Monday, August 24, 2009

ညီလေးရဲ့မေးခွန်းများ


''ဘာမှ မကြားချင်ဘူး။ ဘာမှ လာမပြောနဲ့'' သူပြင်းထန်စွာ ငိုကြွေးနေခဲ့သည်။ အနာဂတ်ကို လှမ်းမျှော်ကြည့်တော့ လျှောက်ရဦးမည့် ခရီးသည် ဘယ်လောက်ပင် ဝေးကွာ နေလိမ့်မည်ဆိုတာ မှန်းဆ၍ပင် မရနိုင်ခဲ့ပေ။ ရောင်ခြည်များ ဖြာကျနေသော လမ်းမထက်သို့ တမျှော်တခေါ် ငေးမောနေခဲ့သည်။ သစ်ရွက်များ တလွင့်လွင့် ဝေ့ဝဲစွာ လမ်းမပေါ်သို့ ကြွေကျနေခဲ့သည်။ ရွက်ဟောင်းကြွေ၍ ရွက်သစ် ဝေလေတော့ နှစ်တစ်နှစ် ကုန်ဆုံးသွားတော့မည့် အရိပ်အရောင်များ မပြောဘဲနှင့် သိနေရတော့သည်။ ဒီလိုနှစ်များစွာကို ကျော်ဖြတ်ဖို့ အားတွေ ယူရဦးမည်။ ညီလေးရဲ့ ငိုသံကို ဘယ်လို ဖြေသိမ့်ရမလဲ။ စကားလုံးများဖြင့် နှစ်သိမ့်စကားဆိုရမည်ကို မလိုလားတော့ပေ။ ညီလေးရဲ့ အနာဂတ်ကို တွေးမိပြန်တော့ အန်ကြိတ်နေရုံနဲ့ မပြီးသွားဘူးဆိုတာ သိနေခဲ့သည်။
တရိပ်ရိပ် တက်လာသော မိုးတိမ်းများကို ဘယ်လို ဖြိုခွင်းရမလဲ။ တရှိန်းရှိန်း ပူပြင်းနေသော နွေရာသီကို ဘယ်လို ကျော်ဖြတ်ရမလဲ။ တစိမ့်စိမ့် အေးခဲနေသော ဆောင်းရနံ့များ၏ ကျီစယ်မှုကို ဘယ်လို တုန့်ပြန်ရမလဲ။ ငှက်များ လွတ်လပ်စွာ ပျံသန်း နေကြသည်။ တောက်ပမ ကင်းမဲ့နေသော မျက်နှာသုတ်ပုဝါ တစ်ထည်ကို စူးစူး စိုက်စိုက် ကြည့်နေခဲ့မိသည်။ ပူလောင်မှုများ၊ နာကျည်းမှုများ၊ သံသယများ၊ အလိုရမ္မက်များ၊ မကျေနပ်မှုများ၊ လောကဓံဆိုးရဲ့ အချိုးအကွေ့ များစွာကို ခါးသီးစွာ ထမ်းထားခဲ့ရလေသည်။ တကယ်တော့ ညီလေးရယ် မင်းရဲ့ ခါးသီးမှုတွေဟာ ငါသွင်းထုတ်နေခဲ့တဲ့ သက်ပြင်း တစ်ခါလောက်တောင် မပြင်း ထန်လှပါဘူး။
'' အမေ...ဘယ်မှာလဲ၊ ဘယ်တော့ပြန်လာမှာလဲ၊ အခုထိ ပြန်မလာသေးဘူးလား''
'' လာမှာပေါ့ ညီလေးရယ် '' အမေထွက်သွားတဲ့နေ့က ယူကြုံးမရ ငိုရှိုက်သံများ အခုထိ မတိတ်သေး။ အမေ့ ဈေးခြင်းတောင်းအောက်က ပြာလဲ့လဲ့ ခေါင်းခုစုပ်လေးဟာ အခုတော့ ညီလေး ဝတ်ဆင်ထားတဲ့ ဘောင်းဘီးစုပ်လေး ဖြစ်နေခဲ့ပါပြီ။ ညီလေးရဲ့ ဘဝကို တောက်ပြောင်စေချင်သည်။ နွမ်းဖတ်နေသော ၊ ညှိုးငယ်နေသော ညီလေးကို မြင်နေရတိုင်း ခံစားချက်တွေ ပြင်းထန်လှသည်။ တကယ်တော့ ညီလေးရယ် အမေဈေးရောင်း ပြန်လာတိုင်း မင်းဆီးကြိုနေ ခဲ့တဲ့မျင်ကွင်းတွေဟာ ငါတစ်နေ့မှ မေ့မရပါဘူး။ အမေဟာ ငါတို့ ဘဝထဲကနေ အပြီးအပိုင် ထွက်ခွါသွားပြီဆိုတာ ညီလေး မင်းကို ငါဘယ်လို ပြောထွက်ပါ့မလဲ။ အရုပ်ကြိုးပြတ် ငေးငိုင်းနေတဲ့၊ တွေးတောနေတဲ့ ပုံရိပ်တွေကို မင်းနားမလည် သေးတာကိုဘဲ ကြံဖန်ပြီးကျေးဇူးတင် နေရပါတယ်။
တစ်ရက်က မှတ်မိနေသေးတယ်။ ညီလေးရဲ့ ပါးပြင်နုနုကို အမေနမ်းရှိုက်နေတော့ အမေ့ ပါးပြင် ထက်မှာ ဘာအတွက်မှန်း မသိတဲ့ စီးကျခဲ့တဲ့ မျက်ရည် ဥတွေလေ။ ဒါကိုလည်း ညီလေး မင်းမသိခဲ့ရှာဘူး မဟုတ်လား။ အဲဒီနေ့ ညက အကိုရဲ့ ပါးပြင်ထက်မှာလည်း ဖော်ပြလို့မရတဲ့ နာကျင်မှုတွေနဲ့အတူ မျက်ရည်တွေ တစ်ညလုံး စီးဆင်း နေခဲ့ရပါတယ်။ မိုင်းပေါင်းများစွာ ဝေးကွာနေတဲ့ အမေ့ရဲ့မေတ္တာဓာတ်တွေ ငါတို့ရင်ထဲ အတူ စီးဆင်းနေခဲ့တယ်။ ညီလေး မင်းကျခဲ့တဲ့ မျက်ရည်တွေဟာ ငါကိုယ်တွင်းက ဖြာကျလာတဲ့ သွေးတွေ ဖြစ်နေခဲ့ပါတယ်။ မင့်ရဲ့ ငိုရိုက်သံတွေကို ကြားခဲ့ရတိုင်း ငါ့ရင်တွေ မခံမရပ်နိုင်အောင် ဖြစ်နေရပါတယ်။ မင်းတောင် လေးနှစ်ထဲ ရောက်နေခဲ့ပြီပေါ့။ မင်းအမေ့ကို မျှော်လင့်နေတာ တစ်နှစ်ကျော်တောင် ကြာသွား ပြီပေါ့ကွာ။
နံရံပေါ် ချိပ်ထားတဲ့ အမေ့ရုပ်ပုံလွှာသည် မင်းအတွက် ဓားဖြစ်နေပေမဲ့၊ ငါ့အတွက်တော့ အားအင်တွေ ဖြစ်နေခဲ့တယ်။ အမေ့ဟာ ရဲရင့်ခဲ့တယ်။ အမေဟာ လောကကြီးကို ငါတို့အတွက် အန်တုနိုင်ခဲ့တယ်။ အမေ့ရဲ့ လက်တွေ၊ ခြေတွေ ခိုင်ခန့်ခဲ့ပေမဲ့ အမေ့ရဲ့ ဖြစ်တည်မှုတွေ မခိုင်ခန့်ခဲ့ရှာဘူး။ အမေဟာ တည်ကြည်တယ်၊ ပြတ်သားတယ်၊ ရိုးသားတယ်၊ ဖြူစင်တယ်။ အေးအေး ဆေးဆေးနေခဲ့ပေမဲ့ မဟုတ်မခံ စိတ်ဓာတ်နဲ့ တုန့်ပြန်တတ်တယ်။ ဘာသာတရား ကိုင်းရိုင်းပြီး လွတ်လပ်မှုကို မြတ်နိုးခဲ့တယ်။ အခုတော့ အမေ ဘယ်ထွက်သွားလဲ။ အမေ့ကို ညီလေးသာ သတိရတာ မဟုတ်ပါဘူး။ သားလည်း တစ်နေ့မှ မေ့ဖျောက်လို့ မရခဲ့ပါဘူး။ အမေရောက်ရှိနေတဲ့ ဘဝမှာ စိတ်ရော၊ ကိုယ်ပါ ချမ်းမြေ့နေလိမ့်မယ်လို့ သား ယုံကြည်ပါတယ်။
'' အဖေ''
'' သူလဲ ပြန်လာမှာပေါ့ကွာ ''
ညီလေး မင်းညည ထထရောင်အော်နေခဲ့တဲ့ အဖေကလည်း ဒို့ဘဝထဲကနေ အပြီးအပိုင် ထွက်ခွါ သွားခဲ့ပြီဆိုတာ မင့်ကို ငါဘယ်လို ပြောရပြန်မလဲ။ တကယ်တော့ မင်း တစ်ယောက်ထဲသာ ထထ အော်ခေါ် ခဲ့ပေမဲ့ မင်းအသံတွေဟာ ငါ့ရင်ဘတ်ထဲက ထွက်ကျလာတဲ့ အသံတွေပါပဲကွာ။ တကယ်တော့ အဖေဟာ အမေ မရှိတော့တဲ့ နောက်ပိုင်းမှာ ငါတို့ ညီအစ်ကို နှစ်ယောက်ကို လောကကြီးထဲမှာ မရောင်မလည်နဲ့ ထားခဲ့ပြီး ငါတို့ ဘဝထဲကနေ အပြီးအပိုင်း ထွက်ခွါ သွားခဲ့တယ်။ ဒါပေမဲ့ အဖေဟာ အမေ ရှိခဲ့စဉ်တုန်းက အေးအတူ ပူအမျှနဲ့ ရင်ဆိုင်ခံစားရင်း အဖေနဲ့ တူခဲ့ပါတယ်။ ဒါကြောင့် အဖေ့ကိုလည်း ဒို့ ညီအစ်ကိုတွေ ဗွေမယူသင့်ပါဘူး။ အဖေ ပထမဆုံး ပြန်မလာတော့တဲ့ နေ့ကရယ်၊ ဘာဖြစ်လို့ ပြန်မလာတာလည်းဆိုတာ သိရတဲ့ နေ့တွေတုန်းက ကျခဲ့တဲ့ အစ်ကို့ရဲ့ မျက်ရည်ဥတွေဟာ အခုထိတောင် မခမ်းချောက်သေးပါဘူး။
လောကကြီးသည် နားလည်မှုကို မပေးစွမ်းနိုင်ခဲ့ပေ။ ဒါထက် ပိုပြောရလျှင် ငါတို့ညီအစ်ကို နှစ်ယောက်ရဲ့ ခံစားမှုတွေကို ကိုယ်ချင်းမစာနာခဲ့ပေ။ ရက်စက်ခဲ့သည်။ ယုတ်မာခဲ့သည်။ ကောက်ကျစ်ခဲ့သည်။ အမှန်တရားမရှိ။ ငြိမ်းချမ်းမှုကို ဆာလောင်နေသော ငါတို့ ညီအစ်ကိုနှစ်ယောက်၏ သာယာမှုကို မဖြည့်ဆီးခဲ့ပေ။ ညှင်းဆဲခဲ့သည်။ ဒဏ်ခတ်ခဲ့သည်။ ချုပ်နှောင်ခဲ့သည်။ ထိုကဲ့သို့ တရားမျှတမှု ကင်းမဲ့နေသော လောကကြီးကို ဘယ်လိုနားလည်မှု ပေးရမည်လဲ။ သတ္တဝါတစ်ခု ကံတစ်ခု။ ထိုစကားကိုလည်း လက်ခံဖို့ တော်တော် ခက်ခဲ နေလိမ့်ဦးမည်။ ညီးလေးရဲ့ အော်ဟစ်သံ၊ ငိုကြွေးသံတွေ ကြားရတိုင်း ခါးသီးလှသော ကြမ္မာဆိုး၏ လှောင်ပြောင် ကျီစယ်မှုကို ရွံ့မုန်းလာမိသည်။ ဘယ်လို တုန့်ပြန် ရမလဲ။ ထိုထိုသို့သော အတွေးများစွာဖြင့် အနာဂတ်၏ ခါးသီးမှု ဒဏ်ရာ ဒဏ်ချက်များကို အရသာမဲ့စွာ မြိုချ နေခဲ့ရလေသည်။
'' ညည ထမင်း လာတောင်းနေတဲ့ လူကြီးက အရူးကြီးလား ''
'' အေး အေး ''
ညီလေး မင်းရဲ့ မေးခွန်းတွေကို ငါဘယ်လို ဖြေရှင်းရမလဲ။ ငါ့ကိုမေးခွန်းတွေနဲ့ မနှိပ်စက်ပါနဲ့တော့ကွာ။ မင်းရဲ့ ရိုးသားမှု မေးခွန်းတွေကို တကယ်တော့ မုသာဝါဒဆိုတဲ့ အနံ့ဆိုးတွေနဲ့ ပက်ဖြန်း ပစ်ပစ်နေရပါတယ်။ ဒါကို မင်း ဘယ်လိုမှ မသိရှာပါဘူး။ တကယ်တော့ကွာ ငါတို့ရဲ့ အကြီးဆုံး အစ်ကိုတစ်ယောက် လောကကြီး ထဲမှာ ရှိနေခဲ့သေးတယ်ဆိုတာ မင်းကို ငါဘယ်လို ပြောပြရမလဲ။ အစ်ကိုကြီးမျိုးဟာ သူဘဝရဲ့ လက်တွဲဖော်ကို ငံ့လင်းရင်း အခုတော့ ရွာအပြင်က ဇရပ်အိုကြီးထဲမှာ အရူးတစ်ပိုင်းနဲ့ ဖြစ်နေခဲ့ရှာတယ်။ သူလည်း ငါတို့ဘဝထဲက ထွက်သွားတာ အမေရှိစဉ် အခါထဲကပေါ့။ သူလည်း သူ့ဆာလောင်မူအတွက် သူ့ဘဝကို ထိုးကြွေးရင်း သူ့မျှော်လင့်ချက်တွေကို ကိုက်ဖြတ် စားနေခဲ့ရတယ်။ ဘဝမှာ လိုချင်တာ မရတာလောက် ပူပန်ဆင်းရဲမှုဆိုတာ ရှိနေလောက်မယ် မထင်ပါဘူး။ ညီလေး မင်းဟာ အမေ၊ အဖေကို တမ်းတနေသလို၊ ငါတို့ရဲ့ အကိုကြီးဆုံး အကိုကြီးမျိုးဟာလည်း သူ့ဘဝမှာ အလိုအပ်ဆုံးဖြစ်တဲ့ အရာဝတ္ထုတစ်ခုကို မျှော်လင့် စောင့်စား နေရရှာတယ်။
ငါတို့ရဲ့ ရိုက်ခိုက်မှုထဲမှာ အမေရှိစဉ် အခါကထဲက အကိုကြီးရဲ့ ဒဏ်တွေ ပါလာခဲ့ပါတယ်။ ရုပ်ဝတ္ထုရဲ့ ဝါးမြို ချမှုဟာလည်း ကြောက်စရာ ကောင်းခဲ့တယ် ညီလေး။ အမှန်တကယ် ကိုကြီးမျိုး ရူးသွတ် သွားရခြင်း အကြောင်းကို မင်းကို စီကာပတ်ကုံး ပြောပြရရင် ငါ့မျက်ဝန်းအိမ်ထဲမှာ မျက်ရည်ဆိုတာတွေ ရှိတော့မှာ မဟုတ်ပါဘူး။ ငါရဲ့ မြိုသိပ်မှုတွေထဲမှာ ဒါဟာလည်း အရမ်းကိုပဲ ပြင်းထန်၊ ကြမ်းတမ်း၊ ခက်ရှလွန်းပါတယ်။ ဒါတွေကို မေ့ဖျောက်ဖို့ ကြိုးစားနေရတာကိုက ခက်ခဲပင်ပန်းတဲ့ အလုပ်တွေဆိုတာ ညီလေး မင်းသိအောင် ငါဘယ်လို ပြောပြ ရမလဲ။ နောက်ထပ် မေးခွန်းတွေနဲ့ ငါ့ကို မနှိပ်စက်ပါနဲ့တော့ ညီလေးရယ်။
ရင်ထဲမှ ခံစားချက်များကို ညီလေး မသိအောင် လိမ်လည် လှည့်ဖြားရင်း နေခဲ့ရသည်။ ညီလေးရဲ့ ပါးစပ်ဖျားမှ ထွက်လာသော မေးခွန်းများကို မုသာဝါဒ သုံးနေရသော်ညား ထိုမေးခွန်းများ၏ နောက်ကွက်မှာ ကျန်ရစ်ခဲ့သော ဝေဒနာများကို မနည်း ကုစားနေခဲ့ရသည်။ အမေ၊ အဖေ၊ အစ်ကိုကြီး သူတို့၏ ရိုက်ခတ်မှု ဒဏ်ရာများသည်။ ညီလေး ရင်မှတဆင့် ကူးစက် စီးဆင်း လာနေခဲ့ရသည်။ ညီလေးအတွက် အဖေ ဖြစ်ခဲ့သည်။ အမေ ဖြစ်ခဲ့သည်။ အကိုင်္ကြီးဆုံး ဖြစ်ခဲ့သည်။ တစ်ထောင့်တစ်ည ပြောပြရလောက်အောင်ပင် မကသော ထိုထိုသို့သော ဇာတ်မျောကြီးကို တစ်နေ့ကျရင် ညီလေးကို ဘယ်လိုပြောပြရမည်နည်း။
'' ထီပေါက်ရင် အင်္ကျီ ဝယ်ပေးမယ်ဆို ''
'' အေး အေး ''
'' ဘယ်တော့ ဝယ်ပေးမှာ လဲ ''
'' ဝယ်ပေး မှာပေါ့ကွ ''
ညီလေး ငါ့ပါးပြင်ပေါ်မှာ စီးကျခဲ့တဲ့ မျက်ရည်စတွေကို မင်းမမြင်အောင် ဖုံးကွယ်ထားခဲ့ရပါတယ်။ တကယ်တော့ ငါတို့နှစ်ယောက် အတွက် နပ်မှန်အောင် ဝမ်းရေးအတွက် ငါတစ်ယောက်တည်း တိုက်ပွဲ ဝင်နေ ခဲ့တယ်။ ညီလေးရယ် နောက်ထပ် ဘယ်လိုသော မေးခွန်းတွေကိုမှ မမေး ပါနဲ့တော့လား။ ဒီမေးခွန်းတွေဟာ မင့်အတွက် အလိုအပ်ဆုံးဆိုတာ သိပါတယ်။ ဒါပေမဲ့လေ အစ်ကို့ အတွက်ကတော့ အင်မတန် ခါးသီး ပြင်းထန် လှတဲ့ ဓားသွားတွေ ဖြစ်နေခဲ့ရတယ်။
တစ်ယောက်ထည်း စီးကျလာခဲ့သော မေးခွန်းများအတွက် မျက်ရည်စတွေကို ညီလေးမမြင်အောင် သုတ်ပစ်နေခဲ့သည်။
ညီလေး တကယ်တော့မင်းလည်း တစ်နေ့ကျရင် လူကြီး ဖြစ်လာဦးမှာပါ။ မင်းအတွက် ကျခဲ့ရတဲ့ မျက်ရည်စတွေဟာ ငါ့ခန္ဓာကိုယ်ကြီးရဲ့ အသက်ရှင်ဖို့ လည်ပတ်နေခဲ့ရတဲ့ သွေးစတွေပါ။ နောက်ထပ် မေးခွန်းတွေနဲ့ မနှိပ်စက်ပါနဲ့ ညီလေး။ ကံကြမ္မာဟာလည်း ငါတို့ကို ဒီအတိုင်းထားမှာ မဟုတ်ပါဘူး။ ငါ့ရင်ထဲမှာလည်း ဆာလောင်နေတဲ့ အသံတွေနဲ့ ညည အိပ်မပျော်မှုတွေဟာ မင်းအန်ကြိတ်တာထက် ပြင်းထန် လွန်းပါတယ်။ ငါတို့ နှစ်ယောက် ဥမကွဲ သိုက်မပျက် နေထိုင်ရင်း မင့်ကို ပိုးမွေးသလို မွေးပါ့မယ်။ လောကဓံရဲ့ ခါးသီးလွန်းတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ခုခံ တွန်းလှန်ပါ့မယ်။ နောက်ထပ် မေးခွန်းတွေနဲ့ မနှိပ်စက်ပါနဲ့တော့ လား ညီလေး။
မောင်မင်းစိုး

No comments: