Wednesday, February 3, 2021

မရှိအရှင်သို့ ဦးညွတ်ခြင်း



    ''ငါ့ရှင် အနုရုဒ္ဓ၊ 'ငါသည်တစ်ထောင်သော လောကဓာတ်ကို မြင်နိုင်တယ်'ဆိုပြီး ကြံနေတဲ့အကြံဟာ၊ သင့်အား မာနကို ဖြစ်ပွားစေတယ်''

    အရှင်အနုရုဒ္ဓါသည် မြတ်စွာဘုရားရှင်၏ ညီ၀မ်းကွဲတော်စပ်သူ ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ ဦးရီးတော်ဖြစ်သည့် သုက္ကောဒနမှ မွေးဖွားသည်။ မဟာနာမဆိုသည့် အစ်ကိုတစ်ယောက် ရှိသည်။ အဆင်းလှသည်။ ဘုန်းကံကြီးမား သည်။ နူးညံ့သိမ်မွေ့သည်။ မြတ်စွာဘုရားရှင် ကပိလ၀တ်နေပြည်တော်မှ မလ္လာပြည်သို့ ဒေသစာရီကြွချီစဉ် အနုပိယတောအုပ်တွင် သီတင်းသုံးနေခိုက် ကပိလ၀တ်၏ဘုရင် ဖထွေးတော် သုဒ္ဓေါဒနမင်း၏ တိုက်တွန်းချက်အရ ဘဒ္ဒိယ၊ အာနန္ဒာ၊ ဘဂု၊ ကိမိလ၊ ဒေ၀ဒတ္တ၊ ဥပါလိ(ဆတ္တာသည်)တို့နှင့်တူ လောကီစည်းစိမ်တွေကို ပယ်စွန့်လျက် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ကြသည်။ ထိုစဉ် သကျသာကီ၀င်မင်းမျိုးတို့ကို မာန်ကို ချိုးလိုသည့်အတွက် မိမိတို့သည် မင်းမျိုးဟူသော အမှတ်ဖြင့် မောက်မာမှုမဖြစ်စေရန်အတွက် မိမိတို့၏ အလုပ်အကျွေးဖြစ်သည့် ဆံပင် မုတ်ဆိတ်စသည် ရိတ်ပေးရ၊ ညှပ်ပေးရသည့် ဆတ္တာသည် ဥပါလိကို အရင်ဦးဆုံး ရဟန်းပြုခိုင်းပြီး မိမိတို့က နောက်မှ ရဟန်းပြုသည်။ အဘယ့်ကြောင့်ဆိုသော် သာသနာတော်၌ ဝါကြီးသူကို ဝါငယ်သူက ရှိခိုးရသည်။ မည်သည့် ဇာတ်+အာဏာ+ဂုဏ်ဝါစသည်တို့ဖြင့် လွှမ်းမိုး၍မရ။ ဤအချက်သည် သာသနာတော်၏ လေးစား အတုယူစရာ ကောင်းသည့် အချက်တစ်ခု ဖြစ်သည်။

    ထိုအနုပိယတောအုပ်မှာပင် ဝါတွင်း၌ ဘဒ္ဒိယမထေရ် ရဟန္တာဖြစ်သည်။ အနုရုဒ္ဓမထေရ် ဒိဗ္ဗစက္ခု အဘိညာဉ်ကို ရသည်။ အရှင်ဒေ၀ဒတ်သည်ကား သမာတ်ရှစ်ပါးနှင့် ဣဒ္ဓိဝိဓအဘိညာဉ်ကို ရသည်။ အရှင်အာနန္ဒာ သည် သောတာပန်ဖြစ်သည်။ အရှင်ကိမိလနှင့် အရှင်ဘဂုတို့သည် နောင်သောအခါမှ ရဟန္တာဖြစ်သည်။ ဆတ္တာသည် ဥပါလိသည် ၀ိနည်းအရာတွင် ဧတဒဂ်ဘွဲ့ထူးကို ရခဲ့သည်။

    ထို့နောက် အရှင်အနုရုဒ္ဓါသည် အရှင်သာရိပုတ္တရာထံမှ ကမ္မဋ္ဌာန်းယူလျက် ပါစိန၀ံသဒါယတောအုပ်တွင် တရားအားထုတ်စဉ် မြတ်ဗုဒ္ဓ၏ ရှစ်ခုမြောက် မဟာပုရိသ၀ိတက်ကို ပြည့်စေပြီး မဟာအရိယဝံသ ပဋိပဒါကို ဟောကြားပြီး တရားဘာ၀နာရှုမှတ်ပွားများကာ ဝိဇ္ဇာသုံးပါးနှင့်တကွ ရဟန္တာအဖြစ်ကို ရရှိခဲ့သည်။ ထို့နောက်တွင် ဒိဗ္ဗစက္ခုအဘိညာဉ်အရာတွင် ဧတဒဂ်ဘွဲ့ထူးကို ရရှိတော်မူခဲ့သည်။ မထေရ်မြတ်သည် သက်တော်အားဖြင့် (၁၅၀) အထိ နေတော်မူသွားကာ ဒုတိယသင်္ဂါယတနာတင်ရာ၌ ခေါင်းဆောင်မထေရ်မြတ်တို့၏ ဆရာအဖြစ် ထင်ရှား တော်မူခဲ့သည်။ မထေရ်မြတ်၏ အခြားသူများထက် ထူးခြားမှုကား ဘ၀တွင် မရှိဟူသော စကားကို မကြားခဲ့ခြင်းပင် ဖြစ်သည်။ မရှိဟူသောစကားသည်ပင် မုန့်၏အမည်ဟု ထင်ခဲ့သည်။ ထိုမရှိဟူသော စကားကို သိစေချင်၍ မိခင်ဖြစ်သူသည် ကြွေအံကစားနေသည့် အနုရုဒ္ဓထံသို့ ရွှေခွက်ဗလာဖြင့် ပို့စေခဲ့သည်။ အရှင်မြတ်၏ ဘုန်းကံကြောင့် နတ်များသည် မုန့်ကို ထည့်ပေးလိုက်ကြသည်။ ထိုမျှလောက် ဘုန်းကံကြီးမားသော မထေရ်မြတ်၏ အတိတ်ကောက် ကြောင်းကို ခြေရာကောက်ကြည့်မိသည်။  

    လွန်ခဲ့သောကမ္ဘာတစ်သိန်းထက် ပဒုမုတ္တိုရ်မြတ်စွာဘုရားလက်ထက်တွင် သူကြွယ်ဖြစ်ခဲ့သည်။ တစ်ရက် ကျောင်းတော်သို့ တရားနာသွားစဉ် ပဒုမုတ္တိုရ်မြတ်စွာဘုရားရှင်သည် တပည့်တစ်ပါးအား ဒိဗ္ဗစက္ခုအရာ၌ ဧတဒဂ် ထားတော်မူသည်ကို အားကျအတုယူကာ မြတ်ဘုရားရှင်နှင့် နောက်ပါသံဃာတော် တစ်သိန်းတို့ကို (၇)ရက်တိုင် တိုင် ဆွမ်း သင်္ကန်းအစရှိသော အလှူဒါနကိုပြုကာ ဒိဗ္ဗစက္ခုအရာ၌ ဧတဒဂ်ရာထူးကို ဆုတောင်းခဲ့သည်။ ထို့နောက် ပဒုမုတ္တိုရ်ဘုရားရှင် ပရိနိဗ္ဗာန်စံ၀င်သွားပြီးနောက် ခုနှစ်ယူဇနာရှိသော ရွှေစေတီတော်၌ များစွာသော ကြေးခွက်၊ ဆီးမီးခွက်တို့ဖြင့်ပူဇော်ကာ ဒိဗ္ဗစက္ခုအဘိညာဉ်ရခြင်း၏ ဥပနိဿယအကြောင်းဖြစ်စေရန် ဆုတောင်းခဲ့သည်။ ထိုကုသိုလ်ကြောင့် လူနတ်ဘ၀တို့ ကျင်လည်ခဲ့ရသည်။

    ကဿပဘုရားရှင်လက်ထက်တော်၌ ဗာရာဏသီပြည်၌ သြွူကယ်ဖြစ်သည်။ ပရိနိဗ္ဗာန်စံ၀င်တော်မူပြီးသည့် အခါ ဓာတ်တော်များကို စေတီတည်ထားကြသည်။ ထိုစေတီတော်အား ဆီမီးခွက်များ တစ်ထောင်တိတိပြုလုပ်ကာ လှူဒါန်းခဲ့သည်။ မိမိ၏ဦးခေါင်းပေါ်တွင် ရွက်ဆောင်ကာ တစ်ညဉ့်ပတ်လုံး စေတီတော်အား လှည့်လည်လျက် ဆီမီးပူဇော်ခြင်းဖြစ်သည်။ ထိုမှတဆင့် နတ်ပြည်သို့ရောက်ခဲ့ပြီး။ ကဿပဘုရားရှင်သာသနာကွယ်ချိန်၌၊ ဗာရာဏ သီပြည်၌ သူဆင်းရဲဖြစ်ခဲ့သည်။ အန္နဘာရဟု အမည်ရသည်။ ဥပရိဋ္ဌအမည်ရသည့် ပစ္စေကဗုဒ္ဓါအရှင်သူမြတ်အား ဆွမ်းလောင်းလှူခွင့်ရခဲ့သည်။ ထိုကုသိုလ်ကြောင့် သုမနသူဌေးကြီးနှင့် ဗာရာဏသီမင်း၏ ချီးမြှောက်မှုဖြင့် 'မဟာဓနသေဋ္ဌိ'အမည်ဖြင့် သူဌေးဘ၀သို့ ရောက်ခဲ့သည်။ ထိုမှနောက်၌ လူနတ်စသော သုဂတိဘ၀များတွင် ကျင်လည်ခဲ့ပြီးသည့်နောက် ဂေါတမဗုဒ္ဓဘုရားရှင်ပွင့်တော်မူသည့်အခါ ကပိလ၀တ်ပြည်၌ သုက္ကောဒနမင်း၏သား အဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

    ဤနေရာ၌ ဆုတောင်းသည် အရေးကြီးသည်ကို တွေ့ရသည်။ ကုသိုလ်ကောင်းမှုပြုပြီးလျှင် ဆုတောင်း ဖို့လိုသည်။ သို့သော် ထိုဆုသည် လောကီအာရုံကာမဂုဏ်ချမ်းသာထက် လောကမှထွက်မြောက်ကြောင်းကို အဓိကာရ ထား၍ ပြုလုပ်ကာ ဆုတောင်းသင့်သည်။ သို့မှသာ ထိုဆုတောင်းမှု၏ အကျိုးအာနိသင်အနေဖြင့် သစ္စာသိမြင်ခြင်း၏ အကြောင်းအထောက်အပံ့ဖြစ်ကာ လောကမှထွက်မြောက်ကြောင်း သန္တိသုခသို့ စံ၀င်ရခြင်းဖြစ်ပေလိမ့်မည်။

    ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ-ဆိုသည့်အတိုင်း သတ္တ၀ါတို့သည် မိမိတို့ပြုလုပ်သည့် ကံအားလျော်စွာ ထိုကံတို့၏ စီမံမှုအတိုင်း ရှင်သန်နေကြရသည်။ ထိုကံများ၏ ကြီးကျယ်မှုအားလျော်စွာ ဘ၀များသည် ကြီးကျယ်ကြရမည်။ ကံ၏ သေးသိမ်မှုအားလျော်စွာ ဘ၀သည်လည်း သေးသိမ်ပေလိမ့်မည်။ ကိလေသာဓာတ်များ အရှင်းမဖြတ်နိုင်သေး သ၍ သံသရာ၌ ကျင်လည်ကြရမည်သာဖြစ်သည်။ ထိုသို့သတ္တဝါတို့၏ မိမိကံအားလျော်စွာ ကျင်လည်နေကြရ သည်ကိုသိသည့် ယထာကမ္မုပဂဉာဏ်ကို ရထားသည့် အရှင်အနုရုဒ္ဓသည် မိမိ၏ဒိဗ္ဗစက္ခုဉာဏ်ဖြင့် ဆွမ်းခံချိန်၊ ဆွမ်းစားချိန်များမှ အပ ကြည့်ရှုနေတော်မူခဲ့သည်။ ထို့ကြောင့် ဒိဗ္ဗစက္ခုအဘိညာဉ်အရာ၌ ဧတဒဂ်ရရှိတော်မူခြင်း ဖြစ်သည်။

    မာနသည် ကြောက်စရာကောင်းသည်။ မာနသည် တစ်ခါတလေ ကြမ်းကြမ်းတမ်းတမ်းရှိသည်။ တစ်ခါ တလေ မသိသာခဲ့။  မာနသည် အကုသိုလ်အုပ်စုဖြစ်သည်။ အကုသိုလ်အုပ်စုဖြစ်သည့်အတွက် မကောင်းသည့် အနှောက်အယှက်အကျိုးကို ပေးမည်သာဖြစ်သည်။ သို့အတွက် မာန၏တောင့်တင်းလျက် ပိတ်ကွယ်တားဆီးမှု ကြောင့် လောကီဈာန်အဘိညာဉ်သမာပတ်များနှင့် ပြည့်စုံသူများပင် လောကုတ္တရာသို့ ကူးရန်အတွက် အဟန့်အတား ဖြစ်စေပါသည်။ ထိုမာန၏ သဘောကို အရှင်အနုရုဒ္ဓါ မေ့လျော့နေခဲ့သည်။ မာနဟူ၍လည်း မသိ။ ငါသိသည်။ ငါ့သန္တာန်၌ ဒါရှိသည်ဆိုသည့် မာနအရင်းခံမှုကြောင့် ရဟန္တာမဖြစ်နိုင်ခဲ့ပေ။ မိမိသန္တာန်၌ အခြားသူများ ရနိုင်ဖို့ ခက်ခဲလှသည့် ဒိဗ္ဗစက္ခုအဘိညာဉ်ကို ရရှိထားသည့်အတွက် လောကုတ္တရာနိဗ္ဗာန်ကို အလွယ်တကူပင် မျက်မှောက် ပြုနိုင်လိမ့်မည်ဟု တွေးထင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် အထင်နှင့် အမြင်သည် လက်တွေ့ဘ၀တွင် ဖြစ်မလာခဲ့ပေ။ သို့ဖြင့် တစ်နေ့အရှင်သာရိပုတ္တရာအား မိမိ၏ အခြေအနေကို လျှောက်ပြသည်။  ထိုစဉ်အရှင်သာရိ ပုတ္တရာမထေရ် မြတ်က မိမိ၏သန္တာန်၌ ကိန်း၀ပ်နေသည့် မာနစသည်တို့ကို ထောက်ပြသည်။

    ''ငါ့ရှင် သင့်မှာ လောကဓာတ်တစ်ထောင်ကို မြင်နိုင်တယ်ဆိုတဲ့ စိတ်အကြံဟာ မာနသဘောပဲ။ ငါ့အနေနဲ့ မတွန့်ဆုတ်သော ဇွဲလုံ့လဖြင့် မေ့လျော့ခြင်းမရှိ၊ ကြိုးစားအားထုတ်နေတယ်။ ပူပန်မှုမရှိ။ စိတ်ငြိမ်းမှု ရှိတယ်။ စိတ်သည် မည်သည့်အာရုံဆီသို့ ပြေးသွားခြင်းမရှိဆိုပြီး တွေးထင်နေတာက ပြန့်လွှင့်ခြင်း ဥဒ္ဓစ္စဖြစ်နေခြင်းပဲ။ ကိုယ့်သန္တာန်မှာဖြစ်နေတဲ့ မာန၊ ဥဒ္ဓစ္စကို မသိရှိဘဲ ငါ့စိတ်ဟာ တဏှာဒိဋ္ဌိတို့၌ မစွဲလမ်းဘဲနေနေပါလျက် အဘယ့် ကြောင့် အာသ၀တို့မှ မလွတ်နိုင်တာလဲဆိုပြီး သံသယကုက္ကုစ္စ ဖြစ်နေခဲ့တယ်'' ထိုကဲ့သို့ အကြောင်းသုံးပါးတို့ကို ထောက်ပြခြင်းကြောင့် မိမိ၏အခြေအနေကို သိရှိနားလည်သွားသည်။ ကမ္မဋ္ဌာန်း ယူသည်။ တောထွက်ခဲ့သည်။

    တောအုပ်ထဲတွင် မဟာပုရိသဝိတက် ခုနှစ်မျိုးကို ကြံစည်နေခဲ့သည်။ ရှေ့ဆက်မရသည့် စိတ်အကြံကြောင့် ပင်ပန်းနေခဲ့သည်။ ထိုအခြေအနေကို မြတ်ဗုဒ္ဓသိသည်။ သို့အတွက် အစွမ်းအစရှိသော ယောက်ျားမြတ်တို့၏ စိတ်အကြံဖြစ်သည့် မဟာပုရိသဝိတက်များကို ကြံစည်နေခြင်းသည် ကောင်းမွန်ကြောင်းနှင့် ကျန်ရှိနေခဲ့သည့် မဟာပုရိသဝိတက်ကို မြတ်ဗုဒ္ဓက မိန့်တော်မူလိုက်သည်။ ဤနေရာ၌ မဟာပုရိသဝိတက်(၈)ပါးကို အကျဉ်းချုပ် အားဖြင့် ဖော်ပြပေအံ့။

    ၁။ လောကုတ္တရာတရားသည် အလိုနည်းသူအားသာ ပြည့်စုံ၏။ အလိုကြီးသူအား မပြည့်စုံ။
    ၂။ ရောင့်ရဲလွယ်သူအားသာ ပြည့်စုံ၏။ ရောင့်ရဲမလွယ်သူအား မပြည့်စုံ။
    ၃။ ဆိတ်ငြိမ်မှုရှိသူအားသာ ပြည့်စုံ၏။ အပေါင်းအဖော်နှင့်မွေးလျော်သူအား မပြည့်စုံ။
    ၄။ လုံ့လ၀ီရိယရှိသူအားသာ ပြည့်စုံ၏။ ပျင်းရိသူအား မပြည့်စုံ။
    ၅။ သတိရှိသူသူအားသာ ပြည့်စုံ၏။ သတိလွတ်-မေ့လျော့နေသူအား မပြည့်စုံ။
    ၆။ စိတ်တည်ကြည်သူအားသာ ပြည့်စုံ၏။ စိတ်မတည်ကြည်သူအား မပြည့်စုံ။
    ၇။ ပညာရှိသူအားသာ ပြည့်စုံ၏။ ပညာမဲ့သူအား မပြည့်စုံ။
    ၈။ ပပဉ္စတရားမှ ကင်းလွတ်ရာ နိဗ္ဗာန်၌မွေ့လျော်သူအားသာ ပြည့်စုံ၏။ ပပဉ္စတရား၌မွေ့လျော် ပျော်ပိုက် သူအား မပြည့်စုံ-တို့ဖြစ်သည်။

    ထို့နောက် တရားဆက်လက်ရှုမှတ်ပွားများကာ ရဟန္တာ ဖြစ်ခဲ့သည်။ အရှင်မြတ်သည် တောရဆောက် တည်ခြင်းက များသည်။ မိမိ၏သင်္ကန်းများသည် ကြာလာသည့်အခါ ညစ်နွမ်းနေသည်။ ဟောင်းနွမ်းစုတ်ပြတ် လာသည်။ သို့အတွက် ဓုတင်ဆောင်အရှင်ပီပီ ပံသကူသင်္ကန်းတစ်ထည်အတွက် အမှိုက်ပုံတွင် အ၀တ်အပိုင်းအစတို့ကို လိုက်လံရှာဖွေသည်။ ထိုစဉ်မိမိ၏ သုံးဘ၀လောက်က မယားဖြစ်ခဲ့သည့် နတ်သမီး၏ စွန့်ပစ်ထားသည့် အ၀အစတို့ကို ရရှိခဲ့သည်။ ထိုအ၀တ်အစတို့ကို သင်္ကန်းအဖြစ် ချုပ်ရာ၌ ကြီးမားသည့် လုပ်ဆောင်မှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။

    မြတ်ဗုဒ္ဓကိုယ်တိုင် ဦးဆောင်ပြီး အပ်နဖားထိုးပေးခြင်း၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာကဿပ၊ အရှင် အာနန္ဒာမထေရ်မြတ်တို့ကိုယ်တိုင် သင်္ကန်းများအစွန်းအစများကို ကိုင်ခဲ့သည်။ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော် တိုင် လိုအပ်သည့်ကိစ္စရပ်တို့ကို ရှာဖွေပေးခဲ့သည်။ ထိုစဉ် နတ်များ၏ စီစဉ်မှုကြောင့် ဘုန်းကံကြီးမားသည့် အခြင်းအရာကို မသိကြသည့် ပုထုဇဉ်ရဟန်းများ၏ 'ဆွေမျိုးပေါကြောင်း ကြွားတယ်'ဆိုပြီး လှောင်ပြောင်မှုကို ခံခဲ့ရသည်။ မြတ်ဗုဒ္ဓက ကြား၀င်ရှင်းပြမှ အမြင်မှန်ရခဲ့သည်။

    မည်သို့ဆိုစေ ယခုမြင်ကွင်းသည် အင်မတန်မှ ကြည်ညိုစရာကောင်းသည့် မြင်ကွင်းဖြစ်သည်။ ညီညွတ် မှု၏ ပြယုဂ်ဖြစ်သည်။ အမှန်အားဖြင့် အဆိုပါ မြတ်ဗုဒ္ဓအမှူးရှိသော မထေရ်မြတ်ကြီးများ မပါ၀င်ခဲ့သော်လည်း အခြားအခြားသော ရဟန်းများနှင့် သင်္ကန်းချုပ်ခြင်းကိစ္စကို အကောင်အထည်ဖော်လို့ ရပါလိမ့်မည်။ သို့သော် အရှင်မြတ်၏ ဘုန်းကံကြောင့်ဟုဆိုသော်လည်း ရသည်။ သို့သော် အားလုံးတက်ညီလက်ညီ ကိုယ့်အတွက် ကျရာနေ ရာတာ၀န်ကို  မခိုမကပ်ဘဲ တာ၀န်ယူမှု၊ ညီညွတ်မှုများ၏ တန်ဖိုးကို အတုယူသင့်သည်။

    လောကတွင် အစွပ်စွဲမခံရသူ၊ အပြစ်တင်မခံသူသည် မရှိသလောက် ရှားသည်။ မြတ်ဗုဒ္ဓကိုယ်တော်တိုင် လည်း ထိုကဲ့သို့ အပြစ်တင်မှု၊ အစွပ်စွဲခံမှု၊ ဆဲရေးတိုင်းထွာမှုများနှင့် များစွာခံခဲ့ရသည်။ ထိုနည်းတူစွာပင် အရှင် မြတ်သည်လည်း ထိုကဲ့သို့ ကဲ့ရဲ့အပြစ်တင်မှုများကို ခံခဲ့ရသည်သာ ဖြစ်သည်။

    တစ်ခါက ကောသလတိုင်းမှ သာ၀တ္ထိသို့သွားစဉ် အမျိုးသမီးဆောက်လုပ်လှူထားသည့် ဇရပ်၌တည်း ခိုနေထိုင်ခဲ့သည်။ နောက်ထပ်ခရီးသွားများ ရောက်လာသည့်အတွက် အပေါ်ထပ်တွင်နေထိုင်ရန် လျှောက်ထားချက်အရ အပေါ်တွင်နေထိုင်ခဲ့စဉ် အိမ်ရှင်အမျိုး သမီးသည်၏ ဖြားယောင်းမှုကို ခံခဲ့ရပုံ။ ထိုအခြင်းအရာကြောင့် အများ ၏ကဲ့ရဲ့မှုခံခဲ့ရကာ သိက္ခာပုဒ်ပညတ်မှုကို ခံခဲ့ရသည်။ တစ်ခါကလည်း မနာပကာယိကာနတ် သမီးတို့၏ မိမိတို့၏ အဆင်းအသံစည်ဖြင့် အမျိုးမျိုးဖန်ဆင်းကာ လာရောက်နှောက်ယှက်မှုမျိုး ခံခဲ့ရသည်လည်း ရှိသည်။

    အရှင်မြတ်သည် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်၀င်စံတော်မူသည့်အခါ နောက်မှ လိုကြွ်ကတော်မူခဲ့သည်။ မြတ်ဗုဒ္ဓနှင့် ဈာန်အဆင့်ဆင့်ကို ၀င်စားတော်မူသည်။ မြတ်ဗုဒ္ဓသည် ဈာန်များကို အထက်အောက် ပြောင်းပြန်အနေဖြင့် အပြန် အပြန်အလှန်လှန် ၀င်စားနေသလို အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ဘုရားနည်းတူ လိုက်ပါ၀င်စားနေခဲ့သည်။ ထိုမှ မြတ်ဗုဒ္ဓ၏ ပရိနိဗ္ဗာနစုတိစိတ်ကျသည့်အခါမှ မြတ်ဗုဒ္ဓအနေဖြင့် ပျံလွန်တော်မူသည့်အကြောင်းကို အရှင်အာ နန္ဒာအား ပြောသည်။ ထိုကဲ့သို့ ပါရမီဉာဏ် ဘုန်းကံကြီးမားသည့် အရှင်မြတ်အား ဦးညွတ်လိုက်ရပါသည်။

မောင်မင်းစိုး

No comments: