Thursday, February 4, 2021

ဣန္ဒြေရှင်သို့ ဦးညွတ်ခြင်း



    ''ညီတော်နန္ဒ၊ နတ်သမီးတွေကိုလိုချင်ရင် သာသနာတော်မှာ ဆက်နေပါ။ သာသနာမှာ ပျော်ပိုက်စွာ ဆက်ပြီးနေမယ်ဆိုရင် နတ်သမီးတွေကိုရအောင် လုပ်ပေးဖို့ ငါဘုရား တာ၀န်ယူပါတယ်''

    အရှင်နန္ဒသည် လောင်းလျာသည် ပဒုမုတ္တိုရ်ဘုရားထံတွင် ဟံသာ၀တီမင်းနေပြည်၌ အမျိုးကောင်းဖြစ်လျက် အရွယ်သို့ ရောက်သော် မြတ်စွာဘုရားရှင်၏ တရားတော်ကို နာကြားလျက် အဓိကာရကုသိုလ်ကောင်းမှုပြုလျက် ဣန္ဒြေ ခြောက်ပါးတို့၌ တံခါးကို လုံခြုံစေကြသည့်ရဟန်းတို့တွင် ဧတဒဂ်ရာထူးထားတော်မူသည့် မထေရ်မြတ်ကို အားကျလျက် ဆုတောင်းပတ္ထနာပြုခဲ့သည်။ အတ္ထဒဿီဘုရားရှင် လက်ထက်တွင် ဓမ္မတာမည်သောမြစ်၌ ရေလိပ်ကြီး ဖြစ်ခဲ့သည်။ ထိုစဉ် ကမ်းတစ်ဘက်သို့ မြတ်စွာဘုရားရှင်အား ပို့ဆောင်ပေးခဲ့သည်။ ထိုကုသိုလ်များကြောင့် လူ ပြည်နတ်ပြည်တို့၌ ကျင်လည်ခဲ့ရသည်။ ယခု ဂေါတမဘုရားရှင်လက်ထက်တွင် ကပိလ၀တ်နေပြည်တော်၌ မင်းမျိုး မင်းနွယ်တွင် လူလာဖြစ်ခဲ့သည်။

    မြတ်ဗုဒ္ဓတွင် ရက်ပိုင်းမျှသာ ငယ်သော ညီတော်တစ်ယောက် ရှိသည်။ အဖေတူ မအေကွဲအဖြစ်နှင့် ညီတော်စပ်သည်။  မိမိအား ပြုစုစောင့်ရှောက်တော်မူခဲ့သည့် မိထွေးတော်ဂေါတမီ၏ သားအရင်း ဖြစ်သည်။ မိထွေးတော် မဟာပဇာပတိဂေါတမီသည် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး ဖြစ်သည်။ ထူးခြားသည်မှာ ဘုရားလောင်းဖွားမြင်တော်မူပြီးသည့် တစ်ပတ်တွင် မယ်တော်မာယာဒေဝီသည် နတ်ရွာစံ ကံ ကုန်ခဲ့သည်။ သို့အတွက် ရင်ခွင်မဲ့ဖြစ်နေသည့် သိဒ္ဓိတ္ထမင်းသားလေးကို မိထွေးတော်အနေဖြင့် မိမိရင်မှ မွေးဖွားထားသည့် နုနယ်သေးသည့်၊ ရက်ပိုင်းမျှသာ ရှိသေးသည့် နန္ဒမင်းသားလေးကို အထိန်းတော်များ၏ လက်တွင် ၀ကွက်အပ်ထားပြီး မိမိသည်ကား အစ်မတော်မှ မွေးထားသည့် သိဒ္ဓတ္ထမင်းသားလေးကို ကိုယ်တိုင်ပြုစု ယုယ စောင့်ရှောက်သည်။ နို့ချိုတိုက်ကျွေး မွေးမြူသည်။ အမှန်ပင် ဂေါတမီသည် ဘုရားလောင်း သိဒ္ဓတ္ထမင်း သားလေးကို ကိုယ်တိုင်ကိုယ်၀န်အဖြစ် မဆောင်ရုံမှအပ ပြုစုစောင့်ရှောက်ခဲ့သည်။

    လောကတွင် ပြောနေကြသည့် မိထွေး၊ ပထွေးတို့ဆိုသည်ကို တချို့က မိမိတို့၏ ရင်သွေးများမဟုတ်သည့် အတွက် မိမိတို့၏ သားသမီးများအပေါ် မကောင်းဘူးဟူသောစကားသည်၌ မိထွေးတော်ဂေါတမီ မပါ၀င်ပေ။ သူမသည် မိမိသားထက် အစ်မတော်၏သား သိဒ္ဓတ္ထမင်းသားလေးအပေါ်တွင် သားအရင်းထက်ပင် ချစ်ခင်မြတ်နိုး တွယ်တာသည်။ ကြင်နာယုယသည်။ မေတ္တာဓာတ်တွေ အပြည့်အ၀ စီးဆင်းခဲ့သည်။ ဤကား ရနိုင်ခဲသည့် လူသားတစ်ယောက်အတွက် ရခဲသည့် ပေးဆပ်မှုတစ်ခုဟု ဆိုသော်ကား ရပေလိမ့်မည်။

    မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် ဖခင်သုဒ္ဓေါဒနမင်းကြီး၏ အကြိမ်ကြိမ်အခါအခါ ပင့်လျှောက်ချက်အရ ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်တော်မူခဲ့သည်။ ထိုစဉ်ဖခင်ကြီးနှင့် ကြင်ယာတော် ယသော်ဓရာတို့အား အရိယာအဖြစ်သို့ ပို့ဆောင်ခဲ့ပြီးသည့်နောက် ညီတော်နန္ဒမင်းသား၏ အဘိသေကမင်္ဂလာ၊ ထိမ်းမြားခြင်းမင်္ဂလာစသဖြင့် မင်္ဂလာများစွာကို ထုံးတမ်းစဉ်လာပြုလုပ်ပေးစဉ် နန်းတော်သို့ ဆွမ်းစားကြွတော်မူခဲ့သည်။ ဆွမ်းစားပြီး၍ ပြန်ကြွတော်မူသည့်အခါ လက်တော်မှသပိတ်တော်ကို အနီးအနားတွင် ရှိနေသည့် ညီတော် နန္ဒမင်းသား၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ နန္ဒမင်းသားသည် မြတ်ဗုဒ္ဓ၏ သပိတ်တော်ကို ဟိုနေရာဒီနေရာ တွင် ပြန်ယူလိမ့်နိုးနိုးဖြင့် သပိတ်တော်ကို ပိုက်ကာ လိုက်ပါသွားခဲ့သည်။ ထိုသို့နန်းတော်မှအဆင်းတွင် နှမတော် ဇနပဒကလျာဏီမင်းသမီးလေး၏ စကားသံကိုကြားယောင်လျက် ကျောင်းတော်ဆီသို့ လိုက်ပါသွားခဲ့ခြင်း ဖြစ်သည်။

    ''မောင်တော်၊ မြန်မြန်ပြန်လာခဲ့နော်'' ဟူသော စကားသံသည် နန္ဒမင်းသား၏ နှလုံးသည်းခြေတစ်ခုလုံး ကြေမွသွားသည်အထိ ပဲ့တင်ထပ်လျက် ကြားယောင်နေခဲ့သည်သာ ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် ကျောင်း တော်သို့အရောက်တွင် နန္ဒမင်းသားအား 'ရဟန်းပြုမလား'ဆိုသည့် မေးခွန်းကို မေးမြန်းလိုက်သည်။ နန္ဒမင်းသား သည် 'ရဟန်းပြုမလား'ဆိုသည့် နောင်တော်အား ကြောက်စိတ်များနှင့်အတူ နှမတော်လေး၏ 'မြန်မြန်ပြန် လာခဲ့ပါ'ဆိုသည့် စကားနှစ်ခုတွင် ဗျာများနေခဲ့သည်။ အမှန်အားဖြင့် နန်းတော်ကြီးဆီသို့ ယနေ့တွင် ထိမ်းမြားမင်္ဂလာ ပြုမည့် ဇနပဒကလျာဏီထံသို့ အပြေးပြန်ချင်စိတ်ကသာ ကြီးစိုးနေခဲ့သည်သာဖြစ်သည်။ သို့သော် သာကီ၀င်များတို့၏ ဓလေ့ထုံးစံအရ ကြီးသူအား ငယ်သူများက ကြောက်ကြရသည်။ ပြန်လှန်ပြောဆိုခြင်းမျိုး မလုပ်ရဲကြ။ သို့အတွက် နန်းတော်ပြန်ပြေးလိုစိတ်ကို အသာထားပြီး ရဟန်းပြုပါမည်ဟု ၀န်ခံရက်သား ဖြစ်သွားသည်။ မြတ်ဗုဒ္ဓသည် ရဟန်းတော်များအား နန္ဒမင်းသားကို ရဟန်းခံပေးကြဖို့ တိုက်တွန်းလိုက်သည်။

    လောက၌ မိမိဝါသနာမပါသည့်၊ မလုပ်ချင်သည့် အလုပ်ကို လုပ်နေရခြင်းသည် ငြီးငွေ့စိတ်ပျက်ဖို့ ကောင်းသည်။ ဝါသနာမပါသည့်အတွက် အထက်သို့လည်း လျင်လျင်မြန်မြန် မရောက်နိုင်ပေ။ ဥပမာအားဖြင့် တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် အမှတ်မီသည်ဆိုပြီး မိဘများသည် သားသမီးများအား မိမိတို့ဝါသနာမပါသည့် မေဂျာကို ယူစေပြီး အတင်းတက်စေခြင်းသည် သားသမီးများ၏ ပြေးလမ်းကား ပိတ်ပင်တားဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။ ထိုဝါသနာမပါသည့် ဘွဲ့ဒီဂရီကြီးယူထားသော်လည်း တကယ့်လက်တွေ့ဘ၀တွင် လောကထဲ ကျင် လည်ကြသည့်အခါ မိမိလုပ်သည့် အလုပ်နှင့် ဘွဲ့ကြီးသည် မည်သို့မျှ အပ်စပ်မှု မရှိ၊ ထိရောက်မှုမရှိဘဲ ဖြစ်နေတတ်ကြသည်။

    ထိုနည်းတူစွာပင် နန္ဒမင်းသားသည် မိမိဝါသနာမပါသည့် ရဟန်းဘ၀ကို ၀င်ရောက်ခဲ့ရသည့်အတွက် ငြီးငွေ့စိတ်ပျက်နေခဲ့သည်။ နောင်တော်အား မလွန်ဆန်နိုင်၍သာ အောင့်အီးနေခဲ့ရသော်လည်း တစ်ရက်မျှ မပျော် ရွှင်ပေ။ အသက်သုံးဆယ်ကျော်ဆိုသည့်အရွယ်သည် ကာမဂုဏ်ခံစားမှု ကောင်းနေသည့်အရွယ်ဖြစ်သည်။ ထိုအရှင် မြတ်သည် မြတ်ဗုဒ္ဓ၏ ညီတော်ဖြစ်သည့်အားလျော်စွာ အရပ်မောင်း ကောင်းသည်။ ရုပ်ရည်အဆင်း လှပလွန်းသည်။ တောင့်တင်းခိုင်မာသည် ဟန်ပန်ရှိသည်။ စကြ၀တေးမင်းဖြစ်နိုင်သည့် ကျန်အင်အင်္ဂါလက္ခဏာတို့နှင့်လည်း ပြည့် စုံသည်။ တစ်ခါတလေ မြတ်ဗုဒ္ဓ၏ သင်္ကန်းအရွယ်အစားအတိုင်း ၀တ်ရုံဆင်မြန်းလာသည့်အခါ အချို့ရဟန်းတော် များသည် ထိုအရှင်မြတ်အား မြတ်စွာဘုရားဟူသော ထင်ယောင်ထင်မှားမှုမျိုးပင် ရှိသည်။ ထိုမျှလောက် ရုပ်ဆင်းအင်္ဂါ၊ အရွယ်အားဖြင့် ကောင်းမွန်နေချိန်တွင် လောကီအာရုံကာမဂုဏ်ကို စွန့်ခွါ၍ ရဟန်းဘ၀ဖြင့်နေ ထိုင်ရခြင်း၏ အရသာကို မခံစားနိုင်ပေ။ သို့အတွက် လူထွက်ရန် အခြားရဟန်းများအား ပြောဆိုသည်။ တစ်ရက်မှာ တော့ ဇေ၀တ၀န်ကျောင်းတော်မှ မြတ်စွာဘုရားမသိအောင် ထွက်လာခဲ့သည်။

    ထိုစဉ်မြတ်ဗုဒ္ဓသည် ညီတော်၏သာသနာတော်၌ မပျော်မွေ့သည့်အရေးကို သိသည့်အတွက် ပျော်ရွွှင်အောင် လုပ်ဆောင်ဖို့ အားထုတ်ရသည်။ လူသားများ၏ အစွဲသည် အင်အားကြီးသည်။ ပြင်းပြင်းထန်ထန် ဖြစ်တတ်ကြ သည်။ မိမိလက်ထဲတွင် ရောက်နေသည့် အာရုံထက် ပိုမိုကောင်းမွန်သည့် ခံစားမှုမျိုးမရှိဟူသော အတွေးဖြင့် စွဲလမ်းမှု သံယောဇဉ်များကို ဖက်တွယ်နေတတ်ကြသည်။ ယခုအခါတွင်လည်း အရှင်နန္ဒသည် နှမတော် ဇနပဒကလျာ ဏီအပေါ်၌ သူမ,လောက်လှပသည့်သူ၊ သူမ,လောက်ဆွဲဆောင်မှုကောင်းမည့်သူ လောကတွင် မရှိဟုပင် အထင်ဖြင့် သူမ၏ အသွင်အပြင်၊ ဟန်ပန်မူယာ၊ အသံတို့သည် အရှင်နန္ဒအား ဆွဲဆောင်နေခဲ့သည်။ သို့အတွက် လူထွက်ရန် အကြံဖြစ်နေသည့် ညီတော်အား မြတ်ဗုဒ္ဓသည် တာ၀တိံသာနတ်ပြည်သို့ ခေါ်ဆောင်သွားခဲ့သည်။

    နတ်တို့၏ အဆင်း၊ အသုံးအဆောင်၊ အသားအရေစသည်များသည် လူသားများ၏ အဆင်း၊ အသားအရေ၊ အသုံးအဆောင်များထက် ကွာခြားလွန်းလှသည်။ လူသားများသည် နတ်တို့နှင့်စာလျှင် ဘာမှမပြောပလောက်ပေ။ မြတ်ဗုဒ္ဓသည် နတ်သမီးငါးရာတို့ရှေ့မှောက်သို့ ညီတော်အားခေါ်သွားပြီးသည့်နောက် လမ်းတွင်တွေ့ခဲ့သည့် မျောက် အို မကြီးအား အမှတ်ရစေလျက် မေးမြန်းတော်မူသည်။ ယခုသော်လည်း အကြိုက်အာရုံသည် ဇနပဒကလျာဏီ ထံတွင် မရှိတော့။ အရှင်နန္ဒ၏ လိုချင်တပ်မက်မှုသည် နတ်သမီးများထံသို့ တဒင်္ဂချင်း ပြောင်းလဲသွားခဲ့သည်။ ထိုနတ်သမီးများနှင့် နှိုင်းယှဉ်ပါက မိမိအနေဖြင့် ယခင်က လှပါသည်ဆိုသည့် ဇနပဒကလျာဏီသည် မျောက်အို မကြီးသဖွယ် ဖြစ်သွားခဲ့ရသည်။ ထိုနတ်သမီးများကို ရလိုပါက မြတ်ဗုဒ္ဓသည် ညီတော်အား ရအောင်ပြုလုပ်ပေး မည်ဆိုသည့် ကတိ၀န်ခံမှုနှင့်အတူ အရှင်နန္ဒအား သာသနာတော်၌ ဆက်လက်ပျော်မွေ့လာအောင် ဆွဲဆောင်လိုက်သည်။

    ရာဂံ ဥပနိဿာယ-ဆိုသည့်အတိုင်းပင် အကုသိုလ်သည် တစ်ခါတရံ ကုသိုလ်အဖြစ်သို့ ဥပနိဿယပစ္စည်း၏ စွမ်းရည်သတ္တိဖြင့် ကျေးဇူးပြုနိုင်သည်ကို သိရှိရသည်။ ဤနေရာ၌ နန္ဒမင်းသားသည်လည်း နတ်သမီးတို့ကို လိုချင်သည့် အကုသိုလ်ရာဂတရားကြောင့် သာသနာတော်၌ဆက်လက် ပျော်မွေ့လျက် တရားအားထုတ်ခြင်းဆိုသည့် ကုသိုလ်တရားတို့ကို ဖြစ်စေခဲ့သည်။ ဤသို့ဖြင့် မြတ်ဗုဒ္ဓနှင့် အရှင်နန္ဒတို့ အပေးအယူလုပ်ကာ သာသနာ တော်တွင်ဆက်လက် နေထိုင်ပြီး တရားဘာ၀နာများ ပွားများအားထုတ်ခဲ့သည်။

    အရှင်မြတ်အား ကဲ့ရဲ့သူများ တွေ့လာရသည်။ သူ၏ အားနည်းချက်ကို ထောက်ပြေ၀ဖန်ကြသည်။ ယင်းကား အရှင်မြတ်၏ သာသနာတော်သို့ ၀င်လာခြင်းကား နတ်သမီးများကို ရလိုခြင်းဖြစ်သည်ဟူသော ဝေဖန်ပြစ်တင် သည့်အသံဖြစ်သည်။ ထို့ကြောင့် အရှင်မြတ်အား သူခစားတည်း။ အ၀ယ်သမားတည်းဟူသော ဝေဖန်ကဲ့ရဲ့ ဒဏ်များအကြောင့် မျက်နှာငယ်လာရသည်။ မိမိတည်းဟူသော အကြောင်းကြောင့် မြတ်ဗုဒ္ဓအားလည်း မျက်နှာ ပျက်စရာ ဖြစ်လာသည်ဟူသော အတွေးဖြင့် အားလုံးနဲ့ ဝေးရာဆီသို့ ထွက်ခွါရန် အကြံဖြစ်တော်မူသည်။ ထိုအခြင်း အရာများကို သိတော်မူသည့်မြတ်ဗုဒ္ဓသည် ညီတော်အသွင်အပြင် အသုံးအဆောင်များကို ထောက်ပြလျက် ဓုတင်အကျင့် ကျင့်တော်မူရန် မိန့်တော်မူလိုက်သည်။

    ''ကောင်းမွန်သည့်သင်္ကန်းတို့ကို လက်လိပ်ထိုး ၀တ်ရုံခြင်း၊ မျက်စိတို့ကို မျက်ရေးကွင်းခြင်း၊ အရောင် ထွက်နေသည့် သပိတ်တို့ကို ဆောင်ခြင်းတို့သည် ယုံကြည်မှုသဒ္ဓါတရားနှင့် ရဟန်းပြုလာသော အမျိုးကောင်းသား တို့အား မလျောက်ပတ်၊ တောင်၌နေခြင်း၊ ဆွမ်းခံစားခြင်း၊ ပံသကူဓုတင်ဆောင်ခြင်း၊ ကာမဂုဏ်တို့၌ စိတ်ကို မငဲ့ကွက်ဘဲနေခြင်းကသာ ယုံကြည်မှုသဒ္ဓါတရားနှင့် ရဟန်းပြုလာသည့်သူအား လျောက်ပတ်ပေသည်။ သင်သည် အာရညကင်ဓုတင်စသော ဓုတင်တို့ကိုဆောင်လျက် ကာမဂုဏ်တို့၌ ငဲ့ကွက်ခြင်းမရှိသည့်အခါကို ငါမြင်လိုလှပါ သည်''ဟု မိန့်တော်မူခြင်းဖြစ်သည်။

    ထိုအခါမှစ၍ တော၌နေကာ ဝိပဿနာတရားအားထုတ်သည်ရှိသော် မကြာခင်ပင် ရဟန္တာအဖြစ်သို့ ရောက်တော်မူခဲ့သည်။ အရှင်မြတ်သည် ထိုအချိန်မှစ၍ မိမိကိုယ်ကိုယ် စက္ခု၊ သောတစသော ဣန္ဒြေတို့ကို အထူးတလည် စောင့်ထိန်းသည်။ အစားအသောက်၌ ပဏာမကို သိသည်။ နိုးနိုးကြားကြားနေသည်။ ပညာဖြင့် ဆင်ခြင်သော သတိနှင့်လည်း ပြည့်စုံသည်။ ဤကဲ့သို့သော ဣန္ဒြေတို့ကို သမ္ပဇဉ်လေးပါးနှင့် ကင်း၍ နေထိုင်မှုမရှိခြင်း ဟူသော အကြောင်းများကြောင့် 'ဣန္ဒြိယေသု ဂုတ္တဒွါရ=ဣန္ဒြေတို့ကို စောင့်စည်းခြင်းအရာ၌ ဧတဒဂ်ဘွဲ့'ထူးဖြင့် ချီးမြှောက်တော်မူလေသည်။

    ဤနေရာ၌ စဉ်းစားစရာကောင်းသည့် အချက်တစ်ခု ရှိသည်။ လူသားများသည် တစ်စုံတစ်ယောက်၏ အားနည်းချက်ကို ရှာဖွေတတ်ကြသည်။ ထိုအားနည်းချက်ကို ထောက်ပြတတ်ကြသည်။ အကျိုးလို၍ ထောက်ပြ သူများ ရှိသလို၊ အပြစ်တင်လို၍ ကဲ့ရေဲ့၀ဖန်သူများလည်း ရှိသည်။ ထိုစဉ် လူသားသဘာ၀အနေဖြင့် မိမိကို ကဲ့ရဲ့သူအား မနှစ်မြို့တော့ပေ။ သို့အတွက် ပြန်လည်ပြီး မိမိအား ထိုးနှက်သူ၏ လိုအပ်ချက်များ၊ အပြစ်များကို မရ,မက ရှာဖွေကြသည်။ ရှာဖွေ၍ တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ထိုသူအား ပြန်လည်ပြီးတော့ ပြစ်တင်ဝေဖန် ကဲ့ရဲ့ခြင်းမျိုး ပြုလုပ်ကြခြင်းဖြင့် လူသားအဖြစ်ခဏတာလေးတွင် မနာလိုမှု၊ ၀န်တိုမှု၊ ရန်ငြိုးရန်စ၊ အပြစ်တင်မှုစ သည်ဖြင့် ရန်သူသဖွယ် ဖြစ်သွားကြရသည်။ လူ့အဖြစ်၏ ရှင်သန်မှုအား နှမြောစရာလည်း ကောင်းလှပေသည်။

    တချို့အနေဖြင့်ကား ထိုကဲ့သို့မိမိ၏ အားနည်းချက်၊ မှားယွင်းချက်ကို ထောက်ပြေ၀ဖန်သံသူကိုလည်း ကောင်း၊ အပြစ်တင်သူကိုလည်းကောင်း ပြန်လည်ပြီး အပြစ်မမြင်ဘဲ မိမိ၏အားနည်းချက်ကို ပြုပြင်လျက် မိမိ ကိုယ်ကိုယ်မိမိ ထိန်းကျောင်းနိုင်ပြီး အထိပ်သို့ရောက်သွားသူများလည်း ရှိသည်။ အားနည်းချက်ကို အားအဖြစ် အသက်သွင်းလျက် အဓိပ္ပာယ်ရှိရှိ ရင်ဆိုင်ကျော်ဖြတ်ကာ အထိပ်သို့တက်သွားသူများသည်ကား လောက၌အောင် နိုင်သူအဖြစ် ဂုဏ်ယူဝံ့ကြွားစွာဖြင့် မိမိ၏အပြစ်ကို ထောက်ပြသူ၊ ဝေဖန်သူများ၏ အထက်တွင် စမတ်ကျကျ နေရာယူနိုင်သူများလည်း ရှိသည်။ ဤသူမျိုးကား ရှား၏။ သို့သော် ပြုလုပ်၍ကား ရနိုင်ပေသည်။ ယခု အရှင်နန္ဒသည် မိမိအား ေ၀ဖန်သူများ၏စကားသံကို အားအဖြစ်အသုံးချလျက် ဘ၀တွင်အရေးကြီးဆုံးဖြစ်သည့် ဆုထူးကို မိမိ လက်ထဲတွင်ရောက်ရှိလာအောင် အကောင်းမွန်ဆုံးအသုံးချသွားနိုင်ခဲ့သည်။ သို့အတွက် အရှင်မြတ်၏ ထုံးကိုနှလုံး မူကာ အတုယူသင့်ပေသည်။ သို့အတွက် ဣန္ဒြေရှင် အရှင်မြတ်အား ဦးညွတ်လိုက်ရပါသည်။ 

မောင်မင်းစိုး

No comments: