Friday, October 2, 2009

အဆက်စပ်မဲ့ စကားလုံးများကို ထုဆစ်ခြင်း(၃)

တစ်ခုခု အဲဒီတစ်ခုခုဟာ အသက်ဖြစ်ပြီး အဲဒီတစ်ခုခုဟာ ပေါင်မုန့်ဖြစ်တယ်။ အဲဒီတစ်ခုခုဟာ ငှက်တစ်ကောင်းဖြစ်ပြီး အဲဒီတစ်ခုခုဟာ တစ်ခုခုဖြစ်တယ်။ အဲဒီတစ်ခုခုဟာ မသေဆေးတစ်ခွက် ဓားတစ်နက်လက်နဲ့ ချစ်ခြင်းမေတ္တာ အရက်ခွက်ထဲက အနာဂတ် မြူနှင်းဝေတဲ့ ဆောင်း။ အဲဒီတစ်ခုခုဟာ မရှိခြင်းတွေ သယ်ဆောင်ခဲ့ပြီး ပူလောင်မှုတွေကိုလည်း သယ်ဆောင်ခဲ့ပါတယ် ခေတ်ပေါ်လူ့ယဉ်ကျေးမှုနဲ့ အနုပညာ၊လိင်စိတ်၊ ဟိုဝါဒ၊ဒီဝါဒနဲ့ အာဏာရှင်စနစ် အိပ်ရေးပျက်ခဲ့တဲ့ ညတွေကိုသယ်ဆောင်ခဲ့ပြန်တယ်။ တစ်ခုခု အဲဒီတစ်ခုခုဟာ တစ်ခုခုကို သယ်ဆောင်ခဲ့ပြီး ပျင်းရိစွာ နေထိုင်တဲ့ စိတ္တဇမျိုး အဲဒီတစ်ခုခုဟာ တစ်ခုခုပါပဲ။ လရောင်အောက် အုပ်စုဖွဲ့ ပျံသန်းသွားတဲ့ ငှက်တွေလို စိတ်တွေ မလွတ်လပ်ဘူး။ ငှက်ဆိုတော့အတောင်ပံရှိမှ ပျံသန်းနိုင်တယ် လူတွေမှာ ဒဏ်ရာရှိမှ နေပျော်မယ်ပေါ့။ ဥပါဒါန်မရှိရင် ကောင်းတယ်ဆိုပေမယ့် ဖြစ်သင့်တာကို စွဲလန်းနေတာ လူ့ဘ၀ရဲ့ ဓာတ်စာမဟုတ်လား။ ငါ့စကားနွားရ ပြောချင်ပြော ကိုယ့်ငါးချဉ် ကိုယ်ချဉ် ဆိုချင်ဆို ဒီကောင်ဟာ လူဆိုပေမယ့် လူလိုမနေခဲ့ရဘူး။ အောင်ခြင်းရှစ်ပါး အသံမကြားရတာကြာပြီး မေတ္တာဟာ အဆိပ်သင့် ဗီလိန်။ ကောင်းကင်မှာ အညှော်နံ့ရနေတော့ အသက်ရူရတာ မ၀ဘူး။ ဒီည ဖုံးခေါ်သံက တစ္ဆေလို။ ဖေဖော်ဝါရီရောက်တိုင်း ပြာကျသွားတဲ့ အချစ်ဟာမီးထထတောက်တယ် ပူပူနွေးနွေး မျက်ရည်ဥဟာ အခုထိ မပေါက်သေးဘူး။ မိုက်ခဲ့တဲ့ ညတွေမှာ သံသရာမကြောက်ခဲ့ပေမယ့် မိုးလင်းမှာကိုကြောက်တယ်။ အရမ်းဗရမ်းဆန်တဲ့ စိတ္တဇအရေပြားအတွက် ဘ၀ကို ချကျွေးရင်း သောကြာသမီးရဲ့လည်တိုင်မှာ တစ်သျှူးစလေး နွမ်းကျေလို့။ တွေးမိတိုင်း မျက်ရည်ဝဲခဲ့ရတဲ့ အဖြစ် စမ်းသပ်ခံရဲတဲ့ ကိုယ်ကျင့်တရားနဲ့ အဖေဟာ ငါ့ကိုမွေးခဲ့တယ်။ အဖေဟာ ထန်းမတက်ခဲ့ပေမယ့် တောအရက်တွေ ချက်ခဲ့ဘူးတယ် အဖေဟာ ဘယ်တော့မှ လူမှုရေးနောက်မကျခဲ့ဘူး ဘာဖြစ်လို့တစ်မျိုးတစ်ဆွေလုံးက အဖေ့ကိုချဉ်ခဲ့တာလဲ ကျွန်တော်စဉ်းစားလို့မရခဲ့ဘူး တကယ်တော့ အဖေဟာအဖေနဲ့တူခဲ့ပါတယ်။ “ ငါ့သား သူများမိုးခါးရေသောက်တိုင်း ဘယ်တော့မှလိုက်မသောက်နဲ့ မနက်ဖြန်ည ကြယ်ကြွေတွေကို ထိုင်ပြီးရေတွက်ရင်း အလင်းတန်းတွေ သယ်ဆောင်ခဲ့ပါ ” အဖေသေတော့ ငါ့ကို ဘယ်သူမှအကြောင်းမကြားဘူး အဖေ့ရဲ့ နောက်ဆုံးအချိန်လောက် အရေးကြီးတာ ဘာရှိလို့လဲ အဖေကောင်းရာ သုဂတိရောက်ပါစေ။ေ နေသာသလိုနေခဲ့တယ် ဒီနေ့ငါ့အသက်ရှင်မှုက ဘေးကျပ်နံကျပ် အိမ်ပြန်ရကောင်းမလား ဆက်ထိုင်ရကောင်းမလား ဆုံးဖြတ်မရတဲ့ သေဆုံးမှုပဲ။ ငါက ခလုတ်ကိုတိုက်မိတာလား ခလုတ်က ငါ့ကိုတိုက်မိတာလား စိတ်ကို ထုပ်ပိုးပြီး အမှိုက်ကားပေါ် ပစ်တင်လိုက်ချင်တယ်။ ငါ့ကိုငါ မလိုချင်တော့ဘူး နေသာသလို နေခဲ့တယ် ဒီနေ့ ငါ့အသက်ရှင်မှုက ဘေးကျပ်နံကျပ်။ မိုက်တိုင်တွေ ဘယ်လောက်ပျံသန်းခဲ့တယ် အခြေအနေတွေ ဘယ်လောက်ရှင်သန်ခဲ့တယ် ဆုံမှတ်တိုင်းမှာ မတူညီမှုတွေ ရှိခဲ့တယ်။ ငါကိုယ်တိုင်ထွင်းထုခဲ့တဲ့ ရုပ်ကလာပ်မှာ လူသားဆန်တဲ့ ပြေးလမ်းအတိုင်း ပြေးခဲ့ရင်း အရောင်အသွေးစုံညီတဲ့ ပန်းခင်းလမ်းတွေ ဂြိုဟ်မယ့်ကမ္ဘာရဲ့ အောက်ဟစ်ပေါက်ကွဲသံတွေ မြစ်ဟာ စီးဆင်းမြဲ စီးဆင်းခဲ့ပါတယ်။ ခွေပျော့နေတဲ့ ဘ၀အသေတွေနဲ့ ရှင်းထုတ်လို့မရတဲ့ စိတ္တဇအမှောင်တွေ လျောက်ခဲ့တဲ့လမ်းတွေပေါ် ပစ်တင်ထားတဲ့ ရက်ချုပ်ပြက္ခဒိန်အပြဲတွေ မေ့ဖျောက်လို့မရတဲ့ ညီမလေးရဲ့ ကိုယ်သင်းနံ့တွေ ပြောင်းလဲဖို့လိုနေတဲ့ ပြဌာန်းချက်အဟောင်းတွေ မြို့မဆန်တဲ့ မြို့တစ်မြို့ရဲ ဘ၀အမောတွေ ခေတ်ပေါ်တေးဂီတတွေရဲ့ ပေါက်ကွဲမှု သံစဉ်တွေ လမ်းမှားနေတဲ့ ငှက်ကလေးတွေရဲ့ အိပ်တန်းပျံချိန်မှာ တစ်ယောက်တည်း ငုတ်တုတ်ထိုင် ငေးနေမိခဲ့တယ်။ ခပ်တည်တည်ပြကွက် အမှားတွေနဲ့ မျက်လှည့်ဆရာများရဲ့ လိမ်ညာမှုတွေကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ရတယ်။ တိမ်ပြာတဲ့နေ့တစ်နေ့ဆိုတာ မသေချာမှုကိုပြောတာလား ဘယ်တော့မှ ပြီးဆုံးမသွားတဲ့ ပြဇာတ်တစ်ခုကို တစ်ခန်းဝင်တစ်ခန်းထွက် မိုက်တွင်းနက်ခဲ့ကြတယ်။ အဖြေမတွေ့သေးတဲ့ ပုစ္ဆာတစ်ပုဒ်ကို နှစ်ပေါင်းများစွာ ရှာလို့ ကမ္ဘာမကြေ ဥဒါန်းတွေ ရေးလို့၊ ဆိုလို့ အ၀ါရောင်ပန်းတွေ ရဲရဲနီလို့ သစ္စာ တရားတွေ မှားယွင်းဖောက်ပြန်လို့ ကျိန်စာသင့်လူသားတွေ ခေါင်ခိုက်ခဲ့ပြီ။ အမေ…. သားကိုယ်တိုင် ဘယ်သွားရမယ် မသိ စိတ်တွေမခိုင်တော့ဘူး ရင်ဖိုလှိုက်မောလို့ အဖြစ်သနစ်က ဘယ်မှာမှ ရှာဖွေမရတဲ့ အဆုံး ဒုက္ခတနင့်တပိုး သယ်ဆောင်လို့ အပြန်လမ်းလို ပြန်လှည့်ခဲ့ပါမယ်။ တွန့်လိမ်ကောက်ကွေးနေတဲ့ ဘ၀တွေကို ဘယ်လိုမီးပူမျိုးနဲ့ တိုက်ပစ်ကြမလဲ မတွေ့တာကြာပေမယ့် မင်းတို့တစ်တွေရဲ့ နာကျင်မှုတွေဟာ မင်းတို့ရေးတဲ့စာတွေ ကဗျာတွေကနေတဆင့် ငါ့ရင်ထဲကို မူးဝေစေခဲ့တယ်။ ဆာလောင်နေတဲ့ အသံတွေနဲ့ တုန်ချိနေတဲ့ မင်းတို့လက်တွေ ခဏတာမေ့ဖျောက်ဖို့ ကြိုးစားရင်း ငါ့ဆီရောက်ရောက်လာကြ အခုတော့ မင်းတို့အားလုံးကို မတွေ့တာကြာပြီ။ ကိုရဲ ရဲ့စကားနဲ့ ငှါးပြောရရင် သံမဏိလမ်းခွဲသွားကြတာလား။ မင်းတို့စိတ်တွေ မာကြောလို့ မင်းတို့အတွေးတွေ စူးရှလို့ မင်းတို့နှုလုံးသားတွေ နုညံ့လို့ မင်းတို့လက်တွေ ရဲရင့်လို့ ရန်ကုန်ကို ကြောခိုင်းသွားကြပေမယ့် ငါတစ်နေ့မှ မေ့မရဘူး။ ၃၃-လမ်းစာ အခုတော့ အထီးကျန်ခဲ့ပြီ ညနေညနေ စည်ခဲ့ပေမယ် အခုတော့ အစီးခံနေခဲ့ရတယ် ကွဲကွာနေတဲ့ မင်းတို့နဲ့ ပြန်ဆုံဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလား။ အ၀ါရောင် ကဖေးမှာ ပြန်ဆုံဖို့ မင်းတို့စိတ်တွေ တင်းတင်းထားရင်း မနက်ဖြန်ဆိုတာ ငါတို့ပြန်တွေ့ရမဲ့ နေ့တစ်နေ့ဖြစ်ခဲ့ရင် ငါတို့အားလုံး ကဗျာတွေ သံပြိုင်ရွတ်လို့ လက်ခုပ်တွေ အားရပါးရ တီးကြမယ်။

မောင်မင်းစိုး

Wednesday, September 30, 2009

စကားပုံများနှင့် ရန်ဖြစ်ခြင်း

ဘ၀ကရင့်နင့်စရာ

ပေးစရာလည်း ငွေမရှိ၊ ပြေးစရာလည်း မြေမရှိတော့

အကြံမရှိ နောက်လိုက်၊ ဆန်မရှိ ကောက်စိုက်ပေမယ့်

ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာခဲ့တယ်

ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး ဆိုသလို

နောက်လာတဲ့ မောင်ပုလဲက ဒိုင်းဝန်ထက် ကဲတယ်

လုပ်စားပြန်တော့ မိုးခေါင်လို့၊ ခိုးစားပြန်တော့ ခွေးကဟောင်ပြီး

အနာမသိတော့ ဆေးမရှိဘူး

မရှိတာထက် မသိတာခက်တယ်

ကမ္ဘာမီးလောင် သားကောင်ချနင်းတော့

ခြေကျိုးထန်းတက်သလို အချက်မကျလှဘူး

ဖွက်မရ ဓားမဆုံးလည်း နေပါစေတော့

ခင်ဗျာမှာ

ရှေ့တိုးတော့ ထမ်းပိုး၊ နောက်ဆုတ်တော့ လှည်းထုပ်

ငါးပွက်ရာ ငါးစာချလည်း ငါးမရဘူး

မလိမ်မာ နှစ်ခါမောပဲ ပြောပြော

တစ်နေ့ချွတ် တစ်လမွတ်ပဲဆိုဆို

ကိုယ့်ဝမ်းနာ ကိုယ်သာ သိခဲ့တယ်

ကိုယ့်ငါးချဉ် ကိုယ်ချဉ်သူရယ်

ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်သမားရယ်

ဘယ်သူသေသေ ငတေမာရင်ပြီးရော့ ဆိုတော့

ဟောင်လွန်းတဲ့ ခွေးကို လူမလေးသလို

ဆင်ဟုတ်ကြောင်းကိုတော့ နှာမောင်းနဲ့ သက်သေပြဖို့လိုတယ်

သူ့ကိုငါဖျက် ငါလျှင်ပျက်ဆိုပေမယ့်

ငါ့ကိုသူဖျက်နေတာ ဘာကြောင့် သူမပျက်ရတာလဲ

လောကကြီးရယ်။

မောင်မင်းစိုး

Tuesday, September 29, 2009

အဆက်စပ်မဲ့ စကားလုံးများကို ထုဆစ်ခြင်း(၂)

ညက အိပ်မက်မက်တယ် သူမရဲ့ရင်ခွင်ထဲ ကိုယ်သင်းနဲ့လေးနဲ့ ခွေခွေလေး။ ခြစ်ခြစ်တောက် ပူနေတဲ့ နှလုံးသားမှာ အနာအဆာ ဒဏ်ရာတွေနဲ့ လောင်ကျွမ်းလို့ ဥခဲ့တဲ့ အလွမ်းတွေလည်း ပျော်ဝင်ခဲ့ပြီ။ ဝေးမသွားပါနဲ့လား ညီမလေး မနေရဲလို့။ စိမ်းမသွားပါနဲ့လား ညီမလေး မခံစားရဲလို့။ မုန်းမသွားပါနဲ့လား ညီမလေး ဒီမှာကြောက်လို့။ အရူးမီးဝိုင်းနေတဲ့ နေ့စွဲတွေနဲ့ ဝေးရာ။ မင်းမျက်နှာပေါ် ဖြာကျနေတဲ့ ရောင်ခြည်တန်းလေးကို မုန်းတယ်။ မင်းလိမ်းခြယ်ထားတဲ့ အညာသနပ်ခါးလေးကို မုန်းတယ်။ မင်းဝတ်ဆင်ထားတဲ့ တီရှပ်ပေါ်က ၀က်ဝံရုပ်လေးကို မုန်းတယ်။ ကျစ်ကျစ်လစ်လစ် ခြည်နှောင်ထားတဲ့ ခေါင်းစီးကြိုးလေးကို မုန်းတယ်။ တကယ်တော့ ငါကလွဲပြီး မင်းဘာကိုမှ မ၀တ်ဆင်စေချင်ဘူး။ အချစ်ကြီးသူရဲ့ ကန္တာရကွင်းပြင်ထဲ ချိုင့်နေတဲ့ ပါးချိုင့်လေးကို ၀ိုင်းနေအောင် ပြုံးပြလိုက်စမ်းပါ။ ပုန်းကွယ်နေတဲ့ မေတ္တာတစ်စက်လောက် သောက်လိုက်ရရင် သေပျော်ပါပြီ။ ညီမလေး…. ငါ့မှာတော့ ဆာလောင်မှုတွေနဲ့ အသက်ဆက်နေရတယ်။ သူမရဲ့ပါးပြင်နုနုဟာ တံဆိပ်ခတ်ထားသလို မျက်ဝန်းထဲ ပျော်ဝင်ခဲ့ပြီ။ ရယ်တိုင်းလှနေရအောင် ဘယ်အလှနတ်က ဖန်ဆင်းထားတာလဲ၊ အချစ်ဆာနေတဲ့ ငှက်တစ် ကောင်ရဲ့ တက်မက်မှုက မင်းဘ၀၊ မင်းခန္ဓာ။ ချိုမြမြ တခစ်ခစ်ရယ်သံမှာ နစ်ဝင်သွားတဲ့ နှလုံးသားတစ်စုံဟာ ဆာလောင်မှုရဲ့ သင်္ကေတပဲ။ ပျော့ပြောင်း ဖြောင့်စဉ်း တွယ်လျလျ ကတ္တီပါအနက်ရောင် ဆံနွယ်စလေးမှာ ခပ်ဆန်းဆန်းတေးသွားလေးတွေ ဥနေခဲ့တယ်။ ဖြစ်ချင်တိုင်းဖြစ်ခွင့်ရမယ်ဆိုရင် မင်းပါးပြင်မှာ သင်းမြမြရနံ့တွေ ရှူလို့၊ မင်းမျက်ဝန်းအိမ်မှာ သိုက်ဆောက်လို့၊ မင်းဆံနွယ်စလေးမှာ နားခိုနေခဲ့မယ်။ ခံစားချက်တိုင်း သန္ဓေတည်ခဲ့တဲ့ နာကျင်မှုတွေနဲ့ စကားလုံးတွေ ကောင်းကင်အပြည့် ရေးခြစ်လိုက်တယ်။ ရေပျော်ငှက်တွေရဲ့ ပေါ့ပါးမှုမျိုးနဲ့ စိတ်တွေလမ်းသလားချင်ခဲ့တယ်။ ယုံကြည်ချက်ပေါ် ရပ်တည်ခဲ့ပေမယ့် ကမ္ဘာကြီးဟာ ယုံတည်ချက်နဲ့ တည်ဆောက်ခဲ့တာ မဟုတ်ဘူး။ မေမေရေ…… ကျွန်တော်ဟာ သံခင်းတမန်ခင်း နားမလည်တဲ့ ကဗျာဆရာတစ်ယောက်ပါ။ စိတ်ဆာတိုင်း ဆာနေတဲ့စိတ်နဲ့ ကုစားတတ်ယုံကလွဲပြီး ဘယ်သူ့ရင်ခွင်မှ ခေါင်းထိုး မ၀င်ခဲ့ပါဘူး အချစ်ဆိုတာ ပူလောင်တဲ့မီးတောက်မှ မဟုတ်တာ။ ကျွန်တော်ဟာ ကမ္ဘာကြီးကို ချစ်တတ်တဲ့ ငှက်ဖြူလေးတစ်ကောင် ဖြစ်တယ်။ မိုးရွာတိုင်း မိုးမစိုခဲ့ပေမယ့် မိုးရာသီရောက်တိုင်း ဖျားနာခဲ့တယ်။ အမြဲတည်မနေတဲ့ ရလာဒ်တွေကို ကုစားရင်း ကမ္ဘာဟာ ပူလောင်နေခဲ့တယ်ဆိုတဲ့ အိုဇုန်းလွှာကို ဖာထေးဖို့ ကြိုးစားနေခဲ့ပါတယ်။ ရောင်စုံဖူးပွင့်တဲ့ ဒီမြေမှာ ပန်းတစ်ပင်တော့ စိုက်ခွင့်ပြုပါ။ လွန်ခဲ့တဲ့ နှစ်များစွာက အတွေးအခေါ်အသေတွေနဲ့ ကြီးပြင်းလာခဲ့ရင်း။ အခုသေနေတဲ့ အတွေးအခေါ်တွေနဲ့ လူ့အသိုင်းဝန်းထဲ ကြွေအန်ကစားတတ်လာခဲ့တယ်။ ဘ၀တွေ၊ မျှော်လင့်ချက်တွေ၊ ၀င်္ကပါတွေ၊ ရှုတ်ထွေးခဲ့၊ေ၀၀ါးခဲ့၊ ရှည်လျားခဲ့ နာရေးသတင်း နေ့တိုင်းဖတ်ပေမဲ့ သံဝေဂမရခဲ့။ အိုမင်းရင့်ရော်ခြင်း၊ ဖျားနာခြင်း၊ နောက်ဆုံးထွက်သက် ဘယ်အရာမှ တည်မြဲမနေဘူး။ ဒီအရပ်မှာ ဒီဇာတ်နဲ့ထိုက်တန်ခဲ့သလား ကျိန်စာသင့်နေတဲ့ ဘ၀အသေတွေနဲ့ နီးနီးလာခဲ့။ အပူဒဏ်တွေ ကြီးပြင်းလာခဲ့ရင်း အန္တရာယ်တွေနဲ့ နေထိုင်တတ်လာခဲ့တယ်။ မိုးပြိုတိုင်း ပြိုကျဖို့မျှော်ခဲ့ရတာအမော။ ဖိုးမောင်ရဲ့ အိမ်ပြန်လမ်းလို ခွေးအူသံတွေကြားကြားနေခဲ့ရတယ်။ ဆန့်ထုတ်လိုက် တော့ တနံတလျားမြင်ကွင်းက မပြောင်းလဲဘူး။ အရွေ့၊ သိပ်သည်းစ၊ အလင်းနှစ် ဘာဖြစ်ဖြစ်ပေါ့၊ မိုးရေနဲ့အဖျား ပျောက်ခဲ့တုန်းပဲ။ ၀လုံးဝိုင်းအောင်ရေးတတ်ဖို့ လက်ဆစ်တွေအသားမာတက်ခဲ့တယ်။ အသက်အရွယ်အရ ၀လုံးတွေ ၀ိုင်းအောင်မရေးတတ်တော့ဘူး။ လူသားနဲ့ လူတွေထုဆစ်လို့ လူပီသရင်း ဈာပနပွဲတွေ တက်တတ် လာခဲ့တယ်။ မိုးကိုမျှော်တတ်သလို နွေဦးကိုလည်း လွမ်းတတ်တယ် ဒီဇင်ဘာအအေး ဓာတ်နဲ့မိတ်ဖွဲ့ရင်း စိတ်တွေအေးခဲခဲ့ရ။ မနက်ဖန် ရာသီဥတုမညီမျှရင် လူးလူး လွင့်လွင့် လွင့်ထွက်နေတဲ့ အတွေးနဲ့ အိုဇုန်းလွှာ အပေါက်ကို လက်နဲ့ကာရင်း။ အပူဒဏ်တွေ၊ ဒဏ်ရာအနာတရတွေ၊ ဘ၀အသေတွေနဲ့ နေထိုင်တတ်လာခဲ့တယ်။ ဖြစ်တောင့်ဖြစ်ခဲ ဒီဇာတ်မှာ နေရမှာကြောက်သလို သေရမှာလည်း ကြောက်တယ်။ နှစ်ဆယ့်တစ်ရာစုရဲ့ အ၀င်ဦးမှာ ဖူးပွင့်ခဲ့တဲ့ အတွေးက တစ်ရွာမပြောင်း၊ သူကောင်း မဖြစ်သလို၊ သေချင်တဲ့ကျား တောပြောင်း ဆိုတာလည်းရှိတယ်။ ဆိုတော့ လူ့အလို နတ်မလိုက်နိုင်တာဖြစ်မယ်။ ဘ၀ကိုချကျွေးရင်း စားလမ်းပေါ် ပြေးခဲ့။ ဆို့နင့်ကြေကွဲဖွယ် အရပ်ဇာတ်ဟာ မှုန်ပြပြ မီးရောင်အောက် မျက်ရည်တွေဝဲလို့။ ညီမလေး၊ မင်းလည်း လူဖြစ်နေပြီပေါ့။ အတောင်ပံမစုံသေးတဲ့ ငှက်ကလေးရဲ့ အော်သံစူးစူး။ တိမ်ကောသွားတဲ့ ဘ၀အသေတွေနဲ့ မတ်တပ်ရပ်ပြီး ငိုခဲ့တယ်။ ဆုံးရှုံးမှုတွေ ရင်ဝယ်ပိုက်လို့ ရင့်ကျက်နေတဲ့ ဒဏ်ရာ အနာအဆာတွေကို ကုစားဖို့၊ လာလမ်းအတိုင်း ပြန်လှည့်ခဲ့ပါတယ်။ မပျံသန်းရနယ်မြေကိုမှ ရွေးပြီးပျံချင်တဲ့ငှက်။ နက်သထက်နက်တဲ့ တွင်းနက်ထဲ ခုန်ဆင်းချင်သူ။ ဘ၀ကိုသရေကွင်းလို ဆွဲဆန့်လိုက်တော့ သံသရာက နူးညံ့စွာရှည်လျား။ အိမ်ပြင်ထွက်ခွင့်မပြုတဲ့ အိမ်စောင့်နတ် ငါ့မျက်လုံးကို ဖောက်။ ငါ့နားကိုပိတ်။ မြင်စရာအာရုံတွေ ရှုချင်စဖွယ်၊ အတွင်းမှာ အူတိုင်ပြုတ်တဲ့ ချည်ခင်။ လေတိုက်တိုင်း မြင့်တက်နေမယ့် စွန်။ ကြိုးတွေလျော့ပြီး လွှတ်တင်လိုက် ပြန်လမ်းမရှိတဲ့ လေဟာနယ်ထဲ လွင့်နေမယ်။ သူမရဲ့ရယ်သံမှာ အာရုံငါးပါးရဲ့ အနံ့အသက်တွေသင်းတယ်။ အညှီနံ့ရနေတဲ့ မျက်ဝန်းအစုံက စူပါမားကတ်နဲ့ ဟမ်းဆက် သူမရဲ့ လေချွန်သံက အင်းလျားကန်အကြော်ဆိုင်မှာ ငါ့ရင်ဘတ်ကို ရိုက်ပုတ်ခဲ့တယ်။ မနက်ဖြန် မီးနီလား၊ မီးဝါလား၊ မီးစိမ်းလား။ ကောင်မလေးရေ… ဒီညဂြိုလ်စီခံနေရတာ တုန်လှုပ်ခြောက်ခြားဖွယ်။ ညအခါ လမသာတော့ မကစားနားနိုင်ဘူး မနားနိုင်ဘူး။ မိစ္ဆာနတ်တွေရဲ့ အကြမ်းဖက်တဲ့ ည။ သွေးပျက်ဖွယ် စိုးထိတ်နေရတဲ့ည။ ညနက်မှာကို လန့်နေရတဲ့ ည။ မြည်သံတွေ နားစွန့်နေရတဲ့ ည။ ညတာရှည်မှာကို ကြောက်နေရတဲ့ ည။ ညဟာ ၀တ်ရုံနက်ကို လွှမ်းခြုံလို့ သူတော်ကောင်းဟန် ဆောင်ထားခဲ့တယ်။ တုန်ရီလှိုက်မော မျက်တွေ ဟောက်ပက်နေခဲ့တယ်။ ညရောက်မှာကို ကြောက်တယ်။ ညဟာညနဲ့ မတူဘူး။ ညအခါ လမသာတော့ဘူး။ မြူနှင်းဝေတဲ့ ဆောင်းညမှာ အရေးပြားတွေ ယားတယ်။ ကံကိုမယုံခဲ့တာ ငါ့အမှား။ အော်တာနေးတစ်ကောင်မလေးရဲ့ ပါးပြင်နုနုမှာ ငါ့ဘ၀တစ်ခုလုံး မြှပ်နှံခဲ့တယ်။ စိတ်နာတယ်ဆိုရုံနဲ့ အချစ်က ပြီးသွားရောလား။ သံသရာမကြောက်တဲ့ မိစ္ဆာနတ်ဆိုးလို မင်းဟာ ငါ့ဘ၀အတွက် အားဖြစ်သလို ဓားလည်းဖြစ်တယ် အချစ်ဆိုတာ ညညအိပ်ရေးပျက်စေခဲ့တယ်။ အသံတွေကြား တိုင်း ထထအော်ခဲ့ရ ပြေးလမ်းအတိုင်းပြေးခဲ့ပါတယ် ပြတင်းမှာထိုင်းငေးရင်း၊ တနံ့တလျားရှည်ထွက်လာတဲ့ အတွေးတွေ၊ မနိုင်ဝန်ထမ်းထားရသလို လေးလံလွန်းတယ်။ ပြဿနာက ပြတ်ကျပြီးနာနေတဲ့ ဒဏ်ရာကစခဲ့တယ်။ လျောက်ခဲ့ရတဲ့ လမ်းတွေ။ ဟစ်ကြွေးခဲ့ရတဲ့အသံတွေ။ ထွားထွားကြိုင်းကြိုင်း ဖြစ်မလာခဲ့ဘူး။ ညီမလေး မင်းနာမည်ကို ကြားရတိုင်း လွမ်းနာကျလို့ မင်းလည်း မင်းအပူနဲ့ဆိုတော့ စိတ်ဆာလည်း ဆာနေတဲ့စိတ်တွေ မကုစားချင်တော့ဘူး။ အချစ်ကြောင့် ရူးသွတ်ခဲ့ရတာတွေနဲ့ ကျွန်ဖြစ်သွားရတဲ့ ဘ၀တွေ လေတလုံး မိုးတလုံး နေထိုင်မှုတွေ၊ အရက်ဖြစ်သွားရတဲ့ သားကောင်တွေ၊ အချစ်ဟာ ဘုရားသခင်ထပ်မံ ဖန်ဆင်းခဲ့တဲ့ ကျိန်စာလား မတရားမှုတွေရဲ့ တရားခံလား။ အရောရောင်အမှားမှား အတွေးတွေနဲ့ ကံဆိုးမိုးမှောင်ကျခဲ့တယ်။ ကဗျာဆရာမှာ အချစ်ရှိသလို စားပွဲထိုးလေးမှာလဲ အချစ်ရှိတယ် အချစ်ဟာ မိုက်ရူးရဲဆန်ခဲ့တဲ့နေ့တွေနဲ့ အိပ်မပျော်တဲ့ညတွေကို ဖန်ဆင်းခဲ့တယ်။ ပွင့်ဖတ်တွေလို နုနယ်ပြီး၊ လွှသွားတွေလို ကြမ်းရှတယ်။ မီးခိုးချင်းပေါင်းကူးခဲ့ပြီး မျက်စောင်း တစ်ချက်ကြောင့် ဘ၀ပေါင်းများစွာကို လောင်ကျွမ်းစေခဲ့တယ်။ အမှန်တရားမရှိဘူး။ မိုက်တွင်းနက်တယ်။ သွေးစွန်းတယ်။ အချစ်ဟာ အခြစ်နဲ့တူခဲ့ပြီး၊ အမုန်းနဲ့ ဂဟေဆက်ထားတယ်။ အချစ်ကြောင့် ပူလောင်လို့ ဒဏ်ရာအနာတရ ရရှိခဲ့ပါတယ်။် တိမ်လို မြေလို ရေလို ဘ၀ကိုဆာတယ်။ ပြဿနာက မနေ့ကလို ပြီးသွားပြီ ခမ်းခမ်းနားနား ရယ်လို့ ရောင်လို့တောင် မအော်ရဲဘူး။ သင်္ချိုင်းက တစ္ဆေမခြောက်ဘဲ နေ့လည်ခေါင် တစ္ဆေခြောက်တာ ကြောက်စရာ။ မြို့ကြီးပြကြီးလဲ တောကြီးမျက်မည်းလို တိတ်ဆိတ်လို့ လူတွေ ငိုဖို့မျက်ရည်မရှိတော့ ကိုက်ချင်တဲ့ခွေးကို အမဲသားကျွေးလိုက်။
မောင်မင်းစိုး

နောက်တစ်နေ့အစီအစဉ်ဆက်ရန်