုရင်။ တစ်ယောက်ကိုတစ်ယောက် ငဲ့ညှာခြင်း၊ သည်းခံခြင်း၊ စောင့်ရှောက်ခြင်း၊ ကူညီဖေးမခြင်း၊ သနားညှာတာမှုရှိခြင်း၊ တစ်ယောက်နဲ့တစ်ယောက် မညှင်းဆဲပါနဲ့၊ မသတ်ဖြတ်ပါနဲ့၊ မပုတ်ခတ်ပါနဲ့၊ မနှိပ်စက်ပါနဲ့၊ မငြင်းခုန်ပါနဲ့၊ ခိုက်ရန်ဒေါသ မဖြစ်ပါနဲ့၊ အခြားသူကိုလည်း မစေခိုင်းပါနဲ့။ ဒါတွေဟာ သူတော်ကောင်းတွေ၊ လူစိတ်ရှိတဲ့ လူကောင်းတွေရဲ့ အလုပ် မဟုတ်ပါဘူး။ နောက်ပြီး ဘာအရေးကိစ္စကြောင့်ပဲဖြစ်ဖြစ် မကောင်းတာမှန်သမျှ မလုပ်ပါနဲ့။ မိမိ သူတစ်ပါး နှစ်ဦးသား အကျိုးရှိမယ့် အလုပ်ကို ဘာမဆို လုပ်ပါ။ စိတ်ကောင်း၊ စေတနာကောင်း ထားပါ၊ နှလုံးသွင်းကောင်းမွန်ပြီး သူကောင်းဆန်ဆန် ပြုမူပါ။ သူတစ်ပါးကို စွပ်စွဲတာတွေ၊ ကဲ့ရဲ့ ရှုပ်ချ၊ ဝေဖန်ပြစ်တင်တာတွေ မလုပ်ပါနဲ့။ သူတစ်ပါး မခံသာတဲ့ အပြုအမူ၊ အပြော အဆိုစတာတွေကို ရှောင်ပါ။ ကိုယ်ကျင့်တရားကောင်းအောင် နေထိုင်ပါ။ အတိုင်းအရှည် ပမာဏကိုလည်း သိပါ။ ဒါတွေဟာ ရဟန်းတော်များမှ မဟုတ်ပါဘူး။ လူသားအားလုံး၊ ဘာသာမတူသူ အားလုံးလိုလို လိုက်နာသင့်တဲ့ အဆုံးအမ၊ သြဝါဒတွေ ဖြစ်ပါတယ်။ ဒါကြောင့် လိုက်နာနိုင်သမျှ လိုက်နာစေချင်ပါတယ်။ နောက် ဒီလိုအကျိုးရှိတဲ့ ဆုံးမမှု၊ သွန်သင်မှု၊ တွေ့ဆုံဆွေးနွေးမှုစတာတွေကို လုပ်ဆောင်သင့်ပါတယ်။ ဒါမှလည်း ပြီးပြည့်စုံတဲ့ ပါတီပွဲ၊ မိတ်ဆုံစားပွဲ၊ တွေ့ဆုံဆွေးနွေးပွဲလေး ဖြစ်သွားပါမယ်။ ဘာပဲဖြစ်ဖြစ် ပါတီပွဲ၊ မိတ်ဆုံစားပွဲဆိုတာ အချိန်ရော၊ ငွေကြေးရော အနည်းနဲ့အများတော့ ကုန်သွားမှာ အမှန်ပါပဲ။ ဒီတော့ အကျိုးမရှိတဲ့ ကုန်ဆုံးမှုမျိုး မဖြစ်စေဖို့ လိုပါတယ်။ စားသောက်၊ ပျော်ပါးလောက်နဲ့ ပြီးသွားရင် ကျင်းပတဲ့ပွဲလေးဟာ မလှပပါဘူး။ အကျိုး မရှိပါဘူး။ သောက်စားပြီး မူးယစ်ကာ တစ်ယောက်ကို တစ်ယောက် ထိုးကြိတ်တာမျိုးတွေကိုတော့ မဖြစ်စေအောင် သတိထား ရှောင်ရှားသင့်ပါတယ်။ လူငယ်တွေအနေနဲ့ တစ်ယောက်ကိုတစ်ယောက် မခံသာအောင်၊ စ နောက်ပြီး။ ရန်ပွဲအသွင်ကို ကူးပြောင်းစေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် ကဲ့ရဲ့၊ ရှုပ်ချ၊ ဝေဖန်ပြစ်တင်တာမျိုး တွေဟာ မကောင်းမှုဆီကို ဦးတည်စေပြီး၊ မဖြစ်သင့်တာတွေကို ဖြစ်ပေါ်စေကာ ဒဏ်ရာအနာတရနဲ့ အဆုံးသတ်ရတတ်ပါတယ်။ ဒါကြောင့် ပြီးပြည့်စုံမယ့် ပါတီပွဲလေး၊ မိတ်ဆုံစားပွဲလေး၊ တွေ့ဆုံဆွေးနွေးလေးဖြစ်အောင် တစ်ယောက်အကျိုးတစ်ယောက် လိုလားပြီး ကျင်းပနိုင်ဖို့ တိုက်တွန်းလိုပါတယ်။ အောက်က အကြောင်းအရာလေးကိုလည်း လက်ဆောင်ပေးလိုက်ပါတယ်။ အတုယူနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ လိုက်နာဆောင်ရွက်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ဘုရားခေတ်က အက္ကောသဘာရဒွါဇ ပုဏ္ဏားတစ်ယောက်ဟာ သူ့ညီကို အကျွတ်တရားရအောင် ဟောပြော၊ ဆုံးမမှု ကြောင့် မကျေမနပ်ဖြစ်ပြီး၊ ဘုရားရှင်ကို ဆဲရေးမှု၊ ရှုပ်ချမှု၊ ဝေဖန် ပြစ်တင်မှု၊ ကဲ့ရဲ့မှု၊ စွပ်စွဲမှု စတာတွေကို နာမခံအောင် ဆဲရေးပါတယ်။ ဒါကို ဘုရားရှင်က ဘာမှ ပြန်မပြောဘဲနဲ့၊ နောက်ဆုံး အားရအောင် ဆဲရေးစေပြီးမှ ဥပမာလေးတစ်ခု ပြောပြပြီး ဆုံးမ သွန်သင်လိုက်ပါတယ်။ '' ပုဏ္ဏားကြီး သင့်အိမ်မှာ ဧည့်သည် လာဖူးလား။ လာဖူးရင် ဧည့်သည်ကို စားသောက်စရာတွေ ချကျွေးဖူးသလား။ အေး အဲဒီလို ဧည့်သည်ကို စားသောက်စရာတွေ ချကျွေးတော့ ဧည့်သည်က အဲဒီ စားသောက်စရာတွေကို မစားဖူးဆိုရင် ဘယ်သူ့အတွက် ကျန်ခဲ့သလဲ။ အေး၊ အဲဒီလိုပါပဲ မင်းက ငါ့ကို ဒေါသနဲ့ ဆဲရေးမှုတွေ လုပ်တယ်။ အဲဒီဆဲရေးမှု တွေကို ငါက ဘာတစ်ခုမှ မတုန့်ပြန်၊ လက်မခံရင်၊ အဲဒီ သင်ဆဲရေးတဲ့ အကုသိုလ်ကံဟာ သင့်အတွက်သာဖြစ်တယ် '' လို့ ပြောဆိုပြီး ဆုံးမ လိုက်ပါတယ်။ ပုဏ္ဏားကြီးလည်း အမြင်မှန်ရကာ ဗုဒ္ဓဘာသာဝင် ဖြစ်လာပါတော့တယ်။ အခြားသူများ၏ အပြစ်ကို မကြည့်ရာ၊ မပြောရာ၊ အခြားသူများ၏ အဆိုပါ ကောင်းမှု၊ မကောင်းမှုကို ပြု၊ မပြုကိုလည်း မကြည့်ရာ။ မိမိ၏ ကောင်းမှု ပြုသည်၊ မပြုသည်ကိုသာ ကြည့်ရာ၏။

မောင်မင်းစိုး၊ရွှေနံ့သာ၊ (နှလုံးအိမ်မဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၂ဝ၁ဝ)