Friday, May 6, 2011

ကြိုဆိုခြင်းနှင့် နှုတ်ဆက်ခြင်း


မြန်မာ့နိုင်ငံရေး အရွေ့။ ကြိုဆိုခြင်းနှင့် နှုတ်ဆက်ခြင်း။ ဘာတွေကို ကြိုဆိုမှာလဲ။ ဘာတွေကို နှုတ်ဆက်မှာလဲ။ ကြိုဆိုသင့်သည်ကို ကြိုဆိုပြီး။ နှုတ်ဆက်ရမည်ဖြစ်သော ၂ဝ၁ဝကို နှုတ်ဆက်လိုက်ဖို့ပင် ဖြစ်သည်။ ဒီဇင်ဘာသည်လည်း ဟိုစဉ်က ဒီဇင်ဘာ မဟုတ်တော့။ မိုးများ ရွာနေဆဲ။ တုန်လှုပ် ချောက်ချားမှုများသည်ကား သွေးပျက်ဖွယ်ဖြစ်သည်။ ဒီလိုနဲ့ စိန်ပြေးတန်း ကစားဖို့လည်း စိတ်များက ယိမ်းနွဲ့ ၊ ယိမ်းထိုး၊ ယိမ်းယိုင်နေသည်။ အပြောင်းအလဲများသည်ကား နေရာအနှံ့အပြား။ ရာသီဥတု အပြောင်းအလဲ။ နိုင်ငံရေး အပြောင်းအလဲ။ ရုပ်ဝတ္ထု အပြောင်းအလဲ။ စိတ်ပိုင်ဆိုင်ရာ အပြောင်းအလဲ။ အပြောင်းအလဲများကတော့ ရှိနေဆဲ။ ဆက်ပြီးလည်း ရှိနေဦးမည်သာ။ ဒီလိုနဲ့ နှစ်ဟောင်းကို နှုတ်ဆက်ပြီး၊ နှစ်သစ်ကို ကြိုဆိုရမည်ဖြစ်သည်။ ၂ဝ၁ဝကိုတော့ ထောက်ခံသူများ ရှိသလို၊ ရှုပ်ချသူများ၊ ကန့်ကွက်သူများလည်း ရှိသည်။ နည်းပညာများ တိုးတက်လာသည် နှင့်အမျှ ဘာကိုမှ ဖုံးအုပ်ထား၍ မရတော့။ လမ်းများ ပိတ်ဆို့ထားခြင်းသည်လည်း အချီးအနှီးသာ ဖြစ်တော့သည်။ ဒီလမ်းက ပိတ်ပင်၊ ဆီးတား ထားမည်ဆိုသော်လည်း အခြားတစ်လမ်းကို ဖောက်ထွက်ဖို့ ကြိုးစားကြသည်။ ရောက်အောင်လည်း သွားကြသည်။ သတင်း မီဒီယာများသည်လည်း မနက်ဖြန်ကို မစောင့်တော့။ လမ်းပြသူများ၊ လမ်းဖောက်သူများ၊ လမ်းထွင်သူများ၊ လမ်းပိတ်သူများ၊ လမ်းမှား ပို့ဆောင်ခြင်း၊ လမ်းမှန် ညွှန်ပြခြင်း၊ လမ်းများကား တစ်လမ်းပြီး တစ်လမ်း။ လမ်းလျှောက်ရင်း လမ်းပျောက်လိုက်၊ လမ်းဖောက်လိုက်၊ ဆက်လျှောက်လိုက်၊ လူများသည် မိမိကိုယ်တိုင် ဖောက်ထားသော လမ်းအတိုင်း လျှောက်နေကြမည်သာ။ ၂ဝ၁ဝ၊ နိုဝင်ဘာ၊ ၁၁။ မီးရှုးတိုင် ထွန်းညှိခြင်း။ အမှောင်ဖုံးနေသော လောကကြီးသည် တောက်ပလာသည်။ လင်းလက် လာသည်။ မျှော်လင့်ခြင်း အလင်းတန်းများ တဖွဲဖွဲ ရွာချနေသည်။ အားအင်များ၊ သတ္တိများ၊ စာနာစိတ်များ၊ နားလည်မှုများ၊ ကရုဏာတရားများ၊ ကျင်နာမှုများနှင့် ဖုံးလွှမ်းသွားသော ပျော်စရာကမ္ဘာပေါ်သို့ စူပါမင်းရောက်ရှိလာခဲ့သည်။ နေခြင်းနှင့် သေခြင်း ကြားကာလမှာ ဘယ်လိုနေထိုင်မည်နည်း။ ဘယ်လို သေနိုင်မည်နည်း။ နေရဲသလား၊ သေရဲသလား။ နေတတ်ပြီလား၊ သေတတ်ပြီလား။ လာခြင်းကောင်းသော မိခင်။ ပြည်သူများ၏ အသည်းနှလုံး။ ဒီလိုနဲ့ သူမ ရောက်ရှိလာခဲ့သည်။ သူမ၏ လာခြင်းသည် ကောင်းသောလာခြင်း ဖြစ်ပေလိမ့်မည်။ ပြီးဆုံးသွားတဲ့ ရွေးကောက်ပွဲ၊ မဲရလဒ်များ၊ အသံမျိုးစုံများ။ လွှတ်တော် ဆိုတဲ့ အသံ။ ဒီအသံများ၏ နောက်ကွယ်မှ ပုံရိပ်များ၊ လင်းလက် နေမလား။ မှေးမှိန် နေမလား။ မပြောတတ်သေး။ ဒီလိုနဲ့ ၂ဝ၁ဝကို ဒီအဖြေများဖြင့် နှုတ်ဆက်ရင်း။ ပွင့်လင်းမြင်သာသော၊ ပြည်သူလူထု တောင်းတသော သူတော်ကောင်းများကို မျှော်လင့် ကြိုဆိုကြရင်း၊ သူမနှင့်အတူ လောကကြီးပေါ်သို့ ဆက်လက် လျှောက်ကြရမည်သာ ဖြစ်သည်။ ကောင်းတာလုပ်ဖို့ထက် အစပြုခြင်းသည် ဘယ်သောအခါမှ စောသည်ဟု မထင်ရ-ဟူသော စကားလုံးလေးကို ကြားရောင်နေမိသည်။ တုန့်ပြန်မှုများ လွင့်ဝဲတက်လာသည်။ အဆိုပါ တုန့်ပြန်မှုများသည်ကား ကောင်းသူကို ကောင်းသော တုန့်ပြန်မှု။ မကောင်းသူကို မကောင်းသော တုန့်ပြန်မှု။ ကမ္မနိယာမဟု ဆိုရမည်ဖြစ်သည်။ ပြည်သူအတွက် ကောင်းသည်များကို လုပ်ဆောင်နိုင်သူကို ကြိုဆိုလက်ခံဖို့ အသင့်အနေအထားမှာ ရှိနေကြသည်။ ကောင်းမှု ပြုဖို့အတွက် လုပ်ဆောင်ဖို့ဆိုတာ စောသည်ဟု မရှိ။ လုပ်ဆောင်သူများသာ ရှိဖို့လိုသည်။ စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ- စေတနာကို ကံဟုဆိုရမည်။ ကံဆိုသည်မှာ အလုပ်ပင်ဖြစ်သည်။ ကောင်းသော စိတ်ထားဖြင့်လုပ်ဆောင်မှုကို သူတော်ကောင်းစိတ်ဓာတ်ရှိသူ အဖြစ်သတ်မှတ် နိုင်ပြီး။ မကောင်းသော စိတ်ဖြင့် လုပ်ဆောင်သူကို သူယုတ်မာဟု သတ်မှတ်ရမည်ဖြစ်သည်။ ဒါသည်ပင် ဘုရားရှင်၏ အဆုံးအမပင် ဖြစ်သည်။ သူတော်ကောင်းများ ပေါ်ထွန်းလာဖို့ အရေး၊ သူတော်ကောင်း ဖြစ်သည့်အားလျော်စွာ လုပ်ဆောင်သူများ ပေါ်ထွန်း လာဖို့ အရေး၊ လုပ်ဆောင်မှုများသည် ပြည်သူလူထု၏ အကျိုးများ ဖြစ်ထွန်းဖို့ အရေး။ ဒီအရေး ကိစ္စများကို ငံ့လင့်နေခဲ့သည်။ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာသော အမေစုလို့ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများ တခဲနက် ကြိုဆိုနေကြသည်။ ကျန်းမာစေကြောင်း တောင်းဆုချွေသူများ၏ အသံသည်လည်း မိုးလုံးဟိန်းနေခဲ့သည်။ ထိုနေ့၏ မြင်ကွင်းကို ပြည်သူများ မမေ့နိုင်တော့ပေ။ သူမကို အဘယ့်ကြောင့် ယခုလောက် ကြိုဆိုနေခဲ့သနည်း။ သူမ၏ အသံကို ကြားချင်နေကြသည်။ မတွေ့တာ ကြာပြီဆိုတဲ့ သူမ၏အသံသည်လည်း ကမ္ဘာသို့ ပြန်နှံ့သွားစေခဲ့သည်။ သူမ၏ အသံကို ကြိုဆိုကြရင်း၊ ၂ဝ၁ဝကို နှုတ်ဆက်ဖို့ စိုင်းပြင်နေကြသည်။ သူမ၏ အသံများကို ပြန်လည်ကြားရောင်နေခဲ့သည်။ ထိုအသံများသည်ကား။ '' ကျွန်မတို့ကို လာရောက် ထောက်ခံတဲ့အတွက်၊ ကျေးဇူးတင်ကြောင်း စကားနဲ့ စပါရစေ။ ပထမဦးဆုံးအနေနဲ့ အားလုံးကိုပဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ဘယ်လောက်ပဲ မတွေ့ရတာ ကြာပေမယ့်၊ ပြည်သူလူထုအနေနဲ့ ကျွန်မအပေါ်မှာ ထားတဲ့ မေတ္တာနဲ့ ယုံကြည်ချက်တွေ ခိုင်ခိုင်မာမာ တွေ့ရလို့ အင်မတန် စိတ်ချမ်းသာပါတယ်။ ပြည်သူလူထု ဘာလိုချင်တယ်ဆိုတာ သိပါတယ်။ အဲဒါ ကျွန်မရဲ့ အလုပ်ပါပဲ။ ကိုယ်လိုချင်တာကို ရအောင်လုပ်တဲ့အခါ မှန်ကန်တဲ့ နည်းလမ်းနဲ့ လုပ်စေလိုပါတယ်။ ဘာကြောင့်လဲဆိုရင် မှန်ကန်တဲ့နည်းလမ်းနဲ့ မလုပ်လို့ရှိရင် ကိုယ့်ပန်းတိုင်က ဘယ်လောက်ပဲကောင်းပါစေ နောက်ဆုံးမှာတော့ ကွေ့ကောက် ပျက်စီးသွားရတယ်။ ကျွန်မပြောချင်တာကတော့ တိုင်းပြည်တိုးတက်ဖို့ကို အားလုံးတက်ညီလက်ညီနဲ့ လုပ်ဖို့ပါပဲ'' ဒါတွေကတော့ ပြည်သူလူထု အချစ်တော်အဖြစ်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြန်လည်လွတ်မြောက်လာပြီး ပြောကြားတဲ့ အသံတွေပါပဲ။ ဒီနေရာမှာ အဓိကထားပြီး ပြောချင်တာကတော့ သူမရဲ့ အားအကောင်းဆုံး စကားတစ်လုံးပါပဲ။ အဲဒါကတော့ . . '' ကျွန်မအနေနဲ့ တာဝန်ဆိုတာ မကြောက်ပါဘူး။ ဒါပေမယ့် (ပြည်သူလူထုအတွက်) တာဝန် မကျေမှာကိုပဲ ကြောက်ပါတယ်'' တဲ့။ အဲဒါကတော့ သူမရဲ့ ရဲဝံ့တောက်ပြောင်တဲ့ စကားတစ်လုံးပါပဲ။ ဒီလိုနဲ့ မြန်မာ့နိုင်ငံရေး အရွေ့အတွက် အရေးကြီးတဲ့ အန်တီစု၊ အမေစုအဖြစ်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့ကြပါတော့တယ်။ လူသားများအနေဖြင့် မိမိတို့လုပ်ခဲ့သော ကောင်းမှု၊ မကောင်းမှုများဟာ အခြားသူများ မသိသော်လည်း မိမိကိုယ်တိုင် တော့ သိနေပါလိမ့်မယ်။ ဒါကြောင့် မိမိကိုယ်တိုင် လိမ်ညာလို့ မရတဲ့အတွက်ကြောင့် အကယ်၍ မကောင်းမှုများ ပြုခဲ့လျင် ထိုမကောင်းမှုများကို ဖာထေးတဲ့အနေနဲ့ အနာဂတ်နိုင်ငံတော်သစ်ကြီးကို တောက်ပ လင်းလက်စေဖို့ စွမ်းနိုင်ရာ အားတွေနဲ့ ပြန်လည် တည်ဆောက်ကြဖို့ လိုနေပါပြီ။ ဒါမှသာလျင် ခေတ်မီ ဖွံ့ဖြိုးတဲ့ နိုင်ငံတော်သစ်ကြီးကို တည်ဆောက်နိုင်ပါလိမ့်မယ်။ မကောင်းမှုများ လုပ်ဆောင်ခဲ့လျင်လည်း သင်ပုန်းချေပါ။ နောင်တဆိုတဲ့အတိုင်း နောင်မှရနေလို့လည်း မကောင်း။ ဒါကြောင့် လုပ်ဆောင်စရာ များစွာကိုသာ စစ်မှန်တဲ့၊ ငြိမ်းချမ်းတဲ့၊ လွတ်လပ်တဲ့ အနေအထားသို့ရောက်အောင် တည်ဆောက်ကြဖို့်သာ လိုပါတယ်။ ဒုဋ္ဌ စိတ္တဿ ဝုဍ္ဎိုနာမ နတ္ထိ- စိတ်ကောင်း မရှိတဲ့လူဟာ ဘယ်တော့မှ မကြီးပွားဘူးတဲ့။ ဒါကြောင့် စိတ်ကောင်းမွေးပါ။ စိတ်ကောင်းဖြင့်သာလျင် လောကကြီးကို တည်ဆောက်နိုင်ပါလိမ့်မယ်။ သူတော်ကောင်းဆိုတာ ဒီပေတံနဲ့ တိုင်းတာတာဖြစ်ပါတယ်။ ဒီလူ ဘယ်လောက် စိတ်ကောင်းမွေးနိုင်သလဲ။ လောကကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး၊ နိုင်ငံကောင်းကျိုး၊ လူမျိုးကောင်းကျိုး၊ အမျိုးဘာသာ သာသနာကောင်းကျိုး စတာတွေကို ဘယ်လောက် ဆောင်ရွက်နိုင်သလဲဆိုတဲ့ ပေတံနဲ့ တိုင်းတာကြတာ ဖြစ်ပါတယ်။ ဒီလို အတိုင်းအတာ ခံနိုင်ရင်တော့ ဒီလူဟာ သူတော်ကောင်းအဖြစ်လည်း စိတ်ကောင်းရှိသူအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ မေတ္တာဖြင့် တည်ဆောက်ပါ။ အနိုင်ယူပါ။ မေတ္တာရှိသူကို ကြိုဆိုပါ။ မေတ္တာမဲ့သူကို နှုတ်ဆက်ပါ။ ဒီတော့ ကောင်းမှုကို ကြိုဆိုပြီး၊ မကောင်းမှုများကို နှုတ်ဆက်ရမည်သာ ဖြစ်ပါတယ်။မေတ္တာဝိဟာရီ ဟိ ပုဂ္ဂလော မနုဿာနံ ပိယော ဟောတိ။ အမနုဿာနံ ပိယော ဟောတိ။ နာဿ ကောစိ ပစ္စတ္ထိကော ဟောတိ-တဲ့။ မေတ္တာရှိသူကို လူတွေ ချစ်ခင်ကြတယ်။ ကြည်ညိုကြတယ်။ လေးစားကြတယ်။ လူမှ မဟုတ်ပါဘူး။ အခြားသော နတ်၊ ဗြဟ္မာ၊ ဂဠုန်၊ ယက္ခစတဲ့ သက်ရှိသတ္တဝါအားလုံးကလည်း ချစ်ခင်ကြပါတယ်။ ကြည်ညိုကြပါတယ်။ လေးစားကြပါတယ်။ မေတ္တာနဲ့ နေတဲ့လူဟာ ရန်သူ မရှိပါဘူး။ ဒါကြောင့် တစ်ဦးကိုတစ်ဦး မေတ္တာဖြင့် ဆက်ဆံပါ။ တုန့်ပြန်ပါ။ မေတ္တာသည်သာလျင် တစ်လောကလုံးမှာ အကောင်းဆုံး မီးရှုးတန်ဆောင် ဖြစ်ပါလိမ့်မယ်။ သို့အတွက် မေတ္တာရှိသူကို ကြိုဆိုပြီး၊ မေတ္တာမဲ့သူကို နှုတ်ဆက် ကြရမည် ဖြစ်သည်။ ကောင်းမွန်တဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များဖြင့် ကမ္ဘာကြီးကို တည်ဆောက်ကြဖို့လိုပါသည်။ အပြောသာချဲ့ အလုပ်မဲ့ ကဲ့ရဲ့မလွတ်ချေ-ဆိုတဲ့အတိုင်း လေတစ်လုံး မိုးတစ်လုံး ပြောဆိုနေပေမယ့် ဘာမှ ကောင်းတာမလုပ်ရင်တော့ ကဲ့ရဲ့မှုဆိုတာတွေဟာ တန်းစီပြီး လိုက်လာပါလိမ့်မယ်။ ဒါကြောင့် အပြော နည်းပါ။ အလုပ်များများ လုပ်ပါ။ စည်းစောင့်ပါ။ တစ်ဖက်သားကို ငါမဟုတ်ဘူးဆိုတဲ့ ထင်မှတ်မှုနဲ့ ပြောဆိုပြီး၊ သူတလူ ငါတစ်မင်း လုပ်လို့ မရတော့။ လုပ်တဲ့လူကိုလည်း လက်ခံကြတော့မည် မဟုတ်။ အချိန်အခါ ကြည့်ပြီး ပြောဆိုရင်း လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်ကြမှသာလျင် ကမ္ဘာနဲ့ ရင်ဘောင် တန်းနိုင်ပါလိမ့်မည်။ ဘာတွေ လုပ်ပေးမယ်ဆိုပြီး ပြည်သူလူထုရင်ထဲကနေ ဆွဲထုတ်သွားတဲ့ မဲတစ်ပြားကို စစ်မှန်တဲ့ အပြု၊ အမူ၊ အပြော၊ အဆိုများဖြင့် လုပ်ဆောင်နိုင်သမျှ လုပ်ဆောက်ကြဖို့လိုသည်။ ယခုချိန်မှာ အပြောချဲ့ပြီး လုပ်ရမယ့်အချိန်မှာ ပုတ်သင်ညိုခေါင်းညိမ့် ဆိုရင်တော့ ပြည်သူလူထုက လက်ခံလိမ့်မည် မဟုတ်။ အကယ်၍ ပြောဆိုချိန်သင့်လို့၊ ပြောဆိုရမည့်အချိန်မှာ မပြောဆိုဘဲ နေမယ်ဆိုရင်တော့ ဒီလူကိုနောက်နောင် ဘယ်သူကမှ လေးစားလာမည် မဟုတ်။ မနုဿာ ဝါ ဟောန္တု တိရစ္ဆာနာ ဝါ။ အကာလေ ဗဟုဘာဏိနော ဧဝရူပံ ဒုက္ခံ လဘန္တိ။ လူပဲဖြစ်ဖြစ်၊ တိရစ္ဆာန်ပဲဖြစ်ဖြစ်၊ အခွင့်အခါ မဟုတ်ခင်မှာ စကားတွေ အများကြီး ပြောဆိုနေမယ်ဆိုရင်တော့ အဲဒါနဲ့ထပ်တူကျတဲ့ တန်ပြန်သက်ရောက်မှုအနေနဲ့ ဆင်းရဲ ဒုက္ခရောက် လိမ့်မယ်လို့ ဆိုပါတယ်။ ဆိုလိုတာကတော့ ပြောသင့်ချိန် မဟုတ်ဘဲ ပြောဆိုနေလို့ အချီးအနှီးပဲ။ ပြောသင့်ချိန်ရောက်လို့ မပြောရဲရင်လည်း အချီးအနှီးပဲ။ ဒီတော့ ပြည်သူအတွက် ပြောရမယ့်အချိန်၊ လုပ်ရမယ့်အချိန်မှာ ပြောပါ။ တင်ပြပါ။ လုပ်ဆောင်ပါ။ ဒါမှသာလျင် သတ္တိရှိတဲ့ လူသားဖြစ်လာမယ် ဆိုတာပါပဲ။ နောင်တ ဆိုတာမျိုးကတော့ နောင်မှ ရတယ်ဆိုတော့ မကောင်းဘူးပေါ့။ ဒေဝဒတ္တလို့ခေါ်တဲ့ အရှင်ဒေဝဒတ်ကိုတော့ မြန်မာလူမျိုးများအနေနဲ့ တော်တော်ရင်းနှီး အကျွမ်းဝင်သူဟု ထင်ပါတယ်။ ဒေဝဒတ်လို လူမျိုးစသဖြင့် ဆိုးတဲ့လူတွေကို ခေါ်ဝေါ်ကြတယ်။ သတ်မှတ်ကြတယ်။ ဒီတော့ ဒီအရှင်ဒေဝဒတ်ရဲ့ အကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်။ သိတဲ့အတိုင်းပဲ ဒေဝဒတ်ဆိုတာ ဘုရားရှင်ရဲ့ ယောက်ဖ တော်ပါတယ်။ ဒီလို ဆွေမျိုး အဖြစ်တော်တော့ ဒေဝဒတ်အနေနဲ့ ဘုရားရှင်ရဲ့ သာသနာတော်မှာ နေရာ ရချင်တယ်။ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်စတဲ့ ရဟန်းတွေအနေနဲ့ ဘုရားရှင်က နေရာပေးတာကို ဒေဝဒတ်သိပ်ပြီး မကျေနပ်ဘူး။ သူတို့နေရာပေးတော့ ညီလည်း တော်၊ ယောက်ဖလည်း တော်တဲ့ မိမိကိုယ်လည်း နေရာပေးစေချင်တယ်၊ နေရာ ယူချင်တယ်။ (နေရာဆိုတာ သီးသန့် လုပ်ယူလို့ ရတာမဟုတ်ဘူး။ လုပ်တဲ့လူကိုသာ အခြားသူများက နေရာ သတ်မှတ်ပေးကြတာ ဖြစ်တယ်။) ဒါပေမယ့် ဘုရားရှင်ဟာ ဆွေမျိုးဆိုတဲ့ မျက်နှာ မကြည့်ဘူး။ ပါရမီဖြည့်ခဲ့ပြီး၊ တကယ့်သာသနာတော်မှာ လုပ်နိုင်တဲ့ လူတွေကိုပဲ ရွေးပြီး နေရာပေးတော်မူခဲ့တယ်။ ဒီလိုနဲ့ နေရာမရတော့ ဒေဝဒတ်ဟာ ဘုရားကို မကြည်တော့ဘူး။ ဂရု မစိုက်ချင်တော့ဘူး။ နောက်တစ်ခုကလည်း သူနဲ့အတူ သာသနာဝင်လာတဲ့ ရဟန်းတော်များဟာ ဘုန်းကံကြီးတယ်။ ထိုက်သင့်တဲ့ နေရာတွေ ရလာကြတယ်။ ဒီတော့ ဒေဝဒတ်ဟာ ဘုန်းကံကလည်းနည်း၊ နေရာကလည်း မရတော့။ နောက်ဆုံး ဘုရားရှင်ကို အတိုက်အခံလုပ်ဖို့ပဲ ကြံနေတော့တယ်။ ရာထူး အာဏာကိုပဲ မင်းမူးနေပြီး အမျိုးမျိုးအဖုံဖုံ အတိုက်အခံတွေ လုပ်တယ်။ ကဲ့ရဲ့မှု၊ စွတ်စွဲမှု၊ ဝေဖန်မူ၊ ဆင်းရဲဒုက္ခရောက်စေဖို့ ကောက်ကျစ်မှု၊ နောက်ဆုံး ရာဇဝတ်ဖြစ်စေမည့် ကြီးမားတဲ့ သေကြောင်း ကြံစည်တဲ့ အမူတွေအထိ လုပ်တော့တယ်။ ဂိဇ္ဈကုဋ်တောင်ပေါ်ကနေ ကျောက်တုံးလှိမ့်ပြီး သွေးစိမ်းတည်တဲ့အထိ၊ အသက်သေအောင် အမျိုးမျိုး လုပ်တယ်။ ကိုယ်တိုင်လည်း လုပ်တယ်။ အခြားသူတွေကိုလည်း လုပ်စေတယ်။ မုန်ယိုနေတဲ့ နာဠာဂီရိဆင်ကြီးကိုလည်း အရက်တိုက်ပြီး ဘုရားရှင်ကို တိုက်သတ်ဖို့အထိ ကြံစည်တယ်။ ဒါပေမယ့် ဘာတစ်ခုမှ မအောင်မြင်ဘူး။ ဒီတော့ အခြားနည်းလမ်းတွေ ကြံစည်ရတော့တယ်။ လူမိုက်ဆိုတာ မကောင်းတာကိုဘဲ အမြဲတန်း ကြံစည်နေတတ်တယ်။ ဆိုတော့ အင်အား တောင့်တင်းနေတဲ့ သံဃာထုကြီးကို အစိပ်စိပ် အမွှာမွှာဖြစ်အောင် လုပ်ဖို့ အားထုတ်တော့တယ်။ ဒီအတွက် လူပြိန်းကြိုက်တဲ့ တောင်းဆိုချက်တွေနဲ့ ဘုရားရှင်ကို ဘာတွေ လုပ်ပေးဖို့၊ ညာတွေ လုပ်ပေးဖို့ တင်ပြတယ်။ ဒါကို ဘုရားရှင်က ကန့်ကွက်တယ်။ လက် မခံဘူး။ ဆိုပါတော့ ဒီလိုနဲ့ လူပြိန်းနည်းလမ်း ကြိုက်တဲ့လူတွေ အနေနဲ့ ဒေဝဒတ်ပြောတာ မှန်တယ်၊ ထောက်ခံပြီး ဒေဝဒတ်နောက် လိုက်သွားတယ်။ ဒီလိုနဲ့ သံဃာထုကြီးလည်း ကွဲသွားတော့တယ်။ ဒီမှာလည်း ဘာမှ မဖြစ်ခင်ကထဲက ကိုယ့်အုပ်စုတွင်းမှာပဲ ကွဲနေတာတွေ ရှိနေသံတွေ ကြားနေရတယ်။ ရင်လေးစရာပါ။ ထားပါတော့၊ ဒီလိုနဲ့ ဒေဝဒတ်ဟာ ဘုရားရှင်ကို နှိပ်စက်တဲ့ဒဏ်တွေ၊ သံဃာအသင်းခွဲတဲ့ ဒဏ်တွေနဲ့ နောက်ဆုံး နောင်တ တရားတွေ ရလာတော့တယ်။ ဘုရားရှင်ကို နောက်ဆုံးအနေနဲ့ တောင်းပန်ဖို့ ဘုရားရှင်ထံ သွားတယ်။ ဘုရားရှင်ထံ မရောက်ခင်မှာပဲ လူယုတ်မာကို သဘာဝတရားကတောင် တိုက်ခိုက်တော့တယ်။ ဒီမြေပေါ်မှာ ဒီလိုလူရှိတာကို လက်မခံတဲ့အနေနဲ့ မဟာပထဝီ မြေကြီးဟာ ထမ်းဆောင်မနေတော့ဘဲ အဝီစိငရဲအထိ နှစ်မြုပ် ပစ်လိုက်တော့တယ်။ ဒီနေရာမှာ အဓိက ပြောချင်တာက တော့ ဒါ မဟုတ်ပါဘူး။ ဒေဝဒတ်ဟာ သူ့အမှားကို အမှားမှန်းသိပြီး ဘုရားရှင်ကို တောင်းပန်သွားတာကို ပြောချင်တာပါပဲ။ ဒါကို အတုယူစေချင်တာပါ။ ဒီတောင်းပန်မှုကြောင့်၊ကောင်းမှုကြောင့်ပဲ အရှင်ဒေဝဒတ်ဟာ နောင်တစ်ချိန်မှာတော့ ပစ္စေကဗုဒ္ဓါ ဆိုတဲ့ ဘုရားငယ်အဖြစ် ရရှိမှာ ဖြစ်ပါတယ်။ အမှားကို အမှားမှန်း သိပြီး၊ ဝန်ချတောင်းပန်တာဟာလည်း သူတော်ကောင်းအလုပ်ဖြစ် ပါတယ်။ ဒါကြောင့် မကောင်းတာများ လုပ်ခဲ့ရင်လည်း မကောင်းမှုကို သိအောင်လုပ်ပါ။ နောက်ပြီး ဝန်ချတောင်းပန်ပါလို့ ဆိုချင်ပါတယ်။ အချိန်တွေ မနှောင်းသေးဘူး ဆိုတာပါပဲ။ ဒီတော့ မိမိတို့ဟာလည်း မကောင်းမှုများ လုပ်ဆောင်ခဲ့ရင် ဒီမကောင်းမှု ကို ဝန်ချတောင်းပန်ရင်း နှုတ်ပယ်ပစ်နိုင်အောင်၊ မကောင်းမှုတွေနှုတ်ပြီး၊ ကောင်းမှုတရားတွေ ဆက်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ နောက်ပြီး စိန်ခေါ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့ လူသားများ ပီပီ၊ သဘာဝတရားကြီးရဲ့ မုန်တိုင်းဒဏ်တွေ၊ ပူလောင်မှုတွေ၊ မိုးများပြီး ရေကြီး၊ မြေပြိုမှုစတာတွေကို ရင်ဆိုင်နိုင်အောင်၊ တိုးတက်လာတဲ့ခေတ်ကြီးမှာ ရုပ်ပိုင်းဆိုင်ရာများကလည်း စိန်ခေါ်နေခဲ့ပါပြီ။ ဒီတော့ ဖြစ်လာတဲ့ စိန်ခေါ်မှုမျိုးစုံကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားပြီး၊ ဒါတွေကို ဘယ်လို ကျော်ဖြတ်မယ်။ ရင်ဆိုင်မယ်။ တွန်းလှန်မယ်ဆိုတာတွေကို သတ္တိရှိရှိနဲ့ ကြိုဆိုဖို့ အရေးကြီးပါတယ်။ အရှင်ဒေဝဒတ်ရဲ့ တောင်းပန်မှုအပြီး မြေပြိုသွားပြီးတဲ့နောက်၊ ဒီအကြောင်းအခြင်းအရာတွေကို လူတွေ နားမဆန့်အောင် အမျိုးမျိုး ဝေဖန် ပြောဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘုရားဟောကြားတော်မူခဲ့တဲ့ တရားစကားလေးကို လက်ဆောင်ပေးရင်း။ မကောင်းမှုတွေ၊ ဖြစ်ပျက်ခဲ့ပြီးတာတွေကို နှုတ်ပယ်နိုင်ပြီး၊ မဖြစ်ပေါ်သေးတဲ့ စိန်ခေါ်မှု မျိုးစုံကို ကြိုဆိုရင်း၊ သူတော်ကောင်း စိတ်များ မွေးနိုင်ကြစေဖို့ တောင်းဆိုလိုပါတယ်။ မကောင်းမှု ပြုတဲ့ပုဂ္ဂိုလ်ဟာ ပစ္စုပ္ပန်မှာလည်း ပူပန်ရ၏၊ ဆင်းရဲရ၏။ တမလွန် ဘဝမှာလည်း ပူပန်ရ၏၊ ဆင်းရဲရ၏။ ပစ္စုပ္ပန်၊ တမလွန် နှစ်ဘဝလုံးမှာလည်း ပူပန်ရ၏၊ ဆင်းရဲရ၏။ ငါသည် မကောင်းမှုကို ပြုမိပြီဟု သိသည်နှင့် တစ်ပြိုင်နက် ပူပန်ရ၏၊ ဆင်းရဲရ၏။ တမလွန်ဖြစ်ရာ အပါယ်ဘုံမှာလည်း ထို့ထက်ပို၍ ပူပန်ရ၏၊ ဆင်းရဲရ၏။ (ဗုဒ္ဓ)

မောင်မင်းစိုး၊ရွှေနံ့သာ (နှလုံးအိမ်မဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၂ဝ၁ဝ)