Wednesday, November 4, 2015

လူငယ်နဲ့ လမ်းရိုး


        ဆန်းပြားမှုတွေကတော့ လိုက်မမီအောင်ကို အရှိန်ကောင်းကောင်း ပြေးနေခဲ့တယ်။
ဒီနေ့ပစ္စည်းဟာ မနက် ဖြန်ဆို အပ်ဒိတ်မဖြစ်တော့ဘူး။ နောက်တစ်မျိုးပေါ်လာပြီ။
ဒီတော့ ဒီလို ပေါ်တဲ့ ပစ္စည်းတွေနောက် လိုက်နေရတာ လည်း မောနေခဲ့ကြပြီလို့
ထင်ပါတယ်။ ဒါကြောင့် ပြောတယ်။ တစ်ခါတလေ ဘာမှမသိတာပဲ
ကောင်းပါတယ်-ဆိုတဲ့စကားပေါ့။ သိလွန်းရင်လည်း အဲဒီအသိတွေက ကောင်းတာထက်
ဆိုးတာတွေများနေတော့ ကိုယ့်ကိုယ်ကို ဘဝင်မကျတာလား၊ နားမလည်တာလား၊
လက်မခံနိုင်တာလား ဘာမှန်းကို မကွဲပြားတော့ဘဲ ဟုတ်နိုးနိုးတွေနဲ့ လူလည်း
ထုံထိုင်းနေခဲ့ရတယ်ပေါ့။

        ဒါပေမယ့် ဘာအတတ်ပဲဖြစ်ဖြစ် သင်ထားတာတော့ကောင်းတယ်။ မလိုက်နာဖို့၊
လိုက်နာဖို့ကတော့ ကိုယ် ပိုင်ဆုံးဖြတ်ပြီး ရွေးချယ်လုပ်ဆိုတဲ့
လူကြီးသူမတွေရဲ့ သွန်သင်မှုတော့ ရှိတယ်မဟုတ်လား။ တစ်ခါတလေကျတော့ လည်း
ဆန်းပြားလွန်းရင် သိပ်မဟန်ဘူး။ လမ်းရိုးလေးအတိုင်းပဲ လျှောက်ရတာက
ကောင်းတယ်မဟုတ်လား။ အခုဆို အလုပ်တိုင်းလိုလို အဲဒီလို အသိတွေ၊ သတင်းတွေ၊
သီအိုရီတွေကြောင့် ခရီးမရောက်တာတွေလည်း ရှိလာ ခဲ့တယ်မဟုတ်လား။
သတင်းခေတ်ဖြစ်တာနဲ့အညီ စက္ကန့်မလပ် သတင်းစီးဆင်းမှုတွေကလည်း
မြန်မြန်ဆန်ဆန်ကြီး ကို စီးဆင်းနေခဲ့တယ်။

        မှန်တာတွေရှိသလို၊ မမှန်တဲ့ ဝါဒဖြန့်တာတွေကလည်း တစ်ခုပြီးတစ်ခု
မရိုးအောင် တက်လာနေခဲ့တယ် မဟုတ်လား။ ဒီတော့ မဖြစ်သင့်တာတွေ
ဖြစ်ကြရပြန်တယ်။ ဒါကြောင့် မသိတာဘဲ ကောင်းပါတယ်လို့ ပြောရတာ ပေါ့။
တစ်ခုတော့ ရှိတာပေါ့လေ၊ ကိုယ်ပိုင်စဉ်းစားဆင်ခြင်နိုင်
တဲ့
စွမ်းအားရှိရင်တော့ ကောင်းတာပေါ့။ ဟုတ်၊ မဟုတ်လောက်
ခွဲခြမ်းစိပ်ဖြာနိုင်ပြီး အမှန်နဲ့ အမှားကို ကွဲကွဲပြားပြား
သိနိုင်ရင်တော့ ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာဆောင်ပြီးတော့
ခရီးဆက်ရတာလည်း ပိုပြီးမြန်ဆန်နိုင်ပါတယ်။ ခက်တာက သိပ်ပြီးတော့ မစဉ်းစား
ချင်ကြတော့ ဟိုဟာလည်း ဟုတ်သလိုလို၊ ဒီဟာလည်းဟုတ်သလိုလိုနဲ့
လက်ခံပစ်ကြရတော့ သိလိုက်တာကိုက အပြစ်ဖြစ်သွားရပြန်တာပေါ့။

        ခုနကပြောသလိုပါပဲ။ တစ်ခါတလေ လမ်းရိုးလေးကပဲ ကောင်းနေတာကို သီအိုရီနဲ့
မကိုက်ဘူး။ ဘာနဲ့ မကိုက်ဘူး။ သီအိုရီအဆိုက ဒီလိုရှိတယ်။ ဟိုပညာရှင်ကြီးက
ဒီလိုဆိုတယ်ဆိုပြီး စာအုပ်ကြီးအတိုင်း၊ စနစ်တကျ အတိုင်း လျှောက်ရင်လည်း၊
လုပ်ရင်လည်း ခရီးမရောက်တာတွေ ရှိပြန်တယ်။ ဒါကြောင့် သူ့နေရာမှာ သူဟာ
ဘုရင်ဆိုတဲ့အတိုင်း တောင်သူကိုသွားပြီးတော့ စာအုပ်ကြီးအတိုင်း
ဘာစိုက်ဖို့ ညာစိုက်ဖို့ သွားပြီးဆရာလုပ်ရင်လည်း အဲဒီတောင်သူဟာ
မွဲရုံပဲရှိမှာပေါ့။ သူက ဒီနေရာမှာ ဘယ်ရာသီမှာ ဘာစိုက်ရမယ်ဆိုတာ သိတယ်။
ကျွမ်းကျင်တယ်။ ဘာသီအိုရီမှ မလိုဘူး။ ဘာနည်းစနစ် ဆန်းဆန်းပြားပြားမှ
မလိုဘူး။ ဒီလိုမဟုတ်ဘဲ၊ ဟိုဟာစိုက်၊ ဒီဟာစိုက်ဆိုပြီး
သွားဆရာလုပ်မယ်ဆိုရင် ကြောက်လို့သာစိုက်လိုက်ရတယ် ဘာမှဖြစ်မလာတာမျိုးတွေ
ရှိလာမယ်ဆိုတာ သတိထား သင့်ပါတယ်။ ဒါကတော့ ဥပမာတစ်ခုကို ပြောတာပေါ့။

        ဆိုတော့ ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်အောင် သူတို့က ဒီလိုဆိုတယ်။
ဒီလိုသင်ကြားတယ်။ ဒီလို သီအိုရီရှိတယ်ဆိုပြီး ဆန်းပြားလွန်းရင်လည်း
အလုပ်မဖြစ်တာတွေ ရှိနေဦးမှာပါ။ ဒါကိုလည်း သိထားဖို့ လိုအပ်ပါတယ်။
အဲဒီလိုပဲ ခေတ်ပေါ်နည်းပညာတွေကို လိုက်မမီလို့ဆိုပြီးလည်း
အရမ်းကြီးတွေးပြီး စိတ်ပျက်လက်ပျက်ဖြစ်စရာ မလို ပါဘူး။ သိရင်ကောင်းပေမယ့်
အလုပ်မဖြစ်တာတွေ များနေရင် မသိတာကမှ ပိုကောင်းသေးတယ်လို့ ခံယူထားပါ။
ဘာဖြစ်လို့လည်းဆိုတော့ လမ်းရိုးအတိုင်းမလျှောက်ချင်ဘဲ ဖြတ်လမ်းဆိုတဲ့
ခေတ်ပေါ်နည်းပညာတွေနဲ့ ဖြတ်လျှောက် တော့ အလုပ်မဖြစ်တာတွေ ဖြစ်လာတတ်ရင်
စိတ်ပျက်လက်ပျက်ဖြစ်နေမှာစိုးလုိ့ ပြောရတာပေါ့။ အထက်ကပြော သလိုပါပဲ။
ပညာဆိုတာကတော့ ဘာမဆို တတ်ထားရင်ကောင်းတာပေါ့။ ဒီလို သီအိုရီတွေ၊
ပညာတွေဆိုတာတွေက လက်တွေ့ဘဝ ဖြတ်သန်းနေတဲ့လူတွေဆီကနေ စစ်တမ်းကောက်ပြီးတော့
ယေဘုယျအနေနဲ့ ဖြစ်နိုင်တာကို သီအိုရီ ဆိုတာ ထုတ်ထားတာ။ ဒါကို
ခေတ်စကားနဲ့ပြောရရင် ဦးနှောက်ဖောက်စားတာတာပါပဲ။ တကယ်တော့ ကိုယ်သွားနေကျ
လမ်းလေးဟာ ခရီးရောက်ရင်၊ ခရီးပေါက်ရင်၊ အလုပ်ဖြစ်နေရင်
ဒီလမ်းရိုးလေးအတိုင်း ဆက်လက်လျှောက်ပါလို့ မှာချင်ပါတယ်။ ဒါဟာ
ခေတ်ရေစီကို တားဆီးနေတာမဟုတ်ဘူးဆိုတာ နားလည်လိမ့်မယ်လို့ ထင်ပါတယ်။ အလုပ်
မဖြစ်လို့ ပြောနေခြင်းပါ။ အလုပ်ဖြစ်ရင်တော့ ဘယ်လိုနည်းစနစ်၊
ဘယ်လိုသီအိုရီဖြစ်ဖြစ် သွားနိုင်အောင်၊ အမီလိုက် နိုင်အောင် ကြိုးစားဖို့
လိုအပ်တာပေါ့။ ဒါနဲ့ ပတ်သက်ပြီးတော့ ဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို
ပြောပြချင်ပါတယ်။

        တစ်ခါက အသားညှပ်ပေါင်မုန့်လေးတွေ လုပ်ရောင်းပြီး ဘဝရပ်တည်နေခဲ့တဲ့
မိသားစုတစ််ခုရှိတယ်။ အဓိက ကတော့ ဖခင်ဖြစ်သူရဲ့ လုပ်ဆောင်မှုနဲ့
အသက်ရှင်နေကြရတာပါ။ ဖခင်ဖြစ်သူက စာမတတ်ရှာဖူး။ ဒါကြောင့် သူဟာ
ဘာသတင်းတွေ၊ ဘာစာအုပ်တွေ၊ ဘာစာတွေကိုမှ မဖတ်ခဲ့ဘူး။ နောက်ပြီးတော့ သူဟာ
နားထိုင်းနေခဲ့တယ်။ နားထိုင်းတယ်ဆိုတော့လည်း ရေဒီယိုက လွှင့်တဲ့
သတင်းမျိုးစုံကလည်း သူ့ အတွက်တော့ ဘာမှမထူးဆန်းဘူးပေါ့။ နောက်ပြီး သူဟာ
မျက်စိကလည်း မှုန်သေးတယ်။ ဒါကြောင့် ရုပ်/သံ မီဒီယာမျိုးစုံကိုလည်း
ကြည့်ရှုခဲ့ခြင်း မရှိဘူးတဲ့။

        ဒါပေမယ့် သူ့ဟာ အသားညှပ်မုန့်တွေကို စိတ်အားထက်သန်စွာ ရောင်းချတယ်။
စေတနာပါပါ ဖွယ်ဖွယ်ရာ ရာနဲ့ ကောင်းကောင်းလုပ်ပြီးတော့ ရောင်းတယ်။
ရောင်းအားလည်း ကောင်းတော့ အကျိုး အမြတ်ဆိုတာလည်း တစ်နေ့ထက်တစ်နေ့
မြင့်တက်လာတယ်။ ဒီလိုနဲ့ လုပ်ငန်းကို တိုးချဲ့ဖို့ အသားတွေ ပိုမှာတယ်။
မီးဖိုကိုလည်း ကောင်းမွန်ပြီး ကြီးမားတဲ့ မီးဖိုကြီးကို မှာလိုက်တယ်။
ဆိုတော့ သူတို့မိသားစုလေးရဲ့ စီးပွားရေးဟာ အရမ်းကြီး မချမ်းသာသည့်အတိုင်း
အတော်လေးကို ဖြစ်ထွန်းလာခဲ့တယ်။ ဖခင်လုပ်သူဟာ သူကိုယ်တိုင်သာ ပညာမတတ်တယ်။
သူ့သားကိုတော့ ကျောင်းပြီးအောင် ထားနိုင်ခဲ့တယ်။

        ဒီလိုနဲ့ ကျောင်းသားဖြစ်သူ သားတော်မောင်ဟာ တက္ကသိုလ်က ဘွဲ့ယူပြီးတော့
အိမ်ကို ပြန်လာတယ်။ ဘွဲ့ရကျောင်းသားဆိုတော့ သူ့ဖခင်ဟာလည်း အတော်လေးကို
အထင်ကြီးရှာတယ်။ ငါ့သားပညာတတ်ကြီးပဲဆိုတဲ့ စကားကို နှုတ်ကမချအောင်
ပြောဆိုနေတတ်တယ်။ ဒီလိုနဲ့ သားဖြစ်သူဟာ သူ့ဖခင်ရဲ့အောင်မြင်နေတဲ့
အလုပ်ကို လာရောက်ပြီး ပူးပေါင်းလာတယ်။

        ''အဖေရေ၊ ကျွန်တော်တို့ မကြာခင် ကြုံတွေ့ရမယ့် စီးပွားရေးအခြေအနေကိုလည်း
လေ့လာထားရမယ်။ သတိထားရမယ်ဗျ၊ အဲဒါ အဖေမသိဘူးမို့လား၊ မကြာခင်မှာ
စီးပွားရေး ကျဆင်းမှု၊ စီးပွားပျက်ကပ် ဆိုက်လိမ့်မယ်။ နိုင်ငံတကာဟာ
အခြေအနေ အတော်လေး ဆိုးရွားနေတယ်။ အခု တစ်ကမ္ဘာလုံးတောင်
စီးပွားရေးပျက်ကပ်ကြီး က ဆိုက်နေပြီ။ ဒါထက် ပြည်တွင်းအခြေအနေကပိုလိုတောင်
ဆိုးဆိုးရွားရွား ဖြစ်နေခဲ့ပြီ။ ဒါကြောင့် မကြာခင် ကျရောက်လာမယ့်
စီးပွားရေးကျဆင်းမှုအခြေအနေကို ကြိုတင်ကာကွယ်ထားဖို့တော့
လိုအပ်နေလိမ့်မယ်''ဆိုပြီး ပြောပြပါတယ်။ ဒီတော့ ''ငါ့သားက
ခေတ်ပညာတတ်ကြီးဆိုတော့ သူပြောတာဟုတ်မှာပါ။ ငါ့အနေနဲ့ ပေါ့ပေါ့
တန်တန်ထားလို့တော့ မဖြစ်သေးပါဘူး''ဆိုပြီး တွေးလိုက်တယ်။

        ဒီလိုနဲ့ ဖခင်ဖြစ်သူက သူ့သားရဲ့အကြံပြုချက်အတိုင်း
ခါတိုင်းများများစားစား မှာယူနေခဲ့တဲ့ အသားတွေနဲ့ ပေါင်မုန့်တွေကို
လျော့ပြီးတော့ မှာလိုက်တယ်။ နောက်ပြီးတော့ သူ့သားကိုယ်တိုင် ရေးထားတဲ့
လျှော့ချလိုက်ကြောင့်၊ ဘယ်ချိန်ကနေ ဘယ်အချိန်အထိပဲ ရောင်းကြောင်းပါတဲ့
ဆိုင်းဘုတ်လေးကိုလည်း ဆိုင်ရှေ့မှာ ချိတ်ဆွဲထားလိုက်တယ်။ ဒီလိုနဲ့
တဖြည်းဖြည်း သူဟာ အလုပ်မှာလည်း သိပ်ပြီးတော့ စိတ်အား ထက်သန်မှု မရှိတော့ဘဲ
 လုပ်အားကိုလည်း လျှော့ချလိုက်တယ်။ လာဝယ်တဲ့လူတွေလည်း တဖြည်းဖြည်းဆိုသလို
နည်းပါးသွားတယ်။ ရောင်းအားလည်း အတော် လေးကို ကျဆင်းသွားတယ်။ နောက်
ဖခင်ဖြစ်သူက သူ့သားကို ပြောလိုက်တယ်။

        ''သားရေ၊ မင်းပြောတာ မှန်လိုက်တာကွာ၊ ဖေဖေတို့ စီးပွားပျက်ကပ်ကြီးရဲ့
ဆိုးမွေးကို ခံရတဲ့အနေနဲ့ အခုရောင်းအားလည်း အတော်ကျသွားတယ်။ ငါ့သားအနေနဲ့
အခုလို အချိန်မီပြောလို့ သတိပေးလို့ပေါ့ကွာ၊ ဒါကြောင့် သားကို ဖေဖေ
အရမ်းပဲ ကျေးဇူးတင်ပါတယ်တဲ့'' ပုံပြင်လေးကတော့ ဒါပါပဲ။

        လမ်းရိုးနဲ့ ဆန်းပြားမှုဆိုတဲ့ ခေတ်ပေါ်နည်းပညာတွေရဲ့ အဟနှစ်ခုကို
သွန်သင်ပေးလိုက်နိုင်တဲ့ ဒီပုံပြင်လေး ကိုတော့ အသေးစိတ်အနေနဲ့
ရှင်းမပြလိုတော့ပါဘူး။ ဒါကြောင့် ခေတ်မီတာကောင်းပါတယ်။
ခေတ်ဆန်လွန်းပြီးတော့ ခေတ်အတိုင်းစီမျောလိုက်ပါမှုတိုင်းဟာ တစ်ခါတလေ
အလုပ်မဖြစ်ဘူးဆိုတာကို လူငယ်တွေအနေနဲ့ သိစေချင်ပါတယ်။

မောင်မင်းစိုး
အတွဲ ၂၊ အမှတ် ၁၈၊ ၂၀၁၅
Myanmar Review ဂျာနယ်။

No comments: