Friday, August 28, 2009

ငါဒီမှာနေတာ


ဟောင်းနွမ်းဆွေးမြေ့လွန်းတဲ့
အဆောက်အဦးဟောင်းကြီးထဲ
မွေးသက္ကရာဇ်အသစ်တွေရေးဖို့ ရောက်လာတဲ့သူတွေ
ရေးပြီးထွက်ခွါတဲ့ သူတွေထဲမှာ
မနေ့က စပါကလင်သောက်ပြီး မူးချင်ဟန်ဆောင်တဲ့ သူလည်းပါ

အမှန်တရားကို အမြင့်ဆုံးမှာ ချိန်ထားတယ်
လူတွေမဖတ်မိကြဘူး
တစ်ခုခု သင်ကြားရမယ်
တန်းဖိုးနဲ့လား
နေ့ရက်တွေနဲ့လား

စကားလုံးတွေပြောပြီးသုံးကြမယ်လေ
အကြောင်းရင်းတွေပေါ့

ဒီဘက်ဆိုင်က မုန့်ဟင်းခါးအရသာလည်း သိခဲ့ပြီ
ဟိုဘက်ဆိုင်က မုန့်ဟင်းခါးအရသာလည်း သိခဲ့ပြီ
လောကီထုပ္ပတ် လူတို့ဇာတ်ကို ငါဖွဲ့နိုင်ပြီပေါ့
ဒီလိုဆိုတော့
ငါ့ကိုဘယ်ထောင့်တွန်းပို့ချင်သလဲ

လူ့ဘ၀ဆိုတဲ့ ဒီ “ ဆု“ က ၀န်ထုပ်ဝန်ပိုးတွေ သယ်လာတယ်
မနေ့ကလောကဓံ
မနက်ဖြန်လောကဓံ
အခုလောကဓံ
အခုဖြစ်ရတာတွေက လိုအပ်တဲ့အဆုံးသတ်တွေပါ

ငါ့မှာ သွားစရာမရှိဘူး။
ဒါကြောင့် ငါ ဒီမှာနေတာ။ ။
ဝင်းမောင်

Monday, August 24, 2009

တောရနံ့ကိုရှုရှိုက်ရင်း လွမ်းမောခဲ့ရသောခရီး အလောင်းတော်ကဿပသို့ဘုရားဖူးတစ်ခေါက်


ဆောင်းနှင်းဖွေးဖွေး၊အညာရနံ့မွှေးမွှေး။ ရာသီဥတုသည် တပေါင်းလဟုဆိုသော်လည်း အညာဆောင်းသည် ခပ်သင်းသင်းနှင့် အေးမြနေခဲ့သည်။ မုံရွာမြို့၏ တစ်ဘက်ကမ်းရှိ ညောင်ပင်ကြီးကားကွင်းသည် ချင်းတွင်းမြစ်ခြား လျှက် ဆားလင်းကြီး၊ ဂန့်ဂေါ၊ ကလေး၊ ပုလဲ၊ ယင်းမာပင်မြို့နှင့်ချိပ်စပ် ဆက်သွယ်ထားသော ကားဝင်းနေရာ ဖြစ်လေသည်။
ထိုကားကွင်းဘေး၌ အညာသူများ၏ သန့်ရှင်းလှပစွာ လိမ်းခြယ်ထားသော ပါးကွက်များနှင့် မိမိတို့အိမ် ထွက်၊ ရွာထွက်၊ ဒေသထွက်စိုက်ခင်းများမှ ပန်းမျိုးစုံ၊ သစ်သီးမျိုးစုံ၊ အဥအမြစ်မျိုးစုံ ချခင်းရောင်းချလျှက် ပွဲဈေးတန်း လေးဖြစ်နေလေသည်။ ဈေးချိုသလို ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမာန်များလည်း စုံစုံလင်လင်ရှိသည်။ အညာ ဈေးတန်း သည် အညှီနံ့သိပ်မရှိ။ သန့်ရှင်းလတ်ဆတ်သော စိုက်ပျိုးရေးမှထွက်သော ပစ္စည်းမျိုးစုံကိုသာ အဓိကထား ရောင်းချသည်ကို တွေ့ခဲ့ရသည်။
ညောင်ပင်ကြီးမှတဆင့် အလောင်းတော်ကဿပသို့ တိုက်ရိုက်ထွက်ခွါမည့် ကားတော့ရှားသည်။ မိမိတို့သည် ရရာကားပေါ်သို့တက်လျှက် နေရာယူထားလိုက်သည်။ ထိုကားများသည်လည်း တပေါင်းလ ပွဲတော်ရက်လောက်ကို သာ ညောင်ပင်ကြီးမှတဆင့် တိုက်ရိုက်ပြေးဆွဲလျှက်ရှိသည်ဟု ဒေသခံများပြောစကားအရ သိခဲ့ရသည်။ ပွဲတော်အ တွင်း ဈေးရောင်းမည့်သူများအနေဖြင့် အချို့ဆိုလျှင်တစ်လနီးပါးလောက်ကထဲက သွားရောက်ပြီး ဆိုင်ခင်းထားလျှက် ဈေးရောင်းကြသည်ဟု သိရသည်။ သို့မဟုတ်လျှင်လည်း ဖိုလ်ဝင်တောင်မှ တဆင့်လည်း အလောင်းတော်ကဿပသို့ ပြေးဆွဲသော ကားကိုသွားစီးလျှင်လည်း ရနိုင်ကြောင်းအဆိုပါ ဒေသခံများ၏ပြောပြချက်အရ သိခဲ့ရသည်။
နံနက်(၉)နာရီလောက် မိမိတို့စီးမည့် ကားစထွက်ခဲ့သည်။ ကားဆရာနှင့် စပယ်ယာများသည် ကွမ်းတစ်ပျစ် ပျစ်နှင့် အသားညိုညို အရပ်ခပ်ပုပုများသာဖြစ်သည်။ သို့သော် ထူးခြားသည်ကား မြို့ပြမှဒရိုင်ဘာ၊ စပယ်ယာများလို ခရီးသည်ကို ဟစ်ခြင်း၊ အော်ခြင်း၊ ဟောက်ခြင်း၊ ဆူခြင်း၊ ကျိမ်းမောင်းခြင်းမျိုးကား မတွေ့ရပေ။ ပြေပြေလည်လည် ဆက်ဆံကြသည်။ ကူညီကြသည်။ ဖော်ရွေမှုရှိကြသည်။ အပြင်ဗဟိဒ္ဓမှာ မည်းနေသော်လည်း အတွင်းအဇ္ဈတ္တအနေ ဖြင့် ဖြူစင်ဝင်းပနေသော နှလုံးသားပိုင်ရှင်များ ဖြစ်ကြသည်။ ရိုးသားကြသည်။ ဖြောင့်မတ်ကြသည်။ ဤသည်ကား အညာသူ၊ အညာသားများ၏ မွေးရာပါ လက္ခဏာတစ်ရပ်လို့ ဆိုရပေမည်။
ညောင်ပင်ကြီးမှ စထွက်၍ မကြာခင်ပင် ထန်းပင်များ၊ လယ်ယာများ၊ တောတောင်များ၊ ကျွဲနွားများကိုတွေ့ရ လေသည်။ ဆောင်းအကုန် နွေအကူးဆိုသော်လည်း အရှိန်ပြင်းပြင်း နှင့်မောင်းနှင်နေသော ကားထဲသို့ လေများတဟူးဟူး တိုက်ခိုက်ဝင် ရောက်နေသော ကြောင့်ထင်သည် တော်တော်လေးအေးနေခဲ့သည်။ လမ်းဘေးပတ်လည်ဝဲယာ မြင်ကွင်းများ မှာလည်း စိမ်းစို၍သာသာယာယာရှိနေခဲ့သည်။ မကြာခင်မြင်လိုက်ရသော တောင်အနီနှစ် လုံးကို လမ်းတစ်ဘက်တစ်လုံးအနေဖြင့် မြင်လိုက်ရသည်။ စပယ်ယာ၏ ပြောပြချက်အရ ကြေးနီးတောင်များဖြစ်ကြောင်း သိခဲ့ရသည်။ ထိုတောင်ခြေမှာ ကြေးချက်စက်ရုံများကို မှုန်ပြပြဆိုသလို ကားပေါ်မှလှမ်းမြင်နေလိုက်ရသည်။ မိမိသည်ကား မျက် စေ့တစ်ဆုံးဆိုသလို ထိုတောင်နီနီများကိုသာ အသာငန်းငန်းကြည့်ရင်း တရိပ်ရိပ်ကျန်ခဲ့သော တောင်သို့ဝေခွဲ၍မရ သော အလွမ်းနုနုဖြင့် ဘယ်ဝယ်မသိလွမ်းနေခဲ့လေသည်။
တမာပင်များသည်လည်း လမ်းတစ်လျှောက်ဆိုသလို အစီရရီပေါက်နေခဲ့သည်။ ရွက်နုများဝေပြီး၍ ဖူးပွင့်ဝေဆာနေသော တမာရနံ့များလည်း သင်းသင်းကြူကြူ မွှေးမြနေ ခဲ့ပြန်လေသည်။ ရိပ်သိမ်းပြီးစဖြစ်သော လယ်ကွင်းများ၊ နွားကျောင်းသားကလေးငယ်များ၊ ဘဝကိုရုန်ကန်ရင်း ချီတက်နေခဲ့ကြလေသည်။ မိနစ်လေးဆယ်လောက် အကြာမှာတော့ သမိုင်းဝင်အင်ကြင်းတောင်သို့ဆိုသော ဆိုင်းပုဒ်နှင့် ဖိုလ်ဝင်တောင်သို့ဆိုသော ဆိုင်းပုဒ်များ ကိုဆက်တိုက်ဆို သလိုတွေ့ လိုက်ရပေသည်။ တောတောင်များဖြစ်သည့်အလျှောက် စမ်းရေများ၊ သစ်ပင်မျိုးစုံများ၊ နွယ်ပင်များနှင့် ပြည့်နှက်၍ နေလေသည်။ မိမိတို့လိုက်ပါလာသော ကားကြီးသည် ဖိုလ်ဝင်တောင်သို့မဝင်တော့ဘဲ ရှေ့သိုသာတဟုန်ထိုး မောင်းနှင်းလျှက် ဆက်လက်ထွက်ခွါနေတော့သည်။ တရိပ်ရိပ်နှင့် သစ်ပင်များကျန်ရစ်ခဲ့သလို ဖိုလ်ဝင်တောင်သည် လည်း ကွယ်ပျောက်ခဲ့လေသည်။ ထိုတောင်တွင်းရှိသစ်ပင်များကို အမည်များချိပ်ဆွဲခြင်း၊ '' ဥတုရာသီ တောကိုမှီ၏၊ ရွှေပင်ငွေပင် တောမှာမြင်၏၊ ကျေးငှက်သား ရဲ တောမှာမြဲ၏၊ သစ်ပင်မခုတ်ရ'' စသော ဆိုင်းပုဒ်များချိပ်ဆွဲထားသည်ကို တော်တော်များများ တွေ့မြင်ရလေသည်။
ဆက်တိုက်ဆိုသလို အဆိုပါတောင်ဆုံးတာနဲ့ မကြာခင်မှာပင် ယင်းမာပင်မြို့ ကိုအဝေးမှ မှုန်ဝါးဝါးလှမ်းမြင် လိုက်ရသည်။ ယင်းမာပင်မြို့ကို ဝင်ရောက်သည်နှင့် လယ်ကွင်း စိမ်းစိမ်းကို ပြန်မြင်နေခဲ့ရလေသည်။ စပါးပင်များ ယိမ်းနွဲ့ကခိုလျှက် မျက်စေ့တစ်ဆုံး မြင်နေခဲ့ရလေသည်။ ထိုမြင်ကွင်းသည် အလွန်ပင် သာယာလှပ၍နေခဲ့ပြန်လေသည်။ ထိုမြို့၏ ထူးခြားချက်မှာ ရေလျှံတွင်းများ ဟိုဟိုဒီဒီဆိုသလို တွေ့နေခဲ့ရလေသည်။ ဒေသခံများ ပြောဆိုမှုအရဆိုလျှင် ၉၉-ကန်မတူးခင်ကဆိုလျှင် မြို့အဝင်က ရေလျှံတွင်းများသည် ထောင်ပမ်းနေခဲ့သည်ဟုဆိုကြသည်။ အခုလည်း ထောင်မပမ်းသော်လည်း ရေများဒလ ဟောထွက်နေခဲ့လေသည်။ ယင်းမာပင်မြို့သည် နယ်မြို့လေးပင်ဖြစ်သော်လည်း တော် တော်ကြည်နူးစရာကောင်းသည်။ အညာထုံးစံအတိုင်း တမာပင်များ ကုက္ကိုပင်များ အစီရရီရှိသလို ငှက်ပျောပင်၊ အုန်းပင်များသည် တစ်မြို့လုံးဆိုသလို စိုစိုပြေပြေနှင့် မြင်တွေ့နေခဲ့ရသည်။
မြို့လည်ခေါင် ဈေးတန်းကိုကျော်တာနဲ့တပြိုင်နက် ''အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သို့''ဆိုသော ဆိုင်းပုဒ်ကြီးကို သစ်သားတစ်ခုပေါ်မှာ ထွင်းထုထားသည်ကို မြင်လိုက်ရတာနဲ့ မိမိလည်းစိတ်ဓာတ်တွေ တက်ကြွနေခဲ့လေသည်။ တော်တော်လေးလည်း ပျော်မြူးနေခဲ့ပြန်သည်။ ကားပေါ်ရှိလူများသည်လည်း ကိုယ်စီအတွေးများဖြင့် ငြိမ်ချက်သား ကောင်းနေခဲ့လေသည်။ ကားကြီးသည်ကား မမောမပန်းဆက်လက် မောင်းနှင်နေခဲ့တော့ လေသည်။ယင်းမာပင်မြို့မှ ထွက်လိုက်တာနဲ့ ဖုံအလိပ်လိပ် လှိမ့်တက်လာတော့သည်။ မြေနီလမ်းပင်ဖြစ်သော်လည်း နွေရောက် စပြုတာကတစ်ကြောင်း၊ ယာဉ်များအသွားအလာများ လာတာကတစ်ကြောင်း ယခုကဲ့သို့ ဖုံများထူးပေါနေ ခြင်းသည် အဆန်းမဟုတ်တော့ပေ။ အချို့က ဒီလိုမြင်ကွင်းဒီလိုအရသာကို ပျော်ပျော်မြူးမြူး ရှူရှိုက်နေခဲ့ကြသရောင်။ ဤသည် ကားလည်း အညာ၏ မရိုးနိုင်သော ယဉ်ကျေးမှုတစ်ခုပင် ဖြစ်နေခဲ့သည်။

လည်ငေါက်သို့ရောက်တာနဲ့ အညာသူအညာသားများ စက်ဘီးစီးရင်း ဘေးဝဲယာ၌ ဖြတ်မောင်းသွားလာနေကြ သည်ကို အရသာတစ်မျိုးအဖြစ် မရိုးနိုင်ခဲ့ပြန်ပေ။ ထိုမှတစ်ဆင့် ယမားချောင်းခြောက်ကို ဖြတ်ကျော်လျှက် ဆက်လက် မောင်းနှင်ထွက်ခွါခဲ့သည်။ ဤနေရာ၌ ထန်းပင်များ၊ ကုက္ကိုပင်များကိုသာ အတွေ့များနေခဲ့သည်။ ရှေ့ကိုက်နှစ်ရာကျော် အကွာအဝေး ၌ သိုးများ၊ ဆိတ်များ လမ်းပေါ်ပြည့်လျက် သွားလာနေခဲ့ကြသည်။ တုတ်ရှည်ရှည်ကြီးနှင့် နှီးခမောက်ဆောင်းကာ လွယ်အိတ်ကိုယ်စီလွယ်ထားသော ဆယ်ငါးနှစ်အရွယ် ကောင်လေး နှင့် နှစ်ဆယ်ဝန်းကျင်ခန့်ရှိ မိန်းမပျိုလေးကို လှမ်းမြင်နေရသည်။ ကားကြီးသည်လည်း တဖြည်းဖြည်း အရှိန်ထိန်းလိုက်ရင်း ဘရိတ်နင်းကာ ခဏရပ်ထား လိုက်ရသည်။ အဆိုပါ ဆိတ်သိုးကျောင်းတို့လည်း မိမိတို့၏ ဆိတ်သိုးများကို လမ်းပေါ်မှ အမြန်ဆိုသလိုမောင်းနှင်ပြီး လယ်ကွက်ထဲသို့ ထွက်ခွါသွားခဲ့ကြသည်။ မိမိသည်ကား ဤမြင်ကွင်းမျိုးကိုပင် အာသာငမ်း ငမ်း လိုက်ကြည့်နေမိတော့သည်။ အညာ၏ ရိုးရာမြင်ကွင်းဖြစ်သော်လည်း မိမိအနေဖြင့် ထူးခြားနေခဲ့လေသည်။
ရင်ပေါင်တိုင်ရွာကိုရောက်တော့ ကားခဏနားသည်။ ရွာဟုဆိုသော်ငြား တော်တော် စည်ကားသည်။ ရွာလည်း တော်တော်ကြီးဟန်တူသည်။ ရွာလည်ခေါင်ရှိ မန်ကျည်းပင်ရိပ်၌ ခဏနားစဉ် လမ်းဘေးရှိကွမ်းယာဆိုင်မှ ကွမ်းယာ ဝင်ဝယ်ရင်း အောက်သို့ကြွေကျနေသော မန်ကျည်းသီးမှည့်ခြောက်များကို လိုက်ကောက်နေမိခဲ့သည်။ ထိုအခိုက် စပယ်ယာ၏ လှမ်းခေါ်သံကို ကြားလိုက်ရ၍ မနည်းသုတ်ခြေတင် ပြေးလာခဲ့သည်။ မိမိကားပေါ် ရောက်သည်နှင့် ကားကြီး သည်လည်း မမောမပမ်းဆက်လက်ထွက်ခွါနေတော့သည်။
ရင်ပေါင်တိုင်ရွာအထွက်၌ ရိပ်သိမ်းပြီးဖြစ်သော လယ်ကွင်းများ၊ နေပူပူရိုးပြတ် တောများ၊ မှုန်ပြပြရွာများကို လှမ်းမြင်နေရသည်။ နေအပူရှိန်သည်လည်း မြင့်သည် ထက်မြင့်လာသည်။ အသင့်ပါလာသော ရေသန့်ဘူးကို ထုတ်သောက်ရင်း အပူဒဏ်ကို တွန်းလှန်နေခဲ့ရတော့သည်။ လေပူများတိုက်ခိုက်လာသည်။ အအေးဓာတ်များ ပြန်ပျောက် နေခဲ့သည်ကို သတိပြုမိသည်။ ရွာများလည်း တစ်ရွာပြီးတစ်ရွာဆိုသလို ကျော်ဖြတ်မောင်းနှင့် နေခဲ့တော့သည်။ ကပိုင်ရွာ သို့ ရောက်တော့ ကားခဏနားသည်။ ခရီးသည်များလည်း မိမိတို့အသင့်ပါလာသော စားသောက်ဖွယ်ရာများကို လမ်းဘေးစားသောက်ဆိုင်၊ ကဖေးဆိုင်များသို့ ဝင်ရောက်စားနေခဲ့ကြသည်။ မိမိသည်လည်း စားသောက်ဆိုင်တစ်ဆိုင် ဝင်ပြီး ထမင်းစားလိုက်သည်။ နံရံ၌ချိတ်ထားသော နာရီကို ကြည့်လိုက်တော့ ၁၂-နာရီတိတိ ရှိနေသည်ကို သတိပြုမိခဲ့သည်။ ကပိုင်ရွာသည်လည်း ရွာဟုဆိုသော်ငြား မြို့ငယ်လေး တစ်မြို့လို စည်ကားမှုရှိနေခဲ့သည်။ အညာသူညိုချောများ ပါးကွက်ထူထူလိမ်းခြယ်ရင်း လမ်းပေါ်၌ သွားလာနေခဲ့သည်။ သူတို့အားလုံး၏ ရင်ထဲ၌ အပူအပင်ကင်းမဲ့နေသလို ရှိကြသည်။ အားလုံးလိုလို အပြုံးချိုချိုနှင့် ပျော်ရွှင်ကြည်နူးစွာ တစ်ယောက်ကိုတစ်ယောက် ကျီစယ် စ,နောက်လျက် သွားလာနေခဲ့ကြသည်။
ကပိုင်မှ ထွက်လိုက်သည်နှင့် တောထူထူကိုသာ တွေ့ရတော့သည်။ ဘယ်ဆီ ကြည့်ကြည့် သစ်ပင်တောတောင်များ အုံ့ဆိုင်းညို့မှိုင်းနေတော့သည်။ ခပ်ဝေးဝေး မြင်ကွင်းကြောင့်ထင်သည်။ တောင်များသည် မြူနှင်းများအုံ့ဆိုင်းနေလျက် အလွန်ပင် သာယာ လှပနေခဲ့သည်။ ခဏအကြာမှာတော့ ပွင့်ကြီးစခန်းကို ရောက်သည်။ အလောင်းတော်၏ နယ်နိမိတ် အစဟုထင်သည်။ လူများကျဲပါးသွားသည်။ ထင်းခုတ်သူတစ်ယောက်စ နှစ်ယောက်စလောက်သာ တွေ့ရတော့သည်။ နေ့လယ်ခေါင်ဖြစ်သော်ငြား တောရိပ်တောင်ရိပ် သစ်ရိပ်ဝါးရိပ်ကြောင့်ထင်သည်။ အအေးဓာတ်ပြန်ရလာသည်။ အနည်းငယ်ချမ်း စိမ့်စိမ့်ဖြစ်လာသည်။ ကားသည်လည်း မြေညီလမ်းကဲ့သို့ အမြန်မမောင်းနှင့်တော့ဘဲ ခပ်ဖြည်း ဖြည်းခပ်မှန်မှန်လေးလောက်သာ မောင်းနှင်နေခဲ့တော့သည်။ သစ်ပင်ကြီးများပေါ်သို့ သဘာဝကျကျ တွယ်ကပ်လျက် ပေါက်ရောက်နေသော သစ်ခွပင်မျိုးစုံကို တွေ့ရသည်။ ရှားပါးသော သစ်ခွပန်းများကိုလည်း ဟိုဟိုဒီဒီဆိုသလို ကားပေါ်မှ လှမ်းမြင်နေရသည်။
တောင်အတင်ကားကြီးသည် မောင်းနှင်သူ၏ကျွမ်းကျင်မှုကို မင်းမူနေခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် အချိုးအကွေ့များ တော်တော်များသော ကြောင့်ဖြစ်သည်။ တောင်တက်ဘုရားဖူးအဖွဲ့များသည်လည်း တစ်ဖွဲ့ပြီးတစ် ဖွဲ့ဆိုသလို ခြေလျင်တက် နေကြသည်ကို တွေ့နေခဲ့ရပြန်လေသည်။ သူတို့သည် အဝတ်အစားထုပ်များ၊ ဓားများ၊ ဒန် အိုးများနှင့် ချက်ပြုတ်ကြော်လှော်ပြီးဖြစ်သော ဟင်းများကို စက်တီးချိုင့်များဖြင့်ထည့်လျက် ထမ်းပိုးသူထမ်းပိုး၊ရွက်သူ ရွက်လာကြသည်။ များသောအားဖြင့် လူကြီးများကိုမတွေ့ရပေ လူငယ်လူရွယ်များကိုသာ တွေ့ရပေသည်။ ကားများ ကိုမြင်လျင် လက်ပြနုတ်ဆက်ကြရင်း အမောဖြေကြဟန်တူသည်။ အချို့ကတော့ တောင်ဝှေးအဖြစ် ဝါးပင်မှ ဝါးသေး သေးလေး များကိုခုတ်ကာ လက်ကိုင်ပြုလာကြသည်။ သူတို့ကိုကြည့်ရတာပင် ဘာနှင့်မျှမလဲနိုင်သော အရသာတစ်ခုဟု ကျွန်တော်မြင်သည်။ တစ်ယောက်နှင့်တစ်ယောက် စနောက်ကျီစယ်ရင်း သူတို့ရဲ့အပန်းဖြေနည်းဟုထင်သည်။

ဂုံညှင်းပင်စခန်းရောက်တော့ လူနေအိမ်များ၊ တဲများအနည်းငယ်ကို စတွေ့ရသည်။ စခန်းကိုရောက်တော့ ကားခဏရပ်လိုက်သည်။ စပယ်ယာသည် ထိုစခန်းသို့ ဆင်းပြေးသွား သာ ရပ်နားခြင်းဖြစ်သည်။ တောကြီးသည်လည်း နက်သထက်နက်လာသည်။ တောင်သည် လည်း တဖြည်းဖြည်းဆိုသလို မြင့်တက်လာနေခဲ့သည်။ မဟူရာနတ်ကွင်းကို ရောက်တော့ ကားတိုင်းလိုလို ရပ်ကြရသည်။ မိမိတို့ကားမှ ဒရိုင်ဘာရောစပယ်ပါ အောက်သို့ဆင်း သွားကြသည်။ သူ တို့လက်ထဲ၌လည်း အသင့်ပါလာသော ဖယောင်းတိုင်၊အမွှေးတိုင်များကို ကိုင်သွားကြသည်။ နတ်ကိုပူဇော်ပသခြင်း ဖြစ်သည်။ ထိုနေရာမှတဆင့် ပုံတောင်ပုံညာကို လှမ်းမြင်နေရသည်။ ဘယ်ဆီကြည့်ကြည့် မြေပြန့်ဟူ၍ မတွေ့ရပေ။ ထိုမှတဆင့် ဆက်လက်တက်လာတော့ မယ်ဖြူပြာပုံဆယ့်နှစ်ကွေ့ရောက်တော့ ကားကြီးသည် ဘယ်ညာ ရိမ်းနွဲ့လျက် တစ်ကွေ့ပြီးတစ်ကွေ့ မြွေတစ်ကောင်လို ကြောင်လိမ်လှေကားသဖွယ် ဆက်လက်တက်နေတော့သည်။
မကြာမီပင် ဘုရားဝကိုရောက်သည်။ ဘုရားဝဟုကြားလိုက်ရသည်နှင့် တော်တော် ပျော်မြူးသွားလေသည်။ သို့သော် ဘုရားကိုကားမရောက်သေးပေ။ ဆက်လက်မောင်း နှင်နေသော ကားကြီးသည်လည်း မိမိတာဝန်ထမ်းဆောင် ၍ပြီးတော့မည်ဟူသော အတွေးများဝင်လေမလားမသိ။ ကားကွင်းကိုရောက်သည်နှင့် ဈေးဆိုင်များ၊စားသောက်ဆိုင် များကို တွေ့ခဲ့ရလေသည်။ ဆင်ဝိုင်းများထဲ၌ ဆင်တော်တော်များများကို မြင်နေရသည်။ သူတို့သည်လည်း ခရီးသည် များကို စောင့်မျှော်နေသလား မပြောတတ်။ လူတွေမြင်လျင် ရွှင်းလဲ့နေသော အကြည့်ဖြင့်စိုက်ကြည့်နေခဲ့လေသည်။ ကလေးငယ်များအနေဖြင့် ဆင်များကိုမြင်ရတော့ တော်တော်ပျော်မြူးနေခဲ့ကြသည်။ သူတို့သည် အမြင်အာရုံကို ခွါ ချင်ကြမတူပေ။ အဆိုပါကားဝင်းထဲရှိ ဈေးဆိုင်များကို သတိထားကြည့်မိခဲ့သည်။ ထိုအချက်ကား မိမိဆိုင်သို့လာရန် အလုအယက် အော်ခေါ်သံများ လုပ်ဝပြုလုပ်ခြင်း မရှိခဲ့ကြပေ။ ထိုအချက်ကို တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် တင်းတင်း ကျပ်ကျပ်ဆိုသလို မပြုလုပ်ရန် သတ်မှတ်ထားသည်ဟု သိရပေသည်။ ဤကဲ့သို့သော စည်းမျဉ်းများကို အခြားအခြား သော ဘုရားများရှိဈေးဆိုင်များ အနေဖြင့်လည်း အတုယူသင့်သည်ဟု ယူဆမိလေသည်။
ထိုမှတဆင့် ဘုရားပေါ်သို့ တက်ရာ၌ ဆင်များကိုငှါးစီးပြီး တက်ခဲ့ကြသည်။ လမ်းလျှောက်ပြီးတက်၍လည်းရသည်။ အချို့ကတော့ ခြေလျင်တက်ခဲ့ကြသည်။ မိနစ်နှစ်ဆယ်လောက်တော့ ကြာမည်ထင်သည်။ လမ်းလျှောက်တက် ရသည်ကလည်း တော်တော်ပျော်မြူးစရာ ကောင်းလှပေသည်။ ကိုယ်ကြိုက်နှစ်သက်ရာ သစ်ခွပန်းများကို ခူးဆွတ်နိုင် လေသည်။ လမ်းပြင်ရင်း သောက်ရေအိုစဉ်ဖြည့်နေသော လူများကို ဘုရားဖူးများမှ ပိုက်ဆံပေးသွားကြသည်။ ထိုနေ ရာရောက်မှပင် ခြေတက်အဖွဲ့ရော ဆင်ဖြင့်တက်သူများပါ တော်တော်လေးကို စီကားသွားလေသည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မရင်းနှီးသော်လည်း စနောက်ကြရင်း တော်တော်လေးကို ပီတိဖြစ်ခဲ့ကြရသည်။
အလောင်းတော်ကဿပအမျိုးသား ဥယျာဉ်၏ နယ်နိမိတ်အဖြစ် ၆၂ဝ.၃၅ စတုရန်းမိုင်၊ဧကပေါင်း ၃၉၇ဝ ၂၆-ရှိသည်ဟု တာဝန်ရှိလူတစ်ယောက် ပြောပြ၍သိခဲ့ရသည်။ ထိုဥယျာဉ်ထဲ၌ များသောအားဖြင့် ကျွန်း၊ ပျဉ်းကထိုး၊ ပိတောက်၊ အင်ကြင်း၊ သင်းဝင်၊ နှော၊ ဝါးမျိုးစုံများကိုသာ အဓိကတွေ့ရပြီး။ အဆိုပါ တာဝန်ရှိ၏ အပြောရဆိုလျင် သား ရဲ တိရိစ္ဆာန်များအဖြစ် ဆင် ၊ ကျား၊ ပြောင်၊ စိုင်၊ ဆတ်၊ ဂျီ၊ တောဆိတ်၊ တောင်ဆိတ်၊ ဝက်ဝံ၊ တောဝက်၊ တော ခွေး၊ တောကြောင်၊ ကြက်တူရွေး၊ အောက်ချင်း၊ ဒေါင်း၊ ဝါးရောင်း၊ ရစ်၊ တောကြက် ၊သာလိကာ-စသော သားရဲ တိရိစ္ဆာန်များကိုသာ အဓိကထား ပြီးတွေ့ရသည်ဟု ဆိုလေသည်။
အလောင်းတော်ကဿပဘုရားကို ရောက်သည်နှင့် တက်လာခဲ့သော ပင်ပမ်းမှုအား လုံး ယူပစ်သလို ပျောက်သွားတော့သည်။ လျောင်းတော်မူပုံထုဆစ်ထားသော အရှင်မဟာ ကဿပကိုယ်တော်ကြီးကို တွေ့လိုက်ရသည်။ ၄၅-ပါတိုင်တိုင် မနေမနား ခရီးလှည့်လည် လျက် ကျွတ်ထိုက်သော ဝေနေယျများကို ဖြေချွတ်တော်မူပြီး၍ နောက်ဆုံး ဝေဠုဝရွာ၌ ဝါကယ်တော်မူလျက် မလ္လာမင်းတို့၏ အင်ကြင်းတော၌ ပရိနိဗ္ဗာန်ပြုသွားသော ဘုရားရှင်ကို တမ်းတမြင်ရောင် နေခဲ့ရင်း မိမိရင်ထဲ၌ ပေါ်မပြနိုင်လောက်အောင်သော ဝေဒနာများဖြစ်လျက် တမ်းတမ်းတတ သတိတရဖြစ်နေခဲ့လေသည်။ထိုအလောင်းတော်ကဿပ ကိုယ်တော်ကြီး၏ စံကျောင်းပတ်လည်၌ ကြီးကြီးမားမားဖြစ်သော အင်ကြင်ပင်များ ဝန်းရံနေသည်ကို တွေ့ခဲ့ရလေသည်။ ဒေသခံများ အပြောရဆိုလျင် ထိုစံကျောင်းတော်အောက်တည့်တည့်၌ အရှင်မဟာကဿပကိုယ် တော်ကြီး၏ ပရိနိဗ္ဗာန်ပြုတော်မှုပုံ ရှိသည်ဟုပြောဆိုသံကို ကြားခဲ့ရလေသည်။
မိမိတို့သည် အရှေ့ဘက်သို့ အောက်ဆင်းသော လမ်းကျဉ်းလေးအတိုင်း လှေကားထစ်သေးသေးလေးများကို ပတ်ဆင်းရင်း အောက်ထပ်ရှိ လှိုင်ဂူအတွင်းသို့ဝင်သော ကျောက်တံခါးသို့ သွားရောက်ခဲ့ကြသည်။ ယခုအခါ၌ အဆိုပါတံခါး ကြီးသည် အင်္ဂတေများဖြင့် ပိတ်ထားသလိုကို ပိတ်နေခဲ့လေသည်။ ထိုတံခါးကြီးကို ရွှေချသူများကိုလည်း တွေ့နေရလေသည်။ ထိုနေရာ၌ မရေတွက်နိုင်လောက်အောင်သော လင်းနို့များ မည်တမ်းနေသည်ကို တွေ့ခဲ့ရသည်။ အထက်ကျောက်တောင် အမိုးကြီးမှလည်း ရေပေါက်များ စိမ့်ကျသံများသည် မိုးရွာနေသလိုကို ရှိနေခဲ့လေသည်။ လင်းနို့များ၏မည်သံများ၊ရေပေါက် များကျသံများဖြင့် အောက်ထပ်ရှိ လှိုင်ဂူဝသည် ဆူညံနေခဲ့သည်။ မည်သည့်ခြေရာကိုတော့ တိတိကျကျ မသိရသောခြေရာကို ဘုရားဖူးများ ဝိုင်းကြည့်၍နေသည်ကို တွေ့တာနှင့် မိမိလည်းစမ်းရေများကို ကျော်ဖြတ်ကာ သွားကြည့်ခဲ့လိုက်သည်။ ထိုခြေရာသည် ကျောက်ဖြာကြီးတစ်ခုပေါ်၌ ထင်ကျန်နေခဲ့ခြင်းဖြစ်သည်။
ကျောက်တံခါးကြီး ပိတ်သွားပုံကိုလည်း ဒေသခံများပြောဆိုချက်အရ လွမ်းမောဖွယ်ရာပင် ကြားသိခဲ့ရလေသည်။ ပါးစပ်ရာဇဝင်ဖြစ်သော ထိုအဖြစ်ပျက်လေးကို ကြားလိုက်ရတော့ ရင်ထဲမှာ တော်တော်လေး သနားသွားရလေသည်။ တစ်နေ့ ရဟန်းတစ်ပါးနှင့် ကိုရင်ငယ်တစ်ပါး ကျောက်လှိုင်ဂူထဲ ဝင်ကြသည်။ မဝင်ခင် ရဟန်းတော်မှ ကိုရင်ငယ်ကို ဆိုဆုံးမ သြဝါဒ ပေးထားခဲ့လေသည်။ အကယ်၍ လှိုင်ဂူထဲရောက်လျင် လက်ဝတ်ရတနာ၊ကျောက်တန်ပတ္တမြားများကို တွေ့လျင်မယူမိဖို့၊စိတ် ထဲကနေတောင် ယူချင်တဲ့စိတ်မဖြစ်မိဖို့ ကိုရင်ငယ်ကို မှာကြားရင်း ထိုလှိုင်ဂူထဲသို့ ဝင်ရောက်ခဲ့ကြသည်။ လှိုင်ဂူထဲရောက်တော့ အဆိုပါကျောက်တန်ပတ္တမြား၊ လက်ဝတ်ရတနာများကိုတွေ့ရာ၌ ကိုရင်ငယ်သည် မိမိဆရာဘုန်းကြီးမှာထားတဲ့အတိုင်း မယူမိအောင်၊နောက်ဆုံးယူချင်တဲ့ စိတ်ကိုပင်မဖြစ်မိအောင် ထိမ်းသိမ်းနိုင်ခဲ့သော်လည်း ကိုရင်ငယ်ကို ဆုံးမသြဝါဒပေးခဲ့သော ရဟန်းတော်သည်ကား စိတ်ကိုမထိမ်းနိုင်ဘဲ ယူချင်တဲ့ဖြစ်တာနဲ့တပြိုင်နက် ထိုတံခါးကြီး ပိတ်သွားခြင်းဖြစ်သည်၊ ကိုရင်ငယ် သည်ကား မိမိခန္ဓာကိုယ်မျှသာ ထွက်နိုင်သော အပေါက်ကိုတွေ့၍ ထိုအပေါက်မှ ပြန်ထွက်နိုင်ခဲ့သည်။ ထိုကိုရင်ငယ် ထွက်လာသော အပေါက်ကို အစွဲပြု၍ မောင်ရင်သူငယ်ပေါက်ဟု ယခုထိတွင်နေလေသည်။ အဆိုပါ အပေါက်သည် အလွန်ပင် ကျဉ်းမြောင်းလှသည်။ ထိုအပေါက်ထဲရှိ ဘုရားလေးကို ဝင်ရောက်ဖူးမျှော်ရာ၌ တော်တော်ပင်စွန့်စားကြရသည်။ သို့သော်လည်း မိမိအပါဝင် ထိုအပေါက်ထဲသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေသော လူများလည်းအများပြားပင်ဖြစ်သည်။ အဆိုပါအ ပေါက်သူ လှိုင်ဂူအစွန်းတစ်ခုတွင်ရှိပြီး အောက်သို့ငုံ့ကြည့်လျင် အသုရာချောက် ကဲ့သို့နက်သော ချောက်ကြီးကို ကြည့်ရုံနဲ့ပင် ကြက်သီးမွှေးညင်းထလောက်သည်။ အကယ်၍ ကံမကောင်းစွာ အောက်သို့ပြုတ်ကျလိုက်လျင်တော့ မတွေးဝံ့စရာပင်ကောင်း လှပေသည်။ ယခုချိန်ထိတော့ အောက်ပြုတ်ကျသူဟူ၍ မတွေ့ရ၊မကြားသေးဟု ဆိုကြသည်။
ထိုမှတဆင့် စံကျောင်းတော်၏ မျက်နှာစာရှေ့တွင်ရှိသော တောင်အငယ်လေးအပေါ်ရှိ ကျွန်းပင်မောင်နှမစေတီ ငယ်သို့ တက်ရောက်ကြည်ညိုခဲ့လေသည်။ ထိုစေတီငယ်သည်လည်း ရာဇဝင်နှင့်ဖြစ်လေသည်။ ညနေအတော်စောင်း၍ တည်းခိုရာ ဇရပ်တန်းစောင်းသို့ ပြန်ခဲ့ကြလေသည်။ လူများလည်း ကိုယ့်အုပ်စုနှင့်ကို ချက်ပြုတ်စားသောက်သူများ၊ ဆိုင်မှာ စားသူများဖြင့် ပွဲဈေးတန်းကြီးသည်လည်း စီကားနေလေသည်။ မင်းကင်း၊ ဂန့်ဂေါ၊ ကလေး၊ ယင်းမာပင်၊ ကနီမှ လူတော်တော် များများကိုသာ တွေ့ခဲ့ရလေသည်။
ပွဲဈေးတန်းကြီးသည် များသောအားဖြင့်တော့ မိမိတို့ဒေသထွက်ကုန်များကိုသာ ဦးစားပေးရောင်းချ နေကြခြင်းဖြစ်လေသည်။ လူများလည်း ကြိတ်ကြိတ်တိုးစီကား နေခဲ့လေသည်။ ဘုရားရာဇဝင် မှတ်တမ်းစာအုပ်များ၊ဆင်မြီးလက်စွပ်များ၊အ လောင်းတော် ဘုရားဖူးအမှတ်တရ ရေးထိုးထားသော စွပ်ကျယ်အင်္ကျီများ၊ယောဂီတဘက်များကို ရောင်းချနေသောဆိုင်များ မှာ လူတွေပိုမိုများပြား ဝယ်နေကြသည်ကို တွေ့ရလေသည်။ နေလုံးကြီးသည်လည်း မကြာခင်အချိန်အတွင်းမှာ တောင်စွယ်မှာ ဝင်ရောက်တော့ မည်ဖြစ် သည်။ နီရဲနေသော ထိုနေလုံးကြီးကို တောင်ထိပ်မှာ မြင်လိုက်ရသော မြင်ကွင်းသည်လည်း ဘာနှင့်မျှ နိုင်ဆ၍မရသော မြင်ကွင်းမျိုးဖြစ်နေလေသည်။ နေရောင်မပျောက်ခင် ဆင်များနှင့်ဓာတ်ပုံရိုက်နေသူများကိုလည်း မြင်နေခဲ့ရသည်။ သူတို့အားလုံး၏ ရင်ထဲ၌လည်း ဒုက္ခဟူသမျှမတွေ့ရဘဲ ပြုံးပျော်နေခဲ့ကြလေသည်။ ရေသောက်စရာ၊ချိုးစရာ များလည်း တောင်ပေါ်ဆိုပေမဲ့ မရှားပါးပေ။ ထူးဆန်းသောရေတွင်းတစ်ခုလည်း ဘုရားအနီးအနားမှာ တွေ့ခဲ့ရသည်။ သစ္စာရေတွင်းဟုခေါ်သော ထိုရေတွင်းမှ လူများသည် ပုံးနှင်ငင်လျက် မိမိတို့ပါ လာသော ရေသန့်ဗူးခွံထဲသို့ ထည့်နေကြလေသည်။ ထိုရေကိုသောက်လျင် ရောဂါဘယ ကင်းသည်ဟု ပြောဆိုသံများလည်း ကြားနေခဲ့ရလေသည်။
ဘုရားဖူးများ၏ ပါးစပ်ရာဇဝင်အနေဖြင့် နောက်ခံသမိုင်းကြောင်း ကွဲနေလေသည်။ အချို့က ဘုရားရှင်လက်ထက် တော်က တတိယသာဝကကြီးဖြစ်တဲ့ အရှင်မဟာကဿပ ကိုယ်တော်ကြီး၏ အကြောင်းကိုပြောဆိုကြပြီး၊အချို့ကတော့ ပေါင်လောင်ကဿပဟု ယူဆ လျက်ပြောဆိုကြလေသည်။ များသောအားဖြင့်တော့ သမိုင်းနောက်ခံများအရ တတိယ သာဝက ကြီးဖြစ်တဲ့ အရှင်မဟာကဿပကိုယ်တော်ကြီးသာလျင်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေကြလေသည်။ သမိုင်း စာအုပ်များအနေဖြင့်လည်း မိမိတို့အားသန်ရာကိုသာ ရေးသားနေသည်ကို တွေ့ခဲ့ရလေသည်။ ပွဲဈေးတန်းလျှောက်ပြီးပင် ပမ်းနေတာကြောင့် စောစောစီးစီးပင် အိပ်ယာဝင်ခဲ့လေသည်။ အခြားလူများအနေဖြင့်တော့ ဘယ်အချိန်ထိ ပျော်မြူးနေကြ ဦးမည်မသိပေ။
မနက်စောစောထပြီး ထင်းဖိုလျက် မီးထလှုံကြသည်။ မီးလှုံရင် တင်းဝါးဖုတ်စား ကြသည်။ တင်းဝါးရနံ့လည်းတော် တော်လေး မွှေးကြိုင်နေခဲ့သည်။ ညကထဲက အသင့်ပါလာ သော ကောက်ညှင်းဆန်ကို အဆိုပါတင်းဝါးအစိုထဲထည့်ပြီး ရေစိမ်ထားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အခေါ်ကတော့ ကောက်ညှင်းခြေထောက်ဟုခေါ်ဟန်တူသည်။ သို့သော် အရသာခြင်း ကား မတူပေ။ ဤ၌ရှိသော တင်းဝါးအစိုများကပင် မွှေးကြိုင်နေခဲ့သည်။ စား၍လည်း တော်တော်ကောင်းသည်။ ရေနွေးပုဂံထဲမှာ ဆားနှင့်ဆီကိုထည့်ထားပြီး ကောက်ညှင်းကို တို့စားရင်း။ အနည်းငယ် ဝေလီဝေလင်းရောက်တာနဲ့တပြိုင်နက် ဆောင်းအေးအေးမှာ ကိုယ့်အဖွဲ့နဲ့ကိုစုပြီးတော့ လွမ်းစေတီဘက်သို့ လျှောက်ခဲ့ကြသည်။ လမ်းကတော့အနည်းငယ် ကျဉ်းသည်။ တစ်ခါတလေ ဆင်ကြီးများနှင့် ပက်ပင်းတွေ့တဲ့အခါမျိုးလည်း ကြုံတွေ့ခဲ့ရသည်။ ထိုအခါမျိုး၌ မိမိတို့ကသာ အလိုက်သိ ရှောင်ပေးရသည်။ သို့သော်အဆိုပါ ဆင်ကြီးများသည် ခရီးသွားများကိုတော့ ဒုက္ခမပေးချေ။
လရောင်ကိုသာ အဖော်ပြုရင်း ချမ်းအေးအေးဆိုသလို တောရနံ့ကိုရှုရှိုက်လျက် ပျော်ပျော်ပါးပါး ခရီးသွားနေခဲ့ကြသည်။ ချောင်းအတန်တန် တောအသွယ်သွယ်ကို ဖြတ်ကျော်လျက် ခရီးသွားကြခြင်းဖြစ်သည်။ ပြန်လာသောအဖွဲ့များကို လည်းတွေ့ နေခဲ့ကြရသည်။ သူတို့ဘယ်ချိန်က ထသွားကြသည်မသိ။ အသွားအပြန် ဘုရားဖူးများ တစ်ယောက်နဲ့တစ်ယောက် စနောက်ကျီစယ်လျက် လွမ်းစေတီကို ဆက်လက်ချီ တက်ခဲ့ကြသည်။
လွမ်းစေတီဘုရားပေါ်မှာတော့ လူတွေကြိတ်ကြိတ်တိုးနေခဲ့သည်။ ပါလာသော ဖရောင်းနှင့်အမွှေးတိုင်တို့ကို ကပ်လှူကြရင်း ထွန်းညှိပူဇော်ကြသည်။ အချို့ကတော့ စေတီရဲ့အနီးနားမှာရှိသော ကျွန်းပင်ကြီးအောက်၌ထိုင်နေလျက် ဘယ်ဆီမသိ ငေးမော ကြ လျက် လွမ်းနေကြဟန်တူပါသည်။ လွမ်းစေတီ၏ သမိုင်းအကြောင်းကိုလည်း သိတဲ့သူများ ပြောပြ၍ နားထောင်ခဲ့ရသည်။ အဇာသတတ်မင်းကြီးရဲ့ အလွမ်းဓာတ်ခံကို ထပ်ဆင့်လွမ်း နေမိခဲ့သည်။ ဟိုလွန်ခဲ့သော နှစ်ပေါင်း(၂၅ဝဝ) ကျော်က သတ္တဝါဝေနေယျတို့ကို ကျွတ်တမ်း ဝင်စေဖို့ မနေမနားခရီးလှည့်လည် သွားလာရင်း နောက်ဆုံးဝါအဖြစ် ဝေဠုဝရွာမှာ ဝါကပ်တော်မူလျက် မလ္လာမင်းတို့၏အင်ကြင်းတောမှာ ပရိနိဗ္ဗာန်ပြုသွားတော်မူခဲ့သော ဘုရားရှင်နောက်ဆုံးအခြေအနေကို လူနတ် ဗြဟ္မာများခြံရံလျက် လွမ်းမောဖွယ်မြင်ကွင်းကို မြင်ရောင်လျက်လွမ်းနေခဲ့သည်။ လက်ဝဲတော်ရံ အရှင်သာရိပုတ္တရာကို လွမ်းသည်။ လက်ယာ တော်ရံ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်ကြီးကို လွမ်းသည်။ တတိယသာဝကကြီးအဖြစ် အရှင်မဟာကဿပ ကိုယ်တော်ကြီးကိုလွမ်းသည်။ အခု အရှင်မဟာကဿပကိုယ်တော် ကြီးရဲ့ အနီးနားမှာရောက်နေ သော်လည်း မမြင်ရတော့ ပိုပြီးလွမ်းမောမိလေသည်။ ဥပမာ အရှင်အာနန္ဒာရဲ့ ပုထုဇဉ်ပီပီ ဘုရားရှင်ကိုလွမ်းသလို လွမ်းမိနေ တော့သည်။ ထိုမှပြန်ဆင်း ခဲ့ပြီး ကြွရောက်လာသမျှသော သံဃာတော်များကို ဆွမ်းလောင်းပွဲကျင်းပသဖြင့် ငွေသားများ ကို လောင်းလှူရင်း အလွမ်းတွေ ပွေ့ပိုက်လျက် အလောင်းတော်ကဿပဘုရားမှ ပြန်လည် ထွက်ခွါလာခဲ့တော့သည်။
မောင်မင်းစိုး(ရွှေနံ့သာ)

ရွှေမြို့သူတွေအထိ ကူးစက်လာသော ကြည်နူးမှု အလှူ

အညာသူများ ရွှေဆံပင်အလှူ




ဆရာမကြီး ဒေါ်ခင်လေးမြင့်၏ ရွှေဆံပင်အလှူ



အညာသူတွေရဲ့ မွန်မြတ်တဲ့ အလှူဆိုတဲ့ hello ဂျာနယ် (သြဂုတ်-၁၈-၂၀၀၉)ကိုဖတ်ပြီး
စမ်းချောင်းမြို့နယ်၊မင်္ဂလာလမ်းမှာနေထိုင်တဲ့ ဆရာမကြီး ဒေါ်ခင်လေးမြင့်မှလည်း
ရွှေဆံပင်တံတား တည်ဆောက်ဖို့အတွက် အနှစ်နှစ်အလလ စုဆောင်းထားသော ဆံပင်
များကို လာရောက်လှူဒါန်းလာပါသည်။ အားလုံးလည်း ၀မ်းသာကြလိမ့်မည်ဟု ထင်ပါသည်။
ရွှေနံ့သာ

အညာသူတွေရဲ့ မွန်မြတ်တဲ့အလှူ



စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ပုလဲမြို့နယ်-ယင်းမာပင်မြို့နယ်အတွင်းမှာရှိတဲ့ လည်ငေါက်-ချင်ပြစ်လမ်းမကြီးသည် အလောင်းတော်ကဿပဘုရားသို့သွားရာ ပင်မလမ်းမကြီးဖြစ်သလို၊ အမေရေယဉ်နန်းရင်းသို့ သွားရာအဓိကကျသော လမ်းကြီးဖြစ်ပါသည်။ ကျေးရွာပေါင်း(၆၀) ကျော်၊လူဦးရေ(၅၀၀၀၀)ကျော်တို့၏ မှီခိုအားထားရာလမ်းမကြီးဖြစ်နေပါသည်။

ယခုအခါမှာ အဆိုပါလမ်းမကြီးသည် သွားမရအောင် ယိုယွင်းပျက်စီးနေခဲ့လေသည်။ အဓိကအားဖြင့် တံတားများပျက်စီးသောကြောင့် သွားမရအောင်ဖြစ်နေခဲ့လေသည်။ မိုးတွင်း ဆိုလျင် ကျေးရွာများနေလူများသည် မြို့တက်ပြီး ဆေးရုံတက်ကြရလျင် လှည်းများနှင့်သွားကြ ရသောကြောင့် မသေသင့်ဘဲ သေသွားသူများ ရှိနေခဲ့သည်။ သို့အတွက် အဆိုပါလမ်းမကြီးကို ဆရာတော်များဦးဆောင်ပြီး ကျေးလက်နေပြည်သူများ၏ ပံ့ပိုးကူညီမှုဖြင့် အသစ်တစ်ဖန်ပြန် လည်ပြုပြင်မှုများ ပြုလုပ်နေပါသည်။ နှစ် နှစ်တာကာလအတွင်း နေ့မအား၊ညမအား ဆောင် ရွက်လျက်ရှိရာ ယခုဆိုလျင် အလှူငွေ သိန်း(၈၀၀)ကျော်ခန့်ရရှိပြီး လမ်းမိုင်အားဖြင့်(၈)မိုင်၊တံ တားအစင်းအားဖြင့်(၈)စင်းတိတိ ပြီးစီးခဲ့လေသည်။
ကျန်ရှိနေသော တံတားအစင်းများအနက် အကြီးဆုံးသောတံတားကြီး တည်ဆောက် ရန် ဘဏ္ဍာငွေအခက်အခဲနှင့် ရင်ဆိုင်နေခဲ့ရသည်။ သို့အတွက် အများပြည်သူများ၏ အကြံပြု ချက်အရ ဆံပင်များအလှူခံကာ ရောင်းရငွေဖြင့် တံတားဆောက်ရန် အားလုံးသဘောတူညီမှု ရခဲ့လေသည်။ သို့အတွက် ဆရာတော်များ တစ်ရွာဝင်တစ်ရွာထွက် အလှူခံခဲ့ကြရာ ယခုဆို လျင် လူဦးရေ(၅၀၀၀)ကျော်ခန့်ရှိပြီး၊ဆံပင်ပိဿာချိန်(၁၆၀)ကျော်ခန့်ရရှိခဲ့လေသည်။ အဆိုပါ တံတားကြီးကို ဆံပင်များရောင်းရငွေဖြင့် တည်ဆောင်မည်ဖြစ်သောကြောင့် “ ရွှေဆံပင်တံ တား” ဟု အမွန်းတင်လျက် မော်ကွန်းထိုးသွားမည်ဖြစ်ကြောင်း သိခဲ့ရလေသည်။

မိမိနွေရာသီ ရွာအပြန်မှာ အဆိုပါတံတားတည်ဆောက်မည့် ချောက်နက်ကြီးထဲ ဆိုင် ကယ်မှောက်ခဲ့သည်။ သေကံမရောက်၊သက်မပျောက်ပင်ဖြစ်ခဲ့ရသည်။ ကံအားလျော်စွာ ညာ ဘက်လက်လေး အနည်းငယ်သာ ပွန်းပဲ့ခဲ့သည်။ ဘာမှမဖြစ်ခဲ့။ သို့အတွက် အားအင်တွေဖြစ် လာပြီး အဆိုပါဆရာတော်များနှင့်အတူ လက်တွဲပြီးတော့ တစ်ရွာဝင်တစ်ရွာထွက် ဆံပင်များ အလှူခံခဲ့သည်။သို့အတွက် အဆိုပါလှူဒါန်းပွဲအတွေ့ကြုံလေးတွေကို အနည်းငယ်ပြောပြလိုပါ သည်။

ဆံပင်လှူဒါန်းခြင်းသည် ဘုရားအလောင်းသူတော်ကောင်းတို့၏ နည်းလမ်းသို့လိုက် ခြင်းပင်ဖြစ်ပါသည်။ ဒီပင်္ကရာဘုရားသွားရာလမ်းခရီးမှာ မိမိအတွက်တာဝန်ကျသော လမ်းနေ ရာ မပြီးဆုံးသဖြင့် ခန္ဓာကိုယ်ကို တံတားအဖြစ်ခင်းပြီး လှူဒါန်းခဲ့သော သုမေဓာရှင်ရသေ့၏ ဖြစ်အင်ကို အားလုံးအသိပင်ဖြစ်ပါလိမ့်မည်။ အမှန်က မိမိခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုဖြစ် သော ဆံပင်ကိုဖြတ်လှူဒါန်းခြင်းသည် ဘုရားအလောင်းတို့ လမ်းစဉ်ကိုလိုက်ခြင်းပင်ဖြစ်သည်။ စွန့်ခြင်းကြီး(၅)ပါးထဲမှာ အင်္ဂပရိစ္စာဂဖြစ်သော ဒါနဥပပါရမီ ပင်ဖြစ်သည်။ အဆိုပါကုသိုလ်ထူး ကြီးကို ရွှေညာသူတွေ ထူးထူးကဲကဲ ရရှိနေခဲ့လေသည်။

မောင်းလုပ်ရွာမှ ဒေါ်နီတို့ မိသားစုဆိုလျင် တစ်အိမ်လုံး(၇)ယောက်တိတိထိ ဆံပင်များ လာရောက်လှူဒါန်းခဲ့သည်မှာ အားရ၀မ်းသာကြည်နူးပီတိတွေဖြစ်ခဲ့ရလေသည်။ အချို့ဆိုလျင် အနည်းငယ်တိုမယ်ထင်သောကြောင့် ကတုံးတုံးပြီး ဆံပင်ကိုရသလောက်ဖြတ်ကာ လှူဒါန်းသူ များသည်လည်း တော်တော်များသည်။ နေ့စဉ်ရက်ဆက်ဆိုသလို ဘုန်းတော်ကြီးကျောင်းများ သို့ လာရောက်လှူဒါန်းနေကြသည်မှာလည်း အခုတိုင်ပင်ဖြစ်သည်။ အချို့ကတော့ အမေလုပ် သူက မလှူဒါန်းလိုသော်လည်း သား၊သမီးလေးတွေရဲ့ တိုက်တွန်းချက်အရ လာရောက်လှူ ဒါန်းသူများလည်းရှိသည်။ ကလေးငယ်တစ်ယောက်ဆိုလျင် ထက်သန်သောဆန္ဒဖြင့် မိမိဦး ခေါင်းထက်မှ ဆံပင်လေတွေကို ဖြတ်တောက်ကာ ကြွတ်ကြွတ်အိပ်ထဲထည့်လျက် လာရောက် လှူဒါန်းခဲ့သည့်ဖြစ်အင်ကို ၀မ်းသာလွန်းပြီး ပီတိမျက်ရည်တွေကျရလောက်အောင် ဖြစ်ခဲ့ရလေ သည်။ သူ့ကိုတော့ ”ဆံပင်တိုတယ်၊ဘာမှအသုံးမကျဘူး” ဆိုသည့်စကားများ မပြောရက်ပေ။ အေးအေးဆေးဆေးရှင်းပြပြီး လာရောက်လှူဒါန်းတဲ့ ဆံပင်လေးကို အသာပင်အလှူခံခဲ့ရလေ သည်။

အချို့မိန်းကလေးတွေကတော့ အိမ်ကအဖေလုပ်သူက မလှူဒါန်းလိုသောကြောင့် မိမိ ဆံပင်ကို မလှူလိုက်ရတဲ့အတွက် ငိုတောင်ငိုခဲ့ကြသည်။ အချို့လည်း အရှည်မထားခဲ့မိလို့ မလှူဒါန်းရတာကြောင့် တော်တော်လေးစိတ်မကောင်းဖြစ်ခဲ့မိကြသည်။ ထိုကဲ့သို့သော အလှူ မျိုးကို ဆရာတော်တွေရဲ့ ဦးဆောင်မှုဖြင့် ရွှေဆံပင်တံတားအဖြစ် ကမ္ပည်းမော်ကွန်းတင်လျက် တည်ဆောက်ရေးသို့ ဦးတည်နေခဲ့လေသည်။ ရွှေညာသူတွေဟာ အသားညိုညိုနှင့်ချစ်စရာ ကောင်းလောက်အောင် မျက်နှာထားများဖြင့်၊ ဟန်ဆောင်မှုကင်းမဲ့သည်။ ရိုးသားသည်။ ခင်စ ရာကောင်းသည်။ သနားကြင်နာမှုရှိသည်။ ကူညီလိုစိတ်ရှိသည်။ သဒ္ဓါတရားထက်သန်သည်။

အမှန်က အရှူံးထဲမှ အမြတ်ထုတ်ခြင်းအစစ်မှန်ဖြစ်သည်။ မိမိအနှစ်နှစ်အလအလ စု ဆောင်းထားခဲ့သော ဆံပင်လေးတွေကို ဖြတ်တောက်လိုက်ရခြင်းသည် အရှူံးဟုဆိုကဆိုနိုင် သည်။ သို့သော် ထိုအရှူံးသည် ကောင်းမြတ်သောအရှူံးဖြစ်သည်။ မွန်မြတ်သောအရှူံးဖြစ် သည်။ သူတော်ကောင်းတို့လမ်းစဉ်သို့လိုက်သော လမ်းစဉ်တစ်ခုဖြစ်သည်။ ထိုအရှူံးထဲမှ ကု သိုလ်ရေးကို ဦးတည်မောင်းနှင်နေသော စိတ်အစဉ်ကို ဖန်တီးတည်ဆောက်သောကြောင့် အရှူံးထဲမှ အမြတ်ကိုထုတ်ဆယ်ခြင်းဖြစ်သည်။

မိန်းမတို့ဘုန်း ဆံထုံး-ဟု အဆိုရှိသည်။ ဘုန်းဖြစ်သော ဆံထုံးကို အများသူငါသွားလာ ရေးမှာ စိတ်ချမ်းသာအောင် လှူလိုက်ရသည့်အတွက် အဆိုပါဘုန်းသည်ပင် ပိုမိုပြီး တောက်ပ လာခဲ့လေတော့သည်။ မြင့်မြတ်သောလူသားတစ်ယောက်သည် လူ့အဖြစ်ကို ရခဲသဖြင့် ရရှိခဲ့ လေသည်။ ထိုရခဲသော လူ့အဖြစ်ကို သူတို့သည် ရခဲသည့်အားလျော်စွာ တန်းဖိုးရှိရှိ အသုံးချ နိုင်ခဲ့ကြလေသည်။ လူတစ်ယောက် လူ့အဖြစ်ကိုရခဲ့သည်တိုင်အောင် အမှန်တကယ် လူဖြစ်ရ ကျိုး နပ်၊မနပ် ဘယ်လိုပေတံတွေနဲ့ တိုင်းတာကြမလဲဆိုရင် ထိုသူသည် လူသားကောင်းကျိုး အတွက် ဘာတွေလုပ်ခဲ့ပြီးပြီလဲ၊ ဘာတွေလုပ်နေသလဲ၊ ဘာတွေလုပ်သွားဦးမလဲ၊ဆိုတဲ့ပေတံ တွေနဲ့ တိုင်းတာကြရမည်ဖြစ်သည်။ သူတို့သည် အနှစ်နှစ်အလအလ စုဆောင်းထားခဲ့သော ဆံနွယ်စများကို ဖြတ်တောက်ကာ အများသူငါသွားလာရေးမှာ စိတ်ချမ်းမြေ့အောင် ပြုလုပ်ရာ မှာ ပါဝင်ခဲ့သည့်အတွက် သူတို့သည် လူဖြစ်ရကျိုးနပ်ခဲ့လေတော့သည်။ ထို့ကြောင့် သူတို့ကို ဂုဏ်ပြုထိုက်ပေသည်။

”အနှစ်သာရ မရှိသောအရာတို့ကို အနှစ်သာရရှိ၏ဟု မှတ်ထင်ကြကုန်၏။ အနှစ်သာရ ရှိသောအရာတို့၌ကားအနှစ်သာရမရှိဟု မှတ်ထင်ကြကုန်၏။ ထိုအနှစ်ကိုအကာထင်၊အကာကို အနှစ်ထင်သော ထိုသူတို့သည်၊ မှားယွင်းသော ကျက်စားရာအာရုံရှိကြကုန်သည်ဖြစ်၍ စစ်မှန် သော အနှစ်သာရကို လက်ဝယ်ပိုင်ပိုင် မရရှိနိုင်ကြကုန်” ဗုဒ္ဓဟောကြားခဲ့သော ထိုတရားသ ဘောကို သူတို့သည် အကာဖြစ်သော ဆံပင်များကို အကာဟုမှတ်ထင်ပြီး ၊ အဆိုပါအကာများ ကို အနှစ်သာရရှိသော လမ်းတံတားတည်ဆောက်ရေးမှာ အသုံးပြုခဲ့ကြသည့်အတွက် သူတို့ သည်ကား စစ်မှန်သော အနှစ်သာရကို လက်ဝယ်ပိုင်ပိုင်ရရှိခဲ့ကြသူများဖြစ်သည်။

ကမ္ဘာမှာ မြန်မာအမျိုးသမီးတွေသာ လုပ်နိုင်ကြသည်။ လုပ်ခဲ့ကြသည်။ မည်သည့်နိုင်ငံ မှ ထိုထိုသို့သော အမှုကိစ္စမျိုးကို လုပ်ခဲ့သည်ဟု မမှတ်သားမိ၊မကြားမိပေ။ သို့အတွက် ကမ္ဘာနှင့်ချီပြီး မော်ကွန်းတင်ထိုက်သော ရွှေဆံပင်တံတားကြီးကို အညာကျေးတောသူတွေ စု ပေါင်းပြီး လှူဒါန်းတည်ဆောက်ထားမည့် ရွှေဆံပင်တံတားကြီးကို အားလုံးပဲဝမ်းသာ ပီတိဖြစ် ကြရလေအောင်၊သာဓုအတန်တန်ခေါ်နိုင်ကြလေအောင် မှတ်တမ်းတင်ဂုဏ်ပြုရေးသားလိုက်ပါ သည်။
ရန်ကုန်ရွှေမြို့သူများအနေဖြင့်လည်း မိမိတို့ရဲ့ ကေသာဆံနွယ်စများကို ဦးဝေပုလ္လ၊ (လမ်းအကျိုးတော်ဆောင်ဆရာတော်)လမ်းပြုပြင်ထိမ်းသိမ်းရေးကျောင်း၊ပုလဲမြို့နယ်၊ပုထိုးသာရွာ၊ဖုံး-၀၉-၂၀၃၀၇၂၈။အရှင်ရာဇိန္ဒ၊အမှတ်(၆)၊ရွှေပိဋကတ်တိုက်၊ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ် အနီး၊ အာဇာနည်လမ်း၊ ဗဟန်း ၊ရန်ကုန်-သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

မောင်မင်းစိုး(ရွှေနံ့သာ)
(သြဂုတ်-၁၈၊၂၀၀၉-hello-ဂျာနယ်။ )

ညီလေးရဲ့မေးခွန်းများ


''ဘာမှ မကြားချင်ဘူး။ ဘာမှ လာမပြောနဲ့'' သူပြင်းထန်စွာ ငိုကြွေးနေခဲ့သည်။ အနာဂတ်ကို လှမ်းမျှော်ကြည့်တော့ လျှောက်ရဦးမည့် ခရီးသည် ဘယ်လောက်ပင် ဝေးကွာ နေလိမ့်မည်ဆိုတာ မှန်းဆ၍ပင် မရနိုင်ခဲ့ပေ။ ရောင်ခြည်များ ဖြာကျနေသော လမ်းမထက်သို့ တမျှော်တခေါ် ငေးမောနေခဲ့သည်။ သစ်ရွက်များ တလွင့်လွင့် ဝေ့ဝဲစွာ လမ်းမပေါ်သို့ ကြွေကျနေခဲ့သည်။ ရွက်ဟောင်းကြွေ၍ ရွက်သစ် ဝေလေတော့ နှစ်တစ်နှစ် ကုန်ဆုံးသွားတော့မည့် အရိပ်အရောင်များ မပြောဘဲနှင့် သိနေရတော့သည်။ ဒီလိုနှစ်များစွာကို ကျော်ဖြတ်ဖို့ အားတွေ ယူရဦးမည်။ ညီလေးရဲ့ ငိုသံကို ဘယ်လို ဖြေသိမ့်ရမလဲ။ စကားလုံးများဖြင့် နှစ်သိမ့်စကားဆိုရမည်ကို မလိုလားတော့ပေ။ ညီလေးရဲ့ အနာဂတ်ကို တွေးမိပြန်တော့ အန်ကြိတ်နေရုံနဲ့ မပြီးသွားဘူးဆိုတာ သိနေခဲ့သည်။
တရိပ်ရိပ် တက်လာသော မိုးတိမ်းများကို ဘယ်လို ဖြိုခွင်းရမလဲ။ တရှိန်းရှိန်း ပူပြင်းနေသော နွေရာသီကို ဘယ်လို ကျော်ဖြတ်ရမလဲ။ တစိမ့်စိမ့် အေးခဲနေသော ဆောင်းရနံ့များ၏ ကျီစယ်မှုကို ဘယ်လို တုန့်ပြန်ရမလဲ။ ငှက်များ လွတ်လပ်စွာ ပျံသန်း နေကြသည်။ တောက်ပမ ကင်းမဲ့နေသော မျက်နှာသုတ်ပုဝါ တစ်ထည်ကို စူးစူး စိုက်စိုက် ကြည့်နေခဲ့မိသည်။ ပူလောင်မှုများ၊ နာကျည်းမှုများ၊ သံသယများ၊ အလိုရမ္မက်များ၊ မကျေနပ်မှုများ၊ လောကဓံဆိုးရဲ့ အချိုးအကွေ့ များစွာကို ခါးသီးစွာ ထမ်းထားခဲ့ရလေသည်။ တကယ်တော့ ညီလေးရယ် မင်းရဲ့ ခါးသီးမှုတွေဟာ ငါသွင်းထုတ်နေခဲ့တဲ့ သက်ပြင်း တစ်ခါလောက်တောင် မပြင်း ထန်လှပါဘူး။
'' အမေ...ဘယ်မှာလဲ၊ ဘယ်တော့ပြန်လာမှာလဲ၊ အခုထိ ပြန်မလာသေးဘူးလား''
'' လာမှာပေါ့ ညီလေးရယ် '' အမေထွက်သွားတဲ့နေ့က ယူကြုံးမရ ငိုရှိုက်သံများ အခုထိ မတိတ်သေး။ အမေ့ ဈေးခြင်းတောင်းအောက်က ပြာလဲ့လဲ့ ခေါင်းခုစုပ်လေးဟာ အခုတော့ ညီလေး ဝတ်ဆင်ထားတဲ့ ဘောင်းဘီးစုပ်လေး ဖြစ်နေခဲ့ပါပြီ။ ညီလေးရဲ့ ဘဝကို တောက်ပြောင်စေချင်သည်။ နွမ်းဖတ်နေသော ၊ ညှိုးငယ်နေသော ညီလေးကို မြင်နေရတိုင်း ခံစားချက်တွေ ပြင်းထန်လှသည်။ တကယ်တော့ ညီလေးရယ် အမေဈေးရောင်း ပြန်လာတိုင်း မင်းဆီးကြိုနေ ခဲ့တဲ့မျင်ကွင်းတွေဟာ ငါတစ်နေ့မှ မေ့မရပါဘူး။ အမေဟာ ငါတို့ ဘဝထဲကနေ အပြီးအပိုင် ထွက်ခွါသွားပြီဆိုတာ ညီလေး မင်းကို ငါဘယ်လို ပြောထွက်ပါ့မလဲ။ အရုပ်ကြိုးပြတ် ငေးငိုင်းနေတဲ့၊ တွေးတောနေတဲ့ ပုံရိပ်တွေကို မင်းနားမလည် သေးတာကိုဘဲ ကြံဖန်ပြီးကျေးဇူးတင် နေရပါတယ်။
တစ်ရက်က မှတ်မိနေသေးတယ်။ ညီလေးရဲ့ ပါးပြင်နုနုကို အမေနမ်းရှိုက်နေတော့ အမေ့ ပါးပြင် ထက်မှာ ဘာအတွက်မှန်း မသိတဲ့ စီးကျခဲ့တဲ့ မျက်ရည် ဥတွေလေ။ ဒါကိုလည်း ညီလေး မင်းမသိခဲ့ရှာဘူး မဟုတ်လား။ အဲဒီနေ့ ညက အကိုရဲ့ ပါးပြင်ထက်မှာလည်း ဖော်ပြလို့မရတဲ့ နာကျင်မှုတွေနဲ့အတူ မျက်ရည်တွေ တစ်ညလုံး စီးဆင်း နေခဲ့ရပါတယ်။ မိုင်းပေါင်းများစွာ ဝေးကွာနေတဲ့ အမေ့ရဲ့မေတ္တာဓာတ်တွေ ငါတို့ရင်ထဲ အတူ စီးဆင်းနေခဲ့တယ်။ ညီလေး မင်းကျခဲ့တဲ့ မျက်ရည်တွေဟာ ငါကိုယ်တွင်းက ဖြာကျလာတဲ့ သွေးတွေ ဖြစ်နေခဲ့ပါတယ်။ မင့်ရဲ့ ငိုရိုက်သံတွေကို ကြားခဲ့ရတိုင်း ငါ့ရင်တွေ မခံမရပ်နိုင်အောင် ဖြစ်နေရပါတယ်။ မင်းတောင် လေးနှစ်ထဲ ရောက်နေခဲ့ပြီပေါ့။ မင်းအမေ့ကို မျှော်လင့်နေတာ တစ်နှစ်ကျော်တောင် ကြာသွား ပြီပေါ့ကွာ။
နံရံပေါ် ချိပ်ထားတဲ့ အမေ့ရုပ်ပုံလွှာသည် မင်းအတွက် ဓားဖြစ်နေပေမဲ့၊ ငါ့အတွက်တော့ အားအင်တွေ ဖြစ်နေခဲ့တယ်။ အမေ့ဟာ ရဲရင့်ခဲ့တယ်။ အမေဟာ လောကကြီးကို ငါတို့အတွက် အန်တုနိုင်ခဲ့တယ်။ အမေ့ရဲ့ လက်တွေ၊ ခြေတွေ ခိုင်ခန့်ခဲ့ပေမဲ့ အမေ့ရဲ့ ဖြစ်တည်မှုတွေ မခိုင်ခန့်ခဲ့ရှာဘူး။ အမေဟာ တည်ကြည်တယ်၊ ပြတ်သားတယ်၊ ရိုးသားတယ်၊ ဖြူစင်တယ်။ အေးအေး ဆေးဆေးနေခဲ့ပေမဲ့ မဟုတ်မခံ စိတ်ဓာတ်နဲ့ တုန့်ပြန်တတ်တယ်။ ဘာသာတရား ကိုင်းရိုင်းပြီး လွတ်လပ်မှုကို မြတ်နိုးခဲ့တယ်။ အခုတော့ အမေ ဘယ်ထွက်သွားလဲ။ အမေ့ကို ညီလေးသာ သတိရတာ မဟုတ်ပါဘူး။ သားလည်း တစ်နေ့မှ မေ့ဖျောက်လို့ မရခဲ့ပါဘူး။ အမေရောက်ရှိနေတဲ့ ဘဝမှာ စိတ်ရော၊ ကိုယ်ပါ ချမ်းမြေ့နေလိမ့်မယ်လို့ သား ယုံကြည်ပါတယ်။
'' အဖေ''
'' သူလဲ ပြန်လာမှာပေါ့ကွာ ''
ညီလေး မင်းညည ထထရောင်အော်နေခဲ့တဲ့ အဖေကလည်း ဒို့ဘဝထဲကနေ အပြီးအပိုင် ထွက်ခွါ သွားခဲ့ပြီဆိုတာ မင့်ကို ငါဘယ်လို ပြောရပြန်မလဲ။ တကယ်တော့ မင်း တစ်ယောက်ထဲသာ ထထ အော်ခေါ် ခဲ့ပေမဲ့ မင်းအသံတွေဟာ ငါ့ရင်ဘတ်ထဲက ထွက်ကျလာတဲ့ အသံတွေပါပဲကွာ။ တကယ်တော့ အဖေဟာ အမေ မရှိတော့တဲ့ နောက်ပိုင်းမှာ ငါတို့ ညီအစ်ကို နှစ်ယောက်ကို လောကကြီးထဲမှာ မရောင်မလည်နဲ့ ထားခဲ့ပြီး ငါတို့ ဘဝထဲကနေ အပြီးအပိုင်း ထွက်ခွါ သွားခဲ့တယ်။ ဒါပေမဲ့ အဖေဟာ အမေ ရှိခဲ့စဉ်တုန်းက အေးအတူ ပူအမျှနဲ့ ရင်ဆိုင်ခံစားရင်း အဖေနဲ့ တူခဲ့ပါတယ်။ ဒါကြောင့် အဖေ့ကိုလည်း ဒို့ ညီအစ်ကိုတွေ ဗွေမယူသင့်ပါဘူး။ အဖေ ပထမဆုံး ပြန်မလာတော့တဲ့ နေ့ကရယ်၊ ဘာဖြစ်လို့ ပြန်မလာတာလည်းဆိုတာ သိရတဲ့ နေ့တွေတုန်းက ကျခဲ့တဲ့ အစ်ကို့ရဲ့ မျက်ရည်ဥတွေဟာ အခုထိတောင် မခမ်းချောက်သေးပါဘူး။
လောကကြီးသည် နားလည်မှုကို မပေးစွမ်းနိုင်ခဲ့ပေ။ ဒါထက် ပိုပြောရလျှင် ငါတို့ညီအစ်ကို နှစ်ယောက်ရဲ့ ခံစားမှုတွေကို ကိုယ်ချင်းမစာနာခဲ့ပေ။ ရက်စက်ခဲ့သည်။ ယုတ်မာခဲ့သည်။ ကောက်ကျစ်ခဲ့သည်။ အမှန်တရားမရှိ။ ငြိမ်းချမ်းမှုကို ဆာလောင်နေသော ငါတို့ ညီအစ်ကိုနှစ်ယောက်၏ သာယာမှုကို မဖြည့်ဆီးခဲ့ပေ။ ညှင်းဆဲခဲ့သည်။ ဒဏ်ခတ်ခဲ့သည်။ ချုပ်နှောင်ခဲ့သည်။ ထိုကဲ့သို့ တရားမျှတမှု ကင်းမဲ့နေသော လောကကြီးကို ဘယ်လိုနားလည်မှု ပေးရမည်လဲ။ သတ္တဝါတစ်ခု ကံတစ်ခု။ ထိုစကားကိုလည်း လက်ခံဖို့ တော်တော် ခက်ခဲ နေလိမ့်ဦးမည်။ ညီးလေးရဲ့ အော်ဟစ်သံ၊ ငိုကြွေးသံတွေ ကြားရတိုင်း ခါးသီးလှသော ကြမ္မာဆိုး၏ လှောင်ပြောင် ကျီစယ်မှုကို ရွံ့မုန်းလာမိသည်။ ဘယ်လို တုန့်ပြန် ရမလဲ။ ထိုထိုသို့သော အတွေးများစွာဖြင့် အနာဂတ်၏ ခါးသီးမှု ဒဏ်ရာ ဒဏ်ချက်များကို အရသာမဲ့စွာ မြိုချ နေခဲ့ရလေသည်။
'' ညည ထမင်း လာတောင်းနေတဲ့ လူကြီးက အရူးကြီးလား ''
'' အေး အေး ''
ညီလေး မင်းရဲ့ မေးခွန်းတွေကို ငါဘယ်လို ဖြေရှင်းရမလဲ။ ငါ့ကိုမေးခွန်းတွေနဲ့ မနှိပ်စက်ပါနဲ့တော့ကွာ။ မင်းရဲ့ ရိုးသားမှု မေးခွန်းတွေကို တကယ်တော့ မုသာဝါဒဆိုတဲ့ အနံ့ဆိုးတွေနဲ့ ပက်ဖြန်း ပစ်ပစ်နေရပါတယ်။ ဒါကို မင်း ဘယ်လိုမှ မသိရှာပါဘူး။ တကယ်တော့ကွာ ငါတို့ရဲ့ အကြီးဆုံး အစ်ကိုတစ်ယောက် လောကကြီး ထဲမှာ ရှိနေခဲ့သေးတယ်ဆိုတာ မင်းကို ငါဘယ်လို ပြောပြရမလဲ။ အစ်ကိုကြီးမျိုးဟာ သူဘဝရဲ့ လက်တွဲဖော်ကို ငံ့လင်းရင်း အခုတော့ ရွာအပြင်က ဇရပ်အိုကြီးထဲမှာ အရူးတစ်ပိုင်းနဲ့ ဖြစ်နေခဲ့ရှာတယ်။ သူလည်း ငါတို့ဘဝထဲက ထွက်သွားတာ အမေရှိစဉ် အခါထဲကပေါ့။ သူလည်း သူ့ဆာလောင်မူအတွက် သူ့ဘဝကို ထိုးကြွေးရင်း သူ့မျှော်လင့်ချက်တွေကို ကိုက်ဖြတ် စားနေခဲ့ရတယ်။ ဘဝမှာ လိုချင်တာ မရတာလောက် ပူပန်ဆင်းရဲမှုဆိုတာ ရှိနေလောက်မယ် မထင်ပါဘူး။ ညီလေး မင်းဟာ အမေ၊ အဖေကို တမ်းတနေသလို၊ ငါတို့ရဲ့ အကိုကြီးဆုံး အကိုကြီးမျိုးဟာလည်း သူ့ဘဝမှာ အလိုအပ်ဆုံးဖြစ်တဲ့ အရာဝတ္ထုတစ်ခုကို မျှော်လင့် စောင့်စား နေရရှာတယ်။
ငါတို့ရဲ့ ရိုက်ခိုက်မှုထဲမှာ အမေရှိစဉ် အခါကထဲက အကိုကြီးရဲ့ ဒဏ်တွေ ပါလာခဲ့ပါတယ်။ ရုပ်ဝတ္ထုရဲ့ ဝါးမြို ချမှုဟာလည်း ကြောက်စရာ ကောင်းခဲ့တယ် ညီလေး။ အမှန်တကယ် ကိုကြီးမျိုး ရူးသွတ် သွားရခြင်း အကြောင်းကို မင်းကို စီကာပတ်ကုံး ပြောပြရရင် ငါ့မျက်ဝန်းအိမ်ထဲမှာ မျက်ရည်ဆိုတာတွေ ရှိတော့မှာ မဟုတ်ပါဘူး။ ငါရဲ့ မြိုသိပ်မှုတွေထဲမှာ ဒါဟာလည်း အရမ်းကိုပဲ ပြင်းထန်၊ ကြမ်းတမ်း၊ ခက်ရှလွန်းပါတယ်။ ဒါတွေကို မေ့ဖျောက်ဖို့ ကြိုးစားနေရတာကိုက ခက်ခဲပင်ပန်းတဲ့ အလုပ်တွေဆိုတာ ညီလေး မင်းသိအောင် ငါဘယ်လို ပြောပြ ရမလဲ။ နောက်ထပ် မေးခွန်းတွေနဲ့ ငါ့ကို မနှိပ်စက်ပါနဲ့တော့ ညီလေးရယ်။
ရင်ထဲမှ ခံစားချက်များကို ညီလေး မသိအောင် လိမ်လည် လှည့်ဖြားရင်း နေခဲ့ရသည်။ ညီလေးရဲ့ ပါးစပ်ဖျားမှ ထွက်လာသော မေးခွန်းများကို မုသာဝါဒ သုံးနေရသော်ညား ထိုမေးခွန်းများ၏ နောက်ကွက်မှာ ကျန်ရစ်ခဲ့သော ဝေဒနာများကို မနည်း ကုစားနေခဲ့ရသည်။ အမေ၊ အဖေ၊ အစ်ကိုကြီး သူတို့၏ ရိုက်ခတ်မှု ဒဏ်ရာများသည်။ ညီလေး ရင်မှတဆင့် ကူးစက် စီးဆင်း လာနေခဲ့ရသည်။ ညီလေးအတွက် အဖေ ဖြစ်ခဲ့သည်။ အမေ ဖြစ်ခဲ့သည်။ အကိုင်္ကြီးဆုံး ဖြစ်ခဲ့သည်။ တစ်ထောင့်တစ်ည ပြောပြရလောက်အောင်ပင် မကသော ထိုထိုသို့သော ဇာတ်မျောကြီးကို တစ်နေ့ကျရင် ညီလေးကို ဘယ်လိုပြောပြရမည်နည်း။
'' ထီပေါက်ရင် အင်္ကျီ ဝယ်ပေးမယ်ဆို ''
'' အေး အေး ''
'' ဘယ်တော့ ဝယ်ပေးမှာ လဲ ''
'' ဝယ်ပေး မှာပေါ့ကွ ''
ညီလေး ငါ့ပါးပြင်ပေါ်မှာ စီးကျခဲ့တဲ့ မျက်ရည်စတွေကို မင်းမမြင်အောင် ဖုံးကွယ်ထားခဲ့ရပါတယ်။ တကယ်တော့ ငါတို့နှစ်ယောက် အတွက် နပ်မှန်အောင် ဝမ်းရေးအတွက် ငါတစ်ယောက်တည်း တိုက်ပွဲ ဝင်နေ ခဲ့တယ်။ ညီလေးရယ် နောက်ထပ် ဘယ်လိုသော မေးခွန်းတွေကိုမှ မမေး ပါနဲ့တော့လား။ ဒီမေးခွန်းတွေဟာ မင့်အတွက် အလိုအပ်ဆုံးဆိုတာ သိပါတယ်။ ဒါပေမဲ့လေ အစ်ကို့ အတွက်ကတော့ အင်မတန် ခါးသီး ပြင်းထန် လှတဲ့ ဓားသွားတွေ ဖြစ်နေခဲ့ရတယ်။
တစ်ယောက်ထည်း စီးကျလာခဲ့သော မေးခွန်းများအတွက် မျက်ရည်စတွေကို ညီလေးမမြင်အောင် သုတ်ပစ်နေခဲ့သည်။
ညီလေး တကယ်တော့မင်းလည်း တစ်နေ့ကျရင် လူကြီး ဖြစ်လာဦးမှာပါ။ မင်းအတွက် ကျခဲ့ရတဲ့ မျက်ရည်စတွေဟာ ငါ့ခန္ဓာကိုယ်ကြီးရဲ့ အသက်ရှင်ဖို့ လည်ပတ်နေခဲ့ရတဲ့ သွေးစတွေပါ။ နောက်ထပ် မေးခွန်းတွေနဲ့ မနှိပ်စက်ပါနဲ့ ညီလေး။ ကံကြမ္မာဟာလည်း ငါတို့ကို ဒီအတိုင်းထားမှာ မဟုတ်ပါဘူး။ ငါ့ရင်ထဲမှာလည်း ဆာလောင်နေတဲ့ အသံတွေနဲ့ ညည အိပ်မပျော်မှုတွေဟာ မင်းအန်ကြိတ်တာထက် ပြင်းထန် လွန်းပါတယ်။ ငါတို့ နှစ်ယောက် ဥမကွဲ သိုက်မပျက် နေထိုင်ရင်း မင့်ကို ပိုးမွေးသလို မွေးပါ့မယ်။ လောကဓံရဲ့ ခါးသီးလွန်းတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ခုခံ တွန်းလှန်ပါ့မယ်။ နောက်ထပ် မေးခွန်းတွေနဲ့ မနှိပ်စက်ပါနဲ့တော့ လား ညီလေး။
မောင်မင်းစိုး