Friday, August 29, 2008

မုန်တိုင်းထန်သော နေ့ရက်များ

“အကယ်၍ အချိန်အကြာကြီး စောင့်နိုင်ခဲ့ပြီး အဲဒီအတွက်လည်း မမောမပန်းနေနိုင် မယ်ဆိုရင် ဒါမှမဟုတ် မဟုတ်တရား မုသားစကားတွေ ကြားနေရတဲ့အခါ မင်းကလည်း အလိမ်အညာတွေနဲ့ မတုံ့ပြန်ဘူးဆိုရင် ဒါမှမဟုတ် မင်းကိုလူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အ ခါ မင်းဟာအမုန်းတွေ ပြန်မပွားဘူးဆိုရင် ပြီးတော့ မင်းကိုယ်မင်း လူတော်တစ်ယောက် ရယ်လို့ မမြင်ဘဲ ပညာရှိစကားတွေလည်း မပြောကြားဘူးဆိုရင် ”

မတီးဘဲမြည်နေတဲ့စည်ဟာ ဘာအဓိပ္ပါယ်မှမရှိဘူး။ ဆိုလိုတာက အကျိုးမဲ့သက်သက် စွန့်စားမှုမျိုးတွေကို ရှောင်ရှားဖို့လိုတယ်။ အတိုင်းအတာတစ်ခုထိ စောင့်ဆိုင်းခဲ့ရတဲ့ နေ့ရက်များစွာကို ပြန်လည်ရှင်သန်နေဖို့ဆိုတာ သက်တော်စောင့်တစ်ယောက်ရဲ့ စည်းမျိုး တာဝန်ကျေမှုမျိုးရှိပြီး သိုသိုဝှက်ဝှက် ရှိနေဖို့လိုတယ်။

အဲဒီလို အချိန်တွေ အကြာကြီးစောင့် စားခဲ့ပြီးမှ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်ပြီး လူတစ်ယောက်အတွက် ရှိသင့်တဲ့အမိုက်တွေ လွန်ကဲပြီး ဖောက်ပြန်နေမယ်ဆိုရင်တော့ သို့မဟုတ်ရင် မောပန်းနွမ်းနွယ်နေပြီး အူလိုက်အ သည်းလိုက် ဖတ်ဖတ်နေခဲ့မယ်ဆိုရင် သေချာမှုခရီးအစဟာ မကြာခင်ကျေမွသွားပါလိမ့် မယ်။ ဒါကြောင့် အချိန်အတိုင်းအတာ တစ်ခုထိလျှောက်ခဲ့ပြီးမှ နောက်တတဖန်တွေးတော ပူပန်မှုတွေနဲ့ မကျေမနပ်ဖြစ်နေမယ်ဆိုရင် သံသရာကိုဆွဲဆန့်သလို ဖြစ်နေပါလိမ့်မယ်။

ကိုယ်လုပ်နိုင်တာတွေကို လုပ်နေကြတယ်။ လုပ်နေရမယ်။ လုပ်ဆောင်မှုကို လုပ်နေခြင်းမျိုးကို ဆက်လက်လုပ်နေဖို့လိုတယ်။ ဒီအတွက်လည်း အားအင်အပြည့်မွေးပြီး ဆက်လက် ရွက်လွင့်နိုင်အောင် လက်နက်ကိရိယာတွေ အပြည့်အ၀တပ်ဆင်ထားဖို့လို တယ်။ ကိုယ်လုပ်ဆောင်တာတွေကို လုပ်နေတဲ့အခါ နောက်မတွန့်ဖို့ အရမ်းအရေးကြီး တယ်။ ပတ်ဝန်းကျင်ကတော့ ဆယ်လေးတစ်လေးပေါ့။ ဒါဟာ အရေးမကြီးဘူး။

အဲဒီလို လုပ်နေတဲ့အခါ မုသားစကားတွေ၊ စွတ်စွဲမှုတွေ၊ အပြစ်တင်မှုတွေ၊ ဝေဖန်မှုတွေ ပြောဆိုနေ သံတွေ ကြားနေရလိမ့်မယ်။ အဲဒီလို ကြားနေရတဲ့အခါ မင်းဟာ စိတ်ကိုလျော့ချထားလိုက် ရေ၀၀သောက်လိုက်။လေကောင်းလေသန့် ၀၀လင်လင်ရှူသွင်းလိုက်၊ ပြီးတော့ စိတ်ကိုဖြေ လျော့လိုက်ပြီးတာနဲ့ တစ်ပြိုင်နက် အားလုံးရဲ့အသက်ရှူသံတွေကို နားထောင်လိုက်ဖို့လို တယ်။ ကိုယ့်ကိုယ်ကို မဟုတ်မမှန်တရားတွေနဲ့ ပြည်လည်မတုန့်ပြန်မိအောင် အရေးတ ကြီးလိုအပ်တယ်။

ကိုယ်လုပ်နိုင်တာကို လုပ်လိုက်ပါ။ နောက်ပြီးကိုယ့်လုပ်ဆောင်ချက်ကို ကျေကျေ နပ်နက်လက်ခံလိုက်ပါ။ ရရှိလာတဲ့ အကျိုးတရားကို ဆိုးကောင်းမခွဲခြားဘဲ လက်ခံထားပြီး တာနဲ့ မင်းဟာ လူတော်တစ်ယောက်ဖြစ်ပြီးပေါ့။ အခြေအနေတွေ ကပြောင်းကပြန်ဖြစ်ဖို့ တွန်းအားမျိုးစုံနဲ့ မင်းကိုတွန်းနေလိမ့်မယ်။ ဒါကိုလည်း မင်းဟာ ခေါင်းအေးအေးထားပြီး ရင်ဆိုင်ဖို့လိုတယ်။ ဒီအတွက်ကြောက်ရွံ့နေမှုမျိုးစုံမှ ကင်းပျောက်အောင်လုပ်ဆောင်ဖို့ဆို တာ ကိုယ့်ဘ၀ကိုတန်ဖိုးထားတတ်ဖို့လိုတယ်။

လူတွေက ကိုယ်ဘာကောင်ဆိုတာကို မတိုင်းတာတော့ဘူး။ မကြည့်တော့ဘူး။ ကိုယ်ဘာလုပ်နေတယ်ဆိုတာကိုပဲ တိုင်းတာကြမယ်။ ကြည့်ကြလိမ့်မယ်။

ဆိုလိုတာက ကိုယ့်တာဝန်ကို ကျေပွန်အောင်တာဝန်ထမ်းဆောင်ပေး ပြီးတာနက် တပြိုင်နက် လူသူကင်းရှင်းတဲ့ အရပ်ကနေ ကြည့်ပြီးပြုံးပျော်နေဖို့ပါ။

တိုင်ပေါ် တက်ပြီး ခေါင်ထောင်ပြနေစရာမလိုဘူးဆိုတာပါပဲ။

မောင်မင်းစိုး(ရွှေနံ့သာ)

Wednesday, August 27, 2008

အမေရိကားရောက် မြန်မာများအကြောင်း တစေ့တစောင်း

အခြားနိုင်ငံများနေ မြန်မာများ သူတို့နေထိုင်ခွင့် VISA အတွက် စိုးရိမ်ရသော်လည်း အမေရိကန် နိုင်ငံတွင် သိပ်မပူပင်ရပါ။ နည်းမျိုးစုံဖြင့် နေထိုင်ခွင့် ရနေဆဲပင် ဖြစ်ပါသည်။ အမေရိကန်များက မြန်မာ ၃ သောင်းခန့်ကို ဒုက္ခသည်စခန်းများမှ ၂၀၀၇ ခုနှစ်တွင် လက်ခံပြီး ဆက်လက်ပြီး လက်ခံရန် အစီအစဉ် ရှိသည်ဟု သိရပါသည်။

လော့စ်အိန်ဂျယ်လိစ်တွင် မြန်မာ အသိုင်းအ၀ိုင်း ကြီးမားလှသည်။ မြန်မာပြည်မှ အဆိုတော်၊ ဂီတပညာရှင်မှအစ စာပေ၊ အနုပညာရှင်၊ လုပ်ငန်းရှင် များစွာနှင့် မြန်မာများအတွက် အခမဲ့ လစဉ်ထုတ် သတင်းစာများပင် အမေရိကန် တ၀ှမ်းသို့ ပို့ပေးနေသည်ကို ၂၀၀၈ တွင် တွေ့ရသည်။ ထိုသတင်းစာများကို ဖတ်ကြည့်ပါက မြန်မာများ အမေရိကန်တွင် လှုပ်ရှားနေထိုင်ပုံ အကြမ်းဖျင်း သိနိုင်ပါသည်။

အမေရိကားသို့ မြန်မာများ မည်ကဲ့သို့ ရောက်ရှိလာသလဲ? အမေရိကန်မှ မစ်ရှင်ဆရာ ယုဒသန် (Judson) မြန်မာပြည်သို့ ဘိုးတော်ဘုရားလက်ထက် ၁၈၁၂ တွင် ရောက်ခဲ့သည်မှ စခဲ့ပုံရပါသည်။ အင်္ဂလိပ်များက သူတို့ အင်္ဂလိပ် Christian Mission များကို ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် နေထိုင်စေပြီး၊ အမေရိကန် Mission များမှာ အင်္ဂလိပ်မစ်ရှင်များ မသွားချင်သော တောင်တန်းဒေသ မိရိုးဖလာ နတ်ကိုးကွယ်သော တိုင်းရင်းသားများဆီ သွားရပါသည်။ ထိုသို့ မြန်မာပြည်ရောက် အမေရိကန်အသိုင်းအ၀ိုင်းမှ ထူးချွန်သူမြန်မာများကို ပညာသင်များအဖြစ် အမေရိကန်သို့ စေလွှတ်ခဲ့ကြသည်ကို မြန်မာပညာသင်များ သမိုင်းသုတေသန စာအုပ်တွင် ဖတ်ရပါသည်။

ဒုတိယကမ္ဘာစစ်အပြီး မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် ပညာတတ် မြန်မာများ အမေရိကန် တက္ကသိုလ်များကို ပိုမိုရွေးချယ်လာခဲ့သည်။ ၁၉၆၂ ဦးနေ၀င်း၏ စစ်အစိုးရ တက်လာပြီးသည့်နောက်တွင် လုပ်ငန်းများကို ပြည်သူပိုင်သိမ်းရာမှာ အမေရိကန်သို့ အသင့်အတင့် ပြောင်းရွှေ့မှုများ ရှိလာပြီးသည့်နောက် ၁၉၈၈ နောက်ပိုင်းတွင် အစုလိုက်အပြုံလိုက် ပြောင်းရွေ့လာကြပါသည်။ ၂၀၀၇ နောက်ပိုင်းတွင် ထိုင်းနိုင်ငံ နယ်စပ်မှ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည် Refugee များ ကုလသမဂ္ဂ UNHCR Project အဖြစ် တတိယနိုင်ငံသို့ ပို့ဆောင်ပေးရာတွင် အမေရိကန်သည် အများစုကို လက်ခံနိုင်သောကြောင့် ယခုအခါ အမေရိကန်ရောက် မြန်မာများ ဦးရေမှာ သိန်းဂဏန်းကျော်သွားပြီဖြစ်သည်။

အမေရိကန် လူဦးရေ သန်း ၃၀၀ ခန့်တွင် တရားမ၀င် နေထိုင်သူ ခန့်မှန်းခြေ သန်း၂၀ နီးပါးရှိသည်ဟု ဆိုသည်။ ၉၀ ရာခိုင်နှုန်းမှာ အိမ်နီးချင်း မက္ကဆီကိုနိုင်ငံမှ ကူးလာသူများဖြစ်သည်။ သူတို့သည် စပိန် ဘာသာစကားကို ပြောပြီး သူတို့ Native Language လည်း ရှိပါသည်။ မြန်မာများက သူတို့ကို "ပဲ" ဟု ခေါ်ကြသည်။ ဘာကြောင့်ရယ်မသိ၊ ပဲ စားပြီး အားကောင်းမောင်းသန်သည့် သဘော အဓိပ္ပာယ် သက်ရောက်နိုင်ပါသည်။

အများအားဖြင့် မက္ကဆီကို တောင်ပေါ်သားများမှာ အလုပ် အင်မတန် လုပ်နိုင်သူများ ဖြစ်ကြသည်။ စင်ကာပူသို့ အလုပ်လာလုပ်သော အိန္ဒိယနှင့် ထိုင်းနိုင်ငံ အလုပ်သမား လူတန်းစားများကဲ့သို့ ဖြစ်သည်။ အိန္ဒိယ၊ ထိုင်း ဆောက်လုပ်ရေး လုပ်သားများထက်ပင်လျင် အပင်ပန်းခံနိုင်၊ အလုပ်လုပ်နိုင်သူများဖြစ်ပြီး အာရှမှ တရုတ်၊ ကိုးရီးယား၊ ဗီယက်နမ်၊ မြန်မာများ သူတို့ကို ယှဉ်၍ အလုပ်ကြမ်း မလုပ်နိုင်ပါ။

စားသောက်ဆိုင်၊ မြို့ကြီး၊ ကုန်တိုက်၊ အမှိုက်ကြုံး၊ သန့်ရှင်းရေး စသည့် အလုပ်သမား လောကတွင် မက္ကဆီကန်များက ကြီးစိုးထားပါသည်။ နယ်ဘက် လယ်ယာစိုက်ပျိုးရေး၊ ခြံခင်း၊ သတ္တု ရေနံလုပ်ငန်း၊ ဆောက်လုပ်ရေး စသည့် အလုပ်ကြမ်းလောကတွင်လည်း ထိုသူများပင် အားကိုးရပါသည်။

၂၀၀၈ တရားဝင်စာရင်းကို မသိနိုင်သေးသော်လည်း အမေရိကန် လူဦးရေစာရင်း တရားဝင် ကျေညာချက်အရ http://factfinder.census.gov ၂၀၀၆ တွင် တနိုင်ငံလုံး လူဦးရေ ၂၉၃ သန်းရှိပြီး စပိန်စကားပြော လူဖြူ ၃၅ သန်း အပါအ၀င် လူဖြူ ၂၂၁ သန်း၊ လူမဲ ၃၆ သန်း၊ Red Indian (Native American) ၅ သန်း၊ အာရှတိုက်သား ၁၂ သန်းနဲ့ အခြားလူမျိုး ၁၈ သန်း ရှိသည်ဟု ရေးထားသည်။ အာရှတိုက်သားများတွင် စာရင်းအရ အများဆုံး လူမျိုးများမှာ တရုတ် ၂.၄ သန်း၊ အိန္ဒိယ ၁.၇ သန်း၊ ဖိလစ်ပိုင် ၁.၉ သန်း၊ ဗီယက်နမ် ၁.၁၂ သန်း၊ ကိုရီးယား ၁.၀၇ သန်း၊ ဂျပန် ၀.၈ သန်း ဖြစ်ကြပြီး လူတသိန်းခန့်ရှိသည့် လူမျိုးများမှာ သီရိလင်္ကာ၊ တိုင်ဝမ်၊ ကမ္ဘောဒီးယား၊ လော၊ ပါကစ္စတန်၊ Hmong လူမျိုး၊ ထိုင်း၊ မလေးရှားများ ဖြစ်သည်။

မြန်မာလူမျိုးရေ တသိန်း မရှိသေးသော်လည်း ယခု ၂၀၀၇ နောက်ပိုင်း အစုလိုက်အပြုံလိုက် ဒုက္ခသည်များကို လက်ခံနေသောကြောင့် မြန်မာလူဦးရေသည် အမေရိကန်တွင် သေချာပေါက် များလာနေပြီဖြစ်သည်။ တရုတ်၊ အိန္ဒိယ လူဦးရေ များခြင်းမှာ သဘာဝကျသည်။ ဖိလစ်ပင်းက တတိယအများဆုံး ဖြစ်ရခြင်းမှာ အမေရိကန် ကိုလိုနီအဖြစ် ၁၉၄၆ အထိ နေရသောကြောင့်ဖြစ်သည်။ ကိုရီးယားစစ်ပြီး ၁၉၅၃ နှင့် ဗီယက်နမ်စစ်ပြီး ၁၉၇၅ တွင် ဒုက္ခသယ်များစွာ အမေရိကန်က လက်ခံခဲ့သောကြောင့် ထိုလူမျိုး ၂ ခုမှာ နံပါတ် ၄ နှင့် ၅ အများဆုံး အာရှတိုက်သားများ ဖြစ်နေရသည်။ ယခု မြန်မာဒုက္ခသည်များကို လက်ခံခြင်းဖြင့် မြန်မာများ ၂၀၀၈ နောက်ပိုင်း အမေရိကန်တွင် နံပါတ် ၆ အများဆုံး အာရှတိုက်သားများဖြစ်ရန် အခွင့်အလမ်းများနေပြီဟု ဆိုနိုင်ပေသည်။ မြန်မာများ ပြည်ပထွက် အလုပ်လုပ်ရခြင်းနှင့်ပတ်သက်ပြီး စစ်အစိုးရကို အပြစ်ပုံချရမည်ဖြစ်သည်။

၁၉၈၈-၂၀၀၇ မြန်မာများ အမေရိကန်သို့ ရောက်လာသော နည်းလမ်းများတွင့့်

၁။ Green Card / Citizen ရသူများမှ သူတို့ ဆွေမျိုးများကို တရားဝင်ခေါ်ယူခြင်း၊

၂။ အမေရိကန်သို့ ကျောင်းလာတက် Student Pass နှင့်လာရောက်ပြီး ဆက်လက် နေထိုင်ခွင့် နည်းအမျိုးမျိုးဖြင့် ရရှိသွားခြင်း၊

၃။ အလုပ်ကိုင်နှင့် အလည်အပတ်အဖြစ် H1, B1, B2 ဗီဇာများဖြင့် လာရောက်ပြီး ဆက်လက် နေထိုင်ခွင့် နည်းအမျိုးမျိုးဖြင့် ရရှိသွားခြင်း၊

၎။ နယ်စပ်ဒေသများမှ ဒုက္ခသည်အဖြစ် ကုလသမဂ္ဂ အစီအစဉ်ဖြင့် ရောက်ရှိလာခြင်း၊

၅။ အခြားနည်းလမ်းအမျိုးမျိုးဖြင့် ရောက်ရှိခြင်း (ဥပမာ၊ DV မဲပေါက်ခြင်း၊ ဂူအမ်ကျွန်းမှတဆင့်လာခြင်း၊ ဂျမေကာ၊ မက္ကဆီကို၊ ဟွန်ဒူရပ် စသည့် နိုင်ငံများသို့ လာပြီး မက္ကဆီကိုနယ်စပ်မှ တရားမ၀င်လာသူများ လမ်းကြောင်းအတိုင်း ခိုးဝင်လာခြင်း . . စသည့် နည်းလမ်များစွာ ရှိပါသည်။)

အမေရိကန်အစိုးရက မျက်စိမှိတ်ပြီး မြန်မာများကို လက်ခံနေဆဲပင်ဖြစ်သည်။ Migrant, Work H1, DV, Student စသည့် ဗီဇာများအတွက် အမေရိကန်အ၀င်မှာ ဘာမှ စိုးရိမ်စရာမလိုပါ။ Visit VISA များအတွက် ၀င်ခွင့်မရဘဲ အမေရိကန်မြို့ လေဆိပ်များမှ Depot လုပ်ခံရသူ အလွန်နည်းပါးသော်လည်း အဆင်မပြေသူများ အနည်းအကျဉ်း ရှိနေဆဲပင်ဖြစ်သည်။ အမေရိကန်ဗီဇာ လျှောက်ရာတွင် အမေရိကန်တွင်ပဲ ထာဝရ နေထိုင်ချင်လှသည့် ပုံစံနှင့်မလျှောက်ဘဲ အလည် ၆ လခန့်သာ နေချင်သည့်ပုံစံနှင့် အင်တာဗျူးဝင်လျှင် ဗီဇာရနိုင်သော်လည်း မြန်မာများအတွက် အမေရိကန်ဗီဇာမှာ ခက်ခဲနေဆဲပင်ဖြစ်သည်။ ဗီဇာရရှိပြီးနောက် အမေရိကန်ပြည်သို့ ၀င်ခွင့်ရလျှင် ၆ လ နေထိုင်ခွင့် တုံးထုပေးလိုက်ပြီး ထို ၆ လအတွင်းမှာ အခြားနည်းဖြင့် ဆက်လက်နေထိုင်ခွင့် ရရှိအောင် ကြိုးစားရသည်။

အမေရိကန်တွင် အလည်ရောက်လာသော မြန်မာများအတွက် အခြေကျရန် ၅ နှစ် အနည်းဆုံး လိုအပ်သည်ဟု အခြေကျနေသူ မြန်မာများက ပြောဆိုကြသည်။ သို့ရာတွင် အမေရိကန် ဂရင်းကဒ် ၂ နှစ်အတွင်း ရရှိရေးအတွက် နည်းလမ်းများမှာ H1 Visa အလုပ်အကိုင် ရရှိရေးနှင့် ခိုလှုံခွင့်ဟု ခေါ်နေသော Asylum လျှောက်ထားရေးပင် ဖြစ်သည်။ Student Pass, Business Pass ဆက်လျှောက်ထား၊ နေထိုင်သွားလျှင်လည်း ရနိုင်ပါသည်။

အထူးသဖြင့် မြန်မာများအကြားတွင် ရေပန်းစားနေသော အမေရိကန်တွင် ခိုလှုံခွင့်ဗီဇာကို ၂၀၀၇ နောက်ပိုင်းတွင် ပိုမိုအားကိုးလာကြသည်။ မြန်မာအများစုမှာ မြန်မာစစ်အစိုးရကို လုံးဝမကြိုက်သော်လည်း စစ်အစိုးရ ဆန့်ကျင်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ မပါဝင်သောကြောင့် အမေရိကန်ရောက်လာပြီး ခိုလှုံခွင့် မလျှောက်လိုကြပါ။ ကျောင်းတက်၊ ဘွဲ့ရ၊ အလုပ်ရ၊ H1 Visa ရရှိပြီးနောက်ပိုင်း အိန္ဒိယကျောင်းသားများကဲ့သို့ ၅ နှစ်၊ ၁၀ နှစ် ကြိုးစားလျှင် အမေရိကန်တွင် ကြီးပွားအဆင်ပြေနိုင်ပေသည်။ သို့သော် ယခုခေတ်မှာ စစ်အစိုးရဖိနှိပ်မှုကို အမေရိကန်အစိုးက အပြင်းအထန် ကန့်ကွက်၊ စီးပွားရေး ပိတ်ဆို့နေချိန်ဖြစ်သည်။

ထို့ကြောင့် မြန်မာများ ခိုလှုံခွင့်တောင်းခံရာတွင် ရှေ့နေများနှင့် စနစ်တကျ ဇာတ်လမ်းသေချာ ရေးသားတောင်းဆိုမှုများကို အင်တာဗျူးဝင်ပြီး ကျေနပ်ပါက ခိုလှုံခွင့်ပေးလေ့ရှိပါသည်။ ဒုတိယနိုင်ငံ နော်ဝေး၊ ဒိန်းမတ်၊ အင်္ဂလန်၊တိုင်ဝမ်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား စသည့် နိုင်ငံများတွင် နေထိုင်ခွင့်လက်မှတ် (ဥပမာ၊ အလုပ်ဗီဇာ၊ Permanent Resident ဗီဇာ ကိုင်ထားသူ) များကို အမေရိကန် ခိုလှုံခွင့်ပေးရန်အတွက် ခိုင်လုံသော အကြောင်းပြချက်ရှိရန် လိုအပ်ပါသည်။ အများစုမှာ ခိုလှုံခွင့် နေထိုင်အလုပ်လုပ်ခွင့်များ ရရှိပြီး အဆင်ပြေသွားကာ အချို့မှာ ၅ နှစ်ကျော်ပါက အမေရိကန် နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ပင် ရရှိပါသည်။ ထို့ကြောင့် ခိုလှုံနေထိုင်ခွင့်ကို လာဘ်မြင်သူ မြန်မာများက ကောင်းကောင်း အသုံးချနေကြပါသည်။

နိုင်ငံရေးတွင် အမေရိကန်ကို အားကိုးချင်သော်လည်း လက်တွေ့ နိုင်ငံရေးအခြေအနေ လေ့လာသူများက အမေရိကန်၏ အာဖဂန်နစ္စတန်အပြီး၊ အီရတ်တွင် ၀င်ရောက်စွက်ဖက်မှုကြောင့် နိုင်ငံရေး အကျပ်အတည်း တွေ့နေပြီး၊ မြန်မာ့အရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဆွေးနွေးနိုင်သော်လည်း တရုတ်၊ ရုရှား တို့ကြောင့် ရပ်တန့်နေရပါသည်။

စီးပွားရေးအခြေအနေတွင်လည်း စစ်စရိတ်ထောင်းသော အမေရိကန်မှ တရုတ်ပြည်သို့ ကုန်ထုတ်လုပ်ငန်း၊ ကွန်ပြူတာစက်ရုံများစွာ ပြောင်းရွှေ့သွားမှုများရှိနေ၍ အလုပ်အကိုင်များ လျော့နည်းလာနေသည်ဟု ဆိုသည်။ အချို့က Recession စီးပွားကပ် ဆိုက်နေပြီဟု မှတ်ချက်ချသည်။

လွန်ခဲ့သော ၅ နှစ်ကျော်က စင်ကာပူနှင့် နှိုင်းယှဉ်လျှင် US$ 1 dollar = Singapore $1.8 ခန့် မှာ ယခုနှစ်တွင် စင်ကာပူဒေါ်လာ 1.3 ဈေးနှုန်းသို့ တဖြေးဖြေး ကျဆင်းသွားပြီး အမေရိကန် ဓာတ်ဆီဈေးမှာ ၂ ဒေါ်လာမှ ယခု ၄ ဒေါ်လာသို့ တက်သွားသည်။ လူတဦးချင်း ၀င်ငွေမှာ ပျှမ်းမျှ တနှစ် ၃ သောင်းခန့် ဆိုသော်လည်း တလ ဒေါ်လာ ၁၅၀၀ ရနိုင်သော အမြဲတမ်းအလုပ်မှာ အလွန်ရှားပါးနေပါသည်။ ယခင်က အမြဲတမ်း အလုပ်သမားများကို ဖြုတ်ပြီး ကန်ထရိုက် အလုပ်သမားများအဖြစ် ပြောင်းလဲခန့်ခြင်း၊ လစာများများ ရသူများကို အလုပ်အနားယူ Retrench လုပ်ခြင်း (သို့မဟုတ်) အလုပ် ၂ ခု လုပ်စေခြင်း စသဖြင့် ကပ်ဆိုက်နေချိန်ဖြစ်သည်။

Social Security ဖြင့် ထုတ်စားနေသော စနစ်မှာ ရေရှည်တွင် မဟန်တော့ကြောင်း သိလာသဖြင့် ယခုအခါ 401 Plan ဆိုသော စနစ်သစ်ကို စတင်ကျင့်လာရသည်။ နိုင်ငံသား အသက်ကြီးလာလျှင် ငယ်စဉ်ကာလ အလုပ်လုပ်ရာ၌ အလုပ်ရှင်နှင့် အချိုးကျငွေ စုဆောင်းထားသည့် စနစ်ဖြစ်သည်။ စင်ကာပူတွင် ၁၉၇၀ နောက်ပိုင်း စတင်ကျင့်သုံးသော CPF စနစ်ဖြစ်သည်။ မလေးရှားကလည်း EPF အဖြစ် ကျင့်သုံးပြီး သြစတြေးလျား၊ အင်္ဂလန်တို့ကလည်း ကျင့်သုံးနေပြီဖြစ်သည်။

အမေရိကန်ရောက် မြန်မာများအတွက် မည်သို့ဖြစ်စေ အခွင့်အလမ်းများစွာ ရှိပါသည်။ စီးပွားရေး ကပ်ဆိုက်သော်လည်း ကြိုးစားပြီး ဥာဏ်ပညာ၊ ၀ိရိယ အားစိုက်ပြီး အမေရိကန်စနစ်ကို သေချာလေ့လာ လုပ်ကိုင်ပါက ကိုရီးယား၊ ဗီယက်နမ်များထက် မသာလျှင်ပင် တန်းတူလိုက်လာနိုင်မည် ဖြစ်သည်။ ယခင်က လစာ၊ ၀င်ငွေ ကောင်းလှသော ဆရာဝန် အသိုင်းအ၀ိုင်း၊ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်းများသည် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝေးနေရသည်။ အားလုံးက မြန်မာပြည်ကြီး ပြည်တော်သာအဖြစ်၎င်း၊ ဒီမိုကရေစီနိုင်ငံအဖြစ်၎င်း မြင်ချင်သော်လည်း တဦးနှင့်တဦး ပူပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိပါ။

၂၀၀၇ သံဃာတော်လှုပ်ရှားမှု ပြီးသည့်နောက်တွင် အမေရိကန်ရောက် မြန်မာများသာမက ပြည်ပရောက် မြန်မာများ ပြည်တွင်းသို့ ထောက်ပံ့ငွေများကို ပူးပေါင်းကောက်ခံပေးခြင်းများ ရှိလာသည်။ ၂၀၀၈ မတ်လ မြန်မာ့သမိုင်းတွင် မကြုံဖူးသော နာဂစ်ဆိုင်ကလုန်းကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်သားများ သိန်းနှင့်ချီ သေဆုံးပြီး ၂ သန်းခန့် အိုးအိမ်မဲ့ဖြစ်သွားရာတွင် မြန်မာစစ်အစိုးရ၏ ဥပက္ခာပြုလုပ်ရပ်ကို ကမ္ဘာ့နိုင်ငံများက အံ့သြစုတ်သပ် ဖြစ်ရသည်။ ပြည်ပရောက် မြန်မာများ ဆက်လက် ပူးပေါင်းရံပုံငွေရှာ ထောက်ပံ့လုပ်ဆောင်ရသည်။ အမေရိကန် တ၀ှမ်းလုံးတွင် မြန်မာများ Fund Raising Events များ၊ ဆုတောင်းပွဲများနှင့် အချို့ အမေရိကန်မြန်မာများ ခွင့် လနှင့်ချီပြီး မြန်မာပြည်တွင်း ပြန်သွား ကူညီလုပ်ကိုင်ကြသည်။

အမေရိကန်ရောက် မြန်မာများ အထူးသဖြင့် အခြေမကျစဉ် (၅ နှစ်အတွင်း) အထူးခက်ခဲမှုများကို တွေ့ကြုံနေစဉ်တွင် အဓိကဖြစ်သော ပညာရေးအတွက် အချိန်ပေးနေသော မြန်မာလူငယ်များစွာ ရှိသည်မှာ အားရဖွယ်ရာဖြစ်သည်။ လူကြီးများလည်း စင်ကာပူကဲ့သို Self Upgrading Course များကို တက္ကသိုလ်၊ ကောလိပ်၊ Community Center များတွင် တက်နေကြသည်။ ရောက်ခါစတွင် မြန်မာများ ပညာရေး မလုပ်နိုင်သေးဘဲ ၀မ်းရေးအတွက် အလုပ်ဝင်လုပ်ရင်း လုံးပါးသွားပြီး ငွေကြေးကျွန် မဖြစ်ချင်ဘဲ ဖြစ်သွားရသူများလည်း ရှိပါသည်။ စင်ကာပူ၊ မလေးရှား၊ တရုတ်ပြည်များတွင် စီးပွားရေး ကောင်းနေဆဲတွင် တော်ရုံစိတ်ထားနှင့် အမေရိကား လာရောက် စီးပွားရှာလိုသူ ရှိမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ အဆင်ပြေအောင် နေတတ်သူမှာ ဘယ်ရောက်ရောက် အဆင်ပြေမည်ဖြစ်သည်။ ငွေကြေးနောက်လိုက်သော လူများအဖို့ တရုတ်စကားပုံအရ ခြေ ၄ ချောင်းရှိသော ပိုက်ဆံသတ္တ၀ါ လက်အောက်သို့ ကျရောက်သွားလေ့ ရှိပါသည်။ ဘ၀အတွက် အဓိကလိုအပ်သော ပညာရေး၊ ပြည်သူ့နီတိ တရားများကို လက်ခံ ကျင့်သုံးသူများအဖို့ မည်သည့်နိုင်ငံရောက်ပါစေ စိတ်ချမ်းသာမည်။

ကံ၊ ဥာဏ်၊ ၀ိရိယ ၃ ပါးနှင့် ကိုက်ညီပါက ပညာ၊ ငွေကြေးဥစ္စာလည်း တိုးပွားလာမည်။ တိုးပွားနေသော အမေရိကန်ရောက် အောင်မြင်နေသော မြန်မာများကိုလည်း အားကျမိပါသည်။ နောင်တချိန်တွင် မြန်မာပြည် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတွင် ကမ္ဘာတွင် အကြီးကျယ်ဆုံး၊ အချမ်းသာဆုံး၊ ဒီမိုကရေစီအရှိဆုံး ဖြစ်သော အမေရိကန်ရောက်မြန်မာများ အဓိကအခန်းမှ ပါဝင်နိုင်စေရန် မျှော်လင့်ပါသည်။

ဆန်းသစ်
သဂုတ်လ ၂၇ ရက်၊ ၂၀၀၈ ခုနှစ်။

မဇ္ဈိမ မှ ကူးယူဖော်ပြပါသည်။

Monday, August 25, 2008

မုဆိုးတိုင်း တောမကျွမ်းပါ

တဒင်္ဂအမောနဲ့ မြင်နေရတဲ့ မြင်ကွင်းတိုင်းကို မုန်းတီးလာခဲ့တယ်။ မနက်ဖန်ဘာဖြစ် မယ်ဆိုတာ ကို ကြိုပြီးတွေးတော၊ငေးမော မနေချင်ဘူး။ လူ့အဖြစ်မှာ မစဉ်းစားရဲလောက်အောင် ၀န်တွေက ပိလွန်းတယ်။ ဒါထက်ပိုဆိုးတာက နေ့စဉ်ရက်ဆက် သေမင်းတမန်နဲ့ စစ်ခင်းနေခဲ့ရတယ်။ ဘယ် သူတွေဘာပဲပြောပြော အမှန်တရားကို လက်ခံနိုင်တဲ့ လူတစ် ယောက်ရဲ့ စွမ်းရည်ကို ဘယ်သူ့ ကိုပဲဖြစ်ဖြစ် အသိမှတ်ပြုရမှာပဲ။ သစ္စာတရား ထွန်းကားတဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အမှန် တရားကို သက်သေပြုပြီး သစ္စာဆိုချင်ပါတယ်။ အဲဒါကတော့ ““ အကယ်၍ မင်းရဲ့အမှန် စကားတွေကို လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ်ထောင် ချောက်ဆင်ညစ် တဲ့အခါ မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆို ရင် ဒါမှမဟုတ် မင်းဘ၀တစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာအရာရာနဲ့ ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်……““ ဤမှန်သော သစ္စာစကားကြောင့် လူသား အားလုံး ဒုက္ခအပေါင်းမှ ကင်းလွတ်နိုင်ပါစေ။ အလိုရှိတဲ့ ငြိမ်းချမ်း သော၊ခေတ်မှီသော အရာရာမှန်သမျှ တစ်စုတပေါင်းတည်း ရရှိခံစားနိုင်ပါစေ။

သွားရမယ့်လမ်းကို သွားပါ။ ဆက်လျှောက်ရမဲ့လမ်းတိုင်းကို တွေဝေမနေဘဲ ဆက်လျှောက်ဖို့ အရေးကြီးတယ်။ ဒီတော့ လမ်းခရီးတိုင်းဟာ ပန်းခင်းသောလမ်းတွေမဟုတ်သလို၊ ဆူးခင်းသော လမ်းတွေလည်းမဟုတ်ဘူးဆိုတာပါပဲ။ လူသားတိုင်းအတွက် အလိုအပ် ဆုံးအဖော်မွန်ကတော့ မလုပ်ဘဲနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာရယ်။ တစ်နေ့တစ်လံ ပုဂံဘယ်ပြေး ဆိုတာ ရယ်ကို နှလုံးမူပါ။ သံမှိုနဲ့ရိုက်ထားသလို ခေါင်းထဲမှာ ထည့်ထားလိုက်ပါ။ လုပ်တဲ့ကိစ္စ မုချ အောင်မြင်မယ်ဆိုတာထက် ဘယ်လောက်လုပ်ထားတယ်၊ လုပ်နေတယ်ဆိုတာကို မင်းမူပါ။ မုဆိုး တိုင်းကတော့ တောမကျွမ်းပါဘူး။ ဒီတော့ သွားလမ်းတွေ မဆုတ်မနစ်လုပ်ရပ်တွေကြောင့် နောက်ပိုင်းမှာ သူတို့လုပ်ရပ်များရဲ့ တန်ပြန်သက်ရောက်မှု အရ အဆင်တပြေဖြစ်သွား ကြတယ် ဆိုတာပါပဲ။

တစ်ကိုတစ်နဲ့ပေါင်းတိုင်း နှစ်မဖြစ်နိုင်ပါဘူး။ ဥပမာ = ရေတစ်ခွက်နဲ့တစ်ခွက်ပေါင်း ကြည့်လိုက်ပါ နှစ်ခွက်ဖြစ်မသွားဘူးဆိုတာပဲ။ ဒီတော့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်ဝါဒကို ရှောင်သင့်ရင် ရှောင် ကြမယ်ပေါ့။ လက်ခံနိုင်စရာကို လက်ခံနိုင်ရင် ။ လက်မခံနိုင်တာတွေ လက်မခံနိုင်ချင်းဟာ လူသားတစ်ယောက်အတွက် လုံးဝရသင့်တဲ့ မွေးရာပါအခွင့်ရေးဖြစ် နေပါတယ်။ ဆိုတာက မည်သည့်အဖွဲ့၊မည်သည့်ပုဂ္ဂိုလ်မျိုးကိုမဆို သူလုပ်ဆောင်တာတွေ၊ လုပ်ရပ်တွေဟာ မှန်နေရင် လက်ခံနိုင်ပြီး။ မှားနေရင်မှားတဲ့အကြောင်း ထောက်ပြနိုင်ရမယ်။ ဒါဟာ လူသားတိုင်းလုပ်ရမဲ့ အလုပ်ဖြစ်သလို၊ လူသားတိုင်းရဲ့ မွေးရာပါအခွင့်အရေးလည်း ဖြစ်နေပါတယ်။

လူသားပျက်သုဉ်းရေးကိုမင်းမူနေပြီး ကိုယ်ထင်ရာကိုယ်စိုင်းစနစ်နဲ့ ဘယ်သူ့ကိုမှ လူမထင်ဘဲ လုပ်ချင်ရာလုပ်နေသူတိုင်းကို အမှားထောက်ပြနိုင်တဲ့ ဝေဖန်မှုစွမ်းရည် ကို အသုံးချနိုင်ရမယ်။ အမှန်တရားကို ထောက်ပြလို့ လက်မခံနိုင်ရင် အဲဒီလူကိုလည်း အမှန်တရားက ပြည်လည်ဒဏ်ခတ်လာပါလိမ့်မယ်။
မီးရောင်တွေဟာ ပူလောင်တယ်ဆိုပြီး မေ့ထားမယ်။ ပစ်ပယ်ထားမယ်ဆိုရင်။ အလင်းရောင်တွေကလည်း သင်ကိုပြန်လည်မေ့ထားမယ်ဆိုတာပါပဲ။ အမှောင်သန်းလာ နေတဲ့ ၀တ်ရုံနက်လူသားတစ်ယောက်ဟာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ အဲဒီလူသားကို ဘယ်လို………..။


မောင်မင်းစိုး(ရွှေနံ့သာ)