Saturday, June 4, 2011

တန်ပြန်သက်ရောက်မှုများ


စိတ်သည် ဆုံးမရန် အလွန်ခက်၏။ အလွန် လျင်မြန်၏။ ရောက်ချင်ရာ ရောက်တတ်၏။ ထိုစိတ်ကို ယဉ်ကျေးအောင် ဆုံးမနိုင်လျှင် ကောင်း၏။ ယဉ်ကျေးသော စိတ်သည် ချမ်းသာကို ဆောင်နိုင်၏။ (ဗုဒ္ဓ)

သတ္တာနဥှိ နဝနဝမေဝ ပိယံ ဟောတိ- သတ္တဝါဆိုတာ အသစ် အသစ်ကိုသာ ချစ်တယ်။ လိုချင်တယ်။ တပ်မက်တယ်။တောင့်တတယ်။ ပိုင်ဆိုင်ချင်တယ်။ မှန်ပါတယ်။ သူသူငါငါ အသစ်လေးတစ်ခု ဆန်းဆန်းပြားပြား ပေါ်လာပြီဆိုရင် ဒါလေးကို ရချင်ကြတယ်။ ဒီတော့ ရအောင်လုပ်တယ်။ ဆိုပါတော့ မိမိအဖြစ်ကိုပဲ ပြောပါ့မယ်။ အစကတော့ ကွန်ပျူတာလေး စာစီ၊ စာရိုက် လုပ်လို့ရရင် တော်ပြီပေါ့ဆိုပြီး အစုပ်လေးတစ်လုံး ဝယ်လိုက်တယ်။ ဒါပေမယ့် စိတ်က ဒီမှာ ရပ်တန့်မနေခဲ့ဘူး။ ရောင့်ရဲ မနေခဲ့ဘူး။ ဒါကြောင့် ငါးလုံးတိတိ အလဲအလှယ်လုပ်ရင်း နောက်ဆုံးပေါ်ဆိုတာအထိ ကိုင်ချင်လာခဲ့တယ်။ ဒီလိုနဲ့ အသစ်တွေဟာ လူတွေရဲ့ စိတ်တွေကို ဆွဲငင်လာခဲ့တယ်။ ဒီတော့ ဒီအသစ်တွေနောက် လိုက်ကျရင်း မောပန်ခဲ့ကြရတယ်။ လူ့စိတ်ဆိုတာ သိတဲ့အတိုင်း ရလေ လိုလေ အိုတစ္ဆေ ဆိုတဲ့အတိုင်းပါပဲ။ လိုချင်တာတွေက များ။ များသလောက် လိုက်။ လိုက်တော့ ပင်ပန်းရတာပေါ့။ ဆုံးမဖို့ ခက်ခဲတဲ့ စိတ်ရဲ့ အလိုဆန္ဒတွေကို ပြည့်စေဖို့ လိုချင်မှုတွေဟာ ဘဝကို ရစ်နှောင်လာတယ်။ ရှောင်ကွင်းသွား လို့ ရပေမယ့် ဒါကို တည့်တည့်တိုးပြီး ဝင်ရောက်ကြတယ်။ မဆုံးနိုင်တဲ့ ဆာလောင်မှုတွေဟာ တစ်နေ့နဲ့တစ်နေ့ မတူဘဲ ပိုပိုလာတယ်။ လှတာလေး လိုချင်တယ်။ ကောင်းတာလေး လိုချင်တယ်။ ဒါကိုပဲ လူ့ဘဝရဲ့ တပ်မက်မှုများလို့ ခေါင်းစဉ်တပ် လိုက်ကြတယ်။ ဒီခေါင်းစဉ်အောက်မှာ မူးဝေနေရင်း လိုက်ခဲ့ကြတဲ့ အလိုမပြည့်မှုတွေဟာ တစ်နေ့တစ်ခြား များပြား လာခဲ့တယ်။ ဒါကိုပဲ အဖော်အဖြစ် ထားခဲ့ကြတယ်။ အဖော်နဲ့ ပျော်စရာတွေ ရှိခဲ့သလို၊ ဒုက္ခတွေလည်း ဝေခဲ့ပါတယ်။ ယံပိစ္ဆံ နလဘတိ တမ္ပိ ဒုက္ခံ-လို့ ဗုဒ္ဓက ဓမ္မစကြာဒေသနာတော်မှာ လိုတာ မရခြင်းသည် ဒုက္ခဆိုပြီး ဟောတော်မူခဲ့ပါတယ်။ လို၍မရသော ဆင်းရဲပေါ့။ ဟုတ်ပြီ။ ဒီလိုဆိုရင် လူသားတွေ ဘာတွေ လိုချင်ကြတာလဲ။ ဘာတွေ လိုအပ်နေပါသလဲ။ စစ်တမ်းတစ်ခု သူငယ်ချင်းတွေ ကို ကောက်ကြည့်တဲ့အခါ။ လွတ်လပ်မှုကို လိုချင်တယ်။ တရားမျှတမှုကို လိုချင်တယ်။ စာနာ နားလည်မှုကို လိုချင်တယ်။ မေတ္တာတရားကို လိုချင်တယ်။ သနား ကြင်နာမှု ကရုဏာတရားကို လိုချင်တယ်။ တစ်ဦးကို တစ်ဦး လေးစားယုံကြည်မှု၊ တန်ဖိုးထားမှု၊ ဗိုလ်ကျစိုးမိုးမှုမရှိတာတွေကို လိုချင်တယ်။ ဒီတော့ ဒီလိုချင်မှုတွေနဲ့ ကမ္ဘာ့မြေပေါ်မှာ လိုချင်တာမရတော့ တစ်ဦးကို တစ်ဦင်္း၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပဋိပက္ခတွေနဲ့ နပန်းလုံးကြရတော့တယ်။ ဒီလိုနဲ့ပဲ လို၍မရသော ဆင်းရဲတွေက တန်းစီ လိုက်လာပါတော့တယ်။ တောင်းဆိုမှုတွေ အမျိုးမျိုး လုပ်လာကြတယ်။ တောင်းဆိုမှုတွေ မရတော့ ဆင်းရဲမှုတွေ ပင်လယ်ဝေလာကြတော့တယ်။ ဆင်းရဲတွင်းကနေ ရုန်းမထွက်နိုင်တာတွေ ဖြစ်လာတော့တယ်။ ဆင်းရဲမှု ပင်လယ်ထဲ လက်ပစ်ကူးရင်း အားမာန်နဲ့ ဆက်ပြီး ကူးနေကြတော့တယ်။ ဒီဆင်းရဲတွင်းထဲကိုပဲ ခုန်ပြန်ကျော်လွှား ကူးခတ်ရင်း ဆင်းသွားနေခဲ့ကြတယ်။ ဘာကြီးအောင် ညာသလို လိမ်ညာမှုတွေနဲ့ ခရီးဆက်နေကြရင်း မျက်စောင်းတွေ ထိုးလာတယ်။ တိုက်ခိုက်မှုတွေ လုပ်လာတယ်။ ရန်ပြုမှုတွေ ဖြစ်လာတော့တယ်။ ဒါတွေဟာ လိုချင်တာ မရခြင်းရဲ့ အဓိက ဆိုးကျိုးတွေအဖြစ် ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ ဒီဆိုးကျိုးတွေရဲ့ နောက်ကွယ်က ပုံရိပ်တွေဟာလည်း မတွေ့ဝံ့စရာတွေ ဖြစ်လာပါတော့တယ်။ မတရားတွေ၊ တရားတာတွေ မသိတော့ဘူး။ လုပ်သင့်တာတွေ၊ မလုပ်သင့်တာတွေ ဝေခွဲမနေတော့ဘဲ လောဘမီး၊ ဒေါသမီးတွေရဲ့ လောင်မြိုက် ခြင်းကို ခံစားကြရပြီး၊ စိတ်တွေဟာ ကိလေသာ မီးတွေရဲ့ ရှို့မြိုက်မှုတွေကနေ တမြေ့မြေ့လောင်ကျွမ်း သွားပါတော့တယ်။ စစ်မက်ဒဏ်တွေ ကျလာတယ်။ စစ်မီးလျှံတွေအောက်က ဒူးထောက်နေရတဲ့ အပြစ်မဲ့ သားကောင်းတွေအဖြစ် လူသားတွေ ပူလောင် ခံစား နေကြရတော့တယ်။ ကြောက်စရာကောင်းတဲ့ ဂြိုလ်ဆိုးတွေရဲ့ အမွှေအနှောက်ကို ခံရပြီးတဲ့နောက်မှာတော့ အစိပ်စိပ်အမွှာမွှာ ပြိုကွဲလာပါတော့တယ်။ ဒါတွေဟာလည်း လို၍မရသော ဆင်းရဲပဲ မဟုတ်လား။ သတ္တဝါဆိုတာ မိမိ ပြုလုပ်ခဲ့တဲ့ ကံတွေကနေတဆင့် လူ့ဘဝကြီးကို ရောက်ရှိလာခဲ့ကြတယ်။ မိမိ လုပ်ခဲ့တဲ့ ကံအား လျော်စွာပဲ အခြားမဲ့ကာလ နောက်ဘဝတွေမှာ လားရောက်ကြရမယ်။ ဒီလို သိဖို့လိုတယ်။ သိရင် သိတဲ့အတိုင်း ကျင့်ကြံ၊ ကြိုးစား၊ အားထုတ်ပြီး ကောင်းမှုတွေနဲ့ လူသားဆန်တဲ့ လမ်းကို လျှောက်လှမ်းနိုင်ဖို့ လိုပါတယ်။ အတ္တနော ကမ္မေန အာဂန္တွာ- အတ္တနော ကမ္မေနေဝ ဂမိဿတိ-ကိုယ်ပြုသော ကံဟာ တစ်နေ့ ကိုယ့်ထံပြန်လာမယ်။ ဒါဟာ အရေးကြီးပါတယ်။ ဒါသည်ပင်လျင် တန်ပြန် သက်ရောက်မှုအား ဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ အတိတ်ရဲ့ အရိပ်တွေဆိုတာ လွှမ်းမိုးခံရတတ်ပြီး။ မိမိပြုထားတဲ့ မကောင်းတဲ့ အာရုံဆိုးတွေရဲ့ ယိုးမယ်ဖွဲ့မှုတွေကို ခံရတတ်တယ်။ ဒါကြောင့် လူသားဆန်တဲ့ အပြုအမူကို ပြုမူပါ၊ ပြောဆိုပါ၊ ဆက်ဆံပါ၊ ဆောင်ရွက် ပြုလုပ်ပါ။ ဒါမှသာလျင် လူ့အဖွဲ့စည်းကြီးတစ်ခုလုံး ချမ်းအေးသာယာလာပြီး ချမ်းသာသုခတွေ ထွေးပိုက်လာပါလိမ့်မယ်။ ဘုရားရှင် ဝါ(၂ဝ)အတွင်းမှာ အမြဲတန်း မိမိကိုယ်ပြုစု လုပ်ကျွေးတဲ့ ဥပဋ္ဌာကရဟန်းဆိုတာ မရှိပါဘူး။ နာဂသမာလ၊ နာဂိတ၊ ဥပဝါန၊ သုနက္ခတ္တ၊ စုန္ဒ၊ သာဂတ၊ ရာဓ၊ မေဃိယ စသဖြင့်ပေါ့။ ဒီထဲက ဘုရားရှင်ကို ပြုစုလုပ်ကျွေးဖူးတဲ့ အရှင်မေဃိယ အကြောင်းလေးကို အနည်းငယ်ပြောပြလိုပါတယ်။ မြတ်စွာဘုရားရှင် စာလိကာမြို့အနီး စာလိကာ တောင်ပေါ်ကျောင်း ဝါကပ်စဉ်အခါက။ ဇန္တုကရွာကို ဘုရားရှင်နဲ့အတူ အရှင်မေဃိယ ဆွမ်းခံလိုက်ခဲ့ပါတယ်။ ဆွမ်းကိစ္စပြီးတော့ တိမိကာလာမြစ်ကိုြ<ွကရောက်ကြတယ်။ အဲဒီမြစ်ရဲ့ အနီးမှာ ပျော်မွေ့ဖွယ်ကောင်းတဲ့ သရက်ဥယျာဉ်ကို အရှင်မေဃိယတွေ့တယ်။ အရှင်မေဃိယဟာ ဒီဥယျာဉ်မှာ နေချင်စိတ်ပေါက် လာပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ဘုရားရှင်နဲ့ ပြန်မလိုက်တော့ဘဲ ဒီသရက်ဥယျာဉ်မှာပဲ တရားအားထုတ်ပြီး နေခဲ့ချင်စိတ် ဖြစ်ပေါ်လာတော့ ဘုရားရှင်ကို တောင်းပန်ပြီး နေခဲ့ဖို့ ပြောပါတယ်။ ဒါကို ဘုရားရှင်က တားမြစ်ပါတယ်။ '' ချစ်သား မေဃိယ၊ သင်ဟာ ငါဘုရားရှင်ရဲ့ အလုပ်အကျွေး ရဟန်းဖြစ်ပါတယ်။ သင် သွားမယ်ဆိုရင်တော့ ငါတစ်ပါးတည်း ကျန်ရစ်ခဲ့လိမ့်မယ်။ အခြား ရဟန်းတစ်ပါးလောက် လာအောင် စောင့်ပါဦး'' ဆိုပြီး။ ဘုရားရှင်က တားတယ်။ ဒါပေမယ့် မေဃိယက သဘောမတူဘူး။ ပြန်မလိုက်နိုင်ဘူးပေါ့။ ပြောမရတဲ့ အဆုံးမှာတော့ မင်းသဘောဆိုတဲ့ အနေနဲ့ ဘုရားရှင် ခွင့်ပေးလိုက်တယ်။ ဒီလိုနဲ့ အရှင်မေဃိယလည်း အဲဒီမှာ ကျန်ရစ်ခဲ့ပြီး ရဟန်းတရား အားထုတ်မယ်လုပ်ပြီး၊ ကျောက်ဖြာပေါ် ထိုင်လိုက်တယ်။ တရား အားထုတ်တယ်။ ဒါပေမယ့် သူ့သန္တာန်မှာ တရားဆိုတာ ပေါ်ထင်လာမှု မရှိဘဲ၊ ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက် ဆိုတဲ့ မကောင်းတဲ့ အကုသိုလ် ဝိတက်တွေကပဲ ကြီးစိုးနေခဲ့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့အနေနဲ့ ဒီသရက်ဥယျာဉ်မှာ ပြည့်ရှင်မင်းဘဝနဲ့ ဘဝပေါင်း ငါးရာတိုင်တိုင် စိုးစံနေထိုင်ခဲ့ဖူးတယ်။ ဒီတော့ အဲဒီဘဝပေါင်းများစွာ ခံစားခဲ့တဲ့ ကာမအာရုံတွေက အရိပ်သဖွယ် လိုက်လာပြီး ထင်ပေါ်လာခဲ့တယ်။ ကချေသည်မများရဲ့ ပျော်တော်ဆက်အဖြစ်တွေ၊ ထီးဖြူးဆောင်းပြီး ဟန်ပြမာန်ြ<ွက နေထိုင်ခဲ့မှုစတဲ့ ကာမဝိတက်တွေ ဖြစ်ပေါ်လာတယ်။ မင်းအဖြစ်တုန်းက တိုင်းပြည်အုပ်ချုပ်တဲ့အခါ သူခိုး၊ ဓားမြစတဲ့ ရာဇဝတ်မှု ကျူးလွန်းသူတွေကို သတ်သင့်တဲ့ လူကို သတ်စေခိုင်းခဲ့တဲ့ ဖြစ်စဉ်တွေကလည်း ထင်ပေါ်လာခဲ့တယ်။ ဒါတွေကတော့ ဗျာပါဒဝိတက်ပေါ့။ ဒီလို အကုသိုလ် ဝိတက်တွေ ဟာ တစ်ခုပြီးတစ်ခု ထင်ပေါ်လာတော့ ရဟန်းတရား အားထုတ်ရတာ ဘဝင်မကျတော့ဘူးပေါ့။ ဒီလို အကုသိုလ်ဝိတက်တွေ ထင်ပေါ်လာတော့ ဝိပဿနာဆိုတာတွေ တက်မလာဘူး။ သမာဓိဆိုတာတွေ ထူထောင်လို့မရတော့ဘူး။ ဘုရားရှင် ဟောကြားခဲ့ တဲ့ ဝေနေယျစရိုက်အားလျော်စွာ ကျင့်ကြံအားထုတ်ရမယ့် တရားဆိုတာတွေဟာ အလိုလို ပျောက်နေခဲ့တယ်။ ဒါကြောင့် အပြုသဘောဆောင်တဲ့ ဘုရားရှင်ရဲ့ ဆုံးမမှု၊ သွန်သင်မှုတွေကို နောင်တ ရလာတယ်။ ဒီတော့ ရဟန်းတရား အားထုတ်လို့မရတဲ့ အဆုံးမှာတော့ ဘုရားရှင်ထံကို ပြန်လာခဲ့တယ်။ '' ချစ်သား ငါဘုရား မင့်ကို အတန်တန် တားမြစ်ခဲ့တယ် မဟုတ်လား။ ရဟန်းဆိုတာ စိတ်ရဲ့ အလိုကို လိုက်ဖို့ မသင့်ဘူး။ စိတ်ကိုသာ မိမိရဲ့ အလိုသို့ လိုက်စေရမယ် '' ဆိုပြီး၊ အရှင်မေဃိယကို တရားစကား ဟောကြားလိုက်ပါတယ်။ စိတ်ဆိုတာ အာရုံခြေားပါးတို့မှာ ပြေးသွားတတ်တယ်။ အာရုံတစ်ခုတည်းမှာ ကြာကြာ မနေတတ်ဘူးး လျှပ်ပေါ် လော်လီတတ်တယ်။ သင့်တော်တဲ့ အာရုံပေါ်မှာ ထားမရဘဲ ဖြစ်နေတတ်တယ်။ စောင့်ရှောက်ဖို့ ခက်ခဲတယ်။ လေးသမားဟာ ကောက်နေတဲ့ မြားကို မီးမြိုက်ပြီး ဖြောင့်အောင် လုပ်သလို ယောဂီပုဂ္ဂိုလ်ဟာလည်း မိမိရဲ့ စိတ်ကို အလိုအတိုင်း ဖြစ်အောင် လုပ်ဖို့လိုတယ်။(ဗုဒ္ဓ) အထက်က ပြောခဲ့သလို လိုချင်တာတွေ တွေ့တော့ တောင့်တ၊ လိုချင်တယ်။ တပ်မက်တယ်။ တွယ်တာတယ်။ ဒါကြောင့် မရ ရအောင် ကြံဆောင်တယ်။ ပြုမူတယ်။ လုပ်ဆောင်တယ်။ တရားတာတွေ၊ ဘာတွေ ပဓာနမထားတော့ဘဲ၊ လုပ်သင့်၊ မလုပ်သင့်တာထက် မိမိ လိုချင်တပ်မက်မှု အလိုဆိုးနောက်ကို လိုက်ပြီး ပြုမူ၊ လုပ်ဆောင်တော့တယ်။ ဒီတော့ မတရားမှုကြောင့် ဒီမတရားမှုရဲ့ အရိပ်ဆိုးတွေဟာ ဒီဘဝတင်မကဘဲ နောင်လာမယ့် ဘဝများစွားအထိ ရောင်ပြန်ဟပ်လာတော့တယ်။ ဒီတော့ မကောင်းမှုတွေဟာ အရိပ်သဖွယ် လိုက်လာပြီး၊ စွဲလန်းမှု သံယောဇဉ်တွေ၊ ဥပါဒါန်တွေဟာ မိမိကိုယ် အနိုင်ယူသွား တော့တယ်။ မကောင်းမှုတွေဟာ သက်ရောက်မှုသဘောအရ မကောင်းကျိုးတွေကို ဖြစ်စေတော့ပါတယ်။ တိုးတက်ပြောင်းလဲ လာတာနဲ့အမျှ ဒီတိုးတက်မှုတွေနောက် လိုက်ပါကြရင်း၊ မကောင်းမှုတွေကို ရဲရဲကြီး လုပ်လာကြတော့တယ်။ မကောင်းမှု လုပ်ရမှာ မကြောက်ကြတော့ဘူး။ ဆိုးကျိုးအနေနဲ့ကတော့ တန်းစီလိုက်ပါလာတော့တယ်။ အန္တရာယ်မျိုးစုံကနေ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ကြပြီး၊ စိတ်ဆင်းရဲမှုတွေဟာလည်း ဒေါသတွေ၊ အာဃာတတွေကနေတဆင့် ကမ္ဘာ့မျက်နှာပြင်တစ်ခုလုံးကို အကုသိုလ်မှိုင်းတွေနဲ့ အတိုက်ခံလိုက်ရတော့တာပါပဲ။ လူသားများဟာ တခဏတာ လူ့အဖြစ်ကို ရောက်ရှိလာတဲ့ အခိုက်အတန့်လေးမှာ လူသားဆန်တဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်တွေနဲ့ ကြီးပြင်းသွားကြဖို့၊ ရွက်လင့် ထွက်ခွါကြဖို့ လိုပါတယ်။ ဒါမှသာလျင် ကမ္ဘာကြီးဟာ စစ်မီးလျှံတွေ၊ နှိပ်စက် ညှင်းပန်းမှုတွေကနေ သွေဖယ်ပြီး ချမ်းသာတဲ့ ကမ္ဘာကြီးအဖြစ်နဲ့ ဆက်လက်ရှင်သန် သွားနိုင်မှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ရင်တော့ သဘာဝ ဘေးအန္တရာယ်ပေါင်းစုံရဲ့ နှောက်ယှက်မှု၊ အချင်းချင်း တုန့်ပြန်တိုက်ခိုက်မှုဆိုတာတွေဟာ တစ်နေ့တစ်ခြား ဖြစ်ပေါ်လာဦးမယ်ဆိုတာပါပဲ။ စိတ်သည် ဆုံးမရန် အလွန်ခက်၏။ အလွန် လျင်မြန်၏။ ရောက်ချင်ရာ ရောက်တတ်၏။ ထိုစိတ်ကို ယဉ်ကျေးအောင် ဆုံးမနိုင်လျှင် ကောင်း၏။ ယဉ်ကျေးသော စိတ်သည် ချမ်းသာကို ဆောင်နိုင်၏။-ဆိုသလို ဆုံးမရန်ခက်ခဲတဲ့ စိတ်ကို မိမိကသာ အနိုင်ယူပြီး၊ စိတ်အလိုသို့မလိုက်ဘဲ၊ မိမိရဲ့အလိုသို့သာ စိတ်ကိုလိုက်စေဖို့ လိုပါတယ်။ အဲဒီလို စိတ်ကို ဆုံးမနိုင်ရင်တော့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဟာ တောက်ပလာပါလိမ့်မယ်။ ဖြူစင် သန့်ရှင်လာပါလိမ့်မယ်။ မေတ္တာဓာတ်တွေ ဖြန့်ဝေပြီး တစ်ဦးကိုတစ်ဦး စာနာ နားလည်လာပါလိမ့်မယ်။ ယဉ်ကျေးတဲ့စိတ်ကပဲ ကမ္ဘာလောကကြီးကို ချမ်းသာသုခသို့ ပို့ဆောင်နိုင်ပါလိမ့်မယ်။ သတ္တာနံ ဟိ သုခမ္ပိ ဒုက္ခမ္ပိ အာဂန္တုကမေဝ န နိစ္စပဝတ္တံ-တဲ့။ ချမ်းသာသုခ၊ ဆင်းရဲဒုက္ခဆိုတာ သတ္တဝါတွေ အနေနဲ့ အမြဲတန်း ဖြစ်ပေါ်နေမှာ မဟုတ်ပါဘူး။ အာဂန္တုဆိုတဲ့ ဧည့်သည်သဘောမျှတာ ဖြစ်ပါတယ်။ အမြဲတန်းဆိုသလို ချမ်းသာတဲ့လူဟာ ချမ်းသာနေမှာ မဟုတ်သလို၊ အမြဲတန်းဆိုသလို ဆင်းရဲတဲ့ လူဟာလည်း ဆင်းရဲနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ချမ်းသာတဲ့ လူတွေကလည်း ငါချမ်းတယ်။ ဘာမဆို လုပ်လို့ရတယ်ဆိုတဲ့ စိတ်မမွေးပါနဲ့။ မမြဲဘူးဆိုတာ သိပါ။ ဆင်းရဲသူတွေကလည်း ငါ့မှာတော့ ဆင်းရဲလိုက်တာဆိုပြီး စိတ်ဓာတ် မကျပါနဲ့။ နောက် ဒီဆင်းရဲမှုကနေ လွတ်မြောက်ဖို့ဆိုပြီး သူတစ်ပါးကို နိုင်ထက်ပြုကျင့်မှုတွေကနေ တဆင့် မတရားတဲ့ သူတစ်ပါး မျက်ရည်ကျမယ့် အလုပ်တွေ လုပ်ပြီး၊ လိုချင်မှုတွေနောက် လိုက်မသွားမိဖို့ လိုပါတယ်။ ဒီလိုဆိုရင်တော့ အထက်က ပြောခဲ့သလို ကောင်းတာလုပ်တဲ့လူအနေနဲ့ ကောင်းကျိုးချမ်းသာဆိုတဲ့ ကောင်းမွန်တဲ့ တန်ပြန်သက်ရောက်မှု၊ မကောင်းတာလုပ်တဲ့ လူတွေအနေနဲ့လည်း မကောင်းမှုဆိုတဲ့ ဆိုးကျိုးဆိုတဲ့ တန်ပြန်သက်ရောက်မှုတွေဟာ မိမိနောက်ကို အရိပ်ပမာ လိုက်နေ မယ်ဆိုတာပါပဲ။

မောင်မင်းစိုး၊ရွှေနံ့သာ