Monday, August 24, 2009

အညာသူတွေရဲ့ မွန်မြတ်တဲ့အလှူ



စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ပုလဲမြို့နယ်-ယင်းမာပင်မြို့နယ်အတွင်းမှာရှိတဲ့ လည်ငေါက်-ချင်ပြစ်လမ်းမကြီးသည် အလောင်းတော်ကဿပဘုရားသို့သွားရာ ပင်မလမ်းမကြီးဖြစ်သလို၊ အမေရေယဉ်နန်းရင်းသို့ သွားရာအဓိကကျသော လမ်းကြီးဖြစ်ပါသည်။ ကျေးရွာပေါင်း(၆၀) ကျော်၊လူဦးရေ(၅၀၀၀၀)ကျော်တို့၏ မှီခိုအားထားရာလမ်းမကြီးဖြစ်နေပါသည်။

ယခုအခါမှာ အဆိုပါလမ်းမကြီးသည် သွားမရအောင် ယိုယွင်းပျက်စီးနေခဲ့လေသည်။ အဓိကအားဖြင့် တံတားများပျက်စီးသောကြောင့် သွားမရအောင်ဖြစ်နေခဲ့လေသည်။ မိုးတွင်း ဆိုလျင် ကျေးရွာများနေလူများသည် မြို့တက်ပြီး ဆေးရုံတက်ကြရလျင် လှည်းများနှင့်သွားကြ ရသောကြောင့် မသေသင့်ဘဲ သေသွားသူများ ရှိနေခဲ့သည်။ သို့အတွက် အဆိုပါလမ်းမကြီးကို ဆရာတော်များဦးဆောင်ပြီး ကျေးလက်နေပြည်သူများ၏ ပံ့ပိုးကူညီမှုဖြင့် အသစ်တစ်ဖန်ပြန် လည်ပြုပြင်မှုများ ပြုလုပ်နေပါသည်။ နှစ် နှစ်တာကာလအတွင်း နေ့မအား၊ညမအား ဆောင် ရွက်လျက်ရှိရာ ယခုဆိုလျင် အလှူငွေ သိန်း(၈၀၀)ကျော်ခန့်ရရှိပြီး လမ်းမိုင်အားဖြင့်(၈)မိုင်၊တံ တားအစင်းအားဖြင့်(၈)စင်းတိတိ ပြီးစီးခဲ့လေသည်။
ကျန်ရှိနေသော တံတားအစင်းများအနက် အကြီးဆုံးသောတံတားကြီး တည်ဆောက် ရန် ဘဏ္ဍာငွေအခက်အခဲနှင့် ရင်ဆိုင်နေခဲ့ရသည်။ သို့အတွက် အများပြည်သူများ၏ အကြံပြု ချက်အရ ဆံပင်များအလှူခံကာ ရောင်းရငွေဖြင့် တံတားဆောက်ရန် အားလုံးသဘောတူညီမှု ရခဲ့လေသည်။ သို့အတွက် ဆရာတော်များ တစ်ရွာဝင်တစ်ရွာထွက် အလှူခံခဲ့ကြရာ ယခုဆို လျင် လူဦးရေ(၅၀၀၀)ကျော်ခန့်ရှိပြီး၊ဆံပင်ပိဿာချိန်(၁၆၀)ကျော်ခန့်ရရှိခဲ့လေသည်။ အဆိုပါ တံတားကြီးကို ဆံပင်များရောင်းရငွေဖြင့် တည်ဆောင်မည်ဖြစ်သောကြောင့် “ ရွှေဆံပင်တံ တား” ဟု အမွန်းတင်လျက် မော်ကွန်းထိုးသွားမည်ဖြစ်ကြောင်း သိခဲ့ရလေသည်။

မိမိနွေရာသီ ရွာအပြန်မှာ အဆိုပါတံတားတည်ဆောက်မည့် ချောက်နက်ကြီးထဲ ဆိုင် ကယ်မှောက်ခဲ့သည်။ သေကံမရောက်၊သက်မပျောက်ပင်ဖြစ်ခဲ့ရသည်။ ကံအားလျော်စွာ ညာ ဘက်လက်လေး အနည်းငယ်သာ ပွန်းပဲ့ခဲ့သည်။ ဘာမှမဖြစ်ခဲ့။ သို့အတွက် အားအင်တွေဖြစ် လာပြီး အဆိုပါဆရာတော်များနှင့်အတူ လက်တွဲပြီးတော့ တစ်ရွာဝင်တစ်ရွာထွက် ဆံပင်များ အလှူခံခဲ့သည်။သို့အတွက် အဆိုပါလှူဒါန်းပွဲအတွေ့ကြုံလေးတွေကို အနည်းငယ်ပြောပြလိုပါ သည်။

ဆံပင်လှူဒါန်းခြင်းသည် ဘုရားအလောင်းသူတော်ကောင်းတို့၏ နည်းလမ်းသို့လိုက် ခြင်းပင်ဖြစ်ပါသည်။ ဒီပင်္ကရာဘုရားသွားရာလမ်းခရီးမှာ မိမိအတွက်တာဝန်ကျသော လမ်းနေ ရာ မပြီးဆုံးသဖြင့် ခန္ဓာကိုယ်ကို တံတားအဖြစ်ခင်းပြီး လှူဒါန်းခဲ့သော သုမေဓာရှင်ရသေ့၏ ဖြစ်အင်ကို အားလုံးအသိပင်ဖြစ်ပါလိမ့်မည်။ အမှန်က မိမိခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုဖြစ် သော ဆံပင်ကိုဖြတ်လှူဒါန်းခြင်းသည် ဘုရားအလောင်းတို့ လမ်းစဉ်ကိုလိုက်ခြင်းပင်ဖြစ်သည်။ စွန့်ခြင်းကြီး(၅)ပါးထဲမှာ အင်္ဂပရိစ္စာဂဖြစ်သော ဒါနဥပပါရမီ ပင်ဖြစ်သည်။ အဆိုပါကုသိုလ်ထူး ကြီးကို ရွှေညာသူတွေ ထူးထူးကဲကဲ ရရှိနေခဲ့လေသည်။

မောင်းလုပ်ရွာမှ ဒေါ်နီတို့ မိသားစုဆိုလျင် တစ်အိမ်လုံး(၇)ယောက်တိတိထိ ဆံပင်များ လာရောက်လှူဒါန်းခဲ့သည်မှာ အားရ၀မ်းသာကြည်နူးပီတိတွေဖြစ်ခဲ့ရလေသည်။ အချို့ဆိုလျင် အနည်းငယ်တိုမယ်ထင်သောကြောင့် ကတုံးတုံးပြီး ဆံပင်ကိုရသလောက်ဖြတ်ကာ လှူဒါန်းသူ များသည်လည်း တော်တော်များသည်။ နေ့စဉ်ရက်ဆက်ဆိုသလို ဘုန်းတော်ကြီးကျောင်းများ သို့ လာရောက်လှူဒါန်းနေကြသည်မှာလည်း အခုတိုင်ပင်ဖြစ်သည်။ အချို့ကတော့ အမေလုပ် သူက မလှူဒါန်းလိုသော်လည်း သား၊သမီးလေးတွေရဲ့ တိုက်တွန်းချက်အရ လာရောက်လှူ ဒါန်းသူများလည်းရှိသည်။ ကလေးငယ်တစ်ယောက်ဆိုလျင် ထက်သန်သောဆန္ဒဖြင့် မိမိဦး ခေါင်းထက်မှ ဆံပင်လေတွေကို ဖြတ်တောက်ကာ ကြွတ်ကြွတ်အိပ်ထဲထည့်လျက် လာရောက် လှူဒါန်းခဲ့သည့်ဖြစ်အင်ကို ၀မ်းသာလွန်းပြီး ပီတိမျက်ရည်တွေကျရလောက်အောင် ဖြစ်ခဲ့ရလေ သည်။ သူ့ကိုတော့ ”ဆံပင်တိုတယ်၊ဘာမှအသုံးမကျဘူး” ဆိုသည့်စကားများ မပြောရက်ပေ။ အေးအေးဆေးဆေးရှင်းပြပြီး လာရောက်လှူဒါန်းတဲ့ ဆံပင်လေးကို အသာပင်အလှူခံခဲ့ရလေ သည်။

အချို့မိန်းကလေးတွေကတော့ အိမ်ကအဖေလုပ်သူက မလှူဒါန်းလိုသောကြောင့် မိမိ ဆံပင်ကို မလှူလိုက်ရတဲ့အတွက် ငိုတောင်ငိုခဲ့ကြသည်။ အချို့လည်း အရှည်မထားခဲ့မိလို့ မလှူဒါန်းရတာကြောင့် တော်တော်လေးစိတ်မကောင်းဖြစ်ခဲ့မိကြသည်။ ထိုကဲ့သို့သော အလှူ မျိုးကို ဆရာတော်တွေရဲ့ ဦးဆောင်မှုဖြင့် ရွှေဆံပင်တံတားအဖြစ် ကမ္ပည်းမော်ကွန်းတင်လျက် တည်ဆောက်ရေးသို့ ဦးတည်နေခဲ့လေသည်။ ရွှေညာသူတွေဟာ အသားညိုညိုနှင့်ချစ်စရာ ကောင်းလောက်အောင် မျက်နှာထားများဖြင့်၊ ဟန်ဆောင်မှုကင်းမဲ့သည်။ ရိုးသားသည်။ ခင်စ ရာကောင်းသည်။ သနားကြင်နာမှုရှိသည်။ ကူညီလိုစိတ်ရှိသည်။ သဒ္ဓါတရားထက်သန်သည်။

အမှန်က အရှူံးထဲမှ အမြတ်ထုတ်ခြင်းအစစ်မှန်ဖြစ်သည်။ မိမိအနှစ်နှစ်အလအလ စု ဆောင်းထားခဲ့သော ဆံပင်လေးတွေကို ဖြတ်တောက်လိုက်ရခြင်းသည် အရှူံးဟုဆိုကဆိုနိုင် သည်။ သို့သော် ထိုအရှူံးသည် ကောင်းမြတ်သောအရှူံးဖြစ်သည်။ မွန်မြတ်သောအရှူံးဖြစ် သည်။ သူတော်ကောင်းတို့လမ်းစဉ်သို့လိုက်သော လမ်းစဉ်တစ်ခုဖြစ်သည်။ ထိုအရှူံးထဲမှ ကု သိုလ်ရေးကို ဦးတည်မောင်းနှင်နေသော စိတ်အစဉ်ကို ဖန်တီးတည်ဆောက်သောကြောင့် အရှူံးထဲမှ အမြတ်ကိုထုတ်ဆယ်ခြင်းဖြစ်သည်။

မိန်းမတို့ဘုန်း ဆံထုံး-ဟု အဆိုရှိသည်။ ဘုန်းဖြစ်သော ဆံထုံးကို အများသူငါသွားလာ ရေးမှာ စိတ်ချမ်းသာအောင် လှူလိုက်ရသည့်အတွက် အဆိုပါဘုန်းသည်ပင် ပိုမိုပြီး တောက်ပ လာခဲ့လေတော့သည်။ မြင့်မြတ်သောလူသားတစ်ယောက်သည် လူ့အဖြစ်ကို ရခဲသဖြင့် ရရှိခဲ့ လေသည်။ ထိုရခဲသော လူ့အဖြစ်ကို သူတို့သည် ရခဲသည့်အားလျော်စွာ တန်းဖိုးရှိရှိ အသုံးချ နိုင်ခဲ့ကြလေသည်။ လူတစ်ယောက် လူ့အဖြစ်ကိုရခဲ့သည်တိုင်အောင် အမှန်တကယ် လူဖြစ်ရ ကျိုး နပ်၊မနပ် ဘယ်လိုပေတံတွေနဲ့ တိုင်းတာကြမလဲဆိုရင် ထိုသူသည် လူသားကောင်းကျိုး အတွက် ဘာတွေလုပ်ခဲ့ပြီးပြီလဲ၊ ဘာတွေလုပ်နေသလဲ၊ ဘာတွေလုပ်သွားဦးမလဲ၊ဆိုတဲ့ပေတံ တွေနဲ့ တိုင်းတာကြရမည်ဖြစ်သည်။ သူတို့သည် အနှစ်နှစ်အလအလ စုဆောင်းထားခဲ့သော ဆံနွယ်စများကို ဖြတ်တောက်ကာ အများသူငါသွားလာရေးမှာ စိတ်ချမ်းမြေ့အောင် ပြုလုပ်ရာ မှာ ပါဝင်ခဲ့သည့်အတွက် သူတို့သည် လူဖြစ်ရကျိုးနပ်ခဲ့လေတော့သည်။ ထို့ကြောင့် သူတို့ကို ဂုဏ်ပြုထိုက်ပေသည်။

”အနှစ်သာရ မရှိသောအရာတို့ကို အနှစ်သာရရှိ၏ဟု မှတ်ထင်ကြကုန်၏။ အနှစ်သာရ ရှိသောအရာတို့၌ကားအနှစ်သာရမရှိဟု မှတ်ထင်ကြကုန်၏။ ထိုအနှစ်ကိုအကာထင်၊အကာကို အနှစ်ထင်သော ထိုသူတို့သည်၊ မှားယွင်းသော ကျက်စားရာအာရုံရှိကြကုန်သည်ဖြစ်၍ စစ်မှန် သော အနှစ်သာရကို လက်ဝယ်ပိုင်ပိုင် မရရှိနိုင်ကြကုန်” ဗုဒ္ဓဟောကြားခဲ့သော ထိုတရားသ ဘောကို သူတို့သည် အကာဖြစ်သော ဆံပင်များကို အကာဟုမှတ်ထင်ပြီး ၊ အဆိုပါအကာများ ကို အနှစ်သာရရှိသော လမ်းတံတားတည်ဆောက်ရေးမှာ အသုံးပြုခဲ့ကြသည့်အတွက် သူတို့ သည်ကား စစ်မှန်သော အနှစ်သာရကို လက်ဝယ်ပိုင်ပိုင်ရရှိခဲ့ကြသူများဖြစ်သည်။

ကမ္ဘာမှာ မြန်မာအမျိုးသမီးတွေသာ လုပ်နိုင်ကြသည်။ လုပ်ခဲ့ကြသည်။ မည်သည့်နိုင်ငံ မှ ထိုထိုသို့သော အမှုကိစ္စမျိုးကို လုပ်ခဲ့သည်ဟု မမှတ်သားမိ၊မကြားမိပေ။ သို့အတွက် ကမ္ဘာနှင့်ချီပြီး မော်ကွန်းတင်ထိုက်သော ရွှေဆံပင်တံတားကြီးကို အညာကျေးတောသူတွေ စု ပေါင်းပြီး လှူဒါန်းတည်ဆောက်ထားမည့် ရွှေဆံပင်တံတားကြီးကို အားလုံးပဲဝမ်းသာ ပီတိဖြစ် ကြရလေအောင်၊သာဓုအတန်တန်ခေါ်နိုင်ကြလေအောင် မှတ်တမ်းတင်ဂုဏ်ပြုရေးသားလိုက်ပါ သည်။
ရန်ကုန်ရွှေမြို့သူများအနေဖြင့်လည်း မိမိတို့ရဲ့ ကေသာဆံနွယ်စများကို ဦးဝေပုလ္လ၊ (လမ်းအကျိုးတော်ဆောင်ဆရာတော်)လမ်းပြုပြင်ထိမ်းသိမ်းရေးကျောင်း၊ပုလဲမြို့နယ်၊ပုထိုးသာရွာ၊ဖုံး-၀၉-၂၀၃၀၇၂၈။အရှင်ရာဇိန္ဒ၊အမှတ်(၆)၊ရွှေပိဋကတ်တိုက်၊ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ် အနီး၊ အာဇာနည်လမ်း၊ ဗဟန်း ၊ရန်ကုန်-သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

မောင်မင်းစိုး(ရွှေနံ့သာ)
(သြဂုတ်-၁၈၊၂၀၀၉-hello-ဂျာနယ်။ )

No comments: