Monday, December 15, 2008

ညီ၊ညီမလေးသို့ အိတ်ဖွင့်ပေးစာ(၆)


ညီလေး၊ညီမလေးတို့ရေ……
မမြင်နိုင်တာတွေကိုပဲ မြင်ချင်နေတာက လူ့ဘ၀ကိုတော်တော်ကို မင်းမူနေခဲ့တယ်။ ဘယ်လိုပြောရမလည်း ဆိုရင် တန်ဖိုးတစ်ခုကို တန်ဖိုးတစ်ခုနဲ့ ဆုံးဖြတ်ဖို့ဆိုတာက အဲဒီဆုံးဖြတ်မယ့် တန်းဖိုးရဲ့ အရည်အတွေးနဲ့ဆိုင်တယ်။ ဒီတော့ ဘာတွေနဲ့ဆုံးဖြတ်ချက်ချချင်တာလည်း၊ ဘယ်လိုချမှာလည်း ၊ ဘယ်တော့ချမှာလည်း ၊ ဘယ်သူ့ကို ဘယ်လို အပြုအမူကြောင့်ချမှာလည်း မေးခွန်းတွေကတော့ တော်တော်များနေလိမ့်မယ်။ ကဲ့ ဒီတစ်ပတ် ပြောချင်တာကတော့ အကို့ရဲ့ သူငယ်ချင်းတစ်ယောက်အကြောင်းကို ဦးစားပေးပြောဆိုချင်တယ်။ သူကကျောင်းမပြီးသေးပေမယ့် ကိုက်ပုံ စံမျိုးနဲ့ စာလိုက်သင်တယ်။ ဒါကလည်း သူ့ဆရာရဲ့ အကူအညီတောင်းချက်အရ ဘာမှမရဘဲနဲ့ စေတနာသက်သက် လိုက်သင်တာလို့ သူအပြောအရ သိရတယ်ပေါ့လေ။ ဒါတော့ ထားပါ။ သူက အကိုနဲ့တော်တော်လေး ခင်တော့သူ့ အကြောင်းကိုတော့ တစ်လုံးမကျန်ပြောပြလေ့ရှိတယ်။
ပထမဆုံးပြောချင်တာကတော့ သူ့ဆရာအကြောင်းပေါ့လေ။ သူ့ဆရာကိုတော့ တော်တော်လေး လေးစား ပြီး တော်တော်လေးလည်း ယုံကြည်ချက်အပြည့်ထားခဲ့တယ်။ သူက ပြောရရင် သူ့ဆရာလို စာသင်ကောင်းတဲ့ လူဖြစ်ချင်တာ။ ဒီတော့ သူ လမ်းဖောက်ကြည့်တယ်။ ဘယ်လိုလည်းဆိုတော့ သူ့ဆရာနဲ့မတူတဲ့ စာသင်နည်းကို စမ်း သပ်ကြည့်တယ်။ သူ့အဆိုအရကတော့ ကလေးတွေကို လွတ်လပ်ခွင့်အပြည့်ပေးပြီးသင်တယ်။ သူကပျော်ပျော်နေ တတ်တော့ ကလေးတွေကိုလည်း ပျော်ပျော်နေစေချင်တယ်။ သူ့အဆိုကိုပြောတာနော်။ ဒီတော့ ကလေးတွေက သူ အချိန်ရောက်ရင် စာထဲကိုအလေးအနက်မထားချင်ဘူး။ တစ်ယောက်နဲ့တစ်ယောက် လှောင်ပြောင်နေတာတို့၊စကား ပြောနေတာတို့လုပ်တယ်။ ဒါကို သူတော်တော်လေး စိတ်ပျက်တယ်။ အဲဒီလိုမဖြစ်စေချင်ဘူး။ တစ်ခါတစ်လေ စာမေးကြည့်တယ်။ ဒါပေမယ့် ကျောင်းသားကဘာမှန်းကိုမသိအောင် ဖြစ်နေတယ်။ သူက အဓိကစိတ်ပျက်တာက တော့ တစ်ရက်က ကလေးမလေးတစ်ယောက်က ဆရာစာသင်တာ ဘာမှန်းလဲမသိဘူး ။ သင်ရင်းသင်ရင်း လည်နေ တယ်။ တော်ပြီနောက်နေ့တော့ မတက်ချင်တော့ဘူးလို့ ဆိုလိုက်တယ်။ ဒါကို မောင်မင်းကြီးသားက သူ့ကိုစော်ကား တယ်ဆိုပြီး နောက်နေ့မသင်တော့ဘူးလို့ အကို့ကိုလာပြောတယ်။
အကိုကလည်း သူ့ကိုအကြောင်းစုံမေးကြည့်တာပေါ့ ။ ဒီတော့ သူ့ရဲ့ သင်ပုံစနစ်ကိုသိရတယ်။ နောက်ပြီးလို အပ်ချက်တွေလည်း သိလိုက်ရတယ်။ နောက်ဆုံး သူ့ကိုပြောဖြစ်တာကတော့ ကိုယ်မနိုင်တဲ့ ဘာသာရပ်ကို သင်တဲ့ အခါမှာ ကြိုတင်ပြင်ဆင်မှုမရှိတာကိုပြောလိုက်တယ်။ နောက်တစ်ခုကတော့ သူပေးတဲ့ ဖရီးစတိုင်းလ်ဆိုတာ ကိုယ့် ယဉ်ကျေးမှုနဲ့မရသေးတာရယ်။ နောက် သူ့ပေးတဲ့၊ဖြစ်စေချင်တဲ့ ဖရီးစတိုင်းလ်ဆိုတာ ရေလိုက်ငါးလိုက်လွဲစေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့အဆိုအရကတော့ သူပျော်သလိုပျော်စေချင်တယ် ဆိုပေမယ့်။ သူ့က ပျော်ဖို့လောက်ကို သာ အားထုတ်နေတယ်ဆိုတာ သိလိုက်ရတယ်။ နောက်တစ်ချက်ကတော့ ကိုယ်မနိုင်တဲ့ဘာသာရပ်ကို ဆရာအဖြစ် ပြန်သင်တယ်ဆိုတာ ကိုယ်တိုင်နားလည်အောင် မသင်ခင်ကြိုတင်လေ့လာမှုရှိရမယ်။ အဲဒီအခါကျမှ ဒီဘာသာရပ်နဲ့ ဆိုင်တဲ့ မေးခွန်းတွေ၊နားမရှင်တာတွေကို ထမေးခိုင်းခြင်းဆိုတဲ့ ဖရီးစတိုင်းလ်မျိုးတွေ ပေးရမယ်။ နောက်တစ်ခုက သူ့ ဆရာကို အားကျတယ်ဆိုတာကောင်းတယ်။ ဒါပေမယ့် သူ့ဆရာလို ဗဟုသုတမပြည့်စုံမှုတွေရှိတယ်။
ဒီတော့ သူကသူစေတနာထားသလောက် ကျောင်းသားတွေကို စေတနာကို တန်ဖိုးမထားဘူးဆိုပြီး သူ့ခံယူ ချက်ထားတဲ့ စေတနာဆိုတဲ့ တန်ဖိုးနဲ့ ကျောင်းသားတွေကို တိုင်းတာလိုက်တော့တယ်။ အခု သူမသွားတော့ဘူး။ ဘာဖြစ်လို့လည်း။ အကိုကတော့ သူ့ကိုပြောပါတယ်။ ဆက်သွားပါ ဒါဟာ ပထမခြေလှမ်းပဲ ရှိပါသေးတယ်။ ဒီထဲက နေ မင့်အတွက် တန်းဖိုးမဖြတ်နိုင်တဲ့ သင်္ခန်းစာတွေရပါလိမ့်မယ်ပြောတယ်။ နောက်တစ်ခု သူ့ကိုအဓိကထားပြော လိုက်တာကတော့ သူထားတဲ့စေတနာဟာ တကယ့်ကိုစစ်မှန်တဲ့ စေတနာဖြစ်ရဲ့လားဆိုတာ သူ့ကိုပြန်မေးလိုက်တယ် အတွယ်အတာ၊အနှောင်အဖွဲ့ မလွတ်ဘဲနဲ့ ကိုယ့်အတွက်ဆိုတာကို မျှော်လင့်တဲ့ စေတနာဟာ စေတနာမမှန်ဘူးလို့ ပြောလိုက်တယ်။ သူကတော့ ပြောတယ်သူတို့ဆီက ငွေတစ်ပြားတစ်ချက်မှ မျှော်ကိုးပြီးသင်တာမဟုတ်ဘူးဆိုတဲ့ အ ဖြေကို ပြန်ပေးပါတယ်။ ဒီတော့ ငွေကြေးလောက်ကိုသာ ပြန်မျှော်ကိုးမှ စေတနာမသန့်တာဆိုတဲ့ အဖြေကိုသူပေး လိုက်တာဖြစ်တယ်။ ဒီတော့ သူ့အယူအဆကို အကိုထောက်ပြလိုက်ပါတယ်။ နောက်တစ်ခုကလည်း ပေးနေတဲ့ စေ တနာကလည်း မဟုတ်သေးတဲ့ အကြောင်းပြောဖြစ်လိုက်ပါတယ်။ အကိုကတော့ ဆက်လျှောက်ရမယ့် လမ်းကြောင်း ကိုပဲ လျှောက်ပုံလျှောက်နည်း ပြောပြလိုက်တယ်။ ဆက်သွားဖို့ကိုလည်း ပြောဖြစ်လိုက်တယ်။ ကိုယ့်ဆရာထက် နာ မည်ကြီးချင်ရင်၊သို့မဟုတ် သူ့လိုနာမည်ကြီးချင်ရင် သူ့လိုလေ့လာမှုအားကောင်းရမယ်။ သူ့လိုအသင်အပြကောင်းရ မယ်။ သူ့လိုစေတနာမျိုးကို ထားရမယ်ဆိုတာမျိုးကို ပြောဖြစ်ခဲ့လိုက်တယ်။ တစ်ခါတစ်လေ အတုယူမှားတတ်တာ တွေ ရှိနေတတ်တာကို အကို မင်းတို့ကိုပြောချင်တာပါ။ လူတိုင်းကတော့ ကိုယ့်ဖြစ်တည်မှုနဲ့ ရပ်တည်နေကြတာဖြစ် ပါတယ်။ ဒီတော့ ကိုယ့်ခွင်မှာ ကိုယ်ပိုင်အတွေးခေါ်နဲ့ လျှောက်တာမျိုးကို ဆုံးဖြတ်ချက်မှန်မှန်နဲ့ ဆက်လျှောက်စေချင် တာမျိုးကို ဖြစ်စေချင်တယ်။ ကိုယ့်ဆရာလိုမဖြစ်လို့ဆိုပြီး လမ်းကြောင်းလွဲသွားတာမျိုးကိုတော့ မဖြစ်စေချင်ဘူး။ အခု ညီလေး၊ညီမလေးတို့ကို အကိုသူ့ကိုပြောပြလိုက်တဲ့ ပုံပြင်လေးတစ်ပုဒ်၊သို့မဟုတ် အကြောင်းအရာလေး တစ်ခုကို ပြန်ပြောပြလိုပါတယ်။ ဒီအထဲကနေလည်း အားအင်တွေ၊သင်္ခန်းစာတွေကိုလည်း ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါ တယ်။ ဒါနဲ့ ဒီပုံပြင်လေးမပြောပြခင် အခုနယ်က သူငယ်ချင်းရဲ့ အကြောင်းကို အဆုံးသတ်ပြောလိုတယ်။ အခု သူမသွားတော့ဘူးတဲ့။ အခြားအလုပ်ကိုပဲ လုပ်တော့မယ်တဲ့။ ဒီတော့ သူသွားခြင်း၊မသွားခြင်းကိုတော့ သူ့ဘ၀ကို ဆုံး ဖြတ်ချက်မပေးလိုတော့ပါဘူး။ ဒါမျိုးလေးတွေ မင်းတို့အလှည့်ရောက်လာရင် ဘယ်လိုရင်ဆိုင်ရမယ်။ ဘယ်လိုကျော် ဖြတ်ရမယ်ဆိုတာ သိစေချင်ဖို့သက်သက်လောက်ကိုသာ အကိုမှတ်ချက်ပေးချင်တာပါ။ သူ သွားဖို့၊ဆက်သင်ဖို့ဆို တာတွေဟာ သူရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်၊လွတ်လပ်ခွင့်ဖြစ်တယ်လေ။
တစ်ခါက လူတစ်ယောက်ဟာ တောထဲမှာ လမ်းလျှောက်လာရင်း မသန်းမစွမ်းဖြစ်နေတဲ့ မြေခွေးတစ် ကောင်ကို မြင်ခဲ့တယ်။ ဒီတော့ သူက ဒီလိုတွေးတောမိတယ်တဲ့။အင်း……. ဒီလောက်ဖြစ်နေတာ သူစားဖို့အစာကို ဘယ်လို ရှားစားလဲဆိုပြီး အံ့သြနေတာပေါ့။ အဲဒီအချိန်မှာပဲ ကျားတစ်ကောင် ချဉ်းကပ်လာတာကို တွေ့လိုက်ရတယ် အဲဒီ ကျားရဲ့ ပါးစပ်ထဲမှာ သားကောင်တစ်ကောင်ကို ကိုက်ချီလာတယ်။ ကျားဟာ သူဗိုက်ပြည့်အောင်စားခဲ့ပြီး ကျန်တဲ့ဟာကို မြေခွေးအတွက်ထားခဲ့ရင်း အဲဒီနေရာကနေ ထွက်သွားခဲ့တယ်။
အဲဒါကို မြင်တော့သူ စဉ်းစားတယ်။
”” ဘုရားသခင်ဟာ မြေခွေးကိုတောင် ကူညီတယ်ဆိုရင် ငါ့ကိုလဲ ကူညီမှာပဲ ”” အဲဒီလို တွေးပြီး အိမ်ပြန်လာ ခဲ့တယ်။ သူဟာ အိမ်တံခါးကိုပိတ်ပြီး ကောင်းကင်ဘုံက သူ့အတွက် အစားအစာတွေ ယူဆောင်လာမှာကို စောင့်စား နေခဲ့တယ်။ ဒါပေမယ့်လဲ ဘာမှဖြစ်မလာခဲ့ဘူး။ နောက်ဆုံး အားနည်းချိနဲ့လာခဲ့တယ်။ အဲဒီအချိန်ကျမှ နတ်သားတစ် ပါးပေါ်လာပြီး သူ့ကိုပြောတယ်။
”” ဘာကြောင့်များ သင်ဟာ မစွမ်းမသန်ဖြစ်နေတဲ့မြေခွေးကို အတုယူဖို့ စိတ်ကူးခဲ့ရတာလဲ၊ အိပ်ရာထဲကထ သင့်လက်နက်ကိရိယာတွေယူ၊ကျားရဲ့ လမ်းစဉ်ကို လိုက်ပါတော့လား”” လို့ ပြောလိုက်တယ်။
ဟုတ်တယ် လူတွေဟာ တစ်ခါတစ်လေမှာ လူတွေဟာ အတုတော့ယူချင်တယ်။ ဒါပေမယ့် ကိုယ်အတုယူရမယ့် လူရဲ့ လမ်းစဉ်မျိုးကို ထည့်မစဉ်းစားချင်ကြဘူး။ နောက်တစ်ခုကတော့ အတုတော့ယူတယ် ဒါပေမယ့် ကိုယ်အတုယူတဲ့ လူ ရဲ့ လမ်းစဉ်ကိုမလိုက်ပဲ ပြိုင်ဆိုင်မှုတွေဖြစ်သွားတတ်တယ်။ တစ်ချို့ကျတော့လည်း ဘာမှမဟုတ်တာကို အတုယူချင် ကြတယ်။ အထက်က လူလို သူများအားကိုးနဲ့ မျှော်လင့်ချက်မဲ့နေသူတွေကို အတုယူတတ်ကြတယ်။ ဒီထဲက နတ် သားပြောသလို ကျားရဲ့လမ်းစဉ်ကိုလိုက်ပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ လျှောက်ကြဖို့အရေးကြီးတယ်။ အကူအညီဆို တာကြီးကိုသာ မျှော်လင့်နေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။
ဒီတော့ အကို မင်းတို့ကို မှာချင်တာကတော့ စေတနာထားပါ။ ကိုယ့်အလုပ်ကို တန်ဖိုးထားပါ။ ဗဟုသုတ ကြွယ်ဝအောင် လေ့လာဆည်းပူးပါ။ ကိုယ့်လမ်းကြောင်းကို ကိုယ်ဖောက်တဲ့အခါ တကယ့်ကိုယ်တန်ဖိုးထား လေး စားရတဲ့ လူတွေရဲ့လမ်းစဉ်ကိုလိုက်ပါ။ သို့သော် ဘာကြောင့်သူတို့ဒီလိုဖြစ်တာလည်းဆိုတာ ပထမဆုံးလေ့လာပါ။ နောက်မှ လိုက်သင့်၊မလိုက်သင့်ဆုံးဖြတ်ပါ။ ကိုယ်တိုင်မလျှောက်ဘဲနဲ့တော့ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်းကို ဘယ် လိုသောနည်းနဲ့မှ ရောက်မှာမဟုတ်ဘူးဆိုတာကို ခေါင်းထဲထည့်ထားပါ။ ဘယ်တော့မှ သူ့များကိုမျှော်ကိုးပြီး သူ့တို့ရဲ့ အကူအညီနဲ့ ကြီးပွားမှာပဲဆိုတဲ့ ခံယူချက်မျိုးကို မေ့ဖျောက်ထားပါ။ ဆိုလိုတာက ကိုယ်လုပ်မှကိုယ်ရမယ်ဆိုတဲ့ အယူ အဆကို လက်ကိုင်ထားပြီး လမ်းကြောင်းကို မသွေဖီဘဲ လျှောက်လှမ်းနိုင်ပါစေလို့…………..။

မင်းတို့ရဲ့ ချစ်ဆုံးအကိုကြီး….

မောင်မင်းစိုး(ရွှေနံ့သာ)

အချိန်တန် အိမ်ပြန်ကြပါစို့



မျှော်လင့်ခြင်းနည်းနည်း အိပ်မက်တွေ အရေပျော်ပြီ
ကျားကန်ထားခံခဲ့ရတဲ့ ဘ၀အသေတွေနဲ့
ဆံပင်တွေ ဖြူနေခဲ့ပြီအမေ။

ခိုကိုးရာမဲ့ ပြောင်တလင်းခါနေတဲ့ စိတ္တဇညနက်ထဲ
သန်ခေါင်ထက် ညဥ့်မနက်တော့ပေမယ့်
အိမ်ပြန်ချိန်ကို မျှော်လင့်နေခဲ့တယ်။

တရံရောအခါက
လူတွေဟာ လူတွေနဲ့ရှင်သန်ဖို့ကြိုးစားခဲ့တယ်
အခုတော့
လူတွေဟာ မာရ်နတ်တွေရဲ့လှည့်စားမှုအောက် ပြားပြားမှောက်လို့
နံရံခြားနေ့ရက်တွေ ထူးထပ်လာခဲ့တယ်။

ဆိုပါတော့
နံနက်ခင်းတွေ ရောင်နီလာခဲ့ပြီးရင်
လူတစ်လုံးသူတစ်လုံး နေပျော်ပျော်ဘ၀တွေနဲ့
အာမခံချက်တွေ ရောင်ခြည်တောက်လိမ့်မယ်။
မောင်မင်းစိုး(ရွှေနံ့သာ)

Sunday, December 14, 2008

မိစ္ဆာဝိုင်ကို သောက်ကြည့်ခြင်း


‘ကဗျာတွေ ရှင်ချင်ရင် ကဗျာဆရာတွေ သေဖို့သာပြင်’

မိစ္ဆာဝိုင်ကို သောက်ကြည့်ခြင်း (သို့မဟုတ်) ကဗျာဆရာကြည်မောင်သန်းနှင့်တွေ့ဆုံခြင်း

အေးရာအေးကြောင်းကဗျာ (၁၉၈၈) မှ

ကဗျာဆိုတာ ပဟေဠိဝှက်တမ်းကစားနေတာမဟုတ်ပါဘူး၊ ဆုံးမစာလိုလို နိတိလိုလို ပညာပေးနေတာလည်း မဟုတ်ပါဘူး၊ စတုရန်းတွေ၊ တြိဂံတွေထဲအပေါစား စာသားထည့်ပြီး ကလေးတွေ တီဗီဂိမ်း ဆော့သလို ဆော့ရတဲ့အရာလည်း မဟုတ်ပါဘူး။ စကားလုံးတွေ လော်မာပြီး အဓိပ္ပာယ်မဲ့ အဆက်စပ်မဲ့ ထင်ရာမြင်ရာ ရေးနေတဲ့ စကားလုံးစွပ်ပြုတ်မဟုတ်ဘူး။
ကျနော်တို့ လူငယ်တွေဟာ ကုန်းဘောင်ခေတ်က ဦးပုည၊ အချုပ်တန်းဆရာဖေတို့ရဲ့ တေးထပ်တွေကိုလည်း တန်ဖိုး အနဂ္ဂထားပေရဲ့၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မဟာလေးချိုးကြီးတွေဟာလည်း နှလုံးသားထဲ ခေတ်အဆက်ဆက် ခုန်ကြွနေပေလိမ့်။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တိုရဲ့ ခေတ်စမ်းကဗျာများဟာလည်း ရာစုအဆက်ဆက် ၀င်းပြက်နေပေလိမ့်၊ စာပေသစ်မုခ်ဦးက ဆရာဒဂုန်တာရာ၊ ကြည်အေးတို့ ကဗျာတွေကလည်း ကျနော်တို့သွေးသားထဲ မြစ်ကြီးတမြစ်လို တသွင်သွင် စီးဆင်းနေဆဲပါ။
စာပေပုံသဏ္ဌာန်တရပ်ဟာ အဓိပ္ပာယ်မဲ့ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ (မိဘမဲ့ အဖမဲ့သားတွေ မဟုတ်ဘူး။) ခေတ်ရဲ့ တောင်းဆိုမှုအရ ပေါ်ပေါက်လာတာပါ။ ကျနော်တို့ဟာ ခေတ်စမ်းရဲ့ နောက်မြီးဆွဲ န၀ဂန္ထ၀င်ကဗျာတွေကိုလည်း မပစ်ပယ်ခဲ့ပါဘူး။ ခေတ်နဲ့ အံမ၀င်တော့တဲ့အခါ ရှေးဟောင်းအမွေအနှစ် အနုပညာတွေဟာ ယဉ်ကျေးမှုပြတိုက်ထဲ ခံ့ခံ့ညားညား နေရာယူခဲ့ကြပါတယ်။ အသစ်ကို မြတ်နိုးတဲ့ လူငယ်များဟာ အတားအဆီးတွေ၊ အတန်းအစားတွေ၊ အပိတ်အဆို့တွေကြားက ရုန်းကန်ဖူးပွင့်လာရတာဟာ ဓမ္မတာပဲဖြစ်ပါတယ်။ လူကြီးနဲ့လူငယ် အဟောင်းနဲ့အသစ် ပဋိပက္ခအတွက်ကတော့ ခေတ်တိုင်းမှာ ရှိနေမှာပါပဲ။ ကျနော်တို့ဟာ ဂန္ထ၀င်ကဗျာတွေကို မပစ်ပယ်ခဲ့ပါဘူး။ နှလုံးသားထဲက မြတ်မြတ်နိုးနိုး တန်ဖိုးထား သိမ်းဆဲထားဆဲပါပဲ။

ကနေ့ ခေတ်ပေါ်ကဗျာကို စူးရှထက်မြက်စွာ တစိုက်မတ်မတ် ရေးဖွဲ့နေသူကတော့ ကဗျာဆရာကြည်မောင်သန်းပဲ ဖြစ်ပါတယ်။ ကြည်မောင်သန်းရဲ့ မိုးဝေမဂ္ဂဇင်း ၁၉၈၂ မှာ ‘ပေါင်ချိန်ကြစို့’ ကဗျာကို မှတ်မှတ်ရရ စတင် ဖတ်ဖူးခဲ့ပါတယ်။ ၁၉၈၉ နောက်ပိုင်းမှာတော့ ကြည်မောင်သန်းရဲ့ နိမိတ်ပုံတွေ၊ သင်္ကေတတွေ၊ စကားလုံးခွန်အားတွေဟာ ကဗျာဖတ်သူရဲ့ သွေးကြောထဲ စိုက်ထိုးလိုက်သလို ပူနွေးသွားပြီး အလင်းတခု ပွားလာသလို ခံစားခဲ့ရပါတယ်။ ကြည်မောင်သန်းရဲ့ ကဗျာတွေထဲက ‘လက်’ ‘ရေသူမနဲ့ ညစာစားခြင်း’ ကဗျာတွေဟာ ကဗျာဖတ်သူရင်ထဲကို စွဲထင်ကျန်ရစ်ခဲ့တဲ့ ကဗျာတွေပဲဖြစ်ပါတယ်။ ကဗျာဆရာကြည်မောင်သန်းရဲ့ သွေးခုန်နှုန်းကို တိုင်းထွာနိုင်ဖို့ ပန်းအလင်္ကာစာမျက်နှာပေါ်မှာ တင်ဆက်လိုက်ပါတယ်။

ပထမဦးဆုံး ကဗျာဆရာအဖြစ် ရွေးချယ်ပုံကို သိပါရစေ။
ဖြေ - ကဗျာဆရာအဖြစ်ကို ရွေးချယ်ခဲ့ခြင်းမဟုတ်ပါ။ ငယ်စဉ်ကတည်းက စာတွေဖတ်၊ ကဗျာတွေဖတ်၊ သီချင်းနားထောင်၊ ဂစ်တာတီး၊ ရုပ်ရှင်တွေကြည့်ရင်း အလယ်တန်းကျောင်းသားဘ၀မှာ ကဗျာရေးချင်စိတ် ပေါ်လာပြီး ကဗျာတွေစမ်းရေး၊ မဂ္ဂဇင်းတွေကို ကဗျာတွေ လှမ်းပို့ဖြစ်ပါတယ်။ အဲဒီအချိန်က ရှုမ၀၊ မိုးဝေ၊ ဖေဖော်ဝါရီလ မိုးဝေမဂ္ဂဇင်းမှာ ‘ဆူးလေဘုရားလမ်းရဲ့ ရာဇ၀င်’ ဆိုတဲ့ ကဗျာကို ပထမဆုံး ပုံနှိပ်ဖော်ပြခံရပါတယ်။ အဲဒီတုန်းက စာမူခ မရပါဘူး။ စာအုပ်လက်ဆောင်ပဲ ရပါတယ်။ အဲဒီလိုနဲ့ ကဗျာတွေ ဆက်ရေး၊ မဂ္ဂဇင်းတေါကို စာမူဆက်ပို့ဖြစ်ပါတယ်။ အပယ်ခံရတာလည်း ရှိ၊ ဖော်ပြခံရတာတွေလည်း ရှိပါတယ်။ ဘ၀မှာ အသက်မွေးဝမ်းကျောင်း အလုပ် အမျိုးမျိုး ကျင်လည်ခဲ့ပေမယ့် ကဗျာရေးချင်စိတ် တစ်ခုတည်းနဲ့ ကဗျာတွေ ရေးနေခဲ့တာပါ။ ရေးချင်တဲ့အခါလည်းရေး၊ မရေးချင်တဲ့အခါလည်း မရေး၊ မဂ္ဂဇင်းတွေဆီ ပို့ချင်တဲ့အခါလည်း ပို့၊ မပို့ချင်တဲ့အခါလည်း မပို့ဘဲ နေခဲ့ပါတယ်။ တက္ကသိုလ်ရောက်မှ ကဗျာရေးမယ်၊ ဘွဲ့ရမှ ကဗျာရေးမယ်၊ ပင်စင်ယူပြီးမှ ကဗျာရေးမယ်၊ ပုံမှန်ဝင်ငွေရှိမှ ကဗျာရေးမယ်၊ ဘ၀မှာ ဘာလုပ်လုပ် အဆင်မပြေတော့မှ ကဗျာရေးမယ်၊ လူရင်ဝင်ချင်လို့ ကဗျာရေးမယ်၊ ဘ၀မှာ ဘာလုပ်လုပ် အဆင်မပြေတော့မှ ကဗျာရေးမယ်၊ လူရာဝင်ချင်လို့ ကဗျာရေးမယ်။ တွေ့ကရာတွေ လျှောက်ရေးပြီး ကလောင်နာမည် လူသိမှ ကဗျာရေးမယ် စသည်ဖြင့် ရွေးချယ်ခဲ့ခြင်း လုံးဝမဟုတ်ပါ။ တစ်ဆက်တည်း ဆက်ပြောရရင် ကဗျာရေးလာတာ ပုံနှိပ်စာလုံး စဖြစ်ချိန်က စ ရေတွက်ရင် ၂၄ နှစ်ကျော် ရှိပါပြီ။ ကိုယ့်ကိုယ်ကိုယ် ကဗျာဆရာလို့ မခံယူရဲသေးပါ။ ကဗျာဆရာဆိုတာ ကဗျာဖတ်သူနဲ့ အချိန်ကာလက သတ်မှတ်ပေးပါလိမ့်မယ်။ ခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် ကဗျာရေးသူလို့ပဲ ခံယူပါတယ်။

လေးစားအားကျခဲ့တဲ့ ပြည်တွင်းပြည်ပ ကဗျာဆရာတွေကို ပြောပြပါလား။
ဖြေ- ပြောရရင်တော့ ဖတ်ဖူးသမျှ ဂန္ထ၀င်ကဗျာဆရာအားလုံးကို ကြိုက်ပါတယ်။ သူတို့က သေချာပြီးသားမို့ပါ။ ကြိုက်ခဲ့တာတွေကတော့ အများကြီးပါ။ ပြည်တွင်းကဆို ဂန္ထ၀င်ရော၊ ခေတ်စမ်းရော၊ တာရာခေတ်၊ မိုးဝေခေတ်ကနေ ဒီနေ့ကဗျာတွေအထိ ကြိုက်တာတွေ အများကြီးပါ။ စိတ်ထဲပေါ်ပေါက်သလောက် ပြောရရင် ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလ၀ံသ၊ ရှင်ဥတ္တမကျော်လည်း ကြိုက်တာပဲ၊
ဦးကြင်ဥ၊ ဦးကြော့လည်း ကြိုက်တာပဲ။
စိန္တကျော်သူဦးသြ၊ ၀န်ကြီးပဒေသရာဇာလည်း ကြိုက်တာပဲ။
ဖိုးသူတော်ဦးမင်း၊ လူဦးမင်းတို့လည်း ကြိုက်တာပဲ။
ဦးပုည၊ အချုပ်တန်းဆရာဖေလည်း ကြိုက်တာပဲ။
သခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့လည်း ကြိုက်ပါတယ်။
ဒဂုန်တာရာ၊ ကြည်အေး၊
ဒေါင်းနွယ်ဆွေ၊ နေသွေးနီ၊
မင်းလှညွန့်ကြူး၊ ကြည်လင်၊
ကန်မြဲအေးကျော်၊ ၀င်းဖေ၊
မောင်သင်းခိုင်၊ မောင်လေးအောင်၊
မောင်ယဉ်မွန်၊ ဖော်ဝေး၊
သုခမိန်လှိုင်၊ မောင်ချောနွယ်၊
အောင်ချိမ့်၊ မြေချစ်သူ၊
မောင်လူမှိန်၊ သစ္စာနီ၊
ဇော်(ပျဉ်းမနား)၊ မအိ၊
မောင်ခိုင်မာ၊ ပိုင်စိုးဝေ၊
မောင်သင်းပန် (နာမည်တွေ ကောက်သင်းကောက်နေရလို့ တချို့ လေးစားအားကျပေမယ့် မေ့နေတဲ့ ကဗျာဆရာတွေ ခွင့်လွှတ်ပါ)။

ပြည်ပကဆိုရင်လည်း (ဘာသာပြန်တွေကတဆင့်) ရှိတ်စပီးယား၊ ဒန်တေ၊ ဂွယ်ထည်၊ တဂိုးတို့လည်း ကြိုက်တာပဲ။ မာယာကော့ဖ်စကီး၊ နီရူဒါ၊ ဘားတော့ဗရက်၊ အိုက်ကျင့်လည်း ကြိုက်တာပဲ။ အိလိယော့၊ ဒလန်တောမတ်လည်း ကြိုက်တယ်။ အော်ဒင်၊ စီဒေးလူးဝစ္စ၊ စတီဖင်စပါဒါလည်း ကြိုက်တာပဲ။ အမေရိကန်က အလန်ဂျင်းစဘတ်၊ ရုရှက ယက်ဖတူရှင်ကို၊ ဘောစနက်စင်စကီး၊ ပြင်သစ်က ဂျက်ကွက်ပရေးဗား၊ ဂျာမနီက အိုက်ဇင်ဘာဂျာ၊ အီတလီက ကွာစီမိုဒို၊ အရှေ့ဥရောပက ဟိုးလမ်၊ ပိုပါ၊ ဟားဘတ်တို့လည်း ကြိုက်ပါတယ်။ နောက် အိုက်ယာလန်က ရှေးမတ်စ်ဟေနီ၊ မက္ကစီကိုက အောက်တိုဗီယိုပါဇ် စသည်ဖြင့် ကြိုက်ပါတယ်။ နောက် တောင်အာဖရိက၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားက အမည်မမှတ်မိတော့တဲ့ မော်ဒန်ကဗျာဆရာတွေကိုလည်း ကြိုက်ပါတယ်။

ဘယ်လိုစာမျိုးကို ဇောင်းပေးဖတ်ပါသလဲ။
ဖြေ- စာနဲ့ပတ်သက်ရင် အစုံဖတ်ပါတယ်။ လက်လှမ်းမီသရွေ့ အချိန်ရှိသရွေ့ပေါ့ဗျာ။ သိုင်းဝတ္ထု၊ တက်ကျမ်းနဲ့ ဆုံးမစာတွေကလွဲရင်ပေါ့ဗျာ။ သမိုင်းစာအုပ်တွေ၊ အတ္ထုပ္ပတ္တိစာအုပ်တွေလည်း ကြိုက်ပါတယ်။ ၀တ္ထုတိုပေါင်းချုပ်တွေကို ဖတ်သလို ၀တ္ထုရှည်ကြီးတွေကိုလည်း အချိန်ပေးဖတ်ပါတယ်။ ဘက်စ်ဆဲလားတွေကိုလည်း အချိန်ရရင် အင်တာတိန်းမင့် အနေနဲ့ ဖတ်ပါတယ်။ ရုပ်ပြတို့၊ ကာတွန်းတို့လည်း ဖတ်ပါတယ်။ အက်ဆေးနဲ့ ကဗျာကတော့ ဦးစားပေးပေါ့ဗျာ။ တစ်ခါတစ်ရံ အမျိုးသားစာပေကို ဖတ်ပါတယ်။

ကဗျာတပုဒ်ရဲ့ အသက်နဲ့ ပန်းတိုင်က ဘာလဲ။
ဖြေ- ကဗျာတစ်ပုဒ်ဟာ အနုပညာမြောက်စွာ ဆွဲဆောင်မှုရှိပြီး ကဗျာဖတ်သူကို ကျေနပ်ခံစားစေရရင် လိုရင်းရောက်တယ် ထင်တာပဲ။

ပုံသဏ္ဌာန် နဲ့ အကြောင်းအရာ ဘာက ပိုအရေးကြီးပါသလဲ။
ဖြေ- ဘယ်ဟာကမှ ပိုအရေးမကြီးပါဘူး။ လိုက်လျောညီထွေ ဖြစ်ဖို့ပဲ လိုပါတယ်။

ပို့စ်မော်ဒန်ကဗျာတွေက ဗဟိုချက် မဲ့ရမယ်လို့ တချို့က ပြောကြတယ်။ အခု ကိုကြည်မောင်သန်းရေးနေတဲ့ ကဗျာတွေက ခင်ဗျားရဲ့ဘ၀ကို ဗဟိုချက်ပြုရေးနေတာ မဟုတ်ဘူးလား။
ဖြေ- ပို့စ်မော်ဒန်ကဗျာတွေနဲ့ ပတ်သက်ရင်တော့ တတ်ကျွမ်းနားလည်တဲ့ လူတေါ ဆွေးနွေးပြောဆိုကြပါစေ။ ကျွန်တော့ကဗျာတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်ရေးချင်သလို ရေးပါမယ်၊ တခြားဟာလည်း ရေးချင်ရေးပါတယ်။

ကိုကြည်မောင်သန်းက ကဗျာဆရာ ဖြစ်မလာရင် ဘာဖြစ်လာမယ် ထင်ပါသလဲ။
ဖြေ - ကျွန်တော့အနေနဲ့ကတော့ ကဗျာရေးသူ ဖြစ်မလာရင် ကဗျာဖတ်သူတော့ ဖြစ်နေမှာပဲ။

ကနေ့ခေတ်ပေါ်ကဗျာဟာ အရှိန်အဟုန်နဲ့ စီးဆင်းနေသလား။ ရေစီး တန့်နေပါသလား။
ဖြေ - ကနေ့ ခေတ်ပေါ်ကဗျာဟာ အရှိန်အဟုန်နဲ့လည်း မစီးဆင်းပါ။ ရပ်တန့်ခြင်းလည်း မရှိပါ။ ပုံမှန် စီးဆင်းနေတယ်လို့ပဲ မြင်ပါတယ်။

ကဗျာရေးမယ့်လူငယ်တွေကို ဘာပြောချင်သလဲ။
ဖြေ - များများဖတ်၊ နည်းနည်းရေး။

ကိုကြည်မောင်သန်းရေးတဲ့ ‘လက်’၊ ‘ရေသူမနဲ့ ညစာစားခြင်း’၊ ‘အာရှတိုက်ရဲ့တနေရာ’၊ ‘တောင်အမေရိကကို သွားချင်တယ်’ ကဗျာတွေထဲက ဘယ်ကဗျာကို ပိုပြီး အားရသလဲ။
ဖြေ - ကိုယ့်ကဗျာတွေ ကိုယ်ပြန်ဖတ်ပြီး တခါတလေ အားရသလိုပဲ၊ တခါတလေတော့လည်း အားမရဘူး။

ကိုကြည်မောင်သန်း ကဗျာလုံးချင်းထုတ်ဖို့ အစီအစဉ် ရှိ မရှိ သိပါရစေ။
ဖြေ - အခြေအနေပေးတဲ့ တနေ့ပေါ့ဗျာ။ ခုထက်ထိ မောင်လေးအောင် တကိုယ်တော် ကဗျာလုံးချင်း မရှိသေးဘူး။ မောင်လူမှိန်လည်း မရှိသေးဘူး။ ဖော်ဝေးတို့၊ မြေချစ်သူတို့တောင် ကွယ်လွန်ပြီး တော်တော်ကြာမှ ကဗျာလုံးချင်းတွေ ထွက်လာကြတာပါ။ ကဗျာရေးတဲ့သူအတွက် ကဗျာလုံးချင်း ရှိရင်လည်း ကောင်းပါတယ်။ မရှိရင်လည်း ဘာမှ မဖြစ်ပါဘူး။


ကိုကြည်မောင်သန်းနဲ့ ခေတ်ပြိုင်ထဲက ကြိုက်တဲ့ကဗျာဆရာတွေက ဘယ်သူတွေလဲ။
ဖြေ - မောင်ပြည့်မင်း၊ ခင်အောင်အေး၊ နေမျိုး၊ မိုဃ်းဇော်၊ ခိုင်မြဲကျော်စွာ၊ မောင်ဖီလာ၊ ဇော်ယုပိုင်၊ မင်းနိုင်သား၊ ကြည်ဇော်အေး၊ နောက် မဂ္ဂဇင်းကို ကဗျာ ဘယ်တော့မှ မပေးတဲ့ ကျောက်ဆည်က တည်ဘွားဦး၊ မှော်ဘီက ၀င်းဇော်လွင်။

စတုဂံတွေ၊ တြိဂံတွေထဲမှာ စာတွေသွပ်ပြီး ပို့စ်ကဗျာလို့ ပြောနေတဲ့ လူတွေကို ကိုကြည်မောင်သန်း ဘယ်လိုမြင်ပါသလဲ။
ဖြေ - သူတို့လုပ်ချင်တာ လုပ်ကြပါစေ။ အပေါ်လီနဲ့တို့လည်း လုပ်ခဲ့တာပဲ။ ၀ါသနာပါသူတွေ လုပ်ချင်တာ လုပ်ကြပါစေလေ။

ကိုကြည်မောင်သန်းဟာ ‘မန္တလေး ထန်းရိပ်ညိုဆု’၊ ‘ပျဉ်းမနားအလယ်ရိုးမဆု’၊ ‘ဦးဝင်းငြိမ်းရဲ့ ရွှေအမြုတေစာပေဆု’ တွေ ရထားတဲ့ ကဗျာဆရာတဦး အနေနဲ့ ဆုပေးတာနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့အမြင်ကို သိပါရစေ။
ကျနော် ၁၉၉၈ မှာ ‘မန္တလေးစာဖတ်သူများရဲ့ အကြိုက်’ ကဗျာဆု (ထန်းရိပ်ညိုဆု မဟုတ်သေးပါ)၊ ၂၀၀၆ မှာ ‘အလယ်ရိုးမကဗျာဆု’၊ ၂၀၀၆ မှာပဲ ‘ရွှေအမြုတေကဗျာဆု’တွေကို ရခဲ့ပါတယ်။ ဆုပေးတယ်ဆိုတာ ကျနော်တို့ အနုပညာကို အသိအမှတ်ပြုတာပါပဲ။ အဲဒီအတွက် ၀မ်းသာပါတယ်။ ငွေလည်းရတော့ ကောင်းပါတယ်။ ဒါပေမယ့် ဆုရလို့ဆိုပြီး ဘ၀င်မြင့်စရာ၊ ကြီးကျယ်စရာအကြောင်း မရှိပါ။ ဆုမရပေမယ့် တော်တဲ့ ကောင်းတဲ့ ကဗျာဆရာတွေ၊ ကဗျာတွေ အများကြီးပါ။ ရုပ်ရှင်သရုပ်ဆောင်တွေကတော့ အကယ်ဒမီရပြီးရင် အနုပညာကြေး ပိုရတယ်လို့ ကြားဖူးပါတယ်။ ကဗျာဆုရပြီးတဲ့ ကဗျာရေးသူကတော့ ကဗျာစာမူခ ပိုတောင်းလို့ မရဘူးဗျို့။ ။

အောင်ဘညို
ဒီဇင်ဘာ ၁၄၊ ၂၀၀၈

မိုးမခ-မှ ကူးယူဖော်ပြသည်။
(မူရင်း - ပန်းအလင်္ကာ မဂ္ဂဇင်း)