Thursday, November 19, 2015
အနီရောင် ငြိမ်းချမ်းရေး
    အနီရောင်ဟာ ငြိမ်းချမ်းခြင်းရဲ့ သင်္ကေတဖြစ်တယ်။ အမှတ်တံဆိပ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က မြန်မာနိုင်ငံအဝှမ်းမှာ အနီရောင်လွှမ်းသွားတယ်။ ဒါဟာ ငြိမ်းချမ်းခြင်းရဲ့ အစလို့ဆိုရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ အနီရောင်ဟာ ငြိမ်းချမ်းမှုရဲ့ သင်္ကေတလို့ဆိုရတာလဲဆိုတော့ အကြောင်းမဲ့ဆိုလိုက်ခြင်း မဟုတ်ပါဘူး။ ကျမ်းဂန် အထောက်အထားနဲ့ပဲ အနီရောင်ဟာ ငြိမ်းချမ်းခြင်းရဲ့ သင်္ကေတဖြစ်ကြောင်းကို ရှင်းပြလိုပါတယ်။
    အရှင်အနုရုဒ္ဓါမထေရ်မြတ် စီရင်ထားခဲ့တဲ့ အဘိဓမ္မတ္ထသင်္ဂဟကျမ်းဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိပါတယ်။ ပရမတ္ထတရားတွေရဲ့ သဘောလက္ခဏာကို သူ့အခန်းနဲ့သူ စနစ်တကျစီရင်ထားတဲ့ ကျမ်းဖြစ်ပါတယ်။ မြန်မာတွေက တော့ သဂြိုဟ်ကျမ်းလို့ ခေါ်ခဲ့ကြပါတယ်။ ဒီကျမ်းဟာ အမှန်တကယ်အားဖြင့် အရှင်အနုရုဒ္ဓါ့မထေရ်ရဲ့ အာဘော်
များမဟုတ်ပါဘူး။ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာ(၇)ကျမ်းထဲကနေ ထုတ်နှုတ်ပြီးတော့ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရားတွေကို သူ့နေရာသူ စနစ်တကျကို ကဏ္ဍအလိုက် တင်ပြထားတဲ့ကျမ်း ဖြစ်ပါတယ်။ ဒီကျမ်းမှာ အခန်း(၉)ခန်းနဲ့ တင်ပြထားပါတယ်။ စိတ်ပိုင်း၊ စေတသိက်ပိုင်း၊ ပကိဏ်းပိုင်း၊ ဝီထိပိုင်း၊ ဝီထိမုတ်ပိုင်း၊ ရုပ်ပိုင်း၊ သမုစ္စည်းပိုင်း၊ ပစ္စည်းပိုင်း၊ ကမ္မဋ္ဌာန်းပိုင်းဆိုပြီး အပိုင်း(၉)ပိုင်းနဲ့ ကျစ်ကျစ်လစ်လစ် စီရင် ထားတဲ့ ကျမ်းဖြစ်ပါတယ်။ ဒီထဲက နောက်ဆုံးအပိုင်းဖြစ်တဲ့ ကမ္မဋ္ဌာန်းပိုင်းကို ကိုးကားပြီးတော့ အနီရောင်ဟာ ငြိမ်းချမ်းရေးရဲ့ သငေ်္ကတဖြစ်တယ်ဆိုတာကို ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။
    ကမ္မဋ္ဌာန်းပိုင်းမှာလည်း ကဏ္ဍနှစ်ခုခွဲပါတယ်။ သမထကမ္မဋ္ဌာန်းနည်းနဲ့ ဝိပဿနာကမ္မဋ္ဌာန်းနည်းဆိုပြီးတော့ ခွဲခြားထားခြင်းဖြစ်ပါတယ်။ ဒီထဲကမှ သမထကမ္မဋ္ဌာန်းနဲ့ ပတ်သက်ပြီးတော့ ကမ္မဋ္ဌာန်း(၄ဝ)ရှိကြောင်း ထုတ်ပြ ထားပြီးတော့ ဒီကမ္မဋ္ဌာန်းတွေကို စရိုက်အားလျော်စွာ ဝေဖန်ထားတဲ့ကဏ္ဍတစ်ခုလည်းပါဝင်ပါတယ်။ ဒီနေရာမှာ လူသားများအနေနဲ့ စရိုက်(၆)မျိုးရှိကြောင်း ပြောပါတယ်။ ဒါကတော့ ရာဂစရိုက်, ဒေါသစရိုက်, မောဟစရိုက်, သဒ္ဓါစရိုက်, ဗုဒ္ဓိစရိုက်, ဝိတက်စရိုက်ဆိုပြီး ခြောက်မျိုးထုတ်ပြပါတယ်။
    စရိုက်ဆိုတဲ့စကားလုံးဟာ မြန်မာတွေရဲ့ နားနဲ့ ရင်းနှီးနေတဲ့စကားလုံးပါပဲ။ ဒီကောင်က စရိုက်မကောင်းဘူး၊ စရိုက်ကောင်းတယ်ဆိုပြီးတော့ သုံးနှုံးကြခြင်း ဖြစ်ပါတယ်။ ဒါကိုပဲ ညာဉ်ဆိုတဲ့စကားအဖြစ်လည်း သုံးတတ်ကြပါတယ်။ ဆိုတော့ ဒီလိုစရိုက်(၆)မျိုးကို တစ်ခုမဟုတ်တစ်ခု ပိုင်ဆိုင်ထားခဲ့ကြတဲ့ လူသားတွေအနေနဲ့ တရားဘာဝနာ အားထုတ်လိုရင် သူစရိုက်နဲ့ သင့်လျော်မယ့်ကမ္မဋ္ဌာန်းကို ပေးရပါတယ်။ ဒါမှသာ ပိုမိုပြီးတော့ ထိရောက်သောကြောင့် ဖြစ်ပါတယ်။ ဒီထဲကမှ ဒေါသစရိုက်ကြီးတဲ့ပုဂ္ဂိုလ်(ဒေါသကြီးတဲ့ပုဂ္ဂိုလ်)အတွက် အထူးသဖြင့် သင့်လျော်တဲ့ကမ္မဋ္ဌာန်း ကို ထုတ်ပြတဲ့အခါမှာ အရောင်ကသိုဏ်းလို့ခေါ်တဲ့ ကသိုဏ်းလေးမျိုးနဲ့ သင့်လျော်ကြောင်း၊ ဒေါသကြီးတဲ့သူကို အရောင်ကသိုဏ်းလေးမျိုးတည်းက တစ်ခုမဟုတ်တစ်ခု ပေးပြီး ကမ္မဋ္ဌာန်းအာရုံယူပြီးတော့ အားထုတ်စေဖို့အတွက် ထုတ်ပြထားခြင်း ဖြစ်ပါတယ်။
    ဒေါသဆိုတာ မေတ္တာရဲ့ဆန့်ကျင်ဘက်ပါ။ မေတ္တာဆိုတာက ငြိမ်းချမ်းခြင်းရဲ့ အဓိကတရားပါ။ ဒါကြောင့် ဒေါသကြီးနေတဲ့သူကို ငြိမ်းချမ်းစေဖို့အတွက် နီလကသိုဏ်း(အညို)၊ ပီတကသိုဏ်း(ရွှေသောအဆင်း) လောဟိတကသိုဏ်း(အနီ)၊ သြဒါတကသိုဏ်း(အဖြူ)ဆိုတဲ့ အရောင်ကသိုဏ်းလေးမျိုးထဲက လောဟိတ-လို့ခေါ်တဲ့ နီတဲ့အရောင်ကို ကမ္မဋ္ဌာန်းအာရုံအဖြစ်ယူပြီးတော့ ရှုမှတ်ပွားများဖို့၊ ဒေါသကြီးသူအတွက် အနီရောင်ဟာလည်း သင့်လျော်ကြောင်း ကမ္မဋ္ဌာန်းတွေကို စရိုက်နဲ့ဝေဖန်တဲ့အခါ ဒေါသစရိ်ုက်ဆိုတဲ့ မငြိမ်းချမ်းသူကို ငြိမ်းချမ်းစေဖို့အတွက် အနီရောင်ကို ပွားများစေဖို့ တိုက်တွန်းထားတာကြောင့် အနီရောင်ဟာ မေတ္တာဆိုတဲ့ ငြိမ်းချမ်းခြင်းရဲ့ ပုံရိပ်၊ သငေ်္ကတ လို့ သုံးနှုံးလိုက်ခြင်း ဖြစ်ပါတယ်။
    ကမ္ဘာကြီးဟာ စစ်မက်တွေနဲ့ နေ့စဉ်နဲ့အမျှ မငြိမ်းချမ်းခဲ့ပါဘူး။ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသဟာ တကယ့်ကို စစ်ဒဏ်သင့်နေတဲ့နေရာဖြစ်နေခဲ့ပါတယ်။ အပြစ်မဲ့ပြည်သူတွေဟာ ကိုယ့်နေရာအသီးသီးမှာ မနေရဲဘဲ အခြားနိုင်ငံတွေဆီကို အသက်နဲ့ရင်းပြီးတော့ ထွက်ပြေးနေခဲ့ရပါတယ်။ ဟိုတလောက ပြင်သစ်နိုင်ငံ ပါရီမှာဆို လောလောလတ်လတ် ပူပူနွေးနွေးအဖြစ် အကြမ်းသမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူတွေရာချီပြီးတော့ အသက်စွန့် သွားခဲ့ကြရပါတယ်။ ဒါဟာ ကြောက်စရာကောင်းတဲ့ လူမဆန်တဲ့လူတွေရဲ့ အကြမ်းဖက်မှုရဲ့ ဆိုးမွေပါပဲ။
    ထိုနည်းတူစွာပါပဲ။ မြန်မာနိုင်ငံဟာလည်း ပြည်တွင်းစစ်အနေနဲ့ အရှည်ကြာဆုံး စံချိန်တင်နိုင်လောက်တဲ့အထိ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်နေခဲ့ကြရပါတယ်။ ဒါဟာလည်း ငြိမ်းချမ်းမှုတွေနဲ့ ကင်းကွာနေခဲ့ရတဲ့ စစ်ဘေးသင့် ပြည်သူတွေအတွက် ကြီးမားတဲ့လူသားဘဝ ဆုံးရှုံးမှုပါပဲ။ အခုလောလောဆယ်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းနောင်မြို့မှာ အစိုးရတပ်မတော်နဲ့ အက်စ်အက်စ်ပီပီ၊ အက်စ်အက်စ်အေတို့အကြား တိုက်ခိုက်မှုတွေ ပြင်းပြင်းထန် ထန် ဖြစ်ပွားနေခဲ့ပါတယ်။ ထိုနည်းတူစွာပါပဲ၊ ငြိမ်းချမ်းရေးအတွက် လက်မှတ်တွေထိုးထားကြပေမယ့် အခြားတပ် တွေနဲ့လည်း အထိမခံ ရွှေပန်းကန်လိုဖြစ်နေခဲ့ရတဲ့ နေရာတွေလည်း အများကြီးပါပဲ။ ကချင်ပြည်နယ်လိုနေရာမှာလည်း စစ်ဘေးဒုက္ခသည်တွေ ထောင်ချီပြီးတော့ ရှိနေဆဲလည်း ဖြစ်ပါတယ်။
    မြန်မာနိုင်ငံရဲ့အရွှေ့ကတော့ မကြာခင်ကပြီးသွားခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် လက်ရှိအာဏာ ရပါတီကို နေရာတိုင်းလိုလိုမှာ အတိုက်ခံပါတီက အနိုင်ရထားပါတယ်။ လွတ်လွတ်လပ်လပ်လည်း အစိုးရဖွဲ့နိုင် တဲ့ အခြေအနေကို ရရှိထားပါတယ်။ ဒါကြောင့် မကြာခင်အချိန်မှာ လက်ရှိအစိုးရအဖွဲ့ဟာ အနိုင်ရအတိုက်အခံပါတီ ကို အာဏာလွှဲပြောင်းပေးရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်မှုအတိုင်း အပြောင်း အလဲကို အားလုံးကစောင့်စားနေခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ အထက်ကပြောခဲ့တဲ့ အနီရောင်ကိစ္စကို ပြန်ပြော ချင်ပါတယ်။ ဟုတ်ပါတယ်။ သူတို့ဟာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့အတူ ပါတီအလံ၊ အမှတ်တံဆိပ် ဟာ အနီရောင်ဖြစ်ပါတယ်။ ဒါကြောင့် အမှန်တကယ်ပြောင်းလဲလိုကြတဲ့ ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲနေ့တုန်းက (၈ဝ)ရာခှိုင်းနှုံး ၈၀ကျော် မိမိတို့ရဲ့အပြောင်းအလဲအတွက် မဲပေးခဲ့ကြပါတယ်။ အခြားအခြားသော နိုင်ငံတွေကတောင် အတုယူစရာအဖြစ် အသိမှတ်ပြုရတဲ့အထိ ပြည်သူတွေအနေနဲ့ အပြောင်းအလဲအား ဆာလောင်မှုကို ပြသနိုင်ခဲ့ပါတယ်။
    ဆိုတော့ ၂ဝ၁၆ကနေစပြီးတော့ မြန်မာနိုင်ငံဟာ ခေတ်အဆက်ဆက်က အုပ်ချုပ်ခဲ့တဲ့ စနစ်ဆိုးကြီးတွေရဲ့ ဒဏ်ရာဒဏ်ချက်ကို ကုစားပေးတဲ့အနေနဲ့ မငြိမ်းချမ်းခဲ့မှုတွေကို တွန်းလှန်ပြီးတော့ ငြိမ်းချမ်းမှုကို ဖော်ဆောင်နိုင် လိမ့်လို့ အများက မျှော်လင့်ထားခဲ့ကြပါတယ်။ ထိုနည်းတူစွာပါပဲ၊ လူအနည်းစုကသာ ကြီးစိုးချယ်လှယ် လက်ဝါးကြီး အုပ်ထားခဲ့တဲ့ စီးပွားရေးတံခါးတွေလည်း တစ်ချပ်ပြီးတစ်ချပ် ပွင့်လာပြီးတော့ ဖွံ့ဖြိုးမှုဟာလည်း အရှိန်ကောင်းကောင်း နဲ့ ချီတက်လာခဲ့လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် အနီရောင်လွှမ်းခဲ့တဲ့ ရွှေးကောက်ပွဲကာလ အရောင်ဟာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ၊ ငြိမ်းချမ်းခြင်း၊ ဖွံ့ဖြိုးခြင်းကို ဖော်ဆောင်ပေးနိုင်လိမ့်မယ်ထို့ ထင်မြင်မိပါတယ်။ ဒါကြောင့် ဒေါသစရိုက်ဆိုတဲ့ မငြိမ်းချမ်းသူအတွက် အထူးသင့်လျော်တဲ့ ကမ္မဋ္ဌာန်းအာရုံအဖြစ် အရောင်လေးမျိုးမှာ အနီရောင်ပါတဲ့အတွက် အနီရောင်ဟာ ငြိမ်းချမ်းခြင်းရဲ့ သင်္ကေတလို့ဆိုရခြင်း ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ အကြောင်းအရာလေး အနည်းငယ်ကို ပြောပြလိုပါတယ်။
    အထက်ကပြောခဲ့သလို ကမ္မဋ္ဌာန်းဆရာတွေဟာ မိမိထံကိုလာရောက်ပြီးတော့ ကမ္မဋ္ဌာန်းတောင်းလာခဲ့ကြတဲ့ ယောဂီတွေ၊ တပည့်တွေအတွက် သူ့စရိုက်အားလျော်စွာ ကမ္မဋ္ဌာန်းပေးရပါတယ်။ ဒီလိုမဟုတ်ရင် ခရီးမပေါက်ဘဲ ရှိတတ်ပါတယ်။
    တစ်ခါက အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ မိမိရဲ့တပည့်ရဟန်းငယ်လေးတစ်ပါးကို ကမ္မဋ္ဌာန်းအပေးမှား ခဲ့ဖူးပါတယ်။ ဒါကြောင့် ရဟန်းငယ်လေးဟာ လေးလပတ်လုံး တရားအားထုတ်ပေမယ့် ဘာမှဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် မြတ်စွာဘုရားကိုလျှောက်တော့ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းအပေးမှားကြောင်း ပြောပြီးတော့ ရဟန်းငယ်ဟာ အရှင်သာရိပုတ္တရာ ထင်သလို လူငယ်ပီပီ ရာဂစရိုက်ကြီးတဲ့သူမဟုတ်ကြောင်း ဘဝငါးရာ ရွှေပန်းထိန်သည်ဖြစ်ခဲ့ ဖူးကြောင်း၊ နီမြန်းတဲ့ရွှေများကို ကြည့်ခဲ့ရတာများကြောင်းပြောပြီးတော့ မြတ်စွာဘုရားရှင်က ရဟန်းငယ်လေးရဲ့ စရိုက်နဲ့ကိုက်ညီအောင် ပဒုမ္မာကြာနီပန်းကို ဖန်ဆင်းပြီးတော့ ကမ္မဋ္ဌာန်းအာရုံအဖြစ်ပေးပြီး ရှုမှတ်ပွားများစေကာ ခဏအတွင်းမှာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။ ဒါဟာလည်း အနီရောင်ကမ္မဋ္ဌာန်းရဲ့ အကျိုးကျေးဇူးပါပဲ။ ဒီနေရာမှာ ကမ္မဋ္ဌာန်းဆရာဆိုတာနဲ့ ပတ်သက်ပြီးတော့ အနည်းငယ် ပြောပြချင်ပါသေးတယ်။
    ကမ္မဋ္ဌာန်းပွားများလိုတဲ့သူဟာ မိမိကိုယ်ကို ကမ္မဋ္ဌာန်းဆရာအား အပ်နှံရပါတယ်။ ဒါဟာလေးစားမှု တစ်ခုပါပဲ။ ဒီလိုအပ်နှံလိုက်ခြင်းဟာ ဆရာ့ရဲ့စကားကို နားထောင်လိုခြင်း၊ အပြစ်ပြဆုံးမမှုကို နာခံလိုခြင်း၊ တစ်နေရာ ရာကို သွားလိုသော်လည်း ဆရာ့ကိုပန်ကြားပြီးမှသာ သွားလိုခြင်း၊ ဆရာ့ရဲ့ ချီးမြှောက်မှုကိုလည်း ရလိုခြင်းစတဲ့ မိမိ ကိုယ်ကိုနှိမ့်ချပြီးတော့ ခန္ဓာကိုယ်ကို ဆရာ့အတွက်ဆိုရင်အသက်ပါ ပေးလှူတဲ့အထိ စွန့်လှူခြင်း၊ အပ်နှံခြင်းမျိုး ဖြစ်ပါတယ်။
    ဒီလိုပါပဲ၊ ပါတီအသီးသီးက လူတွေကလည်း မိမိတို့ရဲ့ ပါတီကိုယ်စားလှယ်လောင်းတွေကို ပြည်သူလူထုကို အပ်နှံတဲ့သဘောနဲ့ မိတ်ဆက်ပြသခဲ့ကြပါတယ်။ ဒါဟာလည်း လွှတ်တော်ထဲရောက်ရင် ထင်ရာစိုင်းဝါဒနဲ့ မလုပ်ဘဲနဲ့ မိမိတို့ရဲ့ ကိုယ်စားပြုဒေသအသီးသီး၊ တိုင်းပြည်နဲ့လူမျိုးတို့ရဲ့ ငြိမ်းချမ်းရာ ငြိမ်းချမ်းကြောင်း၊ တိုးတက်ရာ တိုးတက် ကြောင်းစသဖြင့် မိမိစွမ်းနိုင်သည့်အလျောက် ပင်ပန်းဆင်းရဲမှုကို ပဓာနမထားဘဲ အသက်ပါစွန့်နိုင်တဲ့အထိ ပြုလုပ် ပါမယ်လို့ ဝန်ခံထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် အနိုင်ရပါတီရဲ့ အနီရောင်ဟာ ငြိမ်းချမ်းမှု၊ သာယာမှု၊ ဝပြောမှု တွေဆီကို ဦးတည်သွားနိုင်ပါစေကြောင့် အနီရောင်ဆိုတဲ့ ငြိမ်းချမ်းမှုရဲ့ အမှတ်သငေ်္ကတကို အဓိပ္ပာယ်ရှိရှိ ပုံဖော်သွား နိုင်ကြပါစေကြောင်း တိုက်တွန်းစကားဆိုလိုက်ရပါတယ်။
မောင်မင်းစိုး
Daily Eleven သတင်းစာ(၁၉-၁၁-၂၀၁၅)ကြာသပတေး။
Wednesday, November 18, 2015
လူငယ်နဲ့ပျော်ရွှင်မှု
 ပျော်ရွှင်မှုဆိုတာကလည်း လူတိုင်းလိုလိုရဲ့ ဓာတ်စာတစ်ခုပါပဲ။
ပျော်ရွှင်ချင်ကြတာဟာ ပုထုဇဉ်လူသားတွေ ရဲ့ အဓိကလိုလားတောင်းတချက်တစ်ခုလို့
ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒီတော့ ပျော်ရွှင်စရာအာရုံအမျိုးမျိုး ကို
ရှာကြတယ်။ အဓိကကတော့ စိတ်ရဲ့ပျော်ရွှင်မှုပါပဲ။ စိတ်ထောင်းလို့ ကိုကြေ၊
စိတ်ပျိုလို့ ကိုယ်နုဆိုတဲ့အတိုင်း အထူးသဖြင့်ကတော့ စိတ်ပျော်ရွှင်မှုဟာ
အခရာပါပဲ။ စိတ်ဓာတ်ပျော်ရွှင်နေရင်လည်း ကိုယ်လည်းအလိုလိုနေရင်း
ကျန်းမာနေခြင်းဆိုတာတွေ ရရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် ဟိုတလောလေးက
လူငယ်တစ်ယောက်နဲ့ ပျော်ရွှင်မှု အကြောင်းကို ပြောဆိုဖြစ်ပါတယ်။
        သူကတော့ လောလောဆယ် စိတ်ဓာတ်တွေ ကျနေခဲ့တယ်လို့ဆိုပါတယ်။ ဘာဖြစ်လို့
စိတ်ဓာတ်တွေ ကျနေခဲ့ တာလဲဆိုတော့ လုပ်ချင်တာတွေ မလုပ်ရလို့တဲ့။ ဟုတ်ပြီ၊
ဒါဆို အဲဒီလိုလုပ်ချင်တာတွေ မလုပ်ရအောင် ဘာတွေ တားဆီးခံထားရတာလဲ၊
သို့မဟုတ် ဘယ်သူတွေက ပိတ်ဆို့ထားလို့လဲဆိုတော့ ငွေမရှိလို့ပါပဲ။
ငွေရှိရင် ပျော်ရွှင်စရာ တွေက အလိုလိုရောက်လာမှာလားဆိုတော့ ငွေဟာ
လူသားဘဝရဲ့ အတော်များများကို ကျော်ဖြတ်သွားလို့ ရတယ် တဲ့။ ငွေမရှိရင်
ဘာမှလုပ်လို့ မရဘူးတဲ့။ ဒါကြောင့် သူ့အနေနဲ့ ငွေကို လိုအပ်တယ်တဲ့။ ဒါဟာ
လောလောလတ်လတ် လူငယ်တစ်ယောက်ဖြစ်နေတဲ့ အနေအထားပါပဲ။ ငွေမရှိလို့
စိတ်ဓာတ်ကျစရာတွေ အလိုလိုဝင်ရောက်လာနေခြင်း ဖြစ်တယ်လို့ သူကပြောပါတယ်။
        ငွေမရှိရင် မပျော်ရွှင်ရတော့ဘူးလား၊ ဒါကိုလည်း ထည့်ပြီးစဉ်းစားသင့်ပါတယ်။
မှန်ပါတယ်။ သူပြောသလို ငွေဟာ အရာအတော်များများကို ဖြေရှင်းလို့
ရနိုင်ပါတယ်။ ငွေရှိရင် လုပ်စရာအတော်များများကို လုပ်လို့ရပါတယ်။
ဒါပေမယ့် လောကမှာငွေမရှိဘဲနဲ့ ပျော်ရွှင်နေရသူတွေ မရှိတော့ဘူးလား။ သူတို့
ဘယ်လိုနေထိုင် နေရသလဲ။ ရှင် သန်မှုပုံရိပ်တွေကိုလည်း စဉ်းစားမိပါတယ်။
ဆိုတော့ အဓိက ဘာတွေ့ရလဲဆိုတော့ စိတ်ပါပဲ။ စိတ်ဟာ အရာရာကို
ဦးဆောင်နေခဲ့ပါတယ်။ ဒီစိတ်ရဲ့ ပျော်ရွှင်မှုကိုလည်း အထူးသဖြင့်တော့
ယောနိသောမနသိကာရ-ဆိုတဲ့ နှလုံးသွင်း ကောင်းခြင်း၊ အကောင်းမြင်ခြင်းက
ဦးဆောင်စေပါတယ်။ ပျော်ရွှင်မှုကို ဒါနဲ့ ဖန်တီးလို့ ရပါတယ်။
        တကယ်တော့ ငွေရှိပြီး မပျော်ရွှင်ရတဲ့လူတွေလည်း များစွာတွေ့ရပါတယ်။
သူတို့ကျတော့ ဘာဖြစ်လို့ ငွေ ရှိပြီး မပျော်ရွှင်ရတာလဲ။ ဒါဟာလည်း
စဉ်းစားစရာကောင်းတဲ့ အခြေအနေပါပဲ။ တကယ်တမ်း အရင်းစစ်လိုက်ရင်
စိတ်ထားတတ်ခြင်း၊ စိတ်မထားတတ်ခြင်းဆိုတဲ့ စိတ်ကိုပဲ သွားပြီးတွေ့ရပါတယ်။
တကယ်တော့ အကောင်းမြင်စိတ် ဟာ လူသားဘဝရဲ့ လှပတဲ့စရိုက်လက္ခဏာတစ်ခုပါပဲ။
လူတိုင်းအနေနဲ့ကတော့ အမှားတွေနဲ့ ကင်းနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်
ဒီအမှားတွေကိုပဲကြည့်ပြီး အပြစ်ရှာပြီးနေခဲ့မယ်ဆိုရင်တော့
ဒီအပြစ်ရှာစိတ်ကြောင့်ပဲ ပထမဦးဆုံး ကိုယ် တိုင်ဆင်းရဲရမှာဖြစ်ပါတယ်။
စိတ်ဆင်းရဲပြီဆိုရင်တော့ ခုနကပြောတဲ့ ပျော်ရွှင်မှုဟာလည်း အလိုလိုပဲ
ကင်းပျောက် နေခဲ့မှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဟာ အရေးကြီးတယ်လို့
မြင်တယ်။
        နောက်တစ်ခု ဒီစိတ်ကျန်းမာဖို့အတွက် ဘာနဲ့ဖြေရှင်းလို့ ရမလဲ။
ဖြေရှင်းစရာတွေကတော့ များပြားစွာ ရှိနေခဲ့ပါလိမ့်မယ်။ မေတ္တာဓာတ်နဲ့
ထုံမွှမ်းထားမလား။ အကောင်းမြင်စိတ်နဲ့ တည်ဆောက်မလား။ ဘာသာရေး အသိကပေးတဲ့
ကျင့်ဝတ်တွေနဲ့ ရှင်သန်မလား၊ အများအပြားရှိနေခဲ့ပါတယ်။ ဒါပေမယ့်
စိတ်ကျန်းမာဖို့အတွက် စာဖတ်ခြင်းဟာလည်း အထောက်အကူပြုတယ်ဆိုတဲ့
အချက်တစ်ခုကို ကြားဖူးပါတယ်။
        တစ်ခါက လူတစ်ယောက်က စာရေးဆရာ ဂျိုးဆက်အယ်ဒီဆင်ကို မေးခွန်းတစ်ခု
မေးဘူးပါတယ်။ ဒါကတော့ အသက်အရွယ်ရလာပြီဖြစ်တဲ့ ဂျိုးဆက်အနေနဲ့
ဘယ်လိုတည်ဆောက််ပြီးတော့ စိတ်ကျန်းမာအောင်၊ ကိုယ်ကျန်းမာ အောင်
နေထိုင်သလဲဆိုတဲ့ မေးခွန်းပါပဲ။ ဘယ်လိုအားကစားတွေ လိုက်စားလိုလဲ၊ ဘယ်လို
လေ့ကျင့်ခန်းတွေ လုပ်လို့လဲပေါ့။ မေးခွန်းရဲ့ အဖြေကို ဂျိုးဆက်က
တစ်ခွန်းတည်းပဲ ပြန်ဖြေပါတယ်။
        စာဖတ်လို့ပါပဲတဲ့။ စာဖတ်ခြင်းကြောင့် စိတ်ကို လေ့ကျင့်ခန်းလုပ်ပေးသလို
ဖြစ်စေပါတယ်။ ဘယ်လိုစာပေ ကို ဖတ်တတ်တဲ့၊ ဖတ်တဲ့ဝါသနာက လူသားတွေကို
ဘယ်လိုနေထိုင်ရမလဲ၊ ဘယ်လိုရာသီဥတုမှာ ဘယ်လိုအစား အစာကို စားရမလဲ၊
ဘယ်လိုအစားအစာဟာ လူသားတွေအတွက် အဓိက ဓာတ်စာဖြစ်သလဲဆိုတာကို တွေ့ရပါတယ်။
ဒါကို တွေ့ရှိခြင်းဖြင့် ရှောင်ကြဉ်လိုက်နာစရာတွေကို လိုက်နာလို့အခုလို
ကျန်းမာကြောင်းပြောပါတယ်။
        နောက်တစ်ခုက စာဖတ်ခြင်းဟာ အထက်ကပြောသလို ဘယ်လို လေ့ကျင့်ခန်းတွေ
လုပ်ရမလဲ။ ဘယ်အရွယ် မှာ ဘာတွေမှီဝဲရမလဲ။ လမ်းလျှောက်ရခြင်းရဲ့
အကျိုးကျေးဇူးစတာတွေ၊ ဘယ်လိုအချိန်မှာ ဘယ်လိုစားသောက်ရ မလဲဆိုတာတွေလည်း
သိစေပြီးတော့ သိတဲ့အတိုင်း လိုက်နာပြီး ကိုယ့်ဘဝကို
တည်ဆောက်နိုင်ခြင်းဟာလည်း ကျန်းမာခြင်းရဲ့ ရလာဒ်ကို
ဖန်တီးပေးနိုင်တယ်ဆိုတာကို သူကရှင်းပြပါတယ်။
        ဆိုတော့ ကိုယ်စိတ်နှစ်ပါး ကျန်းမာဖို့အတွက် တည်ဆောက်ရမှာတွေ၊
လိုက်နာရမှာတွေတွေကတော့ အများ ကြီးပါပဲ။ ဒါပေမယ့် အထက်ကပြောခဲ့သလို
ပျော်ရွှင်မှုဟာလည်း အရေးပါတဲ့ အချက်ဖြစ်တာကြောင့် စိတ်နဲ့ ကုစား လို့လည်း
ရနိုင်တယ်ဆိုတာကိုတော့ သိစေချင်ပါတယ်။ လူငယ်တွေအနေနဲ့
အပျော်အပါးဆိုတာတွေကိုတော့ လို ချင်ကြတယ်။ ဒီအပျော်ဟာ
ကျန်းမာတဲ့အပျော်ဖြစ်ဖို့ လိုအပ်ပါတယ်။ ကျန်းမာခြင်းဟာလည်း ကိုယ်ရော၊
စိတ်ရော ကျန်းမာဖို့ပါပဲ။ ဒါကြောင့် ဆုတောင်းမှုအသီးသီး
တောင်းတဲ့အခါဖြစ်ဖြစ်တဲ့၊ တစ််စုံတစ်ဦးက ဆုပေးတဲ့အခါပဲဖြစ်ဖြစ်
ဒီအချက်ကို ထည့်သွင်းပြီးတော့ တောင်းလေ့၊ ပေးလေ့ရှိပါတယ်။
ကိုယ်စိတ်နှစ်ပါး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဆိုတာပါ။
        အပျော်ဆိုတာနဲ့ ပတ်သက်ပြီးတော့ တွဲပြီးသုံးတဲ့စကားလုံးတွေကို
လည်း
ထည့်ပြီးစဉ်းစားသင့်ပါတယ်။ ခုနက ပြောခဲ့တဲ့ ပျော်ရွှင်ခြင်း
ပျော်စရာရဲ့နောက်မှာ စိတ်ဓာတ်တွေ တကြ်<ွကရွှင်လန်းနေခြင်းကို
ပြောတာဖြစ်တဲ့အတွက် ပျော်ရွှင်ခြင်းဟာ ကောင်းမွန်တဲ့အချက်တစ်ခုပါပဲ။
အပျော်အပါး-ဒီစကားလုံးရဲ့ နောက်ဆက်တွဲ တွဲလုံးကတော့ အပါးဆိုတာပါပဲ။
ပါးတယ်ဆိုတာ များသောအားဖြင့် မကောင်းမှုဆီကို တွန်းပို့တဲ့စကားလုံးအဖြစ်
သုံးတတ်ကြပါတယ်။ ပါးတယ်ဆိုတာ စိတ်ဓာတ်တွေ ကြံ့ခိုင်မှုမရှိဘဲ၊
ဖွံ့ဖြိုးမှုမရှိဘဲ၊ ဆုတ်ယုတ်လာပြီး ပါးသွားခြင်းကို ဆိုလိုတာ ဆိုရင်တော့
ပျော်ပြီးရင်း စိတ်ဓာတ်တွေ ပါးလွှားသွားတာဖြစ်တာကြောင့် မကောင်းတဲ့
စကားလုံးဖြစ်တာကြောင့် အပျော်အပါးဆိုတာတော့ ထိုက်သင့်သလောက်
ရှောင်ကြဉ်ရပါမယ်။
        နောက်တစ်ခု အပျော်အပျက်၊ ဒါကတော့ လုံးဝမကောင်းတဲ့ တွဲလုံးပါပဲ။
ပျော်ပြီးရင် ဘဝမှာပျက်သွားမယ့် အနေအထားဖြစ်တာကြောင့်
အပျော်အပျက်ဆိုတာကတော့ လုံးဝရှောင်ကြဉ်ရမယ့် အထုံ၊ ဓလေ့၊ ဝါသနာပါပဲ။
ပျော်ပြီးလို့ ပျက်သွားရင် နလံမထူးနိုင်တော့ဘဲ ခုနကပြောခဲ့တဲ့
လုံးပါးပါးရာကတော့ ဘာမှအသုံးချလို့မရအောင် ပျက်စီးသွားတာဖြစ်တာကြောင့်
ဒီလိုပျော်ခြင်းမျိုးကိုတော့ ရှောင်ရမှာဖြစ်ပါတယ်။ ဒါကတော့
သိသာထင်ရှားတဲ့ အပျော်ဆိုတဲ့စကားလုံးနဲ့တွဲသုံးတတ်ကြတဲ့ စကားလုံးတွေနဲ့
ထိရောက်မှု၊ သက်ရောက်မှုတွေပါပဲ။
        ပျော်ရွှင်မှုဟာ ကြင်နာမှုကြောင့်လည်း ဖြစ်အောင်လုပ်လို့ ရပါတယ်။
ပျော်ရွှင်မှုကို စာနာမှု၊ နားလည်မှု၊ သည်းခံမှု၊ ခွင့်လွှတ်မှုဆိုတာတွေနဲ့လည်း
တည်ဆောက်လို့ ရပါတယ်။ ပျော်ရွှင်မှုဟာ မေတ္တာတရားနဲ့လည်း တည်ဆောက်လို့
ရပါတယ်။ ပျော်ရွှင်မှုဟာ မုဒိတာနဲ့လည်း ဖန်တီးလို့ ရပါတယ်။ ပျော်ရွှင်မှုဟာ
ငွေထက်ကောင်းတဲ့ အသိစိတ်ဓာတ်တွေနဲ့ တည်ဆောက်လို့ရနိုင်တဲ့အတွက်
စိတ်ဓာတ်နဲ့ဖန်တီးတည်ဆောက်နိုင်တဲ့ ပျော်ရွှင်မှုမျိုးကို များများ ရအောင်
ရှာနိုင်ဖို့လိုအပ်ပါတယ်။
        အရေးကြီးဆုံးကတော့ စိတ်ဓာတ်ပျော်ရွှင်ဖို့ဟာ အထက်ကပြောသလို ငွေဟာ
အရေးကြီးပါတယ်။ ဒါပေမယ့် ငွေထက်အရေးကြီးပြီးတော့ အရင်းအနှီးမများသော်လည်း
ပိုမိုထိရောက်တဲ့ ပျော်ရွှင်ခြင်းမျိုးကို ရစေနိုင်တာကတော့
စိတ်ထားကောင်းခြင်း၊ အကောင်းမြင်ခြင်း၊ စိတ်ဓာတ်ကျမှုတွေကို
တွန်းထုတ်နိုင်တဲ့ ကြံ့ခိုင်မှုပါပဲ။ ဒါကြောင့် လူငယ် ပီပီ
ပျော်ရွွှင်မှုကို လိုချင်တာဟာ အပြစ်မဟုတ်ပါဘူး။ ပျော်ရွှင်စရာတွေကိုလည်း
ကိုယ်တိုင်ရှာဖွေတည်ဆောက်လို့ ရပါတယ်။ ဒါပေမယ့် ပျော်ပြီးရင်
လုံးပါးပါးသွားတာမျိုး၊ ပျော်ပြီးရင် ပျက်စီးသွားတာမျိုးဆိုတဲ့
အပျော်အပါး၊ အပျော်အပျက်ဆိုတာမျိုးတွေကိုတော
အထူးသဖြင့်ရှောင်ကြဉ်နိုင်ကြပေါစကြောင်း တိုက်တွန်းစကားဆိုရပါတယ်
မောင်မင်းစိုး
အတွဲ ၂၊ အမှတ် ၂၀၊ ၂၀၁၅
Myanmar Review ဂျာနယ်။
လူငယ်နဲ့ ကျန်းမာရေး
        အခုတလော ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ အခွေတွေနားထောင်ဖြစ်၊
လာရောက်ဟောပြောမှုတွေ နား ထောင်ဖြစ်၊ နောက်ပြီးတော့ ကိုယ့်အသိတွေထဲကလည်း
ဟိုရောဂါ၊ ဒီရောဂါစတဲ့ ရောဂါအဆန်းအပြားတွေ ဖြစ်နေ တာတွေ့ရ ကြားနေရပါတယ်။
တကယ်တော့ ကျန်းမာရေးဟာလည်း အရေးပါတဲ့အချက်ပါပဲ။ ဒါကြောင့် မြတ်ဗုဒ္ဓ
ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့တဲ့ အာရောဂျ ပရမာ လာဘာ-ဆိုပြီး
ဟောတော်မူခဲ့ပါတယ်။ ဒါကိုပဲ မြန်လို ဘာသာပြန်တော့ ကျန်းမာခြင်းဟာ
လာဘ်တစ်ပါးလို့ ဆိုပါတယ်။
        မြန်မာနိုင်ငံဟာလည်း ကျန်းမာရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့
အဆင့်သတ်မှတ်ချက်အရ နိုင်ငံပေါင်း ၁၉ဝ-ကျော်မှာ အဆင့်အနေလည်း
၁၉ဝ-မှာရှိနေခဲ့တယ်လို့ သိရပါတယ်။ ရောဂါဆိုတာတွေကလည်း
တစ််မျိုးပြီးတစ်မျိုးပါပဲ။ အသစ်အဆန်းတွေ ကြားသိနေခဲ့ရပါတယ်။ အခုတလော
အရေးကြီးဆုံး၊ အဖြစ်များဆုံး ရောဂါကတော့ ကင်ဆာရောဂါပဲဖြစ်ပါတယ်။ ကမ္ဘာမှာ
မြန်မာနိုင်ငံဟာ ကင်ဆာရောဂါအဖြစ်များဆုံး(၁ဝ)နိုင်ငံထဲ မှာ စာရင်းဝင်ပြီး
ပါဝင်လျက်ရှိတယ်လို့လည်း သိရပါတယ်။ မိသားတစ်စုတည်းမှာကိုပဲ
ကင်ဆာဝေဒနာ(၃)ဦးထက် မနည်း တွေ့နေရပြီလို့ သိရပါတယ်။ ဒါဟာ တကယ့်ကို
ကြောက်စရာကောင်းတဲ့ လက္ခဏာတစ်ရပ်ပါပဲ။
        ဟိုနေ့က ခရီးသွားတော့ ကားပေါ်မှာ လူတစ်ယောက်နဲ့တွေ့လို့
စကားပြောဖြစ်ပါတယ်။ အစားအသောက် တွေအကြောင်းပါပဲ။ သူပြောတဲ့အချက်တည်းမှာ
ဆုပ်ကပ်ခေတ်ကြီးထဲ ရောက်လာပြီ။ တဖြည်းဖြည်းနဲ့ သက်တမ်း တွေလည်း
ဆုတ်ယုတ်လာနေခဲ့ပြီ။ (၁ဝ)နှစ်တန်းဆိုတာတွေဟာ ဒီလိုပဲတဖြည်းဖြည်းဆိုသလို
ရောက်လာတော့မယ် ထင်ပါတယ်လို့ သူ့ရဲ့အမြင်၊ မှတ်ချက်တွေ ပြောပါတယ်။ ဒါတွေက
အဓိကကတော့ လူတွေရဲ့ စိတ်ဓာတ်တွေ ကြောင့်ပါပဲ။
        ဒါတွေကိုအဓိက ဘယ်ကဝင်ရောက်လာတယ်လို့ ခြေရာခံကြည့်တော့
အိမ်နီးနားချင်းနိုင်ငံတွေကတဆင့် ဝင်ရောက်ခြင်းလို့ သိရပါတယ်။
အထူးသဖြင့်တော့ တရုတ်ကနေ တံဆိပ်မျိုးစုံနဲ့ တင်သွင်းလာတဲ့ နို့မှုန်တွေ၊
မုန့် အမျိုးစုံတွေဟာ ကလေးတွေရဲ့အဓိကအစာဖြစ်နေတော့ အဲဒီကနေ
ပိုမိုပြီးတော့အဖြစ်များတယ်လို့ သိရပါတယ်။  ဒါကြောင့်
ကျောင်းအသီးသီးမှာရောင်းချနေတဲ့ မုန့်မျိုးစုံကို လိုက်လံစစ်ဆေးပြီး
မစားသင့်တဲ့အစာအဖြစ် ကြေငြာ နေရတဲ့အနေအထားအထိ ဖြစ်နေခဲ့ပါတယ်။
တချို့ကျောင်းတွေမှာဆို တရုတ်နို့မှုန့်စားပြီး ကျောင်းသား(၇)ဦးတစ်ပြိုင်
နက် အစာအဆိပ်သင့်တယ်စတဲ့ အဖြစ်အပျက်တွေလည်း မကြားချင်မှအဆုံး
ကြားနေခဲ့ရပါတယ်။
        အထူးသဖြင့်တော့ ကလေးတွေအနေနဲ့ အမြဲတမ်းထိတွေ့နေရတဲ့၊ စားသောက်နေရတဲ့
မုန့်မျိုးစုံဟာ တရုတ် ပြည်ကနေ တင်သွင်းလာတဲ့ တံဆိပ်မျိုးစုံကပ်ထားတဲ့
မုန့်မျိုးစုံပါပဲ။ ဒီမုန့်တွေမှာ တားမြစ်ဆေးတွေ အသုံးပြုထား ခြင်း၊
တာရှည်ခံဆေးများ အလွန်အကျွံအသုံးပြုထားခြင်း၊ အန္တရာယ်ရှိတဲ့
နို့မှုန့်များပါဝင်စေခြင်း၊ ထုတ်လုပ်သည့် ရက်စွဲ၊
ပါဝင်တဲ့ပစ္စည်းအမျိုးအစား၊ လုပ်ငန်းလိပ်စာ၊ သက်တမ်းကုန်ဆုံးရက်များ
တိကျစွာမပါဝင်ခြင်းတို့ကြောင့် ကလေးများအတွက် မစားသင့်တာကြောင့်
ဆိုင်များအနေနဲ့လည်း လုံးဝမရောင်းသင့်တဲ့ အစားအစာများ၊ မုန့်များ
ဖြစ်ပါတယ်။ ဒါတွေကတော့ ကလေးများနဲ့ပတ်သက်ပြီးလို့ အနည်းငယ်သဘောပါ။
        တကယ်တော့ လူကြီးတွေ၊ လူတိုင်းအနေနဲ့ စားသောက်နေခဲ့ကြတဲ့
အစားအသောက်မျိုးစုံဟာလည်း စား သောက်ဖို့ မသင့်တဲ့အစားအစာတွေချည်းလို
ဖြစ်နေခဲ့ပါပြီ။ အသားမျိုးစုံ၊ အသီးအရွက်မျိုးစုံ၊ သောက်စရာ အအေး
မျိုးစုံစသဖြင့် ရှောင်စရာတွေချည်းပဲဖြစ်နေခဲ့ပါပြီ။ အသစ်အရွက်များဟာ
ဟိုယခင်က ကျန်းမာရေးအတွက်အဓိက အထောက်အကူပြုပြီး
လူတိုင်းစားသင့်တဲ့အစားအစာများြဖစ်ပေမယ့် ယခုအချိန်မှာတော့ အသစ်အရွက်ကို
အဆမတန် ကြီးထွားအောင်ဆိုပြီး ဓာတုဟော်မုန်းဆေးများ အသုံးပြုထားခြင်း၊
ပိုးသတ်ဆေးအပြင်းအစားများ သုံးထားခြင်းအတွက်
ရှောင်ကြဉ်ရတော့မယ့်အခြေအနေဖြစ်နေခဲ့ပါပြီ။ မိမိတို့ငယ်ငယ်က
ငှက်ပျောသီးမှည့်ဖို့ မြေကျင်းတူ၊ အရွက်တွေ၊ အဝတ်တွေနဲ့ ထုပ်ပိုးပြီးတော့
မှည့်လာအောင် ရက်အနည်းငယ်ကြာအောင် ထားရပါတယ်။ အခုအချိန်မှာတော့ နာရီ
ပိုင်းအတွင်းမှာပဲ မှည့်ဝင်းစေမယ့် ဆေးအပြင်းစားများကို
အသုံးပြုလာခြင်းဟာ လူတွေကိုကြီးမားတဲ့ အန္တရာယ်ကို ဖြစ်စေပါတယ်။
        ထိုနည်းတူစွာ အရောင်ဆန်းဆန်းလှလှလေတွေကြိုက်တာကြောင့် မုန့်တွေကို
အရောင်မျိုးစုံဆေးခြယ်ပြီး တော့ စားသောက်နေတာဟာလည်း အန္တရာယ်နဲ့ ရောဂါကို
လက်ရပ်ခေါ်သလို ဖြစ်နေခဲ့ပါပြီ။ ဖော်လမင်လို့ခေါ်တဲ့
ဖော်မယ်ဒီဟိုက်(အဆိပ်ဓာတ်)ဟာ ကင်ဆာရောဂါဖြစ်စေနိုင်တာကြောင့် ပဲပြား၊
ချက်နို့ဆီ၊ မုန့်ဟင်းခါးဖတ်၊ မုန့် တီဖက်များဟာလည်း ဖော်လမင်ကို
အသုံးပြုထားတာကြောင့် ရှောင်ကြဉ်ရမယ့် အစာများဖြစ်လာပါပြီ။
        အသားများမျိုးစုံ၊ အသီးအရွက်မျိုးစုံစသဖြင့် ရှောင်ကြဉ်ရမယ့်အထဲမှာ
ရေချိုငါးပိ၊ ငါးခြောက်၊ ငံပြာရည် များပါ ပါဝင်လာတာကြောင့် ဘာမှကို
စားစရာမရှိအောင် ဖြစ်နေခဲ့ပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီပစ္စည်း
တွေမှာလည်း ယူရီယားဓာတ်မြေသြဇာများ ထည့်သွင်းလာခဲ့တယ်လို့ သိနေရပါတယ်။
နောက်ပြီး နေလှန်းစဉ်မှာလည်း ယင်မနားအောင်၊ လောက်မတက်အောင်ဆိုပြီး
တရုတ်ကတင်သွင်းလာတဲ့ ပိုးသတ်ဆေးများ အသုံးပြုထားခြင်းကြောင့် လို့
သိရပါတယ်။ ဟိုယခင်က အချိုမှုန့်၊ ကြက်သားမှုန့်တို့မှတဆင့်
ကင်ဆာဖြစ်စေနိုင်တာလောက်ပဲ သိနေခဲ့ခြင်း ဖြစ်ပါတယ်။ ယခုတော့
အစားအသောက်မျိုးစုံမှာပါဝင်တဲ့ အသုံးပြုထားတဲ့ ဓာတုပစ္စည်းတွေကြောင့်
ကင်ဆာဖြစ်စေ နိုင်တဲ့အစားချည်းတွေ့လာရပါပြီ။ ကော်ဖီမစ်တို့အထိတောင်
ကျယ်ပြန့်လာတော့ တကယ့်ကို ဘာမှကိုစားသောက်ဖို့၊ မကျန်တော့လောက်အောင်
ကြောက်စရာကောင်းနေခဲ့ပါတယ်။ ဒါတွေကို ဘယ်လို ကုစားမလဲ။ သေချာတာကတော့
အောက်ခြေလူတန်းစားတွေထက် တာဝန်ရှိတဲ့ အစိုးရတွေက မပူးပေါင်းရင်၊
ဘာသိဘာသာနေခဲ့မယ်ဆိုရင်၊ တင်းကျပ် တဲ့အရေးယူမှု မလုပ်ရင်၊ လူသားများအသိပညာ
ဖြန့်ဝေတာတွေကို မီဒီယာမျိုးစုံက မဆောက်ရွက်ဘူးဆိုရင်တော့ ဒါထက်
ပိုမိုဆိုးရွားတဲ့ ရောဂါကပ်ဘေးကြီးတွေ ဆိုက်လာခဲ့မယ်ဆိုတာပါပဲ။
        ဟိုတလောလေးက ဒေါက်တာဒေါ်ခင်ခင်ရီအနေနဲ့ သူ့အသိစိတ်ဓာတ်နဲ့
ဘုန်းတော်ကြီးကျောင်း အသီးသီး၊ သီလရှင်ကျောင်းအသီးသီး၊
ဆွမ်းချက်ဓမ္မာရုံအသီးသီး၊ ဓမ္မစကူးလ်အသီးသီးရှိ ကလေးသူငယ်များကို သူ့အဖွဲ့
အစည်းကနေ လိုက်လံဟောပြောရင်း အသိပညာပေးဟောပြောပွဲတွေ လုပ်နေခဲ့ပါတယ်။
ဒါပေမယ့် တာဝန်သိစိတ်ဟာ တစ်ဦးတစ် ယောက်တည်းနဲ့တော့ မဖြစ်တော့ဘူး။
ဒါတွေကို အထက်ပိုင်းလူကြီးများ၊ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ အစည်း
အသီးသီးများအထိ ကျန်းမာရေးအသိပညာပေးတွေ လေ့လာသင့်ကြောင်း၊
ဟောပြောသင့်ကြောင်း၊ သူတို့ ကနေတဆင့် မီဒီယာကို အသုံးပြုလို့ပဲဖြစ်ဖြစ်၊
နောက်ပြီးတော့ ထိရောက်တဲ့ကာကွယ်မှုတွေ လုပ်လို့ပဲဖြစ်ဖြစ် အရေးယူဆောင်
ရွက်မှုတွေနဲ့ အစားအသောက်တွေကို တင်းကျပ်စွာ ကိုင်တွယ်မယ်၊
အလေးတမူလုပ်မယ်ဆိုရင်တော့ သက်သာလာ နိုင်ကောင်းရဲ့လို့ တွေးမိပါတယ်။
        တကယ်တော့ ဒါတွေဟာ လူတွေက ဖန်တီးတာပါ။ လူတွေက
ဘာဖြစ်လို့ဖန်တီးတာလည်းဆိုတော့ လော ဘကြောင့်ပါပဲ။ ရေရှည်ခံအောင်၊
ကိုယ့်ပစ္စည်းရောင်းတန်းဝင်အောင်၊ ခဏတွင်းမှာ အလုပ်ဖြစ်အောင်ဆိုတဲ့ ယုတ်
မာတဲ့ စိတ်ဓာတ်တွေနဲ့ အစားအသောက်မျိုးစုံကို ဓာတုပစ္စည်းမျိုးစုံ
အသုံးပြုပြီးတော့ တာရှည်ခံအောင်၊ ကြီးထွား အောင်
လုပ်ဆောင်ခြင်းကြောင့်ပဲဖြစ်ပါတယ်။ တကယ်တော့
မိမိတို့နေ့စဉ်စားသောက်နေရတာတွေက အာဟာရ မဟုတ်တော့ဘဲ
အဆိပ်တွေပဲဖြစ်နေခဲ့တယ်ဆိုတာ သိနေရပါတယ်။
        ဒါကြောင့်လူတိုင်း၊ လူငယ်တိုင်းဟာ မိမိတို့ရဲ့
တစ်ကိုယ်ရည်ကျန်းမာရေးမှတဆင့် တစ်အိမ်လုံး၊ တစ်ဖွဲ့ စည်းလုံး၊
တစ်မြို့လုံး၊ တစ်ရွာလုံး၊ တစ်နိုင်ငံလုံး ကျန်းမာလာအောင်
အသိပညာပေးဟောပြောမှုတွေ လုပ်ဖို့၊ ကိုယ်တိုင်လေ့လာဖို့၊ ရှောင်ကြဉ်ဖို့
အထူးအထူးကိုပဲ လိုအပ်နေပါကြောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။
မောင်မင်းစိုး
အတွဲ ၂၊ အမှတ် ၁၉၊ ၂၀၁၅
Myanmar Review ဂျာနယ်။
Wednesday, November 4, 2015
လူငယ်နဲ့ လမ်းရိုး
        ဆန်းပြားမှုတွေကတော့ လိုက်မမီအောင်ကို အရှိန်ကောင်းကောင်း ပြေးနေခဲ့တယ်။
ဒီနေ့ပစ္စည်းဟာ မနက် ဖြန်ဆို အပ်ဒိတ်မဖြစ်တော့ဘူး။ နောက်တစ်မျိုးပေါ်လာပြီ။
ဒီတော့ ဒီလို ပေါ်တဲ့ ပစ္စည်းတွေနောက် လိုက်နေရတာ လည်း မောနေခဲ့ကြပြီလို့
ထင်ပါတယ်။ ဒါကြောင့် ပြောတယ်။ တစ်ခါတလေ ဘာမှမသိတာပဲ
ကောင်းပါတယ်-ဆိုတဲ့စကားပေါ့။ သိလွန်းရင်လည်း အဲဒီအသိတွေက ကောင်းတာထက်
ဆိုးတာတွေများနေတော့ ကိုယ့်ကိုယ်ကို ဘဝင်မကျတာလား၊ နားမလည်တာလား၊
လက်မခံနိုင်တာလား ဘာမှန်းကို မကွဲပြားတော့ဘဲ ဟုတ်နိုးနိုးတွေနဲ့ လူလည်း
ထုံထိုင်းနေခဲ့ရတယ်ပေါ့။
        ဒါပေမယ့် ဘာအတတ်ပဲဖြစ်ဖြစ် သင်ထားတာတော့ကောင်းတယ်။ မလိုက်နာဖို့၊
လိုက်နာဖို့ကတော့ ကိုယ် ပိုင်ဆုံးဖြတ်ပြီး ရွေးချယ်လုပ်ဆိုတဲ့
လူကြီးသူမတွေရဲ့ သွန်သင်မှုတော့ ရှိတယ်မဟုတ်လား။ တစ်ခါတလေကျတော့ လည်း
ဆန်းပြားလွန်းရင် သိပ်မဟန်ဘူး။ လမ်းရိုးလေးအတိုင်းပဲ လျှောက်ရတာက
ကောင်းတယ်မဟုတ်လား။ အခုဆို အလုပ်တိုင်းလိုလို အဲဒီလို အသိတွေ၊ သတင်းတွေ၊
သီအိုရီတွေကြောင့် ခရီးမရောက်တာတွေလည်း ရှိလာ ခဲ့တယ်မဟုတ်လား။
သတင်းခေတ်ဖြစ်တာနဲ့အညီ စက္ကန့်မလပ် သတင်းစီးဆင်းမှုတွေကလည်း
မြန်မြန်ဆန်ဆန်ကြီး ကို စီးဆင်းနေခဲ့တယ်။
        မှန်တာတွေရှိသလို၊ မမှန်တဲ့ ဝါဒဖြန့်တာတွေကလည်း တစ်ခုပြီးတစ်ခု
မရိုးအောင် တက်လာနေခဲ့တယ် မဟုတ်လား။ ဒီတော့ မဖြစ်သင့်တာတွေ
ဖြစ်ကြရပြန်တယ်။ ဒါကြောင့် မသိတာဘဲ ကောင်းပါတယ်လို့ ပြောရတာ ပေါ့။
တစ်ခုတော့ ရှိတာပေါ့လေ၊ ကိုယ်ပိုင်စဉ်းစားဆင်ခြင်နိုင်
တဲ့
စွမ်းအားရှိရင်တော့ ကောင်းတာပေါ့။ ဟုတ်၊ မဟုတ်လောက်
ခွဲခြမ်းစိပ်ဖြာနိုင်ပြီး အမှန်နဲ့ အမှားကို ကွဲကွဲပြားပြား
သိနိုင်ရင်တော့ ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာဆောင်ပြီးတော့
ခရီးဆက်ရတာလည်း ပိုပြီးမြန်ဆန်နိုင်ပါတယ်။ ခက်တာက သိပ်ပြီးတော့ မစဉ်းစား
ချင်ကြတော့ ဟိုဟာလည်း ဟုတ်သလိုလို၊ ဒီဟာလည်းဟုတ်သလိုလိုနဲ့
လက်ခံပစ်ကြရတော့ သိလိုက်တာကိုက အပြစ်ဖြစ်သွားရပြန်တာပေါ့။
        ခုနကပြောသလိုပါပဲ။ တစ်ခါတလေ လမ်းရိုးလေးကပဲ ကောင်းနေတာကို သီအိုရီနဲ့
မကိုက်ဘူး။ ဘာနဲ့ မကိုက်ဘူး။ သီအိုရီအဆိုက ဒီလိုရှိတယ်။ ဟိုပညာရှင်ကြီးက
ဒီလိုဆိုတယ်ဆိုပြီး စာအုပ်ကြီးအတိုင်း၊ စနစ်တကျ အတိုင်း လျှောက်ရင်လည်း၊
လုပ်ရင်လည်း ခရီးမရောက်တာတွေ ရှိပြန်တယ်။ ဒါကြောင့် သူ့နေရာမှာ သူဟာ
ဘုရင်ဆိုတဲ့အတိုင်း တောင်သူကိုသွားပြီးတော့ စာအုပ်ကြီးအတိုင်း
ဘာစိုက်ဖို့ ညာစိုက်ဖို့ သွားပြီးဆရာလုပ်ရင်လည်း အဲဒီတောင်သူဟာ
မွဲရုံပဲရှိမှာပေါ့။ သူက ဒီနေရာမှာ ဘယ်ရာသီမှာ ဘာစိုက်ရမယ်ဆိုတာ သိတယ်။
ကျွမ်းကျင်တယ်။ ဘာသီအိုရီမှ မလိုဘူး။ ဘာနည်းစနစ် ဆန်းဆန်းပြားပြားမှ
မလိုဘူး။ ဒီလိုမဟုတ်ဘဲ၊ ဟိုဟာစိုက်၊ ဒီဟာစိုက်ဆိုပြီး
သွားဆရာလုပ်မယ်ဆိုရင် ကြောက်လို့သာစိုက်လိုက်ရတယ် ဘာမှဖြစ်မလာတာမျိုးတွေ
ရှိလာမယ်ဆိုတာ သတိထား သင့်ပါတယ်။ ဒါကတော့ ဥပမာတစ်ခုကို ပြောတာပေါ့။
        ဆိုတော့ ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်အောင် သူတို့က ဒီလိုဆိုတယ်။
ဒီလိုသင်ကြားတယ်။ ဒီလို သီအိုရီရှိတယ်ဆိုပြီး ဆန်းပြားလွန်းရင်လည်း
အလုပ်မဖြစ်တာတွေ ရှိနေဦးမှာပါ။ ဒါကိုလည်း သိထားဖို့ လိုအပ်ပါတယ်။
အဲဒီလိုပဲ ခေတ်ပေါ်နည်းပညာတွေကို လိုက်မမီလို့ဆိုပြီးလည်း
အရမ်းကြီးတွေးပြီး စိတ်ပျက်လက်ပျက်ဖြစ်စရာ မလို ပါဘူး။ သိရင်ကောင်းပေမယ့်
အလုပ်မဖြစ်တာတွေ များနေရင် မသိတာကမှ ပိုကောင်းသေးတယ်လို့ ခံယူထားပါ။
ဘာဖြစ်လို့လည်းဆိုတော့ လမ်းရိုးအတိုင်းမလျှောက်ချင်ဘဲ ဖြတ်လမ်းဆိုတဲ့
ခေတ်ပေါ်နည်းပညာတွေနဲ့ ဖြတ်လျှောက် တော့ အလုပ်မဖြစ်တာတွေ ဖြစ်လာတတ်ရင်
စိတ်ပျက်လက်ပျက်ဖြစ်နေမှာစိုးလုိ့ ပြောရတာပေါ့။ အထက်ကပြော သလိုပါပဲ။
ပညာဆိုတာကတော့ ဘာမဆို တတ်ထားရင်ကောင်းတာပေါ့။ ဒီလို သီအိုရီတွေ၊
ပညာတွေဆိုတာတွေက လက်တွေ့ဘဝ ဖြတ်သန်းနေတဲ့လူတွေဆီကနေ စစ်တမ်းကောက်ပြီးတော့
ယေဘုယျအနေနဲ့ ဖြစ်နိုင်တာကို သီအိုရီ ဆိုတာ ထုတ်ထားတာ။ ဒါကို
ခေတ်စကားနဲ့ပြောရရင် ဦးနှောက်ဖောက်စားတာတာပါပဲ။ တကယ်တော့ ကိုယ်သွားနေကျ
လမ်းလေးဟာ ခရီးရောက်ရင်၊ ခရီးပေါက်ရင်၊ အလုပ်ဖြစ်နေရင်
ဒီလမ်းရိုးလေးအတိုင်း ဆက်လက်လျှောက်ပါလို့ မှာချင်ပါတယ်။ ဒါဟာ
ခေတ်ရေစီကို တားဆီးနေတာမဟုတ်ဘူးဆိုတာ နားလည်လိမ့်မယ်လို့ ထင်ပါတယ်။ အလုပ်
မဖြစ်လို့ ပြောနေခြင်းပါ။ အလုပ်ဖြစ်ရင်တော့ ဘယ်လိုနည်းစနစ်၊
ဘယ်လိုသီအိုရီဖြစ်ဖြစ် သွားနိုင်အောင်၊ အမီလိုက် နိုင်အောင် ကြိုးစားဖို့
လိုအပ်တာပေါ့။ ဒါနဲ့ ပတ်သက်ပြီးတော့ ဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို
ပြောပြချင်ပါတယ်။
        တစ်ခါက အသားညှပ်ပေါင်မုန့်လေးတွေ လုပ်ရောင်းပြီး ဘဝရပ်တည်နေခဲ့တဲ့
မိသားစုတစ််ခုရှိတယ်။ အဓိက ကတော့ ဖခင်ဖြစ်သူရဲ့ လုပ်ဆောင်မှုနဲ့
အသက်ရှင်နေကြရတာပါ။ ဖခင်ဖြစ်သူက စာမတတ်ရှာဖူး။ ဒါကြောင့် သူဟာ
ဘာသတင်းတွေ၊ ဘာစာအုပ်တွေ၊ ဘာစာတွေကိုမှ မဖတ်ခဲ့ဘူး။ နောက်ပြီးတော့ သူဟာ
နားထိုင်းနေခဲ့တယ်။ နားထိုင်းတယ်ဆိုတော့လည်း ရေဒီယိုက လွှင့်တဲ့
သတင်းမျိုးစုံကလည်း သူ့ အတွက်တော့ ဘာမှမထူးဆန်းဘူးပေါ့။ နောက်ပြီး သူဟာ
မျက်စိကလည်း မှုန်သေးတယ်။ ဒါကြောင့် ရုပ်/သံ မီဒီယာမျိုးစုံကိုလည်း
ကြည့်ရှုခဲ့ခြင်း မရှိဘူးတဲ့။
        ဒါပေမယ့် သူ့ဟာ အသားညှပ်မုန့်တွေကို စိတ်အားထက်သန်စွာ ရောင်းချတယ်။
စေတနာပါပါ ဖွယ်ဖွယ်ရာ ရာနဲ့ ကောင်းကောင်းလုပ်ပြီးတော့ ရောင်းတယ်။
ရောင်းအားလည်း ကောင်းတော့ အကျိုး အမြတ်ဆိုတာလည်း တစ်နေ့ထက်တစ်နေ့
မြင့်တက်လာတယ်။ ဒီလိုနဲ့ လုပ်ငန်းကို တိုးချဲ့ဖို့ အသားတွေ ပိုမှာတယ်။
မီးဖိုကိုလည်း ကောင်းမွန်ပြီး ကြီးမားတဲ့ မီးဖိုကြီးကို မှာလိုက်တယ်။
ဆိုတော့ သူတို့မိသားစုလေးရဲ့ စီးပွားရေးဟာ အရမ်းကြီး မချမ်းသာသည့်အတိုင်း
အတော်လေးကို ဖြစ်ထွန်းလာခဲ့တယ်။ ဖခင်လုပ်သူဟာ သူကိုယ်တိုင်သာ ပညာမတတ်တယ်။
သူ့သားကိုတော့ ကျောင်းပြီးအောင် ထားနိုင်ခဲ့တယ်။
        ဒီလိုနဲ့ ကျောင်းသားဖြစ်သူ သားတော်မောင်ဟာ တက္ကသိုလ်က ဘွဲ့ယူပြီးတော့
အိမ်ကို ပြန်လာတယ်။ ဘွဲ့ရကျောင်းသားဆိုတော့ သူ့ဖခင်ဟာလည်း အတော်လေးကို
အထင်ကြီးရှာတယ်။ ငါ့သားပညာတတ်ကြီးပဲဆိုတဲ့ စကားကို နှုတ်ကမချအောင်
ပြောဆိုနေတတ်တယ်။ ဒီလိုနဲ့ သားဖြစ်သူဟာ သူ့ဖခင်ရဲ့အောင်မြင်နေတဲ့
အလုပ်ကို လာရောက်ပြီး ပူးပေါင်းလာတယ်။
        ''အဖေရေ၊ ကျွန်တော်တို့ မကြာခင် ကြုံတွေ့ရမယ့် စီးပွားရေးအခြေအနေကိုလည်း
လေ့လာထားရမယ်။ သတိထားရမယ်ဗျ၊ အဲဒါ အဖေမသိဘူးမို့လား၊ မကြာခင်မှာ
စီးပွားရေး ကျဆင်းမှု၊ စီးပွားပျက်ကပ် ဆိုက်လိမ့်မယ်။ နိုင်ငံတကာဟာ
အခြေအနေ အတော်လေး ဆိုးရွားနေတယ်။ အခု တစ်ကမ္ဘာလုံးတောင်
စီးပွားရေးပျက်ကပ်ကြီး က ဆိုက်နေပြီ။ ဒါထက် ပြည်တွင်းအခြေအနေကပိုလိုတောင်
ဆိုးဆိုးရွားရွား ဖြစ်နေခဲ့ပြီ။ ဒါကြောင့် မကြာခင် ကျရောက်လာမယ့်
စီးပွားရေးကျဆင်းမှုအခြေအနေကို ကြိုတင်ကာကွယ်ထားဖို့တော့
လိုအပ်နေလိမ့်မယ်''ဆိုပြီး ပြောပြပါတယ်။ ဒီတော့ ''ငါ့သားက
ခေတ်ပညာတတ်ကြီးဆိုတော့ သူပြောတာဟုတ်မှာပါ။ ငါ့အနေနဲ့ ပေါ့ပေါ့
တန်တန်ထားလို့တော့ မဖြစ်သေးပါဘူး''ဆိုပြီး တွေးလိုက်တယ်။
        ဒီလိုနဲ့ ဖခင်ဖြစ်သူက သူ့သားရဲ့အကြံပြုချက်အတိုင်း
ခါတိုင်းများများစားစား မှာယူနေခဲ့တဲ့ အသားတွေနဲ့ ပေါင်မုန့်တွေကို
လျော့ပြီးတော့ မှာလိုက်တယ်။ နောက်ပြီးတော့ သူ့သားကိုယ်တိုင် ရေးထားတဲ့
လျှော့ချလိုက်ကြောင့်၊ ဘယ်ချိန်ကနေ ဘယ်အချိန်အထိပဲ ရောင်းကြောင်းပါတဲ့
ဆိုင်းဘုတ်လေးကိုလည်း ဆိုင်ရှေ့မှာ ချိတ်ဆွဲထားလိုက်တယ်။ ဒီလိုနဲ့
တဖြည်းဖြည်း သူဟာ အလုပ်မှာလည်း သိပ်ပြီးတော့ စိတ်အား ထက်သန်မှု မရှိတော့ဘဲ
 လုပ်အားကိုလည်း လျှော့ချလိုက်တယ်။ လာဝယ်တဲ့လူတွေလည်း တဖြည်းဖြည်းဆိုသလို
နည်းပါးသွားတယ်။ ရောင်းအားလည်း အတော် လေးကို ကျဆင်းသွားတယ်။ နောက်
ဖခင်ဖြစ်သူက သူ့သားကို ပြောလိုက်တယ်။
        ''သားရေ၊ မင်းပြောတာ မှန်လိုက်တာကွာ၊ ဖေဖေတို့ စီးပွားပျက်ကပ်ကြီးရဲ့
ဆိုးမွေးကို ခံရတဲ့အနေနဲ့ အခုရောင်းအားလည်း အတော်ကျသွားတယ်။ ငါ့သားအနေနဲ့
အခုလို အချိန်မီပြောလို့ သတိပေးလို့ပေါ့ကွာ၊ ဒါကြောင့် သားကို ဖေဖေ
အရမ်းပဲ ကျေးဇူးတင်ပါတယ်တဲ့'' ပုံပြင်လေးကတော့ ဒါပါပဲ။
        လမ်းရိုးနဲ့ ဆန်းပြားမှုဆိုတဲ့ ခေတ်ပေါ်နည်းပညာတွေရဲ့ အဟနှစ်ခုကို
သွန်သင်ပေးလိုက်နိုင်တဲ့ ဒီပုံပြင်လေး ကိုတော့ အသေးစိတ်အနေနဲ့
ရှင်းမပြလိုတော့ပါဘူး။ ဒါကြောင့် ခေတ်မီတာကောင်းပါတယ်။
ခေတ်ဆန်လွန်းပြီးတော့ ခေတ်အတိုင်းစီမျောလိုက်ပါမှုတိုင်းဟာ တစ်ခါတလေ
အလုပ်မဖြစ်ဘူးဆိုတာကို လူငယ်တွေအနေနဲ့ သိစေချင်ပါတယ်။
မောင်မင်းစိုး
အတွဲ ၂၊ အမှတ် ၁၈၊ ၂၀၁၅
Myanmar Review ဂျာနယ်။
Wednesday, October 28, 2015
လူငယ်နဲ့ အပြစ်
        ''သူတစ်ပါးကို ဆုံးမတဲ့နည်းအတိုင်း မိမိကိုယ်ကိုယ်လည်း လိုက်နာရမယ်။
မိမိကိုယ်တိုင် ယဉ်ကျေးအောင် ဆုံးမပြီးမှ သူတစ်ပါးကို ဆုံးမရမယ်။
မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမနိုင်ခြင်းကတော့ ခဲယဉ်းလှတယ်''(ဓမ္မပဒ)
        မြန်မာစကားတစ်ခွန်းရှိပါတယ်။ ငါပြောသလို လုပ်၊ ငါလုပ်သလို
မလုပ်နဲ့ဆိုတာပါ။ ဒါကဘာကို ပြောလဲ ဆိုတော့ ငါကတော့ လုပ်ချင်တာလုပ်မှာပဲ၊
အာဏာရှိတယ်။ အေး မင်းတို့ကတော့ ငါခိုင်းတဲ့အတိုင်း တစ်သွေမသိမ်း
လိုက်လုပ်ကို လုပ်ရမယ်ဆိုတဲ့သဘောပါ။ အမှန်က သူတစ်ပါးကို
ပြောဆိုဆုံးမလိုသူဟာ ပထမဆုံး ကိုယ်တိုင်နူးညံ့ သိမ်မွေ့နေရမယ်။
ကိုယ်တိုင်လိုက်နာ ကျင့်သုံးရမယ်။ ပြီးမှသာ သူတစ်ပါးကို ဆုံးမနိုင်ရမယ်။
ဒါပေမယ့် ကိုယ်ကိုယ် ကို ဆုံးမဖို့၊ အပြစ်မြင်ဖို့ကတော့ ခက်ခဲပါတယ်။
အဲဒီခက်ခဲတဲ့ အလုပ်ကို လုပ်နိုင်မှလဲ ကိုယ်ဟာသူတော်ကောင်း၊
ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်မှာပါပဲ။ ဒီလိုမှမဟုတ်ရင်တော့
ကိုယ်ဘာပြောပြော၊ ဘာလုပ်လုပ် အရာမထင် ဖြစ်တတ်ပါတယ်။ ဒါကို
ကိုယ့်မျက်ချေးကိုကျတော့ မမြင်ဘူးလို့ ဆိုကြပါတယ်။
        ဒီနေရာမှာ ဝေဖန်တာနဲ့ ကဲ့ရဲ့တာမတူတဲ့အကြောင်း ပြောချင်ပါတယ်။
တချို့ကျတော့ တကယ့်ကို အပြု သဘောမဆောင်တဲ့ ဝေဖန်ခြင်းတွေနဲ့ သူတစ်ပါး
နာမခံသာအောင် ပြောဆိုတတ်ပါတယ်။ ဒါဟာ အပြုသဘော ဆောင်တဲ့
ဝေဖန်မှုမဟုတ်ပါဘူး။ အပြစ်ရှာပြီးတော့ အပြစ်တင်လိုတဲ့သဘောပါ။ ဒါတွေနဲ့
ပတ်သက်လို့ကတော့ အွန်လိုင်းပေါ်တက်လိုက်ပေါ့။ မမြင်ချင်မှအဆုံးပါပဲ။
ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေကိုလည်း ရေးကြီးခွင်ကျယ်လုပ် ပြီး
အချိန်တွေကုန်ခံပြီး စခရင်ရှော့ခ်စတာတွေ ရိုက်ပြီးရင်း ဝေဖန်နေတာတွေ
တွေ့နေရတယ်။ အပြုသဘော ဆောင်တဲ့ အရေးအသား ဝေဖန်မှုမျိုးဆိုရင်တော့
လက်ခံနိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးထက်
သူတစ်ပါးကို အပုတ်ချပြီးတော့ အပြစ်မရ ရအောင် လိုက်ရှာပြီးတော့
ကဲ့ရဲ့ခြင်း၊ ပြစ်တင်ခြင်း၊ ရှုပ်ချခြင်းတွေ လုပ်နေတာက များပါတယ်။
        လူတိုင်းကတော့ ပြီးပြည့်စုံတဲ့လူမျိုး မရှိပါဘူး။ အပြစ်ဆိုတာမျိုးတွေကို
လုပ်မိခဲ့မယ်။ လုပ်ခဲ့ကြတယ်။ လုပ်နေကြပါတယ်။ ဒါပေမယ့် ခက်တာက
ကိုယ့်အပြစ်ကိုတော့ မမြင်ပါဘူး။ မမြင်တာထက် မမြင်ဟန်ဆောင်ခြင်း၊
မသိဟန်ဆောင်ခြင်းတွေကသာ များနေခဲ့ပါတယ်။ တချို့ကျပြန်တော့လည်း
ပညာသားပါပါနဲ့ တကယ့်ကို အပြုသဘော ဆောင်တဲ့ ဝေဖန်ခြင်းတွေ လုပ်နေတာ
တွေ့ရပါတယ်။ ဒါကိုတော့ လက်ခံပေးရမယ်။ ဆက်လက်ပြီးလည်း လုပ်ဖို့လည်း
တိုက်တွန်းပေးရမယ်။
        တစ်ခုရှိတာက အယူမဆမတူရုံနဲ့ ရန်သူလို့ သဘောထားရင်တော့ လူသားမပီးသပါဘူး။
ပညာရှင်မဆန်ပါ ဘူး။ လူပြောသူပြောများတဲ့ ဒီမိုကရေစီ မဆန်ပါဘူး။ မတူတာကို
ဘယ်လို ညှိနှိုင်းပြီး ဘက်နှစ်ဘက်ကို မြင်နိုင် မှသာ
ကောင်းမွန်တဲ့အပြုသဘောဆောင်တဲ့ လူပီသတဲ့လူ ဖြစ်နေမှာပါ။ သေချာတာကတော့
ဘက်နှစ်ဘက်ထဲကနေ တစ်ဘက်ဘက်ကို ပြင်းပြင်းထန်ထန် စွဲစွဲလန်းလန်း
ရပ်တည်နေခဲ့မယ်ဆိုရင်တော့ အမှားအယွင်းတွေလည်း ရှိလာ နိုင်သလို၊
မလိုလားအပ်တဲ့ ဆိုးကျိုးတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါတွေကို လူငယ်တွေ
သတိထားသင့်ပါတယ်။ အဲဒီလို တစ်ဘက်ဘက်ကိုပဲ အယူအဆပြင်းထန်စွာနဲ့
ရပ်ပြီးနေခဲ့မယ်ဆိုရင်တော့ ဘုရားကျွတ်တောင်မှ ကျွတ်မယ့်
လူမျိုးမဟုတ်ပါဘူး။ ကောသမ္ဘီအရေးအခင်းကိုပဲ ကြည့်ပေါ့။ နောက်ဆုံး
ရဟန်းအချင်းချင်းကနေ ကွဲသွားလိုက်တာ နတ်ပြည်ခြောက်ထပ်အထိပါပဲ။ ဘယ်လိုမှ
မရတော့တဲ့အဆုံး ဘုရားရှင်လည်း တစ်ပါးတည်နေထိုင်ဖို့ တောထဲကို
ထွက်သွားခဲ့ရတဲ့ အနေအထားအထိ ဖြစ်ပေါ်ခဲ့ပါတယ်။
        သူတစ်ပါးကို ကဲ့ရဲ့လို၊ ပြစ်တင်လိုရင် သူတစ်ပါးရဲ့ အပြစ်ကိုပဲ
လိုက်ရှာနေရတော့ ပထမဆုံး သူတစ်ပါး ဆင်းရဲတာထက် အဲဒီလို လိုက်ရှာနေရတာကိုက
ကိုယ့်ကိုယ်တိုင် ဆင်းရဲရပါတယ်။ လိုက်ရှာလို့ တွေ့ပြီဆိုရင်လည်း ဒါကို
အကောင်အထည်ဖော်ဖို့အတွက် ကြိုးစားရတယ်။ အားထုတ်ရမယ်။ အဲဒီလို
လုပ်နေစဉ်မှာပဲ ကိုယ့်စိတ်တွေက မတည်ငြိမ်နိုင်တော့ဘူး။ ပူလောင်လာတယ်။
ဆင်းရဲလာတယ်။ မငြိမ်းချမ်းတော့ပါဘူး။ သူတစ်ပါးဆိုတာ အသာထား ပါ။ ပထမဆုံး
ကိုယ့်ကိုယ်ကို ဒီလိုအပူဒဏ်ခံရပြီးဆိုရင် အကောင်းအဆိုး သိပ်ပြီးတော့
ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့ဘဲ ဒေါသော အတ္ထံ နာဇာတိ-ဆိုတဲ့အတိုင်း
ဘာမှမသိတော့ပါဘူး။ ဒါကိုလည်း သတိထားသင့်ပါတယ်။
        အပြစ်ဆိုတာကတော့ အထက်ကပြောခဲ့သလို ကင်းတဲ့လူရယ်လို့ မရှိပါဘူး။
အပြစ်မကင်းသော်လည်း အပြစ်နည်းအောင် တည်ဆောက်ရမှာကတော့
ကိုယ်တိုင်တာဝန်ရှိပါတယ်။ အရာရာကို မကောင်းမြင်စိတ်နဲ့ ရှုမြင် နေမယ်။
သုံးသပ်နေမယ်ဆိုရင်တော့ အကောင်းမြင်သမားမဟုတ်တော့ ဘာကမှလည်း
အကောင်းမြင်နိုင်မှမဟုတ် တော့တဲ့အတွက် မကောင်းမှုဖြစ်အောင်၊ ဒေါသ၊ လောဘ၊
မောဟတွေရဲ့ စေခိုင်းချက်အရ ကိုယ့်ရဲ့အဲဒီမကောင်း မြင်တဲ့စိတ်ဓာတ်ကို
ပိုမိုပြီးတော့ မကောင်းတဲ့အရောင်ထွက်အောင် ကြိုးစားလိုက်ကြတယ်။ ဒါနဲ့
ပတ်သက်ပြီးတော့ တဆင့်ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ပြောပြလိုပါတယ်။
အတိအကျမဟုတ်တောင် ဒီသဘောပါပဲ။
        တစ်ခါက ရွာတစ်ရွာမှာ ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေရတဲ့
ကလေးမလေး တစ်ယောက်ရှိတယ်။ မကောင်းမှုနဲ့ အသက်မွေးဝမ်းကြောင်းနေတယ်လို့
အားလုံးက သတ်မှတ်ထားခဲ့ကြတယ်။ ဒါကြောင့်  ရွာသားတွေက ဒီအမျိုးသမီးရဲ့
ပြည့်တန်ဆာအလုပ်ကြောင့် ရွာနာတယ်ဆိုပြီး ရွာအပြင်ထုတ်ဖို့ ပြောဆိုကြ တယ်။
ရွာအပြင်ရောက်တဲ့အခါမှာလည်း  ခဲတွေ ဒုက်တွေနဲ့ ထုရိုက်သတ်ဖြတ်ဖို့
လုပ်နေခဲ့ကြတယ်။ အဲဒီအချိန် ရွာမှာ သြဇာအာဏာအရှိဆုံး၊ သူ့စကားကိုလည်း
အားလုံးက လက်ခံကြတဲ့ ဘာသာရေးခေါင်းဆောင်တစ်ယောက် ရောက်လာပါတယ်။
ရောက်လာပြီးတော့ ဖြစ်စဉ်တွေအတွက် အကျိုးအကြောင်း မေးပါတယ်။ ဒီတော့
ရွာသားတွေ လည်း ဖြစ်စဉ်တွေကို အားလုံးချပြလိုက်၊ ပြောပြလိုက်ပါတယ်။
        ''ဟုတ်ပြီလေ၊ မင်းတို့အားလုံးက သူမကို အပြစ်ရှိလို့ ထုဖို့၊ ရိုက်ဖို့၊
သတ်ဖြတ်ကြမယ်ဆိုတော့လည်း ငါ့အနေနဲ့ မတားမြစ်ပါ။ မင်းတို့အားလုံး သူမကို
ထုပါ၊ သတ်ပါ၊ ဖြတ်ပါ။ ဒါပေမယ့် ငါခိုင်းတဲ့အတိုင်း၊ ငါပြောတဲ့အတိုင်း
တော့ လုပ်ရမယ်။ ငါက စတင်ပြီးတော့ ထုဖို့ ရိုက်ဖို့ သတ်ဖို့
ဖြတ်ဖို့ခိုင်းတဲ့လူကပဲ မိမိလက်ထဲမှာပါတဲ့ ခဲတွေ၊ ဒုက်တွေ၊ လက်နက်တွေနဲ့
စတင်ပြီးတော့ လုပ်ဆောင်ပါ''
        ဒီတော့ ရွာသားတွေလည်း လက်ထဲမှာရှိတဲ့ လက်နက်တွေ၊ ဒုက်တွေ၊ ခဲတွေကို
အဆင်သင့် ပြင်ထား လိုက်ပါတယ်။ ခဏနေတော့ ခေါင်းဆောင်ဖြစ်သူက
အသံပြည့်ပြည့်နဲ့ တည်တည်ငြိမ်ငြိမ်ပဲ တစ်လုံးချင်း စတင်ဖို့
ပြောလိုက်ပါတယ်။
        ''ဟုတ်ပြီ၊ မင်းတို့အားလုံးက သူမကို အပြစ်ရှိလို့ဆိုပြီး သတ်ဖြတ်ကြ၊
ထုနှက်ကြမယ်ဆိုတော့၊ အပြစ်ရှိတဲ့လူကို အပြစ်မရှိတဲ့လူက လုပ်ဆောင်ကြတဲ့
သဘောပေါ့။ ဒါကြောင့် မင်းတို့အားလုံးဟာ ဘယ်သူပဲဖြစ်ဖြစ်ပေါ့၊
ကိုယ့်ကိုယ်ကို ဘဝတစ်လျောက်လုံးမှာ ဘာအမှားမှ၊ အပြစ်မှ မလုပ်ဖူးတဲ့လူက
စတင်ပြီးတော့ ထုပါ၊ ရိုက်ပါ'' လို့ ပြောလိုက်ပါတယ်။
         ဒါပေမယ့် ဘယ်သူကမှ စတင်ပြီးတော့ မထုရဲ၊ မရိုက်ရဲ၊ မသတ်ရဲပါဘူး။
သူမဘေးကနေ လူအုပ်ကြီးဟာ လက်ထဲက လက်နက်တွေ၊ ခဲတွေ၊ ဒုက်တွေကို
ချထားခဲ့ပြီးတော့ တဖြည်းဖြည်း နောက်ဆုတ်သွားခဲ့ကြတယ်တဲ့။ ဟုတ်ပါတယ်။
လူသားတိုင်းဟာ အမှားနဲ့ မကင်းနိုင်ကြပါဘူး။ အပြစ်လည်း တစ်ခုမဟုတ်တော့
လုပ်မိကြမှာဖြစ်ပါတယ်။ ဒီတော့ ကိုယ့်အပြစ်ကို၊ ကိုယ့်အမှားကို
ကိုယ်တိုင်ဝန်ခံရမှ၊ သိမှ၊ သိတဲ့အလျောက်လည်း ပြန်လည်ပြီးတော့
နောင်မလုပ်မိအောင် ရှောင်ကြဉ်မယ်ဆိုတဲ့စိတ်မွေးပြီ
း ရှောင်ကြဉ်နိုင်မှသာ
ပိုမိုပြီးတော့ လူသားဆန်တဲ့၊ လူပီသတဲ့ ပုဂ္ဂိုလ်များဖြစ်ကြပါလိမ့်မယ်။
        အမှားကိုလည်း အပြုသဘောဆောင်စွာနဲ့ ဝေဖန်ပါ၊ ထောက်ပြပါ။
အပြစ်တင်ချင်တဲ့စိတ်ပဲ ကြီးစိုးပြီးတော့ အရာရာ အကောင်းမြင်ဝါဒမရှိဘဲ
အပြစ်တင်ဖို့၊ ကဲ့ရဲ့ဖို့လောက်ပဲ မင်းမူနေခဲ့မယ်ဆိုရင်တော့ အဲဒီစိတ်ကပဲ
မိမိစိတ် ကို ပြန်လည်ပြီးတော့ ပူလောင်မှုတွေဆီကို
တွန်းပို့မှာဖြစ်ပါကြောင်း။
မောင်မင်းစိုး
အတွဲ ၂၊ အမှတ်  ၁၇၊ Myanmar Review ဂျာနယ်။ ၂၀၁၅
Wednesday, October 21, 2015
လူငယ်နှင့် လောဘ
        လောဘဆိုတာကတော့ လိုချင်မှု၊ တက်မက်မှု၊ တွယ်တာမှုလို့ ဘာသာပြန်ကြပါတယ်။
ပုထုဇဉ်တိုင်းကတော့ ဒီလောဘနဲ့ မကင်းနိုင်ပါဘူး။ လိုချင်စရာတွေ့ရင်တော့
လိုချင်မိကြပါတယ်။ ဒါက အထူးအဆန်းတော့လည်း မဟုတ် ပါဘူး။ ဘာက
ထူးဆန်းတာလဲဆိုတော့ လိုချင်မှုကို အကြောင်းပြပြီးတော့
ရယူလိုက်တဲ့လုပ်ဆောင်ပုံ၊ နည်းကပဲ ထူးဆန်းသွားခြင်းပါပဲ။ ထူးဆန်းတယ်ဆိုတာ
ပုံမှန်အနေအထားကနေ သွေဖီသွားခြင်းပဲ ဖြစ်ပါတယ်။ ဒါထက်ဆိုရ ရင်
မတရားသဖြင့် လိုချင်မှု၊ တက်မက်မှု၊ တွယ်တာမှုကနေတဆင့် ယုတ်ညံ့တဲ့အထိ
ဖြစ်သွားတတ်ပါတယ်။
        ထိုက်တန်တဲ့လုပ်အားခကို လိုချင်မိတာမျိုးကတော့ လောဘရယ်လို့
မဆိုလိုပါဘူး။ ဒီလိုမဟုတ်ဘဲ အချောင်  ရလိုမှုကြောင့် လောဘရဲ့ ဆွဲငင်အားကို
မတွန်းလှန်နိုင်ဘဲ သူတစ်ပါး မျက်ရည်ကျမှ ရရှိခြင်းမျိုးကတော့ ယုတ်မာ တဲ့
လောဘအကြမ်းစားဖြစ်ပါတယ်။ အထက်ကဆိုခဲ့သလိုပါပဲ လူတိုင်းကတော့
လောဘနဲ့မကင်းနိုင်ပါဘူး။ အထူး သဖြင့်တော့ ပုထုဇဉ်တိုင်းဟာ
လောဘနဲ့အသက်ရှင်နေခဲ့ကြခြင်းလည်
းဖြစ်ပါတယ်။
        ကိုယ်နဲ့ထိုက်တန်တာမျိုးပဲ ရတတ်တယ်ဆိုတာမျိုးကိုလည်း မေ့ထားလို့
မရပါဘူး။ ထိုက်တန်မှုဆိုတာ ဘာလဲ။ ဒါဟာ အရေးကြီးပါတယ်။ လုပ်ဆောင်ချက်နဲ့ပဲ
တိုင်းတာရမယ်ထင်ပါတယ်။ တကယ့်ကို စေတနာပါပါနဲ့၊ လုပ်ဆောင် ပြီးတဲ့နောက်
သူရရှိလိုက်တဲ့ ရလဒ်ဟာ မမျှတရင်၊ မညီမျှရင်တော့ မထိုက်တန်ပါဘူး။
ထိုက်တန်အောင် သူရရှိ သွားမှသာ လုပ်ဆောင်မှုဟာ ပိုမိုပြီးတော့
တောက်ပြောင်မှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ခုနကပြောသလို ဘာမှ မလုပ်ဘဲ
အလကားအချောင်ရလိုတဲ့သဘောနဲ့ အာဏာတွေ၊ ပါဝါတွေသုံးပြီးတော့
သူတစ်ပါးမျက်ရည်ကျမှ လိုက်ရ တာမျိုးဟာ မထိုက်တန်ပါဘူး။ ဒါကို
သိထားရပါလိမ့်မယ်။ တကယ်လည်း ဒီလိုမျိုးရတဲ့ ပစ္စည်းဥစ္စာမျိုးဟာ မခိုင်
မာပါဘူး။ စိုးထိတ်မှု၊ ကြောက်ရွံ့မှု၊ မတရားမှန်းသိနေတဲ့ နောင်တတရားတွေ
လွှမ်းမိုးမှုကြောင့် ရတာနဲ့မကာဘဲ ကြီးမားတဲ့ ဆုံးရှုံးမှုတွေဆီကို
တွန်းပို့နိုင်ပါတယ်။ ဒီဘဝမှာ အကျိုးမပေးတောင် နောင်ဘဝတွေမှာ
အကျိုးသက်ရောက် မှု ရှိလာပါလိမ့်မယ်။
        လောဘကို အတောမသတ်နိုင်ဘူးဆိုတဲ့ စကားတွေကို လူတွေတွင်တွင်ကျယ်ကျယ်
သုံးနှုံးတတ်ကြပါတယ်။ လူမှန်ရင်တော့ စားဖို့၊ ဝတ်ဖို့၊ နေထိုင်၊ လူမှုရေး၊
ပညာရေး၊ ဘာသာရေးစတဲ့နေရာတွေမှာ အသုံးပြုဖို့အတွက် ရှာဖွေကြရမှာဖြစ်ပါတယ်။
ဒီလိုရှာဖွေတဲ့အခါမှာ ကောင်းမွန်တဲ့အသက်မွေးဝမ်းကြောင်းနဲ့
ရှာဖွေဖို့အရေးကြီးပါတယ်။ ငွေရရင်ပြီးရောပုံစံနဲ့ မလုပ်သင့်တာတွေ၊
မရောင်းသင့်တာတွေ လုပ်ပြီး၊ ရောင်းပြီး ရှာဖွေမယ်ဆိုရင် ငွေကြေးဘယ်
လောက်ပဲ ပြည့်စုံလာပြီး ချမ်းသြာ<ွကယ်ဝလာသည်ဖြစ်ပါစေ၊ အဲဒီလူရဲ့
စိတ်ဟာချမ်းသာမနေဘူးဆိုတာပါပဲ။ လောဘရှိတာက အကြောင်းမဟုတ်၊ အဲဒီလောဘကို
အတောမတတ်ဘဲ ပုံဖော်ခြင်းကသာ လူသားတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့
သူရဲ့ပုံရိပ်ပါပဲ။ ထိုက်တန်သလောက်နဲ့ ကျေနပ်နိုင်ဖို့ဟာ အရေးကြီးပါတယ်။
ဒီလိုမဟုတ်ဘဲ အတောမသတ်နိုင်ဘဲ ရသမျှငါ့ဥစ္စာပဲဆိုရင်တော့
ဒုက္ခရောက်သွားနိုင်ပါတယ်။
        ဒါနဲ့ပတ်သက်ပြီး ဝိဇ္ဇောဒယဆရာတော်ကြီး တရားဟောတော့
အကြောင်းအရာလေးတစ်ခုကို ထည့်ဟောသွားခဲ့ တဲ့အကြောင်းကို
ပါချုပ်ဆရာတော်ကြီးက သူ့တရားပွဲမှာ ပြန်လည်ပြီးတော့ ထည့်ဟောသွားခဲ့ပါတယ်။
အခု အဲဒါလေးကို ပြန်လည်ပြီးတော့ ဖောက်သည်ချလိုပါတယ်။ လောဘရဲ့
အတောမသတ်နိုင်ပုံလေးပါပဲ။
        တစ်ခါက လက်ညှိုးထိုးမလွဲအောင် မြေယာပိုင်ဆိုင်တဲ့ လူတစ်ယောက်ရှိပါတယ်။
ဒီလောက်မြေတွေများတော့ အလုပ်သမားတွေ ငှားပြီး အခစားနဲ့
လုပ်ကိုင်ခိုင်းပါတယ်။ ဒီထဲမှာ အလုပ်ကို ဇွဲကောင်းကောင်းနဲ့ တကယ့်ကို
ကိုယ့်မြေ ကိုယ့်ယာသဘောထားပြီး လုပ်ပေးတဲ့လူတစ်ယောက်လည်း ပါပါတယ်။
သူဌေးကြီးက အလုပ်သမားတွေကို အမြဲတန်း အကဲခတ်လေ့လာထားတော့ ဘယ်သူက
ဘယ်လိုဆိုတာ အားလုံး သိနေခဲ့တယ်။ ဒါကြောင့် တကယ်ပဲ အလုပ် ကြိုးစားတဲ့
စားရင်းငှားလေးကို ချီးမြှောက်လိုတာကြောင့် တစ်ရက် အလုပ်သမားကို
ခေါ်ပြီးပြောပါတယ်။
        ''မောင်ရင်၊ ဘယ်ဆီကြည့်ကြည့် မြင်နေရတဲ့ လယ်ယာမြေတွေဟာ လက်ညှိုးထိုးမလွဲ
ငါပိုင်ဆိုင်တယ်ဆိုတာ မင်းလည်း သိပါတယ်။ ဒီတော့ မင်းကလည်း တကယ်ပဲ
အလုပ်ကိုကြိုးစားတယ်ဆိုတာ သိတယ်။ ဒါကြောင့် မင်း ကို
ငါချီးမြှောက်ချင်ပါတယ်။ မင်းကို ငါပိုင်တဲ့မြေတွေကို ခွဲပေးမယ်။
မင်းကြိုက်သလောက် ယူနိုင်ပါတယ်။ ဆိုတော့ ဒီကနေ မင်းပြေးပါ။
ကြိုက်သလောက်ပြေးပါ။ မင်း အပြေးရပ်လိုက်တဲ့နေရာအထိ မင်းပိုင်တဲ့
လယ်ယာမြေအဖြစ် ငါပေးမယ်။ မင်းရပ်ချင်တဲ့နေရာရောက်မှ ရပ်ပါ။ ငါ့အနေနဲ့
ဘယ်နေရာဆိုတာ မသတ်မှတ်ပါဘူး။ ကဲ မင်းလိုချင်တဲ့ အတိုင်းအတာရောက်တဲ့အထိ
စတင်ပြီးတော့ ပြေးပါ'' လို့ ဆိုပါတယ်။
        ဒီတော့ လူဆင်းရဲကလည်း သူပိုင်ဆိုင်တော့မယ်ဆိုတာ သိတာကြောင့်
သူပြေးနိုင်သလောက် သူရမယ်ဆိုတဲ့ အတွေးနဲ့ ပြေးပါတယ်။ ဒီလိုနဲ့ ပြေးလိုက်
နောက်လှည့်ကြည့်လိုက် ထပ်ပြေးလိုက် နည်းသေးတယ်ထင်ပြီး ရှေ့
ဆက်ပြေးလိုက်နဲ့ နောက်ဆုံး အမောဆို့ပြီးတော့ လဲကျသွားခဲ့ပါတယ်။
လဲကျသွားရုံမဟုတ်ဘဲ ခဏနေတော့ အဲဒီ နေရာလေးမှာပဲ အမောဖောက်ပြီး
သေသွားခဲ့ပါတယ်။
        ဒီတော့ သူဌေးကြီးလဲ သေဆုံးသွားတဲ့ သူ့ရဲ့စားရင်းငှားလေးရဲ့
အလောင်းဘေးမှာ ရပ်ပြီး တော်တော်လေး စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ နောက်ပြီး
သူက သေသွားတဲ့ သူ့အလုပ်ကျွန်ဖြစ်တဲ့ စာရင်းငှားလေး မကြားနိုင်ပေမယ့်
စကားလေး တစ်ခွန်းကို ပြောလိုက်ပါတယ်။
        ''ငါကတော့ မင်းလိုချင်သလောက် ပေးမလို့ဘဲ၊ ဒါပေမယ့် မင်းက
ခြောက်ပေးလောက်ပဲ ယူသွားနိုင်တယ်။ မင်းက ဒီခြောက်ပေလောက်ပဲ
တန်တာပဲ''ဆိုပြီး အခြားလူတွေကို တွင်းလေးတူးခိုင်းပြီးတော့
မြေမြှပ်လိုက်ပါတယ်။  ဟုတ်ပါတယ်။ လူတွေဟာ လောဘကြောင့် ရှာဖွေကြပါတယ်။
ရှာဖွေပြီးတော့ ဘာတွေယူသွားနိုင်လဲဆိုတော့ ဘာမှ ယူမသွားနိုင်ပါဘူး။
ဒါကတော့ သူမှာပိုင်ဆိုင်ထားတဲ့ ရုပ်ဝတ္ထုတွေကို ပြောတာပါ။ တကယ်တော့
လူသားတိုင်းအနေနဲ့ ဘယ်လောက်ပဲ ချမ်းသြာ<ွကယ်ဝတဲ့၊ ဆင်းရဲတဲ့လူဖြစ်နေပါစေ
နောက်ဆုံးတော့ ခြောက်ပေလောက်ပဲ သူပိုင်ဆိုင်ရ ပါတယ်။ ဒါတောင်
ရန်ကုန်မြို့လိုနေရာမှာ မီးနဲ့သင်္ဂြိဟ်တာဖြစ်တဲ့အတွက် မပိုင်လိုက်ရပါဘူး။
တစ်ခုရှိတာက သူရဲ့ကိုယ်ကျင့်တရားတွေ၊ သူ့ရဲ့လုပ်ဆောင်ချက်တွေကတော့
ကောင်းရင်ကောင်းသလို၊ မကောင်းရင် မကောင်းသလို အကျိုးပေးချိန်တန်ရင်
အကျိုးပေးဖို့အတွက် သူယူဆောင်သွားနိုင်မှာဖြစ်ပါတယ်။ ဒါနဲ့
ပတ်သက်ပြီးတော့ ပါချုပ် ဆရာတော်ကြီးက ဓမ္မအမြင်နဲ့ သုံးသပ်ပြသွားတာလေးလည်း
သိထားသင့်တဲ့အတွက် ပြန်လည်ပြီးတော့ ဖောက်သည် ချလိုပါတယ်။
        (၁) ဘဝဆိုတာ မကောင်းတဲ့ဆီကို တွန်းပို့တာ ခံနေရတာ။ အခြေအနေက
တည်ငြိမ်နေတာ မဟုတ်ဘူး။
        (၂) အဲဒီလိုတွန်းပို့ ခံနေရတဲ့ မတည်ငြိမ်တဲ့ ဘဝကြီးမှာ ကာကွယ်နိုင်သူ
အုပ်ချုပ်နိုင်သူ မရှိဘူး။ အကာ အကွယ်မဲ့နေတယ်။
        (၃) ဘဝကြီးမှာ ပိုင်ဆိုင်တယ်ဆိုတာ တစ်ခုမှ မရှိဘူး။ အားလုံးထားခဲ့ရမှာဖြစ်တယ်။
        (၄) ဘဝကြီးဟာ အမြဲတမ်း လိုပြီးတော့ နေတယ်။ ဘယ်တော့မှ ရောင့်ရဲ
တင်းတိမ်တယ်ဆိုတာ မရှိဘူး။
        (၅) တို့ဟာ တဏှာရဲ့ ကျွန်တွေဖြစ်နေကြတယ်။ ဒီလိုမြင်မှ၊
သုံးသပ်ဆင်ခြင်နိုင်မှ ဓမ္မအမြင်နဲ့ မြင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
        မှန်ပါတယ်။ လူသားဘဝတွေဟာ အမြဲတမ်း လှုပ်ခတ်နေတာ။ တည်ငြိမ်နေတယ်လို့ကို
မရှိဘူး။ ဟိုမှာ၊ ဒီမှာ အဖြစ်အပျက်တွေက တန်းစီနေခဲ့တယ်။
အကြောင်းအရာပေါင်းစုံအနေနဲ့ နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေခဲ့ရတယ်။
ကြားနေခဲ့ရတယ်။ ဒီလို ကြားတဲ့သတင်းတွေ၊ အဖြစ်အပျက်တွေနဲ့ လှုပ်ခတ်မှုတွေကို
ထပ်မံပြီးတော့ နောက်ကျုသွား အောင်အောင် လူသားတွေဟာ လောဘ၊ ဒေါသ၊
မောဟဆိုတဲ့ ကိလေသာဆိုးရည်တွေကို ပျော်ပျော်ကြီး သွန်းလောင်း
နေခဲ့ပြီးတော့ မေ့နေခဲ့ကြတယ်။
        ပြန်အနှစ်ချုပ်ကြည့်ရရင် ပုထုဇဉ်လူသားတိုင်းဟာ
လောဘနဲ့မကင်းနိုင်တဲ့အတွက် လိုချင်တာဟာ အပြစ်လို့ မဆိုချင်ပါဘူး။
သို့သော်လည်း ဒီလိုချင်မှုကို အကောင်အထည်ဖော်တဲ့အခါမှာတော့
ကောင်းမွန်တဲ့အကောင်အထည် ဖော်နည်းနဲ့ ရယူနိုင်ပြီးတော့ လောဘကိုလည်း
အတောသတ်နိုင်သူများဖြစ်စေဖို့ လူငယ်လေးတွေကို အဓိကထားပြီး တော့
မောင်မင်းစိုး
အတွဲ ၂၊ အမှတ် 16 2015
Myanmar Review ဂျာနယ်။
Wednesday, October 14, 2015
လူငယ်နှင့် အာရုံ
    အသက်ရှိတဲ့သတ္တဝါတိုင်းဟာ အာရုံတစ်ခုခုပေါ်မှာ တည်မှီနေကြရပါတယ်။ အာရုံတစ်ခုခုကို အမြဲတမ်း ဆုပ်ကိုင်ထားပြီးတော့ နေထိုင်ကြရပါတယ်။ အာရုံနဲ့ကင်းကွာပြီးတော့ မနေခဲ့ကြပါဘူး။ ဆိုတော့ အာရုံဆိုတာ အကြမ်းအားဖြင့်တော့ လောကီအာရုံ (၅)ပါးပါပဲ။ အဆင်းအပေါ် တက်မက်ကြတယ်။ အသံပေါ် တက်မက်ကြတယ်။ အနံ့ပေါ် တက်မယ်ကြတယ်။ အရသာပေါ် တက်မက်ကြတယ်။ အထိအတွေ့အပေါ်မှာ တက်မက်ကြတယ်။ ဆိုတော့ ဒီအာရုံငါးပါးထဲကနေ တစ်ခုခုသောအာရုံကို အမှီပြုပြီးတော့ နေထိုင်ခဲ့ကြပါတယ်။
    ကောင်းတဲ့အာရုံအဖြစ် လှတာလေးတွေမြင်ရတော့ လှတဲ့အာရုံအပေါ် တက်မက်စွဲလန်းပြီး စိတ်ကို လွှတ်ချပစ်လိုက်ပြီးတော့ အဲဒီအာရုံနောက်ကို တစိုက်မတ်မတ် လိုက်ခဲ့ကြပါတယ်။ မရ ရအောင်ယူမယ်လို့ ဆုံးဖြတ်ချက် ချပြီးတော့ လိုချင်တဲ့အာရုံရဲ့ မာယာကျော့ကွင်းအောက် နစ်မြှပ်သွားခဲ့ရင်း ကောင်း၊ မကောင်းဆိုတာ သိပ်ပြီးတော့  တွေးတောမနေတော့ဘဲ လုပ်ဖြစ်လိုက်တတ်ကြတယ်။ ဒီတော့ မဖြစ်သင့်တာတွေလည်း တန်းစီပြီးတော့ ဖြစ်ပေါ် လာခဲ့တော့တယ်။
    ငယ်ငယ်က လူကြီးတွေ ဆုံးမတဲ့စကားတစ်ခွန်းရှိတယ်။ လှတာ မက်ရင် ညစာခက်မယ်ဆိုတဲ့စကားပါ။ နောက် ရှိသေးတယ်။ ရုပ်က စားလို့မှမရတာ ဘာဖြစ်လို့ဒီလောက် စွဲလန်းနေခဲ့ရတာလဲဆိုတဲ့ စကားလေးတွေပါ။ မှန်ပါတယ်။ ဒါပေမယ့် ပုထုဇဉ်လူသားများပီပီ အလှအပကိုတော့ မက်မောတတ်ကြပါတယ်။ လှတာလေးတွေ တွေ့ရင်လည်း လိုချင်တတ်ကြပါတယ်။ ဒါဟာ ပုထုဇဉ်မှန်ရင် ဖြစ်တတ်တဲ့သဘာဝတစ်ခုပါပဲ။ ဒါပေမယ့် စဉ်းစား ဖို့တော့ တိုက်တွန်းချင်ပါတယ်။ အကျိုးရှိ မရှိ၊ ကောင်း မကောင်းဆိုတာတွေကိုပေါ့။ အလှမက်လွန်းပြီးတော့ ဓားစာခံဖြစ်ခဲ့ရတာတွေလည်း မကြာခဏဆိုသလို ကြားနေခဲ့ရပါတယ်။ ဟိုတလောလေးက လူငယ်တစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ အဲဒါလေးကို ပြန်လည်ပြီးတော့ ပြောပြချင်ပါတယ်။
     အခုခေတ်လူငယ်တွေက သိပ်ပြီးတော့ မစဉ်းစားကြဘူးတဲ့။ ပိုဆိုးတာက မိန်းကလေးတွေပဲ။ ဘာဖြစ်လို့ လဲဆိုတော့ ကိုယ်နဲ့ဘာမှန်းမသိသေးတဲ့ ကောင်လေးတွေနဲ့ လိုင်းပေါ်မှာခင်၊ အပြင်မှာ ခဏချိန်းတွေ့၊ ဒီအထိက ပြဿနာမဟုတ်သေးဘူး။ ဓာတ်ပုံကို ပို့စ်အမျိုးမျိုးပေးပြီး တွဲရိုက်ကြတယ်။ ဓာတ်ပုံရိုက်တဲ့အထိလည်း ခွင့်လွှတ်လို့ ရပါသေးတယ်။ ဒါပေမယ့် အဲဒီပုံတွေကို လူမှုကွန်ယက် လိုနေရာမျိုးမှာ တင်ပစ်လိုက်ကြတယ်။ နောက် အကြောင်း တစ်ခုခုနဲ့ သဘောထား မတိုက်ဆိုင်တော့ အဲဒီပုံတွေက ဓားစာခံဖြစ်ပြီးတော့ နောက်ဆုံး အရှက်ခွဲခံရတဲ့အနေအထား အထိ ရောက်သွားခဲ့ရတာမျိုးတွေ မကြာခဏဆိုသလို တွေ့နေခဲ့ရတယ်တဲ့။
    ဟုတ်ပါတယ်။ သူပြောသလို ဟိုတလောလေးကပဲ မိန်းကလေးအနေနဲ့ နောက်တစ်ယောက်နဲ့တွဲတာကို သိတော့ အရင်ရည်းစားဟောင်းက ဟိုတုန်းကသူနဲ့အတူ နေခဲ့တာတွေ၊ ပုံသဏ္ဍာန်အမျိုးမျိုးတွေကို လူမှုကွန်ယက်ပေါ် တင်လိုက်ပြီးတော့ အတိတ်ကို ပြန်လည်တူးဖော်လိုက်ပါတယ်။ ဒီတော့ မဖြစ်သင့်တာတွေ ဖြစ်တော့တာပဲ။ ဒီပို့စ် အောက်မှာလည်း အမျိုးမျိုး ကွန်မန့်တွေ တွေ့လိုက်ရပါတယ်။ တချို့က ကလေးမလေးဘက်ကနေ မခံနိုင်လို့ ရေးကြတယ်။ တချို့ကျပြန်တော့ ဘာမှန်းမသိဘဲနဲ့ ပုံတွေကို လူမှုကွန်ယက်ပေါ်တင်ခဲ့တဲ့ ကလေးမလေးကို အပြစ် တင်ကြတယ်။ နှစ်ယောက်စလုံးကလည်း လူငယ်စိတ်နဲ့ တင်ခဲ့ကြတာဖြစ်ပါလိမ့်မယ်။ ရုပ်ရည်သန့်သန့်နဲ့ ချစ်စရာ လူငယ်လေးတွေပါ။ ဒါပေမယ့် ဘာမှမဖြစ်ခင် နောက်ဆိုဒီလိုပုံတွေကို လူမှုကွန်ယက်ပေါ် မတင်မိဖို့တော့ အထူးသတိ ထားရပါလိမ့်မယ်။ ပျော်တတ်တာ၊ ပွင့်လင်းတာ လူငယ်ဘာဝဆိုပေမယ့် အခန့်မသင့်ရင် အဲဒါတွေက ကိုယ့်ကိုယ် ပြန်လည်ပြီးတော့ ဒုက္ခပေးတတ်ပါတယ်။
    ထိုနည်းတူစွာပါ၊ အသံလေး သာယာလို့ဆိုပြီး ချစ်ခင်စွဲလန်းမှုတွေ၊ နူးညံ့တဲ့အထိအတွေ့လေးရှိလို့ဆိုပြီး တက်မက်စွဲလန်းမှုတွေစသဖြင့် အာရုံငါးပါးကတော့ မနက်မိုးလင်းကတည်းကနေ ညဘက်အိပ်တန်းဝင်ချိန်အထိဆိုသလို  ပုံစံအမျိုးမျိုးနဲ့ မြူဆွယ်နေခဲ့ပါတယ်။ ဒါကို သတိထားပြီးတော့ အသိÓာဏ်နဲ့ ထိန်းချုပ်သွားဖို့တော့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ စိတ်ကို လွှတ်ချလိုက်ပြီးတော့ အာရုံတွေရဲ့ ဆွဲငင်ရာ၊ ဆွဲခေါ်ရာနောက်ကို သတိမထားမိဘဲ လိုက်နေခဲ့မယ်ဆိုရင်တော့ မဖြစ်သင့်တာတွေက တန်းစီပြီးတော့ ဝင်ရောက်လာနိုင်ပါတယ်။
    ဆိုတော့ အာရုံတွေနဲ့ ကင်းကွာပြီးတော့ လူသားများရဲ့ စိတ်တွေဟာ မဖြစ်ဘူးဆိုပေမယ့် ကောင်းမွန်တဲ့ အာရုံတွေမှာ စိတ်ကိုတည်ဆောက်နိုင်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ အာရုံကတော့ အထက်ကပြောခဲ့သလို ပြင်းအားကြီးတဲ့ အာရုံငါးပါးရှိသလို စိတ်ကို နူးညံအောင် သိမ်မွေ့အောင် မွန်မြတ်အောင် ဆောက်တည်ပေးနိုင်တဲ့ ကောင်းမွန်တဲ့အာရုံတွေလည်း ရှိနေခဲ့ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့အာရုံပေါ်မှာ စိတ်ကိုတည်ဆောက်ပြီးတော့ ကောင်းမွန်တဲ့အာရုံလေးတွေနဲ့ နေထိုင်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာ ခုနကပြောခဲ့တဲ့ သတိတရားဟာ အရေးကြီးပါတယ်။ ဒီသတိတရားဟာ အသိနဲ့ယှဉ်ပြီးတော့ နှလုံးသွင်းကောင်းမယ်ဆိုရင်တော့ အာရုံကောင်းတွေနဲ့ ဘဝဟာ စိုပြေနေမှာဖြစ်ပါတယ်။
    ဆိုတော့ အဓိကအနေနဲ့တော့ ယောနိသော မနသိကာရဆိုတဲ့ နှလုံးသွင်းကောင်းဖို့၊ စိတ်ထားကောင်းဖို့၊ စိတ်ထားတတ်ဖို့ အရေးကြီးပါတယ်။ လူတွေသုံးနေကျစကားတစ်ခွန်းရှိပါတယ်။ ရှိတာလေးနဲ့ ရောင့်ရဲပါဆိုတဲ့စကား ပါပဲ။ ဒါကတော့ မင်္ဂလာတရားတော်က သန္တုဋ္ဌီ-ဆိုတဲ့ မင်္ဂလာတစ်ပါးပါပဲ။ ကိုယ့်မှာ မရှိဘဲနဲ့ ဟိုဟာလည်း လှလို့၊ သာယာလို့၊ မွှေးလို့၊ နူးညံ့လို့ လိုချင်လိုက်တာဆိုပြီး မဖြစ်ဖြစ်အောင်၊ မရ ရအောင် လုပ်နေရရင် စိတ်လည်း အရမ်း ပင်ပန်းလှပါတယ်။ ခက်တာက နောက်ဆုံးဒီအာရုံတွေကြောင့်ပဲ ကိုယ့်စိတ်ကို မတည်ဆောက်နိုင်ဘဲ၊ မရောင့် ရဲနိုင်ဘဲ ရရင်ပြီးရော့ပုံစံနဲ့ တရားသည်၊ မတရားသည် သိပ်ပြီးတော့ တွေးမနေဘဲ မလုပ်သင့်တာတွေ၊ မပြုသင့် တာတွေ၊ မပြောသင့်တာတွေကို လုပ်မိ၊ ပြုမိ၊ ပြောမိလိုက်ကြရင်း ကောင်းမွန်လှတဲ့ ပင်ကိုယ်စိတ်ရင်းလေးကို အာရုံတွေအတွက် ထိုးကျွေးပစ်လိုက်တတ်ကြတယ်။ ရရှိလိုက်တဲ့ အကျိုးတရားက မကောင်းမှုတွေတန်းစီနေခဲ့တော့ တာပေါ့။
    အထက်က ပြောခဲ့သလိုပေါ့။ အကျိုးပေးချိန်မတန်သေးလို့ မပေးသေးတာပါ။ ဒီအကျိုးကိုလည်း ပေးဖို့အတွက် ကိုယ်လုပ်ထားတဲ့ကံတွေက ကိုယ့်ရဲ့ပျော့ကွက်၊ ဟာကွက်ကို စောင့်နေခဲ့တယ်လို့ မှတ်သားရပါလိမ့်မယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ ဒီလိုမျိုး အာရုံငါးပါးရဲ့ လှည့်ဖြားမှု၊ သွေးဆောင်မှုတွေကြောင့် တစ်နေ့တစ်မျိုး မရိုးနိုင်အောင် သိမ်းသွင်းခံနေခဲ့ရပါတယ်။ ဒါကို သတိထားပြီး ကိုယ့်ကိုယ်ကို စောင့်ကြည့်ပြီးတော့ ထိန်းသိမ်းနိုင်ဖို့ လိုအပ်ပါတယ်။ တဒင်္ဂသာယာမှုတွေကိုလည်း မမေ့လိုက်ပါနဲ့။ တဒင်္ဂသာယာမှုအတွက် အညွန့်တလူလူ တက်နေမယ့် လူငယ်စိတ်တွေကို စိတ်လိုက်မာန်ပါ ထိုးမကျွေးလိုက်ပါနဲ့။ လူငယ်တွေရဲ့ အားတွေဟာ ကမ္ဘာကြီးအတွက် များစွာလိုအပ်ပါတယ်။ လိုအပ်နေတဲ့ ကမ္ဘာကြီးကို လက်ကမ်းဖို့၊ ဖားထေးဖို့၊ ပြုပြင်ဖို့၊ ထိန်းသိမ်းဖို့အတွက် ကောင်းမွန်တဲ့ အာရုံတွေကို အမှီပြုပြီးတော့ လှပတဲ့လူသားအဖြစ် ဖန်တီးနိုင်ဖို့၊ ပုံဖော်နိုင်ဖို့ မိမိတို့ရဲ့စိတ်ကလေးတွေကို မကောင်းတဲ့ အာရုံတွေရဲ့ လှည့်ဖြားမှု၊ ဆွဲဆောင်မှု၊ သိမ်းသွင်းမှုအောက်ကနေ ရုန်းထွက်နိုင်ကြပါစေကြောင်း။
မောင်မင်းစိုး
အတွဲ ၂၊ အမှတ်  ၁၅၊ ၂ဝ၁၅၊
The Myanmar Review ဂျာနယ်
Tuesday, October 6, 2015
လူငယ်နှင့် အသိစိတ်ဓာတ်
    အခုတလော နိုင်ငံအဝှမ်း ရေဘေးသင့်ပြည်သူတွေရဲ့ ဒုက္ခပုံရိပ်တွေက သတင်းမီဒီယာများနှင့် အွန်လိုင်း တစ်ခုလုံးမှာ နေရာယူထားခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်ရဲ့ နှိပ်စက်မှုကြောင့် နဂိုကဆင်းရဲလှတဲ့ ပြည်သူတွေ လည်း တစ်ပူပေါ် တစ်ပူဆင့်ဆိုသလိုဖြစ်နေခဲ့ပါတယ်။ အဆိုးထဲက အကောင်းရှာဆိုသလို ဒီလိုပြည်သူတွေအနေနဲ့ ဘေးအန္တရာယ်ကျရောက်နေချိန်မှာ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်လာတာ အရမ်းပဲအားကျကျေနပ်စရာ ကောင်းလှပါတယ်။
    ပရဟိတအဖွဲ့အစည်းတွေလည်း တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပြီးတော့ တကယ်ဒုက္ခရောက်နေတဲ့ လူထု ထံကို ပင်ပန်းခက်ခဲစွာ သွားရောက်ပြီး ကူညီကြတာဟာ အားလုံးအသိဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင်လည်း တတ် နိုင်သလောက်တော့ ကူညီနေကြပါတယ်။ တကယ်တော့ တစ်နိုင်ငံလုံးမှာ ကျရောက်နေတာဖြစ်တဲ့အတွက် ထိထိ ရောက်ရောက် ကူညီမှုမရခဲ့တဲ့ နေရာတွေလည်း များစွာကျန်နေဦးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ရေထဲမှာ ရုန်းကန်နေခဲ့ကြရတဲ့ ပြည်သူလူထုရဲ့ စား ဝတ် နေရေးအတွက် ကူညီပေးကြရမှာဖြစ်ပါတယ်။ ဒီပြဿနာရဲ့ နောက်ဆက်တွဲတွေလည်း များစွာ ကျန်နေခဲ့မှာ ဖြစ်ပါတယ်။
    ဥပမာ-အနာရောဂါတွေ၊ ဝမ်းပျက် ဝမ်းလျှောတွေ၊ နေရာထိုင်ခင်းတွေ၊ လုပ်ငန်းခွင်အတွက် အသုံးစရိတ် တွေ၊ ကုန်ဈေးနှုန်းမြင့်တက်လာမှုတွေ စသဖြင့်များစွာပဲ လိုအပ်နေဦးမှာဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးအတွက် အစိုးရရော၊ ပြည်သူရော ဝိုင်းဝန်းပြီး ကူညီမှသာ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ ရေကတော့ အချိန်ကျရင်တော့ ကျသွားမှာ ဖြစ်ပါတယ်။ ရေကျမှုနဲ့အတူ စိတ်ဓာတ်ကျမှုတွေလည်း ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် အားလုံးအနေနဲ့ လက်တွဲပြီးတော့ ပြန်လည်ထူထောင်ရေးအတွက် ဝိုင်းဝန်းကူညီနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဖွဲမီးလိုတစ်ခဏချင်း ဝုန်းခနဲ တောက်ပြီးတော့ ပြန်လည်ထူထောင်ရေးအတွက် လျစ်လျူရှုထားကြမယ်ဆိုရင်တော့ အမှန်တကယ် ခံစား နေခဲ့ရတဲ့ ပြည်သူတွေအနေနဲ့ ဆင်းရဲတွင်းက နက်ပြီးရင်း နက်နေဦးမှာ ဖြစ်ပါတယ်။
    နောက်တစ်ချက် ပရဟိတဆိုတဲ့ ကူညီကယ်ဆယ်ရေးတွေအနေနဲ့ ထပ်မံပြီးတော့ ကြားနေရတဲ့ သတင်း တွေလည်း ရှိနေခဲ့ရပါတယ်။ ဒါကတော့ လုပ်စားနေသူများပါ။ နာမည်ကြီးသူတစ်ဦးရဲ့ နာမည်ကို အလွဲသုံးစား လုပ်ပြီးတော့ အလှူငွေဖြတ်ပိုင်းတွေနဲ့ အလှူခံနေတာတွေ၊ နောက်ပြီးတော့ လမ်းတွေပေါ်မှာလည်း အလှူခံပြီးတော့ ရရှိလာတဲ့ ငွေကြေးတွေကို အရက်ဆိုင်သွားပြီး သောက်ပစ်တာတွေ၊ နောက် အဖွဲ့အစည်းတွင်းမှာလည်း ငွေတွေ ကိုမြင်ပြီးတော့ အဖွဲ့အစည်းထဲကနေ ခွဲထွက်ပြီး ကိုယ်ပိုင်ပရဟိတဖောင်ဒေးရှင်းဆိုပြီး အလွဲသုံးစားလုပ်တာတွေ ကိုလည်း ကြားသိနေခဲ့ရပါတယ်။ ဒါတွေဟာ မဖြစ်သင့်တဲ့ ကိစ္စရပ်တွေပါပဲ။
    နောက်တစ်ချက် ဒုက္ခသည်စခန်းတွေ ပိတ်ခိုင်းတယ်ဆိုတဲ့ သတင်းစကားလည်း ကြားခဲ့ရပြန်ပါတယ်။ အမှန်တကယ် စွမ်းစွမ်းတမံလုပ်နေတဲ့ ကူညီထောက်ပံ့ရေး၊ ဒုက္ခသည်စခန်းတွေကို ပိတ်ခိုင်းတာဟာလည်း မဖြစ် သင့်ပါဘူး။ ဒီအချိန်မှာ တကယ်လုပ်ရင် ဖွင့်ပေးထားဖို့ လိုအပ်ပါတယ်။ သူတို့ကသာ ဒေသခံများဖြစ်တဲ့အတွက် တကယ် လိုအပ်တဲ့နေရာတွေရဲ့ အခြေအနေတွေကို သိမှာဖြစ်ပါတယ်။ ပိတ်ခိုင်းရတဲ့အကြောင်းပြချက်ကတော့ အဖွဲ့များနေတဲ့အတွက် မထိရောက်လို့၊ နောက်ပြီး ဒီလိုအဖွဲ့များနေရင် မြို့ရဲ့ဂုဏ်သိက္ခာလည်း ကျဆင်းရတယ်ဆိုတဲ့ အကြောင်း ပြချက်တွေကြောင့် ပိတ်ခိုင်းတယ်လို့ သိရပါတယ်။
    အားလုံးကတော့ လူသားအသိစိတ်ဓာတ်နဲ့ တကယ်လိုအပ်နေလို့ ဝိုင်းဝန်းပြီးတော့ ကူညီနေကြတာဖြစ်တဲ့ အတွက် အခုလို မဖြစ်သင့်တာတွေ၊ မလုပ်သင့်တာတွေ လုပ်ဆောင်လာခြင်းဟာ အလွန်မှပဲ စိတ်ဓာတ်အောက် တန်းကျနေကြလို့ ဖြစ်ပါလိမ့်မယ်။ ပရဟိတနဲ့ ပတ်သက်ပြီးတော့ နောက်လည်းဘာမှမမြင်နိုင်သေးတဲ့ ဘေးအပေါင်း ကလည်း ဆီးကြိုနေခဲ့ပါလိမ့်မယ်။ ဒါကြောင့် လူသားအသိစိတ်ဓာတ်နဲ့ အားလုံးဝိုင်းဝန်းကြဖို့ လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် ပရဟိတဆိုတဲ့ အများအကျိုးပြုလုပ်ဆောင်ချက်လေးတွေကို တင်ပြချင်ပါတယ်။
    ပရဟိတ-ပရ-သူတစ်ပါး၏၊ ဟိတ-အကျိုးစီးပွား။ သူတစ်ပါးကောင်းကျိုးအတွက် လုပ်ဆောင်တဲ့လုပ်ငန်း ဟာ ပရဟိတလုပ်ငန်းပါ။ မြန်မာမှုပြုရမယ်ဆိုရင်တော့ အများအကျိုးပြုလုပ်ငန်းလုပ်ဆောင်ခြင်းလို့ ဆိုရမှာဖြစ်ပါတယ်။ တကယ်တော့ ပရဟိတဆိုတာ လူသားအသိစိတ်ဓာတ်ရှိသူ မှန်သမျှ လူမျိုး၊ ဘာသာမရွေး လုပ်ဆောင်ရမယ့်၊ လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို ပရဟိတလုပ်ခြင်းလို့ ဆိုရမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပရဟိတလို့ဆိုတဲ့ လူသားအကျိုးပြုလုပ်ငန်းတွေကို ဖောင်ဒေးရှင်းတွေ ထောင်ပြီးတော့ အသင်းအဖွဲ့ပေါင်းများစွာ လုပ်ဆောင်နေခဲ့ကြတာ များစွာပဲ တွေ့နေခဲ့ရပါတယ်။
    မြတ်စွာဘုရားရှင်ဟာ လေးအင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီတွေ ဖြည့်ကျင့်ခဲ့တာဟာ မိမိအတွက်မဟုတ်။ မိမိအတွက်ဆိုရင် ဒီပင်္ကရာမြတ်စွာဘုရားရှင်ရဲ့ လက်ထက်တော်မှာ တစ်ကိုယ်တည်း ကိုယ်လွတ် ရုန်းသွားနိုင်ပါတယ်။ ဒါပေမယ့် မြတ်ဗုဒ္ဓဟာ ကိုယ်လွတ်ရုန်းမသွားခဲ့။ ဒါဟာ မြင့်မြတ်သူများရဲ့ စိတ်ထားဖြစ်ပါတယ်။
    ''ဗုဒ္ဓေါ ဗောဓေယျံ၊ မုတ္တော မောစေယျံ၊ တိဏ္ဏော တာရေယျံ''ဆိုတဲ့အတိုင်း ဝေနေယျများစွာရဲ့ အစီးအပွား ကို ငဲ့တဲ့အနေနဲ့ အသက်၊ သွေး၊ ချွေးစတာတွေကို ပဓာနမထားဘဲ အများအတွက် အကျိုးရှိမယ်ဆိုရင် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ သူတော်ကောင်း စိတ်ဓာတ်အပြည့်နဲ့ ထမ်းဆောင်ခဲ့ပါတယ်။
    စာပေမှာတော့ မိမိအတွက်ရော၊ သူတစ်ပါးအတွက်ရော ဘာတစ်ခုမှမလုပ်ရင်တော့ လူဖြစ်လာခဲ့ပေမယ့် လူဖြစ်ရကျိုးမနပ်သူ၊  လောက, ဓမ္မ နှစ်ဌာနတို့မှာ ဘာမှ မသိမမြင်နားမလည်ဘဲ ကန်းနေသူလို့ဆိုပါတယ်။
    အချို့ကတော့ မိမိအကျိုးကိုတော့ စွမ်းစွမ်းတမံ ပြုလုပ်ဆောင်ရွက်ပါတယ်။ ဒါပေမယ့် ကိုယ်သိထားတဲ့၊ ရှာထားတဲ့ ပညာ ဗဟုသုတ၊ စီးပွားဥစ္စာများကို အခြားသူတစ်ပါးကောင်းကျိုးအတွက် ဘာတစ်ခုမှ မစွမ်းဆောင်ခဲ့ရင်တော့ လောက,ဓမ္မ နှစ်ဌာနတို့မှာ မျက်စိတစ်ဖက်ကမ်းသူအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။
    အတ္တ, ပရ နှစ်ခုစလုံးကို မျှမျှတတ စွမ်းဆောင်နိုင်သူကိုတော့ ပညာမျက်စိနှစ်မျိုးစလုံးရှိသူအဖြစ် သတ် မှတ်ရပါလိမ့်မယ်တဲ့။ ဒီအတွက် လူသားတိုင်းအနေနဲ့ မိမိစွမ်းဆောင်နိုင်သည့် နယ်ပယ်ကနေ လိုအပ်နေတဲ့ ကွက်လပ်များကို လူတိုင်းကိုယ်စီ ကိုယ့်အသိစိတ်ဓာတ်နဲ့ နိုင်ရာတာဝန်ထမ်းပြီးတော့ ဖြည့်ဆည်းပေးဖို့ အထူးပဲ လို အပ်နေပါလိမ့်မယ်။
    တကယ်တော့ ပရဟိတလုပ်ငန်းဆိုတာ လူသားတစ်ယောက်အနေနဲ့ လူသားပီသဖို့အတွက် အတိုင်း အတာခံရာမှာ အရေးကြီးတဲ့ အချက်တစ်ခုလို့ ဆိုချင်ပါတယ်။  လူသားတစ်ယောက်အနေနဲ့ လူ့အဖြစ်ကို ရရှိခဲ့ခြင်းဟာ ပေးဆပ်မှုများနဲ့ အသက်ရှင်သန်နေမှသာ ပိုမိုတောက်ပနေတဲ့ ဘဝပုံရိပ်ကို အကောင်အထည်ဖော်ခြင်း ဖြစ်ပါ လိမ့်မယ်။
     ဒါပေမယ့် ဒီနေရာမှာ ပရဟိတဆိုသူများအနေဖြင့် ဆန်းစစ်သင့်ပါတယ်။  အချို့သော ပရဟိတအမည်ခံ သမားများအနေနဲ့ အများအကျိုးပြုလုပ်ငန်းဟု ခေါင်းစဉ်တပ်ထားပြီးတော့ မိမိအကျိုးအတွက် ဦးလည်သွားတတ်ပါတယ်။ ဒါဟာ အောက်တန်းကျသော၊ မကောင်းသော၊ ဆိုးရွားသော၊ မှားယွင်းသော လုပ်ရပ်ဖြစ်ပါတယ်။
    ဒါကြောင့် ယခုလိုမဖြစ်အောင်ဆိုရင်တော့ မိမိကိုယ်တိုင်အနေနဲ့ အသိဥာဏ်၊ လူသားအရင်းအမြစ်၊ စွမ်းအား၊ စီးပွားဥစ္စာပြည့်စုံအောင် အရင်ရှာထားခြင်း၊ ဆည်းပူးထားခြင်းစတာတွေနဲ့ ပြည့်စုံအောင်လုပ်ဆောင်ထားမှသာ ပိုမိုပြီးတော့ ပရဟိတအကျိုးကို ပုံဖော် ထုဆစ်နိုင်ပါလိမ့်မယ်။ ဆိုလိုသည်မှာ မိမိအကျိုးကိုလည်း လုပ်ဆောင်ပါ။ သူတစ်ပါးအကျိုးကိုလည်း လုပ်ဆောင်ပါဟု ဆိုရမှာဖြစ်ပါတယ်။ ကိုယ်တိုင်တည်ဆောက်ထားပြီးတဲ့ အသိစိတ် ဓာတ်နဲ့ လိုအပ်ချက်များကို ကူညီဖြည့်ဆီးနိုင်ကြပါစေကြောင်း တိုက်တွန်းလိုက်ရပါတယ်။
မောင်မင်းစိုး
အတွဲ ၂၊ အမှတ်  ၁၂၊ ၂ဝ၁၅၊
Myanmar Review ဂျာနယ်
လူငယ်နှင့် မိသားစု
 မိသားစုကိစ္စနဲ့ပတ်သက်ပြီးတော့ လူငယ်တွေအနေနဲ့ မိမိထံ ရင်ဖွင့်ကြတယ်။ ဒါကတော့ သားသမီးနဲ့ မိဘတွေရဲ့ ဆက်ဆံရေးပါပဲ။ အထူးသဖြင့်တော့ သူတို့အမြင်မှာ ဘက်လိုက်တဲ့ကိစ္စအဖြစ် သတ်မှတ်ပြီးတော့ ရင် ဖွင့်ကြခြင်းလည်းဖြစ်ပါတယ်။ အမှန်ကတော့ မိဘတွေအနေနဲ့ သားသမီးတွေအပေါ်မှာ ကောင်းရင်ကောင်းသလို၊ ဆိုးရင်လည်း ဆိုးသလို ချစ်ကြတာပါပဲ။ ဒါပေမယ့် တစ်ခုသတိထားမိတာက အမေဖြစ်သူတွေက သားသမီးတွေ ထဲမှာတော့ သားကိုအရေးပေးတတ်တာတွေ ရှိတတ်တယ်။ ဆိုတော့ သမီးလုပ်သူက အမေကိုအမြင်မကြည်လင်မှု တွေ ရှိလာပြီးတော့ မကျေနပ်မှုတွေ ဖြစ်လာမိကြတယ်။
    ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သူတို့ကိုပြန်လည်ပြီးတော့ ဆွေးနွေးပေးရပါတယ်။ အမှန်ကတော့ မိဘဆိုတာ အထက်ကပြောခဲ့သလို သားသမီးတိုင်းကိုတော့ ချစ်ကြပါတယ်။ ဒါပေမယ့် သားတွေအပေါ်မှာ ပိုတယ်လို့ထင်ပြီးတော့ သမီးဖြစ်သူတွေက မိဘဖြစ်သူ အထူးသဖြင့်တော့ အမေကိုပြန်လည်ပြီးတော့ ပြောဆိုမိတာတွေ ရှိတတ်ကြတယ်။ အမေကိုတော့ မပစ်မှားဖို့တော့ အမြဲတန်းလိုလို ဆုံးမဖြစ်ပါတယ်။ သားနဲ့သမီးမှာလည်း များသောအားဖြင့် သားက သမီးထက်စာရင် ဆိုးတာမျိုးတွေ ရှိပါတယ်။ ဒီတော့ ဆိုးရင်လည်း ငါ့သားလေးတစ်ခုခုဖြစ်မှာဆိုတဲ့အတွေးနဲ့ မိဘ လုပ်သူက ပိုပြီးသတိထားပြီးတော့ အတတ်နိုင်ဆုံးအနေနဲ့ စိတ်ချမ်းသာအောင် ထားချင်တာကြောင့် ဘက်လိုက်တဲ့ အနေအထားမျိုး ဖြစ်သွားရခြင်းလို့ ထင်ပါတယ်။
    ဒီတော့ မိသားစုမှာ စိတ်ချမ်းသာဖို့ဆိုရင်တော့ အမြဲတန်းလိုလို တိုင်တိုင်ပင်ပင် ဆွေးဆွေးနွေးနွေး ရှိဖို့တော့ လိုအပ်ပါတယ်။ နောက်ပြီးတော့ ပွင့်လင်းမှုတွေလည်းရှိဖို့ လိုအပ်ပါတယ်။ ဘယ်သူ့ကိုသာစေ နာစေဆိုတာမျိုးတော့ မရှိရဘူးပေါ့။ မိဘတွေအနေနဲ့ ကိုင်တွယ်တတ်ဖို့ အရေးကြီးပါတယ်။ သားသမီးတွေအနေနဲ့လည်း ကိုယ့်အပေါ်လူလား မြောက်တဲ့အထိ ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ မိဘတွေအတွက် သားဆိုရင်လည်း အားကိုးရတဲ့ သားဖြစ်အောင် ကြိုးစားသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပြဿနာတွေနဲ့ အန္တရာယ်ပေးတဲ့ ကျားဖြစ်နေရင်တော့ မျှော်လင့်ရကျိုးမနပ် ဘူးပေါ့။ ထိုနည်းတူစွာပါပဲ သမီးတွေအနေနဲ့လည်း ထီးလိုအသုံးဝင်တဲ့ သမီးတွေဖြစ်ဖို့ အရေးကြီးပါတယ်။ နေပူလို့ ဖြစ်ဖြစ် မိုးရွာလို့ဖြစ်ဖြစ် မိဘတွေအတွက် အသုံးကျတဲ့ သမီးဖြစ်အောင် ပြုမူနေထိုင်သွားဖို့ပါပဲ။ ဒီလိုမှမဟုတ်ဘဲ မိဘတွေအတွက် အပူပေးမယ့် မီးလိုအမြဲတန်းပူလောင်နေတဲ့ သမီးတွေမဖြစ်ဖို့ အရေးကြီးပါတယ်။
     မိဘတွေအနေနဲ့ သားသမီးတွေကို ပြုစုပျိုးထောင်မှုဟာ နည်းလမ်းကျဖို့အတွက် နည်းဗျူဟာ ကျွမ်းကျင်နေရ ပါလိမ့်မယ်။ လိမ်မာတဲ့သားသမီးကို သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်အောင် ပထမဆုံးပြုစုပျိုးထောင်ရပါလိမ့်မယ်။ စိတ်ချသွားပြီဆိုရင်တော့ နောက်တစ်ယောက်အပေါ် စနစ်တကျ တည်ဆောက်ထားတဲ့ မိမိရဲ့သားသမီးတွေအတွက်  မသိမသာ အသားပေးပြီးတော့ ပြုပြင်ထိန်းသိမ်းနိုင်ရပါမယ်။ ဒီအခြေအနေဟာ အရေးကြီးပါတယ်။ သူတို့ဖြစ်ချင် တာတွေကို မဖြစ်ဖြစ်အောင် လိုက်လုပ်ပေးရင်း နောက်ဆုံး ဆိုးသွမ်းမှုဆီကို တွန်းပို့လိုက်တာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ သားတစ်ယောက်အပေါ်မှာ ထိုးတင်ရင်း မနိုင်တော့ဘဲ ဟိုဟာဆိုလည်း လုပ်ပေး၊ ဒီဟာဆိုလည်း လုပ်ပေးရင်း နောက်ဆုံး ချစ်သလိုလိုနဲ့ နှစ်သလိုလိုဖြစ်သွားတတ်ပါတယ်။ ဒါကိုတော့ အထူးသတိထားဖို့ လိုအပ်ပါတယ်။
    သာသနာမှာတော့ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ရဲ့ တပည့်သားတွေအပေါ်မှာ ဆုံးမပုံ၊ ပြုစုပျိုးထောင်ပုံဟာ ထင်ရှားပါတယ်။ အတုယူဖို့လည်း အလွန်ကောင်းပါတယ်။ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ချီးမွမ်းရ ပါတယ်။ သူတို့မှာ မိမိကိုယ်တိုင် သာသနာ့ဘောင်အတွင်းသို့ ရှင်ရဟန်းပြုလုပ်ပေးထားတဲ့ ကိုယ့်တပည့်ရင်းတွေ၊ အခြားဆရာသမားတွေရဲ့ တပည့်တွေအပေါ်မှာ တာဝန်ကျေအောင် ပြုစုပျိုးထောင်ကြရပါတယ်။ မိခင်တွေဟာ ကိုယ်ဝန်နဲ့ဆိုရင် သန္ဓေသားအတွက် အပူတွေ၊ အစပ်တွေ၊ အအေးတွေစသဖြင့် ရှောင်ကြဉ်ပြီးတော့ ဝမ်းတွင်းထဲမှာ ကတည်းက ကလေးအတွက် အနေအထိုင်၊ အသွားအလာစတာတွေကို ဆင်ခြင်နေထိုင်ရပါတယ်။ နောက်ဆုံး အပြင်ရောက်လာတဲ့အခါမှာလည်း ကလေးအတွက် လိုအပ်တာတွေကို မငြီးမငြူဘဲ လုပ်ပေးကြရပါတယ်။
    ထိုနည်းတူစွာပါပဲ၊ မထေရ်မြတ်ကြီးတို့ဟာလည်း မိမိထံမှောက်သို့ရောက်လာကြတဲ့ တပည့်သားတွေအတွက် လုံးပမ်းကြရပါတယ်။ သတိထားပြီးတော့ ပြုစုစောင့်ရှောက်ကြရပါတယ်။ ပစ္စယဓမ္မ နှစ်ဌာနနဲ့ ချီးမြှောက်ကြရပါတယ်။ တကယ်လို့ မနာမကျန်းဖြစ်ရင်လည်း ကိုယ်ဖိရင်ဖိ စောင့်ရှောက်ကြတယ်။ ဒီနေရာမှာ သူတို့ရဲ့နည်းလမ်းကတော့ ကမ္မဋ္ဌာန်းအလုပ်နဲ့ ပထမတပည့်ကို သောတာပန်ဖြစ်အောင် အရှင်သာရိပုတ္တရာက လုပ်ပေးပါတယ်။ ဒါဆိုသူ့တာဝန် ကျေပွန်ပြီးပေါ့။ သောတာပန်ဆိုရင် ကတိမြဲပြီ အပါယ်လည်းမကျတော့ဘူး။ ဘဝအာမခံချက်လည်း ရှိသွားပြီပေါ့။ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးကတော့ ဒီအတိုင်းရပ်မနေဘဲ ရှေ့ဆက်လုပ်ရမယ့် အထက်မဂ်တွေအတွက် ထပ်မံပြီးတော့ သွန်သင်ဆုံးမရင်း ပြုစုပျိုးထောင်ပေးပါတယ်။
    ဒီနေရာမှာတော့ နည်းနှစ်မျိုးကို သတိထားမိကြပါလိမ့်မယ်။ အရှင်သာရိပုတ္တရာကနည်းက သောတာပန် များများရရေးအတွက် အဓိကထားတယ်။ သူ့အနေနဲ့ တပည့်တစ်ပါးကို သောတာပန်ဖြစ်ရင် လက်လွှတ်လိုက်တယ်။ နောက်ထပ်တစ်ပါး သောတာပန်ဖြစ်ရေးအတွက် ကြိုးပမ်းတယ်။ ဘဝတစ်ခုအတွက် အာမခံလက်မှတ်ရတဲ့အထိ လုပ်ဆောင်ပေးလိုက်တာဖြစ်တဲ့အတွက် ဘဝအာမခံချက်သမားများများ ပေါ်ထွက်ရေးကို အဓိကထားပြီးတော့ ပြုစု ပျိုးထောင်တဲ့အတွက် သူ့ရဲ့ရည်ရွက်ချက်ဟာလည်း ကောင်းမွန်ပါတယ်။ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီး အနေနဲ့ အဲဒီလိုဘဝအာမခံချက် ရပြီးဖြစ်ပေမယ့် ရဟန်းကိစ္စများများ မြန်မြန်ပြီးမြောက်သွားအောင် ထပ်မံပြီးတော့ လုပ်ဆောင်တာဖြစ်တဲ့အတွက် ပိုမိုတိကျတဲ့ အထွဋ်ရောက်မယ့် နည်းလမ်းကို မောင်းနှင်တာဖြစ်တဲ့အတွက် သူ့လုပ် ရပ်ကတော့ အရိယာဖြစ်ရေးထက် မြန်မြန်ပြီးဆုံးရေးကို အရောက်ပို့ဆောင်တာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့နည်းလမ်း ပါပဲ။
    နားလည်အောင် မိသားစုနဲ့ ချီပြီးပြောရရင်တော့ သားသမီးနှစ်ယောက်မှာ ပထမဆုံး သမီးဖြစ်သူ၊ သားဖြစ် သူကို သူ့ဘဝအတွက် အာမခံချက်ရတဲ့အထိ ပညာရေး၊ စီးပွားရေးစတာတွေကို ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင် အောင် ပြုစုပျိုးထောင်ပေးတဲ့နည်းနဲ့ နောက်တစ်ခုကတော့ ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်သူကို ပိုမိုပြီးတော့ အသီးအပွင့်တွေ ဝေဆာသွားအောင် ဆထက်တိုးတက်အောင်မြင်အောင် ပြုစုပျိုးထောင်ပေးတဲ့ နည်းလို့ဆိုရမှာပေါ့။  ဆိုတော့ မိဘလုပ်သူအနေနဲ့ တာဝန်နှစ်ခု ခွဲခြားပြီးတော့ လုပ်နိုင်ရင်တော့ ကောင်းပါတယ်။ အမေက ပထမဆုံး သားသမီးတွေကို ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်အောင် အဓိကမောင်းနှင်ပြီးတော့ အဖေလုပ်သူက ပိုမိုပြီးတော့ ထွန်းတောက်မယ့် သားသမီးဖြစ်အောင် ဆက်လက်ပြီးတော့ မောင်းနှင်နိုင်ရင်တော့ ပိုမိုထိရောက်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် လွယ်တော့မလွယ်ကူဘူးပေါ့။
တာဝန်မခွဲချင်ရင်လည်း နှစ်ယောက်ပေါင်းပြီးတော့ ဒီနည်းအတိုင်းပဲ အဓိက ထားပြီးတော့ ပြုစုပျိုးထောင်မယ်ဆိုရင်တော့ ပိုမိုထိရောက်လိမ့်မယ်လို့ ထင်ပါတယ်။
    ဒါပေမယ့် သားသမီးနဲ့ မိဘဆက်ဆံရေးဆိုတာ အနောက်နိုင်ငံမှာတော့ ၁၈နှစ်ပြည့်ရင် သူ့ခြေထောက်သူ ရပ်တည်ဆိုတဲ့ စနစ်မျိုးနဲ့ လူသားဖြစ်တည်မှုကို တည်ဆောက်ကြပါတယ်။ မိမိတို့နိုင်ငံရဲ့ ယဉ်ကျေးမှုကတော့ သေဆုံးတဲ့အထိ မိဘနဲ့သားသမီးဆက်ဆံရေးဟာ အတူတကွတည်ဆောက်ကြပါတယ်။ ယဉ်ကျေးမှုအတိုင်းပဲ ဆက်လက် စီးမျောသွားစေချင်ပါတယ်။ အနောက်ကလာတယ်ဆိုပြီး ယဉ်ကျေးမှုတိုင်းတော့ ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။ မကောင်းရင် လည်း မကောင်းတဲ့အနေအထားသိရင် လက်မခံဖို့ လိုအပ်ပါတယ်။ ဒါကို ခေတ်မမီဘူးဆိုရင်လည်း မမီပါစေနဲ့။ အထူးသဖြင့်တော့ မိဘနဲ့သားသမီးဆက်ဆံရေးဟာ သာယာဖြောင့်ဖြူးပြီးတော့ ကောင်းမွန်တဲ့အနေအထား တစ်ခုဆီ ဆက်လက် လျှောက်ဖို့ဟာ အရေးကြီးပါတယ်။ ဒါကြောင့် တိုင်တိုင်ပင်ပင် နှီးနှီးနှောနှောနဲ့ စိတ်ချမ်းသာတဲ့ ဆက်ဆံရေး နဲ့ မိသားစုအဝန်းအဝိုင်းလေး ပိုမိုတောက်ပအောင် တည်ဆောက်နိုင်ကြပါစေကြောင်း။
မောင်မင်းစိုး
အတွဲ ၂၊ အမှတ်  ၁၂၊ ၂ဝ၁၅၊
Myanmar Review ဂျာနယ်    
လူငယ်နှင့် လက်များ
လက်တွေနဲ့ပတ်သက်ပြီးတော့ တွေးဖြစ်တာလေး ပြန်လည်မျှဝေချင်တာနဲ့ ဒီဆောင်းပါးလေးကို ရေးဖြစ် လိုက်ပါတယ်။ လူတိုင်းမှာ လက်တွေရှိပါတယ်။ ဒီလက်တွေနဲ့ပဲ တစ်နေ့တာရှင်သန်မှုအတွက် ဖြတ်သန်းခဲ့ ကြရတဲ့အခါ များစွာပဲ အသုံးဝင်၊ အသုံးပြုခဲ့ကြရပါတယ်။ လက်ဆိုတာကတော့ ပေးတဲ့လက်ရှိသလို၊ ယူတဲ့လက်လည်း ရှိပါတယ်။ ကူညီတဲ့ လက်တွေ ရှိသလို၊ မကူညီလိုတဲ့ လက်တွေလည်း ရှိပါတယ်။ ယေဘုယျအနေနဲ့ ပြောရရင် လက်တွေဟာ လူသားဘဝဖြစ်တည်မှုအတွက် များစွာပဲ အသုံးဝင်နေခဲ့ပါတယ်။ လက်တွေဆိုတာ အတိုအရှည်မတူညီကြပါဘူး။ အချို့လက်တွေက တိုတယ်။
 အချို့လက်တွေက ရှည်တယ်။ လူသားတစ်ယောက်စီတိုင်းရဲ့ လက်ငါးချောင်းတောင်မှ အတိုအရှည်မတူညီပါဘူး။ ဒါပေမယ့် လက်တွေဟာ သူ့အလုပ်ကိုတော့ လုပ်နေခဲ့ကြပါတယ်။ ထိုနည်းတူစွာပါပဲ လူသားတိုင်းရဲ့ တစ်ယောက်နဲ့တစ်ယောက် ဖြစ်တည်နေတဲ့ ရရှိထားတဲ့လက်တွေဟာလည်း အတိုအရှည်မတူသလို၊ တုန့်ပြန်ပုံ၊ ပြုမူပုံ၊ အသုံးချပုံတွေလည်း မတူညီကြပါဘူး။ အချို့လက်တွေက ဆုပ်တယ်။ ဆုပ်တယ်ဆိုတာ ကိုယ့်အတွက်ဆိုရင်ပြီးရော တရားသော ဘာသော နားမလည်ဘဲ ရသမျှ ဆုပ်ပြီးတော့ မိမိအိတ်ထဲကိုပဲ အတင်းထိုးထည့်တဲ့ လက်တွေရှိသလို၊ အချို့ ကတော့ ဒီလိုမဟုတ်ပါဘူး။ မိမိအတွက်လည်း စစ်မှန်စွာရှာပြီး ဆုပ်ကိုင်ထားသလို၊ ရရှိထားတာတွေကိုလည်း ပြန်လည်ပြီးတော့ လူသားအကျိုးပြုလုပ်ငန်းတွေမှာ ဖြန့်ခြင်းဆိုတဲ့ ပြန်လည်မျှဝေခြင်းနဲ့ တည်ရှိနေတဲ့ လက်တွေလည်း များစွာရှိပါတယ်။
ဆိုတော့ မိမိအနေနဲ့ကရော ဘယ်လိုလက်တွေကို ပိုင်ဆိုင်ထားသလဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ကြည့်ပါ။ ကိုယ်တိုင်ဆန်းစစ်ကြည့်ပါ။ ဆုပ်နေတဲ့လက်ချည်းသက်သက်လား၊ ဖြန့်ဝေခြင်းဆိုတဲ့လက်ကိုလည်း ပိုင်ဆိုင်ရဲ့ လားဆိုတာကိုပေါ့။ ဆိုတော့ လူတိုင်းကတော့ ဆုပ်ထားတဲ့လက်တွေ၊ ဖြန့်ထားတဲ့လက်တွေကိုတော့ တစ်ခုမဟုတ် တစ်ခု ပိုင်နေကြမှာဖြစ်ပါတယ်။ ဆုပ်မလား၊ ဖြန့်မလား။ ဒါဟာ ဘဝအတွက် အဆုံးအဖြတ်ပါပဲ။ ဘယ်လို အဆုံးအဖြတ်လည်းဆိုတာ စစ်မှန်တဲ့လက်များပိုင်သလား၊ မပိုင်ဘူးလားဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လူသားဘဝရဲ့ အရေးပါမှုတွေကို ရရှိထားတဲ့လက်တွေရဲ့ တုန့်ပြန်မှု၊ ပြုမူမှု၊ လုပ်ဆောင်မှု၊ အသုံးချမှုတွေနဲ့ တိုင်းတာရမှာ ဖြစ်ပါတယ်။
လက်တွေဟာ တကယ့်ကို အရေးပါပါတယ်။ ဓားကိုင်တဲ့ လက်တွေရှိသလို၊ ဘောပင်ကိုင်တဲ့ လက်တွေ လည်း ရှိပါတယ်။ အချို့လက်တွေက လူတွေကို မွေးဖွားစေပြီးတော့၊ အချို့လက်တွေကြပြန်တော့လည်း လူတွေ ကို သေစေနိုင်တဲ့ လက်တွေဖြစ်နေခဲ့ပါတယ်။ ကမ္ဘာကြီးကို ငြိမ်းချမ်းစေဖို့၊ တည်ဆောက်နိုင်ဖို့၊ ပြုပြင်ထိန်းသိမ်း နိုင်ဖို့အတွက်လည်း ဒီလက်တွေဟာ အရေးပါခဲ့ပါတယ်။ အချို့လက်တွေကတော့ ကမ္ဘာကြီးကို ဖျက်ဆီးပစ်ဖို့၊ လူသားဘဝတွေ သေကြေပျက်စီးဖို့အတွက် အသုံးပြုကြပြန်ပါတယ်။ ဥပမာ လက်မှတ်တွေရဲ့ အရေးပါမှုဟာ ကောင်းတဲ့နေရာရော၊ မကောင်းတဲ့နေရာအတွက်ပါ အသုံးပြုနေခဲ့ပါတယ်။
 ဒါကြောင့် မိမိတို့ရဲ့လက်တွေဟာ အရေးပါပြီး အသုံးဝင်တဲ့ လူသားဘဝတွေအတွက် စစ်မှန်တဲ့လက်တွေဖြစ်စေဖို့အတွက် တိုက်တွန်းချင်ပါတယ်။ ဒီလိုအများအတွက် အသုံးချတဲ့အခါမှာတော့ လက်တွေ တွဲထားဖို့အရေးကြီးပါတယ်။ ဒါကတော့ ညီညွတ်ခြင်း ကို ကိုယ်စားပြုခြင်းပေါ့။ ညီညွတ်ဖို့၊ စည်းလုံးဖို့ဟာလည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုပါပဲ။ ဒါကြောင့် တွဲထား ဖို့၊ ဖြုတ်ထားရင်လည်း ပြန်လည်ပြီးတော့ လက်တွဲနိုင်ဖို့အတွက် အရေးကြီးပါတယ်။ ဒါမှသာ တူညီတဲ့ စစ်မှန်တဲ့၊ အေးငြိမ်းတဲ့၊ အောင်မြင်တဲ့ ဆုံမှတ်တစ်ခုကို ရောက်နိုင်မှာ ဖြစ်ပါတယ်။ လက်နဲ့ပတ်သက်ပြီးတော့ လူတွေအနေနဲ့ လှပအောင်ဆိုပြီး တန်ဆာမျိုးစုံ ဆင်မြန်းဝတ်ဆင်ကြပါတယ်။ လက်စွပ်၊ ဟမ်းချိန်း၊ နာရီစသဖြင့်ပေါ့။ မိန်းကလေးများဆိုရင် လက်သည်းလေးတွေကို ပုံသဏ္ဍာန်အမျိုးမျိုး၊ အရောင် အသွေးစုံလင်စွာ ခြယ်သပြီးတော့ လှပအောင် ပြုလုပ်ကြပါတယ်။ တကယ်တော့ လက်ရဲ့တန်ဆာအစစ်တော့ မဟုတ်ပါဘူး။
လက်ရဲ့တန်ဆာအဖြစ်ဆိုတာ လူသားအကျိုးပြုလုပ်ငန်းတွေ၊ ပေးကမ်းဝေငှမှုတွေ၊ ကူညီရိုင်းပင်မှုတွေစတဲ့ အလုပ်ကို လုပ်မှသာ တစ်နည်းဆိုရရင် ဒါနအမှုကို ပြုလုပ်မှသာ လက်ရဲ့စစ်မှန်တဲ့ တန်ဆာဖြစ်ပါတယ်။ လက်အလှ ပိုင်ရှင်များဖြစ်ပါတယ်။ ရရှိထားတဲ့ လက်ရဲ့တန်ဖိုးဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ ရရှိထားတဲ့ လက်ကလေးတွေကို လှပအောင် စစ်မှန်တဲ့တန်ဆာတွေနဲ့ ဆင်မြန်းသင့်ပါတယ်။ ကမ္ဘာကြီးမှာ ရာသီဥတုတွေဖောက်ပြန်မှုကြောင့်ဖြစ်ဖြစ်၊ ရန်သူမျိုးငါးပါးက ဖျက်ဆီးလို့ဖြစ်ဖြစ် ဒုက္ခရောက် နေကြသူတွေ ဒူးနဲ့ဒေးရှိနေခဲ့ပါတယ်။ သူတို့တတွေရဲ့ လိုအပ်နေတဲ့ကွက်လပ်လေးတွေကို မိမိရဲ့ဖြန့်ခြင်းဆိုတဲ့ ပေး ကမ်းစွန့်ကျဲခြင်း၊ တတ်နိုင်တာတွေနဲ့ ကူညီမှုတွေပြုလုပ်မှသာလျှင် မိမိတို့ရဲ့လက်ကလေးတွေဟာ လှပနေပါလိမ့်မယ်။ ဒါကြောင့် လက်တွေဟာ လူသားဘဝမှာ အရမ်းကိုပဲ အရေးပါနေခဲ့ပါတယ်။ လက်တွေထဲက လက်ညှိုးလေးတစ်ချောင်း အနေနဲ့တောင် အရေးပါလှပါတယ်။
ဒီလက်ညှိုးလေးရဲ့ ထိုးပြမှု၊ ညွှန်ပြမှု၊ ခိုင်းစေမှု၊ ကွေးလိုက်မှုဟာ လူသား များစွာအတွက် ကောင်းမွန်တဲ့ဘဝတွေ ဖြစ်ပေါ်နိုင်သလို၊ ဆိုးရွားတဲ့ဘဝတွေလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကတော့ အာဏာရှိသူတွေနဲ့ တိုက်ရိုက်ပတ်သက်နေခဲ့ပါလိမ့်မယ်။ လက်ညှိုးထိုးပြီး ဘာလုပ်လိုက်ပါ၊ ညာလုပ်လိုက်ပါဆိုတဲ့ လက်ညှိုးလေးတစ်ချောင်းရဲ့ အရေးပါမှုဟာလည်း လက်ရဲ့အရေးပါမှုတစ်ခုပါပဲ။ မြန်မာမှုနယ်ပယ်မှာ ဒါနဲ့ပတ်သက်ပြီးတော့ ပြောဆိုသုံးနှုံးခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ လက်ညှိုးညွှန်ရာ ရေဖြစ်ဆိုတဲ့ စကားပါ။ ဒါကတော့ သြဇာ အာဏာရှိသူတွေအတွက် ပိုင်ဆိုင်ထားတဲ့ လက်ညှိုးလေးတစ်ချောင်းရဲ့ အရေးပါမှုကို ပြဆိုထားခြင်း ဖြစ်ပါလိမ့်မယ်။ မှန်ပါတယ်။ လက်ညှိုးညွှန်ရာ ရေဖြစ်ခဲ့တာတွေရှိခဲ့သလို၊ လက်ညှိုး ညွှန်ရာ သေဖြစ်ခဲ့ရတာတွေလည်း များပြားစွာရှိခဲ့ပါတယ်။
ဆိုတော့ ဒီလက်ညှိုးလေးပါပဲ။ ရေဆိုတဲ့ ကောင်းတာတွေ ဖြစ်နိုင်သလို၊ သေဆိုတဲ့ မကောင်းမှုတွေလည်း များစွာဖြစ်နိုင်ပါတယ်။ ဆိုတော့ ဒါတွေဟာ တကယ့်ကို လက်တွေရဲ့ အရေးပါမှုများဖြစ်ပါတယ်။ မိမိအနေနဲ့ ဆန်းစစ်ကြည့်ပြီးတော့ ကောင်းမွန်တဲ့နေရာမှာ အသုံးချနိုင်တဲ့ လက်ပိုင်ရှင် ဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဆိုတော့ အားလုံးကို အနှစ်ချုပ်တဲ့အနေနဲ့ မိမိရေးစပ်ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ကို လက်ဆောင်ပေးလိုပါတယ်။ ဒီကဗျာလေးကနေ ထပ်ဆင့်ပြီး တွေးခေါ်ကြရင်း လှပတဲ့၊ အဓိပ္ပာယ်ရှိတဲ့၊ အသုံးဝင်တဲ့၊ လူသားဆန်တဲ့၊ မြင့်မြတ်တဲ့ လက်ပိုင်ရှင်များ ဖြစ်ကြပါစေလို့ တောင်းဆုဆိုလိုက်ရပါတယ်။
လက်များ
 -------
 လက်တွေဟာ အတိုအရှည်မတူပေမယ့်
သူ့အလုပ် သူလုပ်တယ်
အချို့လက်တွေက ဆုပ်တယ် အချို့လက်တွေက ဖြန့်တယ်။
ဆုပ်မလား ဖြန့်မလား
လက်တွေရဲ့ အရေးပါမှုဟာ ဘဝရဲ့အဆုံးအဖြတ်ပဲ။
လက်တွေဟာ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သလို
တည်ဆောက်ဖို့အတွက်လည်း အခရာပဲ
တွဲထားတဲ့ လက်တွေ ဖြုတ်မပစ်ဖို့
 လှမ်းပေးတဲ့ လက်ကို မြဲမြံစွာ ဆုပ်ကိုင်ရင်း
တူညီတဲ့ ဆုံမှတ်ကို သွားကြမယ်။
 မောင်မင်းစိုး
အတွဲ ၂၊ အမှတ် ၁၃၊ ၂ဝ၁၅၊
Myanmar Review ဂျာနယ်
Sunday, October 4, 2015
ဆိုက်လေး အသက်မဲ့နေတာ ကြာပြီ။ ပြန်လည်ပြီးတော့ ပို့စ်အသစ်တွေ ပြန်လည်ပြီးတော့ တင်ပေးပါမယ်။ အသစ်တစ်ဖန် ပြုပြင်ပေးတဲ့ သူငယ်ချင်း နေသစ်မှူးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။
Sunday, September 20, 2015
UP TO DATE
ရွှေနံ့သာ ဆိုဒ်ကို အပ်တူဒိတ်ဖြစ်အောင် ပြန်လည် ကြိုးစားနေပါတယ်။ လာလည်တဲ့အတွက် မိတ်ဆွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်တစ်ခါ ပြည်လာပါဦးလို့လည်း ဖိတ်မန္တက ပြုပါရစေ။
Tuesday, July 21, 2015
လူငယ်နဲ့ စိုးရိမ်စိတ်
စိုးရိမ်စိတ်ဟာ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးသလိုဖြစ်တတ်ပါတယ်။ အရာရာမှာ စိုးရိမ်စိတ်တွေ လွန်ကဲနေရင်တော့ အောင်မြင်မှုတွေလည်း တန့်သွားနိုင်သလို၊ ပူလောင်မှုတွေလည်း တိုးပွားစေမှာ ဖြစ်ပါတယ်။ လူတိုင်းကတော့ စိုးရိမ်စိတ်တွေရှိကြပါတယ်။ ရှိသင့်သလောက်ရှိတာက မသိသာပေမယ့် အရမ်းကြီးလွန်ကဲနေရင်တော့ လမ်းကြောင်းတွေလည်း ပျောက်ဆုံးသွားနိုင်ပါတယ်။ အပိတ်ဝါဒနဲ့ အဖွင့်ဝါဒကို နားလည်ထားဖို့ လိုအပ်ပါတယ်။
    ဟိုတလောက လူငယ်တစ်ယောက်နဲ့စကားပြောဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိအခြေအနေလေးကနေ အကြောင်းတစ်ခုခုကြောင့် လက်လွှတ်ဆုံးရှုံးလိုက်ရမှာကို အရမ်းစိုးရိမ်နေမိကြောင့် ပြောပါတယ်။ သူပြောသလိုပါပဲ၊ သူ့အတွက်တော့ ဒီနေရာလေးက တကယ်ပဲ အဆင်ပြေပါတယ်။ သူ့အတွက်တင်မကပါဘူး၊ သူ့မိသားစုအတွက်လည်း အဆင်ပြေစေတဲ့ နေရာလေးပါပဲ။ ဒါပေမယ့်၊ စိုးရိမ်စိတ်တွေများလွန်းနေတာဟာ အန္တရာယ်တစ်ခုပါပဲ။ ဒါကြောင့် သူ့ကိုပြောဖြစ်ခဲ့တဲ့ အကြောင်းအရာလေးတွေ၊ စကားလေးတွေကို ပြန်လည်ပြီးတော့ ပြောပြချင်ပါတယ်။
    လက်ထဲကရှိနေတဲ့ ငှက်တစ်ကောင်ဟာ၊ သစ်ပေါ်မှာရှိတဲ့ ငှက်ခြောက်ကောင်ထက် ပိုပြီးသေချာတယ်။ မှန်ပါတယ်။ သူပြောသလိုပါပဲ လက်ထဲမှာရှိနေတဲ့ အလုပ်ဟာ အခြားဘာမှမမြင်ရသေးတဲ့ လုပ်ငန်းများစွာတွေထက် သေချာမှုရှိပါတယ်။ သို့သော်လည်း ဒီငှက်က မသေတော့ဘူးလား၊ တကယ်လို့ သေသွားခဲ့ရင် အားလုံးဆုံးရှုံးသွား သလို ဖြစ်မနေဘူးလားဆိုတာ စဉ်းစားဖို့ပြောပြပါတယ်။
    ဒီကိစ္စကို စဉ်းစားကြည့်ပါ။ သူပြောသလို လက်ထဲကငှက်ကလေး မသေအောင်၊ မဆုံးရှုံးအောင် အမျိုးမျိုးသော နည်းလမ်းတွေနဲ့ ပြုစုစောင့်ရှောက်နေမယ်။ လိုအပ်တာထက် လွန်ကဲပြီးတော့ ငှက်ကလေးကို အားတိုင်း၊ အစာတွေ ကျွေးနေမယ်၊ လက်ထဲယူပြီးတော့ ဆော့ကစားနေမယ်၊ စိုးရိမ်စိတ်လွန်ပြီး မပျံနိုင်အောင် အတောင်ပံတွေကို ကပ်ကြေးနဲ့ ညှပ်ထားမယ်၊ ကြိုးချည်ထားမယ်၊ လှောင်အိမ်ထဲမှာ အချိန်ပြည့် ထည့်ထားမယ်၊ မလိုအပ်ဘဲ သန့်ရှင်း အတွက် ရေချိုးပေးမယ်စသဖြင့် လက်ထဲကငှက်ကလေးကို လိုအပ်တာထက် ပိုမိုပြီးတော့ ဂရုစိုက်လွန်းရင်၊ သို့မဟုတ် စိုးရိမ်စိတ်လွန်ကဲနေရင်တော့ အဲဒီငှက်ကလေးဟာ သေသွားနိုင်ကြောင်း ပြောပြလိုက်ပါတယ်။
    အခုလဲ သူ့နေရာလေးကို စိုးရိမ်စိတ်လွန်ပြီးတော့ အထက်ကလူကြီးကို ဖားလို့ပဲဖြစ်ဖြစ် မလုပ်သင့်တာတွေ လုပ်မိမယ်။ ကိုယ့်နေရာလေးကို အခြားသူတစ်ယောက်နဲ့ အစားထိုးလိုက်မှာကို စိုးရိမ်လို့ဖြစ်ဖြစ် အခြားသူကို ချောက်တွန်းမယ်ဆိုရင်တော့ အဲဒီမကောင်းတဲ့ ယုတ်မာတဲ့ စိတ်ဓာတ်က ပြန်လည်ပြီးတော့ ကိုယ့်ကိုယ်ကို သတ်ပစ် လိုက်သလို ဖြစ်တတ်ပါတယ်။ ဒီတော့ လက်ရှိလုပ်ငန်းမှာ ဒီရာထူးလေးနဲ့ အဆင်ပြေနေတာကို သန့်ရှင်းစွာနဲ့ ရပ် တည်နိုင်ဖို့၊ လိုအပ်တာထက် ပိုမနေဖို့ သူ့ကို ပြောပြဖြစ်ပါတယ်။
    နောက် သစ်ပင်ပေါ်က ငှက်ခြောက်ကောင်ကိစ္စ၊ ဒါဟာလည်း သေချာပါတယ်၊ ကိုယ့်လက်ထဲမှာ ရှိနေတဲ့ ငှက်တစ်ကောင်လောက်တော့ တန်ဖိုးမရှိပါဘူး။ ဒီတော့ ဒီငှက်က ကိုယ်နဲ့ဘာမှမဆိုင်ဘူးဆိုပြီး လျစ်လျူရှုထားလိုက် လိုက်ရမလား၊ အရေးကြီးကိစ္စလို့ မထင်ဘဲ ဘာသိဘာသာ နေခဲ့လိုက်မလား၊ ဒါဟာလည်း စဉ်းစားစရာကောင်းတဲ့ မေးခွန်းပါပဲ။ ထောင်မြင်ရာစွန့်ဆိုတာကိုလည်း မေ့ထားလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရာရာဟာ ဘာမှ မတည်မြဲပါဘူး။ မတည်မြဲတဲ့အရာကို လက်ကိုင်ထားပြီးတော့ ကျေနပ်နေမယ်ဆိုရင်တော့ အခြားဖြစ်သင့်တာတွေ ဟာ ကိုယ့်ဆီကို သူ့အလိုလို အလျှိုလျှိုတော့ ဝင်ရောက်လာမှာ မဟုတ်ပါဘူး။ ဒီတော့ အခြားသစ်ပင်ပေါ်က ငှက် ခြောက်ကောင်ကိစ္စကိုလည်း ကိုယ့်အနေနဲ့ စဉ်းစားထားဖို့တော့ လိုအပ်ပါလိမ့်မယ်။
    ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ဖြစ်သွားရင် ဘာလုပ်မလဲ၊ မိုးဆိုတာ မပြိုပါဘူးကွာ၊ ဒါပေမယ့် တကယ်လို့ ပြိုလာရင် ဘာလုပ်မလဲ။ ဒါကိုလည်း ထည့်တွက်ထားဖို့ သူ့ကိုပြောဖြစ်ပါတယ်။ ပြောတဲ့ အတိုင်းပါပဲ၊ မကြာပါဘူး သူ့တို့ကုမ္ပဏီဟာ ကိစ္စတစ်ခုနဲ့ ရပ်လိုက်ရပါတယ်။ ဒီတော့ သူလည်း မဖြေဆည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သူစိတ်ဓာတ်တွေအရမ်းကျနေခဲ့ပါတယ်။ ဒါဟာ အစပဲရှိသေးတာ၊ ဘာမှ စိုးရိမ်မနေနဲ့ အလုပ်ဆိုတာ ဒီတစ်ခုတည်းရှိတာမဟုတ်ဘူး၊ အများကြီးရှိတယ်။ စိတ်ဓာတ်ကို ပြန်လည်မွေးပါ၊ အခြားကုမ္ပဏီတစ်ခု ကို အလုပ်လျှောက်ပါ။ ဒါထက်ကောင်းတဲ့ အခွင့်အရေးတွေ မရနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ဒါပေမယ့် ကြိုးစားမယ်၊ အလုပ်ပေါ်မှာ တာဝန်ကျေမယ်၊ အချင်းချင်းအပေါ်မှာ ကူညီမယ်၊ စိတ်ဓာတ်ဖြူစင်စွာနဲ့ ကိုယ့်အလုပ်ကို လုပ်မယ် ဆိုရင်တော့ ဒါထက်သာလွန်တာတွေ ရောက်လာနိုင်ပါတယ်လို့ ပြောလိုက်ပါတယ်။
    မကြာပါဘူး၊ သူ့အတွက် အလုပ်တစ်ခု ထပ်မံရှာဖွေတာ အဆင်ပြေသွားခဲ့ပါတယ်။ အရင်အလုပ်လိုတော့ သိပ်ပြီးအဆင်မပြေဘူးလို့ သူပြောပါတယ်။ အစပဲ ရှိသေးတယ်ဆိုတာ မေ့မထားဖို့ သတိပေးလိုက်ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ သူ့နဲ့စကားတွေ အတော်များများ ပြောဖြစ်ခဲ့ပါတယ်။ နောက်ပြီး အကြောင်းအရာလေးတစ်ခု ကိုလည်း ပြောပြလိုက်ပါတယ်။
    တစ်ခါက အိမ်နောက်ဘေးက မီးဖိုချောင်နားမှာ နားနေတဲ့ ကျီးတစ်ကောင်ရှိတယ်။ သူ့အနေနဲ့ကတော့ ဒီနေရာလေးမှာ အမြဲလိုလို ရှိနေတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ရှင်မက မီးဖိုချောင်ကိစ္စကို လုပ်ကိုင်ဆောင် ရွက်နေတဲ့အခါ အသားတွေ ခုတ်လှီးလို့ဖြစ်ဖြစ်၊ အရိုးတွေ ထွင်ပစ်လို့ဖြစ်ဖြစ် ဆေးကြောလိုက်ပြီး သွန်ပစ်လိုက်တဲ့ ရေထဲမှာ အရိုး သို့မဟုတ် အသားလေးများ ပါမလားဆိုပြီး အဲဒီနေရာလေးမှာ ရစ်သီရစ်သီလုပ်လုပ်နေခဲ့တာပေါ့။
    တစ်နေ့တော့ သူမျှော်လင့်ထားသလို အိမ်ရှင်သွန်ပစ်လိုက်တဲ့ ရေထဲမှာ အရိုးတစ်ခုပါသွားခဲ့တယ်။ ဒါကို ကျီးကန်လည်း မြင်တယ်ဆိုတာနဲ့ အတင်းထိုးဆင်းလိုက်ပြီးတော့ အရိုးကို ချီသွားခဲ့ပါတယ်။ နှုတ်သီးနဲ့ မြဲမြံစွာ ကိုက်ချီသွားတဲ့ အမဲရိုးကို အခြားကျီးတွေ မြင်လိုက်ပါတယ်။ မြင်တော့ သူတို့ဟာလည်း အရိုးချီသွားတဲ့ ကျီးကန်း နောက်ကို တဟုန်းထိုး လိုက်ကြပါတယ်။
    ဒီလိုနဲ့ အရိုးကို ပြုတ်မကျအောင် ကျီးဟာ ချီသွားပြီးတော့ အပေါ်အမြင့်ဆုံးကို အားကုန်တက်သွားခဲ့ပါတယ်။ ဒါပေမယ့် အခြားကျီးတွေကလည်း နောက်ကနေ အမီလိုက်ကြပါတယ်။ အကောင်တွေကလည်း များတဲ့အတွက် အရိုးချီသွားတဲ့ ကျီးကန်ဟာ စိတ်ဓာတ်ကျသွားခဲ့ပါတယ်။ ဒါကြောင့် သူချီထားတဲ့ အရိုးကို လွှတ်ချပစ်လိုက်ပါတော့ တယ်။ သူအနေနဲ့ တစ်ခါမှလည်း ဒီလောက်မြင့်အောင် မပျံတက်ခဲ့ပါဘူး။ အစာအတွက်၊ အခြားကျီးတွေ မလုနိုင် အောင်ဆိုပြီး အားကုန်ဆိုသလို အမြင့်ဆုံးကို ပျံတက်ခဲ့ခြင်း ဖြစ်ပါတယ်။ လွှတ်ချလိုက်တဲ့ အရိုးနောက်ကို အခြားကျီးတွေ အလုအယက်ဆိုသလို လိုက်သွားခဲ့ပါတယ်။ သူကတော့ လိုက်မသွားခဲ့တော့ပါဘူး။ သူအောက်ကို ငုံ့ကြည့်လိုက်ပါတယ်။ အင်မတန်မှ သာယာလှတဲ့ ရှုခင်းကို မြင်လိုက်ရပါတယ်။ နောက်ပြီးတော့ သူ့အနေနဲ့ စိတ်ထဲမှာ ကြည်နူးသွားပြီးတော့-
    ''တကယ်လို့သာ၊ ငါဟာ ဒီအမဲရိုးကို လွှတ်မချလိုက်ခဲ့ဘူးဆိုရင် ဒီလောက်လှပတဲ့ မြင်ကွင်းကို မြင်ရမှာ မဟုတ်ဘူး''လို့ တွေးမိလိုက်ပါတယ်တဲ့။
    ဒီလိုပါပဲ၊ သူ့ကို ဒီအကြောင်းအရာလေးကို ပြောဖြစ်လိုက်ပါတယ်။ သူဆက်ပြီးတော့ ကြိုးစားမယ်လို့ ဆိုပါတယ်။ စိုးရိမ်စိတ်ကိုလည်း အရမ်းကြီးလွန်ကဲတာမျိုး မဖြစ်အောင် သတိထားမယ့်အကြောင်း၊ အလုပ်ပေါ်မှာ၊ အလုပ်ရှင်ပေါ် မှာ၊ အခြားလုပ်ဖော်ကိုင်ဘက်တွေအပေါ်မှာ စေတနာထားမယ်၊ ကူညီမယ်၊ ရိုင်းပင်မယ်လို့ ကတိပေးသွားခဲ့ပါတယ်။ တကယ်တော့ လူငယ်တွေဆိုတာ အထက်ကိုပဲ တက်ချင်ကြတဲ့လူတွေပါပဲ။ ဒါပေမယ့် အထက်ကိုတက်တဲ့အခါမှာ သန့်ရှင်းစွာ တက်နိုင်အောင်တော့ သတိထားရပါလိမ့်မယ်။ နောက်တစ်ခုကတော့ တကယ်လို့ တက်ရင်းတက်ရင်းနဲ့ မတော်တဆလဲ အောက်ကို ပြုတ်ကျနိုင်ပါတယ်။ ဒါပေမယ့် စိုးရိမ်စိတ်ကို လျော့ချပြီးတော့ ပိုမိုကောင်းမွန်တဲ့ နေရာတွေဆီကို ဦးတည်သွားနိုင်ကြပါစေကြောင်း။
 မောင်မင်းစိုး
အတွဲ ၂၊ အမှတ်- ၂။ The Myanmar Review ဂျာနယ်၊၂ဝ၁၅။
Saturday, July 18, 2015
လူငယ်နဲ့ ဝါသနာ
အခုတလော နယ်ကမိဘတွေက ဖုန်းဆက်ကြပါတယ်။ သူတို့သားသမီးများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ကြောင်း၊ အမှတ်ဘယ်လောက်ရကြောင်း၊ ဘယ်လိုင်းမီကြောင်းစသဖြင့်ပေါ့။ နောက်ပြီးတော့ ဘာယူခိုင်းရမလဲဆိုတာတွေကိုလည်း မေးကြပါတယ်။ မေးတဲ့သူတိုင်းကို ပြန်လည်ပြီးတော့ ပြောဖြစ်တာကတော့ ကလေးတွေ ဝါသနာပါရာကိုပဲ ယူပါစေ၊ တက်ပါစေလို့။ သူတို့ဝါသနာပါရာ၊ အားသန်ရာကို ယူခြင်းကသာ သူတို့ဘဝအတွက် ပိုမိုပြီးတော့ အဆင်ပြေကြောင်း၊ အံဝင်မှုရှိမည်ဖြစ်ကြောင်း ပြန်လည်ပြီးတော့ ပြောဖြစ်ခဲ့ပါတယ်။
    ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ အခြေခံဥပဒေတွေလည်း အတည်ပြုပြီးလည်းဖြစ်ပါတယ်။ ဒါကိုတော့ အချို့အချက်တွေကတော့ ဗဟိုချုပ်ကိုင်မှုနဲ့ ကျောင်းသားများရဲ့ အခွင့်အရေးစတာတွေနဲ့ မလျော်ညီမှုတွေကြောင့် အခုအချိန်အထိတော့ ဒီဥပဒေလည်း ဘာမှဖြစ်မလာသေးပါဘူး။ အမှတ်နဲ့ဆုံးဖြတ်တဲ့ ပညာရေးမှာတော့ အမှတ်မီ တဲ့ကျောင်းသားတွေက မေဂျာကောင်းကောင်းယူနိုင်ပြီးတော့ အမှတ်မမီတဲ့ကျောင်းသားတွေက မီရာကိုပဲတက်ကြရတဲ့ အနေအထားဆိုတော့ မိဘတွေအနေနဲ့လည်း ကိုယ့်သားကိုယ့်သမီး လိုင်းကောင်းကောင်းရအောင် ဖိအားတွေပေးခဲ့ ကြပါတယ်။ ဆိုတော့ ကလေးတွေက ကျက်ပြီးတော့ စာမေးပွဲကို အမှတ်ကောင်းအောင် အတင်းရုန်းကန်ခဲ့ကြရ ပါတယ်။ ဒီကိစ္စက ဒီမှာတင်ရပ်မသွားသေးဘဲ ရလာတဲ့အမှတ်နဲ့ ဘယ်လိုင်းမီလို့ ဘာတက်စေချင်တာဆိုတဲ့အထိ တွေးခေါ်နိုင်တဲ့ကလေးငယ်ရဲ့ အနာဂတ်ကိုလည်း မိဘတွေက ချုပ်ကိုင်လာခဲ့ကြပါတယ်။ ဒီတော့ ဖြစ်ထွန်းသင့်သ လောက် မဖြစ်ထွန်းတော့ဘဲ တချို့ဆိုရင် ပျက်စီးသွားတဲ့အနေအထားထိ ရောက်သွားခဲ့ပါတယ်။
    အကောင်းဆုံးကတော့ ကိုယ့်သားသမီးရဲ့ ဝါသနာကိုအဓိကထားပြီးတော့ တက်စေဖို့ကို ဦးစားပေးပြီးတော့ စဉ်းစားသင့်ပါတယ်။ ဒါပေမဲ့အခု ဒီလိုမဟုတ်ဘဲ မိဘတွေက သူတို့ဖြစ်ချင်တာကိုပဲ ကလေးဝါသနာပါတာ မပါတာ အရေးမထားဘဲ တက်ခိုင်းလိုက်ကြပါတယ်။ ဒါဟာ ကောင်းစေချင်တဲ့ဆန္ဒဖြစ်နေပေမယ့် လက်တွေ့မှာတော့ အကျိုး မရှိဘဲ အလဟဿဖြစ်သွားတာတွေ၊ အချိန်ကုန်တာတွေ၊ ငွေကုန်တာတွေပဲ အဖတ်တင်ပြီးတော့ ကျန်ခဲ့ရတာတွေ လည်း မကြာခဏကြားရ၊ တွေ့ရပါတယ်။ ဒါကြောင့် ကျောင်းသားကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီးတော့ သူတို့ကိုယ် တိုင် ရွေးချယ်စေခြင်းကသာ ကောင်းမွန်တဲ့ရလဒ်ကို ရရှိမှာဖြစ်ပါတယ်။
    တချို့ဆိုရင် ငွေမရှိပေမယ့် ကိုယ့်သား သမီးကအမှတ်ကောင်းနေတော့ နှစ်များစွာစတေးရတဲ့ ငွေကုန်လှတဲ့ လိုင်းကို အပင်ပန်းခံပြီးတော့ ထားခဲ့ကြပါတယ်။ ပညာရေးကို ချီးမြှောက်တာကတော့ ဘာမှပြောစရာမရှိပါဘူး။ ကောင်းပါတယ်။ ဒါပေမယ့် ခုနကပြောသလို ကလေးကဝါသနာ ပါ၊ မပါကို မဆန်းစစ်ဘဲ၊ မလေ့လာဘဲ၊ မမေး မြန်းဘဲ ဘာလိုင်းယူပါဆိုတာကို မိဘဖြစ်သူတွေက တချက်လွှတ်အမိန့်ချမှတ်ပြီးတော့ ချပေးလိုက်ပါတယ်။ ဒါပေမယ့် ကလေးက သူဝါသနာပါရာမဟုတ်တော့ စာထဲမှာစိတ်မဝင်စား၊ မတက်ချင်၊ မိဘကြောက်လို့ ယူထားရတာဖြစ်တာ ကြောင့် သူဝါသနာမပါရာကို ယူထားရတော့ စာမေးပွဲတွေကျ၊ စိတ်တွေလေလာပြီး နောက်ဆုံးကျောင်းက ထွက်ရတဲ့ အခြေအနေမျိုးအထိ ဖြစ်သွားရတာတွေလည်း မနည်းမနောပါပဲ။
    ဟိုနေ့က အိန္ဒိယဇာတ်ကားလေး ကြည့်လိုက်ရပါတယ်။ ဒီအခြေအနေတွေကို မီးမောင်းထိုးပြသွားတဲ့ ဇာတ် ကားလေးပါပဲ။ ပညာရေးစနစ်ရဲ့ ရေလိုက် ငါးလိုက်လွဲမှားနေတာတွေ၊ သင်ရိုးတွေရဲ့ ခေတ်မမီတော့တာတွေ၊ မိဘတွေရဲ့ နာမည်အတွက်ကိုပဲကြည့်ပြီး ကိုယ့်သားသမီးတွေကို မရှိမဲ့ ရှိမဲ့စုပြီးတော့ အဆင့်မြင့်ကျောင်းကြီးတွေမှာ ထားတာတွေ၊ တကယ့်လက်တွေ့ဘဝမှာ စာအုပ်ထဲက စာဟာအရေးမပါကြောင်းတွေ၊ ဆရာတွေရဲ့ အတ္တစိတ် ကြီးစိုးမှုတွေ၊ မိဘတွေအနေနဲ့ သူတို့ကိုယ်တိုင်က ဖြစ်သလိုနေ၊ ကျန်းမာရေးတွေ ချို့တာတောင် လျစ်လျူရှုထားပြီးတော့ ကျောင်းသားအတွက် ပညာသင်စရိတ်ထောက်ပံ့ရတာတွေကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးပါပဲ။ အတုယူဖို့ကောင်း ပါတယ်။ လေ့လာစရာတွေ၊ လက်ရှိပညာရေးစနစ်အတွက် ဝေဖန်ဆန်းစစ်ပြီး ပြုပြင်သင့်တာတွေလည်း အတော်များ များကိုပဲ ပါခဲ့ပါတယ်။
    ကိုယ်တက်ချင်တာ မတက်ရ၊ ကျောင်းရောက်တော့လည်း ကိုယ်ဝါသနာပါရာကို ကိုယ်တိုင်စူးစမ်းရှာဖွေ လေ့လာ၊ တီထွင်ပေမယ့် ဆရာက အသိအမှတ်မပြု၊ လူကြားထဲ အရှက်ခွဲခံရပြီးတော့ ကျောင်းသားကို ဥပေက္ခာ ပြုတာကြောင့် ကျောင်းသားက စိတ်ဓာတ်ကျ၊ နောက်ဆုံးကိုယ့်ကိုယ်ကို သတ်သေသွားရတဲ့အခန်းလေးကို ကြည့်ရ တော့ စိတ်ထဲမှာမကောင်းဖြစ်မိပါတယ်။ မှန်ပါတယ်။ ဒီလိုမျိုး လူငယ်တွေ ဘယ်လောက်ထိ စတေးခဲ့ရပြီးပြီလဲဆိုတာ စဉ်းစားသင့်ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မအောင်လို့ ကလေးကို မဖြေသိမ့်တဲ့အပြင် နာကျင်အောင် စကားလုံးတွေကို ပစ်ပေါက်မိတဲ့အတွက် ကိုယ့်ကိုယ်ကိုသတ်သေသွားတဲ့ ကလေးတွေကိုလည်း ကြားဖူးပါတယ်။ ဒါတွေဟာ တကယ်ကြည့်ရင်တော့ မိဘတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့်ပါပဲ။
    နောက်တစ်ချက် မူကြိုအရွယ်ကလေးတွေအခြေအနေဟာလည်း စိုးရိမ်စရာကောင်းပါတယ်။ ကလေးတွေမှာ အချိန်မရှိသလောက်ဖြစ်နေခဲ့ရတာတွေပါ။ တကယ်တော့ ဒါတွေဟာ ကလေးကိုချစ်ရာမရောက်မပါဘူး။ နှစ်ရာ ရောက်စေသလိုဖြစ်ပါတယ်။ မနက်မိုးလင်းကနေ မိုးချုပ်အထိ စာ စာ စာ ဆိုပြီး တစာစာနဲ့ ကလေးကို ချုပ်နှောင် သလိုဖြစ်နေတာဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအတွက် စိုးရိမ်စရာကောင်းတဲ့အနေအထားဖြစ်တတ်ပါတယ်။ အချို့ ကလေးငယ်လေးတွေဟာ မိဘရင်ခွင်ထဲမှာ နေရဖို့နေနေသာသာ ထမင်းစားချိန်တောင် သီးသန့်မထားနိုင်ဘဲ ကျောင်း သွား၊ ကျူရှင်သွားတဲ့ ကားထဲမှာပဲ ဖြစ်ကတတ်ဆန်စားနေခဲ့ရတာတွေလည်း မနည်းမနောပါပဲ။ တကယ့်တော့ ကလေးဆိုတာ ဆော့ချိန်တန်ရင် ဆော့ဖို့လိုအပ်ပါတယ်။ ထိုနည်းတူစွာပါပဲ နားချိန်တန်ရင် နားဖို့၊ အိပ်ချိန်တန်ရင် အိပ်ဖို့စတာတွေလည်း လိုအပ်ပါတယ်။ ဒါဟာ မိဘတွေအနေနဲ့ ကလေးကိုချစ်ခြင်းမဟုတ်ပါဘူး။ သူတို့အတွက်လည်း မဟုတ်ပါဘူး။ သူတို့ရှေ့ရေးအတွက်လို့ ထင်ကောင်ထင်နေပေမယ့် ဒါဟာ ကြီးမားတဲ့အန္တရာယ်တစ်ခုဆီကို ပို့ပေး သလိုဖြစ်တတ်ပါတယ်။
    ဒါတွေကတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့ ပြောပြလိုက်ခြင်းပါပဲ။ တကယ်တော့ အခြားအခြားသော ကိစ္စတွေ၊ လုပ်ငန်းခွင်တွေမှာလည်း လူငယ်တွေကို သူတို့ဝါသနာပါရာကိုပဲ လုပ်စေခြင်းကသာ ပိုမိုပြီးတော့ အောင်မြင်မှု၊ ပျော်ရွှင်မှုဆီကို ရောက်စေနိုင်ပါတယ်။ လုပ်ငန်းခွင်တွေမှာလည်း သူတို့ဝါသနာပါလားမသိဘဲ မိဘအမွေဆိုပြီးတော့ ဆက်လက်မောင်းနှင်သွားဖို့ ကြီးမားတဲ့လုပ်ငန်းခွင်ကို ဦးစီးစေတာဟာလည်း ကြီးမားတဲ့ဆုံးရှုံးမှုတွေဆီကို ရောက်စေ  တတ်ပါတယ်။ အသေချာဆုံးကတော့ သူတို့ဝါသနာပါရာကို လုပ်ခွင့်ပေးလိုက်ခြင်းဟာ ထိရောက်ပါတယ်။ ဒီလိုမျိုး သူတို့ဝါသနာပါရာကို လုပ်ကိုင်တော့မယ်ဆိုရင်တော့ ဘေးကနေ အကြံÓာဏ်ပေးပါ၊ စောင့်ကြည့်ပါ၊ ထောက်ပြပါ၊ အရင်းအနှီး ထုတ်ပေးပါ။ တစ်ခုခုလောက် အလွဲအချော်ဖြစ်သွားတာကို ရစရာမရှိအောင် အပြစ်တင်တဲ့လေသံနဲ့ ဝေဖန်တာတွေကို မလုပ်မိအောင် သတိထားဖို့လည်း လိုအပ်ပါတယ်။ ဒါကသာ သူတို့ဘဝရဲ့ အနာဂတ်ကို မြှင့်တင် ပေးရာရောက်သလို၊ အောင်မြင်မှုဆီကိုလည်း တွန်းပို့ပေးရာ ရောက်ပါလိမ့်မယ်။
    အချုပ်အားဖြင့်ပြောရရင်တော့ မိဘတွေဟာ တကယ့်စစ်မှန်တဲ့ချစ်ခြင်းမျိုးနဲ့ ချစ်မိအောင်၊ ချစ်တတ်အောင် ငါကို ရှေ့တန်းမတင်မိပါစေနဲ့၊ တကယ်တော့ ကိုယ်ဖြစ်ချင်တာတွေဖြစ်အောင် အတင်းတွန်းတိုက်ပြီး နောက်ကနေ ထိုးနှက်နေတာတွေဟာ ငါ့အတွက်ပဲဖြစ်ပါတယ်။ သားသမီးတွေအတွက် မဟုတ်ပါဘူး။ သားသမီးတွေအတွက်ဆိုရင် တော့ ခုနကပြောခဲ့တဲ့ ပညာရေးမှာပဲဖြစ်ဖြစ်၊ အခြား စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစတဲ့ အရေးကိစ္စတိုင်းမှာ သူတို့ ဝါသနာပါရာကိုပဲ လုပ်ကိုင်ဖို့ လိုက်လျောသင့်ပါတယ်။ ဒါပေမယ့် ဒီလိုလိုက်လျောတဲ့အခါမှာလဲ ဖြစ်ချင်ရာ ဖြစ်ဆိုတဲ့သဘောမဟုတ်ဘဲ သွန်သွင်ဆုံးမပြီးတော့ လမ်းမှားနေရင်တော့ လမ်းမှန်ကိုရောက်အောင် လမ်းညွှန်ပေး ရပါလိမ့်မယ်။ လုံးဝလျစ်လျူရှုပစ်တာမျိုးမဟုတ်ဘဲ နောက်ကနေ ထိမ်းချုပ်ပေးဖို့တာမျိုး၊ တကယ်လို့ လမ်းမှား ရောက်သွားခဲ့ရင်လည်း အဖတ်ဆည်လို့မရအောင် စကားလုံးတွေနဲ့ မပစ်ပေါက်မိအောင် သတိထားပြီးတော့ ရှေ့ ဆက်ပြီးတော့ ကလေးတွေရဲ့ဝါသနာအတိုင်း ဖြောင့်ဖြောင့်ဖြူးဖြူး သွားနိုင်အောင် လုပ်ပေးခြင်းကသာ ကောင်းမွန် တဲ့ အခြေအနေကို ရောက်စေပါလိမ့်မယ်လို့ ဆိုချင်ပါတယ်။
 မောင်မင်းစိုး
အတွဲ ၂၊ အမှတ်- ၂။ The Myanmar Review ဂျာနယ်၊၂ဝ၁၅။
လူငယ်နဲ့ ဇွဲ
လူငယ်တွေရဲ့ ဇွဲလုလ္လ ဝီရိယနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်ကို ဖြတ်လျှောက်သွားနိုင်ပြီး အဓိပ္ပာယ်ရှိတဲ့ ပန်းတိုင်တွေ တစ်ခုပြီးတစ်ခု သီးပွင့်ဝေဆာလာအောင် လုပ်ဆောင်ဖို့ ဒီတစ်ပတ်အတွက် အားပေးစကား၊ တိုက် တွန်းစကားဆိုချင်ပါတယ်။ ငယ်စဉ်အခါ ပညာရှာဆိုသလို ပညာတွေ ထိုက်သင့်သလောက် အောင်မြင်မှုတွေ ရှိနေ ကြပြီး ဒီအတိုင်းပဲ ယောင်ခြောက်ဆယ်နေခဲ့ရတဲ့ လူငယ်လေးတွေများစွာ တွေ့မြင်နေရဆဲပဲ ဖြစ်ပါတယ်။ အလုပ်အကိုင်ရှားပါးမှုကြောင့်လည်း ဖြစ်နိုင်သလို၊ ထိုက်သင့်သလောက် လုပ်ခလစာမရလို့လည်း ဖြစ်နိုင် ပါတယ်။ နောက်တစ်ခုကတော့ ပျင်းနေလို့လည်း ဖြစ်နိုင်ပါတယ်။ ငယ်ငယ်က ဆရာသမားတွေ ဆုံးမဖူးတဲ့ စကား တစ်ခွန်းကတော့ ပျင်းရင် ပျင်းမှန်း သိရင် လူတော်ဖြစ်လာနိုင်တယ်ဆိုတာပါပဲ။ ပျင်းနေတာကို ပျင်းမှန်းမသိဘဲ ဒီအတိုင်းပဲ အသာအယာ မျှောလိုက်နေဦးမယ်ဆိုရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အဓိပတိတပ်ပြီး လုပ်မယ်ဆိုရင် ဘာမဆိုဖြစ်လာနိုင်ပါတယ်။
အဓိပတိလေးပါး ရှိပါတယ်။ လုပ်ချင်တဲ့ ဆန္ဒပြင်းပြင်းပျပျ ရှိရပါမယ်။ လုပ်ချင်တဲ့ စိတ်ပြင်းပြင်းပျပျ ရှိရပါမယ်။ လုပ်ချင်တာကို တကယ်အကောင်ထည် ဖော်တဲ့အနေနဲ့ ကြိုးစားခြင်းဆိုတာ ရှိရပါမယ်။ အဲဒီလို လုပ်တဲ့အခါမှာလည်း ဥာဏ်လွှာပြီးတော့ လုပ်ရပါမယ်။ အဲဒီလေးမျိုးကို တစ်ခုခုကို အထွဋ်တင်ပြီး လုပ်မယ်ဆိုရင်တော့ အောင်မြင်ဆိုတာတွေဟာ လက်တစ်ကမ်းအလိုမှာ ရှိနေမှာ ဖြစ်ပါတယ်။ အဲဒီ လေးချက်ထဲက ကြိုးစားအားထုတ်မှုဆိုတာလေးကို အဓိကထားပြီး ပြောပြလိုပါတယ်။
 အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်တော့ ပထမဆုံး ကျန်းမာရေးဟာ အရေးကြီးတဲ့အတွက် ကျန်းမာအောင် ဂရုစိုက်ရပါတယ်။ ဒီတော့ ကျန်းမာရေးကိုလည်း လိုက်စားပြီး ဖြစ်သလိုမနေဖို့ လိုအပ်ပါတယ်။ ကျန်းမာနေမှသာ မိမိဘာလုပ်ချင်တာလဲဆိုတာကို ဆုံးဖြတ်ချက်ချပြီးတော့ အဲဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်ပြီးတော့ ကြိုးစားမှုဆိုတာတွေကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူးဆိုတာပါပဲ။ ဒီတော့ ထိုက်သင့်သလောက် ကြိုးစားအားထုတ်မှုရှိရပါတယ်။ ဒီနေရာမှာတော့ ဇွဲလုလ္လ ဝီရိယလို့ သုံးချင်ပါတယ်။ တချို့က အလုပ်တော့ လုပ်တယ်။ ဒါပေမယ့် ဇွဲမရှိဘူး။ ဟို စပ်စပ် ဒီစပ်စပ်နဲ့ဆိုတော့ ဟိုမရောက် ဒီမရောက်ဖြစ်သွားတတ်ကြတယ်။
 ဒါကြောင့် ကိုယ်ဝါသနာပါရာကို ပထမဆုံး ဦးစားပေး ဆုံးဖြတ်ပြီးတော့ ဇွဲကောင်းကောင်းနဲ့ မောင်းနှင်နေခဲ့မယ်ဆိုရင်တော့ အောင်မြင်ဆိုတာတွေ ရှိလာမှာ၊ ရလာမှာဖြစ်ပါတယ်။ ဒီနေရာမှာ အင်တာနက် (နည်းစနစ်ကျကျ အတွေးအခေါ်)မှာ ဖတ်လိုက်ရတဲ့ လင်းယုန်ငှက် အကြောင်းလေးကို ပြောပြချင်ပါတယ်။ လင်းယုန်တွေဟာ တိရစ္ဆာန်တွေထဲမှာတော့ ပြောစမှတ်ပြုကြရတဲ့ သတ္တဝါဖြစ်ပါတယ်။ သူတို့က သက်တမ်း လည်း အရမ်းရှည်တယ်။ လူတွေရဲ့ သက်တမ်းနီးပါး (၇ဝ)လောက်ကို အသက်ရှည်ကြတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ အဓိက လက်နက်ကတော့ ချွန်မြနေတဲ့ နှုတ်သီး၊ ထက်မြက်တဲ့ ခြေသည်းနဲ့ စူးရှတောက်ပနေတဲ့ မျက်လုံးတို့ဖြစ်ပါတယ်။
ဒါကတော့ သူတို့သက်တမ်း တစ်ဝက်ကျော်ကျော်ဖြစ်တဲ့ သက်တမ်း(၄ဝ)လောက်ကို ဒီအင်္ဂါတွေ ပြည့်စုံနေတာပါ။ အဲဒီကနေ ကျော်လာရင်တော့ သူတို့ရဲ့ နှုတ်သီးတွေဟာ ပျော့သွားခဲ့တယ်။ ခြေတွေလည်း တုံးသွားတယ်။ ခြေထောက်မှာ ပေါက်နေတဲ့ အမွှေးတွေလည်း အရမ်းထူလာတယ်။ ဒီတော့ ပျံသန်းဖို့ ခက်ခဲသွားတယ်။ ဒါပေမယ့် သူတို့ဟာ (၅)လလောက်အထိ အစာငတ်ခံနိုင်တယ်လို့ ဆိုတယ်။ ဒီနေရာမှာ လင်းယုန်နှစ်မျိုး ကွဲသွားတယ်။
အဲဒါကတော့ စိတ်ဓာတ်ပါပဲ။ မလျော့တဲ့ ဇွဲလုလ္လပါပဲ။ ပထမတစ်မျိုးက စိတ်ဓာတ်ပျော့တဲ့ ငှက်ပေါ့။ ဆက်လက်ရှင်သန်ဖို့ အားမရှိတော့တဲ့အတွက် အရှိန်ကောင်း ကောင်းနဲ့ အမြင့်ဆုံးကို ပျံတက်သွားပြီးတဲ့နောက် အောက်ကို တရှိန်ထိုး ထိုးစိုက်ပြီးတော့ ကိုယ့်ကိုယ်ကို သတ်သေ လိုက်တဲ့ငှက်ဖြစ်ပါတယ်။ တချို့ကတော့ အပင်ပန်းမခံတော့ဘဲ (၅)လလောက် အသက်ရှင်ပြီးရင် အစာငတ်ခံပြီး သေသွားခဲ့ကြတယ်။ နောက်တစ်မျိုးကတော့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့အတူ ဇွဲသတ္တိကို မောင်းနှင်ပြီးတော့ ဘဝကိုဆက်လက် ရှင်သန်ဖို့အတွက် အမြင့်ဆုံးတောင်ကို ရှာပြီးတော့ (၅)လလောက်နေထိုင်ဖို့ အသိုက်ဆောက်တယ်။ ပြီးတော့ မိမိတို့ ရဲ့ရှည်ပြီးပျော့နေတဲ့ နှုတ်သီး ကို ကျောက်နံရံနဲ့ သွေးရဲရဲသံရဲရဲဖြစ်အောင် ပွတ်တိုက်ကြတယ်။ အရမ်းနာကျင်သည် အထိ ပွတ်တိုက်ပြီးတဲ့နောက်မှာတော့ နှုတ်သီးဟာြေ<ွကကျပြုတ်ထွက်သွားပါတော့တယ်။
 မကြာခင်မှာဘဲ နှုတ်သီး အသစ် ပြန်ထွက်လာတယ်။ လပိုင်းအကြာမှာတော့ အရမ်းချွန်မြတဲ့ နှုတ်သီးလေးအဖြစ် ပြောင်းလဲပြီးတော့ ပထမဆုံး အနေနဲ့ အဲဒီနှုတ်သီးနဲ့ ထူနေတဲ့အမွှေးတွေကို နာကျင်စွာနဲ့ပဲ ဆွဲနှုတ်ပြီး သာမာန်အတိုင်းဖြစ်အောင် လုပ်လိုက်ပါတယ်။ နောက်ပြီးတော့ တုံးနေတဲ့ မိမိရဲ့ ခြေသည်းတွေကို ပြန်လည်ပြီးတော့ ချွန်မြလာအောင် နှုတ်သီးနဲ့ သွေး ရဲသည်အထိ ကိုက်ဖြတ်လိုက်ပါတယ်။ အဲဒီလို နာကျင်မှုမျိုးစုံကို ခံစားရပြီးပြီဆိုတော့မှ မိမိရဲ့ အသိုက်လေးမှာ (၅)လတိတိနေထိုင်ပြီးတော့ အားမွေးပါတယ်။
(၅)လပြည့်ရင်တော့ အရင်ကလို ချွန်မြတဲ့ နှုတ်သီး၊ ထက်မြက်တဲ့ ခြေသည်း၊ စူးရဲတောက်ပတဲ့ မျက်လုံးတွေနဲ့ ဘဝသစ်ကို တည်ဆောက်ပြီးတော့ နောက်ထပ်သက်တမ်းတစ်ခုကို နေထိုင်တဲ့ လင်းယုန်ငှက်တစ်မျိုးပါပဲ။ ဒါကြောင့် အသက်(၇ဝ)လောက်အထိ ရှင်သန်ခြင်းဖြစ်ပါတယ်။ ဆိုတော့ သက်တမ်းရှည်ဖို့အတွက် ဘဝသစ်ပြန်လည်ထူထောင်ဖို့အတွက် ကြိုးစားရပါတယ်။ အားမွေးရ ပါတယ်။ ဇွဲရှိရပါတယ်။ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ရပါတယ်။ ဒါတွေကို စိတ်ဓာတ်မကျဘဲ လုပ်ဆောင်ခြင်းဟာ သက်တမ်းလည်းရှည်ပြီးတော့ နုပျိုတဲ့ ဘဝတစ်ခုကို ပြန်လည်ပြီးတော့ တည်ဆောက်နိုင်ပါတယ်။ အဲဒါလေးကို အတုယူစေချင်ပါတယ်။ လူငယ်တွေအနေနဲ့လည်း မိမိသွားချင်တဲ့ ပစ်မှတ်၊ ပန်းတိုင်မရောက် မချင်းတော့ ဒီလို အခက်အခဲမျိုးစုံနဲ့ တွေ့ကြုံရမှာဖြစ်ပါတယ်။ အဲဒီလို အခက်အခဲတွေ၊ အတိုက်အခိုက်တွေနဲ့ တွေ့ကြုံရရင် ဘဝကို အရှုံးပေးပြီးတော့ စိတ်ဓာတ်တွေ ကျဆင်းသွားတဲ့အထိ ပြန်လည်ပြီးတော့ မထူထောင်နိုင်ခဲ့ရင် တော့ ရှင်ပြီးတော့ သေတေတာမျိုး ဖြစ်ပါလိမ့်မယ်။ ဒီတော့ ကြိုးစားရပါမယ်။
ဇွဲရှိရပါမယ်။ အောင်မြင်တဲ့လူတွေဟာ ဘယ်လိုသော ပုဂ္ဂိုလ်မျိုးကို ကြည့်ကြည့် အေးအေးဆေးဆေး အသာအယာနဲ့ အောင်မြင်ခဲ့ကြတာ မဟုတ်ပါဘူး။ သူတို့လည်း ကြိုးစားခဲ့ကြရတယ်။ ဇွဲရှိ ခဲ့ကြတယ်။ မလျှော့သော လုလ္လတွေနဲ့ တည်ဆောက်ခဲ့ကြရတယ်။ စိတ်ဓာတ်ကို အမြဲတမ်းလိုလို တွန်းအားအဖြစ် ပြောင်းလဲပြီးတော့ လျှောက်ခဲ့ကြခြင်းဖြစ်ပါတယ်။ သူတို့လည်း အခက်အခဲ အဆီးအတားတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ အဲဒီလိုနဲ့ ခက်ခက်ခဲခဲ တည်ဆောက်ပြီးမှသာ အောင်မြင်မှုတွေ အလီလီ ရရှိခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေ ကျောင်းပြီးရင် အလုပ်မရှိလို့ဘဲဖြစ်ဖြစ်၊ လုပ်ခလစာ နည်းလို့ပဲဖြစ်ဖြစ်၊ ပျင်းလို့ပဲ ဖြစ်ဖြစ် အလုပ်မလုပ်ဘူးဆိုရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတာပါပဲ။ လမ်းတွေကတော့ မျိုးစုံရှိနေခဲ့ပါတယ်။
 ဘယ်လမ်းကို လိုက်မှာလဲ။ ဘယ်လမ်းကြောင်းဟာ ကိုယ့်နဲ့သဟဇာတဖြစ်မလဲ။ လျှောက်သောသူဟာ တစ်နေ့တော့ ပန်းတိုင်ကို ရောက်မှာ ဧကန်မလွဲပါပဲ။ ဒါကြောင့် လျှောက်ပါ။ ကြိုးစားပါ။ ဇွဲလုလ္လကိုလည်း လျှော့မချလိုက်ပါနဲ့ လို့ မှာချင်ပါတယ်။ ဒီလိုဆိုရင်တော့ တစ်နေ့ အောင်မြင်မှုဆိုတဲ့ အသီးအပွင့်တွေ ဝေဆာနေတဲ့ ပန်းတိုင်မှာ အေးအေးလူလူ နေရပါလိမ့်မယ်လို့ ဆိုချင်ပါတော့တယ်။