Thursday, February 4, 2021

ကဗျာရှင်သို့ ဦးညွတ်ခြင်း



    '''ဝင်္ဂီသကို တွေ့တဲ့သူ၊ မြင်တဲ့သူဟာ ချမ်းသာမယ်။ အခြံအရံအကျော်အစော ရှိမယ်။ နတ်ရွာကို လားရောက်ရမယ်''ဆိုပြီး ဝါဒဖြန့်လျက် ဒေသခံလူများအား စည်းရုံးလှုံ့ဆော်ကြသည်။

    မြတ်ဗုဒ္ဓခေတ်တွင် ထင်ရှားကျော်ကြားခဲ့သည့် ကဗျာဆရာတစ်ပါးပေါ် ထွက်ခဲ့သည်။ အကြောင်းအရာ တစ်ခုခုကို လက်သန်းအနေဖြင့် တဒင်္ဂအတွင်းမှာပင် ဂါထာကဗျာရေးဖွဲ့နိုင်လောက်အောင် ပဋိညာန်ရှိသည်။ မြတ် ဗုဒ္ဓသည် ''ရဟန်းတို့ ဆန်းကြယ်သောဉာဏ်ပဋိဘာန်ရှိသော အရာ၀ယ်(ဂါထာကဗျာကို စပ်ဆိုနိုင်ရာ၀ယ်) ၀င်္ဂီသ ရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ''ဟု မိန့်ဆိုလျက် ဧတဒဂ်ရာထူးဖြင့် ချီးကျူးတော်မူခဲ့ရသည့်အထိ လက်ရာက တောက်ပြောင်သည်။ အစွမ်းထက်သည်။ လက်စောင်းထက်ပေသည်။ ထိုနည်းတူစွာပင် မြန်မာ့စာပေ သမိုင်းတွင်လည်း အင်း၀ခေတ်တွင် အထူးအားဖြင့် သိသာထင်ရှားသည့် ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလဝံသ၊ ရှင်တေဇောသာရစသည့်ရဟန်းတော်များနှင့် မျက်မှောခေတ်အထိ ရဟန်းစာဆိုများ ပေါ်ထွက်ခဲ့သည်။

    အရှင်ဝင်္ဂီသအကြောင်းကို လေ့လာလျှင် သဂါထာ၀ဂ္ဂပါဠိတော်၊ ဝင်္ဂီသသံယုတ်တွင်လာသည့်  နိက္ခန္တသုတ်၊ အရတီသုတ်၊ သုဘာသိတသုတ်၊ သာရိပုတ္တသုတ်၊ ပရောသဟဿသုတ်၊ ကောဏ္ဍညသုတ်၊ မောဂ္ဂလာနသုတ်၊ ဂဂ္ဂရာသုတ်၊ ဝင်္ဂီသသုတ်တို့ကို လေ့လာကြည့်လျှင် အရှင်မြတ်၏ ကဗျာအစွမ်းအစကို ထိထိမိမိ သိနိုင်ပေလိမ့်မည်။ သို့အတွက် မထေရ်မြတ်၏ အကြောင်းကို ဦးစားပေးပြီး ပြည့်ပြည့်စုံစုံ ဖော်ပြအပ်ပါသည်။

    အရှင်ဝင်္ဂီသမထေရ်အလောင်းလျာသည် ပဒုမုတ္တရ ဘုရားရှင်လက်ထက် ဟံသာ၀တီမင်းနေပြည်တော်တွင် ချမ်း သာသည့်အမျိုး၌ ဖြစ်ခဲ့သည်။ တစ်ရက် ကျောင်းတော်သို့ သွားရာတွင် ပဒုမုတ္တိုရ်မြတ်စွာဘုရားရှင်မှ တပည့် ရဟန်းတစ်ပါးအား 'ဆန်းကြယ်သောဉာဏ်-ပဋိဘာန်ရှိသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး(ကဗျာ ရေးသားဖွဲ့သီရာတွင် အသာဆုံး)ဧတဒဂ်ရာထူးကို ပေးအပ်နေသည့်အချိန်နှင့် တိုက်ဆိုင်နေခဲ့သည်။ သို့အတွက် မိမိသည်လည်း အဆိုပါရဟန်းကဲ့သို့ ဂါထာကဗျာဖွဲ့သီရာတွင် အသာဆုံးဧတဒဂ်ရာထူး ရရန်အတွက် ဆုတောင်း ခဲ့သည်။ ယင်းပဒုမုတ္တိုရ်ဘုရားရှင် ထံမှပင် ဗျာဒိတ်စကားကို ရခဲ့သည်။

    သူသည် ထိုဘ၀မှစုတေ၍ ဘ၀ပေါင်းများစွာ လူပြည် နတ်ပြည်တို့တွင် စုံဆန်လှည့်လည်ခဲ့ပြီး၍ နောက်ဆုံး ပစ္ဆိမဘ၀တွင် ဂေါတမဘုရားရှင်လက်ထက်၀ယ် သာ၀တ္ထိပြည်၌ ပုဏ္ဏားအမျိုးတွင် လူလာဖြစ်ခဲ့သည်။ သူ့နာမည် ကိုလည်း ဝင်္ဂီသဆိုပြီး မှည့်ခေါ်ခဲ့ကြသည်။ သူသည် ဉာဏ်ပညာ အလွန်ကောင်းသူပင် ဖြစ်သည်။ မိမိဆရာထံမှ ''ဆ၀သီသမန္တာန်'' ဦးခေါင်းခွံကို မန်းမှုတ်၍ ခေါက်ကြည့်လျှင် ထိုဦးခေါင်းခွံပိုင်ရှင်သည် မည်သည့် ဘ၀တွင်ရောက် ရှိနေသည်ကို သိခြင်းဆိုသည့် အတတ်ပညာကို ကောင်းမွန်ပိုင်နိုင်စွာ တတ်မြောက်သည်။ မှားသွားသည်ဟူ၍ မရှိ။

    ယင်းအတတ်ပညာသည် ပုဏ္ဏာများအတွက် အထောက် အပံ့ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပုဏ္ဏား ကြီးများသည် ငယ်ငယ်ရွယ်ရွယ်ရှိသေးသော ဝင်္ဂီသကို အားကိုးလျက် သူ၏ အတတ်ပညာစွမ်းအားဖြင့် အရပ်ရပ် ဟောပြောစေပြီး ရရှိလာသည့် ဟောပြောခများဖြင့် ဘ၀ကို ရပ်တည်နေခဲ့ရခြင်း ဖြစ်သည်။ သို့အတွက် ဝင်္ဂီသသည် မိမိပုဏ္ဏား အမျိုးများအတွက် တန်ဖိုးဖြတ်မရသည့် ရတနာတစ်ပါးပင် ဖြစ်သည်။

    ထိုသို့ အရပ်ရပ်နေပြည်တော်များသို့ လှည့်လည်ကြရာတွင် ပုဏ္ဏားများသည် ဝင်္ဂီသကို အများမမြင်စေရန် လုံခြုံစွာ ကာရံလျက် လှည့်လည်ကြခြင်းဖြစ်သည်။ ရောက်ရှိသည့် နေရာတိုင်းတွင် သူတို့သည် စခန်းချလိုက် လူများအားစုရုံးစေပြီး ဝင်္ဂီသနှင့် တွေ့ကြရန် ဟောပြောကြသည်။ နောက် ဝင်္ဂီသအထံမှ လူသေကောင်၏ ဦးခေါင်းခွံကို ခေါက်လျက်ဖြစ်ရာ ဘ၀များကို မေးမြန်းခြင်းကို ပြုလုပ်ကြရန် တိုက်တွန်းကြသည်။

    ''ဝင်္ဂီသကို တွေ့တဲ့သူ၊ မြင်တဲ့သူဟာ ချမ်းသာမယ်။ အခြံအရံအကျော်အစော ရှိမယ်။ နတ်ရွာကို လားရောက်ရမယ်'' ဆိုပြီး ဝါဒဖြန့်လျက် ဒေသခံလူများအား စည်းရုံးလှုံ့ဆော်ကြသည်။ ရောက်လာသည့်လူများသည် ဝင်္ဂီသကို ငွေကြေးအသပြာပေး၍ ကြည့်ရှုကြသည်။ သေသူ၏ဦးခေါင်းခွံကို ခေါက်လျက် ရောက်ဘုံဌာန အသီးသီးကို မေးမြန်းကြသည်။ အလကားတော့ မရ။ အခကြေးငွေတော့ ပေးကြရသည်။ ဤကဲ့သို့ ပုဏ္ဏားများသည် ဝင်္ဂီသအား မျောက်ပြလျက် ဆန်တောင်းခြင်းကဲ့သို့ ဘ၀ရပ်တည်ရေးအတွက် ဖြေရှင်းကြရသည်။ သူတို့အတွက် ဝင်္ဂီသသည် မဟာကျေးဇူးရှင်ကြီးဖြစ်သည်။ အဘိုးအနဂ္ဂထိုက်တန်သည့် ရတနာခဲကြီးလည်း ဖြစ်နေခဲ့သည်။ ယင်းသို့ အရပ်ရပ် ဌာနအသီးသီးသို့ လှည့်လည်လျက် ငွေကြေးအသဖြာရှာပြီးနောက် မိမိ၏ နေရပ်ဖြစ်သည့် သာ၀တ္ထိပြည်သို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။

    ထိုသို့ဖြင့် ဇေတ၀န်ကျောင်းအနီးသို့ ရောက်ရှိနေစဉ်အတွင်း ဝင်္ဂီသ၏စိတ်ထဲတွင် အလိုလို ဂေါတမဗုဒ္ဓ၏ ဂုဏ်သတင်းက ၀င်ရောက်လာခဲ့သည်။ 'ရဟန်းဂေါတမကို လူတွေက ပညာရှိလို့ ပြောနေကြတယ်၊ ဒါကြောင့် ဒီပညာရှိကြီးထံကို ငါသွားရောက်ဆည်းကပ်ဖို့ရန် သင့်လျော်ချေတယ်'ဆိုပြီး အကြံဖြစ်သည်နှင့် ဝင်္ဂီသသည် မြတ်စွာဘုရားရှင်ထံကို ချည်းကပ်ခဲ့သည်။ မိမိနှင့်အတူပါလာသည့် ပုဏ္ဏားများကိုကား ကိုယ့်နေရာဌာန အသီးသီးသို့ ပြန်နှင့်ကြရန် တိုက်တွန်းခဲ့သည်။ ထိုကဲ့သို့ ရဟန်းဂေါတမထံသို့ ဝင်္ဂီသသွားရောက်ဖူးမြော်မည်ဆိုသည်ကြောင့် ပုဏ္ဏားများ မျက်ခုံးလှုပ်နေခဲ့ကြသည်။ အမျိုးမျိုးအဖုံဖုံ မသွားရန် တိုက်တွန်းခဲ့သည်။

    ''ဝင်္ဂီသ၊ မင်းအနေနဲ့ ဂေါတမထံ မသွားသင့်ဘူး။ ဂေါတမဟာ သူ့ဆီရောက်တဲ့လူတိုင်းကို မာယာအတတ်နဲ့ လှည့် ဖြားပြီးတော့ သူ့ဘက်ပါအောင် စည်းရုံးတတ်တယ်။ ဒါကြောင့် မသွားသင့်ဘူး''စသဖြင့် မသွားရောက်ရန် အတွက် ပြောဆိုခဲ့ကြသည်။ သို့သော် ဝင်္ဂီသသည် ပုဏ္ဏားများ၏စကားကို တော်လှန်လျက်  မြတ်ဗုဒ္ဓထံသို့ သွားရောက်ခဲ့သည်။

    လောကတွင် ဆရာများသည် မိမိလက်အောက်တွင်ရှိသည့် တပည့်များ တော်လျှင် အခြားနေရာသို့ ပြောင်း ရွှေ့ခြင်းကို သိပ်ပြီးဘ၀င်မကျဖြစ်တတ်ကြသည်။ ငါ့တပည့်ဆိုသည့် ဂုဏ်ပုဒ်ဖြင့် ရပ်တည်စေချင်ကြသည်။ ဤကား တပည့်အတွက် လုံး၀မကောင်းသည့် ကြီးမားသည့် အစွဲဖြစ်သည်။ ထိုနည်းတူစွာပင် အခြားအခြားသော နယ်ပယ် အသီးသီးတွင်လည်း ထိုကဲ့သို့ ရှိတတ်ကြသည်။ ဆရာနှင့်ခေါင်းဆောင်ဆိုသူများသည် မိမိထက် မိမိ၏တပည့် အောက်လက်ငယ်သားများက သာနေမှသာလျှင် ဆရာ၊ ခေါင်းဆောင်ဆိုသည့် ဂုဏ်ပုဒ်နှင့်ကိုက်ညီပေလိမ့်မည်။

    ''ဝင်္ဂီသ၊ မင်းတစ်စုံတစ်ခုသော အတတ်ပညာကို တတ်သိသလော''ဆိုပြီး မြတ်စွာဘုရားရှင်က ဝင်္ဂီသ လုလင်ကို မေးမြန်းလိုက်သည်။ သို့အတွက် မိမိအနေနဖြင့် 'ဆ၀သီသ မန္တာန်မည်သော မန္တာန်ကို တတ်သိကြောင်း ပြန်လျှောက်လိုက်သည်။ ဒီမန္တာန်ရဲ့ စွမ်းအင်ကို မြတ်စွာဘုရားကမေးတော့ သူ့အနေနဲ့ ဒီမန္တာန်ကို စုပ်မယ်၊ ရွတ် မယ်ဆိုရင် သုံးနှစ်အထက်က သေသောသူတွေရဲ့ ဦးခေါင်းခွံကို လက်သည်းနဲ့ ခေါက်ခြစ်ရုံဖြင့် လားရောက်နေ သည့် ဘုံဌာနကို သိမြင်ကြောင်း'ကို ပြန်လည်လျှောက်ထားလိုက်သည်။
 
    မြတ်စွာဘုရားရှင်သည် ဦးခေါင်းခွံလေးခုကို တန်ခိုးဖြင့် ယူဆောင်လျက် မေးမြန်းလိုက်သည်။ ဝင်္ဂီသ သည်လည်း မေးတိုင်းမေးတိုင်းသော ရှေးသုံးခုစလုံး၏ အဖြေကို တိကျမှန်ကန် ဖြေဆိုနိုင်သည်။ သို့သော် လေးခု မြောက် ဦးခေါင်းခွံကိုကား မည်သည့်ဘုံဌာန ရောက်နေသည်ကို မည်မျှလောက် ကြိုးစားပြီးကြည့်သော်လည်း အဖြေက မရခဲ့ချေ။ ခန္ဓာကိုယ်မှလည်း ချွေးများတဒီးဒီး ယိုကျနေခဲ့သည်။ မည်မျှပင် ကြိုးစားလျက် အဖြေထုတ်သော် လည်း လုံး၀မခန့်မှန်းနိုင်တော့ချေ။ သို့အတွက် လက်လျော့လိုက်ရသည်။

    ''ပင်ပန်းသွားပြီးလား ဝင်္ဂီသ''
    ''မှန်ပ၊ တပည့်တော် ပင်ပန်းလှပါပြီ၊ ဒီဦးခေါင်းခွံပိုင် ရှင်ရဲ့ လားရာဌာနဂတိကို ဘယ်လိုပင်အဖြေထုတ်ပေမဲ့ မသိ နိုင်ပါ၊ တကယ်လို့များ အရှင်ဘုရားအနေနဲ့ သိမယ်ဆိုရင် တပည့်တော်ကို ဖြေကြားပေးပါဘုရား'' ဤကဲ့သို့ လက်လျော့ပြီး တောင်းပန်စကား လျှောက်ထားလိုက်သည်။

    ''ချစ်သား၊ ဝင်္ဂီသ၊ ငါဘုရားဟာ ဒီသတ္တဝါကိုလည်း သိတယ်။ ဒါထက်အလွန်ပိုမိုပြီးတော့လည်း သိတယ်''

    ''ချစ်သား ဝင်္ဂီသ၊ ရဟန္တာပုဂ္ဂိုလ်ဟာ ခပ်သိမ်းသော လူအားလုံး၏ စုတိပြတြွေ်က သေလွန်ခြင်းကိုလည်း သိတယ်။ ဘယ်ဘ၀ ဘယ်ပဋိသန္ဓေ ကပ်ရောက်နေတယ်ဆိုတာကိုလည်း သိတယ်။ အာရုံငါးပါး ကာမဂုဏ် တရားတွေ မကပ်ငြိဘဲ ကျင့်၀တ်ပဋိပတ်မှန်ကန်စွာ ကျင့်ကြံတော်မူပြီး နိဗ္ဗာန်နန်းကို ဆိုက်ရောက်တော်မူပြီးသော၊ သစ္စာလေးပါးကို ထင်ထင်လင်းလင်း သိမြင်တော်မူတဲ့ ရဟန္တာပုဂ္ဂိုလ်ကို ငါဘုရားအနေနဲ့ 'ဗြာဟ္မဏ'လို့ ခေါ်တယ်''

    ''ချစ်သား ဝင်္ဂီသ၊ ဒီလို ရဟန္တာပုဂ္ဂိုလ်ရဲ့ လားရာဂတိကို ဘယ်နတ်ဒေဝါ တို့မှလည်း မသိနိုင်ဘူး။ ဘယ်လူသား ဂန္ဓဗ္ဗ ကချေသည်ဆိုသူများကလည်း မသိနိုင်ဘူး။ အဲဒီလို အာသေဝါလေးဖြာ ကုန်ခန်းလေပြီးသော၊ ကိလေသာတို့မှ ‌ဝေးကာတော်မူပြီးသော ရဟန္တာပုဂ္ဂိုလ်ကို'ဗြာဟ္မဏ' မည်၏ ဟူ၍ ငါဘုရား ဟောကြားတော် မူတယ်။

    ဤကဲ့သို့ဟောကြားလိုက်တော့မှ ရဟန္တာဖြစ်သူ၏ ဦးခေါင်းခွံကို ခေါက်ကြည့်ခြင်းသည် မည်သည့်ဌာန ဂတိတွင် လားရောက်ရသည်ကို မသိနိုင်ပေ။ သို့အတွက် သိနိုင်သည့် ပညာရပ်ကို မိမိတတ်သိထားသော ဆ၀သီ သမန္တာန်ဖြင့် အလဲအထပ်လုပ်ရန် မြတ်စွာဘုရားအား လျှောက်ထားလိုက်သည်။ မြတ်စွာဘုရားရှင်ကလည်း ဒီအတိုင်း လဲတာမျိုး မလုပ်ပါကြောင်း၊ မေတ္တာဖြင့်သာ သင်ကြားပေးကြောင်း ပြန်လည်ပြီး မိန့်တော်မူလိုက်သည်။ သို့အတွက် မေတ္တာစိတ်ထားကာ ထိုမန္တာန်ကို သင်ကြားပေးရန် တောင်းပန်လျှောက် ထားလိုက်လေသည်။

    ''ဝင်္ဂီသ၊ မင်းတို့ပုဏ္ဏားတွေထံကနေ အဖိုးထိုက်တဲ့ မန္တာန်ကိုပဲဖြစ်ဖြစ်၊ အဖိုးသိပ်မထိုက်တန်တဲ့ မန္တာကို ဖြစ်ဖြစ် သင်ယူတဲ့အခါ အလကားရတာမျိုး ရှိခဲ့သလား''

    ''မရှိပါ၊ တစ်ခုခုတော့ ဖြည့်ကျင့်ပေးရပါတယ်''ဆို ပြီး လျှောက်လိုက်သည်။
    ''အေး၊ ငါတို့မန္တာန်ကို သင်ယူမယ်ဆိုရင်လည်း တစ်ခုခုတော့ လုပ်ရလိမ့်မယ်''ဆိုပြီး မိန့်တော်မူလိုက်သည်။ မှန်ပါသည်။ ပုဏ္ဏားများသည် မန္တာန်ကို သူတို့အတွက် ပစ္စည်း ဥစ္စာအဖြစ် သတ်မှတ်ထားထားကြသည်။ သို့အတွက် မန္တာန် ရွတ်ခြင်း သင်ယူရခြင်းမှာ ရောင့်ရဲသည်ဆိုတာ မရှိပေ။

    ''အရှင်ဘုရား၊ ဒါဆိုရင်လည်း လိုက်နာရမည့် နည်းလမ်းစည်းကမ်းကိုသာ တပည့်တော်ကို ပြောပြပါ၊ တပည့်တော် ဖြည့်ကျင့်ပါမယ်''ဟု လျှောက်သည်။
 
    ''ဒီလိုဆိုရင် အသွင်တူအောင်အရင်လုပ်ပါ။ အရင်ဆုံး ရဟန်းပြုပါ''ဆိုပြီး မိန့်တော်မူလိုက်သည်။ သို့အတွက် ကြောင့် ဝင်္ဂီသသည် မန္တာန်ကို လုံး၀တတ်မြောက်အောင် သင်မည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ ထို့နောက် မိမိနှင့် အရပ်တကာလှည့်လည်ရာတွင် ပါ၀င်သည့် ပုဏ္ဏားများအား မိမိတို့နေရာဌာနအသီးသီး ပြန်ကြရန် ပြောလိုက် သည်။

    ''သင်တို့အနေနဲ့ ငါရဟန်းပြုတာကို ဘာမှစိတ် အနှောက်အယှက် ဖြစ်မနေကြနဲ့၊ တကယ်လို့ ငါ့အနေနဲ့ ဗုဒ္ဓမန္တာန်ကို တတ်မြောက်ပြီဆိုရင် ဒီဇမ္ဗူဒိပ်တကျွန်းလုံးမှာ ဆရာကြီးဖြစ်ပြီ၊ ငါ့ထက်သာတဲ့သူလည်း မရှိတော့ဘူး။ ဒီလို ဆိုရင် သင်တို့အနေနဲ့လည်း ငါ့ကိုအမှီပြုပြီးတော့ ကောင်းမြတ်သည်သာ ဖြစ်ကြပါလိမ့်မယ်''ဆိုပြီး ပြော ဆိုလိုက်ကြသည်။

    မြတ်စွာဘုရားရှင်သည် အနီးအပါးမှာရှိနေသည့် အရှင်နိဂြောဓကပ္ပရဟန္တာမထေရ်ကို ရှင်ရဟန်းပြုပေး ခိုင်းလိုက်သည်။ ရဟန်းအဖြစ်သို့ ရောက်ရှိလာသည့် အရှင်ဝင်္ဂီသအား မန္တပရိ၀သ်အဖြစ် ဆောက်တည်စေရန် (၃၂)ပါးသော ကောဋ္ဌာ သကမ္မဋ္ဌာန်းကို သင်ကြားပေးလိုက်သည်။ ယင်းတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ရှုမှတ်ပွား များမှုကြောင့် ရဟန္တာအဖြစ်သို့ ဆိုက်ရောက်ခဲ့လေသည်။

    ပုဏ္ဏားများသည် ဝင်္ဂီသ၏အခြေအနေ သိလိုသည်ဖြစ်သည့်အတွက် ရောက်လာကြသည်။ ထိုအချိန်တွင် အရှင်ဝင်္ဂီသသည် ရဟန္တာဖြစ်နေခဲ့သည်။ မန္တာန်တတ်မြောက်မှုအခြေအနေကို မေးမြန်းသည်။ စုံစမ်းကြသည်။  အရှင်သူမြတ်ကလည်း သင်ယူပြီးကြောင်း တတ်မြောက်ပြီးကြောင်း ပြန်လည်ပြီးတော့ မိန့်ကြားလိုက်သည်။ ထိုသို့ဖြစ်လျှင် မူလကပြောဆိုထားသည့် အတိုင်း တတ်မြောက်ပြီဆိုပါက သူတို့နဲ့တစ်ပါးတည်း ပြန်လည် လိုက်ခဲ့ရန် ခေါ်ကြသည်။ သို့သော် အရှင်ဝင်္ဂီသသည် ငြင်းပယ်သည်။ လုံး၀မလိုက်နာကြောင်း ပြောဆိုလိုက်သည်။

    ''ငါတို့ အစကတည်းက ပြောခဲ့ပါတယ်။ ဒီရှင်ကြီး ဂေါတမဆိုတာ မိမိထံကို ရောက်လာတဲ့သူတွေကို မာယာနဲ့ လှည့်ဖြားတယ်။ သိမ်းသွင်းတယ်။ သူ့အယူ၀ါဒအောက် ပြားပြားမှောက်သွားအောင် လုပ်ဆောင်တတ် တယ်၊ အခု အဲဒီလို ဖြစ်နေပြီမဟုတ်လား''ဆိုပြီး ပုဏ္ဏားတွေဟာ အရှင်ဝင်္ဂီသကို အပြစ်တင်တဲ့လေသံနဲ့ ပြန်ပြောကြသည်။ မည်သို့ပင် ပြောပြောဆိုဆို အရှင်ဝင်္ဂီသသည် အယူဝါဒ မတူ၊ အသွင်အပြင်မတူသည့် အဖွဲ့ အစည်းတစ်ခုအောက်သို့ လိုက်မသွားခဲ့တော့ပေ။
 
    ဤသို့ဖြင့် အရှင်ဝင်္ဂီသမထေရ်သည် မြတ်စွာဘုရားထံတွင် ဆည်းကပ်ရန် သွားရောက်သည်ရှိသော် မြတ်စွာ ဘုရားရှင်ကို မြင်တွေ့ရာအရပ်မှ စတင်၍ လစန်းနှင့်လည်းကောင်း၊ နေမင်းနှင့်လည်းကောင်း၊ ကောင်းကင် နှင့်လည်းကောင်း၊ မဟာသမုဒ္ဒရာနှင့်လည်းကောင်း၊ ဆင်ပြောင်နှင့်လည်းကောင်း၊ ကေသရာဇာခြင်္သေ့ မင်းနှင့်လည်းကောင်း၊  ဂါထာပေါင်းမြောက် များစွာတို့ဖြင့် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော် တို့ကို ချီးကျူးဖွဲ့ဆိုလျက် သွားရောက်ဖူးမြော်ခဲ့လေသည်။ ထို့ကြောင့် နောင်တစ်ချိန်တွင် မြတ်ဗုဒ္ဓသည်-

    ရဟန်းတို့ ဆန်းကြယ်သောဉာဏ် ပဋိဘာန်ရှိသော အရာ၀ယ်(ဂါထာကဗျာကို စပ်ဆိုနိုင်ရာ၀ယ်) ဝင်္ဂီသ ရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေဟု မိန့်ဆိုလျက် ဧတဒဂ်ရာထူးဖြင့် ချီးကျူးတော်မူခဲ့လေသည်။

    ကဗျာဖွဲ့နွဲ့ခြင်းအား ဝါသနာပါသည်ဟု ဆိုရမည်ဖြစ်၏။ သို့သော် အကြောင်းအရာကို ထိုင်စဉ်းစားလျက် မိမိဖွဲ့နွဲ့ မည့်အကြောင်းအရာကို အချိန်ကုန်ခံပြီး စကားလုံးများကို တီ ထွင်နေခဲ့ခြင်းကား မဟုတ်ပေ။ သူ့အား ကဗျာဖွဲ့ခြင်း၌ နှစ်သက်သူဖြစ်၏-ဟု ရဟန်းအများ၏ ကဲ့ရဲ့မှုကိုလည်း ခံရသည်။ သို့သော် ထိုသို့ မဟုတ်။ လျပ်တပြက်ပေါ်လာသည့် စကားလုံးများဖြင့် လက်ရှိအခြေအနေကို ကဗျာဆန်ဆန် ဖွဲ့နွဲ့လျက် သီကုံး ရွတ်ဆိုခြင်းဖြစ် သည့်အတွက် မြတ်ဗုဒ္ဓကိုယ်တော်တိုင် ချီးကျူးရသည်။ ခိုင်းစေရသည်။ ဧတဒဂ်ဘွဲ့ထူးကို ပေးရသည်အထိ သူ၏လျပ်တပြက် ကဗျာဉာဏ်ပဋိဘာန်သည် ရွှင်ခဲ့သည်။

    သူအား အနီးကပ်နေ၍ အပြစ်ကြီးငယ်တို့ကို ကြည့်ရှုဆုံးမ ပေးတော်မူသော ဆရာသည် အရှင်ကပ္ပဖြစ် ပါသည်။ ပင်ညောင်ပင်အောက်တွင် အနေများသည့်အတွက် နိဂြောဓဆိုပြီး ရှေ့က ထပ်မံ၍ အပိုနာမည်ထည့်လျက် ခေါ်တွင်ကြသည်။ ထို့ကြောင့် သူ့ဆရာ၏နာမည်အပြည့်အစုံမှာ အရှင်နိဂြောဓကပ္ပ မထေရ်ဖြစ်သည်။ အရှင်ဝင်္ဂီသသည် ဆရာ့အပေါ် အလွန်လေးစားသည်ဟု ဆိုရမည်ဖြစ်သည်။ ဝင်္ဂီသသတ္ထေရဂါထာများတွင် မိမိ၏ ဆရာဖြစ် သူ၏ ဂုဏ်ပုဒ်အတော်များများကို တန်ဆာဆင်လျက် ဖွဲ့ဖွဲ့နွဲ့နွဲ့ အမွှမ်းတင်ကာ လျှောက်ထားရွတ်ဆို သည့် ဂါထာအတော်များများကို တွေ့ရပါမည်။ မြတ်ဗုဒ္ဓသာသနာတော်တွင်း၌ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး တို့သည်လည်း မိမိ၏ဆရာဖြစ်သူ အရှင်အဿဇမထေရ်ကို နေ့စဉ်ဦးချပြီးမှ အိပ်လေ့ရှိသည်။ ထိုကဲ့သို့ အရှင်မြတ်များ၏ ထုံးကိုနှလုံးမူလျက် ဆရာသမားများအား ရိုသေလေးစားမှု ရှိကြသည်ဟု ဆိုချင်ပါသည်။

    ဘ၀ကို ကမ္ဘာပေါင်းများစွာ ချီတက်ကျော်ဖြတ်ခဲ့ရာတွင် အိပ်မက်ဆန်ဆန်ဖြင့် မရ၊ စိတ်ကူးယဉ်ဆန် ရုံဖြင့် မပြီး။ အမှန်တကယ်ပင် ပါရမီတွေကို ဖြည့်ကျင့်ရမည်။ လိုက်နာရမည်။ ကျင့်သုံးရမည်။ လွယ်လွယ်ကူကူတော့ ရလိမ့်မည် မဟုတ်။ ဆုတောင်းရုံဖြင့်လည်း ပြည့်လိမ့်မည်မဟုတ်။ ယောက်ျားတစ်ယောက်၏ တည်ကြည်သော ခိုင်မာသော တိကျသော ပြတ်သားသော မယုတ်လျော့သော အကျင့်သီလ ဝီရိယများကို တည်ဆောက်မှသာ ရမည်ဖြစ်သည်။ ယခု အရှင် ဝင်္ဂီသသည်လည်း ထိုကဲ့သို့ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သူသည် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပြီ ဖြစ်သည်။ ဤဘ၀သည်လည်း နောက်ဆုံးဘ၀ပင် ဖြစ်ပါ၏။ သူ၏ လာခြင်းကား ကောင်းသော လာခြင်းပင်ဖြစ်ပါသည်။ သို့အတွက် ထိုကဗျာအရာဧတဒဂ်ရှင် မထေရ်အား ဦးညွတ်လိုက်ရပေတော့သည်။

မောင်မင်းစိုး

သြဝါဒရှင်သို့ ဦးညွတ်ခြင်း



    ''ချစ်သားကပ္ပိန၊ ဥပုသ်ပြုခြင်း၊ ပါတိမောက်ပြခြင်းကို သင်တို့ကဲ့သို့သော ပုဂ္ဂိုလ်များက အမြတ်တနိုး တန်ဖိုးထားပြီး ရိုသေလေးစားကြရမည်။ သင့်အနေနဲ့ ဥပုသ်ပြုရာသို့ မသွားပဲ မနေပါနဲ့။ သွားကိုသွားရမည်''

   
 မြတ်ဗုဒ္ဓတည်ထောင်ထားသော သာသနာတော်ကြီး၌ သာသနာတော်တွင်းသို့ ၀င်ရောက်လာသူများသည် အရွယ်စုံသည်။ လူတန်းစားစုံသည်။ ဇာတ်အားဖြင့်လည်း အနိမ့်အမြင့် စုံစုံလင်လင် ရှိသည်။ ထိုထဲတွင် ရှင်ဘုရင် များပင် ပါ၀င်ခဲ့သည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ဘဒ္ဒိယမင်း၊ မဟာကပ္ပိနမင်း၊ ပုက္ကုသာတိစသည်ဖြင့် များပြားစွာ ၀င်ရောက်ခဲ့သည်။ သာသနာတော်ကြီးအား စောင့်ရှောက်ကြသည့် သာသနာပြုမင်းများလည်း များစွာ ပေါ်ထွက်ခဲ့လေသည်။ ယခု ထိုထဲတွင်ပါ၀င်သည့် မဟာကပ္ပိနမင်းအကြောင်းကို ပြောပြလိုပါသည်။


    ကုက္ကုဋ၀တီပြည်၌ မွေးဖွားခဲ့သည်။ နာမည်ကား ကပ္ပိနဖြစ်သည်။ ထို့ဖခင်ကွယ်လွန်သွားပြီးနောက် မင်းအဖြစ် ရရှိခဲ့သည်။ မဟာကပ္ပိနမင်းဟု ထင်ရှားသည်။ ထိုမင်းကြီး၏ မိဖုရားကြီးသည်ကား မဒ္ဒတိုင်း သာလဂမြို့မှ အနောဇာမည်သော မင်းသမီး ဖြစ်၏။ သူမ၏ ကိုယ်ရေအဆင်းသည် လိပ်ဆူးရွှေပန်းကဲ့သို့ အဆင်း ဝါ၀င်းသော အရောင်အသွေးနှင့် ပြည့်စုံသူဖြစ်သည်။ အရွယ်ရောက်သော် မဟာကပ္ပိနမင်းကြီး နန်းတော်သို့ ရောက်ရှိခဲ့ပြီး အနောဇာဒေဝီမိဖုရားကြီး ဖြစ်လာခဲ့သည်။ မဟာကပ္ပိနမင်းကြီး၏ ထူးခြားချက်မှာ အသိပညာ ဗဟုသုတနှင့် ပြည့်စုံသည်။ ထူးခြားသည့် သတင်းစကားများကို အမြဲတမ်း နားစွင့်တတ်သည်။ ထိုမင်းတွင် ဗလ, ဗလဝါဟန, ပုပ္ဖ, ပုပ္ဖဝါဟန, သုပတ္တမည်သော နာမည်ကျော် မြင်းလေးစီး ရှိသည်။ ထိုတွင် သုပတ္တိ အမည်ရှိသောမြင်းကို ကိုယ်တော်တိုင်စီးလျက်၊ အခြားမြင်းလေးကောင်နှင့် မြင်းစီးသူရဲကောင်းများကို အနယ်နယ်အရပ်အရပ်သို့ စေလွှတ်ကာ ဗဟုသုတ သတင်းစကားဆောင်ရာ၌ အသုံးပြုခဲ့သည်။ အထူးအားဖြင့် ရတနာသုံးပါးနှင့်ဆက်စပ်သည့် သတင်းစကားကို ဆောင်ယူစေရန်အတွက် အသုံးပြုခြင်း ဖြစ်သည်။


    ဤနေရာ၌ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သည့် ရှင်ဘုရင်များအနေဖြင့် အတုယူသင့်သည့်အချက်တစ်ခုပင် ဖြစ်သည်။ ခေါင်းဆောင်ကောင်းဟူသည် မိမိကိုယ်တိုင် အခိုင်းစေကျွန်အဖြစ် သဘောထားရသည်။ ထြွကလုံ့လ ရှိရသည်။ ဆင်ခြင်နိုင်စွမ်း ရှိရမည်။ ကောင်းသည် မကောင်းသည်ကို ဆုံးဖြတ်နိုင်စွမ်း ရှိရမည်။ ထို့အပြင် အခြားအခြားသော ထူးခြားသည့် သတင်းစကားများကို အမြဲနားစွင့်နေရမည်။ သူတစ်ပါးတို့ ချီတက်နေသည့် လမ်းကြောင်းအတိုင်း လိုက်စေခြင်းမျိုးမဟုတ်သော်ငြား မိမိကိုယ်တိုင် လမ်းကြောင်းအသစ်ကို ဖောက်ပြီး အများ အတွက် သတိဝီရိယထားကာ လျှောက်နေရမည်ဖြစ်သည်။

    တစ်ရက်တွင် မင်းကြီးသည် သုပတ္တမြင်းအား ကိုယ်တော်တိုင် စီးလျက် မိမိနှင့်ဘ၀ပေါင်းများစွာ အတူတကွ ရှင်သန်ခဲ့ကြသည့်  အမတ်ပေါင်း(၁၀၀၀)ခြံရံလျက် ဥယျာဉ်သို့ ထွက်ခဲ့သည်။ ထိုစဉ် သာ၀တ္ထိပြည်မှ ရောက်ရှိလာ သော ကုန်သည်များထံမှ ဂေါတမမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူနေကြောင်း သတင်းကို ကြားသိလိုက်သည်။ ဘုရားဆိုသည့် သတင်းစကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် မဟာကပ္ပိနမင်းကြီးသည် အားရ၀မ်းသာ ပီတိဖြာလျက် ရှိခဲ့သည်။ သို့အတွက် ထိုဘုရားပွင့်နေပြီဆိုသည့် သတင်းပေးသော ကုန်သည်တို့အား အသပြာ(၁)သိန်းစီ ဆုလာဘ်ပေး၏။ ထိုနည်းတူစွာပင် တရားရတနာ၊ သံဃာရတနာအတွက်လည်း မင်းကြီးသည်ဆုလာဘ် အဖြစ်(၁)သိန်းစီ ဆုချတော်မူသည်။ ထို့နောက် မင်းကြီးသည် နန်းတော်သို့ ပြန်၀င်ခြင်းမပြုတော့ဘဲ တောထွက်ခဲ့ သည်။ ထီးနန်းစည်းစိမ်အားလုံးကိုလည်း နန်းတော်တွင်ကျန်ရှိခဲ့သည့် အနောဇာ မိဖုရားကြီးထံကို စာဖြင့်အကြောင်း ကြားသိစေလျက် ကုန်သည်များမှတဆင့် စွန့်လွှတ် လွှဲအပ်ခဲ့သည်။ မင်းကြီးနှင့်ပါသည့် အမတ်တစ်ထောင်တို့ သည်လည်း မိမိတို့၏မင်းကြီးနှင့်အတူ ရဟန်းပြုရန် ဆုံးဖြတ်ချက်ချလိုက်ကြသည်။ ထို့နောက် သာ၀တ္ထိပြည် မြတ်စွာဘုရားရှိရာသို့ ရည်မှန်း၍ တောထွက်တော်မူလေသည်။

    အနောဇာမိဖုရားကြီးသည်လည်း မင်းကြီးနည်းတူ ဘုရား၊ တရား၊ သံဃာဆိုသည့် သတင်းစကားကို ဆောင်လာသည့် ကုန်သည်များအား ရတနာတစ်ခုလျှင်(၃)သိန်းစီ ဆုတော်ချတော်မူလိုက်သည်။ ထို့နောက် မိမိတို့ သည်လည်း မဟာကပ္ပိနမင်းကြီးနည်းတူ မြတ်ဗုဒ္ဓရှိရာ သာ၀တ္ထိပြည်သို့ နောက်မှလိုက်ပါလာခဲ့ကြသည်။

    မင်းကြီးသည် အမတ်တစ်ထောင် ခြံရံလျက် မြင်းကိုယ်စီ စီး၍ တောထွက်လာခဲ့သည်။ လမ်းခရီးတွင်  အပရစ္ဆာအမည်ရသည့်မြစ်ကို တွေ့ရာတွင် မြတ်ဗုဒ္ဓ၏ဂုဏ်ကျေးဇူးကို ဆင်ခြင်ပွားများ အဓိဋ္ဌာန်ပြုကာ အောင်မြင်စွာ ကူးမြောက်နိုင်ခဲ့သည်။ ထို့နောက် နိလိဝါဟိနီအမည်ရသည့်မြစ်ကို တွေ့ရှိရာ တရားတော်၏ ဂုဏ်ကျေးဇူးကို ဆင်ခြင်အောက်မေ့လျက် အဓိဋ္ဌာန်ပြုကာ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ ထို့နောက်တွင် စန္ဒဘာဂါအမည်ရသည့် မြစ်တစ်စင်းကို ထပ်မံတွေ့ရှိရာတွင် သံဃာ့ဂုဏ်ကို ဆင်ခြင်အောက်မေ့ အဓိဋ္ဌာန်ပြုလျက် သာမန်မြေပြင်ပေါ်တွင် သွားရသလို လွယ်ကူစွာပင် ကူးမြောက်နိုင်ခဲ့သည်။ မိဖုရားကြီးတို့သည်လည်း ထိုကဲ့သို့ပင် နောက်မှလိုက်ပါသွားကြပြီး ကူးမြောက်နိုင်ခဲ့ကြသည်။
 
    မြတ်ဗုဒ္ဓသည် ယူဇနာ(၁၂၀)ရှိသော ခရီးကို ကိုယ်တော်တိုင်တစ်ပါးတည်း ထွက်ကြွလျက် စန္ဒဘာဂါ မြစ်ဆိပ်အနီးရှိ ပင်ညောင်ပင်ရင်း၌ ရောင်ခြည်တော်(၆)သွယ် လွှတ်တော်မူကာ မဟာကပ္ပိနမင်းတို့အလာကို စောင့်ကြို နေခဲ့သည်။ ထိုစဉ်မြတ်ဗုဒ္ဓသည် တရားဒေသနာ ဟောတော်မူသည်။ အားလုံး သောတာပန် တည်ကြသည်။ အားလုံး ဧဟိဘိက္ခု ရဟန်းအဖြစ် သာသနာတော်သို့ ၀င်ရောက်ကြသည်။ ထိုနည်းတူစွာပင် အနောဇာသို့ရောက်လာ၍ တရားဟောတော်မူသည် သောတာပန်တည်ကြသည်။ အနောဇာတို့ကို အရှင်မဥပ္ပလ၀ဏ်အား တန်ခိုးဖြင့် ခေါ်တော်မူ၍ ဘိက္ခုနီမကျောင်းသို့ခေါ်ဆောင်စေကာ ရဟန်းမပြုပေးခိုင်းသည်။ ထို့နောက် အရှင်မဟာကပ္ပိနမထေရ်သည် မိမိအတွက် ရဟန်းတရား ဆက်လက်ပွားများအားထုတ်ကာ ရဟန္တာအဖြစ်သို့ ရောက်ခဲ့သည်။

    ထိုမထေရ်သည် ပဒုမုတ္တိုရ်မြတ်စွာဘုရားလက်ထက်တွင် ဟံသာ၀တီမင်းနေပြည်၌ အမျိုးကောင်းသား ဖြစ်ခဲ့ပြီး ဘိက္ခုသြဝါဒက=ရဟန်းတို့အား ဆုံးမဟောကြားရာ၌ ဧတဒဂ်ဘွဲ့ထူးကို တောင်းခဲ့သည်။ ထိုမှ လူပြည် နတ်ပြည်ဖြစ်ခဲ့ပြီး တစ်ခုသောဘ၀၌ ဗာရာဏသီပြည်၌ ယက်ကန်းသည်မှူးကြီး ဖြစ်ခဲ့သည်။ ထိုစဉ် ပစ္စေကဗုဒ္ဓါ (၁၀၀၀)တို့အား ဆွမ်းကိစ္စ၊ နေဖို့ကျောင်းဆောင်များကို တစ်ရွာလုံးဝိုင်၀န်းပြီး ဆောင်ရွက်လှူဒါန်းခဲ့ကြသည်။ ထိုစဉ် သူ၏ဇနီးသည်က ဦးဆောင်ခဲ့သည်ကို တွေ့ရသည်။

    တစ်ခါတလေ အလုပ်ကိစ္စတစ်ခုခုကို အမျိုးသမီးများ ဦးဆောင်လျက် ဖြေရှင်းရသည်မျိုး ရှိသည်။ ကောသလဘုရင်၏ အသဒိသဒါအလှူတွင် မလ္လိကာမိဖုရား ဦးစီးဆောင်ရွက်ခဲ့ခြင်းမျိုး ဖြစ်သည်။ ယခုလည်း အလျင်အမြန် ပစ္စေကဗုဒ္ဓါ အရှင်မြတ်များအတွက် ယက်ကန်းသည်မှူး၏ ဇနီးဖြစ်သူမှ လိုလေသေးမရှိအောင် အကွက်စေ့စေ့ စီမံနိုင်ခဲ့သည်။ ထိုမှနောက်တွင် တာ၀တိံသာနတ်ပြည်တွင် အစုလိုက်အပြုံလိုက် ဖြစ်ခဲ့ကြသည်။ ခေါင်းဆောင် ကောင်းမှုကြောင့်ဟု ဆိုရပေလိမ့်မည်။ ထိုမှနောက် ကဿပဘုရားရှင်လက်ထက်တွင် ပြာသာဒ်(၁၀၀၀)တို့ကို ဦးဆောင်လျက် ဆောက်လုပ်လှူဒါန်းခဲ့ကြသည်။ ဤကား မဟာကပ္ပိနမင်းကြီးတို့၏ အတိတ်ဘ၀ဇာတ်ကြောင့် အကျဉ်းဖြစ်သည်။


    အရှင်မဟာကပ္ပိနမထေရ်သည် သီလ၀န္တရဟန္တာ ဖြစ်ပါသည်။ သို့အတွက် တစ်ပါးတည်း နေတော်မူစဉ် စဉ်းစားမိသည်။ မိမိသည် သီလဖြူစင်သည်။ မည်သည့်အာပတ်ဟူ၍ ကျူးလွန်ထားခြင်းမျိုး မရှိ။ သို့အတွက် သံဃာ့ဥပုသ်ပြုရန်အတွက် ဥပုသ်သိမ်သို့ သွား၍ ပါတိမောက်ပြစရာမလိုဟူသော အတွေးကို ကြံစည်တွေးတော နေခဲ့သည်။ ထိုအတွေးကို တွေးနေသည့် အရှင်မြတ်၏ စိတ်အကြံအား မြတ်ဗုဒ္ဓ သိတော်မူ၍ တန်ခိုးတော်ဖြင့် ကြွတော်မူကာ မိန့်တော်မူသည်။

    ''ချစ်သား ကပ္ပိန၊ ဥပုသ်ပြုခြင်း၊ ပါတိမောက်ပြခြင်းကို သင်တို့ကဲ့သို့သော ပုဂ္ဂိုလ်များက အမြတ်တနိုး တန်ဖိုးထားပြီး ရိုသေလေးစားကြရမည်။ သင့်အနေနဲ့ ဥပုသ်ပြုရာသို့ မသွားပဲ မနေပါနဲ့။ သွားကို သွားရမည်'' ဟု မိန့်ကြားတော်မူလေသည်။ မှန်ပါသည်။ တချို့ကား မိမိအနေနဲ့ လူကြီး၊ ခေါင်းဆောင်၊ ငါမပါလို့ ငါမသွား လို့ ဘာမှမဖြစ်ဘူးဆိုပြီး ကြောင့်ကြမဲ့ နေတတ်ကြသည်။ ထိုသို့ကြောင်းကြမဲ့နေခြင်းသည် အဖွဲ့အစည်း ပျက်စီးခြင်း၏ အကြောင်းတစ်ခု ဖြစ်သည်။

    ဤအချက်သည် သာသနာအတွက်များစွာ ကောင်းမွန်သည့် အချက်ဖြစ်သည်။ အဖွဲ့အစည်းတိုင်းသည်လည်း အလွန်ပင် အတုယူစရာကောင်းသည့် အချက်တစ်ခု ဖြစ်သည်။ အမှန်အားဖြင့် ဥပုသ်ပြုခြင်းသည် ညီညွတ်ခြင်းကို ဖြစ်စေသည့် အချက်ဖြစ်သည့်အတွက် သမဂ္ဂါနံ တပေါ သုခေါ=ဆိုသည့်အတိုင်း ညီညွတ်သူတို့၏ အကျင့်နှင့် လုပ်ရပ်သည် ချမ်းသာခြင်း၏ အကြောင်းဖြစ်သည်။

    တစ်ခါတလေ အများနှင့်ဆက်စပ်ရာ၌ မိမိ၏ချမ်းသာမှုကို ထိခိုက်စေသည်ဟူသော အတွေးဖြင့် အေးအေး လူလူနေတတ်ကြသည်။ မြတ်ဗုဒ္ဓသည် အများနှင့်နေသည့်အခါ ခေါင်းဆောင်များသည် ထိုကဲ့သို့ မိမိ၏ ချမ်းသာ သုခအတွက် တစ်ပါးတည်းအေးအေးလူလူ ကြောင့်ကြမဲ့နေခြင်းမျိုးကို အားမပေး။ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာ မောဂ္ဂလာန်တို့ နှင်ထုတ်ခံရခြင်း၏ အဖြစ်အပျက်ကို လေ့လာကြည့်ခြင်းအားဖြင့် သိနိုင်သည်။ သို့အတွက် ဦးဆောင် သူသည် အများအတွက် ဦးဆောင်နိုင်ရမည်။ အပင်ပန်း ခံရမည်။ ထိရောက်သည့် သွန်သင်ချက်များဖြင့် ဆုံးမသြ ဝါဒ ပေးရမည်။

    အရှင်မဟာကပ္ပိနမထေရ်သည် ရဟန်းတရား ပွားများအားထုတ်သဖြင့် ရဟန္တာအဖြစ်သို့ ရောက်တော် မူပြီးနောက် အေးအေးလူလူ သမာပတ်၀င်စားပြီး ချမ်းချမ်းသာသာ နေလိုသည်။ သို့အတွက် မိမိ၏ အနီးနေ တပည့်ရဟန်းတစ်ထောင်တို့အား တရားဟောကြား ဆုံးမသြဝါဒပေးမှု မပြုဘဲ နေခဲ့သည်။ ရရှိထားသည့်  အရဟတ္တ ဖိုလ်သမာပတ် ချမ်းသာကို ၀င်စားခြင်းဖြင့် အချိန်ကို ကုန်လွန်စေသည်။ မြတ်စွာဘုရားသည် ထိုအကြောင်း ကြားသိခဲ့သည်။ သို့အတွက် မဟာကပ္ပိန၏ တပည့်များကို ခေါ်ကာ ဆုံးမသြ၀ါဒပေးမှု လုပ် မလုပ် မေးမြန်းခဲ့ သည်။ သြဝါဒပေးမှုမျိုး မရှိဘဲ တစ်ပါးတည်းသာ သမာပတ်၀င်စား၍နေကြောင်း သိရသည်ရှိသော် မဟာကပ္ပိန မထေရ်အား ခေါ်တော်မူ၍ တပည့်ရဟန်း(၁၀၀၀)တို့အား ဤနေ့မှစ၍ တရားဟောခြင်း သြဝါဒပေးဆုံးမခြင်း ပြုရန် တိုက်တွန်းစကား မိန့်ကြားတော်မူ၏။

    မြတ်စွာဘုရား၏ မိန့်ကြားချက်ကို နာယူပြီးနောက် အရှင်မဟာကပ္ပိနမထေရ်သည် ရဟန်းတစ်ထောင်တို့အား တရားဟောကြား သြဝါဒပေးဆုံးမရာ တပွဲတည်းဖြင့်ပင် ရဟန်း(၁၀၀၀)တို့သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြ လေသည်။ ဤသည်ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်သည် မဟာကပ္ပိန မထေရ်မြတ်အား ''ဘိက္ခု သြဝါဒက=ရဟန်းယောကျာ်းတို့ကို ဆုံးမသော အရာ၀ယ်အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏''ဟူ၍  ချီးကျူး မိန့်မြွက်ကာ ဧတဒဂ်အရာ၌ ထားတော်မူလေသည်။  သာသနာတော်၌ အထူးသဖြင့် ပရိယတ္တိသာသနာတော်၌ စာသင်တိုက် များရှိ ဦးစီးပဓာန နာယကဆရာတော်များသည် ထိုကဲ့သို့ ထိထိရောက်ရောက်ရှိသည့် စကားလုံးများ၊ အဆုံးအမ များဖြင့် မိမိတို့၏ ဆုံးမသြဝါဒပေးမှုများကို ပြုလုပ်ကြသည်။ ဤသို့ပြုလုပ်ခြင်းသည် မြတ်ဗုဒ္ဓ၏အလိုတော် အတိုင်းပင် ဖြစ်သည်။ သို့သော် ထိရောက်သည့် လက်ခံနိုင်သည့် ဗဟုသုတဖြစ်စေမည့် သြဝါဒမျိုးဖြစ်ဖို့ ဦးစွာ လေ့လာထားပြီး ဆုံးမသြဝါဒပေးတတ်ဖို့ လိုအပ်သည်။

    အရှင်မြတ်သည် ရဟန်းကိစ္စပြီးဆုံးပြီးနောက် တစ်ပါးတည်း ဖလသမာပတ်ချမ်းသာကို ခံစားလို၍ တော၊ တောင်၊ သစ်ပင်ရင်း၏ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်လျက် သီတင်းသုံးနေထိုင်၏။ မကြာခဏလည်း ထိုဆိတ်ငြိမ် မှုများကို အကြောင်းပြု၍ ''အဟော သုခံ၊ အဟော သုခံ=ချမ်းသာလိုက်တာ၊ ချမ်းသာလိုက်သာ''ဆိုပြီး ဥဒါန်း စကားကျူးရင့်နေတတ်သည်။ ထိုအခြင်းအရာကို သိ၍ ရဟန်းများသည် မင်းအဖြစ်ကို ပြန်လည်တမ်းတလျက် ဥဒါန်းကျူးသည်ဟု ထင်မြင်နေကြသည်။ ထိုထင်မြင်မှုကို အမြင်မှန်ရစေရန်အတွက် မြတ်ဗုဒ္ဓသည် ရဟန်းတို့အား တရားစကား ဟောကြားတော်မူသည်။

    ''တရား အရသာကို သောက်သုံးနေသူသည် ချမ်းသာစွာ အိပ်ရ၏။ ပညာရှိသူသည် ဘုရားအစရှိသော အရိယာသူတော်မြတ်တို့ ဟောကြားအပ်သော ဗောဓိပက္ခိယတရား၌ သန့်ရှင်ကြည်လင်သော စိတ်ဖြင့် အခါခပ်သိမ်း မွေ့လျော်နေ၏''

    မှန်ပါသည်။ မဟာကပ္ပိနသည် လူ့ဘ၀တွင် ရရှိခဲ့သည့် ရှင်ဘုရင်၏ စည်းစိမ်ထက်သာလွန်သည့် လောကုတ္တ ရာသုခ အမတစည်းစိမ်ချမ်းသာကို ခံစားတော်မူနေပြီဖြစ်သည်။ သို့အတွက် လောကီနယ်ပယ်တွင် ခံစားမှုမျိုးစုံ ဖန်တီး၍ရနိုင်သည့် ရှင်ဘုရင်၏ စည်းစိမ်ချမ်းသာကိုလည်း မတပ်မက်တော့။ မမက်မောတော့၊ မတွယ်တာတော့။ မခင်တွယ်တော့ပေ။ သန္တိသုခအစစ် နိဗ္ဗာန်စည်းစိမ်ကိုသာ ခံစားနေတော့မည်သာ ဖြစ်သည်။ သို့အတွက် ရဟန်းတို့အား ဆုံးမသြဝါဒပေးရာ၌ အမြတ်ဆုံး အသာဆုံးဖြစ်တော်မူသည့် အရှင်မြတ်အား ဦးညွတ်လိုက်ရပါသည်။

မောင်မင်းစိုး

ဣန္ဒြေရှင်သို့ ဦးညွတ်ခြင်း



    ''ညီတော်နန္ဒ၊ နတ်သမီးတွေကိုလိုချင်ရင် သာသနာတော်မှာ ဆက်နေပါ။ သာသနာမှာ ပျော်ပိုက်စွာ ဆက်ပြီးနေမယ်ဆိုရင် နတ်သမီးတွေကိုရအောင် လုပ်ပေးဖို့ ငါဘုရား တာ၀န်ယူပါတယ်''

    အရှင်နန္ဒသည် လောင်းလျာသည် ပဒုမုတ္တိုရ်ဘုရားထံတွင် ဟံသာ၀တီမင်းနေပြည်၌ အမျိုးကောင်းဖြစ်လျက် အရွယ်သို့ ရောက်သော် မြတ်စွာဘုရားရှင်၏ တရားတော်ကို နာကြားလျက် အဓိကာရကုသိုလ်ကောင်းမှုပြုလျက် ဣန္ဒြေ ခြောက်ပါးတို့၌ တံခါးကို လုံခြုံစေကြသည့်ရဟန်းတို့တွင် ဧတဒဂ်ရာထူးထားတော်မူသည့် မထေရ်မြတ်ကို အားကျလျက် ဆုတောင်းပတ္ထနာပြုခဲ့သည်။ အတ္ထဒဿီဘုရားရှင် လက်ထက်တွင် ဓမ္မတာမည်သောမြစ်၌ ရေလိပ်ကြီး ဖြစ်ခဲ့သည်။ ထိုစဉ် ကမ်းတစ်ဘက်သို့ မြတ်စွာဘုရားရှင်အား ပို့ဆောင်ပေးခဲ့သည်။ ထိုကုသိုလ်များကြောင့် လူ ပြည်နတ်ပြည်တို့၌ ကျင်လည်ခဲ့ရသည်။ ယခု ဂေါတမဘုရားရှင်လက်ထက်တွင် ကပိလ၀တ်နေပြည်တော်၌ မင်းမျိုး မင်းနွယ်တွင် လူလာဖြစ်ခဲ့သည်။

    မြတ်ဗုဒ္ဓတွင် ရက်ပိုင်းမျှသာ ငယ်သော ညီတော်တစ်ယောက် ရှိသည်။ အဖေတူ မအေကွဲအဖြစ်နှင့် ညီတော်စပ်သည်။  မိမိအား ပြုစုစောင့်ရှောက်တော်မူခဲ့သည့် မိထွေးတော်ဂေါတမီ၏ သားအရင်း ဖြစ်သည်။ မိထွေးတော် မဟာပဇာပတိဂေါတမီသည် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး ဖြစ်သည်။ ထူးခြားသည်မှာ ဘုရားလောင်းဖွားမြင်တော်မူပြီးသည့် တစ်ပတ်တွင် မယ်တော်မာယာဒေဝီသည် နတ်ရွာစံ ကံ ကုန်ခဲ့သည်။ သို့အတွက် ရင်ခွင်မဲ့ဖြစ်နေသည့် သိဒ္ဓိတ္ထမင်းသားလေးကို မိထွေးတော်အနေဖြင့် မိမိရင်မှ မွေးဖွားထားသည့် နုနယ်သေးသည့်၊ ရက်ပိုင်းမျှသာ ရှိသေးသည့် နန္ဒမင်းသားလေးကို အထိန်းတော်များ၏ လက်တွင် ၀ကွက်အပ်ထားပြီး မိမိသည်ကား အစ်မတော်မှ မွေးထားသည့် သိဒ္ဓတ္ထမင်းသားလေးကို ကိုယ်တိုင်ပြုစု ယုယ စောင့်ရှောက်သည်။ နို့ချိုတိုက်ကျွေး မွေးမြူသည်။ အမှန်ပင် ဂေါတမီသည် ဘုရားလောင်း သိဒ္ဓတ္ထမင်း သားလေးကို ကိုယ်တိုင်ကိုယ်၀န်အဖြစ် မဆောင်ရုံမှအပ ပြုစုစောင့်ရှောက်ခဲ့သည်။

    လောကတွင် ပြောနေကြသည့် မိထွေး၊ ပထွေးတို့ဆိုသည်ကို တချို့က မိမိတို့၏ ရင်သွေးများမဟုတ်သည့် အတွက် မိမိတို့၏ သားသမီးများအပေါ် မကောင်းဘူးဟူသောစကားသည်၌ မိထွေးတော်ဂေါတမီ မပါ၀င်ပေ။ သူမသည် မိမိသားထက် အစ်မတော်၏သား သိဒ္ဓတ္ထမင်းသားလေးအပေါ်တွင် သားအရင်းထက်ပင် ချစ်ခင်မြတ်နိုး တွယ်တာသည်။ ကြင်နာယုယသည်။ မေတ္တာဓာတ်တွေ အပြည့်အ၀ စီးဆင်းခဲ့သည်။ ဤကား ရနိုင်ခဲသည့် လူသားတစ်ယောက်အတွက် ရခဲသည့် ပေးဆပ်မှုတစ်ခုဟု ဆိုသော်ကား ရပေလိမ့်မည်။

    မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် ဖခင်သုဒ္ဓေါဒနမင်းကြီး၏ အကြိမ်ကြိမ်အခါအခါ ပင့်လျှောက်ချက်အရ ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်တော်မူခဲ့သည်။ ထိုစဉ်ဖခင်ကြီးနှင့် ကြင်ယာတော် ယသော်ဓရာတို့အား အရိယာအဖြစ်သို့ ပို့ဆောင်ခဲ့ပြီးသည့်နောက် ညီတော်နန္ဒမင်းသား၏ အဘိသေကမင်္ဂလာ၊ ထိမ်းမြားခြင်းမင်္ဂလာစသဖြင့် မင်္ဂလာများစွာကို ထုံးတမ်းစဉ်လာပြုလုပ်ပေးစဉ် နန်းတော်သို့ ဆွမ်းစားကြွတော်မူခဲ့သည်။ ဆွမ်းစားပြီး၍ ပြန်ကြွတော်မူသည့်အခါ လက်တော်မှသပိတ်တော်ကို အနီးအနားတွင် ရှိနေသည့် ညီတော် နန္ဒမင်းသား၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ နန္ဒမင်းသားသည် မြတ်ဗုဒ္ဓ၏ သပိတ်တော်ကို ဟိုနေရာဒီနေရာ တွင် ပြန်ယူလိမ့်နိုးနိုးဖြင့် သပိတ်တော်ကို ပိုက်ကာ လိုက်ပါသွားခဲ့သည်။ ထိုသို့နန်းတော်မှအဆင်းတွင် နှမတော် ဇနပဒကလျာဏီမင်းသမီးလေး၏ စကားသံကိုကြားယောင်လျက် ကျောင်းတော်ဆီသို့ လိုက်ပါသွားခဲ့ခြင်း ဖြစ်သည်။

    ''မောင်တော်၊ မြန်မြန်ပြန်လာခဲ့နော်'' ဟူသော စကားသံသည် နန္ဒမင်းသား၏ နှလုံးသည်းခြေတစ်ခုလုံး ကြေမွသွားသည်အထိ ပဲ့တင်ထပ်လျက် ကြားယောင်နေခဲ့သည်သာ ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် ကျောင်း တော်သို့အရောက်တွင် နန္ဒမင်းသားအား 'ရဟန်းပြုမလား'ဆိုသည့် မေးခွန်းကို မေးမြန်းလိုက်သည်။ နန္ဒမင်းသား သည် 'ရဟန်းပြုမလား'ဆိုသည့် နောင်တော်အား ကြောက်စိတ်များနှင့်အတူ နှမတော်လေး၏ 'မြန်မြန်ပြန် လာခဲ့ပါ'ဆိုသည့် စကားနှစ်ခုတွင် ဗျာများနေခဲ့သည်။ အမှန်အားဖြင့် နန်းတော်ကြီးဆီသို့ ယနေ့တွင် ထိမ်းမြားမင်္ဂလာ ပြုမည့် ဇနပဒကလျာဏီထံသို့ အပြေးပြန်ချင်စိတ်ကသာ ကြီးစိုးနေခဲ့သည်သာဖြစ်သည်။ သို့သော် သာကီ၀င်များတို့၏ ဓလေ့ထုံးစံအရ ကြီးသူအား ငယ်သူများက ကြောက်ကြရသည်။ ပြန်လှန်ပြောဆိုခြင်းမျိုး မလုပ်ရဲကြ။ သို့အတွက် နန်းတော်ပြန်ပြေးလိုစိတ်ကို အသာထားပြီး ရဟန်းပြုပါမည်ဟု ၀န်ခံရက်သား ဖြစ်သွားသည်။ မြတ်ဗုဒ္ဓသည် ရဟန်းတော်များအား နန္ဒမင်းသားကို ရဟန်းခံပေးကြဖို့ တိုက်တွန်းလိုက်သည်။

    လောက၌ မိမိဝါသနာမပါသည့်၊ မလုပ်ချင်သည့် အလုပ်ကို လုပ်နေရခြင်းသည် ငြီးငွေ့စိတ်ပျက်ဖို့ ကောင်းသည်။ ဝါသနာမပါသည့်အတွက် အထက်သို့လည်း လျင်လျင်မြန်မြန် မရောက်နိုင်ပေ။ ဥပမာအားဖြင့် တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် အမှတ်မီသည်ဆိုပြီး မိဘများသည် သားသမီးများအား မိမိတို့ဝါသနာမပါသည့် မေဂျာကို ယူစေပြီး အတင်းတက်စေခြင်းသည် သားသမီးများ၏ ပြေးလမ်းကား ပိတ်ပင်တားဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။ ထိုဝါသနာမပါသည့် ဘွဲ့ဒီဂရီကြီးယူထားသော်လည်း တကယ့်လက်တွေ့ဘ၀တွင် လောကထဲ ကျင် လည်ကြသည့်အခါ မိမိလုပ်သည့် အလုပ်နှင့် ဘွဲ့ကြီးသည် မည်သို့မျှ အပ်စပ်မှု မရှိ၊ ထိရောက်မှုမရှိဘဲ ဖြစ်နေတတ်ကြသည်။

    ထိုနည်းတူစွာပင် နန္ဒမင်းသားသည် မိမိဝါသနာမပါသည့် ရဟန်းဘ၀ကို ၀င်ရောက်ခဲ့ရသည့်အတွက် ငြီးငွေ့စိတ်ပျက်နေခဲ့သည်။ နောင်တော်အား မလွန်ဆန်နိုင်၍သာ အောင့်အီးနေခဲ့ရသော်လည်း တစ်ရက်မျှ မပျော် ရွှင်ပေ။ အသက်သုံးဆယ်ကျော်ဆိုသည့်အရွယ်သည် ကာမဂုဏ်ခံစားမှု ကောင်းနေသည့်အရွယ်ဖြစ်သည်။ ထိုအရှင် မြတ်သည် မြတ်ဗုဒ္ဓ၏ ညီတော်ဖြစ်သည့်အားလျော်စွာ အရပ်မောင်း ကောင်းသည်။ ရုပ်ရည်အဆင်း လှပလွန်းသည်။ တောင့်တင်းခိုင်မာသည် ဟန်ပန်ရှိသည်။ စကြ၀တေးမင်းဖြစ်နိုင်သည့် ကျန်အင်အင်္ဂါလက္ခဏာတို့နှင့်လည်း ပြည့် စုံသည်။ တစ်ခါတလေ မြတ်ဗုဒ္ဓ၏ သင်္ကန်းအရွယ်အစားအတိုင်း ၀တ်ရုံဆင်မြန်းလာသည့်အခါ အချို့ရဟန်းတော် များသည် ထိုအရှင်မြတ်အား မြတ်စွာဘုရားဟူသော ထင်ယောင်ထင်မှားမှုမျိုးပင် ရှိသည်။ ထိုမျှလောက် ရုပ်ဆင်းအင်္ဂါ၊ အရွယ်အားဖြင့် ကောင်းမွန်နေချိန်တွင် လောကီအာရုံကာမဂုဏ်ကို စွန့်ခွါ၍ ရဟန်းဘ၀ဖြင့်နေ ထိုင်ရခြင်း၏ အရသာကို မခံစားနိုင်ပေ။ သို့အတွက် လူထွက်ရန် အခြားရဟန်းများအား ပြောဆိုသည်။ တစ်ရက်မှာ တော့ ဇေ၀တ၀န်ကျောင်းတော်မှ မြတ်စွာဘုရားမသိအောင် ထွက်လာခဲ့သည်။

    ထိုစဉ်မြတ်ဗုဒ္ဓသည် ညီတော်၏သာသနာတော်၌ မပျော်မွေ့သည့်အရေးကို သိသည့်အတွက် ပျော်ရွွှင်အောင် လုပ်ဆောင်ဖို့ အားထုတ်ရသည်။ လူသားများ၏ အစွဲသည် အင်အားကြီးသည်။ ပြင်းပြင်းထန်ထန် ဖြစ်တတ်ကြ သည်။ မိမိလက်ထဲတွင် ရောက်နေသည့် အာရုံထက် ပိုမိုကောင်းမွန်သည့် ခံစားမှုမျိုးမရှိဟူသော အတွေးဖြင့် စွဲလမ်းမှု သံယောဇဉ်များကို ဖက်တွယ်နေတတ်ကြသည်။ ယခုအခါတွင်လည်း အရှင်နန္ဒသည် နှမတော် ဇနပဒကလျာ ဏီအပေါ်၌ သူမ,လောက်လှပသည့်သူ၊ သူမ,လောက်ဆွဲဆောင်မှုကောင်းမည့်သူ လောကတွင် မရှိဟုပင် အထင်ဖြင့် သူမ၏ အသွင်အပြင်၊ ဟန်ပန်မူယာ၊ အသံတို့သည် အရှင်နန္ဒအား ဆွဲဆောင်နေခဲ့သည်။ သို့အတွက် လူထွက်ရန် အကြံဖြစ်နေသည့် ညီတော်အား မြတ်ဗုဒ္ဓသည် တာ၀တိံသာနတ်ပြည်သို့ ခေါ်ဆောင်သွားခဲ့သည်။

    နတ်တို့၏ အဆင်း၊ အသုံးအဆောင်၊ အသားအရေစသည်များသည် လူသားများ၏ အဆင်း၊ အသားအရေ၊ အသုံးအဆောင်များထက် ကွာခြားလွန်းလှသည်။ လူသားများသည် နတ်တို့နှင့်စာလျှင် ဘာမှမပြောပလောက်ပေ။ မြတ်ဗုဒ္ဓသည် နတ်သမီးငါးရာတို့ရှေ့မှောက်သို့ ညီတော်အားခေါ်သွားပြီးသည့်နောက် လမ်းတွင်တွေ့ခဲ့သည့် မျောက် အို မကြီးအား အမှတ်ရစေလျက် မေးမြန်းတော်မူသည်။ ယခုသော်လည်း အကြိုက်အာရုံသည် ဇနပဒကလျာဏီ ထံတွင် မရှိတော့။ အရှင်နန္ဒ၏ လိုချင်တပ်မက်မှုသည် နတ်သမီးများထံသို့ တဒင်္ဂချင်း ပြောင်းလဲသွားခဲ့သည်။ ထိုနတ်သမီးများနှင့် နှိုင်းယှဉ်ပါက မိမိအနေဖြင့် ယခင်က လှပါသည်ဆိုသည့် ဇနပဒကလျာဏီသည် မျောက်အို မကြီးသဖွယ် ဖြစ်သွားခဲ့ရသည်။ ထိုနတ်သမီးများကို ရလိုပါက မြတ်ဗုဒ္ဓသည် ညီတော်အား ရအောင်ပြုလုပ်ပေး မည်ဆိုသည့် ကတိ၀န်ခံမှုနှင့်အတူ အရှင်နန္ဒအား သာသနာတော်၌ ဆက်လက်ပျော်မွေ့လာအောင် ဆွဲဆောင်လိုက်သည်။

    ရာဂံ ဥပနိဿာယ-ဆိုသည့်အတိုင်းပင် အကုသိုလ်သည် တစ်ခါတရံ ကုသိုလ်အဖြစ်သို့ ဥပနိဿယပစ္စည်း၏ စွမ်းရည်သတ္တိဖြင့် ကျေးဇူးပြုနိုင်သည်ကို သိရှိရသည်။ ဤနေရာ၌ နန္ဒမင်းသားသည်လည်း နတ်သမီးတို့ကို လိုချင်သည့် အကုသိုလ်ရာဂတရားကြောင့် သာသနာတော်၌ဆက်လက် ပျော်မွေ့လျက် တရားအားထုတ်ခြင်းဆိုသည့် ကုသိုလ်တရားတို့ကို ဖြစ်စေခဲ့သည်။ ဤသို့ဖြင့် မြတ်ဗုဒ္ဓနှင့် အရှင်နန္ဒတို့ အပေးအယူလုပ်ကာ သာသနာ တော်တွင်ဆက်လက် နေထိုင်ပြီး တရားဘာ၀နာများ ပွားများအားထုတ်ခဲ့သည်။

    အရှင်မြတ်အား ကဲ့ရဲ့သူများ တွေ့လာရသည်။ သူ၏ အားနည်းချက်ကို ထောက်ပြေ၀ဖန်ကြသည်။ ယင်းကား အရှင်မြတ်၏ သာသနာတော်သို့ ၀င်လာခြင်းကား နတ်သမီးများကို ရလိုခြင်းဖြစ်သည်ဟူသော ဝေဖန်ပြစ်တင် သည့်အသံဖြစ်သည်။ ထို့ကြောင့် အရှင်မြတ်အား သူခစားတည်း။ အ၀ယ်သမားတည်းဟူသော ဝေဖန်ကဲ့ရဲ့ ဒဏ်များအကြောင့် မျက်နှာငယ်လာရသည်။ မိမိတည်းဟူသော အကြောင်းကြောင့် မြတ်ဗုဒ္ဓအားလည်း မျက်နှာ ပျက်စရာ ဖြစ်လာသည်ဟူသော အတွေးဖြင့် အားလုံးနဲ့ ဝေးရာဆီသို့ ထွက်ခွါရန် အကြံဖြစ်တော်မူသည်။ ထိုအခြင်း အရာများကို သိတော်မူသည့်မြတ်ဗုဒ္ဓသည် ညီတော်အသွင်အပြင် အသုံးအဆောင်များကို ထောက်ပြလျက် ဓုတင်အကျင့် ကျင့်တော်မူရန် မိန့်တော်မူလိုက်သည်။

    ''ကောင်းမွန်သည့်သင်္ကန်းတို့ကို လက်လိပ်ထိုး ၀တ်ရုံခြင်း၊ မျက်စိတို့ကို မျက်ရေးကွင်းခြင်း၊ အရောင် ထွက်နေသည့် သပိတ်တို့ကို ဆောင်ခြင်းတို့သည် ယုံကြည်မှုသဒ္ဓါတရားနှင့် ရဟန်းပြုလာသော အမျိုးကောင်းသား တို့အား မလျောက်ပတ်၊ တောင်၌နေခြင်း၊ ဆွမ်းခံစားခြင်း၊ ပံသကူဓုတင်ဆောင်ခြင်း၊ ကာမဂုဏ်တို့၌ စိတ်ကို မငဲ့ကွက်ဘဲနေခြင်းကသာ ယုံကြည်မှုသဒ္ဓါတရားနှင့် ရဟန်းပြုလာသည့်သူအား လျောက်ပတ်ပေသည်။ သင်သည် အာရညကင်ဓုတင်စသော ဓုတင်တို့ကိုဆောင်လျက် ကာမဂုဏ်တို့၌ ငဲ့ကွက်ခြင်းမရှိသည့်အခါကို ငါမြင်လိုလှပါ သည်''ဟု မိန့်တော်မူခြင်းဖြစ်သည်။

    ထိုအခါမှစ၍ တော၌နေကာ ဝိပဿနာတရားအားထုတ်သည်ရှိသော် မကြာခင်ပင် ရဟန္တာအဖြစ်သို့ ရောက်တော်မူခဲ့သည်။ အရှင်မြတ်သည် ထိုအချိန်မှစ၍ မိမိကိုယ်ကိုယ် စက္ခု၊ သောတစသော ဣန္ဒြေတို့ကို အထူးတလည် စောင့်ထိန်းသည်။ အစားအသောက်၌ ပဏာမကို သိသည်။ နိုးနိုးကြားကြားနေသည်။ ပညာဖြင့် ဆင်ခြင်သော သတိနှင့်လည်း ပြည့်စုံသည်။ ဤကဲ့သို့သော ဣန္ဒြေတို့ကို သမ္ပဇဉ်လေးပါးနှင့် ကင်း၍ နေထိုင်မှုမရှိခြင်း ဟူသော အကြောင်းများကြောင့် 'ဣန္ဒြိယေသု ဂုတ္တဒွါရ=ဣန္ဒြေတို့ကို စောင့်စည်းခြင်းအရာ၌ ဧတဒဂ်ဘွဲ့'ထူးဖြင့် ချီးမြှောက်တော်မူလေသည်။

    ဤနေရာ၌ စဉ်းစားစရာကောင်းသည့် အချက်တစ်ခု ရှိသည်။ လူသားများသည် တစ်စုံတစ်ယောက်၏ အားနည်းချက်ကို ရှာဖွေတတ်ကြသည်။ ထိုအားနည်းချက်ကို ထောက်ပြတတ်ကြသည်။ အကျိုးလို၍ ထောက်ပြ သူများ ရှိသလို၊ အပြစ်တင်လို၍ ကဲ့ရေဲ့၀ဖန်သူများလည်း ရှိသည်။ ထိုစဉ် လူသားသဘာ၀အနေဖြင့် မိမိကို ကဲ့ရဲ့သူအား မနှစ်မြို့တော့ပေ။ သို့အတွက် ပြန်လည်ပြီး မိမိအား ထိုးနှက်သူ၏ လိုအပ်ချက်များ၊ အပြစ်များကို မရ,မက ရှာဖွေကြသည်။ ရှာဖွေ၍ တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ထိုသူအား ပြန်လည်ပြီးတော့ ပြစ်တင်ဝေဖန် ကဲ့ရဲ့ခြင်းမျိုး ပြုလုပ်ကြခြင်းဖြင့် လူသားအဖြစ်ခဏတာလေးတွင် မနာလိုမှု၊ ၀န်တိုမှု၊ ရန်ငြိုးရန်စ၊ အပြစ်တင်မှုစ သည်ဖြင့် ရန်သူသဖွယ် ဖြစ်သွားကြရသည်။ လူ့အဖြစ်၏ ရှင်သန်မှုအား နှမြောစရာလည်း ကောင်းလှပေသည်။

    တချို့အနေဖြင့်ကား ထိုကဲ့သို့မိမိ၏ အားနည်းချက်၊ မှားယွင်းချက်ကို ထောက်ပြေ၀ဖန်သံသူကိုလည်း ကောင်း၊ အပြစ်တင်သူကိုလည်းကောင်း ပြန်လည်ပြီး အပြစ်မမြင်ဘဲ မိမိ၏အားနည်းချက်ကို ပြုပြင်လျက် မိမိ ကိုယ်ကိုယ်မိမိ ထိန်းကျောင်းနိုင်ပြီး အထိပ်သို့ရောက်သွားသူများလည်း ရှိသည်။ အားနည်းချက်ကို အားအဖြစ် အသက်သွင်းလျက် အဓိပ္ပာယ်ရှိရှိ ရင်ဆိုင်ကျော်ဖြတ်ကာ အထိပ်သို့တက်သွားသူများသည်ကား လောက၌အောင် နိုင်သူအဖြစ် ဂုဏ်ယူဝံ့ကြွားစွာဖြင့် မိမိ၏အပြစ်ကို ထောက်ပြသူ၊ ဝေဖန်သူများ၏ အထက်တွင် စမတ်ကျကျ နေရာယူနိုင်သူများလည်း ရှိသည်။ ဤသူမျိုးကား ရှား၏။ သို့သော် ပြုလုပ်၍ကား ရနိုင်ပေသည်။ ယခု အရှင်နန္ဒသည် မိမိအား ေ၀ဖန်သူများ၏စကားသံကို အားအဖြစ်အသုံးချလျက် ဘ၀တွင်အရေးကြီးဆုံးဖြစ်သည့် ဆုထူးကို မိမိ လက်ထဲတွင်ရောက်ရှိလာအောင် အကောင်းမွန်ဆုံးအသုံးချသွားနိုင်ခဲ့သည်။ သို့အတွက် အရှင်မြတ်၏ ထုံးကိုနှလုံး မူကာ အတုယူသင့်ပေသည်။ သို့အတွက် ဣန္ဒြေရှင် အရှင်မြတ်အား ဦးညွတ်လိုက်ရပါသည်။ 

မောင်မင်းစိုး

နောက်ဆုံးရ သတင်းများ


#အားတက်စရာနောက်ဆုံးရသတင်းများ Latest News 

စစ်အာဏာသိမ်းမှုကိုဖယ်ရှားရန်အတွက် သူလုပ်ပိုင်ခွင့်ရှိသောအရာအားလုံးကို လုပ်ဆောင်ပေးမည်ဟု ကုလအတွင်းရေးမှူးချုပ် ကတိပြုပြောကြား...

လူမျိုးတုန်းပြဿနာဖြင့်ရင်ဆိုင်နေရသောစစ်တပ်ကို နိုင်ငံတကာမျက်နှာစာတွင် ရဲရဲဝံ့ဝံ့အကာအကွယ်ပေးခဲ့သူကို ပြန်လည်ဖမ်းဆီးလုပ်ဆောင်ခြင်းသည် လူမဆန်သောလုပ်ရပ်ဟု ပြောကြား...

စစ်အာဏာသိမ်းခြင်းကိုထောက်ခံမှုပြုခဲ့ခြင်းမဟုတ်ပါကြောင်း တရုတ်နိုင်ငံ စတင်လေသံပြောင်း..

ဘင်ဂါလီ (ရိုဟင်ဂျာ)ဒုက္ခသည်များကို ပြန်လည်လက်ခံရမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICJက သတိပေး..
( အရှုပ်ထုတ်ခေါင်းပေါ်ရောက်ပြီ ရှင်းစမ်း) 

ဒေါ်အောင်ဆန်းစုကြည်အား လူရီစရာပုဒ်မဖြင့် ၂နှစ်ထိမ်းသိမ်းရန်ကြိုးစားနေကြောင်း ကမ္ဘာ့မီဒီယာများဖော်ပြ...

သံပုံးတီး၍ငိုကြွေးနေသောပုံများ ကမ္ဘာ့မီဒီယာများတွင်ပြန့်နှံ့...

ကမ္ဘာကျော်အတိုတော်ဟယ်ရီစတိုင်၏အမဖြစ်သူက မြန်မာပြည်သူများနှင့်အတူရပ်တည်ပါကြောင်းပြောကြား...

အာဏာသိမ်းမှုကြောင့် ဒေါ်လာဘီလီယမ်ပေါင်းများစွာတန်ဖိုးရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမသေချာတော့ဟု ကုမ္ပဏီများပြောကြား..
ကိုဗစ်ကပ်ဆိုးကြီးထဲတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံသားသန်းကျော်အလုပ်လက်မဲ့ဖြစ်သွားနိုင်ကြောင်း ထောက်ပြ...

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးရုံးဝန်ထမ်းများ Red Ribbon Campaignစတင်..

ရတနာပုံတက္ကသိုလ် ဆရာဆရာမများ ဝန်ထမ်းများ Civil Disobedience Campaignစတင်..

ဝါရှင်တန်ဒီစီမှ မြန်မာသံရုံးအတွင်းဝန် စစ်အာဏာသိမ်းခြင်းကိုလက်မခံ၍ ရာထူးမှနှုတ်ထွက် ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံ...

ကသလစ်ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်မောင်ဘိုမှ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း ကြေညာ...

ပြည်တက္ကသိုလ်ဆရာ ဆရာမများ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော Red Ribbon Campaignစတင်..

ဧရာဂတီဘဏ်ဝန်ထမ်းများ Red Ribbon Campaignတွင်ပါဝင်...

အာဏာသိမ်းမှုသည် ၂၀၀၈အခြေခံဥပဒေနှင့်မညီကြောင်း ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေပြုသူများအဖွဲ့ကကြေညာ ၊ စစ်အာဏာသိမ်းမှုကိုလက်မခံ၍ တစ်ဖွဲ့လုံးနှုတ်ထွက်...

၂၀၀၈အခြေခံဥပဒေတည်ရှိနေသ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တည်ရှိနေကြောင်း NLDလွှတ်တော်အမတ်များကြေညာ....

မြန်မာအမျိုးသားလေကြောင်းလိုင်း MNAမှ လေယာဉ်မောင်မယ်များက Civil Disobedience Campaign တွင်ပူးပေါင်းပါဝင်ကြောင်း ကြေညာ..

မန္တလေးတွင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း လူသုံးဆယ်ခန့် ငြိမ်းချမ်းစွာဆန္ဒပြ..

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက်သောလှုပ်လျားမှု၂၀၂၁ကို စတင်တော့မည်ဟု  ၈၈ခေါင်းဆောင်ကိုမင်းကိုနိုင်ကြေညာ...
N Kham Aung

Wednesday, February 3, 2021

မောနေယျအရှင်သို့ ဦးညွတ်ခြင်း



 ''ချစ်သား နာလက၊ မောနေယျအကျင့်ကို ကျင့်သောရဟန်းသည် သင်ဓုန်းသွားလျှင် နှိုင်းယှဉ်ဖွယ်ရာ ဥပမာရှိသူ ဖြစ်ရမည်။ လျှာဖြင့် အာစောက်ကို ဖိထောက်ပြီးလျှင် ၀မ်းအတွက် စောင့်စည်းသူ ဖြစ်ရမည်။ မပျင်းရိသူလည်း ဖြစ်ရမည်။ ဆွေကြောင်းမျိုးကြောင်း မြို့ကြောင်းရွာကြောင်းစသည့် ထွေရာလေးပါးတို့ဖြင့် အကြံမများရာ''

 လောက၌ ပြောဆိုနေကြသည့် စကားအတိုင်းပင် 'တစ်မိုးအောက်မှာ တစ်ယောက်တည်း ရှိ'သည်ဆို သလိုပင်၊ မောနေယျအကျင့်ကို ကျင့်နိုင်သည့်သူသည်လည်း ဘုရားတစ်ဆူလက်ထက်တွင် တစ်ပါးတည်းသာ ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ခက်ခဲပင်ပန်းစွာ ကျင့်ရသောကြောင့်ဟု ဆိုရမည်။ ဂေါတမဗုဒ္ဓလက်ထက်တွင်လည်း ထိုတစ်မိုးအောက်မှာ တစ်အောက်ထဲတွင် ရှိသည့် မောနေယျအကျင့်မြတ်ကို ကျင့်တော်မူခဲ့သည့် မထေရ်တစ်ပါး ရှိခဲ့သည်။ သူ့နာမည်ကား နာလက ဖြစ်သည်။

 သုဒ္ဓေါဒနမင်းကြီး၏ ခမည်းတော်သည် ဘုရင်သီဟဟနုမင်းဖြစ်သည်။ ထိုမင်း၌ တိုင်းရေးပြည်ရေး မင်းရေး စိုးရေးကိစ္စအ၀၀တို့ကို တိုင်ပြင်နှီးနှောရန် အသိတဆိုသည့် ပုရောဟိတ်ပုဏ္ဏားကြီးတစ်ယောက် ရှိသည်။ အများအသိနာမည်ကား ဒေ၀ိလဖြစ်သည်။ ထိုဒေဝိလသည် သုဒ္ဓေါဒနမင်းအား ငယ်စဉ်အခါကပင် အတတ်ပညာ အရပ်ရပ်တို့ကို သင်ပေးရသည့်ဆရာဖြစ်သည်။ သုဒ္ဓေါဒနသည် မိမိကိုယ်တိုင် ရှင်ဘုရင်ဖြစ်လာသည့်အခါ၌ ရသေ့ပြု သွားသော ဆရာဒေဝိလအား မိမိ၏ဥယျာဉ်တွင်ပင် နေထိုင်စေလျက် တိုင်းရေးပြည်ရာများကို ဆက်လက်ပြီး ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်သည်။ ထိုရသေ့သည် လောကီဈာန်သမာပတ်ရှစ်ပါးနှင့် ပြည့်စုံသူပီပီ နေ့သန့်စင်ရာအဖြစ် ဟိမ၀န္တာတောင်၊ စတုမဟာရာဇ်နတ်ပြည်၊ တာ၀တိံသာနတ်ပြည်တို့၌ သွားရောက်လျက် နေထိုင်ခြင်းမျိုး ပြုလုပ်လေ့ရှိ သည်။ တစ်ရက်တွင်၏ နတ်များ ဥဒဟိုသွားလျက် ကြွေးကြော်သံကြောင့် လောက၌ဘုရားဖြစ်မည့် ကလေးတစ် ယောက် မွေးဖွားလာကို သိသည်။ သို့အတွက် ဆင်ခြင်ကြည့်သော်  မိမိကိုယ်တိုင် ထိုဘုရားရှင်အား မဖူးမြော်ရမည်ကို သိ၍ မိမိ၏ညီမဖြစ်သူ၏သား တူတော်မောင်နာလကကို ခေါ်၍ ရသေ့ရဟန်းပြုရန် တိုက်တွန်းတော်မူခြင်း ဖြစ်သည်။

 နာလကသည် ကပိလတ်ပြည်တွင် ကုဋေ(၈၀)ချမ်းသြွာကယ်၀သည့် အမျိုး၌ ဖြစ်သည်။ ဦးလေးဖြစ်သူ ဒေဝိလရသေ့၏ စေခိုင်းတိုက်တွန်းချက်အရ ယုံကြည်စွာဆုံးဖြတ်ချက်ခိုင်မာမာ ချပြီး ဆံပင်မုတ်ဆိတ်တို့ကို ပယ်စွန့် လျက် ဈေးတွင်ရှိသော သပိတ်သင်္ကန်းတို့ကို ၀ယ်၍ ၀တ်ရုံကာ တောထွက်ခဲ့သည်။ မြတ်ဗုဒ္ဓ၏ ဘုရားဖြစ်မည့်နေ့ ကိုစောင့်ကြိုကာ ဟိမ၀န္တာတောတွင် တရားဘာ၀နာကြိုးစား အားထုတ်လျက် နေခဲ့သည်။ ဤသို့ဖြင့် မြတ်ဗုဒ္ဓ သည် သက်တော်(၃၅)နှစ်သို့ရောက်သော် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။ ပဉ္စ၀ဂ္ဂီငါးပါးတို့အား ဓမ္မစကြာ+ အနတ္တလက္ခဏသုတ်တို့ကို ဟောတော်မူပြီးသည့်နောက် (၇)ရက်မြောက်နေ့၌ ထိုတရားနာပရိသတ်ထဲတွင်ပါ၀င်သည့် နတ်ဗြဟ္မာတို့၏ အသိပေးလျှောက်ထားချက်အရ နာလကမထေရ်သည် ဟိမ၀န္တာအရပ်မှ ဣသိပတန မိဂါဝုန်တောရှိ  မြတ်ဗုဒ္ဓထံသို့ ကြွရောက်ခဲ့သည်။ ထိုစဉ် မိမိအနေဖြင့်(၃၅)နှစ်ကြာသည့်တိုင် စောင့်ဆိုင်းလျက် သိလိုသည့် မောနေယျအကျင့်မြတ်ကို မေးမြန်းတော်မူခဲ့သည်။ ထိုတွင် မြတ်ဗုဒ္ဓသည် မောနေယျအကျင့်ကို (၂၃)ဂါထာတို့ဖြင့် ဟောတော်မူခဲ့သည်။ ယခု ထိုအကျင့်များကို မပြောခင် မောနေယျအကျင့်၏ မည်မျှခက်ခဲကြောင်းကို သိစေရန် အတွက် ဦးစွာပြောပြလိုပါသည်။

 သူတစ်ပါးထက် သာလွန်ထူးခြားလိုလျှင် သူတစ်ပါးထက် သာလွန်သည့် ဇွဲလုလ္လ ၀ီရိယရှိဖို့လိုသည်။ သည်းခံနိုင်မှု လိုသည်။ ပညာလိုသည်။ သူတစ်ပါးမကျင့်နိုင်သည့် မလုပ်နိုင်သည့် အကျင့်အလုပ်တို့ကို ပြုကျင့် နိုင်စွမ်း ရှိရမည်။ သို့မှသာ သူတစ်ပါးတို့ မရသည့် မရှိသည့် မရောက်သည့်နေရာသို့ ရခြင်း သိခြင်း ရောက်ခြင်း မျိုးကို ပိုင်ဆိုင်ရပေလိမ့်မည်။

 မောနေယျအကျင့်ကို ကျင့်ရာ၌ ပြင်းပြင်းထန်ထန် ကျင့်လျှင် (၇)လမျှသာ အသက်ရှည်သည်။ အလယ် အလတ်ကျင့်လျှင် (၇)နှစ်မျှသာ အသက်ရှည်သည်။ ခပ်လျော့လျော့ကျင့်လျှင် (၁၂)နှစ်မျှသာ အသက်ရှည်သည်။ နာလကမထေရ်သည် ခပ်ပြင်းပြင်းကျင့်သည့်အတွက် (၇)လမျှသာ အသက်ရှည်သည်။ အလိုနည်းခြင်း ရှိရသည်။ ဘုရားဖူးရန်အတွက်လည်းကောင်း၊ တရားနာရန်အတွက်လည်းကောင်း၊ မောနေယျအကျင့်ကို မေးမြန်ရန်အတွက် လည်းကောင်း သုံးမျိုးတို့၌ပင် အလိုနည်းသူဖြစ်ရမည်။ ထိုသို့ဖြစ်ရာ၌ သဒ္ဓါတရားခေါင်းပါး၍ မဟုတ်။ တစ်ခါနှင့်ပြီး ပြည့်စုံပြီဆိုသည့်အတွေးနှင့် အားရကျေးနပ်ခြင်းမျိုးဖြင့် အလိုနည်းခြင်း ဖြစ်သည်။

 မထေရ်သည် မောနေယျအကျင့်နှင့်စပ်သော တရားဒေသနာကို ကြားနာပြီးသောအဆုံး၌ အလွန်ပင်ကြည် လင်နေ၏။ ရွှင်ပျနေ၏။ အားရ၀မ်းသာခြင်းနှင့်အတူ မြတ်ဗုဒ္ဓကို ရှိသေမြတ်နိုး ရှိခိုးလျက် တောသို့၀င်ခဲ့သည်။ ထိုသို့တောသို့ ၀င်သည့်နေမှစ၍ နောက်တဖန်''ငါသည် မြတ်စွာဘုရားကို ဖူးမြင်ရပါမူ ကောင်းလေစွ''ဆိုသည့် အလိုဆန္ဒမျိုး အရှင်မြတ်သန္တာန်၌ တစ်ကြိမ်မျှ မဖြစ်တော့ချေ။ ဤကား အရှင်မြတ်၏ ဘုရားဖူးခြင်း၌ အလိုနည်း  ခြင်း ဖြစ်သည်။

 ထိုနည်းတူစွာ ''ငါသည် နောက်ထပ်တစ်ဖန် တရားတော်ကို နာရပါမူကောင်းလေစွ''ဆိုသည့် အလိုဆန္ဒ မျိုးလည်း အရှင်မြတ်သန္တာန်၌ တစ်ကြိမ်မျှ မဖြစ်တော့ချေ။ ဤသည်ပင် အရှင်မြတ်အနေဖြင့် တရားနာခြင်း၌ အလိုနည်းခြင်း ဖြစ်သည်။

 ထိုနည်းတူစွာ''ငါသည် နောက်ထပ်တဖန် မောနေယျအကျင့်ကို မြတ်စွာဘုရားအား လျှောက်ထား မေးမြန်း ရပါမူ ကောင်းလေစွ''ဆိုသည့် အလိုဆန္ဒမျိုးလည်း အရှင်မြတ်၏သန္တာန်၌ တစ်ကြိမ်မျှ မဖြစ်တော့ချေ။ ဤကား မောနေယျအကျင့်၌ အလိုနည်းပါးမှု ဖြစ်သည်။

 မှန်ပါသည်။ အရှင်မြတ်သည် ဘုရားတဆူ၌ တစ်ဦးသာပေါ်ထွက်လာသည့် ပုဂ္ဂလဝိသေသ,သာ၀ကဝိသေသ ဖြစ်သည့်အတွက် တစ်ကြိမ်မျှ ဖူးမြင်ရရုံ၊ တရားနာရရုံ၊ အကျင့်မြတ်နှင့်ပတ်သက်၍ မေးလျှောက်ရရုံဖြင့် တင်းတိမ် အားရ ကျေနပ်တော်မူသည်။ ထိုကဲ့သို့ အလိုဆန္ဒပြည့်၀သွားခြင်းကြောင့် နောက်ထပ်ဘုရားဖူးခြင်း၊ တရားနာခြင်း၊ မောနေကျအကျင့်နှင့်ပတ်သက်၍ မေးလျှောက်ခြင်းမျိုး မလုပ်တော့ခြင်း ဖြစ်သည်။

 မောနေယျအကျင့်သည် လျောင်း၍ အိပ်စက်ခြင်းမျိုး မရှိရပေ။ ဆွမ်းခံ၍ စားရသည်။  သစ်တစ်ပင်တွင် တစ်ရက်သာ နေထိုင်ရသည်။ ထိုနည်းအတူ တစ်ရွာတွင်လည်း တစ်ရက်သာ ဆွမ်းခံရသည်။ တတောတွင် တစ်ရက် သာ နေထိုင်သည်။ တတောင်တွင် တစ်ရက်သာ နေထိုင်ရသည်။ ဤနည်းဖြင့် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကျင့်ကြံတော်မူရခြင်း ဖြစ်သည်။ ထို့ပြင် ပုထုဇဉ်ဘ၀ဖြင့် ကိလေသာမဖြစ်အောင် နေထိုင်ရခြင်းသည် ပိုမိုပြီး ခက်ခဲသည့် အချက်ဖြစ်ပေလိမ့်မည်။ ဤသို့သောအကျင့်များနှင့် ပြည့်စုံတော်မူမည့် မထေရ်မြတ်သည် မြတ်ဗုဒ္ဓထံသို့ ကြွသွားတော်မူလျက် မောနေယျအကျင့်နှင့် ပတ်သက်၍ သိလိုရေးအတွက် မေးမြန်းလျှောက်ထားတော်မူသည်။

 ''မြတ်စွာဘုရား၊  တပည့်တော်သည် အိမ်ရာမထောင်သော ရဟန်း ဖြစ်ပါသည်။ ဆွမ်းခံစား သူဖြစ်ပါသည်။ တပည့်တော် မေးလျှောက်ပါရစေ၊ မောနေယျအကျင့်မြတ်ကို ဟောတော်မူပါဘုရား''

 မောနေယျအကျင့်သည် ပြုနိုင်ခဲ၊ ကျင့်နိုင်ခဲသော အကျင့်ဖြစ်သည်၊ ထိုအကျင့်ကို ငါဘုရားဟောမည်၊
သင်သည် မိမိကိုယ်ကို  အားထားပြုလော့- (ဤနေရာ၌ မြတ်ဗုဒ္ဓ၏ဟောတော်မူသော ဂါထာတို့၏ အကျဉ်းစကား အနှစ်ချုပ်ကို တည်တောဆရာတော်၏ ဘာသာပြန်အတိုင်း ဖော်ပြပေးပါမည်)

 (၁) မိမိအား ဆဲရေးသူနှင့် ရှိခိုးသူကို ထပ်တူရှုရမည်၊ ဆဲရေးခံရသော် စိတ်ပြစ်မှားမှုမရှိအောင် စောင့် ရှောက်ရမည်၊ ရှိခိုးခံရသော်လည်း တကြွ်ကမှု မရှိအောင် ကျင့်ရမည်။ (၂) ဖြားယောင်းသွေးဆောင်သည့် မိန်းမ တို့ကြောင့် မပျက်စီးစေဘဲ။ ကာမဂုဏ်တို့ကို ပယ်စွန့်၍ မေထုန်မှုမှ ရှောင်ကြရမည်။ (၃) ငါသည် ချမ်းသာကို အလိုရှိသကဲ့သို့ သတ္တဝါတို့လည်း ချမ်းသာကို အလိုရှိကုန်၏ဟု မိမိကိုယ်ကို ဥပမာပြု၍ သတ္တဝါတို့ကို မသတ်ရာ၊ မသတ်စေရာ။ (၄) ပုထုဇဉ်သည် ပစ္စည်းလေးပါး၌ ကပ်ငြိ၏၊ တဏှာချောက်သည် နက်ရှိုင်း၏၊ ပညာဖြင့် လိုချင်မှု လောဘကို ပယ်စွန့်၍ နက်ရှိုင်းသော ချောက်မှ ကျော်တက်ရာ၏။ (၅) နှိုင်းယှဉ်ပိုင်းခြားအပ်သော ၀မ်းရှိရာ၏၊ အလိုနည်းရာ၏၊ တဏှာဟူသော မွတ်သိတ်မှု မရှိခြင်းကြောင့် ငြိမ်းစေ၏။ (၆) မောနေယျ အကျင့်ကျင့်သော ရဟန်းသည် ဆွမ်းခံပြီးလျှင် တောသို့သာ ပြန်သွား၏၊  သစ်ပင်ရင်း၌ ထိုင်၍သော်လည်းကောင်း၊ ရပ်၍သော်လည်းကောင်း နေရာ၏။ (၇) ထိုရဟန်းသည် ဈာန်လေ့လာသူ၊ တည်တံ့သူ၊ တော၌ပျော်မွေ့သူ ဖြစ်ရာ၏၊ သစ်ပင်ရင်း၌ ဈာန်၀င်စားရာ၏။ (၈) ဆွမ်းခံ၍သာ စားရာ၏၊ ပင့်ဖိတ်၍ လှူသောဆွမ်း၊ ရွာမှဆောင်ယူ၊ လှူသော ဆွမ်းတို့ကို မနှစ်သက်ရာ။ (၉) ဒါယကာတို့နှင့် ရောနှောမနေရ၊ မြတ်သောစကားရှိသည်ဖြစ်၍ နိမိတ် ဝိညတ်နှင့်ယှဉ်သော စကားကို မဆိုရာ။ (၁၀) တစ်စုံတစ်ခုသော ပစ္စည်းကို ရလျှင်ကောင်း၏၊ မရလျှင်လည်း ကောင်း၏ ဟု ရ-မရ နှစ်ပါး၌ပင် တုန်လှုပ်ခြင်း မရှိရာ။ (၁၁) မအပ်ပါပဲလျက်နှင့် အယောင်ဆောင်ကာ အနည်းငယ်လှူခြင်းကိုလည်း မရှုတ်ချ၊ မေးလှူသူကိုလည်း မထီမဲ့မြင် မပြုရာ။ (၁၂) မဂ်ရကြောင်း အကျင့်ကို သုခပဋိပဒါစသည် အယုတ်အမြတ်ရှိ၏ ဟု ဘုရားရှင်ဟောတော်မူ၏၊  သို့သော် တစ်ခုတည်းသော မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့ နှစ်ကြိမ်သော်ကား မရောက်၊ ကိလေသာတို့ တစ်ပြိုင်နက် မကုန်ရကား နိဗ္ဗာန်ဟူသောကမ်းသို့ တစ်ကြိမ်သာ ရောက်သည်လည်း မဟုတ်။ (၁၃) အကြင်ရဟန်းအား ပျံ့နှံ့သော တဏှာမရှိ၊ တဏှာအလျဉ်ပြတ်ပြီးသော ထိုရဟန်းအား ရာဂစသည်ကြောင့် ဖြစ်သော ပူပန်မူ မရှိ။ (၁၄) မောနေယျရဟန်းသည် သင်တုန်းသွား ဥပမာ ရှိသူ ဖြစ်ရာ၏၊ အာစောက်ကို လျှာဖြင့် ထိကပ်ပြီး  ၀မ်း၌ စောင့်စည်းသူ ဖြစ်ရာ၏။(၁၅) မတွန့်ဆုတ်သော စိတ်ရှိရာ၏၊ များစွာမကြံရာ၊ တဏှာအညှှီကင်းသူ၊ တစ်စုံတစ်ခုသော ဘ၀၌ မမှီသူ၊ အကျင့်မြတ်လျှင် လဲလျောင်း ရာရှိသူ ဖြစ်ရာ၏။ (၁၆) တစ်ဦးတည်း ကျင့်ရမည်၊  ကမ္မဋ္ဌာန်းအာရုံ၌ အားထုတ်နိုင်ရမည်၊ တစ်ဦးတည်း နေထိုင်ခြင်းသည် မောနမည်၏၊  တစ်ဦးတည်း မွေ့လျော်နိုင်မှ  အရပ်မျက်နှာတို့ ထင်ရှားလတံ့။ (၁၇) ဘုရားကို မြတ်နိုးသူသည် ဈာန်၀င်စားမှု၌ မြတ်နိုး၏၊ ကာမကို စွန့်ကုန်သော ပညာရှိတို့၏ ကြွေးကြော်သံကြား၍ ဟိရီကိုလည်းကောင်း၊ သဒ္ဓါကိုလည်းကောင်း၊ အတိုင်းထက်အလွန် ပြုရာ၏။ (၁၈) မြစ်ငယ်ချောင်းငယ်တို့သည် ချောက်အကြား၌ အသံမြည်လျက် စီးသွားကုန်၏၊ မြစ်ကြီးတို့သည် တိတ်ဆိတ်ငြိမ်သက်စွာ စီးဆင်းကုန်၏၊ စကားကို ဤ၌မြစ်ဥပမာဖြင့် သိလော့။ (၁၉) ရေမပြည့်သောအိုးသည် အသံမြည်၏၊ ရေပြည့်အိုးကား အသံမမြည်၊ သူမိုက်သည် ရေမပြည့်သော အိုးနှင့် တူ၍၊ ပညာရှိကား ရေပြည့်အိုးနှင့်တူ၏။(၂၀) ဘုရားရှင်သည် အကြောင်း အကျိုးနှင့် ပြည့်စုံ၍ အစီးအပွားနှင့် စပ်သော စကားကို များစွာ မြွက်ဆို၏၊ ဤသြွို့မက်ဆိုခြင်းကား တရားကို သိတော်မူသည်ဖြစ်၍သာ များစွာ မြွက်ဆိုတော်မူခြင်းဖြစ်၏။ (၂၁) တရားကို သိသောသူသည် စောင့်စည်းအပ်သော စိတ်ရှိ၏၊ စကားကိုများစွာမဆို၊  ထိုပုဂ္ဂိုလ်သည် အရဟတ္တဖိုလ် ရထိုက်၏၊ ရလည်းရ၏။ မြတ်ဗုဒ္ဓသည် မောနေယျအကျင့်နှင့်ပတ်သက်၍ အရှင်မြတ်အား အပြည့်အစုံ ဟောကြားတော်မူသည်။

 အရှင်မြတ်သည် မောနေယျအကျင့်ကို အထက်သန်ဆုံး အမြတ်ဆုံး ဖြည့်ကျင့်တော်မူသည့် ဥက္ကဌ်ပုဂ္ဂိုလ်ဖြစ် သည့်အတွက် (၇)လမျှသာ အသက်ရှည်တော်မူသည်။ မိမိ၏ အာယုသင်္ခါရ အသက်တမ်းကုန်ဆုံးတော့မည်ကို သိတော်မူ၍ ခန္ဓာကိုယ်ကိုယ် သန့်စင်ဆေးကြော ရေချိုးတော်မူလျက် သင်္ကန်းများကို အ၀န်းညီစွာ ပြင်၀တ် တော်မူလိုက်သည်။  မြတ်ဗုဒ္ဓရှိရာအရပ်သို့ မျက်နှာမူလိုက်သည်။ ထိခြင်းငါးပါးဖြင့် မြတ်ဗုဒ္ဓကို ရှိခိုးလျက် ဟိင်္ဂုလကမည်သော တောင်ကိုမှီ၍ ရပ်တော်မူလျက်သာလျှင် ပရိနိဗ္ဗာန်၀င်စံတော်မူခဲ့သည်။ မြတ်ဗုဒ္ဓသည် နာလက မထေရ်လွန်တော်မူသည်ကို သိ၍ နောက်ပါသံဃာတော်များနှင့်အတူ ကြွတော်မူလျက် ဈာပနကိစ္စကို ကိုယ် တော်တိုင်စီမံ၍ ပြီးဆုံးစေပြီးနောက် ဓာတ်တော်များကို စေတီတည်ထားရန် ကောက်ယူစေခဲ့ပြီး ရာဇဂြိုဟ်ပြည်သို့ ပြန်လည်ကြွချီတော်မူခဲ့သည်။

 ထိုကဲ့သို့ တစ်မိုးအောက်တွင် တစ်ယောက်တည်းရှိခဲ့သည့် မထေရ်မြတ်၏ အကျင့်မြတ်တို့ကို အာရုံပြုလျက် မထေရ်မြတ်၏ ဂုဏ်အလီလီတို့ကို မှန်းဆလျက် ဦးညွတ်တော်မူလိုက်ရပေတော့သည်။

မောင်မင်းစိုး

အသံရှင်သို့ ဦးညွတ်ခြင်း



    ''ရဟန်းတို့၊ သင်ချစ်သားတို့သည် နောက်မှလိုက်လာသည့် အဆင်းမလှသည့်၊ အကြည့်ရခက်သည့်၊ ပုကွကွဖြစ်နေသည့် ပြက်ရယ်လှောင်ပြောင်မှု ပြုလုပ်တာကိုခံနေရသည့် ရဟန်းတော်ကို သင်တို့မြင်ကြသည် မဟုတ်လော။ ရဟန်းတို့၊ ဤရဟန်းသည် သာမညရဟန်းတစ်ပါး မဟုတ်ပေ''

    
ဂေါတမမြတ်စွာဘုရားရှင်လက်ထက် သာ၀တ္ထိပြည်၌ မွေးဖွားခဲ့သည်။ နာမည်က ဘဒ္ဒိယ ဖြစ်သည်။သူသည် ချမ်းသာသည့် အမျိုး၌ မွေးဖွားခြင်း ဖြစ်သည်။  အခြားသော ဘဒ္ဒိယနာမည်များနှင့် ကွဲပြားရန် ပုံသဏ္ဍာန် အသွင်အပြင်ကို ကြည့်လျက် နာမည်တစ်ခု ထပ်ပေးခဲ့ကြသည်။ သူသည် ရုပ်ဆင်းအင်္ဂါ မလှပ။ ခန္ဓာကိုယ်သည်လည်း သေးကွေးလှသည်။ အရပ်အမောင်းကလည်း ပုကွနေခဲ့သည်။ ထိုသို့သောအကြောင်းများကို ထောက်ဆ၍ 'လကုဏ္ဍက ဘဒ္ဒိယ'ဟု နာမည်မှည့်ခေါ်ကြခြင်း ဖြစ်သည်။


    မြတ်ဗုဒ္ဓ၊ ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ် သာသနာတော်သို့ ၀င်ရောက်ကာ ရဟန်းပြုခဲ့သည်။ ထို့နောက် ကမ္မဋ္ဌာန်းတရားကိုယူကာ ၀ိပဿနာတရား ကျင့်ကြံအားထုတ်တော်မူလျက် တရားထူး ရခဲ့သည်။ ခိုင်မာသည့် သဒ္ဓါတရားဖြင့် ရဟန်းပြုလာခြင်း ဖြစ်သည်။ အကြားအမြင် များသည်။ ဓမ္မကထိကတစ်ပါးလည်း ဖြစ်သည်။ ချိုမြိန်သာယာသော အသံဖြင့် သူတစ်ပါးတို့အား တရားဟောလေ့ ရှိသည်။ ထိုအရှင်သည် အသံသာယာမှု၌ ဧတဒဂ်ဘွဲ့ထူးကို ရရှိတော်မူခဲ့သည့် မထေရ်ဖြစ်သည်။

    တစ်ရက်တွင် ပုဏ္ဏားကြီးတစ်ယောက်နှင့်အတူ ပွဲလမ်းသဘင်သို့သွားနေသည့် ကချေသည်မတစ် ယောက်သည် မထေရ်အားကြည့်ပြီး လှောင်ပြောင်ရယ်မောသည်။ ထိုသူမ၏ သွားတို့သည် မညီညာကုန်။ ညစ်ပတ် ပေရေနေခဲ့သည့်ကို မထေရ်မြတ်သည် တွေ့လိုက်သည်။ ထိုညစ်ပတ်နေသော သွားများကို အာရုံနိမိတ်ယူကာ ဈာန်ကိုဖြစ်စေသည်။ ထိုမှတဆင့် ဝိပဿနာသို့ တက်ကာ ဆက်လက်ပွားများသည်ရှိသော် အနာဂါမ်အဆင့်သို့ ရောက်တော်မူခဲ့သည်။ ထို့နောက်တွင်မှ အရှင်သာရိပုတ္တရာမထေရ်မြတ်၏အထံမှ သြဝါဒကို နာယူပြီး ရှုမှတ် ပွားများကာ ရဟန္တာဖြစ်တော်မူခဲ့သည်။

    ထိုအရှင်မြတ်၏ အတိတ်ဘ၀ဇာတ်ကြောင်းကို ခြေရာကောက်ကြည့်သော် ပဒုမုတ္တိုရ်ဘုရားရှင်လက်ထက် တွင် ဟံသာ၀တီမင်းနေပြည်တော်၌ စည်းစိမ်ဥစ္စာ ချမ်းသြွာကယ်၀သော သူဌေးသားဖြစ်သည်။ တစ်ရက် အများနည်းတူ တရားနာရန် ကျောင်းတော်သို့ သွားခဲ့သည်။ ထိုစဉ်အလွန်သာယာသော အသံရှိသည့် ရဟန်းတစ်ပါး အား ဧတဒဂ်ရာထူးထားသည်ကို တွေ့မြင်၍ ခုနှစ်ရက်ကြာ ဘုရားအမှူးရှိသော သံဃာတော်များအား မဟာဒါန အလှူကြီးကို ပေးလှူဒါန်းခဲ့သည်။ ထိုအလှူဒါနဖြင့် အသံအသာယာမှုအရာ၌ ဧတဒဂ်ရာထူးကို ဆုတောင်းခဲ့သည်။ ထိုဘ၀မှစုတေ၍ လူ့ပြည်နတ်ပြည်တို့၌ ကျင်လည်ခဲ့ရသည်။

    ၀ိပဿီဘုရားရှင်လက်ထက်တွင် စိတ္တပတ္တမည်သော ဥသြငှက်ဘ၀တွင် ရောက်ခဲ့သည်။ ထိုစဉ် ဘုရားရှင် အား သရက်သီးမှည့်ကို လှူဒါန်းခဲ့သည်။ ထိုကုသိုလ်ကောင်းမှုကြောင့်ပင် အသံသာယာမှု ဖြစ်ခဲ့သည်။ ထိုမှတပါး ကဿပဘုရားရှင်လက်ထက်တွင် လက်သမားဆရာကြီး ဖြစ်ခဲ့သည်။ သြဇာအာဏာလည်း ညောင်းသည်။ စိတ် ကူးစိတ်သန်းလဲကောင်းသည်။ ကဿပဘုရားရှင်ကိုယ်တော် ပရိနိဗ္ဗာန်စံ၀င်တော်မူသွားသည့်အခါ သာရီရိက ဓာတ်တော်များကို  စေတီတည်ထားရန် တိုင်ပင်ကြသည်။ ထိုစဉ် မထေရ်မြတ်လောင်းလျာသည် လက်သမားဆရာ ကြီးဖြစ်သည့်အတွက် အဆုံးအဖြတ်ပေးမှု ရခဲ့သည်။ လူတို့သည် စေတီပမာဏကို (၇)ယူဇနာ မှအစပြု၍ တည်ထားရန် တိုင်ပင်ကြသည်။ ထိုစဉ် လက်သမားဆရာကြီးသည် နောင်တွင်ပြုပြင်ရာ၌ လွယ်ကူရန်ဆိုပြီး တစ်ယူဇနာ အကျယ်အ၀န်း၊ တစ်ယူဇနာအတောင်မြင့်သည့် စေတီတည်ထားရန် ဆုံးဖြတ်ပေးလိုက်သည်။ ထိုကဲ့ သို့သော အကြောင်းကြောင့် မထေရ်မြတ်သည် ပုကွခဲ့ရသည်။ အရပ်တိုခဲ့ရသည်ဟု ဆိုသည်။

    ထို့အပြင်လည်း မထေရ်မြတ်လောင်းလျာသည် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းဖြစ်စဉ် အခါကလည်း အသက်အရွယ်ကြီးရင့်သည့် အဘိုးအိုများကိုလည်းကောင်း၊ အသက်အရွယ်ကြီးရင့်သည့်အဘွားအိုများကိုလည်း ကောင်း၊  နူနာသည်လို ပုဂ္ဂိုလ်များကိုလည်း တွေ့လျှင် စက်ဆုပ်ရွံ့ရှာသော အပြုအမူဖြင့် မြေ၌လှဲစေကာ ကစားခြင်းမျိုးစုံတို့ကို ပြုလုပ်၍ လှောင်ပြောင်မှုများ ပြုလုပ်ခဲ့သည်။ ထိုစဉ်သိကြားမင်းကိုယ်တိုင် သူအိုယောင် ဖန်ဆင်းကာ ဗာရာဏသီမင်းအား ဆုံးမပေးခဲ့ရသည်။ ထိုအကုသိုလ်ကြောင့်လည်း အဆင်းမလှခြင်း၊ ပုကွခြင်း ဖြစ်ရသည်။

    သတ္တဝါတို့သည် မိမိကိုယ်တိုင်ပြုလုပ်အပ်သော ကံများသည် မှီရာအဖြစ် တည်ရှိနေခဲ့သည်။ ထိုကံများ၏ စေခိုင်းမှုအရ ဘ၀များစွာ ကျင်လည်ခဲ့ရသည်။ ထိုကံများကြောင့်ပင် အသက်ရှည်ခြင်း၊ အသက်တိုခြင်း၊ အဆင်းမလှ ခြင်း၊ အဆင်းလှခြင်း၊ ပညာကြီးခြင်း၊ ပညာမဲ့ခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းမျိုး ဖြစ်ကြရသည်။ ကံများသည် ကား ခံစား၍ မပြီးမချင်း ရှင်သန်နေခဲ့ကြသည်။ တချို့ကံများသည် တစ်ဘ၀နှစ်ဘ၀ဖြစ်သော်လည်း အကျိုး ပေးတတ်ပြီး ကုန်သွားကြသည်။ အချို့အားကောင်းသည့် ကံများသည် ဘ၀ပေါင်းများစွာ လိုက်ပါပြီး အကျိုးပေး မှုများလည်း ရှိသည်။ ယခုသော်လည်း မထေရ်မြတ်သည် ထိုအကုသိုလ်အကျိုးပေးမှုများအဖြစ် နောက်ဆုံး ပစ္ဆိမဘဝိကပုဂ္ဂိုလ်ပင်ဖြစ်လင့်ကစား ရုပ်ဆင်းအင်္ဂါ မပြည့်စုံခြင်းစသော အကျိုးတရားများကို ရရှိခဲ့ရသည်။ သို့သော် ထိုရုပ်တရားသည် ဓမ္မအဆီအနှစ်ဖြင့် ချိန်းထိုးတိုင်းတာကြည့်လျှင်တော့ အရေးကြီးသည်မျိုး မဟုတ်ပေ။ ရုပ်အဆင်း အင်္ဂါ လှပတင့်တယ်ခြင်းထက် ဓမ္မဖြင့်စိတ်ဓာတ်ကို အလှခြယ်သထားခြင်းကသာ ဘ၀တွင်ပိုမိုပြီး တောက်ပြောင်နေ ပေလိမ့်မည်။

    မထေရ်မြတ်၏သန္တာန်၌ ဓမ္မအဆီအနှစ်များဖြင့် ကိန်း၀ပ်နေခဲ့ပါသည်။ မြတ်ဗုဒ္ဓထံတွင် ကမ္မဋ္ဌာန်းယူပြီး ဝိပဿနာအလုပ်အားထုတ်တော်မူရင်း သောတာပန်အရိယာ ဖြစ်ခဲ့သည်။ ယင်းသည် အရိယာတည်းဟူသော ဓမ္မအဆီနှစ်ဖြင့် ပြည့်စုံခြင်းပင်။ ထိုမှတဖန် အရှင်သာရိပုတ္တရာထံတွင် အထက်မဂ်များအလို့ငှာ ကမ္မဋ္ဌာန်းတောင်း ဒေသနာတော်များ နာယူရင်း ရဟန္တာဖြစ်တော်မူခဲ့သည်။ ထိုအဆီအနှစ်သည် ဘ၀အတွက် ပြီးပြည့်စုံသည့် ဓမ္မ အဆီအနှစ်များပင် ဖြစ်တော့သည်။

    ထိုစဉ်က အဖြစ်အပျက်တစ်ခုကို ပြန်ပြောရလျှင် အရှင်သာရိပုတ္တရာထံမှ မထေရ်မြတ် ပထမတစ်ကြိမ် တရား နာယူစဉ်ကပင် ရဟန္တာဖြစ်ခဲ့သည်။ သို့သော် အရှင်သာရိပုတ္တရာသည် အရှင်လကုဏ္ဍလဘဒ္ဒိယ၏ ရဟန္တာဖြစ်မှုအား သတိမထားမိသည့်အတွက် တရားတော်များကို ရှည်လျားစွာ ဟောတော်မူခဲ့သည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ရဟန္တာအချင်းချင်းပင် သတိမထားလျှင် တစ်ပါးနှင့်တစ်ပါး ရဟန္တာဖြစ်နေသည်ကို မသိဟု  မှတ်ယူရမည်။ ထိုစဉ် အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ်သည် မိမိ၏ ရဟန္တာဖြစ်နေခြင်းကို မိမိကိုယ်တိုင်သိရှိသော် လည်း အရှင်သာရိပုတ္တရာအနေဖြင့် ထိုမျှလောက်ရှည်ရှည်‌ဝေးဝေး ဟောရနေသည်ကို ကြာလိုက်တာဆိုပြီး စိတ်ပျက်လက် ပျက်ဖြစ်ခြင်းမျိုး မရှိ။ ငြီးငွေ့ခြင်းမျိုး မရှိ။ စိတ်ပါလက်ပါပင် တရားတော်ကို အဆုံးအထိ နာယူခဲ့သည်။ ဤအချက်ကို ကြည့်ခြင်းဖြင့်ပင် မထေရ်မြတ်အား ဦးညွတ်သင့်ပေသည်။

    သာသနတော်တွင် ဆဗ္ဗဂ္ဂီဆိုသည့် ရဟန်းတော်များ ရှိသည်။ သူတို့သည် အနေထိုင် သိပ်ဆင်ခြင်မှု မရှိ။ ဝိနည်းသိက္ခာပုဒ် အတော်များများသည်လည်း သူတို့ကို အကြောင်းပြု၍ ပညတ်ချက်ပြုရသည်ကား များပေသည်။ အပြစ်တင်စရာ၊ ဝေဖန်စရာ၊ ကဲ့စရာများနှင့် နေထိုင်ကြသည့် အုပ်စုပင်ဖြစ်သည်။ သူတို့သည် အရှင်လကုဏ္ဍက ဘဒ္ဒိယမထေရ်မြတ်အား စ,စရာအဖြစ် မှတ်ထင်ထားကြသည်။ သို့အတွက် ထိပ်ပုတ် ခေါင်းပုတ်ဖြင့်လည်းကောင်း၊ ရှေ့ကို တွန်းထိုး၍လည်းကောင်း၊ ချီမ၍လည်းကောင်း စနောက်ကြသည်။ အရှင်မြတ်သည် ခန္ဓာကိုယ်သေးသွယ် လျက် အရပ်အားဖြင့် ပုကွနေသည်မှန်သော်လည်း အရှင်မြတ်သန္တာန်၌ ကိန်းအောင်းနေသည့် ဓမ္မဓာတ်၏ ကြီးမား မှုကို ဆဗ္ဗဂ္ဂီရဟန်းတို့ မသိကြပေ။ ထိုအခြင်းအရာကို မြင်တော်မူသည့်အတွက် ရဟန္တာအား ပြစ်မှားသည့် ကံသည် ကြီးမားသည့်အတွက် မြတ်ဗုဒ္ဓသည် ထိုရဟန်းများအား အသိပေးရသည်။ ဆုံးမရသည်။

    ''ရဟန်းတို့သည် ငါရဲ့သားတော်၏ အာနုဘော်ကို မသိကြခြင်းကြောင့် အချို့ပုထုဇဉ်ရဟန်းတို့က ပြက်ရယ် ပြုလုပ် ရှုတ်ချနေကြတယ်။ အဲဒီလိုလုပ်နေမယ်ဆိုရင် ပြုလုပ်တဲ့ရဟန်းတော်များအနေဖြင့် ကာလရှည်စွာ အစီးအပွား မဲ့ကို ဖြစ်စေရာ၏။ ဆင်းရခြင်းကို ဖြစ်စေရာ၏။ ဤအခြေအနေကြောင့် ရဟန်းတို့အား ပြောဆိုဆုံးမှုမှုကို ပြုလုပ် မှ သင့်ပေတော့မည်''ဟု အကြံဖြစ်တော်မူသည်။ ထို့ကြောင့် ပြက်ရယ်လှောင်ပြောင်နေသည့် ရဟန်းတို့အား မြတ်ဗုဒ္ဓသည် ဆုံးမတော်မူသည်။

    ''ရဟန်းတို့၊ သင်ချစ်သားတို့သည် နောက်မှလိုက်လာသည့် အဆင်းမလှသည့်၊ အကြည့်ရခက်သည့်၊ ပုကွကွဖြစ်နေသည့် ပြက်ရယ်လှောင်ပြောင်မှုကို ပြုလုပ်ကြတာခံနေရတဲ့ ရဟန်းတော်ကို သင်တို့မြင်ကြသည် မဟုတ်လော။
 
    ရဟန်းတို့၊ ဤရဟန်းသည် သာမညရဟန်းတစ်ပါး မဟုတ်ပေ။ ကြီးမားသည့် တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့် စုံသည့် ရဟန်းတစ်ပါး ဖြစ်သည်။ အဲဒီရဟန်းမ၀င်စားဘူးတဲ့ သာ၀ကတို့ဆိုင်ရာ သမာပတ်ဆိုတာ မရှိပေ။ ထိုရဟန်းသည် ရဟန်းဘ၀ရဲ့ အဆင့်မြင့်ဆုံးဖြစ်သည့် အရဟတ္တဖိုလ်ကို ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ နေ၏''ဆိုပြီး မိန့်တော်မူကာ ဥဒါန်းဂါထာကို ကျူးရင့်တော်မူသည်။
 
    လောကတွင် လူသားများသည် တစ်ဘက်လူ၏ အားနည်းချက်ကို ကြည့်တတ်ကြသည်။ မြင်တတ်ကြ သည်။ မြင်သိအားလျော်စွာ လှောင်ပြောင်တတ်ကြသည်။ ပြစ်တင်ရှုတ်ချမှုဖြင့် မည်သည့်ကောင်းကျိုးမှ ဖြစ်ထွန်း လာမည်မဟုတ်သော်လည်း ထိုအခြင်းအရာများကို လက်ရဲဇက်ရဲဖြင့် အရသာရှိရှိပုံစံဖြင့် ကျူးလွန်တတ်ကြသည်။

အချို့အရာများသည် မိမိကိုယ်တိုင်သိလျှင် ပြီးပြီဖြစ်သော်လည်း ထိုအကြောင်းအရာများကို အခြားလူများသိစေရန် ထုတ်ဖော်တတ်ကြသည်။ ယင်းသည် လူသားအဖြစ်၏ အားနည်းချက် တစ်ခုဖြစ်သည်။ လူသားတစ်ယောက်၏ စံတန်ဖိုးမမီခြင်းလည်း ဖြစ်သည်။

    ယခုတွင်လည်း လူပုံစံကို ကြည့်ခြင်းဖြင့် မထေရ်မြတ်၏ အရည်အချင်းကို ဆုံးဖြတ်လိုက်ခြင်းသည် ကြီးမားသော မှားယွင်းမှုဖြစ်သည်။ အသွင်သဏ္ဍာန်၏ နောက်ကွယ်တွင် တည်ရှိနေသော ဓမ္မအဆီအနှစ်ကို မြင်အောင်မကြည့်နိုင်ခြင်းသည် ထိုရဟန်းများ၏ အားနည်းချက်ဖြစ်သည်။ ထိုအားနည်းချက်ကိုပင် လှောင်ပြောင် အပြစ်တင်စရာအဖြစ် ထင်မှတ်လျက် အပြုအမူများ၊ အမူအယာများရိုင်းပြခြင်းသည် ဘ၀အတွက် မကောင်းသည့် အနုတ်လက္ခဏာများပင် ဖြစ်သည်။ မထေရ်မြတ်ကိုယ်တော်တိုင်လည်း ထိုကဲ့သို့အများအား လှောင်ပြောင်မှုကို ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် အသက်ကြီးသူများ၊ နူနာသည်စသည့် အနာရောဂါသည်များအား ထိုကဲ့သို့ ပြုမူခဲ့မှုကြောင့် ဘ၀ပေါင်းများစွာ ပေးဆပ်ခဲ့ရသော အသွင်သဏ္ဍာန်ညံ့ဖျင်းမှုများသည် ယခုနောက်ဆုံးဘ၀ အထိပင် ဖြစ်သည်။ ၀စီဘေဒ ထိတိုင်းရှဆိုသည့် မြန်မာစကားပုံအတိုင်းပင် ဖြစ်သည်။  ထိုကဲ့သို့လှောင်ပြောင်မှုကို အစဉ်အမြဲ ခံခဲ့ရသည်။

    တစ်ခါကလည်း ပုထုဇဉ်ဖြစ်သည့် ကိုရင်လေးများသည် မထေရ်မြတ်အား ကစားစရာအဖြစ် မှတ်ထင်ထား ခဲ့ဟန်တူ၏။ ဦးခေါင်းကို ဆွဲကိုင်၍လည်းကောင်း၊ နားကိုဆွဲ၍လည်းကောင်း၊ နှာခေါင်းကိုဆွဲ၍လည်းကောင်း ''ဘလေးဘုန်းကြီး၊ ဘယ်လိုလဲ သာသနာတော်မှ နေရတာ ပျော်မွေ့ရဲ့လား''စသဖြင့် ပြောဆိုလျက် စနောက် ကျီစယ်ကြသည်။ မထေရ်မြတ်သည် ကိလေသာအားလုံး ချိုးဖျက်ထားသူပီပီ သည်းခံမှုစွမ်းအားနှင့် ပြည့်စုံသူလည်း ဖြစ်သည်။ သို့အတွက် အမျက်မထွက်၊ စိတ်ဆိုးမှု မရှိပေ။ ထိုအခြင်းအရာများကို ရဟန်းတော်များသိ၍ မထေရ်အား ချီးမွမ်းခန်းထုတ်နေစဉ် မြတ်ဗုဒ္ဓကြွရောက်လာလျက် ရဟန္တာတို့အား ထိုကဲ့သို့ စိတ်ဆိုးခြင်း အမျက်ထွက်ခြင်း မရှိခြင်းအကြောင်းကို ဟောပြသည်။ ထိုမထေရ်ကို အကြောင်းပြု၍ တောနေရဟန်းသုံးဆယ်တို့ကိုလည်း တရား ဟောတော်မူခဲ့သည်။ ထိုဒေသနာ၌ အသက်ကြီးခြင်း+ငယ်ခြင်းနှင့်ပတ်သက်၍ ခွဲခြားသတ်မှတ်ခြင်း အကြောင်းတို့ကို ဟောခြင်းဖြစ်သည်။

    ''ခေါင်းဖြူ၍ အသက်ကြီးကာမျှဖြင့် မထေရ်ကြီးမဟုတ်။ ထိုကဲ့သို့ အကျင့်သီလမရှိဘဲ အရွယ်အားဖြင့် အိုခြင်းသည် အချည်းအနှီး ဖြစ်၏။ အမှန်အားဖြင့် သစ္စာလေးပါးကို ထိုးထွင်း၍သိလျက် သူတစ်ပါးတို့အား မညှင်းဆဲ၊ မနှိပ်စက်၊ ကိုုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း၊ ဣန္ဒြေတို့ကို ဆုံးမထားခြင်း၊ ကိလေသာတို့ကို ထွေးအန်ထား ခြင်း၊ တည်ကြည်သော ပညာရှိခြင်းရှိသူကိုသာ မြဲမြံခိုင်ခံ့သောကြောင့် မထေရ်ကြီးဟူ၍'' သတ်မှတ်ရာ၏။ ဟု ဟောတော်မူသည့်အဆုံး ရဟန်းအားလုံး အရဟတ္တဖိုလ်သို့ ရောက်တော်မူခဲ့ရသည်။

    ထိုအရှင်မြတ်သည် အမေနှင့်တူသော တဏှာကိုလည်းကောင်း၊ အဖေနှင့်တူသော မာနကိုလည်းကောင်း၊ ပြည့်ရှင်မင်းနှင့်တူဟူသော သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိကိုလည်းကောင်း၊ အခွန်းသိမ်းအမတ်,တိုင်းသူပြည်သားတည်း ဟူသော အာယတန(၁၂)ပါးတို့ကိုလည်း ပယ်သတ်တော်မူပြီး ဖြစ်သည်။ သည်းခံခြင်းနှင့် ပြည့်စုံသော၊ ခိုင်မာ တည်ကြည်သော၊ ဣန္ဒြေတို့နှင့် ပြည့်စုံသော၊ ဓမ္မအဆီဓာတ်အပြည့် ကိန်း၀ပ်နေသော၊ သာယာချိုမြိန်သည့် အသံ နှင့်ပြည့်စုံသော၊ အာသဝေါကုန်ခမ်း ထိုရဟန္တာအရှင်မြတ်အား ဦးညွတ်လိုက်ရပါသည်။

မောင်မင်းစိုး

အမျိုးမြတ်ရှင်သို့ ဦးညွတ်ခြင်း


    ''အရှင်ဘုရား၊ တပည့်တော်သည် အဖိုးများစွာထိုက်တန်တဲ့ ရွှေခွက်ကို စွန့်လွှတ်ပြီး၊ မြေသပိတ်ကို ကိုင်စွဲခဲ့ပါသည်။ ဒါဟာ တပည့်တော်အတွက် ဒုတိယအကြိမ်မြောက် အဘိသိက်သွန်းလောင်းခြင်း ဖြစ်ပါတယ် ဘုရား။ ယခင်က တပည့်တော်အနေနဲ့ အစောင့်အရှောက်တွေ အထပ်ထပ်ချပြီးတော့ အိပ်စက်ခဲ့ရသော်လည်း အိပ်မပျော်ခဲ့ရတဲ့ညတွေ များပြားခဲ့ပါတယ်ဘုရား။ ယခုအခါမှာတော့ တပည့်တော်မှာ ထိုကဲ့သို့ ထိတ်လန့်ကြောက် ရွံ့စရာတစ်ခုမှ မရှိတော့ပါဘူးဘုရား''


    သာသနာတော်၌ လက်ျာတော်ရံ မဟာသာ၀ (၄၀)၊ လက်ဝဲတော်ရံ မဟာသာ၀က(၄၀)အားဖြင့် အသီတိ မဟာသာ၀ကတို့ ရှိခဲ့သည်။ ထင်ပေါ်ကျော်ကြားခဲ့ကြသည်။ ထိုတွင် အရှင်သာရိပုတ္တရာဦးဆောင်သည့် လကျာ် တော်ရံ မဟာသာ၀ကကြီးများထဲတွင် ဘဒ္ဒိယနာမည်ဖြင့် နှစ်ပါး ရှိ၏။ ပဉ္စ၀ဂ္ဂီငါးပါးတွင် တစ်ပါးအပါအ၀င်ဖြစ် သည့် အရှင်ဘဒ္ဒိယနှင့် သာကီ၀င်မင်းမျိုးမှ ရဟန်းပြုလာသည့် အရှင်ဘဒ္ဒိယတို့ ဖြစ်သည်။ အရှင်မဟာမောဂ္ဂလာန် ဦးဆောင်သည့် လက်ဝဲတော်ရံ မဟာသာ၀များတွင် လကုဏ္ဍကဘဒ္ဒိယဆိုသည့် မထေရ်တစ်ပါးလည်း ရှိသည်။ သို့အတွက် ဘဒ္ဒိယနာမည်ဖြင့် ထင်ရှားသည် မထေရ်သုံးပါး ရှိသည်။ ယခုဘဒ္ဒိယသည်လည်း မြတ်ဗုဒ္ဓနှင့် ဆွေ မျိုးတော်စပ်သည့် ကာဠီဂေါဓာ၏ သားဖြစ်သော သာကီ၀င်မင်းမျိုးဖြစ်သည့် ဘဒ္ဒိယဖြစ်သည်။

    ကပိလ၀တ်ပြည် သကျသာကီ၀င်မင်းမျိုးတွင် ကာဠီဂေါဓာ၏ သားဖြစ်သူ ဘဒ္ဒိယ။ သူ့ကို အသားမည်း သည့် ဂေါဓာ၏သားဖြစ်သည့်အတွက် သာသနာတော်၌ 'ကာဠီဂေါဓာယပုတ္တ'ဟုလည်း ခေါ်ဝေါ်ကြသည်။  ဦးရီးတော် သုဒ္ဓေါဒနမင်းကြီးအသက်အရွယ်အားဖြင့် ကြီးရင့်လာသည့်အတွက် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခြင်းငှာ မစွမ်းနိုင်သည့်အတွက် ဘုရင်သုဒ္ဓေါဒန၏ နေရာတွင် ရှင်ဘုရင်အဖြစ် တာ၀န်ယူခဲ့ရသည်။ သူ့မိခင်ကား သာကီ၀င်မျိုး တို့၌ အမျိုးသမီးထဲတွင် ထင်ရှားသည့်၊ သြဇာအာဏာရှိသည့်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် အမျိုးသမီး ဖြစ်သည်။ ဘုရင်သုဒ္ဓေါနှင့် ဆွေမျိုးတော်စပ်သည်။ မင်းကြီးသည် အသက်တမ်းကြီးရင့်လာသည့်အတွက် အိုမင်း မစွမ်းဆိုသည့်အတိုင်း အိုလာသည့်အခါ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ဖို့ မစွမ်းနိုင်သည့်အခါ ဘဒ္ဒိယအား မင်းအဖြစ်ကို အပ်နှင်းလျက် ကပိလ၀တ်နေပြည်တော်ကို အုပ်ချုပ်စေခဲ့သည်။

    သို့အတွက် ဘဒ္ဒိယသည် ရှင်ဘုရင်ဘ၀ဖြင့် သာသနတော်သို့ ၀င်ရောက်လာသည့် အမျိုးမြတ်သူဖြစ်သည်။ အမှန်အားဖြင့် ရှင်ဘုရင်ဘ၀ဖြင့် မင်းပြုလာသူများအနေဖြင့် ရှစ်သောင်းလောက်ရှိကြောင်း စာပေတွင်ဆိုထား သည့်ကို တွေ့ရသည်။ ထိုတွင် နာမည်ကြီးမင်းများဖြစ်သည့် မဟာကပ္ပိနမင်း၊ ဘဒ္ဒိယမင်း၊ ပုက္ကုသာတိအစရှိသော မင်းတို့လည်း ပါ၀င်ခဲ့သည်။ အရှင်အနုရုဒ္ဒါရဟန်းပြုဖို့ ခွင့်တောင်းရာတွင် ရှင်ဘုရင်ဖြစ်သည့် ဘဒ္ဒိယမင်း ရဟန်း ၀တ်လျှင် သင်လည်းလိုက်ပြီး၀တ်ဆိုသည့် မိခင်ဖြစ်သူ၏ မဖြစ်နိုင်ဘူးဆိုသည့် ခွင့်ပြုချက်ဖြင့် အနုရုဒ္ဓါအား ခွင့် ပြုမိန့်တောင်းခဲ့မှုသည် အလွဲကြီး လွဲခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဘဒ္ဒိယမင်းကို သွားတိုင်ပင်စဉ် ကြည်ကြည် ဖြူဖြူဖြင့်ပင် သာသနာ့ဘောင်သို့၀င်ရောက်ရန် သဘောတူညီမှု ရရှိခဲ့သည်။ သို့အတွက် သာကီမင်းသာ(၆)ယောက်၊ ဥပါလိ(ဆတ္တာသည်)တို့နှင့်အတူ ရဟန်းပြုခဲ့သည်။ အနုပိယတောအုပ်တွင်ပင် ဝါတွင်းသုံးလပတ်လုံး တရားဘာ၀နာ ရှုမှတ်ပွားများရင်း ရဟန္တာဖြစ်ခဲ့သည့် မထေရ်ဖြစ်သည်။

    ထိုအရှင်သည် အမျိုးမြတ်ခြင်းတွင် ဧတဒဂ်ဘွဲ့ထူး ချီးမြှင့်ခံခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် မိမိ၏ ဆွေမျိုးတို့သည် သာကီ၀င်မင်းမျိုးများ ဖြစ်ကြသည်။ မိမိ၏ မိခင်သည် သာကီ၀င်မင်းမျိုးတို့တွင် သြဇာတိက္ကမကြီးရင့် သူဖြစ်သည်။ မိမိကိုယ်တိုင်လည်း သာကီ၀င်မင်းတို့၏ မင်းအဖြစ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ဘဒ္ဒိယမထေရ်သည် ဘ၀ငါးရာ မင်းမျိုး၌ဖြစ်ခဲ့သောကြောင့်လည်း အမျိုးမြတ်ခြင်းအရာ၌ ဧတဒဂ်ဘွဲ့ထူးရရှိခဲ့ ခြင်းဖြစ်သည်။ ထိုအရှင်မြတ်၏ အတိတ်ကိုဘ၀ဇာတ်ကြောင်းကို ခြေရာကောက်ကြည့် မိသည်။

    လွန်ခဲ့သော ကမ္ဘာတစ်သိန်းက ပဒုမုတ္တိုရ်ဘုရား ပွင့်တော်မူခဲ့သည်။ ထိုစဉ် ဘဒ္ဒိယမထေရ်လောင်းသည်  အခြားသောမြို့သူမြို့သားများ မြတ်ဗုဒ္ဓအား မုန့်ခဲဖွယ်လောင်းလှူကြသည်ကို အားကျလျက် ဘုရားအမှူးရှိသော သံဃာတော်များအား ရတနာပလ္လင်တစ်သိန်း၊ နူးညံ့သိမ်မွေ့သည့် ကော်ဇောအခင်းတစ်သိန်း၊ သားမွေးကော်ဇော ချပ်တစ်သိန်း၊ ပိုးချည်ဖြင့်ပြုလုပ်ထားသော အခင်းပေါင်းတစ်သိန်း၊ ခေါမချည်ဖြင့်ရက်လုပ်ထားသည့် အခင်းပေါင်း တစ်သိန်း၊ ဝါချည်ဖြင့်ပြုလုပ်ထားသည့် အခင်းပေါင်းတစ်သိန်းအားဖြင့် မြင့်မြတ်သူတို့အားသာ ထိုက်တန်သည့် နေရာတို့ကို ခင်းကျင်းကာ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။

    ထိုအလှူဒါနကြောင့် (၇၄)ကြိမ် သိကြားမင်းအဖြစ်၊ (၅၁)ကြိမ်တိုင်တိုင် စကြ၀တေးမင်းအဖြစ်၊ အကြိမ်(၁၀၀၀) ပဒေသရာဇ်မင်းအဖြစ်တို့ကို ရရှိခဲ့ပြီး၊ လူ့ဘ၀ နတ်ဘ၀ဆိုသည့် ကောင်းမွန်သည့် သုဂတိဘုံဘ၀သို့ ရောက်ရှိခဲ့သည်။


    ကဿပဘုရားရှင်ပွင့်ပြီးနောက် ဘုရားမပွင့်တော့သည် ဗုဒ္ဓန္တရခေတ်တွင် ဗာရာဏသီပြည်၌ ထင်ရှားသည့် သူဌေးသူကြွယ် ဖြစ်ခဲ့သည်။ တစ်ရက်တွင် ဂန္ဓမာဒနတောင်၌ သီတင်းသုံးနေထိုင်ကြသည့် ပစ္စေဗုဒ္ဓါအရှင်မြတ် (၈)ပါးတို့ ဗာရာဏသီပြည်သို့ ဆွမ်းခြွံကလာကြသည်။ ထိုစဉ် အရှင်မြတ်များအတွက် ဂင်္ဂါမြစ်ဘေးတွင် ကျောက် ဖျာချော ရှစ်ချပ်လှူဒါန်းခြင်း၊ ခြေဆေးရန်ရေအတွက် လှူဒါန်းခြင်း၊ ဆွမ်းသင်္ကန်းကျောင်းဆေးစသည့် ပစ္စည်း  လေးပါးတို့ကိုလည်း ရာသက်ပန်လှူဒါန်းခဲ့သည်။ ထိုကုသိုလ်ကောင်းမှုကြောင့် အပါယ်မလားဘဲ နတ်ပြည် လူ့ပြည် ၌သာ ကျင်လည်ခဲ့ရသည်။ ဤကား အရှင်မြတ်အနေဖြင့် ကျင်လည်ဖြတ်သန်းခဲ့သော အတိတ်ပုံရိပ်များ ဖြစ်သည်။


    လူသားဘ၀နှင့် ရဟန်းဘ၀သည် မတူညီပေ။ ကွာခြားလှပေသည်။ အထူးသဖြင့် ချမ်းသာကြွယ်၀သူ  များနှင့် သြဇာအာဏာရှိသည့်ဘ၀နှင့် နှိုင်းယှဉ်လျှင် ပိုမိုပြီးတော့ ကွားခြားလိမ့်မည်ဟု ထင်ပေသည်။ အဘယ့် ကြောင့်ဆိုသော် အာရက္ခဒုက္ခများကြောင့် ဖြစ်သည်။ ချမ်းသာသူများသည် ချမ်းသာသည့်အားလျော်စွာ စိတ်ဆင်း ရဲကြရသည်။ ဆင်းရဲသူများသည်လည်း ထိုနည်းအတိုင်းပင်။ လောကီစည်းစိမ်ဆိုသည့်မှာ မရှိတောင်းတ၊ ရှိကြောင့်ကြဆိုသည့်အတိုင်းပင် မရှိဆင်းရဲ။ ရှိဆင်းရဲပင် ဖြစ်သည်။ ဘဒ္ဒိယသည်လည်း လူသားဘ၀တုန်းက တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသည့် ကျော်ဇောမှုဒဏ်ကြောင့်လည်းကောင်း၊ ပိုင်ဆိုင်မှုဒဏ်ကြောင့်လည်း မိမိ၏ အသက်စည်းစိမ်တို့ကို ကြောင့်ကြစိုက်နေရသည်။ တစ်ခါတလေ ညများဆိုလျှင် အိပ်၍ပင် မပျော်ပိုက်ခဲ့ပေ။

    တိုင်းပြည်တစ်ခု၏ ရှင်ဘုရင်တစ်ပါးသည် လုပ်ငန်းဆောင်တာ များသည်။ တိုင်းပြည်၏ စီမံကိန်းများကို ရေးဆွဲရသည်။ ကျူးကျော်မှုမရှိအောင် ပြင်ဆင်ရသည်။ ကျူးကျော်လာလျှင်လည်း တုန့်ပြန်နိုင်အောင် စီမံထား ရသည်။ တိုင်းပြည်၏အရေးကိစ္စမှန်သမျှသည် ရှင်ဘုရင်၏ လက်ထဲတွင် ရှိသည်။ သူစီမံသည့်အတိုင်း ရှင်သန် ကြရသည်။ ကောင်းကောင်းဆိုးဆိုး လက်ခံကြရသည်။ အများနည်းတူ မြူးတူးပျော်ပါး၍ မရ။ အစစအရာရာ ဣန္ဒြေသိက္ခာဖြင့် စောင့်စည်းပြီး နေထိုင်ရသည်။ အစစအရာရာ ဂရုစိုက်ရသည်။ အစောင့်အရှောက်များနှင့် နေ ထိုင်ခဲ့ရသည်။ စည်းစိမ်ချမ်းသာထက် စိတ်ချမ်းသာမှု မရခဲ့သည့်အဆုံး မွမ်းကျပ်မှုတွေနှင့် အချိန်တွေကို ကျော် ဖြတ်ခဲ့ရသည်။ ကုန်ဆုံးခဲ့ရသည်။
 
    ယခုသော်လည်း ရဟန်းဘ၀သည် ထိုကဲ့သို့သော မွမ်းကျပ်မှုများ မရှိတော့။ သန့်ရှင်းလတ်ဆတ်ပေါ့ပါး စွာ နေထိုင်ခဲ့ရသည်။ ပစ္စည်းဥစ္စာချမ်းသာမှုထက် စိတ်ချမ်းသာမှုသည် ပိုမိုပြီးအရေးကြီးကြောင်း သိသည်။ စိတ်ချမ်းသာမှု၏ တန်ဖိုးကို နားလည်သည်။ သဘောပေါက်သည်။ အနှစ်သာရရှိရှိ ဖြစ်တည်မှု၏ အငြိမ်းဓာတ်ကို  ကျေကျေနပ်နပ် လက်ခံရရှိခဲ့သည်။ သို့အတွက် မရှိခြင်းကြောင့် ချမ်းသာမှု၏ အရသာကို မြိန်ရေယှက်ရေ အရ သာရှိရှိ သုံးဆောင်ခံစားရသည်ကို သဘောကျသည်။ နှစ်သက်သည်။ မထေရ်မြတ်သည် တောတွင်နေထိုင်ခြင်း ကသာ များသည်။ ထို့ကြောင့် တောတောင်ကြီးကို ကြည့်လျက် မကြာခဏ ကျူးရင့်လေ့ ရှိသည်။


    ''အဟော သုခံ၊ အဟော သုခံ=အော် ချမ်းသာလေစွ၊ ချမ်းသာလေစွတကား'' ထိုကျူးရင့်မှုအသံကို မကြာခဏ ကြားရသည် တချို့ရဟန်းများအနေဖြင့် ဘဒ္ဒိယမထေရ်အား ကဲ့ရဲ့ကြသည်။ အပြစ်တင်ကြသည်။ မိမိ၏ မင်းစည်းစိမ်ကို ပြန်လည်အောက်မေ့အမှတ်ရ သတိရခြင်းဖြစ်လျက် ထိုကဲ့သို့ မင်းစည်းစိမ်၏ ချမ်းသာမှု ကို 'ချမ်းသာလေစွ၊ ချမ်းသာလေစွ'ဟု မြည်တမ်းနေကြောင်း ပြောကြသည်။ ထိုသို့သောကိစ္စကြောင့် မြတ်ဗုဒ္ဓသည်  ဘဒ္ဒိယမထေရ်အား အကျိုးကြောင်းမေးမြန်းလျက် အခြားရဟန်းတော်များ၏ သံသယဝိစိကိစ္ဆာများကို ဖြေဖျောက် တော်မူရသည်။

    ''အရှင်ဘုရား၊ တပည့်တော်သည် အဖိုးများစွာထိုက်တန်တဲ့ ရွှေခွက်ကို စွန့်လွှတ်ပြီး၊ မြေသပိတ်ကို ကိုင်စွဲခဲ့ပါသည်။ ဒါဟာ တပည့်တော်အတွက် ဒုတိယအကြိမ်မြောက် အဘိသိက်သွန်းလောင်းခြင်း ဖြစ်ပါတယ် ဘုရား။ ယခင်က တပည့်တော်အနေနဲ့ အစောင့်အရှောက်တွေ အထပ်ထပ်ချပြီးတော့ အိပ်စက်ခဲ့ရသော်လည်း အိပ်မပျော်ခဲ့ရတဲ့ညတွေ များပြားခဲ့ပါတယ်ဘုရား။ ယခုအခါမှာတော့ တပည့်တော်မှာ ထိုကဲ့သို့ ထိတ်လန့်ကြောက် ရွံ့စရာတစ်ခုမှ မရှိပါဘုရား။ တစ်ပါးတည်းနေလျက် တောအုပ်ထဲတွင် သမာပတ်၀င်စားပြီး နေထိုင်နိုင်ပါပြီဘုရား၊ ထိုသို့သောအကြောင်းများကြောင့် 'အဟော သုခံ အဟော သုခံ'ဆိုပြီး တပည့်တော် ကျူးရင့်ခြင်း ဖြစ်ပါတယ် ဘုရား'' ထို့နောက် ရဟန်းတော်များသည် မိမိတို့တွေးထင်လျက် အရှင်မြတ်အပေါ် အထင်အမြင်မှားများ ပျောက်သွား ကြရသည်။ ဤအကြောင်းအရာနှင့် ဆက်စပ်၍ မြတ်ဗုဒ္ဓသည် ရဟန်းတို့အား ချမ်းသာအစစ် ခံစားခြင်းဖြစ်သည့် သုခ၀ိဟာရဇာတ်တော်ကို ဟောကြားတော်မူသည်။

    ဗာရာဏသီပြည်၊ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစည်းစိမ် စိုးစံစဉ်အချိန် ဘုရားအလောင်းသည် ဥဒိစ္စပုဏ္ဏား သူကြွယ်မျိုး၌ ဖြစ်၏။ ချမ်းသာကြွယ်၀သော်လည်း လောကီအာရုံ ကာမဂုဏ်ခံစားခြင်း၏ အပြစ်တို့ကို သိရှိသည့် အတွက် စည်းစိမ်တို့ကို စွန့်ပယ်ကာ ဟိမ၀န္တာသို့၀င်ပြီး ရသေ့ရဟန်း ပြုခဲ့သည်။ ဈာန်သမာပတ်တို့နှင့် ပြည့်စုံသည်။ ရသေ့အပေါင်း ငါးရာတို့ ခြံရံလျက် ရှိသည်။ မိုးတွင်းကာလ၌ ဟိမ၀န္တာတွင် မနေထိုင်ဘဲ ဗာရာဏသီမင်း စိုးစံရာ မြို့ကြီးသို့ ထွက်လာခဲ့ပြီး မင်းကြီး၏ ဥယျာဉ်တော်၌သာ သီတင်းသုံးနေထိုင်ကြသည်။ မင်းကြီးသည် ရသေ့များကို အလွန်ပင်ကြည်ညိုလေးစားသူ ဖြစ်သည်။

    ထိုသို့ဝါတွင်းကာလပတ်လုံး နေထိုင်ပြီး၍ ရသေ့များသည် နေမြဲဖြစ်သည့် ဟိမ၀န္တာသို့ ပြန်လည်ပြီး ကြွချီတော်မူကြရန် မင်းကြီးအား ကြားသိစေသည်။ မင်းကြီးသည် အသက်အရွယ် အိုမင်းကြီးရင့်နေပြီဖြစ်သည့် ဘုရားလောင်းရသေ့ကြီးအား ဟိမ၀န္တာသို့ ပြန်မြွကစေတော့ဘဲ မိမိ၏ဥယျာဉ်တွင်သာ ဆက်လက်သီတင်းသုံးနေ ထိုင်ဖို့ တောင်းပန်ခဲ့၍ ထိုဥယျာဉ်တွင်သာ နေခဲ့သည်။ အခြားအခြားသော ရသေ့များသည် ဟိမ၀န္တာသို့ အသီး သီး ပြန်ကြွကြသည်။ ထိုဘုရားလောင်း ခေါင်းဆောင်ရသေ့ကြီး၏ နေရာတွင် အခြားတစ်ပါးက အစားထိုးကာ တာ၀န်ယူပြီး ရသေ့များကို ဦးဆောင်လျက် နေထိုင်ကြသည်။

    ကာလအတန်ကြာတော့ ထိုရသေ့များကို အုပ်ချုပ်သည့် ရသေ့တစ်ပါးသည် မိမိ၏ ဆရာရသေ့ဖြစ်သူထံသို့ ပြန်ကြွလာခဲ့သည်။ ဘုရားလောင်းရသေ့ကြီးကို ဖူးတွေ့ပြီးသည့်နောက်တွင် ဖျာတစ်ချပ်စာရှိသော နေရာတွင်လဲ လျောင်းလျက် အိပ်နေခဲ့လိုက်သည်။ ပါးစပ်မှလည်း တတွတ်တွတ်ရွတ်နေခဲ့သည်။ ထိုစဉ် ဘုရင်မင်းမြတ်သည် ရသေ့ကြီးထံ ရောက်လာခဲ့သည်။ ရသေ့ကြီးထံတွင် အခြားရသေ့တစ်ပါးသည် လဲလျောင်းလျက် အနေအထားအတိုင်း 'ချမ်းသာစွ၊ ချမ်းသာစွ'ဟု ရေရွတ်လျက် မထဘဲ အိပ်မြဲအိပ်နေခဲ့သည်။ ထိုအခြင်းအရာကို မြင်တော့ ဘုရင်မင်း မြတ်သည် ဘုရားလောင်းရသေ့ကြီးအား မေးမြန်းလျှောက်ထားလိုက်သည်။
 
    ''အရှင်ရသေ့ကြီး၊ ဘယ်နှယ်လဲဘုရား၊ အရှင်ဘုရားရဲ့ဘေးမှာ အိပ်စက်နေတဲ့ ရသေ့ဟာ စိတ်ရှိတိုင်း စားသောက်ပြီး ဥဒါန်းပင် ကျူးရင့်ပြီး ချမ်းသာစွာ အိပ်နေပုံရတယ်'' ဆိုပြီး လျှောက်တင်လိုက်သည်။

    ''မင်းကြီး၊ အဲဒီလို မဟုတ်ဘူး။ ဒီရသေ့ဟာလည်း လူ့ဘ၀တုန်းက သင်မင်းကြီးလို ရှင်ဘုရင်တစ်ပါးပဲ။ လက်နက်ကိုင်အစောင့်တွေ အထပ်ထပ်ချပြီးတော့ နေခဲ့ရပေမယ့် ချမ်းသာမှုကို မရခဲ့ရှာဖူး။ အခု ရသေ့အဖြစ်နဲ့ နေမှ ရသေ့ဘ၀ ချမ်းသာနဲ့ ဈာန်ချမ်းသာအပေါ် နှစ်သက်ကျေနပ်ပြီး ''ချမ်းသာစွ၊ ချမ်းသာစွ''လို့ ဥဒါန်းကျူးရင့် နေခဲ့ခြင်း ဖြစ်တယ်'' မိန့်တော်မူလိုက်သည်။ ဤရသေ့သည်ကား ယခုအခါ ဘဒ္ဒိယမထေရ်ဖြစ်လာသည်။

    ၀တ္ထုကာမ၊ ကိလေသာကာမ အာရုံတို့၏ နှိပ်စက်မှုဒဏ်မှ လွတ်မြောက်လျက် နေထိုင်ခြင်းသည် ချမ်းသာ အစစ်ဖြစ်ကြောင်း ချမ်းသာအစစ်ကို ဟောတော်မူသည်။ ယခုအခါ၌ အရှင်ဘဒ္ဒိယမထေရ်သည် ထိုကဲ့သို့ အနှောက် အယှက်မျိုး တစိုးတစိမျှ မရှိသည့် သန္တိသုခနိဗ္ဗာန်ချမ်းသာ အစစ်ကို ခံစားနေပြီ ဖြစ်သည်။ သို့အတွက် ထိုအရှင်မြတ်၏ ဂုဏ်ကျေးဇူးများကို ဦးညွတ်လိုက်ရပေတော့သည်။

မောင်မင်းစိုး
    




မရှိအရှင်သို့ ဦးညွတ်ခြင်း



    ''ငါ့ရှင် အနုရုဒ္ဓ၊ 'ငါသည်တစ်ထောင်သော လောကဓာတ်ကို မြင်နိုင်တယ်'ဆိုပြီး ကြံနေတဲ့အကြံဟာ၊ သင့်အား မာနကို ဖြစ်ပွားစေတယ်''

    အရှင်အနုရုဒ္ဓါသည် မြတ်စွာဘုရားရှင်၏ ညီ၀မ်းကွဲတော်စပ်သူ ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ ဦးရီးတော်ဖြစ်သည့် သုက္ကောဒနမှ မွေးဖွားသည်။ မဟာနာမဆိုသည့် အစ်ကိုတစ်ယောက် ရှိသည်။ အဆင်းလှသည်။ ဘုန်းကံကြီးမား သည်။ နူးညံ့သိမ်မွေ့သည်။ မြတ်စွာဘုရားရှင် ကပိလ၀တ်နေပြည်တော်မှ မလ္လာပြည်သို့ ဒေသစာရီကြွချီစဉ် အနုပိယတောအုပ်တွင် သီတင်းသုံးနေခိုက် ကပိလ၀တ်၏ဘုရင် ဖထွေးတော် သုဒ္ဓေါဒနမင်း၏ တိုက်တွန်းချက်အရ ဘဒ္ဒိယ၊ အာနန္ဒာ၊ ဘဂု၊ ကိမိလ၊ ဒေ၀ဒတ္တ၊ ဥပါလိ(ဆတ္တာသည်)တို့နှင့်တူ လောကီစည်းစိမ်တွေကို ပယ်စွန့်လျက် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ကြသည်။ ထိုစဉ် သကျသာကီ၀င်မင်းမျိုးတို့ကို မာန်ကို ချိုးလိုသည့်အတွက် မိမိတို့သည် မင်းမျိုးဟူသော အမှတ်ဖြင့် မောက်မာမှုမဖြစ်စေရန်အတွက် မိမိတို့၏ အလုပ်အကျွေးဖြစ်သည့် ဆံပင် မုတ်ဆိတ်စသည် ရိတ်ပေးရ၊ ညှပ်ပေးရသည့် ဆတ္တာသည် ဥပါလိကို အရင်ဦးဆုံး ရဟန်းပြုခိုင်းပြီး မိမိတို့က နောက်မှ ရဟန်းပြုသည်။ အဘယ့်ကြောင့်ဆိုသော် သာသနာတော်၌ ဝါကြီးသူကို ဝါငယ်သူက ရှိခိုးရသည်။ မည်သည့် ဇာတ်+အာဏာ+ဂုဏ်ဝါစသည်တို့ဖြင့် လွှမ်းမိုး၍မရ။ ဤအချက်သည် သာသနာတော်၏ လေးစား အတုယူစရာ ကောင်းသည့် အချက်တစ်ခု ဖြစ်သည်။

    ထိုအနုပိယတောအုပ်မှာပင် ဝါတွင်း၌ ဘဒ္ဒိယမထေရ် ရဟန္တာဖြစ်သည်။ အနုရုဒ္ဓမထေရ် ဒိဗ္ဗစက္ခု အဘိညာဉ်ကို ရသည်။ အရှင်ဒေ၀ဒတ်သည်ကား သမာတ်ရှစ်ပါးနှင့် ဣဒ္ဓိဝိဓအဘိညာဉ်ကို ရသည်။ အရှင်အာနန္ဒာ သည် သောတာပန်ဖြစ်သည်။ အရှင်ကိမိလနှင့် အရှင်ဘဂုတို့သည် နောင်သောအခါမှ ရဟန္တာဖြစ်သည်။ ဆတ္တာသည် ဥပါလိသည် ၀ိနည်းအရာတွင် ဧတဒဂ်ဘွဲ့ထူးကို ရခဲ့သည်။

    ထို့နောက် အရှင်အနုရုဒ္ဓါသည် အရှင်သာရိပုတ္တရာထံမှ ကမ္မဋ္ဌာန်းယူလျက် ပါစိန၀ံသဒါယတောအုပ်တွင် တရားအားထုတ်စဉ် မြတ်ဗုဒ္ဓ၏ ရှစ်ခုမြောက် မဟာပုရိသ၀ိတက်ကို ပြည့်စေပြီး မဟာအရိယဝံသ ပဋိပဒါကို ဟောကြားပြီး တရားဘာ၀နာရှုမှတ်ပွားများကာ ဝိဇ္ဇာသုံးပါးနှင့်တကွ ရဟန္တာအဖြစ်ကို ရရှိခဲ့သည်။ ထို့နောက်တွင် ဒိဗ္ဗစက္ခုအဘိညာဉ်အရာတွင် ဧတဒဂ်ဘွဲ့ထူးကို ရရှိတော်မူခဲ့သည်။ မထေရ်မြတ်သည် သက်တော်အားဖြင့် (၁၅၀) အထိ နေတော်မူသွားကာ ဒုတိယသင်္ဂါယတနာတင်ရာ၌ ခေါင်းဆောင်မထေရ်မြတ်တို့၏ ဆရာအဖြစ် ထင်ရှား တော်မူခဲ့သည်။ မထေရ်မြတ်၏ အခြားသူများထက် ထူးခြားမှုကား ဘ၀တွင် မရှိဟူသော စကားကို မကြားခဲ့ခြင်းပင် ဖြစ်သည်။ မရှိဟူသောစကားသည်ပင် မုန့်၏အမည်ဟု ထင်ခဲ့သည်။ ထိုမရှိဟူသော စကားကို သိစေချင်၍ မိခင်ဖြစ်သူသည် ကြွေအံကစားနေသည့် အနုရုဒ္ဓထံသို့ ရွှေခွက်ဗလာဖြင့် ပို့စေခဲ့သည်။ အရှင်မြတ်၏ ဘုန်းကံကြောင့် နတ်များသည် မုန့်ကို ထည့်ပေးလိုက်ကြသည်။ ထိုမျှလောက် ဘုန်းကံကြီးမားသော မထေရ်မြတ်၏ အတိတ်ကောက် ကြောင်းကို ခြေရာကောက်ကြည့်မိသည်။  

    လွန်ခဲ့သောကမ္ဘာတစ်သိန်းထက် ပဒုမုတ္တိုရ်မြတ်စွာဘုရားလက်ထက်တွင် သူကြွယ်ဖြစ်ခဲ့သည်။ တစ်ရက် ကျောင်းတော်သို့ တရားနာသွားစဉ် ပဒုမုတ္တိုရ်မြတ်စွာဘုရားရှင်သည် တပည့်တစ်ပါးအား ဒိဗ္ဗစက္ခုအရာ၌ ဧတဒဂ် ထားတော်မူသည်ကို အားကျအတုယူကာ မြတ်ဘုရားရှင်နှင့် နောက်ပါသံဃာတော် တစ်သိန်းတို့ကို (၇)ရက်တိုင် တိုင် ဆွမ်း သင်္ကန်းအစရှိသော အလှူဒါနကိုပြုကာ ဒိဗ္ဗစက္ခုအရာ၌ ဧတဒဂ်ရာထူးကို ဆုတောင်းခဲ့သည်။ ထို့နောက် ပဒုမုတ္တိုရ်ဘုရားရှင် ပရိနိဗ္ဗာန်စံ၀င်သွားပြီးနောက် ခုနှစ်ယူဇနာရှိသော ရွှေစေတီတော်၌ များစွာသော ကြေးခွက်၊ ဆီးမီးခွက်တို့ဖြင့်ပူဇော်ကာ ဒိဗ္ဗစက္ခုအဘိညာဉ်ရခြင်း၏ ဥပနိဿယအကြောင်းဖြစ်စေရန် ဆုတောင်းခဲ့သည်။ ထိုကုသိုလ်ကြောင့် လူနတ်ဘ၀တို့ ကျင်လည်ခဲ့ရသည်။

    ကဿပဘုရားရှင်လက်ထက်တော်၌ ဗာရာဏသီပြည်၌ သြွူကယ်ဖြစ်သည်။ ပရိနိဗ္ဗာန်စံ၀င်တော်မူပြီးသည့် အခါ ဓာတ်တော်များကို စေတီတည်ထားကြသည်။ ထိုစေတီတော်အား ဆီမီးခွက်များ တစ်ထောင်တိတိပြုလုပ်ကာ လှူဒါန်းခဲ့သည်။ မိမိ၏ဦးခေါင်းပေါ်တွင် ရွက်ဆောင်ကာ တစ်ညဉ့်ပတ်လုံး စေတီတော်အား လှည့်လည်လျက် ဆီမီးပူဇော်ခြင်းဖြစ်သည်။ ထိုမှတဆင့် နတ်ပြည်သို့ရောက်ခဲ့ပြီး။ ကဿပဘုရားရှင်သာသနာကွယ်ချိန်၌၊ ဗာရာဏ သီပြည်၌ သူဆင်းရဲဖြစ်ခဲ့သည်။ အန္နဘာရဟု အမည်ရသည်။ ဥပရိဋ္ဌအမည်ရသည့် ပစ္စေကဗုဒ္ဓါအရှင်သူမြတ်အား ဆွမ်းလောင်းလှူခွင့်ရခဲ့သည်။ ထိုကုသိုလ်ကြောင့် သုမနသူဌေးကြီးနှင့် ဗာရာဏသီမင်း၏ ချီးမြှောက်မှုဖြင့် 'မဟာဓနသေဋ္ဌိ'အမည်ဖြင့် သူဌေးဘ၀သို့ ရောက်ခဲ့သည်။ ထိုမှနောက်၌ လူနတ်စသော သုဂတိဘ၀များတွင် ကျင်လည်ခဲ့ပြီးသည့်နောက် ဂေါတမဗုဒ္ဓဘုရားရှင်ပွင့်တော်မူသည့်အခါ ကပိလ၀တ်ပြည်၌ သုက္ကောဒနမင်း၏သား အဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

    ဤနေရာ၌ ဆုတောင်းသည် အရေးကြီးသည်ကို တွေ့ရသည်။ ကုသိုလ်ကောင်းမှုပြုပြီးလျှင် ဆုတောင်း ဖို့လိုသည်။ သို့သော် ထိုဆုသည် လောကီအာရုံကာမဂုဏ်ချမ်းသာထက် လောကမှထွက်မြောက်ကြောင်းကို အဓိကာရ ထား၍ ပြုလုပ်ကာ ဆုတောင်းသင့်သည်။ သို့မှသာ ထိုဆုတောင်းမှု၏ အကျိုးအာနိသင်အနေဖြင့် သစ္စာသိမြင်ခြင်း၏ အကြောင်းအထောက်အပံ့ဖြစ်ကာ လောကမှထွက်မြောက်ကြောင်း သန္တိသုခသို့ စံ၀င်ရခြင်းဖြစ်ပေလိမ့်မည်။

    ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ-ဆိုသည့်အတိုင်း သတ္တ၀ါတို့သည် မိမိတို့ပြုလုပ်သည့် ကံအားလျော်စွာ ထိုကံတို့၏ စီမံမှုအတိုင်း ရှင်သန်နေကြရသည်။ ထိုကံများ၏ ကြီးကျယ်မှုအားလျော်စွာ ဘ၀များသည် ကြီးကျယ်ကြရမည်။ ကံ၏ သေးသိမ်မှုအားလျော်စွာ ဘ၀သည်လည်း သေးသိမ်ပေလိမ့်မည်။ ကိလေသာဓာတ်များ အရှင်းမဖြတ်နိုင်သေး သ၍ သံသရာ၌ ကျင်လည်ကြရမည်သာဖြစ်သည်။ ထိုသို့သတ္တဝါတို့၏ မိမိကံအားလျော်စွာ ကျင်လည်နေကြရ သည်ကိုသိသည့် ယထာကမ္မုပဂဉာဏ်ကို ရထားသည့် အရှင်အနုရုဒ္ဓသည် မိမိ၏ဒိဗ္ဗစက္ခုဉာဏ်ဖြင့် ဆွမ်းခံချိန်၊ ဆွမ်းစားချိန်များမှ အပ ကြည့်ရှုနေတော်မူခဲ့သည်။ ထို့ကြောင့် ဒိဗ္ဗစက္ခုအဘိညာဉ်အရာ၌ ဧတဒဂ်ရရှိတော်မူခြင်း ဖြစ်သည်။

    မာနသည် ကြောက်စရာကောင်းသည်။ မာနသည် တစ်ခါတလေ ကြမ်းကြမ်းတမ်းတမ်းရှိသည်။ တစ်ခါ တလေ မသိသာခဲ့။  မာနသည် အကုသိုလ်အုပ်စုဖြစ်သည်။ အကုသိုလ်အုပ်စုဖြစ်သည့်အတွက် မကောင်းသည့် အနှောက်အယှက်အကျိုးကို ပေးမည်သာဖြစ်သည်။ သို့အတွက် မာန၏တောင့်တင်းလျက် ပိတ်ကွယ်တားဆီးမှု ကြောင့် လောကီဈာန်အဘိညာဉ်သမာပတ်များနှင့် ပြည့်စုံသူများပင် လောကုတ္တရာသို့ ကူးရန်အတွက် အဟန့်အတား ဖြစ်စေပါသည်။ ထိုမာန၏ သဘောကို အရှင်အနုရုဒ္ဓါ မေ့လျော့နေခဲ့သည်။ မာနဟူ၍လည်း မသိ။ ငါသိသည်။ ငါ့သန္တာန်၌ ဒါရှိသည်ဆိုသည့် မာနအရင်းခံမှုကြောင့် ရဟန္တာမဖြစ်နိုင်ခဲ့ပေ။ မိမိသန္တာန်၌ အခြားသူများ ရနိုင်ဖို့ ခက်ခဲလှသည့် ဒိဗ္ဗစက္ခုအဘိညာဉ်ကို ရရှိထားသည့်အတွက် လောကုတ္တရာနိဗ္ဗာန်ကို အလွယ်တကူပင် မျက်မှောက် ပြုနိုင်လိမ့်မည်ဟု တွေးထင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် အထင်နှင့် အမြင်သည် လက်တွေ့ဘ၀တွင် ဖြစ်မလာခဲ့ပေ။ သို့ဖြင့် တစ်နေ့အရှင်သာရိပုတ္တရာအား မိမိ၏ အခြေအနေကို လျှောက်ပြသည်။  ထိုစဉ်အရှင်သာရိ ပုတ္တရာမထေရ် မြတ်က မိမိ၏သန္တာန်၌ ကိန်း၀ပ်နေသည့် မာနစသည်တို့ကို ထောက်ပြသည်။

    ''ငါ့ရှင် သင့်မှာ လောကဓာတ်တစ်ထောင်ကို မြင်နိုင်တယ်ဆိုတဲ့ စိတ်အကြံဟာ မာနသဘောပဲ။ ငါ့အနေနဲ့ မတွန့်ဆုတ်သော ဇွဲလုံ့လဖြင့် မေ့လျော့ခြင်းမရှိ၊ ကြိုးစားအားထုတ်နေတယ်။ ပူပန်မှုမရှိ။ စိတ်ငြိမ်းမှု ရှိတယ်။ စိတ်သည် မည်သည့်အာရုံဆီသို့ ပြေးသွားခြင်းမရှိဆိုပြီး တွေးထင်နေတာက ပြန့်လွှင့်ခြင်း ဥဒ္ဓစ္စဖြစ်နေခြင်းပဲ။ ကိုယ့်သန္တာန်မှာဖြစ်နေတဲ့ မာန၊ ဥဒ္ဓစ္စကို မသိရှိဘဲ ငါ့စိတ်ဟာ တဏှာဒိဋ္ဌိတို့၌ မစွဲလမ်းဘဲနေနေပါလျက် အဘယ့် ကြောင့် အာသ၀တို့မှ မလွတ်နိုင်တာလဲဆိုပြီး သံသယကုက္ကုစ္စ ဖြစ်နေခဲ့တယ်'' ထိုကဲ့သို့ အကြောင်းသုံးပါးတို့ကို ထောက်ပြခြင်းကြောင့် မိမိ၏အခြေအနေကို သိရှိနားလည်သွားသည်။ ကမ္မဋ္ဌာန်း ယူသည်။ တောထွက်ခဲ့သည်။

    တောအုပ်ထဲတွင် မဟာပုရိသဝိတက် ခုနှစ်မျိုးကို ကြံစည်နေခဲ့သည်။ ရှေ့ဆက်မရသည့် စိတ်အကြံကြောင့် ပင်ပန်းနေခဲ့သည်။ ထိုအခြေအနေကို မြတ်ဗုဒ္ဓသိသည်။ သို့အတွက် အစွမ်းအစရှိသော ယောက်ျားမြတ်တို့၏ စိတ်အကြံဖြစ်သည့် မဟာပုရိသဝိတက်များကို ကြံစည်နေခြင်းသည် ကောင်းမွန်ကြောင်းနှင့် ကျန်ရှိနေခဲ့သည့် မဟာပုရိသဝိတက်ကို မြတ်ဗုဒ္ဓက မိန့်တော်မူလိုက်သည်။ ဤနေရာ၌ မဟာပုရိသဝိတက်(၈)ပါးကို အကျဉ်းချုပ် အားဖြင့် ဖော်ပြပေအံ့။

    ၁။ လောကုတ္တရာတရားသည် အလိုနည်းသူအားသာ ပြည့်စုံ၏။ အလိုကြီးသူအား မပြည့်စုံ။
    ၂။ ရောင့်ရဲလွယ်သူအားသာ ပြည့်စုံ၏။ ရောင့်ရဲမလွယ်သူအား မပြည့်စုံ။
    ၃။ ဆိတ်ငြိမ်မှုရှိသူအားသာ ပြည့်စုံ၏။ အပေါင်းအဖော်နှင့်မွေးလျော်သူအား မပြည့်စုံ။
    ၄။ လုံ့လ၀ီရိယရှိသူအားသာ ပြည့်စုံ၏။ ပျင်းရိသူအား မပြည့်စုံ။
    ၅။ သတိရှိသူသူအားသာ ပြည့်စုံ၏။ သတိလွတ်-မေ့လျော့နေသူအား မပြည့်စုံ။
    ၆။ စိတ်တည်ကြည်သူအားသာ ပြည့်စုံ၏။ စိတ်မတည်ကြည်သူအား မပြည့်စုံ။
    ၇။ ပညာရှိသူအားသာ ပြည့်စုံ၏။ ပညာမဲ့သူအား မပြည့်စုံ။
    ၈။ ပပဉ္စတရားမှ ကင်းလွတ်ရာ နိဗ္ဗာန်၌မွေ့လျော်သူအားသာ ပြည့်စုံ၏။ ပပဉ္စတရား၌မွေ့လျော် ပျော်ပိုက် သူအား မပြည့်စုံ-တို့ဖြစ်သည်။

    ထို့နောက် တရားဆက်လက်ရှုမှတ်ပွားများကာ ရဟန္တာ ဖြစ်ခဲ့သည်။ အရှင်မြတ်သည် တောရဆောက် တည်ခြင်းက များသည်။ မိမိ၏သင်္ကန်းများသည် ကြာလာသည့်အခါ ညစ်နွမ်းနေသည်။ ဟောင်းနွမ်းစုတ်ပြတ် လာသည်။ သို့အတွက် ဓုတင်ဆောင်အရှင်ပီပီ ပံသကူသင်္ကန်းတစ်ထည်အတွက် အမှိုက်ပုံတွင် အ၀တ်အပိုင်းအစတို့ကို လိုက်လံရှာဖွေသည်။ ထိုစဉ်မိမိ၏ သုံးဘ၀လောက်က မယားဖြစ်ခဲ့သည့် နတ်သမီး၏ စွန့်ပစ်ထားသည့် အ၀အစတို့ကို ရရှိခဲ့သည်။ ထိုအ၀တ်အစတို့ကို သင်္ကန်းအဖြစ် ချုပ်ရာ၌ ကြီးမားသည့် လုပ်ဆောင်မှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။

    မြတ်ဗုဒ္ဓကိုယ်တိုင် ဦးဆောင်ပြီး အပ်နဖားထိုးပေးခြင်း၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာကဿပ၊ အရှင် အာနန္ဒာမထေရ်မြတ်တို့ကိုယ်တိုင် သင်္ကန်းများအစွန်းအစများကို ကိုင်ခဲ့သည်။ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော် တိုင် လိုအပ်သည့်ကိစ္စရပ်တို့ကို ရှာဖွေပေးခဲ့သည်။ ထိုစဉ် နတ်များ၏ စီစဉ်မှုကြောင့် ဘုန်းကံကြီးမားသည့် အခြင်းအရာကို မသိကြသည့် ပုထုဇဉ်ရဟန်းများ၏ 'ဆွေမျိုးပေါကြောင်း ကြွားတယ်'ဆိုပြီး လှောင်ပြောင်မှုကို ခံခဲ့ရသည်။ မြတ်ဗုဒ္ဓက ကြား၀င်ရှင်းပြမှ အမြင်မှန်ရခဲ့သည်။

    မည်သို့ဆိုစေ ယခုမြင်ကွင်းသည် အင်မတန်မှ ကြည်ညိုစရာကောင်းသည့် မြင်ကွင်းဖြစ်သည်။ ညီညွတ် မှု၏ ပြယုဂ်ဖြစ်သည်။ အမှန်အားဖြင့် အဆိုပါ မြတ်ဗုဒ္ဓအမှူးရှိသော မထေရ်မြတ်ကြီးများ မပါ၀င်ခဲ့သော်လည်း အခြားအခြားသော ရဟန်းများနှင့် သင်္ကန်းချုပ်ခြင်းကိစ္စကို အကောင်အထည်ဖော်လို့ ရပါလိမ့်မည်။ သို့သော် အရှင်မြတ်၏ ဘုန်းကံကြောင့်ဟုဆိုသော်လည်း ရသည်။ သို့သော် အားလုံးတက်ညီလက်ညီ ကိုယ့်အတွက် ကျရာနေ ရာတာ၀န်ကို  မခိုမကပ်ဘဲ တာ၀န်ယူမှု၊ ညီညွတ်မှုများ၏ တန်ဖိုးကို အတုယူသင့်သည်။

    လောကတွင် အစွပ်စွဲမခံရသူ၊ အပြစ်တင်မခံသူသည် မရှိသလောက် ရှားသည်။ မြတ်ဗုဒ္ဓကိုယ်တော်တိုင် လည်း ထိုကဲ့သို့ အပြစ်တင်မှု၊ အစွပ်စွဲခံမှု၊ ဆဲရေးတိုင်းထွာမှုများနှင့် များစွာခံခဲ့ရသည်။ ထိုနည်းတူစွာပင် အရှင် မြတ်သည်လည်း ထိုကဲ့သို့ ကဲ့ရဲ့အပြစ်တင်မှုများကို ခံခဲ့ရသည်သာ ဖြစ်သည်။

    တစ်ခါက ကောသလတိုင်းမှ သာ၀တ္ထိသို့သွားစဉ် အမျိုးသမီးဆောက်လုပ်လှူထားသည့် ဇရပ်၌တည်း ခိုနေထိုင်ခဲ့သည်။ နောက်ထပ်ခရီးသွားများ ရောက်လာသည့်အတွက် အပေါ်ထပ်တွင်နေထိုင်ရန် လျှောက်ထားချက်အရ အပေါ်တွင်နေထိုင်ခဲ့စဉ် အိမ်ရှင်အမျိုး သမီးသည်၏ ဖြားယောင်းမှုကို ခံခဲ့ရပုံ။ ထိုအခြင်းအရာကြောင့် အများ ၏ကဲ့ရဲ့မှုခံခဲ့ရကာ သိက္ခာပုဒ်ပညတ်မှုကို ခံခဲ့ရသည်။ တစ်ခါကလည်း မနာပကာယိကာနတ် သမီးတို့၏ မိမိတို့၏ အဆင်းအသံစည်ဖြင့် အမျိုးမျိုးဖန်ဆင်းကာ လာရောက်နှောက်ယှက်မှုမျိုး ခံခဲ့ရသည်လည်း ရှိသည်။

    အရှင်မြတ်သည် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်၀င်စံတော်မူသည့်အခါ နောက်မှ လိုကြွ်ကတော်မူခဲ့သည်။ မြတ်ဗုဒ္ဓနှင့် ဈာန်အဆင့်ဆင့်ကို ၀င်စားတော်မူသည်။ မြတ်ဗုဒ္ဓသည် ဈာန်များကို အထက်အောက် ပြောင်းပြန်အနေဖြင့် အပြန် အပြန်အလှန်လှန် ၀င်စားနေသလို အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ဘုရားနည်းတူ လိုက်ပါ၀င်စားနေခဲ့သည်။ ထိုမှ မြတ်ဗုဒ္ဓ၏ ပရိနိဗ္ဗာနစုတိစိတ်ကျသည့်အခါမှ မြတ်ဗုဒ္ဓအနေဖြင့် ပျံလွန်တော်မူသည့်အကြောင်းကို အရှင်အာ နန္ဒာအား ပြောသည်။ ထိုကဲ့သို့ ပါရမီဉာဏ် ဘုန်းကံကြီးမားသည့် အရှင်မြတ်အား ဦးညွတ်လိုက်ရပါသည်။

မောင်မင်းစိုး

ပညာရှင်သို့ ဦးညွတ်ခြင်း

 ''ငါ၏ကိုယ်သည် ငါမဟုတ်ဟု ငါမှတ်ယူ၏။ နင်းနှယ်စရား ခြေသုတ်ပုဆိုးကဲ့သို့၊ သူတစ်ပါးတို့ ညှဉ်းဆဲ စရာ ဒွန်းစဏ္ဍားလို မှတ်ယူပါ၏။ နှိမ့်ချပါ၏။ အစွယ်ကျိုးသော မြွေ၊ ဦးချိုကျိုးသော နွားကဲ့သို့ သီတင်းသုံးဖော်တို့အား ရိုသေ မြတ်နိုးစွာ ငါနှိမ့်ချပါ၏''

 အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ရာဇဂြိုဟ်ပြည်၊ ဥပတိဿရွာတွင်၊ သာရီပုဏ္ဏေးမကြီးမှ ဖွားမြင်ခဲ့ သည်။ ငယ်နာမည်ကား ဥပတိဿ အမည်ရ၏။ မွေးချင်း(၇)ယောက်ရှိသည်။ ညီသုံးယောက်နှင့် ညီမသုံးယောက် ရှိသည်။ အားလုံးသာသနာတော်တွင် ၀င်ရောက်လျက် ရဟန်းပြုခဲ့ကြသည်။ ရဟန္တာများဖြစ်ခဲ့ကြသည်။ ထူးခြားမှုတစ်ခုကား သူတို့၏မယ်တော်သည်ကား သားသမီးများနှင့် ဆန့်ကျင်ဘက် မိစ္ဆာဒိဋ္ဌိအယူ ရှိသူဖြစ်သည်။ အရှင်မြတ်သည် အရှင်အဿဇိမထေရ်ထံမှ ''ယေ ဓမ္မာ ဟေတုပ္ပဘဝါ''အစရှိသောဂါထာကို နာကြားပြီး သော တာပန်ဖြစ်ခဲ့သည်။ သူငယ်ချင်းဖြစ်သူ ကောလိတ(အရှင်မဟာမောဂ္ဂလာန်)နှင့်အတူ သာသနာတော်သို့ ၀င်ရောက် ခဲ့သည်။ ပညာဉာဏ်ကြီးမားသည့် အရာတွင် ဧတဒဂ်ရသည်။ မိမိ၏တူဖြစ်သူ ဒီဃနခပရိဗိုဇ်အား ေ၀ဒနာပရိဂ္ဂဟ သုတ်ကို မြတ်စွာဘုရားဟောကြားစဉ် ယပ်ခတ်ရင်းနာယူကာ ရဟန္တာဖြစ်ခဲ့သည်။ (၄၄)ဝါအရတွင် မိမိမွေးဖွားရာ တိုက်ခန်းသို့ ပြန်ကြွလျက် မိခင်ကြီးအား ကျေးဇူးဆပ်တရားဟောပြီး သောတာပန်တည်စေလျက် ပရိနိဗ္ဗာန်၀င်စံ တော်မူခဲ့သည်။ အရှင်မြတ်၏ အကြောင်းများကား ပြောဆို၍ကုန်နိုင်မည် မဟုတ်သည့်အတွက် အများအတွက် လေးစား အတုယူစရာများကို အဓိကထားပြီးတော့ ပြောပြလိုပါသည်။ အတိတ်ဘ၀ဇာတ်ကြောင်းများကာ ပါရမီဖြည့် ဘက်ချင်းတူသည့်အတွက် အရှင်မဟာမောဂ္ဂလာန်နှင့် ထပ်တူမှတ်ရန် ဖြစ်သည်။ သို့အတွက် ဤနေရာ၌ မပြော လိုတော့ပေ

 အရှင်မြတ်သည် သာသနာတော်တွင် အလွန်ပင်တန်ဖိုးကြီးမား၊ ကျေးဇူးကြီးမားလှသည့် လက်ျာတော်ရံ အဂ္ဂသာ၀ကမထေရ်ဖြစ်သည်။ သည်းခံမှု အားကောင်းသည်။ ဉာဏ်ပညာထက်မြက်သည်။ သနားကြင်နာမှု အားကြီးသည်။ သာသနာတော်တွင် တကယ့်စံပြခေါင်းဆောင်ကြီး ဖြစ်ပေသည်။ အရှင်မြတ်၏ဟောပြော ဆုံးမမှု၊ သွန် သင်မှုတို့ကြောင့် သာသနာတော်သို့ ၀င်ရောက်လျက် အရိယာဖြစ်သွားခဲ့သည့် သူတော်စင်များစွာ ရှိသည်။ ကျွတ်တမ်း၀င်သွားကြသည့် ဝေနေယျသတ္တဝါများသည်လည်း အလွန်ပင်များပြားခဲ့သည်။
 ထိုအရှင်မြတ်ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များသည်လည်း အလွန်ပင်များပြားပါသည်။ အထူးအားဖြင့် ပဋိသမ္ဘိဒါမဂ်ပါဠိတော်-မဟာနိဒ္ဒေသပါဠိတော်-စူဠနိဒ္ဒေသပါဠိတော်တို့မှာ အရှင်သာရိပုတ္တရာ ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များ ဖြစ်ပါသည်။ အဘိဓမ္မာ(၇)ကျမ်းတွင်လည်း အလွန်ပင်ခက်ခဲ နက်နဲသော မဟာပဋ္ဌာန်းကျမ်းကြီးသည်လည်း မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော အကျဉ်းသင်္ခေပနည်းကို မကျဉ်း မကျယ်သောနည်းအားဖြင့် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် မိမိ၏ လင်းနို့သားဖြစ်ခဲ့ဖူးသော တပည့် ရဟန်း(၅၀၀)တို့အား ပြန်လည်ဟောကြားတော်မူခဲ့သော အဘိဓမ္မာကျမ်းကြီးလည်း ဖြစ်ပါသည်။ ဝိနည်းသိက္ခာ ပုဒ်တော်များ ပညတ်ရန်အတွက်လည်းကောင်း၊ မြတ်ဗုဒ္ဓ၏ဖြစ်တော်စဉ် ဗုဒ္ဓ၀င်ဒေသနာတော်အား ဟောတော် မူရန်လည်းကောင်း တောင်းပန်လျှောက်ထားခဲ့သည့် မထေရ်မြတ်ဖြစ်သည်။  

 အရှင်သာရိပုတ္တရာသည် သစ္စကပရိဗိုဇ်တို့ မောင်နှမများ၊ ကုဏ္ဍလကေသာစသူတို့နှင့်  ယှဉ်ပြိုင်ဖြေရှင်း ခဲ့ရသော ဝါဒပေါင်းများစွာလည်း ရှိခဲ့ပါသည်။ အမှန်အားဖြင့် ကိုယ်ခန္ဓာ၏ ပင်ပန်းမှုကို ပဓာနမထားဘဲ ကိုယ်တော် မြတ်သည် လက်ျာတော်ရံအဂ္ဂသာ၀ကကြီး ပီသစွာဖြင့် မာန်မာနကင်းမဲ့လျက် နှောင်းခေတ် လူသားများ၊ ရဟန်းတော် များအား အတုယူအား ကျစရာအဖြစ် နေထိုင်ကျင့်ကြံ လုပ်ကိုင်ဆောင်ရွက်သွားခဲ့သည်သာ ဖြစ်သည်။ သူတို့သည် အမှန်တကယ်ပင် ဗုဒ္ဓဘာသာ၀င်များ၏ စံပြပုဂ္ဂိုလ်ကြီးများ ဖြစ်ပါပေ၏။ ထို့ကြောင့် ဆုတောင်းသူများအနေဖြင့် ပညာနှင့်ပတ်သက်လျှင် အရှင်သာရိပုတ္တရာကဲ့သို့ ဉာဏ်ပညာကြီးမားသူ ဖြစ်ရပါလို၏ဟု အမြတ်တနိုးထား၍ စံပြအဖြစ်ထားလျက် ဆုတောင်းခဲ့ကြသည်။ အရှင်မြတ်၏ လေးစားအတုယူစရာ၊ ကြည်ညို စရာအကြောင်း အရာများစွာမှ အနည်းငယ်သော အကြောင်းအရာများကို ပြန်လည်ပြီး ပြောပြလိုပါသည်။  

 အရှင်မြတ်သည် သာသနာတော်အား အခြားသူများ၏ ကဲ့ရဲ့မည့်အရေးကို အထူးဂရုစိုက်တော်မူခဲ့သည်။ သို့အတွက် ရဟန်းတော်များ ဆွမ်းခံကြွချိန်တွင် နောက်ချန်ရစ်ပြီး အမှိုက်လှည်းသည်။ အမှိုက်ကျုံးသည်။ အမြင်မတော် သည်များကို သန့်ရှင်းလျက် နေရာတကျ ပြန်ထားသည်။  သောက်ရေဖြည့်သည်။ ထိုကဲ့သို့သော အရေးကိစ္စများကို ပြုလုပ်ပြီးမှသာ နောက်ကျမှ ဆွမ်းခံထွက်လေ့ ရှိသည်။ ဤကား ခေါင်းဆောင်ပီသခြင်း ပင်ဖြစ်သည်။ မှန်သည်။ ခေါင်းဆောင်သည် မိမိအဖွဲ့အစည်းအား မျက်ခြေမပြတ် သတိထား စောင့်ကြည့်ရမည်။ အသေးအမွှားကိစ္စလေးများ မှအစ အများအတွက် စံပြဖြစ်ရန် အစေခံတစ်ယောက်လို့ ပြုလုပ်သင့်သည်။ ယင်းသည် ခေါင်းဆောင်၏ အရည်အချင်း ပင်ဖြစ်သည်။
 အရှင်မြတ်သည် မကျန်းမာသည့် ဂိလာနရဟန်းများအားလည်း အမြဲစောင့်ရှောက်သည်။ ‌ဆေးဝါးဓာတ်စာ ဖန်တီးပေးသည်။ ကျောသားရင်သား မခွဲခြားပေ။ မိမိလက်အောက်တွင် ရှိသည့် ရဟန်းသာမဏေများ၏အရေး ကိုလည်း ဂရုတစိုက်စောင့်ကြည့်သည်။ ဝေဖန်သည်။ သွန်သင်သည်။ ဆုံးမသည်။ ဟောပြောသည်။ အရှင်မြတ်၏ လက်အောက်၌(၇)နှစ်သားကိုရင်လေးများပင် ရဟန္တာအဖြစ်သို့ ရောက်စေခဲ့သည်ကား များပြားလေသည်။
 အရှင်မြတ်သည် မိမိဆရာဖြစ်သည့် အရှင်အဿဇိမထေရ်ရှိသည့်ဘက်သို့ နေ့စဉ်ဦးခေါင်းချလျက် ရှိခိုး အိပ်၏။ မည်မျှပင် ငယ်ရွယ်သည့် ကိုရင်ငယ်လေးကပင်ဖြစ်စေ အပြစ်ပြ၍ ဆုံးမခဲ့သည်ရှိသော် လက်အုပ်ချီ၍ ခံယူ၏။ မာန်မာန မရှိပေ။ (၇)နှစ်အရွယ်ကိုရင်လေး၏ သင်္ကန်းမညီမညာ ၀တ်ရုံခဲ့သည့်အရေးကို ထောက်ပြဝေဖန်မှုကို ကျိုးနွံစွာ လက်ခံခဲ့သည်။ သည်းခံမှု အားကောင်းသည်။ စိတ်ဆိုးခြင်းအမျက်ထွက်ခြင်း အလျဉ်းမရှိပေ။ဤနေရာတွင် နှိမ့်ချပုံလေး ကြုံတုန်းပြောပြချင်ပါသေးသည်။

 ''ငါ၏ကိုယ်သည် ငါမဟုတ်ဟု ငါမှတ်ယူ၏။ နင်းနယ်စရား ခြေသုတ်ပုဆိုးကဲ့သို့၊ သူတစ်ပါးတို့ ညှဉ်းဆဲ စရာ ဒွန်းစဏ္ဍားလို မှတ်ယူပါ၏။ နှိမ့်ချပါ၏။ အစွယ်ကျိုးသော မြွေ၊ ဦးချိုကျိုးသော နွားကဲ့သို့ သီတင်းသုံးဖော်တို့အား ရိုသေ မြတ်နိုးစွာ ငါနှိမ့်ချပါ၏''ထိုကဲ့သို့ သဘောထားလျက် နှိမ့်ချစွာ နေထိုင်တော်မူပါသည်။ ထိုနှိမ့်ချမှုအသံကို ကြားရသည်ရှိသော် ပုထုဇဉ်ရဟန်းတော်များအနေဖြင့် မျက်ရည်ကျသည် အထိပင် ဖြစ်သည်။ သည်းခံမှုမည်မျှ အားကောင်းသည်သည်ကို အောက်ပါ အကြောင်းအရာများကို ကြည့်လျှင် သိနိုင်ပေလိမ့်မည်။  
 ပုဏ္ဏားတစ်ယောက်၏ ကျောကုန်းကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းဖြင့် သည်းခံမှုအတွက် အစမ်းသပ်ကို ခံခဲ့ရဖူးသည်။ မိစ္ဆာဒိဋ္ဌိအယူရှိသည့် မယ်တော်ကြီး၏ ပြင်းထန်သည့် စကားလုံးများနှင့် ထိုးနှက်မှုကိုလည်း ခံခဲ့ရသည်။ မိမိ၏ ရဟန်းသာမဏေများအတွက် သင်္ကန်းအလှူဒါနတစ်ခုနှင့်စပ်၍လည်း အပြစ်တင်ခြင်းကို ခံခဲ့ ရသည်။ ဆဗ္ဗဂ္ဂီရဟန်းများ၏ နေရာလုမှုဖြင့် လက်ျာတော်ရံအဂ္ဂသာ၀ကကြီး ဖြစ်သော်လည်း တစ်ညလုံးအိပ်ရာ နေရာမရသည့်အတွက် သစ်ပင်ရင်းတွင် နေထိုင်ခဲ့ရသည်။ ဘီလူးတစ်ကောင်၏ ပြင်းထန်လှသည့် ရိုက်နှက်ချက်ဖြင့် ဦးခေါင်းတော်အား ရိုက်ပုတ်ခံခဲ့ရသည်။ တစ်ခါကလည်း ရဟန်းငယ်တစ်ပါးသည် အရှင်မြတ်အား မိမိနာမည်မခေါ် သည့်အရေးအတွက် မကျေမနပ်ဖြစ်ကာ ရန်ငြိုးဖွဲ့လျက် မြတ်ဗုဒ္ဓအား လိမ်ညာ၍  အရှင်သာရိပုတ္တရာသည် မိမိ အား ရိုက်နှက်ပုတ်ခတ်သည်ဆိုပြီး အစွပ်စွဲခံရခြင်းမျိုးလည်း ရှိခဲ့သည်။ သို့သော် အရှင်သာရိပုတ္တရာမထေရ်သည် မည်သို့မျှ ဒေါသအာဃာတ မရှိ။ စကားဖြင့်ပင် ပြန်လည်ထိုးနှက်တိုက်ခိုက်မှုမျိုးကို ပြုလုပ်ခြင်း အလျဉ်းမရှိ။အရှင်မြတ်သည် ချီးမြှောက်ထိုက်သူကို ချီးမြှောက်ရန်လည်း ၀န်မလေးပေ။

 ရှင်သုခ၊ ရှင်တိဿ၊ ရှင်ရာဟုလာ၊ ရှင်ပဏ္ဍိတ၊ ရှင်သံကိစ္စ,စသည့် ကိုရင်လေးများအား ငယ်ရွယ်စဉ်ကပင် ရဟန္တာအဖြစ်သို့ ရောက်အောင် ကြည့်ရှုစောင့်မပေးခဲ့သည်။ ကိုရင်ပဏ္ဍိတ၏ အကြောင်းကို လေ့လာကြည့်လျှင် အဘယ်မျှလောက် ဖခင်တစ်ယောက်လို မိမိနေဖြင့် ဆရာပီသမှုကို  ပြခဲ့သည်ကို သိရှိရမည်ဖြစ်သည်။ ဆွမ်းစားချိန် မမီမှာစိုးသည့်အတွက် ကျောင်းတွင်ကျန်ရစ်သည့် တပည့်ဖြစ်သူကိုရင့်အတွက် ဆွမ်းခံအပြန်နောက်ကျနေ၍ ခပ်သွက်သွက် ခပ်မြန်မြန်ပြန် ကြွခဲ့ခြင်းမျိုးသည် ရဟန္တာတစ်ပါးအနေဖြင့် မဖြစ်သင့်ဟု ထင်ပါက ထင်ပါလိမ့်မည်။ သို့သော် မည်မျှအထိ မိမိတပည့်အတွက် ကြောင့်ကြစိတ်သည်။ မေတ္တာစိတ်ကြီးမားသည်ကို သိရှိရလျှင် အံ့သြစရာ၊ ကြည်ညိုစရာ၊ အတုယူစရာပင် ဖြစ်ပေလိမ့်မည်။ ကျေးဇူးတရားကိုလည်း မည်သို့မျှ မမေ့သည့် အရှင်မြတ်ဖြစ်သည်။
 မိမိအား တစ်ခါက ဆွမ်းတစ်ဇွန်းမျှ လောင်းလှူဒါန်းခဲ့သည့် ရာဓအား ရဟန်းခံပေးခဲ့သည်။ မိခင်ကြီးအား သောတာပန် အရိယာဖြစ်သည်အထိ မိမိမွေးဖွားသည့်တိုက်ခန်းသို့ ကြွလျက် ပရိနိဗ္ဗာန်ပြုကာ ကျေးဇူးဆပ်ခဲ့သည်။ လူဆင်းရဲဖြစ်သည့် မောင်ပုဏ္ဏတို့အား နေ့တွင်းညတွင်း ချမ်းသာအောင် နိရောဓသမာပတ်၀င်စားပြီး ဆွမ်းခြွံကခြင်းဖြင့် ချီးမြှောက်ပေးခဲ့သည်။ အရှင်လကုဏ္ဍကဘဒ္ဒိယအား ရဟန္တာဖြစ်ပြီးသော်လည်း မဖြစ်သေးဘူးအထင်ဖြင့် တရားတော်များကို များပြားစွာ ဟောကြားခဲ့သည်။ အိပ်ရာထဲပက်လက်ဖြစ်နေသည့် အနာထပိဏ်သူဌေးကြီးအား တရားဓမ္မ သွားဟောပေးခဲ့သည်။  ဒေ၀ဒတ်ထံတွင် ပါရှိသွားသည့် ရဟန်းများအား တရားဟောလျက် ရဟန္တာအဖြစ် သို့ ရောက်အောင်ပြုလုပ်ပေးခဲ့သည်။ ကုဏ္ဍလကေသာနှင့် သစ္စာ,လောလာ,အ၀ဓာရိကာ,ပဋိစ္ဆာဆိုသည့် ပရိဗိုဇ်မတို့အား ရဟန္တာဖြစ်အောင် ဝါဒကိုချိုးနှိမ်လျက် စွမ်းဆောင်ပေးခဲ့သည်။

 တပည့်ဖြစ်သူ တောကျောင်းနေ ကိုရင်တိဿထံသို့ အသီတိမဟာသာ၀ကတို့ ဦးဆောင်လျက် အခြား ရဟန်းများစွာဖြင့် ကြွရောက်ကာ ချီးမြှောက်တော်မူခဲ့သည်။ လှူစရာမရှိသည့် မိမိဖခင်ကြီး၏ သူငယ်ချင်း ဖြစ်သူ မဟာသေန ပုဏ္ဏားကြီးအား ဈာန်သမာပတ် ၀င်စားလျက် ဈာန်မှထကာ ဆွမ်းအလှူခံပေးခြင်းဖြင့် သူဌေး ဘ၀သို့ရောက်ရန်နှင့် တရားထူးရအောင် ချီးမြှောက်ပေးခဲ့သည်။ အယူမှားနေသည့် သူငယ်ချင်းကိုလည်း မြတ်ဗုဒ္ဓထံသို့ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။ အယူမှားနေသည့် တူဖြစ်သူအားလည်း မြတ်ဗုဒ္ဓထံသို့ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။ အယူမှားနေသည့် ဦးလေးဖြစ်သူအားလည်း မြတ်ဗုဒ္ဓထံသို့ရောက်အောင် ပို့ဆောင်ပေးခဲ့ပြီး အရိယာများဖြစ်အောင် စွမ်းဆောင်ပေးခဲ့သည်။

 ဤကား သိသာထင်ရှားသည့် အကြောင်းအရာမျှသာ ဖြစ်သည်။ အခြားအခြားသော မထေရ်မြတ် ဟော ပြောပြသည့် အဆုံးအမ တရားဓမ္မတို့ကြောင့်လည်း ဝေနေယျများစွာ ကျွတ်တမ်း၀င်ခဲ့ကြသည်။ အစဉ်ထာ၀ရနှိမ့် ချလိုသည့် စိတ်ထားရှိခြင်းသည် အရှင်မြတ်၏ ဂုဏ်ပင်ဖြစ်သည်။ အကျင့်သိက္ခာတို့နှင့် ပြည့်စုံတော်မူလှသည်။ တစ်ခါက လေနာရောဂါဖြစ်နေသည့်အခါ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ် အလှူခံခဲ့သည့် နို့ဃနာဆွမ်းကို ပင် နတ်၏ ပယောဂပါနေသည့်အတွက် မဘုဉ်ပေးဘဲ စွန့်ပစ်တော်မူခဲ့သည်။ အသက်ပင် စတေးရသော်ငြားလည်း ဘုရားဟော ဝိနည်းဥပဒေကို မချို့ဖောက်သည့် မထေရ်မြတ်ပင်ဖြစ်သည်။ ဤနေရာ၌ မထေရ်မြတ်၏ ထူးခြားမှု ဖြစ်စဉ်တစ်ခုကို သိပ်မသိသေးသည့်အတွက် မျှေ၀ပေးလိုက်ပါသည်။

 တစ်ခါက မြတ်စွာဘုရားရှင်နှင့်အတူ သာ၀တ္ထိပြည်၊ ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်။ လူသားများသည် မုန့်ခဲဖွယ်စသည်များကို များစွာပြုလုပ်လျက် လာရောက်လှူကြသည်။ အားလုံးဘုဉ်းပေးပြီးသော်လည်း မုန့်များ များစွာ ကျန်ရှိနေခဲ့သည်။ ကျန်ရှိသည့်မုန့်များအား မြို့ထဲရွာထဲရောက်နေသည့် သံဃာတော်များအတွက် အလှူခံ ထားရန်ပြောသည့်အတွက် အလှူခံထားလိုက်ကြသည်။ ထိုတွင် အရှင်သာရိပုတ္တရာ၏ တပည့်တစ်ပါးသည်လည်း ရွာထဲတွင် ရောက်နေခဲ့၏။ ထိုရဟန်းငယ်၏ ဝေစုအတွက် ရဟန်းတို့ ယူခဲ့ကြသည်။ ထိုရဟန်းငယ်သည်လည်း အလွန်နေမြင့်သည်အထိ ပြန်ရောက် မလာပေ။ သို့အတွက် အရှင်သာရိပုတ္တရာအား လှူလိုက်ကြသည်။ အရှင်မြတ် သည် မိမိအား ပေးလှူသည့်မုန့်အား ဘုဉ်းပေးလိုက်သည်။ ထိုစဉ်ရဟန်းငယ်ပြန်လာသည့်အခါ အခြားရဟန်းများ၏ ပြောပြချက်အရ ရဟန်းငယ်သည် မိမေိ၀စုအား အရှင်သာရိပုတ္တရာ ဘုဉ်းပေးလိုက်သည်ဆိုသည့်အချက်ကို ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
 ''အရှင်ဘုရားတို့၊ အဘယ်သူက ကောင်းမြတ်တဲ့ ခဲဖွယ်ဘောဇဉ်ကို မနှစ်သက်ဘဲ ရှိပါအံ့နည်း''ဟူသော လေသံဖြင့် ပြောလိုက်သံကို ကြားပြီး အရှင်မြတ်သည် သတိသံဝေဂရသည်။ အရှင်မြတ်သည် ထိုနေ့မှစ၍ မုန့် ခဲဖွယ်ကို နောင်သောအခါ ပရိနိဗ္ဗာန်စံသည်အထိ မစားတော့ကြောင်း အဓိဋ္ဌာန်လျက် ဆုံးဖြတ်ချက် ချလိုက်သည်။  ထိုအကြောင်းအရာနှင့် ပတ်သက်၍ မြွေဘ၀တွင် ဖြစ်ခဲ့ပုံကို ဟောတော်မူ၏။ ထိုမြွေဘ၀တွင်လည်း ထိုကဲ့သို့ ရဲရဲတောက်စကားကို ပြောဆိုခဲ့ဖူးသည်။ (ဝိသ၀န္တဇာတ်)

 ''အသက်ပင် သေသွားပါစေ။ ထွေးအန်ပြီးသည့် မြွေဆိပ်ကိုမူ ပြန်၍ မမျိုနိုင်''ဆိုသည့်စကားအတိုင်းပင် ယခုလည်း အသက်ပင်သေပါစေ၊ နောင်အခါ မုန့်ခဲဖွယ်ကို မစားတော့အံ့ဟု ဆုံးဖြတ်ချက်ချတော်မူလိုက်သည်။ မထေရ်မြတ်သည် အများ၏ ဝေဖန်ပြစ်တင်မှုများကို ရှက်ကြောက်နိုးမှု၊ ပြတ်သားသည့်ဆုံးဖြတ်ချက်ချမှု များသည်လည်း အတုယူလေးစားစရာပင် ဖြစ်သည်။ ယင်းသည် အဖွဲ့အစည်းများအနေဖြင့် မိမိထုတ်ပြန်ထားသည့် ဥပဒေသ များကို  မိမိကိုယ်တိုင်လိုက်နာကျင့်သုံးလျက် ရဲ၀ံ့ပြတ်သားစွာ ဆုံးဖြတ်ချက်ခိုင်မာစွာချဖို့ သင်္ခန်းစာ ကောင်းဖြစ်သည်။  အမှန်အားဖြင့်လည်း အရှင်မြတ်သည် လာဘ်လာဘတို့၌ တပ်မက်တွယ်တာမှု မရှိပေ။

 တစ်ခါက ပုဏ္ဏားတစ်ယောက်သည် တရားတော်ကို ပူဇော်ချင်သည့်အတွက် အခြားရဟန်းများ၏ ညွှန်ကြား ချက်အရ တိပိဋက ဓမ္မဘဏ္ဍာဂါရိက တရားဘဏ္ဍာစိုးဖြစ်သည့် အရှင်အာနန္ဒာအား လှူဒါန်းခဲ့သည်။ သို့သော် အရှင်အာနန္ဒာသည် ထိုသင်္ကန်းကို ဓမ္မသေနာပတိ တရားစစ်သူကြီးဖြစ်သည့် အရှင်သာရိပုတ္တရာ လှူဒါန်းလိုသည်။ ဝိနည်းပညတ်ချက်အရ အချိန်မမီတော့သည့်အတွက် အနုပညတ်ချက်ထားကာ အရှင်သာရိပုတ္တရာ၏ ခရီးလွန်နေမှုကို  စောင့်ဆိုင်းလျက် ပြန်ရောက်သည့်အခါမှ လှူဒါန်းခဲ့သည်။ အရှင်သာရိပုတ္တရာသည် ထိုသင်္ကန်းသည် ဓမ္မရာဇာ တရားမင်းဖြစ်တော်မူသည့် မြတ်စွာဘုရားရှင်အား ပြန်လည်လှူဒါန်းခဲ့သည်။ ထိုကဲ့သို့ လေးစားကြည်ညိုစရာ ဂုဏ်ပုဒ်များနှင့် ပြည့်စုံတော်မူသည့် အဂ္ဂသာ၀ကဖြစ်သော 'ပညာအရာ ဧတဒဂ်'ရ ပညာအရှင်ဖြစ်သည့် လကျာ်တော်ရံ အရှင်သာရိပုတ္တရာအား ဦးညွတ်လိုက်ရပါသည်။

မောင်မင်းစိုး

ဓုတင်ရှင်သို့ ဦးညွတ်ခြင်း


    ''အရှင်ဘုရား၊ တပည့်တော်ဟာ မြတ်စွာဘုရားရှင်ရဲ့ ဖွားဘက်တော်ဖြစ်ပါတယ်။ အသက်အားဖြင့်လည်း ရှစ်ဆယ်ရှိပါပြီ။ ဦးခေါင်းမှာလည်း ဆံပင်တွေ ဖြူကုန်ပါပြီ။ ယခုလို အိုမင်းရင့်ရော်နေသော်လည်း အရှင်ဘုရား မဟာကဿပအနေနဲ့ ဘာဖြစ်လို့ တပည့်တော်ကို ''သူငယ်၊ သူငယ်''ဆိုပြီး ခေါ်ဝေါ်နေရတာလဲဘုရား''

  ဧဝံ မေ သုတံ-ဆိုသည့်စကားကို ကြားတိုင်း အရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးကို ပြေးမြင်ကြပါလိမ့် မည်။ သာသနာတော်တွင် ပင်ပန်းစွာ အလုပ်လုပ်တော်မူသွားသည့် မထေရ်မြတ်ကြီး ဖြစ်သည်။ တတိယသာ၀ကဖြစ် သည့်အားလျော်စွာ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်က အခြားသူများထက် အရှင်မဟာကဿပ ကိုယ်တော်မြတ်အား မိမိနှင့်တန်းတူ အနေအထားကို ထားခံခဲရခြင်းကပင် ထိုအရှင်မြတ်၏ ထူးခြားမှုတစ်ခုဟု ဆိုရမည်ဖြစ်သည်။ အလို နည်းခြင်း၊ ရောင့်ရဲခြင်း၊ ခေါင်းပါးစွာ ကျင့်ခြင်းစသည်တို့ဖြင့် နာမည်ကျော်ကြားသည်။

 
    အရှင်မြတ်လောင်းလျာ ပိပ္ပလိလုလင်သည် မာဂဓတိုင်း၊ မဟာတိတ္တပုဏ္ဏားရွာ၊ ကပိလပုဏ္ဏားကြီး၏ သူဌေး ကတော်မှ မွေးဖွားလာသူ။ (၈၇)ကုဋေ ကြွယ်၀ချမ်းသာသည့် သူဌေးသား။ အရွယ်ရောက်လာသော် မဒ္ဒတိုင်း၊ သာဂလမြို့၊ ကောသိယအနွယ် ပုဏ္ဏားကြီး၏ သူဌေးကတော်မှ မွေးဖွားလာသည့် ဘဒ္ဒါကာပိလာနီနှင့် လက်ထက်ခဲ့သည်။ ရုပ်ရည်အဆင်း လှပတင့်တယ်ကြသည်။ ပစ္စည်းဥစ္စာချမ်းသာသော်လည်း လောကီအာရုံကာမဂုဏ်တို့၌ မွေ့လျော်ပျော် ပါးခြင်း အလျဉ်းမရှိကြ။ အဘယ့်ကြောင့်ဆိုသော် သူတို့နှစ်ယောက်စလုံးသည် ဗြဟ္မာ့ပြည်မှ ဆင်းသက်လာကြသူများ ဖြစ်သောကြောင့်ပင်ဖြစ်သည်။
 
    ပိုးကောင်လေးများ၏ သေကြေပျက်စီးသည့်အရေးကို မြင်လျက် သတိသံဝေဂရကြသည်။ သို့အတွက် နှစ်ဦးသား တိုင်ပင်မထားသော်လည်း အကြံတူစွာဖြင့်ပင် ရဟန်းအသွင်ပြုကာ တောထွက်ဖြစ်ကြသည်။  တစ်နေရာ အရောက်တွင် အများ၏ ကဲ့ရဲ့မှုဒဏ်မှလွတ်ရန် လမ်းခွဲလိုက်ကြသည်။ ထိုစဉ် ဘဒ္ဒါသည် ပရိဗိုဇ်တို့၏ အာရာမ်သို့ ရောက်ရှိသွားပြီး။ ပိပ္ပလိသည်ကား မြတ်ဗုဒ္ဓနှင့် တွေ့ခဲ့သည်။ တွေ့ခဲ့သည်ဆိုသော်လည်း မြတ်ဗုဒ္ဓသည် အနာဂတ် သာသနာတော်အရေးကို တွေးပြီး သွားရောက်ကြိုနေခဲ့ခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် သြဝါဒပေးကာ ရဟန်းအဖြစ်ကို ရရှိခဲ့သည့် သာသနာ့သမိုင်းတွင် တစ်ပါးတည်းသာရှိသော ''သြဝါဒပဋိဂ္ဂဟဏူပသမ္ပဒါ''ဖြင့် ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့သည့် မထေရ်မြတ်ဖြစ်သည်။ ရဟန်းအဖြစ်တွင် ပုထုဇဉ်သက်တမ်းအနေဖြင့် (၇)ရက်အထိသာ နေရပြီး (၈)ရက်မြောက်နေ့တွင် ရဟန္တာဖြစ်ခဲ့သည်။

    ထိုအရှင်မြတ်၏ ထူးခြားမှုကား မြတ်ဗုဒ္ဓကိုယ်တော်တိုင် မိမိအသုံးပြုစဲဖြစ်သည့် ပံသကူသင်္ကန်းတော်ဖြင့် အရှင်မြတ်၏ ဒုကုဋ်သင်္ကန်းတော်ကို လဲလှယ်၀တ်ရုံဆင်မြန်းခွင့် ရရှိခဲ့သူဖြစ်သည်။ ထို့အပြင်လည်း မြတ်ဗုဒ္ဓသည် ရဟန်းတော်များအား ကဿပအား စံနမူထား၍ ပြောဆိုဆုံးမခဲ့ရသည်လည်း များစွာရှိသည်။ မိမိနှင့်ထပ်တူပြု၍ ဟောတော်မူခဲ့သည်လည်း များစွာ ရှိခဲ့သည်။ ထိုအရှင်မြတ်သည် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံ၀င်တော်မူပြီးသည့်နောက် ပထမသင်္ဂါယနာကို ဦးဆောင်လျက် တင်တော်မူခဲ့သည့် သာသနာတော်အတွက် ကျေးဇူးများလှသည့် မထေရ်မြတ် ဖြစ်သည်။ သက်တော်(၁၂၀)ရောက်တော်မူမှ ပရိနိဗ္ဗာန်၀င်စံတော်မူခဲ့သည်။ ထိုမထေရ်မြတ်၏ ဘ၀ဇာတ်ကြောင်းများကို ခြေရာကောက်ကြည့်မိသည်။
    အရှင်မြတ်၏ ဘ၀ကျင်လည်မှုသည် ချမ်းသာကြွယ်၀သည့် မျိုးရိုးတွင်ဖြစ်လေ့ရှိသည်က များပြားသည်။ အလှူဒါန ရက်ရောသည်။ ပစ္စည်းဥစ္စာများအပေါ် မက်မောခြင်းမျိုး အလျဉ်း မရှိ။ သူသည် ကမ္ဘာတစ်သိန်းထက် ပဒုမုတ္တိုရ်ဘုရားရှင်ထံတွင် ရဟန်းတော်ပေါင်း ခြောက်သန်းခြောက်သိန်းတို့ကို ကြီးကျယ်ခမ်းနာစွာ ပြင်ဆင်လျက် အလှူဒါနပြုခဲ့သူ။ ထိုစဉ် ဓုတင်အကျင့်ကျင့်သူ တတိယသာ၀က မဟာနိသဘကို အားကျလျက် မိမိသည်လည်း ဓုတင်အရာတွင် မဟာနိသဘမထေရ်ကဲ့သို့ ဆုပန်ခဲ့သူ။ ထို့ပြင် ၉၁ ကမ္ဘာထက်တွင် ပွင့်တော်မူခဲ့သည် ၀ိပဿီ ဘုရားရှင်အား ဧကသာဋကပုဏ္ဏားဘ၀ဖြင့် အ၀တ်အထည်ပေါင်း များစွာလှူဒါန်းခဲ့သူ။ ဗုဒ္ဓန္တရခေတ်၌ ဗာရာဏ သီပြည်တွင် သြွူကယ်ဖြစ်ပြီး ပစ္စေကဗုဒ္ဓါအား အ၀တ်အပိုင်းအစလှူဒါန်းခဲ့သူ။ ကဿပဘုရားရှင်လက်ထက်၊ ဗာရာဏသီပြည်၌ ကုဋေ(၈၀)ကြွယ်၀သည့် သူကြွယ်ဖြစ်ခဲ့သူ။ ရွှေးသားစတိသွန်းခုတ်အပ်သည့် အဖိုးတစ်သိန်းတန် ရွှေနီဖံအုတ်ဖြင့် တယူဇနာအမြင့် စေတီတည်ထားမှု၌ လှူဒါန်းပါ၀င်ခဲ့သူ။ နန္ဒရာဇ်မင်းအဖြစ် ရရှိခဲ့သူ။ ပစ္စေဗုဒ္ဓါငါးရာတို့အား ပစ္စည်းလေးပါးဖြင့် လှူဒါန်းထောက်ပံ့ခဲ့သူစသဖြင့် သူဌေးသူကြွယ်မျိုးတွင်ဖြစ်လျက် အလှူဒါန ရောက်ရောမှုများကို တွေ့ရသည်။

    သံသရာကိုကျင်လည်ရာတွင် ဘ၀မျိုးစုံတွင် ဖြစ်ခဲ့ကြသူများသည် မိမိတို့၏ဓလေ့ စရိုက် အထုံများ ဘ၀အဆက် ဆက် ပါလာတတ်သည်။ ဥပမာအားဖြင့် ယောက်ျားဖြစ်သူသည် ဘ၀အတော်များများတွင် ယောက်ျားဘ၀ကိုသာ ရရှိခဲ့သည်။ ထိုနည်းတူစွာပင် မိန်းမဖြစ်သူသည်လည်း မိန်းမဘ၀ဖြင့် ကျင်လည်ခဲ့ရသည်ကား များသည်။ သူတော် ကောင်းသည် သူတော်ကောင်းဘ၀တွင် ဖြစ်ခဲ့ပြီး၊ သူယုတ်မာသည်လည်း သူယုတ်မာဘ၀ဖြင့် ကြီးပြင်းခဲ့ရသည်က များသည်။ ယခု အရှင်မြတ်သည်ကား သံသရာကျင်လည်ရာတွင် အလှူဒါန၏စွမ်းအားကြောင့် အကျိုးတရားများ ပြန်လည် ခံစားရခြင်းအနေဖြင့် ချမ်းသြွာကယ်၀သည့် အမျိုး၌ အဖြစ်များခဲ့သည်။

    နောက်ဆုံးဘ၀တွင်လည်း ချမ်းသြွာကယ်၀သူ ဖြစ်ခဲ့သည်။ သို့သော် လောကီစည်းစိမ်ဥစ္စာအပေါ်တွင် တွယ်တာ တပ်မက်မှု နည်းပါးသည်။ ခေါင်းပါးသည်။ ရောင့်ရဲသည်။ စည်းစိမ်ပုံပေါ်ထိုင်လျက် မောက်မောက်မာမာပြုမူ ခဲ့ခြင်းမျိုး မရှိ။ အရှင်မြတ်၏ တမူထူးခြားမှု တစ်ခုလည်း ရှိသည်။ ကရုဏာရှင်ဖြစ်သည့်အားလျော်စွာ ဆင်းရဲသူများ ကို ချီးမြှောက်လိုသူ ဖြစ်သည်။ မိမိအတွက် စည်းစိမ်ပုံပေါ်တွင် မသာယာခဲ့သော်လည်း ဆင်းရဲသူများအရေးအတွက်  ဘ၀ကို အကျိုးရှိရှိ အသုံးချသွားခဲ့သူဖြစ်သည်။

    တစ်ခါက ဆင်းရဲသူများကို ချီးမြှောက်လိုသည့်အတွက် နိရောဓသမာပတ်မှ ထပြီး ဆွမ်းခံထွက်ခဲ့သည်။ ထိုစဉ် သိကြားမင်းသည် ဆင်းရဲသည့်ပုဏ္ဏားအသွင် ဖန်ဆင်းလျက် အလှူ၏အကျိုးကို မလိုလောဘဖြင့် လုယူခဲ့သည်။ အရှင်မြတ်သည် ဆွမ်းခံမြွကမီ သမာပတ်၀င်စားလေ့ရှိပြီး၊ သမာပတ်မှထပြီးလျှင် အဆင်းရဲဆုံးရပ်ကွက်၊  လူနေမှု အဆင့်အတန်း နိမ့်ကျသည့်နေရာသို့ သွားရောက်၍ ဆွမ်းခံလေ့ ရှိသည်။ ယင်းသည် အရှင်မြတ်၏ ကရုဏာစိတ် ကြီးမြတ်မှုပင်ဖြစ်သည်။ တစ်ခါက နူနာတစ်ယောက်၏ အနာမှ အရည်ရွှဲရွှဲ ယိုစီးလျက် ထိုလက်ဖြင့် နယ်၍ လောင်းလှူလိုက်သော ဆွမ်းကို အားပါးတရ ဘုဉ်းပေးတော်မူသည်။ ယင်းသည်လည်း ဆင်းရဲသူအား ချီးမြှောက်လို ခြင်းကြောင့်ပင် ဖြစ်သည်။ သူဌေးနှင့်ပေါင်းမှ သူဌေးဖြစ်မည်၊ ဆင်းရဲသူနှင့်ပေါင်းက မည်သို့ချမ်းသာမည် နည်းဆိုသည့် စိတ်ဓာတ်မျိုး အရှင်မြတ်အား မရှိပေ။

    ထိုအရှင်မြတ်၏ ကြီးကျယ်မှု၊ မြတ်ဗုဒ္ဓ၏ အရေးပေးမှုများသည် ချီးမြှောက်ထိုက်၍ ချီးမြှောက်ခဲ့ခြင်းသာ ဖြစ်သည်။ ဓုတင်အကျင့်ကို ကျင့်ဆောင်သည့်အရှင်မြတ်၏ အကျင့်စရဏ၊ ဉာဏ်ပညာကြီးမားမှု၊ အများ၏အတုယူ လေးစားမှုများကို ဥပမာမျိုးစုံဖြင့် ခိုင်းနှိုင်းလျက် မြတ်ဗုဒ္ဓသည် တခန်းတနားအနေဖြင့်ပင် ချီးမွမ်းတော်မူခဲ့သည်။ ထိုအကြောင်းခြင်းရာများကို နိဒါန၀ဂ်၊ ကဿပသံယုတ်တွင်လာသည့် သန္တုဋ္ဌသုတ်၊ အနောတ္တပ္ပီသုတ်၊ စန္ဒူပမသုတ်၊ ကုလူပက သုတ်၊ ဇိဏ္ဏသုတ်၊ သြဝါဒ(၃)သုတ်၊ ဈာနာဘိညသုတ်၊ ဥပဿယသုတ်၊ စီ၀ရသုတ်၊ ပရံမရဏသုတ်၊ သဒ္ဓမ္မပ္ပတိရူပကသုတ်တို့ကို လေ့လာကြည့်လျှင် တွေ့နိုင်ပေသည်။ ထိုသုတ္တန်များကို ဖတ်ရှုလေ့လာကြည့်လျှင် အရှင်မြတ်၏ အံ့သြစရာကောင်းသည့် အကျင့်မြတ်၊ ဉာဏ်ပညာတို့ကို တွေ့ရပေလိမ့်မည်။

    ''ရဟန်းတို့၊ သင်တို့သည် မဟာကဿပကြီးကဲ့သို့ ကျင့်ကြကုန်လော့''စသဖြင့် ရဟန်းတော်များအား စံအဖြစ်ထားစေကာ အတုယူနိုင်ရန် မကြာခဏ ဆုံးမပေးခံခဲ့ရသည်။ မြတ်ဗုဒ္ဓသည် မိမိနှင့်ထပ်ပြုလျက် ရဟန်းတော် များအား ဆုံးမရန် တိုက်တွန်းခဲ့သူ ဖြစ်သည်။ အနာဂတ်သာသနာ့အရေးကို မျှော်တွေးလျက်လည်း မိမိ၏ပံ့သကူ သင်္ကန်းကိုလည်း လှဲလှယ်၀တ်စေခဲ့သည်။ အမှန်ပင် နောင်တစ်ချိန် မြတ်ဗုဒ္ဓမရှိခဲ့သည့်နောက်ပိုင်း အရှင်မြတ်ဦးဆောင်ပြီး သင်္ဂါယနာတင်ခြင်းအမှုကို ပြုလုပ်လျက် ပိဋကတ်ခြင်းတောင်းများကို စံနစ်တကျ တည်ဆောက်သွားခဲ့သည်။ အသက်အရွယ် ကြီးရင့်နေသော်လည်း မိမိ၏ကိုယ်ဆင်းရဲမှုကို ပဓာနမထား။ သာသနာ့အရေးအတွက် အားသွန်ခွန်စိုက် မနေမနား အလုပ်လုပ်တော်မူသွားခြင်း ဖြစ်သည်။ အမှန်အားဖြင့် ပုထုဇဉ်ဘ၀ဖြင့်သော်လည်း ထင်ပေါ်ကျော်ကြားမှုမျိုးကို အလိုမရှိခဲ့။ ထိုအတွက်လည်း မကျင့်ကြံခဲ့။ ရဟန္တာဖြစ်ခဲ့ပြီးသော်ကား ပြောဖွယ်ရာပင် မရှိပေ။ တောတွင်နေသည်။ ဆွမ်းခံစားသည်။ ထိုနှစ်ချက်လောက်ဖြင့်ပင် မည်မျှကြည်ညိုစရာကောင်းသည်ကို တွေးကြည့်သင့်သည်။ တိစီ၀ရိတ် ဓုတင်၊ ပံသကူဓုတင်စသည့် ဓုတင်(၁၃)မျိုးကို ကိုယ်တိုင်သော်လည်း ကျင့်တော်မူ၍ အခြားသူများအားလည်း လိုက်နာ ကျင့်ဆောင်ခြင်း၏ အကျိုးကျေးဇူးကို ဟောတော်မူခဲ့သည်။


    အသက်အရွယ်ကြီးရင့်လာသူသည် မိမိခန္ဓာကိုယ်ကိုပင် ပြည်လည်သယ်ဆောင်ခြင်းငှာ မစွမ်းဆောင်နိုင်ကြ။  မြတ်ဗုဒ္ဓသည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့် မိမိ၏သားတော်ကြီး မဟာကဿပ၏ လေးလံလှသည့် ပံသကူ သင်္ကန်းဟောင်းကြီးကို ဆောင်လျက် ဆွမ်းခံကြွခြင်း၊ တောကျောင်း၌နေရခြင်းကို တွေ့မြင်တော်မူကာ သနားကြင် နာမှုများစွာဖြင့် ထိုကိစ္စတို့မှ ပယ်စွန့်ရန်၊  မိမိအတွက် အကျိုးကိစ္စအားလုံးကို ပြုလုပ်ပြီးဖြစ်သည့်သူအနေဖြင့် မည်သို့မျှ အကျိုးထူးတရားများ ရရှိနိုင်တော့မည့်အခွန်းအလန်းမရှိတော့၍ စွန့်လွှတ်ရန် မိန့်တော်မူသည်။

    ''ချစ်သားကဿပ၊ သင်သည် အသက်ကြီးပြီ။ အိုမင်းရင့်ရော်နေပြီ။ ပိုက်ဆံလျော်နဲ့လုပ်ထားသည့် ပံသကူ သင်္ကန်းကြီးကို ဆောင်ရသည်မှာ လေးလံလှသည်။ ထိုဟောင်းနွမ်းသည့်သင်္ကန်းကြီးကို စွန့်ပြီး ဒါယကာများ လှူဒါန်းတဲ့ သင်္ကန်းကို ဆောင်ပါ။ ဟိုဟိုဒီဒီက ပင့်ဖိတ်သည့် ဆွမ်းကိုလည်း လက်ခံပါ။ တောထဲမှာ နေရခြင်းထက် ငါဘုရားရဲ့ အနီးအနားမှာ လာနေခြင်းက သင့်အတွက် အဆင်ပြေလိမ့်မည်။ သို့အတွက် ငါ့ရဲ့အနီးအနားတွင် လာနေပါ''

    ''အရှင်ဘုရား၊ တပည့်တော် နှစ်ပေါင်းများစွာ တောကျောင်းမှာပဲ နေခဲ့ပါ၏။ ထိုသို့တောကျောင်းနေခြင်း အကျိုးကိုလည်း ဟောပြောပါ၏။ ဆွမ်းခံ၍လည်း စားပါ၏။ ဆွမ်းခံ၍ စားခြင်း၏အကျိုးကိုလည်း ဟောပြောပါ၏။ ပံသကူဓုတင်ကိုလည်း ဆောင်ပါ၏။ ဆောင်ရခြင်းအကျိုးကျေးဇူးတို့ကိုလည်း ဟောပြောပါ၏။ တိစီ၀ရိတ်ဓုတင်ကို လည်း ဆောင်ပါ၏။ ဆောင်ရခြင်းအကျိုးကျေးဇူးတို့ကိုလည်း ဟောပြောပါ၏။ ထိုသို့နေရခြင်း၏ အကြောင်းသည် အချက်နှစ်ချက်ရှိပါသည်ဘုရား။ ပထမတစ်ချက်နေဖြင့် တပည့်တော်ကိုယ်တိုင် မျက်မှောက်ဘ၀ချမ်းသာမှုကို မြင်ရ ခြင်းက တစ်ကြောင်း၊ ဒုတိယတစ်ချက်အနေဖြင့် တပည့်တော်ကဲ့သို့ နောင်လာနောက်သားများ အတုလိုက်၍ ကျင့်တော် မူလိုသည်က တစ်ကြောင်း၊ ထိုသို့ကျင့်တော်မူသည်ရှိသော် ချမ်းသာစီးပွား များခြင်းအတွက်ဖြစ်ပါသည်ဘုရား''

    သူတော်ကောင်းသည် အများအတွက် မိမိ၏ကျင့်စဉ်များကို စံအဖြစ်သတ်မှတ်နိုင်ရေးအတွက် အလေးတမူ ရှိကြသည်။ မိမိအရေးထက် သူတစ်ပါးအရေးကိုသာ ကျင့်တော်မူကြသည်။ ကိုယ်ချမ်းသာရေးသည် ပဓာနမဟုတ်၊ သူတစ်ပါးချမ်းသာရေးသည်သာ ပဓာနကျသည်ဟု အတ္တကို ချိုးနှိမ်ခဲ့ကြသည်။ အမှန်အားဖြင့် အရှင်မြတ်သည် ကြွယ်ဝချမ်းသာသည့်အမျိုးမှ ရဟန်းပြုလာသည်။ အဆင်းရူပကာအားဖြင့်လည်း လှပတင့်တယ်လွန်းသည်။ သို့အတွက် ချမ်းသာမှုမာန်၊ ကျော်ကြားမှုမာန်၊ အဆင်းလှမှုမာန်၊ ဉာဏ်ပညာကြီးမားမှုမာန်များဖြင့် ၀င့်ထည်ချင်တိုင်း၀င့်ထည်လို့ ရသည်။ သို့သော် ထိုလမ်းစဉ်များကို ခ၀ါချထားခြင်း ဖြစ်သည်။ မိမိရဟန်းဖြစ်စဉ်က မြတ်ဗုဒ္ဓပေးခဲ့သည့် သြဝါဒ သုံးပါးအတိုင်းပင် မတိမ်းစောင်းအောင် ကျင့်ကြံတော်မူခဲ့သည်။ ထိုသုံးပါးသည်-

    ၁။ မိမိထက် အသိက္ခာအားဖြင့် ကြီးသူ၊ ငယ်သူ၊ ရွယ်တူများအပေါ် အရှက်အကြောက်ဖြင့် ကျင့်ရခြင်း။ ဇာတိမာန်ကို ပယ်ရန် ဆုံးမမှုဖြစ်သည်။
    ၂။ အပြစ်ကင်းသောတရားကို တရားနာနေစဉ် စိတ်မပြန့်လွင့်ဘဲ အစ အလယ် အဆုံး သုံးပါးစလုံး၌ စူးစူး စိုက်စိုက်နားထောင်ခြင်း။ ဉာဏ်ပညာဗဟုသုတနှင့် ပြည့်စုံသူဖြစ်၍ ပညာမာန်မတတ်ရန် ဆုံးမမှုဖြစ်သည်။
    ၃။ ကာယဂတာသတိ၊ အာနာပါနအာရုံတို့၌ ပထမဈာန်ကို မိမိသန္တာန်မှ စွန့်ခွါမသွားအောင် ကျင့်ရခြင်း။ ရုပ်အဆင်းအင်္ဂါနှင့်ပြည့်စုံသူဖြစ်၍ မိမိကိုယ်ကိုယ် ချစ်ခင်တွယ်တာမှု တဏှာလောဘ ပယ်ရန်အတွက် ဆုံးမမှုဖြစ်သည်။ ထိုကဲ့သို့သော ဆုံးမမှုများကြောင့်လည်းကောင်း၊ ကိုယ်တိုင်သော်ကလည်း ဘ၀အဆက်ဆက် မောက်မာခြင်း မရှိခြင်းကြောင့်လည်းကောင်း နေထိုင်မှုပုံစံသည် ရိုးသားသည်။ အေးသည်။ တည်ငြိမ်သည်။ ငြိမ်သက်သည်။ မောက်မာခြင်း မရှိ။  သို့သော် တစ်ခါကတော့ ငရုပ်သီးနှင့်ရော၍ အထောင်းခံရမှုမျိုးတော့ ရှိသည်။

    ဘိက္ခုနီမတို့ထံတွင် အရှင်အာနန္ဒာ၏ဆွဲဆောင် စည်းရုံးမှုနောက် ပါသွားသည်။ ဘိက္ခုနီမတို့အား တရားဓမ္မ ဟောပြောဆုံးမသည်။ ထိုစဉ် အရှင်အာနန္ဒာကဲ့သို့ တရားဘဏ္ဍာစိုးကြီးရှေ့တွင် တရားဟောရသလားဆိုသည့် ထုလ္လတိဿာ ဘိက္ခုနီမ၏ အပြစ်တင်မှုကို ခံခဲ့ရသည်။ အမှန်အားဖြင့် ထိုနေရာမျိုးကို မထေရ်မြတ်သည် သတိထားပြီး ရှောင်ခဲ့သည်။ သို့သော် အရှင်အာနန္ဒာ၏ သုံးခါလောက် မရ ရအောင်ဆွဲခေါ်မှုကြောင့် ပါသွားခြင်းပင်။ ထိုနည်းတူစွာပင် အရှင်အာနန္ဒာကို ''သူငယ် သူငယ်''ဟု ခေါ်သည့်စကားနှင့် ဆက်စပ်၍လည်း ထုလ္လနန္ဒာဘိက္ခုနီမ၏ အပြစ်တင်မှုကို ခံခဲ့ရသည်။ သူတို့သည် အရှင်မဟာကဿပ၏ အစွမ်းအစကို မသိနားလည်ဘဲ အရှင်အာနန္ဒာအပေါ်တွင် ပုဂ္ဂိုလ်ရေး ခင်မင်မှုကြောင့် တဘက်လူကို အပြစ်တင်မှုဖြစ်ကြခြင်း ဖြစ်သည်။

    မည်သို့ဆိုစေ၊ အရှင်မဟာကဿပမထေရ်၏ ဂုဏ်ပုဒ်များကား ရေးဖွဲ့၍မကုန်နိုင်ပေ။ အနှစ်ချုပ်၍ ဦးညွတ်ခြင်း မျှသာဖြစ်၍ ဤမျှလောက်ဖြင့်ပင် အရှင်မဟာကဿပမထေရ်ကြီးအား ကြည်ညိုနိုင်ကြပေလိမ့်မည်ဟု ယုံကြည်ရင်း ဓုတင်များရှင်ထေရ်အရှင်အား ဦးညွတ်လိုက်ရပေသည်။

မောင်မင်းစိုး