Showing posts with label novel. Show all posts
Showing posts with label novel. Show all posts

Tuesday, January 22, 2013

စာမျက်နှာတွေကိုကျော်ဖတ်လိုက်တဲ့အခါ ..



အခန်း(၁)
ပြကွက်တွေက နည်းနည်းမှိန်တယ် .. အလင်းအားမကောင်းဘူး .. မကြာခင် မိုးလင်းမယ်အထင်နဲ့
အရုဏ်ဦးပါတဲ့ ပန်းချီကားတစ်ချပ်ကို ဈေးကောင်းပေးမဝယ်ခဲ့မိသူလို .. နောင်တတွေ အားကောင်း ချိုလွင်နေခဲ့
ဘာ ဘာသာစကားနဲ့ ရေးထားမှန်းတောင် မသိမှတော့ စာကြွင်းစာကျမသိနိုင်သလို ဘာသာပြန်လည်း မှားနေလိမ့်မယ်
အဲဒီမှာ သတ္တိရှိရှိ ခဏ ရပ်ထားလိုက် တချို့ ခြေလှမ်းတွေမှာက နောက်ဆုတ်ရဲတဲ့ သတ္တိလိုတယ် ..


အခန်း(၄)
မပြောဖြစ်ပဲ မျိုသိပ်ထားတဲ့ စကားလုံးတွေက ဘဝမှာ ပိုပြီး ဆူညံ ပွက်လောရိုက်နေတတ်သတဲ့လား  ..
သိမ်းထားလိုက်တဲ့ အရောင်တွေကို အဖော်ပြုပြီး ဒိုင်ယာရီ တစ်ကြောင်းလောက်ရေး ကာလာတွေ အပျင်းပြေစပ် ..
ပြန်မတ်တပ်ရပ်လိုက်တဲ့အခါ  .. ထိုင်နေအကောင်းသားလို့ တွေးမိစေမယ့် ထီလက်မှတ်တွေ …ပြုတ်ကျလာမယ်
ခပ်ဟဟ ရယ်သံတချို့ကိုတော့ နည်းနည်း ခံနိုင်ရည်ရှိဖို့  လိုလိမ့်မယ် …

အခန်း(၆)
ကိုယ်သင်ပေးတဲ့ အကွက်နဲ့ ကိုယ့်ကို အရူးကွက်လာနင်းနေတာမျိုးလောက်ကို ခံရခက်မနေနဲ့ ရယ်ပစ်လိုက် …
စိတ်ရောဂါအထူးကု ဆေးရုံက လူနာစစ်မှန်ကြောင်းလက်မှတ်ကျ ခင်ဗျားလည်း လိုချင်တိုင်း ရနိုင်မှာမှ မဟုတ်ပဲ
တချို့ အလဲအထပ်တွေက အမြတ်မရှိပေမယ့် တချို့ကတော့ အရှုံးချည်း သက်သက်  …


အခန်း(၁၁)
နေကြာပွင့်တွေရဲ့ သန်းခေါင်ယံ မျှော်ငေးမှုဟာ သစ္စာတရားလား .. သံသရာလည်နေတဲ့ ဝဋ်ကြွေးလား ..
ဗန်ဂိုးရဲ့  အဝါတွေချယ်ထားတဲ့ ပန်းချီကားကိုတော့ သစ္စာတရားလို့ နာမည်တပ်ကြည့်လိုက်တယ် ..
ပြက္ခဒိန်တွေ လွင့်ကြွေရင့်ရော်သွားတဲ့ ကာလဟာ ဇာတ်ဝင်ခန်းတစ်ခန်းစာ ရှိခဲ့သလား ..(သံသယ)
စိတ်အာရုံတွေလွင့်တိုင်း စာမျက်နှာတွေကို ခပ်မြန်မြန် လှန်ဖတ်နေတတ်တာ စိတ္တဇတစ်ခုလို …

ဇာတ်သိမ်း
အလင်းပွင့်တွေ ငြိမ်သက်သွားတဲ့အခါကျတော့မှ အမှောင်နဲ့ စကားစမြည်ပြောခွင့်ရတော့တဲ့ သူတစ်ယောက်လို
အထိတ်တလန့် ပြိုကျလာတဲ့ ကျီးကန်းတွေကိုပဲ သိမှတ်မဲ့စိတ်နဲ့ အဝါရောင်တွေ လှမ်းခြယ်ပေးနေမိ  .. …
မျက်တောင်မခတ်တမ်း သတိလက်လွတ် ကြည့်လာခဲ့လျက်က ဘာတွေမှန်း မသိလိုက်တော့  … ..

မနော်ဟရီ
နိုဝင်ဘာ ၂၀၁၂ … ၂.၁.၂၀၁၃

Monday, December 24, 2012

မယ်မယ်နဲ့ သွယ်သွယ် (ခေတ်သစ်ပုံပြင်)


မောင်ညီမလေးတို့ရေ..မြို့ပြရဲ့ ဆင်ခြေဖုံးလေးမှာ မယ်မယ်နဲ့ သွယ်သွယ်ဆိုပြီး ကောင်မလေးနှစ်ယောက်ရှိသတဲ့။
မယ်မယ်ကတော့ မိန်းကလေးဆန်ပြီး သွယ်သွယ်ကတော့ ယောက်ျားလေးဆန်တယ်တဲ့။ သူတို့နှစ်ယောက်ကလည်း
တစ်ယောက်နဲ့တစ်ယောက် မျက်စေ့အောက်က အပျောက်မခံနိုင်လောက်အောင် ချစ်ကြသတဲ့။ မယ်မယ်ကတော့ အရုပ်ကလေးတွေကို
ချစ်မြတ်နိုးပြီး သွယ်သွယ်ကတော့ အချုပ်လေးတွေကို ချစ်မြတ်နိုးတယ်တဲ့။ အချုပ်ဆိုတာ နည်းနည်းတော့ မရှင်းလင်းဘဲ နေလိမ့်မယ်။
ဒီလိုကွဲ့ မောင်ညီမလေးတို့ရဲ့ သွယ်သွယ်ကြိုက်နှစ်သက်တဲ့ အချုပ်ဆိုတာက ချုပ်နှောင်ခံရတာကို မြတ်နိုးတာကို ဆိုလိုတာကွဲ့။
ဘာကြောင့်လဲဆိုတော့ အချုပ်မှာနေရတဲ့ နေ့တွေဆို ဘာမှပူစရာမလိုဘူး။ အချိန်မှန်စားရတယ်၊ အချိန်မှန်အိပ်ရတယ်။ အဲဒီလိုမဟုတ်ရင်
မယ်မယ်ရဲ့ ပူဆာမှုတွေကြောင့် အိပ်ရေးဝတယ်လို့မရှိ၊ အချိန်မှန်မစားရဘူးတဲ့။ ဒါကြောင့် သူကတော့ အေးအေးလူလူနေရတဲ့ အချုပ်ခန်း
လေးတွေကို သဘောကျဟန်တူပါတယ်။

တစ်နေ့တော့ မယ်မယ်ရဲ့ ပူဆာမှုကြောင့် မြို့ပြကို အလုပ်လေးအားတုန်း ချီတက်လာခဲ့တယ်တဲ့။ ယောင်လည်လည်ဖြစ်နေတဲ့ သူတို့နှစ်ယောက်ကို
မြို့ပြကလူတွေက ဂြိုလ်သားများ ရောက်ရှိလာသလို အထူးပဲ အံ့သြမှုတွေနဲ့ ၀ိုင်းဝန်းကြည့်နေကြတယ်။ သူတို့ရဲ့ လက်ထဲမှာလည်း အမည်မသိတဲ့
အရာဝတ္ထုတစ်ခုကြီးကို ကိုင်ဆောင်ထားတော့ ဒီအရာဝတ္ထုရဲ့ အကျိုးသက်ရောက်မှုဆိုတာကလည်း ဘာမှန်းမသိကြတော့ ထိပ်လန့်တုန်လှုပ်စွာနဲ့
မျက်ခြေမပြတ် ကြည့်နေကြရတာပေါ့။ ဒီလိုနဲ့ သွယ်သွယ်ရဲ့ လက်ထဲမှာရှိတဲ့ ပစ္စည်းကြီးကို လူတွေက သံသယရှိစွာနဲ့ စိုးရိမ်ပြီး ကြည့်နေကြပေမယ့်
ဘာလည်းဆိုတာကိုလည်း စုံစမ်း၊ စူးစမ်းလိုစိတ်နဲ့ ကြည့်လိုချင်ကြတယ်။ ဒါပေမယ့် သွယ်သွယ်ကတော့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင် ရှေးကနေ
ဦးဆောင်ပြီးတော့ သွားခဲ့တယ်။

တစ်နေရာရောက်တော့ အထူးအဆန်း ၀ိုင်းကြည့်နေကြတဲ့ လူအုပ်ကြီးထဲကို အတင်းပဲ တိုးဝှေ့ပြီး သူတို့နှစ်ယောက် ၀င်သွားကြတယ်။ အဲဒီအချိန်မှာတော့
မယ်မယ်တစ်ယောက် သွယ်သွယ်နဲ့ ကွဲကွာသွားပြီး လူအုပ်ကြီးထဲ ယောင်လည်လည်နဲ့ ကျန်ရစ်ခဲ့တော့တယ်။ သွယ်သွယ်ကတော့ မယ်မယ်ကျန်ရစ်နေတာကို
မသိရှာဖူး။ သူ့လက်ထဲက ဘာမှန်းမသိတဲ့ အရာဝတ္ထုကြီးကိုပဲ ဂရုစိုက်ပြီး လူအုပ်ကြီးထဲကနေ လွတ်မြောက်သွားတယ်။ အဲဒီကျမှ မယ်မယ်ပါမလာတော့ဘူးဆို
တာ သိလိုက်ရတယ်။ ဒါကြောင့် ပျာပျာသလဲလဲဖြစ်သွားပြီး စိုးရိမ်စိတ်နဲ့ ဘေးဘယ်ညာ ၀ဲယာကို မျှော်ကြည့် ခေါ်ကြည့်တယ်။ ဒါပေမယ့် မယ်မယ်ကတော့
အရိပ်အယောင်တောင် မတွေ့ရဘူးတဲ့။

လူအုပ်ကြီးထဲမှာတော့ ညိုညိုနဲ့မြမြဆိုတဲ့ ကျေးတောသူလေးနှစ်ယောက်ကတော့ မြို့ပြအကြောင်းကို ကောင်းကောင်းနားလည်ထားပြီး ဂြိုဟ်သားလို့ထင်ရတဲ့
သွယ်သွယ်ကို လှမ်းမြင်လိုက်တယ်။ အများသူငါတွေလိုပဲ ငေးကြောင်ကြည့်နေစဉ်မှာ သွယ်သွယ်ဟာ အဆောက်အဦးရဲ့ အုတ်နံရံပေါ်ကို တက်လိုက်တယ်။ ဒါပေမယ့်
မထင်မှတ်ဘဲ လူတွေစိတ်ဝင်စားနေတဲ့ ပစ္စည်းကြီးက အောက်ကို ဒုန်းကနဲ လွတ်ကျသွားတယ်။ လူအုပ်ကြီး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ဒီပစ္စည်းရဲ့ အကျိုး
သက်ရောက်မှုကို စိုးရိမ်ပူပန်နေကြတယ်။ ဒါပေမယ့် ညိုညိုနဲ့မြမြတို့ကတော့ သွယ်သွယ်ပြုတ်ကျသွားတဲ့ ပစ္စည်းဘေးကို အရောက်သွားပြီး အဲဒီပစ္စည်းကြီးကို
ကောက်ယူလိုက်တယ်။ ဒါပေမယ့် လူတွေကတော့ ဒီနှစ်ယောက်လည်း ကြံရာပါတွေလို့ ထင်မြင်သွားကြပြီး အော်ဟစ်ဆဲဆိုနေကြတယ်။ ဒါကြောင့် လက်ထဲရောက်ရှိ
နေတဲ့ ပစ္စည်းကြီးကို အိပ်ထဲကနေ အသာအယာဆွဲဖွင့်လိုက်တယ်။ ဒါပေမယ့် မထင်မှတ်ဘဲ ခရိုင်ရဲမှုးကြီးများဖြစ်တဲ့ ဆူးဆူးရယ် အောင်အောင်ရယ် ရဲမေယဉ်ယဉ်ရယ်
ရောက်လာကြပြီး သွယ်သွယ်ရဲ့ ဆွဲဖွင့်နေတဲ့ ပစ္စည်းကြီးကို အောက်ကိုအသာအယာချဖို့ အမိန့်ပေးလိုက်တယ်။ ဒါပေမယ့် တွေတွေဝေေ၀ဖြစ်သွားပေမယ့် သွယ်သွယ်ကတော့
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်တယ်။

လူအုပ်ကြီးထဲကနေ အတင်းတိုးဝှေ့ပြီး ရောက်ရှိလာတဲ့ မယ်မယ်ကို လှမ်းမြင်လိုက်တယ်။ ဒါကြောင့် သူ့လက်ထဲက ပစ္စည်းကြီးကို အသုံးမပြုတော့ဘဲ အောက်ကိုအသာအယာလေး
ပြန်ဆင်းလာခဲ့တယ်။

ကဲကဲ မောင်ညီမလေးတို့ရေ အဲဒီဘာမှန်းမသိတဲ့ အရာဝတ္ထုကြီးက ဘာလဲဆိုတာ သိချင်ဘူးလား။
မောင်ညီမလေးတို့ကကော ဘာလို့ထင်လဲ။
ဘာဖြစ်လို့ အသုံးမပြုဘဲနေလိုက်တာလဲ။
အဲဒီ ပဟေဠိကို ရအောင်ဖော်ထုတ်နဲ့တဲ့ သားသားမီးမီးတို့ထဲက ဘယ်သူ့ကိုမဆို အဲဒီဘာမှန်းမသိတဲ့ အရာဝတ္ထုကြီးကို လက်ဆောင်ဝယ်ပေးချင်တယ်။ နောက်နေ့ အိမ်မှာစဉ်းစားပြီးတော့
အဖြေရအောင် ရှာခဲ့ပါကွယ်။

ပုံပြောသူ=မောင်မင်းစိုး
ပါဝင်သရုပ်ဆောင်သူ=သူငယ်ချင်းများ
အားပေးကြည့်ရှုကြသူ=ဖေ့ဘုတ်ရှိ မန်ဘာများ

Friday, January 27, 2012

ဗုဒ္ဓ၏သင်ကြားမှုဖြင့်.... စာအုပ်အဆက်

လာဘ်စားသော မင်း

ဘရုတိုင်း၌ ဘရုမင်းကြီး ထီးနန်းစိုးစံစဉ် ဘုရားအလောင်းသည် အဘိညာဉ်သမာပတ်နှင့် ပြည့်စုံသော ဂိုဏ်းဆရာ ရသေ့ကြီးဖြစ်နေသည်။ ချဉ်၊ ဆားမှီဝဲလိုသဖြင့် နောက်ပါ ရသေ့ငါးရာတို့နှင့်အတူ ဟိမဝန္တာမှ ထွက်၍ ဘရုမြို့၏ မြောက်တံခါးအနီး ညောင်ပင်ကြီးအောက်တွင် နေထိုင်နေခဲ့သည်။ အဆိုပါရသေ့များ နေ၍ ၁၅ရက်လောက်အကြာမှာပင် အခြားသော ရသေ့တစ်ပါးခေါင်း ဆောင်သည့် ရသေ့ငါးရာတို့သည်လည်း ဘရုမြို့၏ တောင်ဘက်တံခါးအနီး ညောင်ပင်ကြီးအောက်တွင် အခြေချနေထိုင်ခဲ့ကြသည်။ အချိန်ကျ၍ ပြန်ချိန်ရောက်သောအခါ ရသေ့နှစ်ဖွဲ့စလုံးပင် ဟိမဝန္တာသို့ ပြန်လာခဲ့ကြသည်။
ရသေ့များ ပြန်သွား၍ မကြာသေးခင်ပင် တောင်ဘက်တံခါးအနီးရှိ ညောင်ပင်သည် ခြောက်သွေ့ကာ သေသွားသည်။ သို့အတွက် နောက်တစ်ခေါက်ရောက်လာသောအခါ သူတို့သည် မြောက်တံခါးအနီး ညောင်ပင်အောက်သို့ ပြောင်းရွှေ့ကာ နေထိုင် ခဲ့ကြသည်။ ပထမလာရောက်နေထိုင်သော ရသေ့ငါးရာသည်လည်း မိမိတို့အရင်နေထိုင်ခဲ့သော မြောက်တံခါးအနီးရှိ ညောင်ပင်သို့ ရောက်လာခဲ့ကြသည်။ သို့အတွက် သူ့အပင်၊ ငါ့အပင်၊ ငါတို့ရှေးဦးစွာ နေခဲ့ဖူးသည်၊ ငါတို့ယခုအရင်ဦးရောက်သည် စသည်ဖြင့် ရသေ့တို့ အငြင်းအခုံဖြစ်ကြသည်။ နောက်ဆုံး မင်းထံ ဝင်ပြီး အဆုံးအဖြတ်ခံကာ မင်းသည် အရင်နေဖူးသည့် ရသေ့တို့အား အနိုင်ပေးလိုက်သည်။
မကျေနပ်ဖြစ်သွားသော ဒုတိယရောက်လာသည့် ရသေ့များအနေဖြင့် အရှုံးမပေးလိုပေ။ ဒါကြောင့်ဒိဗ္ဗစက္ခုဖြင့် ကြည့်ရှုကာ ယခင်က စကြဝတေးမင်းတစ်ပါးအသုံးပြုခဲ့သော ရထားချိုင့်တစ်ခုကို တွေ့ရ၍ ထုတ်ယူပြီး မင်းကြီးအား တံစိုးလက်ဆောင်အဖြစ် လာဘ်ထိုးကာ ပေးခဲ့ကြသည်။ မင်းသည် ရှုံးနိမ့်သွားသော အဖွဲ့ကို တစ်ဖန်ထပ်၍ ပိုင်ဆိုင်ခွင့်ပေးလိုက်ပြန်သည်။ ထိုအကြောင်းကို သိသော ပထမရသေ့အဖွဲ့သည် ရထားချိုင့်၏ ရထားလှည်းဘီးတို့ကို ထုတ်ယူကာ မင်းကြီးအား ပေးပြီး မိမိတို့တစ်ဖွဲ့တည်းသာ ပိုင်ဆိုင်မှုအဖြစ်ပေးရန် တောင်းဆိုကြသည်။ မင်းကလည်း တံစိုးလက်ဆောင်လာဘ်ထိုးမှုကို အကြောင်းပြုပြီး ရသေ့တို့အလိုကျ ပိုင်ဆိုင်ခွင့် သီးသန့်ထုတ်ပေးလိုက်ပြန်သည်။
ထိုအခါဘရုတိုင်းမှ နတ်များသည် သီလရှိသော ရသေ့များကို အငြင်းပွားမှုဖြစ်စေခဲ့သော ဘရုမင်းအား အမျက်ထွက် ကြသဖြင့် ယူဇနာသုံးရာရှိသော ဘရုတိုင်းကို သမုဒ္ဒရာဒီလှိုင်းများဖြင့် နှစ်မြှုပ်ဖျက်ဆီးလိုက်ရာ ဘရုတိုင်းသည် သမုဒ္ဒရာရေအောက်သို့ ရောက်သွားတော့သည်။ သည်ဒေသနာ၊ သင်ကြားချက်ကို သိတော့မှ ပသေနဒီကောသလမင်းကြီးသည် တိတ္ထိတို့၏ တည်ဆောက်ဆဲ ကျောင်းများကို ဖျက်ဆီးပစ်ရန် မင်းမှုထမ်းများအား စေလွှတ်လိုက်သည်။
မှန်သည်။ အထက်အစိုးရခေါင်းဆောင်များ၊ အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ တစ်သီးပုဂ္ဂလပိုင်အသင်းများအနေဖြင့်၊ ခေါင်းဆောင်များအနေဖြင့် ဒါကို အထူးသဖြင့် အလေးဂရုပြုရန် လိုအပ်ပါသည်။ အခြားသူများ မသိဘူးဟု ထင်သော်လည်း အကျင့်ပျက်ခြစားမှုများသည် ပထမဦးဆုံး မိမိကိုယ်တိုင်နှင့် အခြားလာဘ်ပေးသူဆိုသည့် နှစ်ဦးတို့အနေဖြင့် သိမည်။ ထို့နောက် မိမိတို့၏ ကိုယ်စောင့်နတ်များ၊ အနီးအနားရှိအဆောက်အအုံ၊ ခြံစောင့်နတ် စသူများ သိမည်သာ ဖြစ်သည်။ လာဘ်ပေးလာဘ်ယူ ဒို့ရန်သူဆိုသည့် ဆောင်ပုဒ်ပါအတိုင်း လိုက်နာဖို့သည်လည်း တိုင်းပြည်တစ်ခုတည်ထောင်ရာမှာ အရေးကြီးသော သင်ကြားချက်များ ဖြစ်သည်။ ဒါကိုလည်း ထိရောက်စွာ အရေးယူဖို့ လိုသည်။ အရေးယူနေသည်ဟုလည်း ကြားရသည်။ ကောင်းမွန်သော လုပ်ရပ်များ ဖြစ်ပါသည်။
ဖွံ့ဖြိုးတိုးတက်ချင်သည်ဆိုလျှင်၊ တစ်ဦးတစ်ယောက်တည်း၏ စွမ်းဆောင်မှုများဖြင့်တော့ မလွယ်ကူပေ။ အားလုံး ဝိုင်းဝန်းအဖြေရှာကြဖို့ အရေးကြီးပါသည်။ မိမိလက်အောက်ရှိ တာဝန်ရှိသူများ၊ လုပ်ပိုင်ခွင့်ရှိသူများအားလည်း တိကျသော၊ တာဝန်ကျေသော၊ စိတ်ကောင်းရှိသော၊ ဝေဖန်ပိုင်းခြားနိုင်သော၊ ကြင်နာမှု၊ စာနာမှုတရားဖြင့် ဖွဲ့စည်းထားသော လူကောင်းတစ် ယောက်ကို တာဝန်ပေးဖို့ အရေးကြီးပါသည်။ သို့မဟုတ် မိမိတို့ မသိဘဲ အောက်ခြေမှာ ဖြစ်ချင်သလို ဖြစ်နေမှုများကို အာရုံမထား လျှင်တော့ တမြည့်မြည့်တိုက်စားလာကာ တိုင်းပြည်တစ်ခုလုံးသည် ဆင်းရဲမွဲတေမှုဒဏ်ရာဒဏ်ချက်များကို ဘယ်လိုမျှ မကုစားနိုင်ဘဲ ဆင်းရဲတွင်း နက်သထက် နက်နေဦးမည်သာ ဖြစ်သည်။



ပညာရှိစကား နားထောင်လျှင် ချမ်းသာစမြဲ

သည်နေရာမှာလည်း ပညာရှိစကားကို နားထောင်၍ ချမ်းသာရခြင်း၊ ပညာရှိတို့သည်သာ အမှန်တရားကို သိမြင်နိုင်သည် ဆိုသည့် အကြောင်းလေးကို ဇာတ်လေးတစ်ပုဒ်အနေဖြင့် အတုယူနိုင်ရန် တင်ပြလိုပါသည်။
တစ်ခါက ဗာရာဏသီပြည်၊ ဗြဟ္မဒတ်မင်း ထီးနန်းအုပ်ချုပ် မင်းလုပ်နေချိန်ဖြစ်သည်။ ထိုစဉ်အခါ၌ ဘုရားအလောင်းသည် လှည်းကုန်သည်ဖြစ်ပြီး လှည်းငါးရာတို့ဖြင့် ကုန်သွယ်ခြင်းကို ပြုသည်။ တစ်ခါက သူတို့အဖွဲ့အနေဖြင့် တောအုပ်ကြီးတစ်ခုတွင် ရောက်ရှိသွားကြသည်။ အဲသည်တောအုပ်အနီးတွင် ရွာငယ်တစ်ခုကို တွေ့ရသည်။ ထိုရွာ၏ တံခါးဝတွင် ထူးဆန်းသည့် ကိံဖလ ဆိုသည့် အပင်တစ်ပင် ရှိသည်။ ထိုပင်သည် သရက်ပင်နှင့် တူသလို အသီး၏ အနံ့နှင့် အရသာများသည်လည်း သရက်သီးအတိုင်းပင် ဖြစ်သည်။ သို့သော်အထူးဆန်းဆုံးက သည်အသီးကို စားမိသူအား လတ်တလော သေစေနိုင်ခြင်းဖြစ်သည်။
တောအုပ်ကြီးအဝရှိ ရွာငယ်မှ ရွာသားများသည် ထိုအပင်ကို မှီပြီး စီးပွားဖြစ်နေကြသည်။ ယခင်က အချို့သော ခရီး သွားများသည် ထိုအပင်မှ အသီးကို သရက်သီးအမှတ်ဖြင့် စားပြီး သေဆုံးခဲ့ကြဖူးသည်။ ဒါကို အကြောင်းပြုပြီး ကျန်ရှိခဲ့သည့် လှည်း၊ နွား၊ ကုန် စသော ဥစ္စာပစ္စည်းများကို ရွာသားများ ရရှိနေကျဖြစ်သည်။ ယခုလှည်းအဖွဲ့ရောက်လာသည်ကိုလည်း ရှေ့အတိုင်း ထင်ထားခဲ့ကြသည်။ နံနက်အရုဏ်ရောက်လျှင် ပစ္စည်းများကို ကောက်ယူရန် ရောက်လာကြသည်။ သို့သော်သည်အဖွဲ့အနေဖြင့် သူတို့ထင်သည့်အတိုင်းမဟုတ်ဘဲ အားလုံးကျန်းကျန်းမာမာရှိနေကြသည်ကို တွေ့ကြရသည်။ ရွာသားများသည် လှည်းမှူးကြီးအား ''ဒီအပင်ဟာ အဆိပ်ပင်ဖြစ်ကြောင်း ဘယ်လိုသိသလဲ'' ဆိုသည့် မေးခွန်းကို မေးကြသည်။ ''ငါ့အနေနဲ့ကတော့ အဆိပ်ပင်ဖြစ်ကြောင်း အကြောင်းနှစ်ချက်ကြောင့် သိသည်'' ဟု ပြန်ဖြေလိုက်သည်။ အဲသည်အကြောင်းနှစ်ချက်ကတော့ ပထမဆုံးအနေဖြင့် သည်အပင်သည် နိမ့်နေပြီး ခူးဆွတ်သူ မရှိခြင်း၊ ဒုတိယတစ်ချက်ကတော့ ရွာနှင့် နီးသော်လည်း အသီးမျာြး>ွပတ်သိပ်နေခြင်းဆိုသည့် အကြောင်း နှစ်ချက်ကြောင့် ဖြစ်ပါသည်ဟု ပြောလိုက်သည်။ မှန်သည်။ ပညာရှိသည် အရာအားလုံးကို သိမြင်နားလည်သည်။ အရာရာကို ဝေဖန်ပိုင်းခြားနိုင်သည်။ သို့အတွက် လူပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။ ဒါသည် ပညာရှိကို ရရှိခြင်းကြောင့်ဖြစ်သည်။ တိုင်းပြည်မှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတိုင်းမှာပဲ ဖြစ်ဖြစ် ပညာရှိရဖို့ အလွန်လိုအပ်ပါသည်။ ပညာရှိသူသည်သာလျှင် အရာရာကို ဝေဖန်ပိုင်းခြားသိမြင်နိုင်မည်ဖြစ်သောကြောင့် ဖြစ်သည်။

Saturday, September 26, 2009

အဆက်စပ်မဲ့ စကားလုံးများကို ထုဆစ်ခြင်း

အဆက်စပ်မဲ့ စကားလုံးများကို ထုဆစ်ခြင်း (၁)

ပစ်မှတ်မရှိတဲ့ အဝေးကို ချိန်ရွယ်ပြီး ပစ်နေခဲ့တယ်။ ဒါဟာ တစ်သံသရာလုံးလုံး မအောင်မြင်တဲ့ ဂေဟစနစ်ပဲ။ ကြက်ဥအစရှာမရသလို ပြဿနာတွေ။ ရိုးရိုးလေးပဲကောင်းတဲ့ သေချာမှုတွေ။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်မှာ သေချာတဲ့ ၀ှက်ဖဲတစ်ချပ်ဟာ ခင်ဗျားလက်ထဲ ပြန်ရောက်နေလိမ့်မယ်။ စကားလုံးတွေနဲ့ ပစ်ပေါက်လို့ ရင်ခေါင်တစ်ခုလုံး ကွဲကြေခဲ့ပြီ ထပ်ပြီး မနှိပ်စက်ပါနဲ့တော့လား ဒီမှာ မကြားရဲလို့ ရက်စက်မှုတွေက သွေးပျက်ဖွယ် တန်းဖိုးတွေ ကျနေခဲ့တဲ့ ငါ့နှလုံးသား လောင်တိုက်ဟာ သက်ပြင်းတွေ ချပြီး လျော့ချနေခဲ့ရတယ်။ လူသားတစ်ယောက်ဟာ လူသားတစ်ယောက်ရဲ့ အိပ်မက်ကို ပုံတူကူးခဲ့တယ် ဒါဟာ အပြစ်လား။ ဟုတ်တယ် အချစ်ဆိုတာ အူတိုတတ်တဲ့ အရောင်မဲ့ ပြဿနာပဲ အဖြူရောင်သက်သက် ဆိုးခဲ့တဲ့အရောင်တွေဟာ တစ်ဘ၀ လုံးတွက် ခံစားရတော့မယ့် ကျိန်စာလား ရင်ထဲငိုကြွေးခဲ့ရတာအခါခါ ထပ်ပြီးမရှို့မြိုက် ပါနဲ့တော့လား လောင်ကျွမ်းစရာ လောင်စာတွေ မရှိတော့ဘူး အချစ်ဆိုတာ ရုပ်ပျက်ဆင်းပျက် ကိုဖန်တီးပေးခဲ့တယ်။ အချစ်ဆိုတာ ဂုဏ်သိက္ခာကို ချကျွေးရတဲ့ သားကောင် အချစ်ဆိုတာ ဘယ်တော့ မိုးပြိုမှာလည်း တွေးပြီးကြောက်နေရတဲ့ ဗျိုင်းအောက် ခက်တယ် ငါ့နှလုံးသားတွေ အစိပ်စိပ်အမွှအမွှ လူနဲ့ဒဏ်ရာနဲ့ မမျှတော့ဘူး။ အို. . . လောကကြီး သင့်ရဲ့ လက်တော်ထဲ မြဲမြဲဆုတ်ကိုင်ဖို့ တိုင်တည်ပါတယ် ဒီမှာ နင်ရမယ့်မြေသားက မခိုင်တော့ဘူး သွေးပျက်ဖွယ် လဲကျသေဆုံးနေရတဲ့ လူသားတစ်ယောက်ဟာ စကား တွေအောက် ပြားပြားမှောက် ဖိနှိပ်ခံနေရတယ်။ အဲဒီနေရာဟာ အမှတ်သင်္ကေတမရှိတဲ့ မြို့ပြရဲ့လမ်းကြား မှိုလိုပေါက်ရောက်နေတဲ့ ဝေဒနာသည်များ ရှို့မြိုက်ခဲ့တဲ့ အစအနများ၊ အကွဲကွဲ အပြားပြား။ သတင်းစကားတစ်ခု ကြားဖူးတယ် မင်း ဒီနေ့ ဘယ်လိုရှင်သန်ရမလဲဆိုတာ သိဖို့လိုတယ်“တဲ့။ ရံဖန်ရံခါ ပေါ့ပ်အင်တာဗျူးနဲ့ အသက်ဆက်လို့ တစ်ခါတစ်ရံ မိတ်ဆုံစားပွဲသတင်းလေးနဲ့ ရှင်သန်လို့ ဒီလိုစကားလုံး ထူထူပါးပါးလေးတွေ တန်ဆာဆင်လို့ ဂျနီဖာနဲ့လည်း တရင်းတနှီး၊ မိုက်ကယ်ဂျက်ဆင်နဲ့လည်း ပူးပူးကပ်ကပ် ကိုရီးယား အနုပညာ ပေါင်းစုံနဲ့ အော်စကာဆု ပွဲတော်တွေလည်း တက်တတ်လာခဲ့တယ် ပရီးမီးယားလိပ်ဖလားကို ပွေ့ပိုက်ရင်း ဖာဂူဆန်ကိုလည်း အကျွမ်းဝင်လာခဲ့တယ်။ အဲဒီ ငါကျင်လည်ရာဝန်းကျင်မှာ အနံ့ပါးပါးဆွတ်ဖြန်းရင်း အုပ်စုဖွဲ့ ပျံသန်းလာတဲ့ ငှက်တွေ ဇာတ်ကားတစ်ကားရဲ့ အကောင်းမမြင်ပြကွက်တွေ မော်ဒယ်ဘွိုင်းဘာယောင်ယောင်နဲ့ လမ်းပျောက်တာတွေ စင်တင်တေးဂီးတနဲ့ ရှိုးပွဲတွေတင်ဆက်ရင်း ဘ၀ပျောက်တာတွေ၊ ကယ်ရီကေးချားရေး ဆွဲရင်း ကိုယ်တိုင်ရုပ်ပျောက်တာတွေ ခပ်တည်တည် ပြကွက်အမှားတွေနဲ့ ရွေးခြယ်စရာတွေကို ငြင်းပယ်ရင်း သက်ပြင်းချတာတွေ ထွေရာလေးပါး ဝေ့၀ဲကြည့်ရင်း အိတ်ကပ်တွေလိုက်ဖတ်နေတာတွေ မျက်နှာရှစ် ခေါက်ချိုးပြီး ဟမ်းဖုံးတစ်လုံးနဲ့ အလုပ်ရှုပ်နေတာတွေ မျက်နှာဖုံးစွပ်ပြီး လောကကြီးကို ငေးကြည့်နေတာတွေ ဘယ်လိုဖြစ်မယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ရတဲ့ ဖန်တရာတေ ဇာတ်လမ်းတွေ မြီးကောင်ပေါက်လေးတွေကို မျှားခေါ်ရင်း အသက်ဆက်နေတာတွေ တစ်ခန်းဝင်တစ်ခန်းထွက်ရင်း မှော်အတတ်နဲ့ လမ်းသလားနေတာတွေ သစ်ပင်လို ယိမ်းထိုးရင်း ကကွက်အမှားတွေ ဖြတ်ညှပ်ကပ် အတတ်နဲ့ ရွှေတွဲလွဲ ငွေတွဲလွဲတွေ စိတ်ကူးရတိုင်း နှစ်ယောက်တစ်အိပ်မက်မက်တာတွေ ကိုယ်ပိုင်သံစဉ် တစ်ပုဒ်ကို အိတ်ထောင့်ထဲထည့်ရင်း ပုန်းခိုနေတဲ့ ပျောက်ကြားတပ်တွေ အွန်လိုင်းယဉ်ကျေးမှုနဲ့ ဖက်ဖူးရောင်ကို ပိုင်ဆိုင်တာတွေ မှော်အတတ်နဲ့ ပြိတ္တာ တစ်ကောင်ရဲ့ ဇာတ်လမ်းကို ဖန်တီးတာတွေ အဲဒီနေရာဟာ မာယာကော့စကီးရဲ့ မျိုးဆက်ဖြစ်သလို ပလေတိုရဲ့ ယုံကြည်ချက်ကို ငြင်းပယ်တာတွေ တော့စတွိုင်းရဲ့ ခြေရာအတိုင်း နင်းခဲ့တာတွေနဲ့ ဂါဇာဒေသရဲ့ စစ်ရိပ်ကို မုန်းတီးမှုတွေလည်း ရှိခဲ့တယ်။ အဲဒီနေရာဟာ စားကျက်ပြောင်းပြီး ကွင်းဆင်းနေခဲ့တာတွေနဲ့ ပြန်လှည့် မလာတော့တဲ့ ဇီးကွက်တွေရဲ့ နေရာလည်းဖြစ်ခဲ့တယ်။ အဲဒ်ီနေရာဟာ အနုပညာ ဗိုင်းရပ်တွေ တစ်နေ့တခြား ဆဲလ်တွေလို ပွားနေခဲ့တယ်။ ဘ၀တစ်ခုလုံး ထိုးကျွေးရင်း ၀ဋ်ကျွေးရှင်ရဲ့ ဇာတ်တွေနာခဲ့တယ်။ သိပ်သည်း စတွေက ကြောက်စရာ ကောင်းလောက်အောင်ပဲ ကျားတစ်ကောင်ရဲ့ မာယာအောက် ပြားပြားမှောက်လို့ ၀ပ်ကျဉ်းထဲ အတောင်ကျိုးနေတဲ့ ငှက်တစ်ကောင်၊ ဘ၀တစ်ခုလုံး ဆို့ပိတ်လို့ ပြေးလမ်းဟာ ပုန်းကွယ်နေခဲ့တယ်။ အသားတွေ တဆတ်ဆတ်တုန်ခါ အတွင်းဒဏ်ရာက အစိပ်စိပ် အမွအမွ ခမ်းချောက်နေတဲ့ မျက်ရည်စတွေနဲ့ ညရောက်မှာကို တွေးပြီးကြောက်နေခဲ့တယ်။ ရောက်မလာသေးတဲ့ သန္ဓေသားနှစ်ကောင်ဟာ မုန်တိုင်းရဲ့ ခက်ထန်ကြမ်းတမ်းမှုအောက် တစ်စစီကျိုးကျေလို့ ရင်ထဲအန်ကြိတ်ပြီး အော်ခဲ့တဲ့ ဆာလောင်သံတွေ တစ်ခန်းလုံး ဆူညံတုန်ဟီးလို့။ ပြေးလမ်းပေါ်ရောက်တော့ ကွင်းကအလွဲလွဲ အမှားမှား မျက်လုံးတွေက သိန်းငှက်တွေလို စူးရှတောက်ပြောင်လို့ တစ်ကိုယ်လုံး ရင်သတ်ရှုမောနေခဲ့တယ်။ သစ္စာရှိပါ ကမ္ဘာမြေ သင့်ရဲ့ နှုးညံ့တဲ့ လက်တော်ထဲ မေတ္တာတရားဟာ ဆေးဖက်မ၀င်တော့ဘူးလား။ အူသံတွေက နားနဲ့မဆန့်တော့ဘူး ထင်ယောင် မှားတဲ့ ယုန်ဖြူတစ်ကောင်ရဲ့ ရမ္မက်က စိတ်ပျက်ဖွယ် ခက်ထန်နေခဲ့တယ်။ ဒီလိုနဲ့ ပင်လယ်ထဲ နစ်မြုပ်သွားတဲ့ လှေငယ်တစ်စီးဟာ ပြန်ပေါ်မလာတော့ဘူး။ နေ့လွဲ ညစာနဲ့ဝေးခဲ့ရတဲ့နေ့တွေ တစ်ကိုယ်စာ အခန်းကျဉ်းထဲက အော်ဟစ်ပေါက်ကွဲခဲ့တဲ့ အသံတွေ ဆာလောင်တိုင်း လက်ထိုးပြီး အန်ခဲ့ရတဲ့ ညတွေ အလိုမကျတိုင်း ကျကျနေတတ်တဲ့စိတ်တွေ လမ်းလျောက်ရင်း လမ်းပျောက်ခဲ့ရတဲ့ လူသားတစ် ယောက်ဟာ ကာမရနံစူးစူး၊ အပျော်တွေနဲ့ ကင်းခဲ့ရတယ်။ စီးပွားပျက်ကပ်ကြီးထဲ နျူကလီးယား မပြန့်ပွား ရေးတွေ ဂါဇာကမ်းမြောင်ဒေသက စူးရှရှအော်သံတွေ အိုဘားမားရဲ့ ချိန်း ဆိုတဲ့အသံနဲ့ ကျမ်းသစ္စာ ကျိန်ဆိုမှုတွေ မွန်ဘိုင်းတိုက်ခိုက်မှုအတွက် သံသယမျက်လုံးတွေ အိုဇုန်းလွှာပါးခြင်းရဲ့ သက်ရောက်မှု ဆိုးကျိုးတွေ အန္တာတိကတိုက်မှာ တစိမ့်စိမ့်ပျော်ကျနေတဲ့ ရေခဲတွေ အီရန်နိုင်ငံရဲ့ ပထမဆုံးဂြိုဟ်တုရဲ့ နောက်ဆက်တွဲ အငြင်းပွားဖွယ်တွေ သြစတေးလျမှာ စံချိန်သစ်အပူဒဏ်ကြောင့် တောမီးလောင်မှုတွေ ပါကစ္စတန်မှာ မကြာခင်က နေအိမ်အကျယ်ချုပ်ဘ၀ကနေ လွတ်မြောက်လာတဲ့ နျူးကလီးယားပညာရှင်ရဲ့ နောက်ဆက်တွဲ ဝေဖန်မှုတွေ ဆင်ဆာမဲ့ ညစ်ညမ်းသံစဉ်တွေ လွင့်ဝဲလာတဲ့ ရန်ကုန်မြို့တော်ရဲ့ လှုပ်လှုပ်ရှားရှားအသံတွေ ခရီးဆက်ဆဲ ကမ္ဘာကြီးဟာ ရင်ခေါင်းတစ်ခုလုံး ပေါက်ပြဲနေခဲ့တယ်။ စံနှုံးမြင့်အပျော်တွေနဲ့ သီရိဂေဟာစနစ်တွေ ပြဌာန်းချက်အသေတွေနဲ့ နေ့မြင်ညပျောက်တွေ တရစ်ရစ်ထိုးကျနေတဲ့ ရေနံဈေးတွေလို စိတ်တွေတစ်ထစ်ထစ် ထိုးကျနေခဲ့ရင်း နေကြတ်ခဲ့သလို လူတွေကြတ်နေခဲ့တယ်။ အင်တာနက်ကနေ လျှံကျလာတဲ့ သတင်းအစအနတွေ ပေါ့ပ်စာမျက်နှာပေါ်ကနေ ယိုစီးလာခဲ့တဲ့ မနာလိုဝန်သိုမှုတွေ ဒစ်ဂျစ်တယ်ခေတ်မှာ လမ်းလျောက်ရင်း နောက်ကြောမလုံတော့တာတွေ ခိုးကူးခွေတွေ တွင်ကျယ်နေတဲ့ခေတ်မှာ အနုပညာဟာ မစစ်တော့ဘူး ကွန်ပျူတာတွေ ဗိုင်းရပ်ကိုက်သလို ကိုယ့်ကျင့်တရားတွေ ဗိုင်းရပ်ကိုက်နေခဲ့တယ်။ ဒီလိုနဲ့ စစ်မီးလျံတွေကြားက ထိုးထွက်လာတဲ့ ငြိမ်းချမ်းရေး ငှက်တစ်ကောင်ဟာ ကမ္ဘာမြေပေါ်မှာ စီးချက်မညီဘဲ ကခုန်လို့ နေပျော်ပျော်နေနေခဲ့ပါတယ်။

မောင်မင်းစိုး


ကျန်ရှိနေသေးသော အဆက်စပ်မဲ့ စကားလုံးများကို နေ့စဉ် တင်ဆက်ပေးသွားပါမည်။

Sunday, August 30, 2009

အဖေ့မြေပုံပေါ်ကျခဲ့တဲ့ မျက်ရည်စတွေ


အမေသေတုန်းက ကိုရင်ငယ်ဘဝ။ ရင့်ကျက်မှုသို့ အခြေပျိုးစအချိန်။ ဘုရားပွဲမှရ သောငွေ(၈ဝ)ဖြင့် အိပ်ယာထဲ ပက်လက်မြောနေတဲ့ အမေ့အတွက် ဆေးဖိုး။ သေသွားတော့ အမေ့အိပ်ယာအောက် အဝတ်စလေးဖြင့် ပတ်ထားတာတွေ့ ခဲ့ရတယ်။ နားခိုရာ ခက်မအစုံ အလင် ပြည့်ဝနေတဲ့ သစ်ပင်ကြီးတစ်ပင် လဲပြိုသွားခြင်း။ ရွှေတောင်ကြီး ပြိုလဲကျခြင်း။ အမေ့ရဲ့ နူးညံ့ပျော့ပြောင်းတဲ့ စိတ်ဓာတ်တွေကိုပဲ အမွေရလိုက်တယ်။ အမေသေပြီ။ မျက်ရည်တစ်ပေါက်မှ ထွက်မလာခဲ့ခြင်းဟာ အမေ့ကို နောက်ဆုံးဂုဏ်ပြုခြင်း ပဲပေါ့။ အမေတစ်သက်တာ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ ဈေးတောင်းရွက်ပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ဈေးရောင်းပြန်လာသော မြင်ကွင်း၊ဆီးကြိုခဲ့ရတဲ့ ပုံရိပ်တွေဟာ အခုတော့ ဘယ်တော့မှ မြင်ရတော့မှာ မဟုတ်ဘဲ ကွယ်ပျောက်ခဲ့ပါပြီ။

ဖူးသစ်စ ပင်ပျိုလေးများ ခိုနားရာမဲ့လို့။ အဖေ့ရဲ့လက်မှု အတတ်လေးနဲ့ မိသားစုတွေ ဆက်လက်ကြီးပြင်းလာခဲ့တယ်။ ရွာရိုးကိုးပေါက် ပြေးလွှားဆော့ ကစားရင်း အဘွားကြွေးတဲ့ ထန်းလျက်နဲ့ထမင်းကို ရောထွေးပြီး မြိန်ရေယှက်ရေ စားသောက်တတ်လာခဲ့တယ်။ အမေတွေမြင်တိုင်း လွမ်းနာကျလို့။ အမေဆိုတဲ့ခေါ်သံတွေကြားတိုင်း ဝမ်းနည်းခဲ့ရတယ်။ သားတို့ရုပ်ရည် သီတာမည်သားဆိုတာဖြစ်ခဲ့လေသလား။ အမေပြန်လာတိုင်း ပြုံးချိုနေတဲ့ မျက်နှာလေးနဲ့ သားတို့ဆီးကြိုနေတဲ့ ပုံရိပ်တွေကို ဝမ်းသာအားရဖြစ်ပြီး ဈေးတောင်းထဲ ပါလာတဲ့ သားရေစာများစုံနဲ့ နေ့စဉ်တမ်းတမျှော်ငေးရင်း လူဘဝကို ကြင်လည် လာခဲ့ရတယ်။ အမေ့ရဲ့မေတ္တာတွေဟာ အခုထိသားတို့ရင်ထဲ စီးဆင်းနေခဲ့တယ်။

ဒီလိုနဲ့ မိသားစု အသိုက်မြုံထဲကနေထွက်လာခဲ့ပြီး။ မြို့ကြီးပြကြီးမှာ ယောင်လည် လည်နဲ့ ကျင်လည်နေခဲ့တယ်။ နို့စို့အရွယ် ညီမလေးနဲ့ဝေးရာ။ ညဘက်ဆိုရင် ရွာဦးကျောင်းက ကြေးစည်သံနဲ့ ဆည်းလည်းသံတွေကို လွမ်းတတ်လာခဲ့တယ်။ ဝလုံးလေးဝိုင်းအောင် ရေးတတ်လာခဲ့တယ်။ ဆာလောင်နေတဲ့ အသံမျိုးစုံးကို ကြားတတ်လာခဲ့တယ်။ ရွာဦးကျောင်းက အရှေ့ အုဋ်တံတိုင်းပေါ်ကနေ ထန်းတောလေးတွေကို ငေးမောကြည့်တတ်ခဲ့ တဲ့ ပုံရိပ်လေးတွေကို လွမ်းတတ်လာခဲ့တယ်။

မြို့ကိုစရောက်တော့ တစ်ပတ်လောက်နေမထိ ထိုင်မသာ။ အိမ်လွမ်းစိတ်နဲ့ ရွာလွမ်း စိတ်။ နောက် အမေ့ရဲ့ မွှေးမြမြ အနမ်းလေးတွေကို ပြန်လည်ပြီး ဆာလောင်လာခဲ့တယ်။ အဖေ့ရဲ့ မူးလာပြီးပြန်အလာ အော်ဟစ်သံတွေကို နေ့စဉ်လိုလို ကြားရောင်းနေခဲ့တယ်။ လွမ်းရင်းကျခဲ့တဲ့မျက်ရည်စတွေ။ အတောင်လေး စုံခါနီး လောကကြီးထဲ ကျင်လည်ဖို့စတင် မပျံသန်း ခင်မှာဘဲ အဖေနဲ့ ဝေးရပြန်ပြီ။ အဖေရဲ့ကိုယ်ပိုင် လက်မှုအတတ်တွေနဲ့ ဝေးရပြန်ပြီ။ ဒါပေမယ့် ဘယ်လောက် ရင်နာစရာ ကောင်းသလည်းဆိုတော့ အဖေသေကြောင်းသိရတော့ အဖေ့ရဲ့ ရုပ်အလောင်းဟာ မြေကြီးထဲရောက်နေခဲ့ပြီ။

အဖေသေတာ မသိဘူး။ အဖေသေတော့ ငါ့ကိုဘယ်သူမှအကြောင်းမကြားခဲ့ဘူး။ စာကျက်ပျက်မှာစိုးလို့ဆိုတဲ့ စကား လုံးလေးနဲ့ ငါ့ကိုနှစ်သိမ့်ခဲ့ကြတယ်။ သူတို့ကတော့ ဒီစကားလေးကို လက်ကိုင်းရင်း ငါ့ကိုခပ်အေးအေးပဲ တုန့်ပြန်ခဲ့ကြတယ်။ ဒီမှာ ဘယ်လောက်ပူ လောင်နေခဲ့တယ်ဆိုတာ သူတို့မှ မသိခဲ့ကြတာ။ တကယ့်တော့ အဖေ့ရဲ့နောက်ဆုံး အချိန်လောက် အရေး ကြီးအရာဟာ လောကမှာ ဘာရှိသေးလည်း။ အဖေ့ရဲ့ ပုခုံးပေါ်ခွစီးခဲ့တဲ့ ကလေးဘဝပုံရိပ်တွေကို မြင်ရောင်ရင်း မျက်ရည်တွေ စီးဆင်းလာခဲ့တယ်။ ပြောင်းဖူး ဖက်တွေကို ရေစိမ်ရင်း အဖေတီထွင်ခဲ့တဲ့ ဖင်စီကန်လိပ်တဲ့ စက်ကလေးရဲ့ '' တဂျောင်း.. ဂျောင်း'' မည်သံများ အဆက်မပြတ်ကြားနေခဲ့ရင်း ငိုရှိုက်ခဲ့ရတဲ့ နာကျင်မှုတွေ။

လူသူအရောက်နည်းပါးတဲ့ ရွာနဲ့ခပ်လှမ်းလှမ်း သုဿာန်ကိုလျှောက်တော့ အတွေးများ ဖြင့်လေးလံနေခဲ့တယ်။ ကိုယ်ကိုယ် မနည်းထိမ်းပြီး လျှောက်ခဲ့တယ်။ ဘဝတွေ၊ ခန္ဓာတွေ သုဿာန်နဲ့အပြည့်၊ ကိုယ်ကျင့်တရားတွေ၊ စည်းကမ်းတွေ၊ သမိုင်းစာတွေအပြည့်။ ကိုယ့်သ မိုင်း ကိုယ်ရေးသွားခဲ့ကြရင်း မြေပုံတွေ၊ ကမ္ပည်း တွေထိုးခဲ့လို့၊ နောက်ဆုံးသမိုင်း စာမျက်နှာ တွေ စိုက်ထူခဲ့ကြတယ်။

အဖေ့မြေပုံပေါ် လွှမ်းခြုံထားတဲ့ ဆူးခက်တွေကို ခဏဘေးဖယ်ထားလိုက်ရင်း မြေပုံရှေ့ ဒူးထောက်လိုက်ရင်း ဝတ်ပြုလိုက်တယ်။ ဘာအတွက် ကျမှန်းမသိတဲ့ မျက်ရည်စတွေ မြေပုံပေါ်သို့ စီးကျနေခဲ့တယ်။ အဖေ့မြေပုံနဲ့ ခပ်လှမ်းလှမ်းမှာတော့ အမေ့မြေပုံ။ အမေ့မြေပုံ မှာတော့ ခုနှစ်၊ ရက်၊ လ၊ နေ့ နာမည်တွေ ရေးထိုးထားခဲ့တယ်။ အထိမ်းအမှတ် ကျောက်စာတိုင်းလေး စိုက်ထူထားခဲ့ကြတယ်။ အမေ့ပြေပုံကိုလည်း ဝတ်ပြုလိုက်ရင်း ငေးမောနေခဲ့တယ်။ ထူးဆန်းမှုတစ်ခုကတော့ အဖေသေတဲ့အကြောင်းနဲ့ အဖေ့မြေပုံကို ဝတ်ပြုတဲ့အခါ မျက်ရည်စတွေ ကျခဲ့ပေမယ့်။ အမေသေစဉ်အခါမှာနဲ့ အမေ့မြေပုံ ဝတ်ပြုတဲ့အခါတွေမှာ ဘာကြောင့် မှန်းတော့မသိ မျက်ရည်တွေ မကျခဲ့ပေ။ အမေ့ရဲ့ နောက်ဆုံးဈာပနကနေ ဒီသုဿာန်ကြီးနဲ့ ဝေးခဲ့ရတယ်။ အခုမှ ပြန်ရောက်ခဲ့တယ်။ အသက် တွေ နှုတ်ယူခဲ့တဲ့ သုဿာန်ကြီးရဲ့ ခါးသီးတဲ့အရသာတွေ ခံစားခဲ့ရင်း အိမ်ကိုပြန်လာခဲ့တယ်။ အတွေးများနှင့် ဦးခေါင်းတစ်ခုလုံး ထူပူနေခဲ့ရင်း ကလေးငယ်ဘဝက ပုံရိပ်တွေ တန်းစီဆိုသလို မြင်ရောင်နေခဲ့တယ်။ ဒီပုံရိပ်တွေ ထမ်းပိုးပြီး ပြန်လာခဲ့လို့လားတော့မသိ တစ်ကိုယ်လုံးလည်း လေးလံနေခဲ့တယ်။

'' မင်းအဖေသေပြီ'' ဆိုတဲ့ အသံကိုကြားခဲ့ရတဲ့နေ့က တစ်လလောက် အဖေဟာ မြေကြီးထဲမှာရောက်နေခဲ့ပါပြီ။ ဘာတွေကမှ ဖွဲ့စည်းပြီး ချည်နှောင်မထားနိုင်ခဲ့ဘူး။ အဖေဆိုတဲ့ အသံနဲ့ မျက်ရည်တွေ တဖြိုင်းဖြိုင်းစီးကျနေခဲ့တယ်။ ဘာကမှလည်း တားမြစ်လို့မရခဲ့ဘူး။ ဒါကြောင့် ရွာကိုပြန်ဖို့ အိတ်ကိုပြင်ဆင်လိုက်တယ်။ ရတဲ့ကားကို ခြားခုံနဲ့ မုံရွာကို ထွက်လာ ခဲ့တယ်။ တစ်လဆိုတာ ဒီနေ့ပဲ။ နောက်တစ်ပတ်ဆိုရင်တော့ သူတို့ပြောတဲ့ အရေးကြီးတဲ့ စာမေးပွဲတစ်ခုဖြေရမယ်။ တကယ်ကော ဒါဟာ အဖေရဲ့နောက်ဆုံးနေ့ထက် အရေးကြီးနေ လို့လား။ တကယ်တော့ အဖေ့ရဲ့နောက်ဆုံးနေ့ထက် အရေးကြီးတယ် ဆိုတာ ဘာမှမရှိပါဘူး။ ရွာရောက်တော့ လူတွေ အံ့သြတကြီးနဲ့ စူးရှရှမျက်လုံးတွေနဲ့ ဝိုင်းရံပြီး ရောက်လာခဲ့တယ်။ သူတို့ကိုလည်း ဘာမှအပြစ်တင် စကားပြောမနေခဲ့ပါဘူး။ အဖေနဲ့အမေအတွက် ရည်စူး ကုသိုလ်ပွဲလေးလုပ်ဖြစ်ခဲ့တယ်။ အမျှဝေသံတွေ ညံ့စီနေခဲ့ပေမယ့် ဒီအသံတွေကြား ပါ့မလားတော့မသိဘူး။ ရန်ကုန်ပြန်ရောက်တော့ နောက်နေ့မှာပဲ စာဖြေရတယ်။ အဖေနဲ့ အမေတို့ မြင်ရောင်မသွားတဲ့ ဘွဲ့နှင့်သဘင်ကြီးကို တစ်ယောက်ထဲပဲ သွားယူခဲ့တယ်။ အခြားလူတွေပျော်နိုင်ပေမယ့် ကိုယ့်မှာတော့ အပျော်တွေ ကင်းပျောက်နေခဲ့ပါတယ်။

မှတ်မိသေးတယ်။ လူလားမမြောက်သေးတဲ့ နုနယ်စဉ်အရွယ်တုန်းက။ အဖေလေ အရက်တွေသောက်ပြီး မူးလာရင်း အိမ်ပြန်လာခဲ့တယ်။ အိမ်ရောက် ရောက်ချင်း အမေ့ကို ရိုက်တော့ ဒဏ်ရာတွေနဲ့အပြည့် နာကျင်တတ်လာခဲ့တယ်။ အဲဒီနေ့ညနေ အမေ့ကို ရိုက်ပြီး အဖေဘယ်ကို ထွက်သွားတယ်မသိဘူး။ လျှော်ပြားလေးကိုင်ပြီး ထန်းပင်အကွယ်ကနေ စောင့်နေခဲ့တယ်။ အဖေပြန်လာတော့ အဲဒီလျှော်ပြားလေးနဲ့ အဖေနောက်ကြောပြင်ကို နောက်ကနေ ရိုက်လာခဲ့တယ်။ အဖေ့ဘာကြောင့်ရိုက်တယ် ဆိုတာသိမှာပါ။ မနာပေမယ့် တုန်ချိနေတဲ့လက်တွေကို ခါယမ်းနေတော့ အဖေ့သားကို သနားသွားပြီ။ ပွေ့ချီရင်းအိမ်ထဲပွေ့ ချီလာခဲ့တယ်။ နူးညံ့တဲ့အတွေ့အထိကို အဖေစတင်ပေးတဲ့နေ့ပေါ့။ ဒီနေ့ကို ဘယ်တော့မှ မေ့ဖျောက်လို့ မရခဲ့ပါဘူး။ အဖေ့ရဲ့ ရင်ထဲကနေ စီးဆင်းလာခဲ့တဲ့ ကျင်နာမှုတွေ လက်ထဲကနေ သားရဲ့နှလုံးသားထဲကို စီးဝင်နေခဲ့တယ်။ ငိုတော့ အဖေရဲ့လက်တွေနဲ့ စီးကျနေတဲ့ မျက်ရည်စီးကြောင်းတွေကို အဖေ သုတ်ပေးခဲ့တယ်။ အခုတော့ ဗွေမယူခဲ့တဲ့အဖေ့ကို သား ဘယ်လိုကျေးဇူး ဆပ်ရပါမလဲ။

တကယ်တော့ အဖေဟာ အရက်သောက်တတ်တာကလွဲလို့ ဘယ်တော့မှ လူမူရေး ဆိုတာတွေကို မလစ်ဟင်းစေခဲ့ပါဘူး။ တာဝန်ကျေခဲ့တယ်။ တိကျတယ်။ ရိုးသားတယ်။ ပြတ်သားတယ်။ ဘာကိုမှ နောက်မဆုတ်တတ်တဲ့အကျင့်တွေရှိတယ်။ အလုပ်မျိုးစုံနဲ့ လူမမယ်ကလေးတွေအတွက် ရုန်းကန်ခဲ့တယ်။ အဖေဟာ အသက်အရွယ်နဲ့မလိုက်အောင် အိုးမင်းရင့်ရော်ခဲ့တယ်။ ညနေညနေ အိမ်ပြန်လမ်းမှာ ဆွဲထူးခဲ့ရပေမယ့် အဖေဟာ စိတ်ဓာတ်တွေ သန့်ရှင်းခဲ့ပါတယ်။ လူမှုရေးဆိုရင် ဘယ်တော့မှ နောက်မကျတတ်ဘူး။ ဒါပေမယ့် အမေ့အသိုင်းအဝိုင်းကလူတွေက အဖေ့ကို ဝိုင်းကျင်ခဲ့တယ်။ တကယ်တော့ အဖေဟာအဖေ နဲ့တူခဲ့ပါတယ်။ အဖေသောက်ခဲ့တဲ့ ဆေးတံရိုးပေါ်က သင်္ကေတတွေဟာ အဖေကိုယ်တိုင်ထွင်းထုခဲ့ပေမယ့် ဘယ်လိုမှ အနက် အဓိပ္ပါယ်တွေ ဖော်လို့မရခဲ့ပါဘူး။

အဖေခေါင်းချခဲ့တဲ့နေရာလေးဟာ အခုတော့ ကျိန်စာသင့်နယ်မြေလို အထီးကျန် ဆန်စွာ မွမ်းကျပ်လို့။ အဖေစိုက်ခဲ့တဲ့ သီးပင်တွေဟာ အခုတော့အခုတ် ခံရပြီ။ ညီမလေးဟာ လမ်းလျောက်တတ်ပါပြီအဖေ။ အဖေမွေးခဲ့တဲ့ ဆိတ်မနှစ်ကောင်ဟာ ညီမလေးရဲ့ ကျေးဇူးရှင်တွေပေါ့။ ဆိတ်နို့တွေသောက်ပြီး ညီမလေး လူဖြစ်လာခဲ့ရပါတယ်။ အခုတော့ လူသားဆန်တဲ့ အပြုအမူ အပြောအဆို အနေအထိုင်တွေနဲ့ ညီမလေးဟာ လမ်းကြောင်းပေါ်ကို တည့်တည့်လျောက်တတ် နေခဲ့ပါပြီ။ ညီမလေးဟာ လူပီသတယ်။ လူမဆန်တဲ့အပြုအမူ တွေကို ရွံ့မုန်းတယ်။ ညီမလေးရဲ့ ပင်ကိုယ်ဖြူစင်ခဲ့တဲ့ စိတ်တွေကို ဘာတွေကမှ အရောင်မဆိုး နိုင်ခဲ့ဘူး။ ညီမလေးရဲ့ ပါးပြင်တွေဟာ ဝင်းပ နေခဲ့ပါတယ်။

အခုတော့ အဖေနောက်ဆုံး နေသွားခဲ့တဲ့ အိမ်ကြီးကို လွမ်းလို့။ မြေလွှာတွေ မကုန်ခမ်းသရွေ့ အဖေ့မြေပုံပေါ်ကျခဲ့တဲ့ မျက်ရည်စတွေဟာ ဘယ်တော့မှ ခြောက်ခမ်းသွားမှာ မဟုတ်ပါဘူး။ ဆွတ်ပြန့် နေခဲ့ဦးမှာပါ။ အဖေထွင်းထုထားခဲ့တဲ့ ဆေးတံရိုးပေါ်က သင်္ကေတ တွေကို သားအလေးနက်စဉ်းစားရင်း အဓိပ္ပါယ်တွေဖော်ဖို့ ကြိုးစားနေခဲ့ပါတယ်။ အဖေနဲ့အမေ ကောင်းရာသုဂတိရောက်ပါစေ။ လူသားဆန်တဲ့လူတွေဟာ တမလွန်မှာတော့ ဘယ်တော့မှ အတိဒုက္ခ ရောက်မှာမဟုတ်ပါဘူး။

(၂၀၀၉-သြဂုတ်-နှလုံးအိမ်မဂ္ဂဇင်း)

မောင်မင်းစိုး

Monday, August 24, 2009

ညီလေးရဲ့မေးခွန်းများ


''ဘာမှ မကြားချင်ဘူး။ ဘာမှ လာမပြောနဲ့'' သူပြင်းထန်စွာ ငိုကြွေးနေခဲ့သည်။ အနာဂတ်ကို လှမ်းမျှော်ကြည့်တော့ လျှောက်ရဦးမည့် ခရီးသည် ဘယ်လောက်ပင် ဝေးကွာ နေလိမ့်မည်ဆိုတာ မှန်းဆ၍ပင် မရနိုင်ခဲ့ပေ။ ရောင်ခြည်များ ဖြာကျနေသော လမ်းမထက်သို့ တမျှော်တခေါ် ငေးမောနေခဲ့သည်။ သစ်ရွက်များ တလွင့်လွင့် ဝေ့ဝဲစွာ လမ်းမပေါ်သို့ ကြွေကျနေခဲ့သည်။ ရွက်ဟောင်းကြွေ၍ ရွက်သစ် ဝေလေတော့ နှစ်တစ်နှစ် ကုန်ဆုံးသွားတော့မည့် အရိပ်အရောင်များ မပြောဘဲနှင့် သိနေရတော့သည်။ ဒီလိုနှစ်များစွာကို ကျော်ဖြတ်ဖို့ အားတွေ ယူရဦးမည်။ ညီလေးရဲ့ ငိုသံကို ဘယ်လို ဖြေသိမ့်ရမလဲ။ စကားလုံးများဖြင့် နှစ်သိမ့်စကားဆိုရမည်ကို မလိုလားတော့ပေ။ ညီလေးရဲ့ အနာဂတ်ကို တွေးမိပြန်တော့ အန်ကြိတ်နေရုံနဲ့ မပြီးသွားဘူးဆိုတာ သိနေခဲ့သည်။
တရိပ်ရိပ် တက်လာသော မိုးတိမ်းများကို ဘယ်လို ဖြိုခွင်းရမလဲ။ တရှိန်းရှိန်း ပူပြင်းနေသော နွေရာသီကို ဘယ်လို ကျော်ဖြတ်ရမလဲ။ တစိမ့်စိမ့် အေးခဲနေသော ဆောင်းရနံ့များ၏ ကျီစယ်မှုကို ဘယ်လို တုန့်ပြန်ရမလဲ။ ငှက်များ လွတ်လပ်စွာ ပျံသန်း နေကြသည်။ တောက်ပမ ကင်းမဲ့နေသော မျက်နှာသုတ်ပုဝါ တစ်ထည်ကို စူးစူး စိုက်စိုက် ကြည့်နေခဲ့မိသည်။ ပူလောင်မှုများ၊ နာကျည်းမှုများ၊ သံသယများ၊ အလိုရမ္မက်များ၊ မကျေနပ်မှုများ၊ လောကဓံဆိုးရဲ့ အချိုးအကွေ့ များစွာကို ခါးသီးစွာ ထမ်းထားခဲ့ရလေသည်။ တကယ်တော့ ညီလေးရယ် မင်းရဲ့ ခါးသီးမှုတွေဟာ ငါသွင်းထုတ်နေခဲ့တဲ့ သက်ပြင်း တစ်ခါလောက်တောင် မပြင်း ထန်လှပါဘူး။
'' အမေ...ဘယ်မှာလဲ၊ ဘယ်တော့ပြန်လာမှာလဲ၊ အခုထိ ပြန်မလာသေးဘူးလား''
'' လာမှာပေါ့ ညီလေးရယ် '' အမေထွက်သွားတဲ့နေ့က ယူကြုံးမရ ငိုရှိုက်သံများ အခုထိ မတိတ်သေး။ အမေ့ ဈေးခြင်းတောင်းအောက်က ပြာလဲ့လဲ့ ခေါင်းခုစုပ်လေးဟာ အခုတော့ ညီလေး ဝတ်ဆင်ထားတဲ့ ဘောင်းဘီးစုပ်လေး ဖြစ်နေခဲ့ပါပြီ။ ညီလေးရဲ့ ဘဝကို တောက်ပြောင်စေချင်သည်။ နွမ်းဖတ်နေသော ၊ ညှိုးငယ်နေသော ညီလေးကို မြင်နေရတိုင်း ခံစားချက်တွေ ပြင်းထန်လှသည်။ တကယ်တော့ ညီလေးရယ် အမေဈေးရောင်း ပြန်လာတိုင်း မင်းဆီးကြိုနေ ခဲ့တဲ့မျင်ကွင်းတွေဟာ ငါတစ်နေ့မှ မေ့မရပါဘူး။ အမေဟာ ငါတို့ ဘဝထဲကနေ အပြီးအပိုင် ထွက်ခွါသွားပြီဆိုတာ ညီလေး မင်းကို ငါဘယ်လို ပြောထွက်ပါ့မလဲ။ အရုပ်ကြိုးပြတ် ငေးငိုင်းနေတဲ့၊ တွေးတောနေတဲ့ ပုံရိပ်တွေကို မင်းနားမလည် သေးတာကိုဘဲ ကြံဖန်ပြီးကျေးဇူးတင် နေရပါတယ်။
တစ်ရက်က မှတ်မိနေသေးတယ်။ ညီလေးရဲ့ ပါးပြင်နုနုကို အမေနမ်းရှိုက်နေတော့ အမေ့ ပါးပြင် ထက်မှာ ဘာအတွက်မှန်း မသိတဲ့ စီးကျခဲ့တဲ့ မျက်ရည် ဥတွေလေ။ ဒါကိုလည်း ညီလေး မင်းမသိခဲ့ရှာဘူး မဟုတ်လား။ အဲဒီနေ့ ညက အကိုရဲ့ ပါးပြင်ထက်မှာလည်း ဖော်ပြလို့မရတဲ့ နာကျင်မှုတွေနဲ့အတူ မျက်ရည်တွေ တစ်ညလုံး စီးဆင်း နေခဲ့ရပါတယ်။ မိုင်းပေါင်းများစွာ ဝေးကွာနေတဲ့ အမေ့ရဲ့မေတ္တာဓာတ်တွေ ငါတို့ရင်ထဲ အတူ စီးဆင်းနေခဲ့တယ်။ ညီလေး မင်းကျခဲ့တဲ့ မျက်ရည်တွေဟာ ငါကိုယ်တွင်းက ဖြာကျလာတဲ့ သွေးတွေ ဖြစ်နေခဲ့ပါတယ်။ မင့်ရဲ့ ငိုရိုက်သံတွေကို ကြားခဲ့ရတိုင်း ငါ့ရင်တွေ မခံမရပ်နိုင်အောင် ဖြစ်နေရပါတယ်။ မင်းတောင် လေးနှစ်ထဲ ရောက်နေခဲ့ပြီပေါ့။ မင်းအမေ့ကို မျှော်လင့်နေတာ တစ်နှစ်ကျော်တောင် ကြာသွား ပြီပေါ့ကွာ။
နံရံပေါ် ချိပ်ထားတဲ့ အမေ့ရုပ်ပုံလွှာသည် မင်းအတွက် ဓားဖြစ်နေပေမဲ့၊ ငါ့အတွက်တော့ အားအင်တွေ ဖြစ်နေခဲ့တယ်။ အမေ့ဟာ ရဲရင့်ခဲ့တယ်။ အမေဟာ လောကကြီးကို ငါတို့အတွက် အန်တုနိုင်ခဲ့တယ်။ အမေ့ရဲ့ လက်တွေ၊ ခြေတွေ ခိုင်ခန့်ခဲ့ပေမဲ့ အမေ့ရဲ့ ဖြစ်တည်မှုတွေ မခိုင်ခန့်ခဲ့ရှာဘူး။ အမေဟာ တည်ကြည်တယ်၊ ပြတ်သားတယ်၊ ရိုးသားတယ်၊ ဖြူစင်တယ်။ အေးအေး ဆေးဆေးနေခဲ့ပေမဲ့ မဟုတ်မခံ စိတ်ဓာတ်နဲ့ တုန့်ပြန်တတ်တယ်။ ဘာသာတရား ကိုင်းရိုင်းပြီး လွတ်လပ်မှုကို မြတ်နိုးခဲ့တယ်။ အခုတော့ အမေ ဘယ်ထွက်သွားလဲ။ အမေ့ကို ညီလေးသာ သတိရတာ မဟုတ်ပါဘူး။ သားလည်း တစ်နေ့မှ မေ့ဖျောက်လို့ မရခဲ့ပါဘူး။ အမေရောက်ရှိနေတဲ့ ဘဝမှာ စိတ်ရော၊ ကိုယ်ပါ ချမ်းမြေ့နေလိမ့်မယ်လို့ သား ယုံကြည်ပါတယ်။
'' အဖေ''
'' သူလဲ ပြန်လာမှာပေါ့ကွာ ''
ညီလေး မင်းညည ထထရောင်အော်နေခဲ့တဲ့ အဖေကလည်း ဒို့ဘဝထဲကနေ အပြီးအပိုင် ထွက်ခွါ သွားခဲ့ပြီဆိုတာ မင့်ကို ငါဘယ်လို ပြောရပြန်မလဲ။ တကယ်တော့ မင်း တစ်ယောက်ထဲသာ ထထ အော်ခေါ် ခဲ့ပေမဲ့ မင်းအသံတွေဟာ ငါ့ရင်ဘတ်ထဲက ထွက်ကျလာတဲ့ အသံတွေပါပဲကွာ။ တကယ်တော့ အဖေဟာ အမေ မရှိတော့တဲ့ နောက်ပိုင်းမှာ ငါတို့ ညီအစ်ကို နှစ်ယောက်ကို လောကကြီးထဲမှာ မရောင်မလည်နဲ့ ထားခဲ့ပြီး ငါတို့ ဘဝထဲကနေ အပြီးအပိုင်း ထွက်ခွါ သွားခဲ့တယ်။ ဒါပေမဲ့ အဖေဟာ အမေ ရှိခဲ့စဉ်တုန်းက အေးအတူ ပူအမျှနဲ့ ရင်ဆိုင်ခံစားရင်း အဖေနဲ့ တူခဲ့ပါတယ်။ ဒါကြောင့် အဖေ့ကိုလည်း ဒို့ ညီအစ်ကိုတွေ ဗွေမယူသင့်ပါဘူး။ အဖေ ပထမဆုံး ပြန်မလာတော့တဲ့ နေ့ကရယ်၊ ဘာဖြစ်လို့ ပြန်မလာတာလည်းဆိုတာ သိရတဲ့ နေ့တွေတုန်းက ကျခဲ့တဲ့ အစ်ကို့ရဲ့ မျက်ရည်ဥတွေဟာ အခုထိတောင် မခမ်းချောက်သေးပါဘူး။
လောကကြီးသည် နားလည်မှုကို မပေးစွမ်းနိုင်ခဲ့ပေ။ ဒါထက် ပိုပြောရလျှင် ငါတို့ညီအစ်ကို နှစ်ယောက်ရဲ့ ခံစားမှုတွေကို ကိုယ်ချင်းမစာနာခဲ့ပေ။ ရက်စက်ခဲ့သည်။ ယုတ်မာခဲ့သည်။ ကောက်ကျစ်ခဲ့သည်။ အမှန်တရားမရှိ။ ငြိမ်းချမ်းမှုကို ဆာလောင်နေသော ငါတို့ ညီအစ်ကိုနှစ်ယောက်၏ သာယာမှုကို မဖြည့်ဆီးခဲ့ပေ။ ညှင်းဆဲခဲ့သည်။ ဒဏ်ခတ်ခဲ့သည်။ ချုပ်နှောင်ခဲ့သည်။ ထိုကဲ့သို့ တရားမျှတမှု ကင်းမဲ့နေသော လောကကြီးကို ဘယ်လိုနားလည်မှု ပေးရမည်လဲ။ သတ္တဝါတစ်ခု ကံတစ်ခု။ ထိုစကားကိုလည်း လက်ခံဖို့ တော်တော် ခက်ခဲ နေလိမ့်ဦးမည်။ ညီးလေးရဲ့ အော်ဟစ်သံ၊ ငိုကြွေးသံတွေ ကြားရတိုင်း ခါးသီးလှသော ကြမ္မာဆိုး၏ လှောင်ပြောင် ကျီစယ်မှုကို ရွံ့မုန်းလာမိသည်။ ဘယ်လို တုန့်ပြန် ရမလဲ။ ထိုထိုသို့သော အတွေးများစွာဖြင့် အနာဂတ်၏ ခါးသီးမှု ဒဏ်ရာ ဒဏ်ချက်များကို အရသာမဲ့စွာ မြိုချ နေခဲ့ရလေသည်။
'' ညည ထမင်း လာတောင်းနေတဲ့ လူကြီးက အရူးကြီးလား ''
'' အေး အေး ''
ညီလေး မင်းရဲ့ မေးခွန်းတွေကို ငါဘယ်လို ဖြေရှင်းရမလဲ။ ငါ့ကိုမေးခွန်းတွေနဲ့ မနှိပ်စက်ပါနဲ့တော့ကွာ။ မင်းရဲ့ ရိုးသားမှု မေးခွန်းတွေကို တကယ်တော့ မုသာဝါဒဆိုတဲ့ အနံ့ဆိုးတွေနဲ့ ပက်ဖြန်း ပစ်ပစ်နေရပါတယ်။ ဒါကို မင်း ဘယ်လိုမှ မသိရှာပါဘူး။ တကယ်တော့ကွာ ငါတို့ရဲ့ အကြီးဆုံး အစ်ကိုတစ်ယောက် လောကကြီး ထဲမှာ ရှိနေခဲ့သေးတယ်ဆိုတာ မင်းကို ငါဘယ်လို ပြောပြရမလဲ။ အစ်ကိုကြီးမျိုးဟာ သူဘဝရဲ့ လက်တွဲဖော်ကို ငံ့လင်းရင်း အခုတော့ ရွာအပြင်က ဇရပ်အိုကြီးထဲမှာ အရူးတစ်ပိုင်းနဲ့ ဖြစ်နေခဲ့ရှာတယ်။ သူလည်း ငါတို့ဘဝထဲက ထွက်သွားတာ အမေရှိစဉ် အခါထဲကပေါ့။ သူလည်း သူ့ဆာလောင်မူအတွက် သူ့ဘဝကို ထိုးကြွေးရင်း သူ့မျှော်လင့်ချက်တွေကို ကိုက်ဖြတ် စားနေခဲ့ရတယ်။ ဘဝမှာ လိုချင်တာ မရတာလောက် ပူပန်ဆင်းရဲမှုဆိုတာ ရှိနေလောက်မယ် မထင်ပါဘူး။ ညီလေး မင်းဟာ အမေ၊ အဖေကို တမ်းတနေသလို၊ ငါတို့ရဲ့ အကိုကြီးဆုံး အကိုကြီးမျိုးဟာလည်း သူ့ဘဝမှာ အလိုအပ်ဆုံးဖြစ်တဲ့ အရာဝတ္ထုတစ်ခုကို မျှော်လင့် စောင့်စား နေရရှာတယ်။
ငါတို့ရဲ့ ရိုက်ခိုက်မှုထဲမှာ အမေရှိစဉ် အခါကထဲက အကိုကြီးရဲ့ ဒဏ်တွေ ပါလာခဲ့ပါတယ်။ ရုပ်ဝတ္ထုရဲ့ ဝါးမြို ချမှုဟာလည်း ကြောက်စရာ ကောင်းခဲ့တယ် ညီလေး။ အမှန်တကယ် ကိုကြီးမျိုး ရူးသွတ် သွားရခြင်း အကြောင်းကို မင်းကို စီကာပတ်ကုံး ပြောပြရရင် ငါ့မျက်ဝန်းအိမ်ထဲမှာ မျက်ရည်ဆိုတာတွေ ရှိတော့မှာ မဟုတ်ပါဘူး။ ငါရဲ့ မြိုသိပ်မှုတွေထဲမှာ ဒါဟာလည်း အရမ်းကိုပဲ ပြင်းထန်၊ ကြမ်းတမ်း၊ ခက်ရှလွန်းပါတယ်။ ဒါတွေကို မေ့ဖျောက်ဖို့ ကြိုးစားနေရတာကိုက ခက်ခဲပင်ပန်းတဲ့ အလုပ်တွေဆိုတာ ညီလေး မင်းသိအောင် ငါဘယ်လို ပြောပြ ရမလဲ။ နောက်ထပ် မေးခွန်းတွေနဲ့ ငါ့ကို မနှိပ်စက်ပါနဲ့တော့ ညီလေးရယ်။
ရင်ထဲမှ ခံစားချက်များကို ညီလေး မသိအောင် လိမ်လည် လှည့်ဖြားရင်း နေခဲ့ရသည်။ ညီလေးရဲ့ ပါးစပ်ဖျားမှ ထွက်လာသော မေးခွန်းများကို မုသာဝါဒ သုံးနေရသော်ညား ထိုမေးခွန်းများ၏ နောက်ကွက်မှာ ကျန်ရစ်ခဲ့သော ဝေဒနာများကို မနည်း ကုစားနေခဲ့ရသည်။ အမေ၊ အဖေ၊ အစ်ကိုကြီး သူတို့၏ ရိုက်ခတ်မှု ဒဏ်ရာများသည်။ ညီလေး ရင်မှတဆင့် ကူးစက် စီးဆင်း လာနေခဲ့ရသည်။ ညီလေးအတွက် အဖေ ဖြစ်ခဲ့သည်။ အမေ ဖြစ်ခဲ့သည်။ အကိုင်္ကြီးဆုံး ဖြစ်ခဲ့သည်။ တစ်ထောင့်တစ်ည ပြောပြရလောက်အောင်ပင် မကသော ထိုထိုသို့သော ဇာတ်မျောကြီးကို တစ်နေ့ကျရင် ညီလေးကို ဘယ်လိုပြောပြရမည်နည်း။
'' ထီပေါက်ရင် အင်္ကျီ ဝယ်ပေးမယ်ဆို ''
'' အေး အေး ''
'' ဘယ်တော့ ဝယ်ပေးမှာ လဲ ''
'' ဝယ်ပေး မှာပေါ့ကွ ''
ညီလေး ငါ့ပါးပြင်ပေါ်မှာ စီးကျခဲ့တဲ့ မျက်ရည်စတွေကို မင်းမမြင်အောင် ဖုံးကွယ်ထားခဲ့ရပါတယ်။ တကယ်တော့ ငါတို့နှစ်ယောက် အတွက် နပ်မှန်အောင် ဝမ်းရေးအတွက် ငါတစ်ယောက်တည်း တိုက်ပွဲ ဝင်နေ ခဲ့တယ်။ ညီလေးရယ် နောက်ထပ် ဘယ်လိုသော မေးခွန်းတွေကိုမှ မမေး ပါနဲ့တော့လား။ ဒီမေးခွန်းတွေဟာ မင့်အတွက် အလိုအပ်ဆုံးဆိုတာ သိပါတယ်။ ဒါပေမဲ့လေ အစ်ကို့ အတွက်ကတော့ အင်မတန် ခါးသီး ပြင်းထန် လှတဲ့ ဓားသွားတွေ ဖြစ်နေခဲ့ရတယ်။
တစ်ယောက်ထည်း စီးကျလာခဲ့သော မေးခွန်းများအတွက် မျက်ရည်စတွေကို ညီလေးမမြင်အောင် သုတ်ပစ်နေခဲ့သည်။
ညီလေး တကယ်တော့မင်းလည်း တစ်နေ့ကျရင် လူကြီး ဖြစ်လာဦးမှာပါ။ မင်းအတွက် ကျခဲ့ရတဲ့ မျက်ရည်စတွေဟာ ငါ့ခန္ဓာကိုယ်ကြီးရဲ့ အသက်ရှင်ဖို့ လည်ပတ်နေခဲ့ရတဲ့ သွေးစတွေပါ။ နောက်ထပ် မေးခွန်းတွေနဲ့ မနှိပ်စက်ပါနဲ့ ညီလေး။ ကံကြမ္မာဟာလည်း ငါတို့ကို ဒီအတိုင်းထားမှာ မဟုတ်ပါဘူး။ ငါ့ရင်ထဲမှာလည်း ဆာလောင်နေတဲ့ အသံတွေနဲ့ ညည အိပ်မပျော်မှုတွေဟာ မင်းအန်ကြိတ်တာထက် ပြင်းထန် လွန်းပါတယ်။ ငါတို့ နှစ်ယောက် ဥမကွဲ သိုက်မပျက် နေထိုင်ရင်း မင့်ကို ပိုးမွေးသလို မွေးပါ့မယ်။ လောကဓံရဲ့ ခါးသီးလွန်းတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ခုခံ တွန်းလှန်ပါ့မယ်။ နောက်ထပ် မေးခွန်းတွေနဲ့ မနှိပ်စက်ပါနဲ့တော့ လား ညီလေး။
မောင်မင်းစိုး

Monday, August 17, 2009

ထုဆစ်ထားတဲ့ အရှုပ်တော်ပုံ အပိုင်းအစများ


ငါပြန်လာတော့ ဝက်ဝံလို ငှက်သည် သားငယ်ကို သုတ်ဆောင်လျက် ချီသွားခဲ့လေ သည်။ အခြားတစ်ယောက် ဖြစ်သော အကြီးကောင်သည်လည်း ရေယဉ်မှာမျောပါနေခဲ့ လေသည်။ သောကမီးများ လောင်ကျွမ်းကာ အပူပင်များပွေ့ ပိုက်လျက် သာဝတ္ထိကိုသွားတော့ ဆွေမျိုးများ သေဆုံးကြောင်းကို ကြားခဲ့ရလေသည်။ ထိုကဲ့သို့သော အကြာင်းများ ကြောင့်အပူ သည်မ၏ မြည်တမ်းမှုများက '' ငါ၏ သားနှစ်ယောက်သည် သေကုန်ပြီ။ ငါ၏လင်တော်မောင် သည်လည်း လမ်းခရီးမှာ သေခဲ့ပြီ။ ငါ့အမေ၊ အဖေ၊ ညီအစ်ကို မောင်နှမတို့သည်ကား ထင်းပုံတည်း၌ ပြင်းစွာလောင်ကျွမ်းလျက် ရှိနေခဲ့လေသည်။ ပဋာစာရီ၏ အပူများသည် လောကမှာ သူမလောက် လောင်းကျွမ်းနေလောက်အောင်သော အပူသည်များအဖြစ် ရှိနေခဲ့လေမည် မဟုတ်ပေ။ ထိုကဲ့သို့ အတွင်းမီးများ ပြင်းထန်စွာလောင်ကျွမ်းနေသော သူမ သည်ကား အရပ်လေးမျက်နှာသို့ ဥဒဟိုပြေးသွားလျက် မြည်းတမ်းသံများဖြင့် ဆာလောင်မှုများ ကို အော်ဟစ်ပြေးသွား နေခဲ့လေသည်။

ဂါဇာကမ်းမြောင်ဒေသသို့ ဒလစပ်ထိုးစစ်ဆင် တိုက်ခိုက်နေသော အစ္စရေးစစ်တပ်၏ လက်ချက်ကြောင့် အပြစ်မဲ့ကလေးငယ်တစ်ယောက်၏ ရင်အုံသည် ထုတ်ချင်းပေါက်သွား ခဲ့သည်။ ထိုအချိန်၌ change-ဟူသော ကြွေးကြော်သံနှင့်အတူ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြီးကို အန်တုစိန်ခေါ်လျက် အိုးဘားမားသည် လေးဆယ့်လေးယောက်မြောက် အမေရိကန်သမ္မတ၏ ရာထူးကို ထောင်ပေါင်းများစွာသော ပရိတ်သတ်များ ခြံရံလျက် ကျမ်းသစ္စာကျိန်ဆိုကာ သမ္မတရာထူးကို လက်ခံယူခဲ့လေသည်။ ရွာကလူများအဆိုအရ ဒီနှစ်စီးပွားရေး အခြေအနေသိပ်မကောင်းသဖြင့် ပဲဈေးများ အရမ်းကျဆင်းနေမှုကြောင့် အနည်းငယ် ကျပ်တည်း မှုဆီသို့ ဦးတည်နေခဲ့သည်ဟုဆိုသည်။ ထိုအချိန်မှာပင် ဖုံးတစ်လုံးနဲ့ အလုပ်ဖြစ်နေသော မောင်နေရင့်သည်ကား ဖုံးမြည်သံးကို စောင့်မျှော်ကာ ဘယ်သူ့ ကိုခေါ်ပေးရမည်ဆိုသည်ကို နားစွင့်နေခဲ့လေသည်။

ကံမကောင်ချင်တော့ ဒီနေ့ဘာလုပ်လုပ် အဆင်မပြေဘူး။ ပြဿဒါးနေ့များ ဖြစ်နေမလားဆိုပြီး ပြက္ခဒိန်ကိုလှန်ကြည့်တော့ ရက်ရာဇာ ဖြစ်နေခဲ့လေသည်။ ခင်မင်မှုအရ ပေးလိုက်သော တန်ဖိုးကြီးစာအုပ်တစ်အုပ် ပြန်ရောက်မလာခြင်းကိုတွေးပြီး ရင်ထဲဟာတာ တာဖြစ်နေခဲ့သည်။ ခေါင်မိုးပေါ်သို့ အုပ်စုဖွဲ့နားခိုနေသော ခိုများ၏ ငြီးငြူသံသည်ကား အတိတ်မကောင်းသည့် လက္ခဏာတစ်လေလားမသိ။ ဖြစ်ချင်ရာဖြစ်စေဖို့ ကောင်းကင်ကို တိုင်တည်လိုက်တော့ တိမ်များတစ်စဆီ ပြေးလွှားရင်း ကွယ်ပျောက်ကုန်ခဲ့သည်။ အမှန်ကား ဆောင်းမှာ မြူနှင်းဝေနေရမည့်အချိန်ဖြစ်သော်လည်း အိုဇုန်းလွှာဆိုသည့် အပေါက်အပြဲများ ကြောင့် ခြစ်ခြစ် တောက် ပူနေခဲ့သည်ဟုဆိုကြသည်။

'' မင်း ရူးနေသလား၊ တရုတ်မှာလည်း လူဖြူတွေအနေနဲ့ လူမည်းတစ်ယောက်ကို သမ္မတရာထူးမခန့်ဘူးဆိုတာ ဘယ်လိုလုပ် ခန့်မှန်းပြောလို့ရမှာလည်း၊ ဒီနေ့ခေတ်က ဂလိုဘယ်လ်လိုက်ဇေးရှင်းခေတ်ကွ၊ မင်းဒီနေ့လုပ်ခဲ့တဲ့ လုပ်ရပ်တွေက မနက်ဖန်မှာ မှတ်ကျောက်တင်ဖို့ လူသားတွေ အလုပ်ရှုပ်နေခဲ့ကြလိမ့်မယ်။ ဒီတော့ မင်းလုပ်ရမှာက ညတော်တော် အချိန်နှောင်းတဲ့အထိ ဘောလုံးပွဲ အဖြေရလဒ်သိဖို့လောက် ဘာဖြစ်လို့ အိပ်ရေးပျက်ခံပြီး အချိန်တွေ ထိုးကျွေးနေခဲ့ရတာလည်း၊ စီရော်နယ်ဒိုတစ်ယောက် ရီးယဲမက်ဒရစ် ပြောင်းသွားဖို့လောက် စိတ်အားထက်သန်စွာ သိချင်နေခဲ့တာဟာ မကောင်းဘူး။ တကယ် တော့ မင်းအနေနဲ့ မင်းအခြေအနေကို ပြုပြင်ပြောင်းလဲဖို့နေပြီ၊ ဒီအတိုင်းတာ ဆက်သွားနေဦးမယ်ဆိုရင်တော့ မင်းအတွက် ကျန်ရှိတဲ့ လက်ကျန်အချိန် တန်ဖိုးတွေကတော့ ရင်နာနာနဲ့ ကုန်သွားနေဦးမှာပဲ။ မင်းသိထားဖို့က အခု ကမ္ဘာ့တစ်ဝှမ်းမှာ အလှုပ်ခပ်ဆုံး သတင်းက လူမည်းတစ်ယောက်ဖြစ်တဲ့ သမ္မတအိုဘားမားဟာ ပထမဆုံးသော လူမည်း သမ္မတဖြစ်သလို၊ သူ့ကြွေးကြော်သံကလည်း စစ်မီးများမှ ထမြောက်စေပြီး ငြိမ်းချမ်ရေး နယ်နိမိတ်တွေ ချိပ်ဆက်ပြီး ပြုပြင်ပြောင်းလဲရေးအသံတွေ ကြွေးကြော်ရင်း ဝင်ရောက်လာ မှုဟာ၊ ဒေးဗစ်ဘက်ခမ်းရဲ့ဇနီး ဗစ်တိုးရီးယားရဲ့ ဖက်ရှင်ဒီဇိုင်းတွေထက် ခေတ်စားနေတဲ့ သတင်းဖြစ်နေတယ်၊ အဲဒါ မင်းသိဖို့လိုတယ်''

သားသမီးတို့သည် အားထားရာ မဟုတ်ကုန်၊ ဆွေမျိုးတို့သည်လည်း အားထားရာ မဟုတ်ကုန်၊ မိတ်ဆွေတို့သည်လည်း အားထားရာ မဟုတ်ကုန်၊ သေမင်းယုတ် နှိပ်စက်ခံရ သူအား ဆွေမျိုးတို့၌ အားထားရာမရှိချေ-ထိုကဲ့သို့သော ကရဝိတ် အသံကဲ့သို့ ကြည်ကြည် လင်လင် ပြတ်ပြတ်သားသား ပြောကြားနေသော ရှင်တော်ဘုရား၏ တရားတော်ကို ကြားခဲ့ လေသည်ရှိသော် ပဋာစာရီ အရူးမ၏ရင်ထဲ အေးမြသာယာလျက် အဆင့်မြင့်မားစေသော စိတ်ဓာတ်အထူးများ၏ တည်ရှိရာဖြစ်သော၊ မြင့်မြတ်သော မဟာလူသားအသွင်သို့ သူမ ကူးပြောင်းသွားခဲ့လေသည်။ စိတ်နာခဲ့ရသော မြင်ကွင်းအပိုင်းအစများ သည်ကား ယခုတော့ ဖြစ်ပျက်နှစ်ခု၏ သိစိတ်အလျဉ်မှာ အရှုခံသဘောအဖြစ်တည်ရှိလျက် အရာရာသည် စိတ်သတ္တိထူး၏ သိစိတ်ပေါ်သို့ မှတ်ကျောက်တင်ခံနေခဲ့လေသည်။ သူမ၏ စိတ်သည်ကား ငြိမ်းချမ်းခြင်း နယ်နိမိတ်သို့ ကူးပြောင်းခဲ့လေသည်။


အမှန်တရားဆိုတာမေ့လိုက်တော့၊ ပုဂံမြို့ဟောင်းကို မေ့လိုက်တော့၊ ရှမ်းရိုးမနဲ့ သံလွင်မြစ်ကို မေ့လိုက်တော့၊ လစ်ဘရယ်ဒီမိုကရေစီကို မေ့လိုက်တော့၊ ကာရန်နဲ့ကဗျာကို မေ့လိုက်တော့၊ အပေါ်ယံမှာ အမှန်တရားတွေ ပေါလောမျော နေကြ၏။အမှန်တရားသည် ဒေါင်လိုက်အနေအထားမှာမရှိ၊ အလျားလိုက်အနေအထားမှာရှိ၏။ မွဲပြာသောအမှန်တရား၏ လရိပ်သည် လင်းလက်နေ၏။ အမှန်တရားဆိုတာ တကယ်ရှိ၍ တကယ်မြင်နေရသော အတုတွေဖြစ်၏။ အမှန်တရားအသစ်ဆိုတာ ရှိနိုင်ပါ့မလား။ ဆရာဇော်ဇော်၏ ကြွေးကြော်သံ များ ခေါင်းထဲ တန်းစီလှုပ်ခပ်လျက် ခါယမ်းလာသည်။ အမှန်တရားဆိုသာ ရှိကောင်းသည်။ ရှိသည်။ သို့သော် ထိုအမှန်တရားသည် သဘာဝအမှန်တရားနှင့်သမုတိအမှန်တရားအဖြစ် တည်ရှိနေခဲ့သည်။ လုံးဝအမှန်တရားဖြစ်သော ပရမတ္ထ အမှန်တရားသည်ကား ကွယ်ပျောက် ခြင်းသို့ ရောက်နိုင်လိမ့်မည်မဟုတ်။ ဆိုတော့ ဒီနေ့ အခြေအနေမှာ အမှန်တရားကို လက်ဆုပ်လက်ကိုင် ပြနိုင်ဖို့ဆိုသည်မှာ လူလောကကြီး၏ ပြုပြင် ပြောင်းလဲမှုများ၏ ဂယက်များ ဝေစီနေခဲ့သည်။ သို့အတွက် သမုတိအမှန်တရားသည်ကား အန္တာတိကတိုက်က ရေခဲတွေလို အရေပျော် နေခဲ့ဦးမည်သာ။


ဆုပ်ကိုင်ထားဖို့လိုသော ဖြစ်တည်မှုများ နေရာအနှံ့ပင်ရှိနေသေးသည်။ ယုံကြည်မှုနဲ့ တည်ဆောက်ထားသော အိမ်ငယ်လေးကို ဆုပ်ကိုင်ထားဖို့လိုသည်။ မိသားစု ဝမ်းစာအတွက် ဖြေရှင်းပေးနိုင်မည့် အလုပ်လေးကိုလည်း မြဲမြဲဆုပ်ကိုင် ထားဖို့လိုသည်။ ဆာလောင်နေသော အသံများနောက်ကွယ်မှ လောကဓံများကို မေ့မေ့လျော့လျော့နေဖို့မဟုတ်ဘဲ သတိတရားနဲ့ ဆုပ်ကိုင်ထားဖို့လိုနေလိမ့်မည်။ ယုံကြည်ရာကို ဦးတည်မောင်းထွက်ခဲ့သော စိတ်ဓာတ်များ ကိုလည်း ဆုပ်ကိုင်ထားဖို့ လိုနေသေးသည်။ မဟုတ်လျင် သံသရာမှာ ဝဲဂယက်ပေါင်းစုံ၏ နစ်မြုပ်မှုဆီသို့ ဆက်လက်ဦးတည် နေဦးမည်ဖြစ်သည်။ စိတ်အဆာမပြေတိုင်း ထထအော်ခဲ့ နေရသော အချိန်ကာလများသည်ကား ရှည်လျားနေဦးမည်သာ။ မနက်တိုင်း ဝတ်တက် နေခဲ့သော ဒေါ်လေး၏ အသံလှိုင်းသည်ကား နေ့စဉ်ဆိုသလို ဆက်လက်ကြားနေရဦးမည့် အသံများအဖြစ် တည်ရှိနေရပေလိမ့်မည်။

ချစ်သမီး ပူဆွေးမနေပါလင့်၊ သက်သာရာရစေလော့၊ သင်၏ကိုယ်ကို ရှာဖွေလော့။ သင်သည် အဘယ်ကြောင့် အကျိုးမဲ့ ဆင်းရဲပင်ပန်းနေဘိသနည်း။ ရှင်တော်ဘုရား၏ အသံတော်သည်ကား ပဋာစာရီ၏ နှလုံးသည်းအိမ်ထဲမှာ လောင်ကျွမ်းနေခဲ့သော အပူများ အရည်ပျော်ကျစေခဲ့လေသည်။ ကိုယ်တိုင်ရှာ ဖွေမှုဆီသို့ ဦးတည်လျက် ကိုယ်တိုင်ဖောက် ထွက်သင့်သော အတွေးများကို လူသားတို့လိုက်နာဖို့လိုသည်။ ဖောက်ထွက်သင့်သော ကွင်းဆပ်များသည်ကား တစ်ကွင်းပြီးတစ်ကွင်း ဆက်စပ်ရောယှက် နေခဲ့သေးသည်။ လူသား တစ်ယောက်၏ ဆွေးမြေ့ဖွယ်အသံများ ကမ္ဘာတစ်ဝှမ်းသို့ ပြန့်နှံ့နေလျက် အတိတ်ကို လည်ပြန်ငေးမျော်နေဦးမည်ဆိုလျင် ပဋာစာရီ အရူးမီးဝိုင်းသလို ပူလောင်မှုတွင်းနက်ထဲသို့ ပြုတ်ကျနေခဲ့ဦး မည်သာ။

မနေ့က လမ်းထဲမှာ ဥသြငှက်တစ်ကောင် ဆွေးဆွေးမြေ့မြေ့ တွန်သံများကြူးရင့် နေခဲ့သည်။ နှစ်တစ်နှစ်ကုန်ဆုံး တော့မည့် အမှတ်လက္ခဏာ တစ်ရပ်အဖြစ် စွဲစွဲမြဲမြဲသိနေခဲ့ သောကြောင့် လူသားအဖြစ်မှာ တစ်နှစ်ထပ်ကြီးတော့မည့် အရေးကို သိလိုက်ရသည်။ မနေ့နိုင်သေးသော အဖြစ်အပျက်များ တန်းစီဆိုသလို အာရုံပေါ်သို့ လင်းလက်လာနေခဲ့သည်။ စိတ်ကိုဆုံးမဖို့ သတိတရားထားဆဲအချိန်မှာပင် မျက်နှာကြက်ပေါ်မှ အိမ်မြောင်တစ်ကောင် ယိုချလိုက်သော ချေးသည်ကား မျက်နှာပေါ်တည့်တည့် ဖြစ်သည်။ တောက်ခေါက်သံများ တစ်ခန်းလုံးဟိန်းသွားသံသည်ကား ကမ္ဘာပျက်မည့်အရေးကို တွေးပူနေသော လူသားများ၏ အော်သံထက်ပင် ကျယ်လောင် သွားခဲ့လေမည်လား မသိခဲ့။


ဟုတ်ပြီ၊ အဲဒီလူမည်းဖြစ်တဲ့ အိုဘားမားဆိုတဲ့လူ သမ္မတဖြစ်လာတော့ကော ငါတို့ရွာ မှာ ဘယ်သူတွေလာပြီး စားဝတ်နေရေးအတွက် ဖြေရှင်းပေးမှာလဲ။ ကိုယ်ပိုင်အလုပ် ခပ်သုတ် သုတ်ဆိုသလို ဘဝတွေဆက်လက် ရပ်တည်နိုင် ဖို့အတွက် ကိုယ်တိုင်ဖြေရှင်းကြရလိမ့်မည်။ ကျဲကျဲပြန့်ပြန့်ဖြစ်နေသော အပိုင်းအစများကို ပြည်လည်စုစည်းလိုက်ဖို့နဲ့ ထုဆစ်ရမည့် အကြိတ်အခဲများကို ပြေလျော့အောင် ထုဆစ်နိုင်ဖို့လိုလိမ့်မည်။ သူမ ဆာလောင်နေတဲ့ အသံလှိုင်းများသည်ကား စကြဝဠာသို့ အနှံ့အပြားပင် ပြေးသွားနေခဲ့သည်။ ပဋာစာရီကဲ့သို့ အရူးမီးဝိုင်းနေသော လူများကို ဘယ်သူကလာပြီး ဖြေ ရှင်းပေးမည်နည်း။ ကြောက်စိတ်များ ဖြာကျနေသော နွေနေ့လည်ခင်းမှာပင် အချိပ်အဆက်များတေ့လွဲသွားသလို စိတ်တွေ တစ်စစီ တေ့လွဲရင်း ပြုတ်ကျနေခဲ့သည်။ အချိန်ဆိုသည်မှာ ဘာတွေနဲ့တိုင်းတာတယ်ဆိုတာ မသိချင်တော့ဘူး။ အချိန်ဆိုတာ မရှိတော့လည်း ဘဝတွေ နေပျော်စရာဖြစ်ဖို့လိုသည်။ အချိန်နဲ့အမျှ လွမ်းတယ်ဆိုတာတွေ၊ သတိရနေတယ်ဆိုတဲ့ အသံတွေနဲ့ ကမ္ဘာကြီးသည် မှုန်ဝါးနေခဲ့သေးသည်။


ချစ်သမီး မကြောက်လင့်၊ သက်သာရာ ရစေလော့၊ အနာဂတ်ကာလ၌ စိတ်အလို ရှိသော ထိုဆုကို ရလတ္တံ့-ပဒုမုတ္တရ ဘုရားရှင်ခြွေခဲ့သော ဗျာဒိတ်တော်နဲ့အတူ။ သူမ၏လာ ခြင်းသည်ကား ကောင်းသောလာခြင်း စင်စစ်ဖြစ်ခဲ့လေသည်။ ကိလေသာအားလုံးတို့အား ရှို့မြိုက်လောင်ကျွမ်းစေခဲ့ပြီး၊ အာသဝေါတရားများဖြစ်သော သံသရာဝဲသြဃ ရေအယဉ်ကို ကူးမြောက်စေနိုင်ခဲ့လေသည်။ ကျုပ်တို့ ဘဝများသည်ကား ရေအယဉ်များကိုလက်ပစ်လျက် ပြိုင်ဆိုင်ကူးနေကြဆဲ။


ကမ္ဘာမှာ စီးပွားရေးအရ အလွတ်လပ်ဆုံး ဖြစ်သောနိုင်ငံမှာ ဟောင်ကောင် နိုင်ဖြစ်သည်။ ဂါဇာဒေသ အပစ်အခက် ရပ်စဲရေးအတွက် အစ္စရေးဝန်ကြီးများ မဲခွဲနေခဲ့ကြ သည်။ တောင်အာဖရိက သမ္မတဟောင်းနဲ့ယခုလက်ရှိ သမ္မတအဖြစ် ရွေးကောက်ယှဉ်ပြိုင်ရန် မဲဆွယ်နေခဲ့သော ဂျက်ကော့ဇူးမားအား အဂတိလိုက်စားမှုအတွက် တရားရုံးတွင် စွဲချက်တင်ထား ခံထားရသည်။ ခေတ်ပေါ်ကဗျာတစ်ပုဒ်၏ တန်ဖိုးမှာ နှစ်ထောင်လောက်သာ ရှိသေးသည်။ လီဗာပူအသင်း၏ လက်ရှိနည်းပြချုပ်ဖြစ်သော ရာဖေးဘင်နီတက်ဇ်သည် အသင်းနှင့်ထပ်မံ စာချုပ်အသစ်ချုပ်ဆိုဖို့ ပယ်ချလိုက်ကြောင်း သတင်းတစ်ခုမှာ ဖော်ပြထား သည်။ မနက်ဖန်မှာ ဒီရေးထားသော စာမူတစ်ပုဒ်အား အယ်ဒီတာလက်ထဲ သွားအပ်ဖို့အတွက် လိုင်းကားခ ငွေကြေးအနည်းငယ် လိုနေခဲ့သည်။

(2009-June-လှိုင်းသစ်မဂ္ဂဇင်း)
မောင်မင်းစိုး၊ရွှေနံ့သာ၊

ဥပေက္ခာစစ်တမ်း



အနောက်တောင်ဆီသို့ ငေးမျှော်ကြည့်တော့ နံရံမဲ့ကမ္ဘာ၏ အူကြောင်ကြောင် စစ်တမ်းကို တွေ့ရှိ လိုက်ရသည်။ ဆန့်ထုတ်ကြည့်လိုက်သော အတွေးများသည် ကယ်ရီကေးချား ဆွဲထားသော ခွေးတစ်ကောင်ပုံလို ကိုးရို ကားယားနိုင်လွန်သည်။ ဦးဆောင်မှုနောက်သို့ ငန်းဘဲများ စီတန်းစွာ သွားနေ ခဲ့ကြသည်။ အမှောင် သန်းလာနေသော ညနေခင်း အပျို နုနုလေးကို အဓိပ္ပါယ်မဲ့စွာ တွေးကြောက်တတ်သော လူသားတစ်ယောက်၏ ဗီဇစိတ်ကို ထုတ်ဖော်လာခဲ့သည်။ ထူးထွေ ဆန်းပြားသော အဝါရောင် နုနုများသည် ကောက်ကြောင်းမျိုးစုံနှင့် နိမိတ်ပုံမျိုးစုံကို ပုံသွင်း သယ်ဆောင်လာခဲ့သည်။ အရ မတော်လေသော ခိုလှုံစရာ လွင်ပြင်သည် ကြယ်ဝန်းသည်။ သို့သော် လေးလံသည်။ အတ္တကို ကိုယ်စားပြုသည်။ ဥပေက္ခာ-ဟူသည် ဘုရားဟော ကျမ်းစာများအရ စစ်တမ်းထုတ်သော် ကောင်းသောအဓိပ္ပါယ်ကို ဆောင်ကျဉ်းခဲ့သော်လည်း၊ ထိုစကား၏ အရင်းအမြစ်ကို မသိဘဲ စကားလုံး အငှါးသုံးလျှက် စစ်တမ်းသဖွယ် ဖွင့်ဆိုခြင်းသည် ခေါင်းပါး လာသော ဗြဟ္မစိုရ်များ၏ အမှန်သရုပ်ကို ဖုံးကွယ်လိုက်ခြင်းပင်ဖြစ်သည်။

ရေပြင်ပေါ်သို့ အလိုက်သင့် မျောပါနေသော ဗေဒါပန်းများ၏ ဘဝသရုပ်ဖော်များကို ဗေဒါလမ်း ကဗျာများဖြင့် ဖွင့်ဆိုခဲ့ကြပြီး ဖြစ်သည်။ မသိစိတ်များဖြင့် စီးကျလာသော မျက်ရည်စများကို သုတ်ပစ် လိုက်မိသည်။ ငေးမော ကြည့်နေသော မြစ်၏ အသံမျိုးစုံ၊ အကမျိုးစုံ၊ အတီးမျိုးစုံ၊ သင်္ကေတမျိုးစုံသည် မြစ်၏ မာယာအောက် အသီးသီး ပျောက်ကွယ်သွားကြလေသည်။ ရင်ထဲ၌ စီးဆင်းနေသော ပရိဒေဝမျိုးစုံ၊ ခံစားမှု မျိုးစုံသည် တော်တော်နှင့် ပျောက်ပျက်သွားရန် လွယ်ကူ နိုင်လိမ့်မည်မဟုတ်ပေ။ သူစိမ်းဆန်နေသော လူသားမျိုးနွယ်စု အသိုင်းအဝိုင်းမှ ပေါက်ဖွား ကြီးပြင်းစ ပြုလာနေသော နေရောင်ခြည်တစ်မှုံသည် လောကကြီး၏ လစ်ဟာနေသော အမှောင်ကျ တစ်နေရာ၌ အလင်းရောင် မှုန်မှုန်ဝါးဝါးကို ဖြန့်ခငး ပေးနိုင်လိမ့်မည်။ သို့သော် ထိုရောင်ခြည် နုနုသည် ကမ္ဘာမြေပေါ်သို့ ကျ မလာသေးခင် မြူများ၊ နှင်းများ၊ အခိုးအငွေ့ မျိုးစုံးနှင့် မိခင်နေရောင်ခြည်၏ နွေးထွေးသော ရောင်ခြည်နုနုကို ကူးစက်ခွင့်မရ ဖြစ်နေခဲ့ရလေသည်။

အနောက်တောင်ဆီသို့ ငေးမျှော်ကြည့်တော့ နံရံမဲ့ကမ္ဘာ၏ အူကြောင်ကြောင် စစ်တမ်းကို တွေ့ရှိ လိုက်ရသည်။ ဆန့်ထုတ်ကြည့်လိုက်သော အတွေးများသည် ကယ်ရီကေးချား ဆွဲထားသော ခွေးတစ်ကောင်ပုံလို ကိုးရို ကားယားနိုင်လွန်သည်။ ဦးဆောင်မှုနောက်သို့ ငန်းဘဲများ စီတန်းစွာ သွားနေ ခဲ့ကြသည်။ အမှောင် သန်းလာနေသော ညနေခင်း အပျို နုနုလေးကို အဓိပ္ပါယ်မဲ့စွာ တွေးကြောက်တတ်သော လူသားတစ်ယောက်၏ ဗီဇစိတ်ကို ထုတ်ဖော်လာခဲ့သည်။ ထူးထွေ ဆန်းပြားသော အဝါရောင် နုနုများသည် ကောက်ကြောင်းမျိုးစုံနှင့် နိမိတ်ပုံမျိုးစုံကို ပုံသွင်း သယ်ဆောင်လာခဲ့သည်။ အရ မတော်လေသော ခိုလှုံစရာ လွင်ပြင်သည် ကြယ်ဝန်းသည်။ သို့သော် လေးလံသည်။ အတ္တကို ကိုယ်စားပြုသည်။ ဥပေက္ခာ-ဟူသည် ဘုရားဟော ကျမ်းစာများအရ စစ်တမ်းထုတ်သော် ကောင်းသောအဓိပ္ပါယ်ကို ဆောင်ကျဉ်းခဲ့သော်လည်း၊ ထိုစကား၏ အရင်းအမြစ်ကို မသိဘဲ စကားလုံး အငှါးသုံးလျှက် စစ်တမ်းသဖွယ် ဖွင့်ဆိုခြင်းသည် ခေါင်းပါး လာသော ဗြဟ္မစိုရ်များ၏ အမှန်သရုပ်ကို ဖုံးကွယ်လိုက်ခြင်းပင်ဖြစ်သည်။

ရေပြင်ပေါ်သို့ အလိုက်သင့် မျောပါနေသော ဗေဒါပန်းများ၏ ဘဝသရုပ်ဖော်များကို ဗေဒါလမ်း ကဗျာများဖြင့် ဖွင့်ဆိုခဲ့ကြပြီး ဖြစ်သည်။ မသိစိတ်များဖြင့် စီးကျလာသော မျက်ရည်စများကို သုတ်ပစ် လိုက်မိသည်။ ငေးမော ကြည့်နေသော မြစ်၏ အသံမျိုးစုံ၊ အကမျိုးစုံ၊ အတီးမျိုးစုံ၊ သင်္ကေတမျိုးစုံသည် မြစ်၏ မာယာအောက် အသီးသီး ပျောက်ကွယ်သွားကြလေသည်။ ရင်ထဲ၌ စီးဆင်းနေသော ပရိဒေဝမျိုးစုံ၊ ခံစားမှု မျိုးစုံသည် တော်တော်နှင့် ပျောက်ပျက်သွားရန် လွယ်ကူ နိုင်လိမ့်မည်မဟုတ်ပေ။ သူစိမ်းဆန်နေသော လူသားမျိုးနွယ်စု အသိုင်းအဝိုင်းမှ ပေါက်ဖွား ကြီးပြင်းစ ပြုလာနေသော နေရောင်ခြည်တစ်မှုံသည် လောကကြီး၏ လစ်ဟာနေသော အမှောင်ကျ တစ်နေရာ၌ အလင်းရောင် မှုန်မှုန်ဝါးဝါးကို ဖြန့်ခငး ပေးနိုင်လိမ့်မည်။ သို့သော် ထိုရောင်ခြည် နုနုသည် ကမ္ဘာမြေပေါ်သို့ ကျ မလာသေးခင် မြူများ၊ နှင်းများ၊ အခိုးအငွေ့ မျိုးစုံးနှင့် မိခင်နေရောင်ခြည်၏ နွေးထွေးသော ရောင်ခြည်နုနုကို ကူးစက်ခွင့်မရ ဖြစ်နေခဲ့ရလေသည်။

မောင်မင်းစိုး (ရွှေနံ့သာ)

ဂျစ်ပစီတစ်ယောက်၏ ရောက်တတ်ရာရာများ

မင်္ဂလာရှိသော တရားတော်နှင့်အတူ အရုဏ်ဦးကို မျက်နှာသစ်လိုက်ပါ။ မုန်တိုင်းပဲ ကြမ်းကြမ်း၊ မိုးပြင်းပဲကျကျ ၀မ်းတစ်ထွာကိစ္စကျွန်တော်တို့ ဖြေရှင်းကြရဦးမည်မဟုတ်လား။ ကုန်ဆုံးသွားခဲ့သောအချိန်များသည်ကား အဆင့်မြင့်သီချင်းအကြေအစများဖြင့်လည်းကောင်း၊ အဓိပါယ်မဲ့နေထိုင်ရခြင်းများဖြင့်လည်းကောင်း၊ စိတ်ပျက်ငြီးငွေ့ဖွယ်ရာများဖြင့်လည်းကောင်း ပြီးပြည့်စုံနေတော့၏။ စိတ္တဇမိုးမျှော်တိုက်ကြီး၏ လေဟာပြင်တွင် အချစ်နှင့်အတူ သီတင်းကျွတ်မီးပုံးလေးများကို ထွန်းညှိချင်မိသည်။ မီးပျက်သောညများတွင် သာတတ်သော လမင်း၏အလင်းရောင်လို သူ့အတွက် လိုအပ်နေသည့်အချိန်များမှာ ကျွန်တော်အလင်းပေးလိုသည်။ ၀ါးလုံးခေါင်းထဲသာသော လထက်စာရင် မီးပျက်ညမှာ သာသော လတစ်စင်းသာ အမှန်ဧကန်ဖြစ်ချင်၏။ မလိုလားအပ်သော ဒုက္ခအကျပ်အတည်းများ၏အဝေးဠ် အနုပညာကို ခံစားချင်သည်။ဖန်တီးချင်သည်။ ယခုမူကျွန်တော့်ခန္ဒာကိုယ်အတွင်း ခေါက်သိမ်းထားရသည်များမှာဒဏ်ရာအကျအရှုံးများသာ ဖြစ်နေသည်။
ရိုးရာဓလေ့သီတင်းကျွတ်ညများလို စိတ်ဓာတ်များကို အလှဆင်လို၏။ အသက်မွေးဝမ်းကျောင်း ပြုရွေ့ မရသော ကဗျာအနုပညာဖြင့် ကမ္ဘာလောကကို အလှဆင်လို၏။ ကျွန်တော့်နှလုံးသားကို ထိုးဆွနိုင် သော သီချင်းများ တွင် အဆိုတော်အယ်နောင်း၏ ဒုက္ခလမ်းမများ သီချင်းလည်းပါဝင်၏။ ခြေဆုပ်လက်နယ်မပြုစုလိုက်ရဘဲ ရုတ်တရက်ဆုံးရှုံးခဲ့ရသည့် ဖေဖေ့ကို ညအိပ်ရာဝင်ခါနီးတိုင်း ကျွန်တော်ရှိခိုးဦးချကန်တော့လေ့ရှိပါသည်။အနုပညာဖြင့် မိခင်ကို ကောင်းစွာ အလုပ်အကျွေးပြုနိုငသူတစ်ဦး ဖြစ်ရပါလို၏။ လူဆိုသည်မှာ ရသကို ခံစားတတ်ရမည်။ ပန်းလေးတွေကို ချစ်တတ်ရမည် မဟုတ်ပါလား။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုသည်မှာ လူသားထုတစ်ရပ်လုံးနှင့်သက်ဆိုင်သော တာဝန်ဖြစ်၏။ တစ်ယူသန် အတ္တများအတွက်ကိုယ်နေထိုင်ရာ ကမ္ဘာကြီးအား ဖျက်လိုဖျက်ဆီးမလုပ်သင့်ပေ။ကျွတ်ကျွတ်အိတ်များ၏အန္တရာယ်ကိုလည်း ဂရုတစိုက်ဖြေရှင်းသင့်ပေသည်။

အစွန်းရောက်မှု၊လီစယ်မှု၊လိမ်လည်မှု၊ အရှက်သိက္ခာမဲ့မှု၊နိုင်ထက်စီးနင်းမှု၊ တရားမျှတခြင်းကင်းမဲ့မှုများသည် လူသားမျိုးနွယ်စုတစ်ရပ်လုံးအတွက် အဆိပ်အတောက်များသဖွယ် ဖြစ်သည်။ ငွေကြေးမတတ်နိုင်သောကြောင့် နေထိုင်မကောင်းဖြစ်မှာပင် တွေးကြောက်နေရသော ဘ၀မှ အမြန်ဆုံး လွတ်မြောက်ရပါလို၏။ ဂျစ်ပစီဟုဆိုသော်လည်း ကျွန်တော်က လူရမ်းကားတော့မဟုတ်ပါ။အသိဥာဏ်ပညာသိမ်ဖျင်းကျဉ်းမြောင်းသူ မဟုတ်ပါ။အတွေးအခေါ်သေးငယ်နှေးကွေးသောသူ မဟုတ်ပါ။ သူရဲကောင်းတစ်ယောက်မဟုတ်သေးသလို သူရဲဘောကြောင်သူလည်းမဟုတ်ပါ။ ကမ္ဘာကျော်ပြင်သစ်စာရေးဆရာကြီး ကမျူး၏ မားဆိုးလို လူငယ်တစ်ယောက်လည်းမဟုတ်ပါ။ ကျွန်တော်ရင်ဆိုင်နေရသောအခြေအနေက မားဆိုးရင်ဆိုင်ခဲ့ရသော အခြေအနေထက် ပိုမိုဆိုးဝါးသည်ဟုတော့ တွေးတောမိပါသည်။ နျူကလီးယားပြသနာများကလည်း ကြီးမားစွာခြိမ်းခြောက်နေပေပြီ။ တကယ်ဆို လူသားတစ်ဦးချင်းစီ၏ အပြည့်အ၀ ကိုယ်ချင်းစာစိတ်တစ်ခုတည်းသာလျှင်ကမ္ဘာကြီးအသက်ရှည်ကျန်းမာနိုင်မည့်အခွင့်အလမ်းဖြစ်ကြောင်း ကျွန်တော်က လက်ခံယုံကြည်ထားမိပါသည်။

ဖိုးဆောင်း

Tuesday, August 11, 2009

မှန်ဆာသူ


စိမ်းစိုနေသော တောအုပ်ကြီးသည် သဘာဝတရား၏ စိတ်ကူးကောင်းကောင်းဖြင့် မွမ်းမံခြယ်သ ထားခဲ့လေသလား မပြောတတ်။ ဘယ်ဆီကြည့်ကြည့် တောရိပ် တောင်ရိပ် ညှို့ညှို့ မှိုင်းမှိုင်းဖြင့် လေးဘက်လေးရံ ကာဆီး ထားခဲ့လေသည်။ ညနေခင်းများဆိုလျှင် တောင်စွယ်နေကွယ်မှု ပုံရိပ်များသည် ဘယ်ပန်းချီဆရာမှ ရေးလို့မမှီအောင် လှပနေခဲ့လေသည်။ ကျေးငှက်သာရကာတို့၏ အိပ်တန်း ဝင်ချိန်များ ဆိုလျှင် အသံမျိုးစုံ ဟစ်ကြွေးတေးဆိုလျှက် တော တစ်ခုလုံး အုန်းအုန်းထပြီး မညီးနိုင်စရာ မြင်ကွင်း၊ မပျောက်ပြယ်သော အသံတို့ဖြင့် ရုပ်လုံးကြွနေခဲ့လေသည်။

အဖေရယ်၊ အမေရယ်၊ အမရယ်၊ သားငယ်လေးရယ်ဆိုပြီး သူတို့၏ မိသားစုသည် ချမ်းမြေ့သာယာ သော၊ ငြိမ်းချမ်း တိတ်ဆိတ်သော၊ စိမ်းစိုလှပသော၊ တောင်များ ကာရံနေသော၊ ရွာဖြင့်မနီးမဝေးသော တောတောင်ကြားမှာ ငြိမ်သက်စွာ ရှိခဲ့လေသည်။ သူ၏အသက်သည် ငါးနှစ်သား အရွယ်ဖြစ်ပြီး။ မွေးကထဲက ဆွံ့အ၊ နားမကြားခဲ့ခြင်း ဖြစ်သည်။ မိဘများသည် ချူချာသော သားငယ်လေးကို အလွန်ပင်ချစ်ခင်၊ ကြင်နာကြသည်။ ပိုးမွေးသလို မွေးမြူခဲ့ကြသည်။ မျက်နှာပြည့်ပြည့် အသားဖွေးဖွေး ဆံပင်အနည်းငယ် နီရောင်သန်းနေသော သား လှရတနာကို မျက်စေ့အောက်က မပျောက်အောင် မနည်းစောင့် ကြည့်နေရသည်။

သူသည် အနုပညာဓာတ်ခံရှိသူဟု ဆိုရပေမည်။ သူရေးခြစ်ထားသော ခဲရောင်ပန်ချီကားများ အများအပြားပင်ဖြစ်သည်။ ကမ္ဘာကျော်ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုးရဲ့ ကိုးပွားဖြစ်လေမလား မပြောတတ်။ ခဲတံများများ ဝယ်ပေးရသည်။ ဗလာစာအုပ်အကြမ်းများစွာ ဝယ်ပေးထားရသည်။ သူအဆွဲများသော ပန်းချီကားများသည် များသောအားဖြင့် သစ်ပင်၊ တောတောင်၊ ရေကန်ပုံများ ဖြစ်နေလေသည်။ သူတို့ အတွက် တစ်နှစ်တာ သုံးရန်အိမ်နောက်ဘေးရှိ ရေကန်ကြီးပုံဖြစ်သည်။ မပြီးဆုံးသေးသော ပန်ချီကားများစွာကိုလည်း တွေ့ရသည်။ သူကြိုက်သည့် ပန်းချီကားများကို ဗလာစာအုပ်မှဖြဲလျှက် အိမ်နံရံတွေပေါ် လိုက်ကပ်ထား တတ်သည်။ အချို့သော ဆွဲလက်စ ပန်းချီကားများနှင့် သူမကြိုက်သည်ဟု ယူဆရသော ပန်းချီကားများကို သူအိပ်သော ဖျာခင်းအောက် ထိုးထားတတ်သည်။

သူသည် ကလေးနဲ့မတူအောင် တည်ငြိမ်လွန်းသည်။ မိဘများကိုလည်း ဂျီမကျတတ်။ တစ်ယောက်တည်း နေတတ်သူဖြစ်သည်။ ဒါကို ဖခင်ဖြစ်သူက မနှစ်သက်။ မိန်းမဖြင့် တိုင်ပင်ပြီး မြို့တက်ပြီး ဆရာဝန်ပြဖို့ တိုင်ပင်ကြသည်။ ''စကားမပြောတတ်လို့ မပြောတာကို ရှင်က ဘာရေးကြီး ခွင်ကျယ်လုပ်ပြီး ဆရာဝန် ပြချင်နေရတာလည်း'' ဟူသော မိန်းမ၏ စကားကို အတိုက်အခံ မလုပ်ချင်၍သာ နေနေခဲ့ရသော သူအဖေကတော့ ဒီလိုကလေးနဲ့မတူအောင် တိတ်ဆိတ်ငြိမ်သက်မှုမျိုးကို မလိုလား။ ကလေးကို ဆော့စေချင်သည်။ ရယ်စေချင်သည်။ ကစားစရာမျိုးစုံ ဝယ်ပေးထားသော်လည်း တစ်ရက် နှစ်ရက်သာ ဆော့ကစားတတ်ပြီး ပစ်ထားတတ်လေသည်။

အစား အသောက်ကိုပင် မိဘများက ကြွေးမှ စားတတ်ပြီး။ တစ်ခါမှ ဆာ၍ တောင်းသည်ကို မတွေ့ခဲ့ဘူးကြပေ။ မိဘများက ခိုင်းသော အရာမှန်သမျှကိုလည်း မငြင်းဘူး။ မလုပ်နဲ့ဆိုတဲ့ မကြိုက်တဲ့ အမူအရာဖြင့်ပြောလျှင် နောက်နောင် အမှတ်သညာထားပြီး မလုပ်မိအောင် နေခဲ့လေသည်။ ခဲတံ ဗလာစာအုပ်များကိုပင် အမဖြစ်သူက ရွာထဲဈေးရောင်းသွားလျှင် အလိုက်သိစွာ ဝယ်ပေးရခြင်းဖြစ်သည်။ သို့သော် သူုသည် ရေချိုးရန်ကား အမြဲတန်းလိုလို ငြင်းပယ်တတ်လေသည်။ မိဘများသည် သား စိတ်မချမ်းမြေ့သော အလုပ်ဟူသမျှ မလုပ်မိအောင် အထူးဂရုစိုက်၍နေသော်ငြား ထိုကိစ္စကိုကား နေ့စဉ်ရက်ဆက် မဟုတ်သော်ငြား အတင်းဆွဲခေါ်ပြီး ရေချိုးပေးရသည်။

သူသည် ညနေတိုင်းလိုလို ရေကန်နဘေးရှိ ထိုင်ခိုင်ရှည်ပေါ်တွင် သွားထိုင် နေတတ်သည်။ တစ်နေ့ရေကန် ထဲငုံကြည့်တော့ ထူးထူးဆန်းဆန်း ရေမျက်နှာပြင်ပေါ်တွင် သူ့ရုပ်ကို သွားတွေ့လိုက်သည်။ ပထမဆုံးသော သူ့ရုပ်ကို တွေ့လိုက်ချိန်၌ သူပြူံးနေခဲ့သည်ကို မိခင်ဖြစ်သူက နောက်ဘေးမီးဖိုချောင်မှ တစ်ဆင့် လှမ်းမြင်တွေ့လိုက်သည်။ ထိုနေ့က အတော်ကြာကြာ သူ့ရုပ်ကို မြင်ချင်၍ ဖြစ်မည်ထင်သည် ရေကန်ကြီးကို ငုံ့ကြည့်နေခဲ့သည်။ ထိုနေ့မှစ၍ ညနေခင်းတိုင်းလိုလို ရေကန်နဘေး သွားပြီး ရေကန်ကို ငုံ့ကြည့်တတ်ပြီး ရေကန်နဘေးရှိ ထိုင်ခုံရှည်ပေါ်မှာ ထိုင်ထိုင်နေတတ်သည်...။

သူပထမဆုံး သူ့ရုပ်ကို သူမြင်လိုက်ရသော နေ့က ထင်သည် မပီဝိုးတဝါး သူ့ရုပ်ကို မှန်းပြီး ရေးဆွဲထားသော ပန်းချီကားလေးကို မိဘများက ဘောင်သွင်း ပေးထားသည်။ မှတ်မှတ်ရရ ပြောရလျှင် သူ့ရုပ်၏ မပီဝိုးတဝါး ထိုပန်းချီ ကားလေးကို နံနက်အိပ်ယာထတိုင်း မျက်နှာ မသစ်ခင် ကြည့်ကြည့် နေတတ်သည်။ ထိုကိစ္စသည်ပင် သူ၏ နေ့စဉ်ဝတရားတစ်ခု ဖြစ်နေခဲ့လေသည်။

သူသည် သူ့ရုပ်ကို ဆာလောင်နေသည်။ ရေထဲ၌မြင်ရသော သူရုပ်၏ ဝိုးတဝါး ပုံရိပ်ကို ထင်းထင်း လင်းလင်း တွေ့ချင်နေခဲ့သည်။ ထိုနေ့မှစ၍ သူရုပ်၏ ပုံရိပ်မျိုးစုံကို ရေပေါ်မှာ မြင်ခဲ့သည့်အတိုင်း ရေးဆွဲနေခဲ့သည်။ တစ်ခါတလေမှာ ရေနံဆီမီးခွက်လေးဖြင့် အတော်ညဥ့်နက်သည်အထိ အလုပ်ရှုပ်နေခဲ့သည်။ မိဘများက အိပ်ခိုင်းလျှင်တော့ မငြင်းဆန်ဘဲ မအိပ်ချင်ဘဲ အိပ်ခဲ့ရလေသည်။ ရေးဆွဲစ ပန်းချီကားလေး ရှိတဲ့ ဗလာစာအုပ်လေးကို ရင်ဘတ်ပေါ်တင်ပြီး ထိုနေ့ညကို မအိပ်ချင်ဘဲ အိပ်ခဲ့ရခြင်း ဖြစ်လေသည်။ နံနက်အိပ်ယာလျှင်တော့ ပုံမှန်လုပ်နေကျဖြစ်တဲ့ သူပထမ ဆုံးရေးဆွဲထားတဲ့ ပန်းချီကားလေးကိုတော့ ကြည့်စမြဲ။

သူသည်ဆာလောင်မှု သင်္ကေတဟု ယူဆရသော သူ့ပုံလေးကို ရေးဆွဲထားသည်။ ထိုပုံကား ပါးစပ်ကို လက်ဝါးနှစ်ခု ကာရံပြီး ဟစ်အော်သံ ပန်းချီကားဖြစ်သည်။ မွန့်(ခ်ျ)၏ အော်သံ ပန်းချီကားနှင့် အနည်းငယ် တူသည်။ သို့သော် ထိုပန်းချီကားကို သူလုံးဝ မတွေ့ဘူးချေ။ သူသည် မွန့်(ခ်ျ)ကိုလည်း သိသူ မဟုတ်။ မွန့်(ခ်ျ)၏ ထိုပန်းချီကား ရှိမည်ကိုလည်း သိမည် မဟုတ်ပေ။ သူဘာကို ဆာလောင်နေတာလည်း။ သူဘာကို တောင်းတ နေတာလည်း။ သူဘာကို လိုချင်နေတာလည်း။

အပြင်လူများက မှန်းဆ၍သာ သိနေကြခြင်းဖြစ်သည်။ သူ၏ အမှန်ဆာလောင် နေတာတွေကို သိချင်ကြသည်။ မှန်းဆ ၍သိနေခြင်းဖြင့် သူ၏အမှန်တကယ် ဆာလောင်မှုကို သိလိမ့်မည်မဟုတ်ပေ။


ကြေကွဲစရာကောင်းသော သူ့အဖြစ်ကို ဘယ်လို ကုစားပေးနိုင်ကြမလဲ။ ဘယ်နတ်ဒေဝါ တွေက ကူညီပေးနိုင်မှာလဲ။ မိခင်ဖြစ်သူသည် သားငယ်ကို ချစ်ဇောဖြင့် နေ့စဉ်ရက်ဆက် ဆုတောင်းမှု အမျိုးမျိုး၊ ကူညီမည့်သူကို မျှော်နေရသည်က အမော။ သားငယ်ကို ချစ်စိတ်ဖြင့် နောက်ထပ် ကလေးငယ်ကို မယူနိုင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် အကယ်၍ နောက်ထပ် ကလေးထပ်ယူမိလျှင် သူ့ကို ချစ်တဲ့စိတ်တွေ ပေါ့သွားမှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။ မိခင်၏ အတုမဲ့ မေတ္တာတို့သည် သားငယ်လေး အပေါ်၌ လွှမ်းခြုံ နေခဲ့ခြင်း ဖြစ်သည်။

သူ့အဖေသည် အပြင်းအထန် ဖျားပြီး သေသွားသည်။ သူ့အဖေ၏ အလောင်းကို တစ်ခါဘဲ သွားကြည့်လိုက်သည်။ မျက်ရည် တစ်စက်မှ မထွက်။ သူ့အမေကတော့ ''သားငယ်ကို ချစ်လွန်း လှပါတယ်ဆိုတဲ့ ကိုရင်တာ ရှင့်သားလေးကို ပစ်သွားပြီလား'' စသော အငိုမျိုးစုံဖြင့် ဟစ်အော် ငိုကြွေး နေသော်ငြား သူကတော့ နေနိုင်လွန်းသူဟု ဆိုရမလောက်ပင် တုတ်တုတ်မျှ မလှုပ်။ သူ့အဖေ၏ နောက်ဆုံး အသုဘ လိုက်ပို့ခဲ့စဉ်က ရွာသူ ရွာသားများစွာ လိုက်ပို့ဖြစ်ကြသည် သူ့အမေက လိုက်ခဲ့ဖို့ အတင်းခေါ်သည် သူအတင်း ငြင်းပယ်နေခဲ့သည်။ သူဘာကြောင့် လိုက်မပို့ချင်ရတာလည်းဟူသော အတွေးဖြင့် တော်တော်လေး ဝမ်းနည်းသွားသည်။ သူ့အဖေက ချစ်သလောက် သူက ဘာဖြစ်လို့ သူ့အဖေရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ချင်ရတာလည်းဟူသော အတွေးဖြင့် သူ့အမေသည် သူ့အဖေသာသိလျှင် ဘယ်လောက် စိတ်မကောင်း ဖြစ်ရှာမလဲတွေးပြီး ပူးဆွေးလျှက် ငိုကြွေးခဲ့ရပြန်သည်။ သို့သော် သားငယ်ကိုကား အပြစ် မတင်ရက်ချေ။ သူသည် သူ့အမေ အကြီးအကျယ် ငိုကြွေးသော်လည်း တုတ်တုတ်မျှ မလှုပ်။ သူ့၏ ဆာလောင်မှုဟု ယူဆရသော ပန်းချီကားကိုသာ တွေတွေကြီး ထိုင်ငေး ကြည့်လျှက်နေခဲ့သည်။ သူဘာကို ဆာလောင်ပြန်ပြီလဲ။

မိုးများ အဆက်မပြတ် ရွာသွန်းနေခဲ့သည်။ မိုးရေစက်တွေအောက် ထီးဆောင်းလျှက် သူ၏ နေ့စဉ် ဝတ္တရားဖြစ်တဲ့ ညနေ လုပ်ငန်းစဉ်ကိုတော့ မပြတ် လုပ်နေခဲ့သည်။ အမေဖြစ်သူက ပထမတော့ တားသေးသည် မရ၍။ နောက်ပြီး သားငယ်စိတ်ဆင်းရဲမှာ စိုးတာကြောင့် မတားဘဲ ထားလိုက်သည်။ မီးဖိုချောင် နောက်ဘေးကနေသာ ငေးငိုင်လျှက် ကြည့်နေခဲ့ရသည်။ သူ ရေကန်ကို ငုံ့ကြည့်သည်။ သူ့ပုံသည် မိုးရေပေါက်များ အဆက်မပြတ် ရွာသွန်းနေတာကြောင့် လုံးဝ မတွေ့ခဲ့ပေ။ သူ အတော်ကြာကြာ ငုံ့ကြည့် နေခဲ့သည်။ နောက်ပြီး ထိုင်နေကျဖြစ်သော ထိုင်ခုံပေါ်မှာ ခဏ ထိုင်လိုက်သေးသည်။ ခဏနေမှ သူ့အခန်း ရှိရာသို့ ငေးငိုင်စွာ ပြန်လာခဲ့သည်။ ဒီလို ရက်တွေကလည်း မရေတွက်နိုင်တော့ပေ။ အဖေ မရှိတော့တဲ့ ဒီသားလေးကို မိခင်ဖြစ်သူသည် ဘာမှ စိတ်ဆင်းရဲစရာ မလုပ်ချင်တာနဲ့ စိတ်ချမ်းသာရင်ပြီးရောဆိုပြီး မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို မကြိုက်သော်လည်း လွှတ်ထား ပေးလိုက်သည်သာ။

အမ ဖြစ်သူသည် အိမ်မှထွက်သော ဟင်းသီး ဟင်းရွက်များကို ခူးဆွတ်ပြီး နံနက် မိုးလင်းတာနဲ့ ရွာထဲသို့သွားပြီး ဈေးရောင်း နေခဲ့ရသည်။ ဒါလေးနဲ့ပဲ မိသားစု စားဝတ်နေရေးကို ထိမ်းထားခဲ့ရသည်။ တော အလုပ်တွေကလည်း ဖခင် မရှိတော့ လူငှါးဖြင့်သာ လုပ်နေရသည်။ ထိုနေ့က သူမ ဈေးထဲမှ မှန်လေးတစ်ချပ် ဝယ်လာခဲ့သည်။ ထူးထူးဆန်းဆန်းဟု ပြောစရာ သူမတို့ အိမ်မှာ သူ့မအခန်းထဲရှိ မှန်သေးသေးလေး တစ်ချပ်သာ ရှိသည်။ ဘယ်သူကမှလည်း သူမ အခန်းထဲကို ဝင်လေ့ မရှိ။ မောင်ဖြစ်သူသည် မှတ်မှတ်ရရ ပြောရလျှင် သူမအခန်းထဲကို တစ်ခါမှ ဝင်ခဲ့ဘူးသည်ကို မတွေ့ခဲ့မိချေ။ သူသည် စပ်စု တတ်သည်မဟုတ်။ သူနဲ့ မဆိုင်လျှင် ဘာကိုမှ စိတ်ဝင်တစား လေ့လာတာ၊ ကြည့်ရှုတာတို့ မလုပ်တတ်ချေ။ ဒါကလည်း သူ၏ မွေးရာပါ လက္ခဏာ တစ်ခုပင် ဖြစ်နေလေသည်။

သူ ပျော်နေသည်။ သူ ဒီလောက် ပျော်ရွင်နေခဲ့သည်ကို တစ်ခါမှ သတိ မထားမိခဲ့ချေ။ သူပျော်လျှင် တစ်မိသားစုလုံး ပျော်သည်။ သူ စိတ်ညစ်လျှင် အားလုံး စိတ်ညစ်ကြရသည်။ သို့်အတွက် သူစိတ်ညစ်မှာ၊ သူ စိတ်ဆင်းရဲမှာကို ဘယ်သူမှ အလို မရှိ။ သူစိတ်ချမ်းသာရေးကိုသာ အမြဲ သတိထား လုပ်ပေးနေရသည်။ ထိုနေ့ကလည်း သူ့လုပ်ငန်းဖြစ်တဲ့ နေ့စဉ်ဝတ္တရား မပျက် ညနေ ရေကန်ဘေး သွားတာကို လုပ်ခဲ့သည်။ အမေ ဖြစ်သူကလည်း ကြာလာတော့ ရိုးသွားသည်။ သူ လုပ်နေကျဆိုတော့ ခပ်အေးအေးပင် နေလိုက်သည်။

သူ ရေကန်ထဲ ဆင်းသွားသည်။ အောက်ကို ငုံ့ပြီးစမ်းနေသည်။ ဘာကို ရှာနေသည်ကို မသိ။ သူသာလျှင် သိမည်။ ပျောက်ဆုံးသွားသော သူ့ရုပ်ကို ရှာနေခဲ့သည်လား။ တော်တော် ကြာသွားသည်။ သူ ကန်ထဲမှာ ဆက်ရှိနေဆဲ။ မိခင်ဖြစ်သူသည် စိုးရိမ်တကြီင်္းဖြင့် ရေကန်ဘက် လိုက်သွားသည်။ သူ့ကို ရေကန်ထဲမှာ တွေ့လိုက်ရသည်။ သို့သော် သူ လဲကျနေခဲ့သည်။ သူ ဘာကို ရှာတာလည်း။ သူ ဘာဖြစ်လို့ တစ်ခါမှ မဆင်းခဲ့ဘူးတဲ့ ရေကန်ထဲ ဆင်းခဲ့ရတာလည်း။ သူ တွေ့သွားပြီလား။ အတွေးများစွာဖြင့် မိခင်ဖြစ်သူသည် တွေးပူရင် အော်ဟစ် ငိုကြွေးနေခဲ့သည်။

သူ့ အိပ်ယာအောက်၌ နောက်ဆုံး ရေးဆွဲထားခဲ့သော သူ၏ ပြီပြင် သန့်ရှင်း ကြည်လင်နေသော ရုပ်ပုံလွှာ။ နောက် သူ့အမ ဈေးကဝယ်ထားခဲ့သော မှန်၏ အနုစိတ် ခြယ်သထားသော မှန် ပန်းချီကား။ ဘာမှန်း မသိသော အက္ခရာ စာလုံးဖြင့် ရေးခြစ် ထားခြင်းဖြစ်သည်။ ထိုစာဟု ယူဆရသော သင်္ကေတများကို သူသာလျှင်….။

မောင်မင်းစိုး

Photo Credit by Google

Monday, July 20, 2009

ကျိုးပဲ့နေသောအပိုင်းအစများ


အချိန်ကားနွေရာသီရဲ့ အပြင်းစားရိုက်ချက်ဖြစ်သော ပူပြင်းသောနေ့တစ်နေ့။ လူသူလေးပါး ကင်းမဲ့နေသော မန်ကျီးပင်၏ အရိပ်အောက် သူမငေးမျှော်လျက် တွေးနေခဲ့သည်။ မန်းကျီပင်၏ အကြားကြားမှ ထိုးထွက်နေသော နေရောင် လေးများ ပျောက်ကြားဆိုသလို သူမမျက်နှာပေါ် ဖြာကျနေခဲ့သည်။ လေပူများသည်ကား ဥဒဟိုတိုက်ခိုက်လျက် အရပ်လေး မျက်နှာသို့ ပြေးသွားနေခဲ့သည်။ သူမရှေ့မှာ လှန်ထားသောစာအုပ်လေး၏ တစ်ရွက်ပြီးတစ်ရွက် လန်သံသည်ကား စိတ်ပျက် ဖွယ်ကောင်းလောက်အောင် သူမအတွက် အနှောက်အယှက်ဖြစ်စေသော အသံဗလံများဖြစ်နေလိမ့်မည်။ သူမအသက်ကား ၁၁-နှစ်မပြည့်သေးတဲ့အရွယ်ဖြစ်သည်။ နာကျင်ဖွယ်ကောင်းလောက်အောင် ဆာလောင်ခဲ့သော အပိုင်းအစများကို သူမပြန်လည် ဆက်ထားချင်သည်။

သို့သော် . . . .။ အဲဒီနေ့က သူမကိုစာမေးတော့ မရ။ ပြန်စာ ပြန်ခိုင်းတော့လည်း မရ။ ရှိုက်ကြီးတငင်ငင် ငိုနေခဲ့ သော သူမကို ကြည့်ပြီး ကိုယ်ပါရောယောင်ပြီး မျက်ရည်ဝဲလာခဲ့သည်။ ဘာဖြစ်လို့လဲ၊ ဘာအတွက် ဒီလောက်ထိ ငိုနေခဲ့ရ တာလဲ၊ ဘယ်သူတွေက သူမရဲ့နာကျင်မှု ဝေဒနာတွေကို ဖန်တီးပေးလိုက်တာလဲ။ ထိုနေ့က သူမကို မေးခွန်းပေါင်းစုံမေး ခဲ့သည်။ တစ်ခွန်းမှ ပြန်ဖြေသံမရခဲ့။ တစ်ညလုံး အိပ်မပျော်ခဲ့တဲ့ အဲဒီညက သူမရဲ့ အပြစ်ကင်းစင်နေတဲ့ မျက်နှာလေးက တစ်ညလုံးလိုလို ကြီးစိုးနေခဲ့သည်။ မနက်ဖန် သူကျောင်းလာပမလား။ အကယ်၍ သူမ မလာခဲ့ရင် ငါဘာလုပ်ရမလဲ။ ခက်တာက ကိုယ်ကဆရာအသစ်၊ အခုမှ ရွာကိုခြေချခါစ။ ဘယ်သူကိုမှလည်း ကောင်းကောင်းအကျွမ်းမဝင်သေး။ ဘယ် သူ့အကြောင်းမှလည်း ဘာမှ သိရသေးတာ မဟုတ်။ ဘယ်သူ့ကို သူမအကြောင်းမေးရင် ကောင်းမလဲ။ မေးသင့်တဲ့ မေးခွန်းက ဘာတွေလဲ။ ဘာလုပ်ရမလဲ။ ခေါင်းတွေထူပူလာခဲ့သည်။

ဖြစ်တည်မှုတိုင်းမှာ ဖြေရှင်းလို့မရတဲ့ စိတ္တဇအမှောင်တွေ ရှိနေခဲ့လိမ့်မည်။ မှားယွင်းဖောက်ပြန်နေသော လူသားများ ၏ စိတ်သည် ဝင်္ကပါကဲ့သို့ ကွေ့ကောက်နေလိမ့်မည်။ လူသားများ ထွန်းညှိခဲ့သော အမှောင်ကို ပြန်လည်လင်းလက်ဖို့လို သည်။ မမြင်ရတဲ့ အဖြေတွေကို ဘယ်လိုရှာရမလဲ။ ကောင်ကင်ကိုမော့ကြည့်တော့ လမိုက်ညဖြစ်သလောက် ဘာမှမမြင်နိုင် အောင် မည်းမှောင်နေခဲ့သည်။ စိုထိုင်းနေတဲ့ စိတ်အဆာတွေကို ဘယ်လိုဓာတ်စာတွေနဲ့ကုသရမလဲ။ ရှောင်ဖယ်လို့မရတဲ့ အကြင်နာ သားကောင်ကား လူဆီသို့ တခချင်းဆိုသလို တည့်တည့်ပြေးဝင်လာနေခဲ့သည်။ စုပ်ချက်ကောင်းကောင်း ရေးဆွဲ ရမယ့် ပန်းချီကားတစ်ချက်သည်ကား ဒဏ်ရာအနာအဆာတွေနဲ့ ပြွတ်သိပ်နေခဲ့သည်။

'' ဆရာ၊ အန္တာတိကတိုက်မှာရှိတဲ့ ရေခဲတွေဟာ မကြာခင် အရည်ပျော်သွားတော့မယ်ဆို၊ အဲဒါတွေ အရည်ပျော် သွားရင် သမုဒြာရေတွေ မြင့်တက်လာမယ်လို့ ပြောနေကြတယ်။ အိပ်ခ်ျတူးအို ပြဿနာဆိုတာကဘာလဲ၊ အှိုဇုန်းလွှာပါးတယ် ဆိုတာ သမီးတို့နဲ့ဆိုင်သလား'' အဖြေမပေးချင်ပေမယ့် အင်းအဲလိုက်ရင်း ဖြေသိမ့်နေရသည်။ လောလောဆယ် ရင်ထဲအထိနာ နေတဲ့ ပြဿနာကား သူမရဲ့ ညှိုးလျော့ပျော့ခွေနေတဲ့ မျက်နှာလေးက နေရာယူနေခဲ့သည်။ သူမအနေနဲ့ကော အခြားကလေး တွေလို မေးခွန်းတွေ ဘာဖြစ်လို့ လာမမေးတာလဲ။ အကယ်၍ သူမလာမေးခဲ့မယ်ဆိုရင်ကော အဲဒီမေးခွန်းလေးတွေကို သူမစိတ်ကျေနပ်တဲ့အထိ အဖြေပေးနိုင်ပမလား။ အပိုင်းပိုင်းကျိုးပဲ့နေတဲ့ မေးခွန်းတွေကို တစ်ယောက်ပြီးတစ်ယောက် လာမေး နေခဲ့သည်။ သူမပါးပြင်ပေါ် လူးထားတဲ့ အညာသနပ်ခါး ထူထူထည်းထည်းလေးပေါ် လျောဆင်းနေတဲ့ ချွေးစီးကြောင်း လေးကို မြင်နေရသည်။ သူမ ငိုတာမဟုတ်ပါဘူး။ ချွေးတွေ မထွက်ရင်ကောင်းမယ်။ စီးဆင်းနေတဲ့ ချွေးစီးကြောင်းလေး တွေက မျက်ရည်အဖြစ် ပြောင်းလဲသွားမှာကို စိုးရိမ်နေခဲ့မိရပြန်တယ်။

စိတ်အပူများ ရင်ထဲဒဟလော စီးဆင်းနေခဲ့သည်။ နွေရာသီရဲ့ နွေနေ့လည်ခင်းမှာ အပူရှိန်ကလည်း တော်တော် လေးကို ပြင်းထန်နေခဲ့သည်။ မနေ့က မေးခဲ့သော အိုဇုန်းလွှာပါးလာခြင်းအကြောင်းကို ပြောပြရင်း ဒီနေ့သင်ခန်းစာ ရပ်လိုက် ရရင် ကောင်းမလား။ စိတ်ကတော့ နည်းနည်းမှဒါတွေကို ပြောချင်စိတ် မရှိခဲ့။ လောကကြီးရဲ့ အပိုင်းပိုင်းပျက်စီး ကျိုးပဲ့နေတဲ့ ပြဿနာများရဲ့ အဖြေများနှင့်ရှင်းလင်းချက်များက ခေါင်းထဲကို ရောက်မလာခဲ့။ ဟုတ်တယ် ပြင်ပလောကကြီးတစ်ခုလုံး လိုလို ပျက်စီးမှုအနာအဆာတွေနဲ့ တစ်စစီကျိုးပဲ့နေခဲ့သည်။ ထို့အတူ လူသားများစွာရဲ့ အတွင်းအဇ္ဈတ္တမှာလည်း စိတ်တွေတစ်စ စီ ပျက်စီးကျိုးပဲ့နေခဲ့သည်။ အဆိုပါ ကျိုးပဲ့နေသော လူသားများ၏ စိတ်အပိုင်းအစများသည်ကား လူလားမမြောက်သေး သော ကလေးငယ်များ၏ စိတ်တွေကို ထိမှန်နေခဲ့သည်။ ရင်ကြားစေ့ ဖြေရှင်းရေး ကြွေးကြော်သံများနဲ့ လူသားများသည်ကား ဒုက္ခပင်လယ်ဝေစေသော ပြဿနာများကို ဖန်းတီးနေကြဆဲပင် ရှိသည်။ ရေဆာပေမယ့် ရေမသောက်ချင်တာနဲ့ ရေနွေးကြမ်း တစ်ခွက်ကို မအေးမချင်းမှုတ်ပြီး သောက်နေခဲ့ရပြန်သည်။ အပူလိုတော့ အအေးရ၊ အအေးလိုတော့ အပူရ၊ မတူမျှတဲ့ နေထိုင်မှုတိုင်းမှာ လူသားတစ်ယောက်ရဲ့ အူသံပြင်းပြင်း ပန်းချီကားတစ်ချပ်သည်ကား ယခုထိရုပ်လုံးမပေါ်သေးဘဲ ရှိနေခဲ့သည်။

'' ဆရာ၊ မိုးမိုးအဖွားက ခွင့်စာပေးလိုက်တယ်။ မိုးမိုး ကျောင်းမတက်နိုင်တဲ့ အကြောင်းလို့ပြောတာပဲ၊ သိပ်ပြီးနေ မကောင်းဘူးလို့ ပြောတယ်၊ အစားအသောက်မစားတာလည်း နှစ်ရက်လောက်ရှိပြီတဲ့။ ဘာကျွေးကျွေးစားခိုင်းလို့ကို မရဘူး လို့ ငြီးနေတာပဲ'' စိတ်တွေတော်တော်လေး အကြံအိုက်သွားသည်။ သူမ ဒီလောက်ထိ ဘာဝေဒနာတွေက နှိပ်စက်နေသနည်း။ ကလေးတွေမေးတော့လည်း အဖြေကမရ၊ သူတို့ ဘာမှမသိတဲ့ အကြောင်းကိုပဲ ပြန်ကြားခဲ့ရသည်။ ရွာထဲက လူကြီးတွေ မေးဖို့ဆိုတာကလည်း တစ်ယောက်မှ ကိုယ်နဲ့သိကျွမ်းတဲ့လူက အခုထိ မရှိသေး။ အိမ်တွေ သွားလည်ဖို့ကျပြန်တော့လည်း စိတ်ကမပါ။ ကလေးတွေပေးလိုက်တဲ့ စာထဲမှာလည်း ကျောင်းမတက်နိုင်တဲ့အကြောင်း၊ နည်းနည်း နေမကောင်းဖြစ်တဲ့ အကြောင်းလောက်ပဲပါသည်။ အခြားဘာမှ ရေးမထား။ ဒဏ်ရာအနာတရနဲ့ ရင်ထဲတော်တော်လေး စိတ်ထိခိုက်သွားပြီး စိုးရိမ်စိတ်တွေ ကြီးစိုးလာပြန်သည်။ သူမ၊ မြန်မြန်နေကောင်းပါစေကြောင်းကိုလည်း ဘုရားစာရွတ်သလို တတွတ်တွတ်ရွတ် နေခဲ့ရပြန်သည်။ ခက်တော့ ခက်တယ်။ ဝေဒနာမသိတော့ ဆေးကိုဘယ်လို ဖော်စပ်ရမယ်မသိတဲ့ ဆေးဆရာတစ်ယောက် လို အကြောင်းအရာကလည်း ဂဃနဏ မသိဘဲဖြစ်နေပြန်သည်။

''သူမသေပြီ'' ဒါလုံးဝကို မဖြစ်နိုင်ဘူး။ သူမဟာ အခုမှ ဘာမှမသိသေးတဲ့ ကလေးဘဝအရွယ် နုနယ်သေးဆဲ ရှိသေးတယ်။ မဖြစ်ရဘူး၊ ဒါ လုံးဝမဖြစ်နိုင်ဘူး။ အိပ်ယာက လန့်နိုးတော့ ချွေးသီးချွေးပေါက်တွေ စိုရွှဲနေခဲ့သည်။ တော် သေးတာပေါ့ အိပ်မက်ဖြစ်လို့။ ရေအိုးစဉ်သွားပြီး ရေတစ်ခွက်ပြီးတစ်ခွက် သောက်ပစ်လိုက်သည်။ ဆရာတစ်ယောက်အတွက် အပြင်းစားရိုက်ချက်များသည်ကား တစ်ကွက်ပြီး တစ်ကွက်။ ဒေါင်းတောက်ခဲ့ရသော နေ့ ညများစွာ။ ပူပင်ခဲ့ရသော ဝေဒနာ များသည်လည်း စိတ်တွေ တစ်စစီကျိုးပဲ့သွားလောက်အောင်ပင် ရှိနေခဲ့သည်။ သူမ၏ အညာထူထူထည်းထည်း အပြစ်ကင်း စင်နေတဲ့ မျက်နှာလေးကို မမြင်ရသည်မှာ တော်တော်ကြာပြီ။ မနေ့က အိမ်သွားမေးဖို့ လုပ်ခဲ့သည်။ ဘယ်အိမ်မှန်းမသိတာ ရယ်၊ လိုက်ပို့မယ့်သူ မရှိတာရယ်ကြောင့် သူမအိပ်ကို မရောက်ဖြစ်နိုင်ခဲ့။ သူမ၏ မိဘများနှင့်တိုင်ပင်ကြည့်ဖို့တော့ လိုလိမ့် မည်။ ဒီအတိုင်းတာ ကလေးကို လေ့လျူရှုထားဦးမယ်ဆိုရင်တော့ ကလေး၏ အခြေအနေကား သိပ်ဟန်လိမ့်မဟုတ်။

ထွင်းထုထားသော ရင်ထဲအနာများသည် ခံနိုင်ရေမရှိခြင်း၏ ပြယုဂ်များဖြစ်နေလိမ့်မည်။ အမှန်ကား တစ်ခဏသာ ဝေဒနာကို ရူရှိုက်သင့်သည်။ သို့သော် ဝေဒနာသည်ကား သူမ၏ရင်ထဲ ဘယ်လောက်ထိပြင်းထန်နေလိမ့်မည် မသိ။ သန့်ရှင်းလတ်ဆပ်သော လေကောင်းလေသန့်များကို ရှူရှိုက်ဖို့လိုသည်။ သို့အတွက် ပတ်ဝန်းကျင်သည် သန့်စင်နေရ ပေလိမ့်မည်။ မသန့်ရှင်း၊ မသန့်စင်သော ပတ်ဝန်းကျင်၏ ရနံ့ဆိုးများသည် ကလေးငယ်များကို နှိပ်စက်ဖျက်ဆီးနိုင် သည့် မကောင်းသော အနံ့အသက်များဖြစ်သည်။ ထို အနံ့အသက်ဆိုးများကို ရှူရှိုက်နေရသော ကလေးငယ်များ၏ နှလုံးသား သည် မကောင်းသော အညစ်အကြေးများဖြင့် ညစ်နွမ်းနေခဲ့လိမ့်မည်။ သူမ၏ ပတ်ဝန်းကျင် အခြေအနေသည်ကား ဘယ်လို သော ရနံ့များဖြင့် သူမကိုရှူရှိုက်စေခဲ့သနည်း။ မကောင်းသော အနံ့ဆိုးများတော့ မဖြစ်နိုင်လောက်ဟု စိတ်မှာ စွဲထင်နေခဲ့သည်။

ထိုနေ့က သူမ၊ ကျောင်းပြန်တက်တော့ တော်တော်လေး ပိန်ခြုံးနေသည်ကို မြင်နေရသည်။ သူမကို ခပ်ရွှင်ရွှင်ပြုံး ပြလိုက်သည်။ သူမကတော့ နည်းနည်းမှ ပြန်လည်ပြီး ပြုံးပြချင်းမျိုးမရှိခဲ့။ သူမနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ တော်တော်လေးကြိုး စားခဲ့သည်။ သို့သော် အခြေအနေက ထူးမလာခဲ့။ ကိုယ်ကသာ ဆရာတစ်ယောက်ဖြစ်နေပါလျက် အရူးကြီးတစ်ယောက် လို ဖြစ်နေခဲ့ရသည်။ အရေးမကြီးတဲ့ ကိစ္စတွေကို ဘေးဖယ်ထားပြီး၊ သူမကို နှစ်သိမ့်နိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ တွေ့တိုင်းလိုလို အပြုံးလေးဖြင့်ပင် ကြိုဆိုနှုတ်ဆက်သည်။ သူမ နာကျင်စေမည့်၊ မဖြေလောက်မည့် မေးခွန်းမျိုးကိုတော့ မမေးမိအောင် အထူးသတိထားရသည်။ စိတ်အဆာများဖြင့် တုန့်ပြန်မှုများ မဖြစ်စေမည့် မေးခွန်းမျိုးလေးတွေကိုသာ မေးခဲ့ သည်။ သူမ၏ သင်္ကေတသည်ကား အခြားကလေးများလို ဆော့ကစားခြင်း၊ ဆူညံစွာ စကားပြောချင်းမျိုး မရှိ။ ကလေး တစ်ယောက် လူကြီးစိတ်ပေါက်နေခြင်းသည် မကောင်း။ ရောဂါလက္ခဏာတစ်ရပ်ပင် ဖြစ်လိမ့်မည်။ သူမသည်ကား လူကြီး တစ်ယောက်လို ဖြစ်နေခဲ့ကား တွေ့ကထဲကဟု ဆိုရပေလိမ့်မည်။
'' ဆရာ၊ ဒီနေ့ ပုံပြင်ပြောပြပါလား'' သူမအနေဖြင့် စတင်တောင်းဆိုသံဖြစ်သလို၊ စတင်ပြောသော စကားလည်း ဖြစ်နေခဲ့သည်။ ထိုနေ့က ပုံပြင်တွေ တစ်ပုဒ်ပြီးတစ်ပုဒ်ပြီး ပြောပြသည်။ သို့သော် သူမအနေဖြင့်ကား သူမလိုချင်သည့် ပုံပြင်များမဟုတ်ဘဲ ဖြစ်နေခဲ့သည် ထင်သည်။ တွေတွေကြီးသာ နားစိုက်ထောင်လျက် နေခဲ့သည်။ အခြားကလေးငယ်များ ကတော့ ရယ်မောစရာ ပုံပြင်များကို နှစ်ခြိုက်သဘောကျသည်။ သို့အတွက် အားကုန်ဖွင့်လျက် ရယ်မောကြသည်။ သူမ ကတော့ ရယ်စရာပြောတာကိုတောင် မရယ်ခဲ့။ စိတ်ဒဏ်ရာ၏ ကြီးကျယ်မှုကို စတင်သဘောပေါက်လိုက်သည်။
''သမီး၊ သမီးက ဘယ်လို ပုံပြင်တွေကြိုက်တာလည်း၊ ဆရာ ဘယ်လို ပုံပြင်တွေကို ပြောပြရမလဲ''မေးခွန်းများ ဆက်တိုက်ဆိုသလို မေးခဲ့သည်။ ပြန်ကြားသံ မရခဲ့။ ခဏကြာတော့မှ တွေတွေကြီးငေးမောရင်း အေးဆေးတည်ငြိမ်တဲ့ လေသံနဲ့ အဖြေကို ရလိုက်သည်။

'' မိသားစု ချစ်ချစ်ခင်ခင်နဲ့ ဘဝတစ်ခုကို ဘယ်လိုခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရ နေရ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ရင်ဆိုင်ဖြေ ရှင်းရင်း သာယာတဲ့အိမ်ထောင်တစ်ခုအကြောင်းမျိုးကို ပြောပြပါလား'' ထိုနေ့က သူမတောင်းဆိုချက်အရ ကိုယ့်ဘာသာ သူ ပုံပြင်များဖန်တီးလျက် တစ်ပုဒ်ပြီးတစ်ပုဒ် ပြောပြနေခဲ့လိုက်သည်။ ထိုနေ့ကစပြီး သူမဝေဒနာများကို စတင်ခံစား သိရှိ နားလည်လိုက်ရသည်။ အပြုံးများလည်း စတင်ရရှိလိုက်သည်။ သူမ၏ အဆာသည်ကား. . . .။

သူမတစ်ယောက်ထဲ မန်းကျီးပင်ကြီး၏ အရိပ်အောက်မှာ ထိုင်နေခဲ့သည်။ သူမရှေ့မှာ တစ်စစီ ကျိုးပဲ့နေသော ကလေးငယ်တစ်ယောက် လွှင့်ပစ်ထားခဲ့သော ယမင်းအရုပ်လေး တစ်ရုပ်ရှိနေခဲ့သည်။ လက်များ၊ ခြေများ တစ်စစီကျိုးပဲ့နေသော အပိုင်းအစများကို သူမပြန်လည်ဆက်စပ်နေခဲ့သည်။ သက်ပြင်းများ အကြိမ်ကြိမ်ချလျက် ယမင်းရုပ်ကလေးသည် ပင်ကိုယ် အနေအထားသဖွယ် သရေးကွင်းများဖြင့် ချည်နှောင်ရစ်ပတ်လျက် အကောင်းပကတိ ဖြစ်သွားသည်။ သူမပျော်ရွှင်သွား၍ ထင်သည်၊ စိတ်ထဲတွေးပြီးပြုံးလိုက်သော မြင်ကွင်းကား၊ အပြင်မှာပင် ပါးချိုင့်လေး ပေါ်သွားအောင် ပြုံးလိုက်သည်ကို မြင်လိုက်ရသည်။ တော်တော်ကြာကြာ သူမသည် ထိုအရုပ်လေးကို ကိုင်ပြီးကြည့်နေခဲ့သည်။ တစ်ခါတလေမှာတော့ ဘာတွေ တွေးနေသည် မသိ။ တွေတွေကြီးစိုက်ကြည့်ရင်း မှင်သက်မိနေသလို ဖြစ်နေခဲ့ပြန်သည်။ ခဏကြာတော့ သူမမျက်နှာပေါ် မျက်ရည်စများ စီးဆင်းနေခဲ့သည်။

''ငါတို့မိသားစုလေးလည်း ဒီအရုပ်လေးကို ပြန်လည်ပေါင်းစည်းနိုင်ရင် ဘယ်လောက်တောင် ကောင်းမလဲ'' သူမတွေးရင်း ပါးပြင်ပေါ်မှာ မျက်ရည်များ ဝေ့တက်လာခဲ့နေပြန်သည်။ အပိုင်းပိုင်း ကျိုးပဲ့နေသော မိသားစုဘဝတစ်ခု ပြန်လည်ဆက်စပ် စေချင်သည့် သူမ၏ အလိုဆန္ဒများသည် ဘယ်တော့ပြည့်မှာလဲ။ ပြန်လည် ပေါင်းစီးဆက်စပ်ဖို့ကော ဖြစ်လာဦးမလား။ အဖြေကတော့ ရှိနေခဲ့လိမ့်မည်။ သို့သော်. . . . . . . . . .။

မောင်မင်းစိုး၊ ရွှေနံ့သာ
(၂၇-၁-၂ဝဝ၉)