Thursday, August 7, 2008

ရှစ်လေးလုံး အရိပ်မည်း


အနှစ်နှစ်ဆယ်ဆိုတာ ဒီနေ့ပဲ
အတိတ်တစ္ဆေတွေ ခြောက်လှန့်နေရင်း
အာဏာရှင်များရဲ့ ကြမ်းတမ်းရက်စက်မူများ
တစတစ ပိုမိုကြီးထွားလာနေခဲ့တယ်။

အစားပြန်မရဘဲ ငွေဖြူတွေကိုငွေမည်းလုပ်လို့
ပြည်သူတွေကို နှိပ်စက်ခဲ့တယ်။
မောင်ဖုန်းမော်နဲ့ကျောင်းသားများစွာကို သတ်ဖြတ်လို့
ရှစ်လေးလုံးဟာ ရုပ်လုံးကြွခဲ့တယ်။

လူတွေကို ပေါ်တာထုတ်ရင်း ညှင်းဆဲခဲ့
လူသားတွေကို မိုင်းရှင်းကရိယာအဖြစ် အသုံးပြုခဲ့
ရဟန်းသံဃာတော်များ၊ ဆရာဝန်များ
သူနာပြုများ၊ ၀န်ထမ်းများ
ကျောင်းသားများ၊ ပြည်သူများ
ထောင်တွင်းအကျဉ်းချလို့
အသတ်ခံခဲ့ရ၊ နှိပ်စက်ခံခဲ့ရ၊ ရိုက်ပုတ်ခံခဲ့ရ
ရက်စက်မှု ကန်းကုန်အောင်ကျင့်လို့
ကျောင်းသူများကို အဓမ္မပြုကျင့်ခဲ့ရင်း
ရှစ်လေးလုံးဟာ ပိုမိုရက်စက်ကြမ်းကြုတ်လာခဲ့တယ်။

ကျောင်းသား သမဂ္ဂ အဆောက်ဦးကို ဖြိုခွဲလို့
တစ်ပါတီအာဏာရှင်စနစ်ဟာ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့
လက်ရဲဇက်ရဲ လူသတ်သမားတွေဖြစ်လာခဲ့တယ်။

အကြောက်တရားနဲ့ ဖိနှိပ်ရင်း
လူတွေကို ညှာတာစိတ်ကင်းမဲ့လာခဲ့တယ်။

ဒီလိုနဲ့
မိုက်ရူးရဲဆန်တဲ့ စနစ်ဆိုးကြီးအောက် ပြားပြားမှောက်ရင်း
ဒီပဲယင်းလူသတ်မှုတွေ
စက်တင်ဘာ လူသတ်မူတွေကို
ဗြောင်ကျကျ ကြူးလွန်းလာခဲ့ရင်း
ပြည်သူတွေရဲ့သွေးတွေ အခုထိမခမ်းခြောက်သေးဘူး။

အာဏာရှင်စနစ်ဆိုးရဲ့ ၀ပ်ကျဉ်းထဲ
ဘ၀တွေ ယဇ်ပူဇော်ခံရရင်း
ရှစ်လေးလုံးရဲ့ အရိပ်မည်းကြီးဟာ
အခုထိခြောက်လှန့်နေဆဲ။

ကြောက်စိတ်တွေဖျောက် လမ်းတွေလျှောက်လို့
အာဏာရှင်တော်လှန်ရေး သွေးအေးလို့မဖြစ်ဘူး။
ဆာ့ဒ်တွေ၊ပိုလန်ပြည်သူတွေ၊ချီလီတွေကို အတုယူပါ
ဒိန်းမတ်၊အာဖရိက၊အိန္ဒြိယတွေကို အားကျပါ
မျက်စေ့ဖွင့် နားစွန့်ရင်း
လက်တစ်ဆုတ်စာ အာဏာရူးတွေကို
တွန်းလှန်ကြဖို့လိုတယ်။

အာဏာရှင်ဆိုတာ လွယ်လွယ်နဲ့ဖြုတ်ချလို့ မရဘူး
လက်တွေရဲရင့်ဖို့လိုတယ်
ခြေတောက်တွေ သန်မာဖို့လိုတယ်
အတွေးတွေ စူးရှဖို့လိုတယ်
ဓမ္မကိုအနိုင်ယူသွားတဲ့ အဓမ္မဆိုတာ
ဘယ်တော့မှ မရှိခဲ့သလို
ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး။

ငါတို့အားလုံး
သွေးချင်းနီးလို့၊လက်ချင်းဆက်လို့
မနက်ဖန်ဆိုတာ
အာဏာရူးတွေရဲ့ နိဂုံးပဲ။

(အနှစ်နှစ်ဆယ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံကို ဂုဏ်ပြုပါသည်)
ရာဇာစိုး၊ ရန်ကုန်။

Monday, August 4, 2008

အခြေအနေအရ နေထိုင်ခြင်း

ပျောက်ဆုံးနေတဲ့ စိတ္တဇပန်းချီကားများ

နေ့လည်ခေါင်မျာလမ်းလျောက်ရတာမောတယ်

ဘ၀သစ်ကို စတင်ခြင်း

တမြေ့မြေ့ကြီးထွားလာတဲ့ အကျင့်ပျက်ကို လက္ခံဖို့ရန်

ညင်းဆိုခဲ့တယ်

ရယ်မောဖို့ ဖြစ်တည်လာသောအတွေးများနဲ့

ဒဏ်ရာရင့်လာတာကို ကြိုဆိုခဲ့တယ်

တစ်နေ့ပြီးသွားမယ်ဆိုတာ သိရဲ့သားနဲ့

အဆုံးကို ကြောက်ရွံ့နေတာဟာလဲ

လူ့ဘ၀ရဲ့အရသာလို့သိခဲ့တယ်

ဖြစ်ချင်တိုင်းဖြစ်ခွင့်ရတဲ့ ကုသိုလ်မျိုး မလိုချင်ဘူး

လူသေတိုင်း အော်ဟစ်ငိုကြွေရတဲ့ ဘ၀ကိုကြောက်တယ်

လူ့ဘ၀ဆိုတာ လုနေရတဲ့ဘ၀ဆိုတော့

အနာဂတ်မှာ အနာတွေရပ်တန့်သွားအောင်

လုပ်နေရတယ်

အဝေးက နေရောင်ခြည်ဟာ

ရင်ညွန့်ထဲ ထိုးကျမလာဘူး

ထတောက်နေတဲ့ မီးလျှံကို မသေစေနဲ့

လမ်းလျှောက်ရင်း လမ်းပျောက်နေတဲ့ဘ၀တွေကို

လမ်းမဖျောက်ပစ်ရင်ကောင်းမယ်

ဥပါဒ်ဖြစ်နေတဲ့ အစာတွေပဲ စားနေရတော့

ရောဂါတွေပဲ ရနေခဲ့တယ်

ပျောက်ဆုံးနေတဲ့ တက်မက်မှုတွေကို

ရှာဖွေရင်း

ရေကြည်ရာ မြက်မနုခဲ့ဘူး

အလင်းနှစ် သန်းတစ်ထောင်ဆိုပေမဲ့

အမှောင်တွေပဲ ကြီးစိုးနေခဲ့တယ်

အမှန်သိမြင်ဖို့ အမှန်တွေလိုအပ်တယ်

စစ်ကို စစ်နဲ့ တုန့်ပြန်ဖို့ မဖြစ်ဘူး

ဆိုတော့

လွင့်နေတဲ့ စိတ်တွေ စုစည်းလိုက်တယ်

အခြေအနေအရ နေထိုင်ရပေမယ့်

အခြေအနေတွေ မချေဖျက်နိုင်သေးဘူး

ဝိပဿနာ ပညာမဲ့နေတဲ့ စိတ္တဇနာမ်ဟာ

ဘယ်တော့မှ အကောင်းမမြင်ဘူးဆိုတာ မှန်တယ်

အလိုမပြည့်တိုင်း ဒုက္ခဖြစ်တယ်ဆိုရင်

ဒုက္ခဖြစ်တိုင်း အလိုမပြည့်ဘူးပေါ့

ဒီတော့

စိတ်နာတယ်ဆိုလည်း

နာနေတဲ့ စိတ်တွေ မကုသချင်တော့ဘူး

လေဟာနယ်မှာ

မမြင်ရတဲ့ အသံတွေကြားနေရတယ်

ကုစားလို့မရတဲ့ ရောဂါများ

အော်ဟစ်လို့ မရတဲ့ ဆာလောင်မှုများ

ဖော်ပြလို့မရတဲ့ ဒဏ်ရာများ

ရေးဆွဲလို့မရတဲ့ ပန်းချီကားများ

တွန်းလှန်လို့ မရတဲ့ ဝေဒနာများ

ပြောဆိုလို့မရတဲ့ စကားလုံးများ

ပျံသန်းလို့မရတဲ့ အတောင်ပံများ

နေထိုင်းခြင်းမှာ စည်းတွေ ရှိခဲ့တယ်။

ဘ၀ကို ခေါစာချကျွေးရင်းတောင်

ဘယ်ခွေးလေခွေလွင့်ကမှ လာစားမှာမဟုတ်ဘူး

အဲဒီလို ကျိန်စာသင့်နေတဲ့ဘ၀ဟာ

ကမ္ဘာမြေပေါ်မှာ

အခြေအနေအရ နေထိုင်ခဲ့ရပါတယ်။ ။

(၂၀၀၈-မတ်-ပျော်ပျော်ရွှင်ရွှင်-စိစစ်ရေးထိ)

မောင်မင်းစိုး (ရွှေနံ့သာ)