Monday, December 1, 2008

2008 World AIDS Day

Beautiful Arts




ညီ၊ညီမလေးသို့ အိတ်ဖွင့်ပေးစာ(၄)


ညီလေး၊ညီမလေးတို့ရေ……
တစ်ခါက တပည့်တစ်ယောက်ဟာ သူ့ဆရာကို အင်မတန် ချစ်ခင်ကြည်ညိုလေးစားတယ်။ ဒါကြောင့် သူ ဟာ ဆရာပြုမူလှုပ်ရှားတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုလုပ်တာဟာ သူ့ဆရာရဲ့ ပညာဉာဏ်ကြီးကျယ်ပုံကို လေ့လာဆည်းပူးရာရောက်တယ်လို့ ယူဆလိုက်တယ်။ သူ့ဆရာဟာ အမြဲပဲ အ၀တ်ဖြူ ၀တ်တယ်။ သူကလည်း လိုက်ဝတ်တယ်။ သူ့ဆရာက အသီးရွက်စားတော့လည်း သူဟာအသီးရွက်ပဲလိုက်စားတယ် တကယ်တန်းတော့ သူဟာ အသားစားတော်တော်ကြိုက်တယ်။ နောက် သူ့ဆရာဟာ အင်မတန်ခြိုးခြံတဲ့ အကျင့် ရှိသူလည်းဖြစ်တယ်။ ဒါကြောင့် သူဟာလည်း ကောက်ရိုးဖျာပေါ်မှာပဲ အိပ်တော့တယ်။
အဲဒီနောက် သူ့တပည့်ရဲ့ အမူအကျင့်တွေ ပြောင်းလဲနေတာကို သူ့ဆရာက သတိပြုမိသွားတယ်။ ဒါနဲ့
“ ဘာဖြစ်နေတာလဲ ”လို့ ခေါ်မေးတယ်။ ဒီတော့ တပည့်လုပ်တဲ့သူက….
“ ကျွန်တော် အမြင့်တက်ဖို့ တစ်ဆင့်စီ အစပျိုးနေတာပါ။ ကျွန်တော် အ၀တ်ဖြူဝတ်တာက ရိုးသားဖြူစင်မှု ကို ဖော်ပြတာပါ။ အသီးအရွက်စားတာကတော့ ခန္ဓာကိုယ်စင်ကြယ်ဖို့ပါ။ ဇိမ်မခံဘဲ နေတယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ ကိစ္စတစ်ခုလို့ ကျွန်တော်တွေးမိပါတယ် ” တယ်လို့ ပြောတယ်။ ဒီစကားကိုကြားတော့ ဆရာလုပ်တဲ့သူကရယ်တယ်။
“ မင်းဟာ မင်းကိုယ်တိုင်ရဲ့ အပြင်ကိုကြည့်ပြီး သက်သက်အချိန်ဖြုန်းတီးနေတာ။ မင်းလုပ်နေတဲ့ ကိစ္စတွေ ဟာ တကယ့်ကိုအချည်းနှီးတွေပဲ”လို့ ပြောပြီး ကွင်းပြင်ကို ခေါ်သွားတယ်။ မြက်စားနေတဲ့ မြင်းတစ်ကောင်ကို ပြပြီး မေးတယ်။
“ အဲဒီ သတ္တ၀ါကို မင်းမြင်တယ် မဟုတ်လား။ သူ့ရဲ့ အသားရေက အဖြူရောင်၊သူဟာ မြက်ကလွဲလို့လည်း ဘာမှမစားဘူး။ အိပ်တော့လဲ ကောက်ရိုးပုံပေါ်မှာ အိပ်တယ်။ သူ့မျက်နှာဟာ သူတော်စင်မျက်နှာနဲ့ တူရဲ့လား။ တစ် နေ့မှာ သူဟာ တကယ့်ဆရာတစ်ယောက် ဖြစ်လာနိုင်မလား”တဲ့။
ညီလေး၊ညီမလေးတို့ ဒီတစ်ပတ်တော့ အကို့စာကို မဖတ်ခင် ဇာတ်လမ်းလေး၊အကြောင်းအရာလေးတစ်ခု ကို ရှေ့ဦးစွာ ပြောပြလိုက်တယ်။ ဒါဆို ဘာကိုပြောချင်တာလည်းဆိုတာ ကြိုတင်သိနေလောက်ပြီးထင်တယ်။ အကို မပြောခင် ဘာတွေပြောချင်တယ် ဆိုတာတွေကို စဉ်းစားကြည့်လိုက်ပါဦး။ ဒီ အကြောင်းအရာကို သိပြီးဘာတွေ ဘယ်လို ပြုပြင်ဖို့၊ ပြောင်းလဲဖို့ ၊သင်္ခန်းစာယူဖို့ ကြံဆတွေးတော နေမိကြသလဲ။ တစ်ခါတစ်လေကြရင် ပုံပြင်တစ်ပုဒ်၊ ဇာတ်လမ်းတစ်ပုဒ်၊ ကဗျာတစ်ပုဒ်၊ ၀တ္ထုတစ်ပုဒ်၊ အကြောင်းအရာတစ်ခု၊ နောက်ဆုံးကွာ သီချင်းတစ်ပုဒ်ကတောင် ဘ၀တစ်ခုကို ပြောင်းလဲမှုတွေ ဖြစ်စေခဲ့တယ်။ တက်တာလဲဖြစ်ချင်ဖြစ်မယ်။ ကျတာလည်းဖြစ်ချင်ဖြစ်မယ်။ ဒါပေ မယ့် သတိုထားရမယ်။ ဒါလေးက ငါ့ကိုဘာများ အတွေးပေးနေသလဲ။ ငါ ဘာတွေပြုပြင်ပြောင်းလဲပြီး သင်္ခန်းစာယူ ရမလဲ ဆိုတာတွေကို ကောက်ချက်ချပြီး ယူတတ်ရမယ်။
သဘာဝတရားကြီးကလည်း ကိုယ့်ကို သင်္ခန်းစာတွေပေးနေတာပါပဲ။ ဒါပေမယ့် ယူတတ်ဖို့အရေးကြီးတယ်။ ဥပမာကွာ-ဘုရားခေတ်ကကိုယ်တော်တစ်ပါးဟာ စီးဆင်းနေတဲ့ ရေမြောင်းလေးကိုကြည့်ပြီး အော်.. ဒီရေမြောင်း လေးဟာ သက်မဲ့ဖြစ်နေပေမယ့် သူ့ခရီးကို ပဲ့ကိုင်မပါဘဲ စီးဆင်းနေတယ်။ ငါတို့မှာ သက်ရှိဖြစ်တဲ့ အသိဉာဏ်ရှိသူ တွေဖြစ်တယ်။ ဒါကြောင့် လမ်းကြောင်းကို ဖြောင့်တန်းစွာ စီးဆင်းသွားနိုင်ဖို့၊ လိုရာခရီးကို မောင်းနှင်သွားနိုင်ဖို့၊ နောက်ဆုံး ပန်းတိုင်ဖြစ်တဲ့ ဘ၀ဆုံးခရီးကို ရှေ့ရှုသွားနိုင်ဖို့ သင်္ခန်းစာရလိုက်တဲ့ အတွက် နောက်ဆုံးတရားထူးရပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုသွားရတယ်။ ဆိုလိုတာက သဘာဝတရားကြီးကို ကြည့်တဲ့အခါမှာ စဉ်းစားတွေးခေါ်နိုင်တဲ့ အမူအကျင့်တွေကို သတိထားကြည့်သွားပြီး သင်္ခန်းစာတွေယူပြီး ဘ၀ကိုပြုပြင်ပြောင်းလဲသင့်ရင် ပြုပြင်ပြောင်းလဲနိုင် ဖို့ ပြောချင်တာပါ။ ကဲ ထားပါတော့။
အကိုပြောပြခဲ့တဲ့ အထက်ကဇာတ်လမ်းလေးကို ပြန်ဆက်ကြရအောင်။ လူတစ်ချို့က တစ်ခါတစ်လေ ဘာရယ်တော့ ဟုတ်မယ်မထင်ပါဘူး။ ရုပ်ဝတ္ထုဖြစ်တဲ့ အပေါ်ယံမှာ ခေတ်မှီတဲ့ ဒီဇိုင်းတွေ၊ နောက်ဆုံးပေါ် အကောင်း စား အသုံးဆောင်တွေ ကိုင်ဆောင်ပြီး ဂုဏ်သရေရှိသလိုလို ကိုယ့်ကိုယ်ကို ထင်နေတတ်ကြတယ်။ ဟမ်းဖုံးဆိုတာ လေးတွေကို လူပုံလည်မှာ ဟန်တပြပြနဲ့ အော်ကြီးဟစ်ကျယ်ပြောပြီး သိန်းသန်းချီတဲ့ စကားတွေပြောနေတာကို အဟုတ်လို့ထင်နေကြတယ်။ အမှန်က ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ငါသာရှိတယ်ဆိုတဲ့ ပုံစံမျိုးတွေ ချိုးနေကြတဲ့ လူတွေ တွေ့နေတတ်တယ်။ ရန်ကုန်လို မြို့ကြီးတွေမှာတော့ တော်တော်ကို ခေတ်စားနေတယ်။ အေး တစ်ခုတော့ ရှိတယ်နော် အခုလိုပြောနေတာက သူတို့ရဲ့ကြီးပွားနေတာကို မုဒိတာမပွားနိုင်လို့ မစ္ဆရိယတွေများပြီး ပြောနေတာ မဟုတ် ဘူးနော်။ ဒါလောက်တော့ အကို့စိတ်ကိုမှန်းပြီး မင်းတို့သိနိုင်မှာပါ။
အပေါ်ယံ အရေပြားလောက် တောက်တောက်ပြောင်ပြောင်ဖြစ်နေပြီး အတွင်းအဇ္ဈတ္တ စိတ်ဓာတ်တွေ ကောက်ကျစ်ယုတ်မာပြီး သူတစ်ပါးအပေါ်ဖျံကျတာတို့ လုပ်တဲ့လူတွေရဲ့ ဘ၀တွေကိုအတုယူလာကြပြီး တောက် ပြောင်နေတယ်လို့ အထင်မှားနေမှာစိုးလို့ ပြောဆိုလိုတာပါ။ ခက်တာကလည်း ခေတ်ကိုပဲအပြစ်တင်ရမလား မပြော တတ်ပါဘူး။ လူငယ်တော်တော်များများက ဒါကိုမှ အဟုတ်ထင်နေကြတယ်။ အဲဒီ ဟမ်းဖုံးလေးတပြပြနဲ့ဆိုရင် မိန်း ကလေးရော၊ ယောက်ျားလေးရော ဟုတ်ပြီထင်ပြီး ဘ၀တွေပုံအပ်လိုက်တာတွေ တွေ့နေရတယ်။ ယဉ်ကျေးမှုဆိုတာ ပြောင်းလဲလို့၊တားဆီးလို့၊ရပ်တန့်လို့ မရဘူးဆိုတာကိုတော့ သိပါတယ်။ ဒါပေမယ့် ဒါမျိုးမှဟုတ် တယ်ထင်ပြီး ဘာမှစဉ်းစားမနေဘဲ ဘ၀ကို ပုံအပ်လိုက်တာမျိုးကိုတော့ ရှောင်ရှားစေချင်လို့ ပြောတာပါ။ တစ်ခု တော့ရှိတယ်နော် လူတိုင်းကိုတော့ မဆိုလိုပါဘူး။ များသောအာဖြင့် ဖြစ်နေတာကိုတော့ အကို မင်းတို့ကို သိစေဖို့ သက်သက် ပြောပြလိုက်တာပါ။
နောက်တစ်ခုက ကိုယ့်ဆရာကဘာလဲဆိုပြီး ဆရာလုပ်သူတွေကို အထင်ကြီးလေးစားပြီး လုပ်ဆောင်တာ မျိုးဟာလည်း ကိုယ်နဲ့တော်မတော် ချင့်ချိန်သင့်တယ်။ ဆရာကိုတော့ လေးစားတာ၊အရိုသေပြုတာ၊ကြည်ညိုရင်းစွဲရှိ တာမျိုးကိုတော့ လုပ်ရာမယ်ပေါ့။ အထက်ကပြောပြခဲ့တဲ့ အကြောင်းအရာလေးထဲကလို ကိုယ့်ဆရာဘာလုပ်တယ်၊ ဒါကိုအတုယူမယ်ဆိုပြီး လိုက်လုပ်တာမျိုးကလည်း ကိုယ်နဲ့တန်မတန်၊တော်မတော် မချင့်ချိန်ဘဲ လိုက်လုပ်တာ၊ အ တုယူတာမျိုးကလည်း ပတ်ဝန်းကျင်နဲ့ ကျင်လည်နေတဲ့အခါမှာ မျက်စေ့ဆံပင်မွှေး စူးစေတယ်။ ဒီတော့ ဆရာလုပ်
သလို လိုက်လုပ်တာမျိုးကိုလည်း လုပ်နိုင်တာလုပ်၊ ဆိုလိုတာက ကိုယ်နဲ့သင့်တော်တာကိုတော့ လိုက်လုပ်ပေါ့။ အဲဒီလို မဟုတ်ဘဲနဲ့ ဆရာလုပ်ရင် အကုန်ကောင်းမှာပဲဆိုတဲ့ စိတ်ဓာတ်ကိုဘယ်တော့မှ မမွေးပါနဲ့။
ဒါနဲ့ ကြုံတုန်းပြောပြချင်တာလေးရှိတယ်။ သူ့ကို ပုတ်ခတ်ပြောတာတော့ မဟုတ်ပါဘူး ။ အကိုသွားတတ် တဲ့ ကျူရှင်ဆရာက နာမည်လည်း တော်တော်ကြီးပါတယ်။ ပညာလည်းမဆိုးပါဘူး။ အရင်ကဆို သူ့ဆီမှာမတက်ဘူး တဲ့ လူတောင်ခပ်ရှားရှားဆိုပါတော့။ သူကတော့ သူ့ဖြစ်တည်မှုလို့ ထင်တယ်။ သူ့လွတ်လပ်ခွင့်လို့ ထင်ကောင်းထင် နေမယ်။ သူက ဘာလုပ်တယ်အောင့်မေ့လဲ။ အရက်ပုလင်း စားပွဲပေါ်တင်ပြီး စာပြတယ်။ ခဏနားလိုက် အရက်တ မြမြနဲ့သောက်လိုက်၊ဆေးလိပ်လေးဖွှာလိုက်၊တစ်ခါတစ်လေဆို မိန်းကလေးတောင် ကျူလိုက်သေးတာ။ အေး အဲဒီ လို ဆရာမျိုးရဲ့ အမူအကျင့်တွေကို တပည့်လုပ်သူက ကောင်းမှာပဲဆိုပြီး လိုက်လုပ်နေရင်ကောင်းပါမလား။ အကို့ အထင်ကတော့ ဒါဟာတော်တော်ခွကျကျနိုင်တဲ့ အတွေးအခေါ်ကို လက်ခံထားတာပဲလို့ ထင်တာပဲ။ မင်းတို့ဆရာ ဖြစ်တဲ့အခါ ဒါမျိုးတွေကို ဘယ်တော့မှ မလုပ်မိစေနဲ့။ သူတို့ကတော့ထင်မှာပဲ အထက်ကပြောသလို ဒါဟာကိုယ်ပိုင် လွတ်လပ်ခွင့်တို့၊ကိုယ့်ဖြစ်တည်မှုနဲ့နေတာတို့ စတဲ့လေသံတွေနဲ့ ပြန်ပြောကောင်းပြောလိမ့်မယ်။ ဘယ်နိုင်ငံမှာ ဆိုတဲ့ အဖြစ်ပျက်တွေနဲ့ ကုလားဖန်ထိုးကောင်းထိုးလာလိမ့်မယ်။ ဒါတွေဟာ လုံးဝကိုအကိုတို့ ယဉ်ကျေးမှုနဲ့ရော၊ ဆရာတစ်ယောက်အနေနဲ့ကော မလုပ်သင့်၊မလုပ်ထိုက်တဲ့ ပြုမူဆောင်ရွက်ချက်တွေလို့ အကိုတော့ထင်တယ်။
မင်းတို့လည်း အမြင့်ကိုတက်ဖို့ ကြိုးစားတာကိုတော့ အကိုအသိမှတ်ပြုပါတယ်။ အေး ဒါပေမယ့် ပြောတော့ သူတော်ကောင်းလေသံ လုပ်တော့မကောင်းတဲ့အလုပ်ဆိုရင်တော့ မြန်မာစကားပုံစကားနဲ့ဆိုရရင် ကြောင်သူတော် ကြွက်သူခိုး ဆိုတာမျိုးမဖြစ်စေဖို့လိုတယ်။ ခေတ်ရေစီးကြောင်းကတော့ စီးဆင်းနေလိုက်တာ ရုပ်ပိုင်းဆိုင်ရာ တိုး တက်ပြောင်းလဲမှုတွေကတော့ လိုက်လို့ကိုမမှီနိုင်ပါဘူး။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာတွေကတော့ တစထက်တစပြုတ် ပြုတ်ကျလာနေတာ တော်တော်လေးကို ယိုယွင်းနေခဲ့တယ်။ တစ်ခါတလေကျတော့ လူငယ်တွေကိုပဲ အပြစ်တင်နေ တတ်ပြီး လူကြီးဆိုသူတွေကလည်း ခွက်ပုန်းခုတ်ချင်တာတွေ ရှိရှိနေတယ်။ လူငယ်တွေရဲ့ စိတ်ဓာတ်ကတော့ လေး စရာကောင်းပါတယ်။ ဒါပေမယ့် ရှေ့ကိုအတုယူမှားပြီး ရုပ်ပိုင်းဆိုင်ရာလောက်နဲ့ တိုင်းထွာပြီး လူတစ်ယောက်ကို ဆုံး ဖြတ်ချက်ချပြီး ဘ၀တစ်ခုလုံး ပုံအပ်လိုက်တာမျိုးတွေ မဖြစ်စေချင်ဘူးပေါ့ကွာ။ မင်းတို့လည်း အရွယ်လေးရလာ ပြီဆိုတော့ ၀တ်ချင်စားချင်တာကိုတော့ အကိုအပြစ်မတင်ချင်ပါဘူး။ ဒါပေမယ့် ကောင်းတာလေးတွေ ၀တ်ချင်သလို၊ သုံးစွဲချင်သလို ကောင်းတဲ့စိတ်ထားလေးတွေကိုလည်း ၀တ်စေချင်၊သုံးစွဲစေချင်တယ်။ ဒါမှသာလျှင် ဟန်ဆောင်မှု ကင်းမဲ့တဲ့ လောကကြီးတစ်ခုလုံးဟာ သန့်ရှင်းကြည်လင်နေမှာပေါ့။
ကဲ နောက်ဆုံးမှာချင်တာကတော့ ကိုယ်လေးစားတဲ့လူတွေရဲ့ အမူအကျင့်တွေကို လိုက်လုပ်တာကိုတော့ စဉ်းစားပြီးမှ၊လုပ်စေချင်တာရယ်။ နောက်ပြီး ရုပ်ဝတ္ထုတစ်ခုတည်းလောက်နဲ့ အခြားသူတစ် ယောက်ကို ဆုံးဖြတ်ပြီး ဘ၀တစ်ခုလုံးပုံအပ်မှုဆိုတာတွေကို မလုပ်မိဖို့၊ နောက်တစ်ခုကတော့ အသစ်သစ်တွေနဲ့ နေထိုင်ကြီးပြင်းလာတဲ့ ခေတ်ကာလကြီးထဲမှာ ရုပ်ပိုင်းဆိုင်ရာ အသစ်တွေကို ဆာလောင်နေသလို၊စိတ်ပိုင်းဆိုင်ရာ ကောင်းတဲ့ အသစ် ဆိုတာတွေကိုလည်း လက်ခံနိုင်အောင်၊ လိုက်နာနိုင်ဆောင်၊ လုပ်ဆောင်နိုင်အောင် ပြုပြင်ပြောင်းလဲစေဖို့ အကိုမှာချင်ပါတယ်။ မင်းတို့မောင်နှမအတွက် လက်ဆောင်အဖြစ် အ၀တ်စားအသစ်ရော၊ဆရာတော်တစ် ပါးရေးတဲ့ အဆင့်ဆင့်စိတ်ဓာတ်ပြောင်းလဲခြင်းဆိုတဲ့ စာအုပ်ရော ပို့လိုက်ပါတယ်။
မင်းတို့ရဲ့ ချစ်ဆုံးအကိုကြီး…
မောင်မင်းစိုး(ွှေနံ့သာ)

Make in ဒီတင်လုပ်


ထွေရာလေးပါး ဘောင်းဘီဝတ်လို့
လူ့ဘ၀ DJ စက်ထဲက အသံကို
ခပ်ကျယ်ကျယ် ဖွင့်ကြည့်မိတယ်
ဒီရေတက်လာကြောင်း ကြားပေမယ့်
အိတ်ကပ်ထဲ ရေဒီယိုလမ်းမမိချင်ဘူး
ရှုံးပြီးလိုမပြောနဲ့
ဂိုးသမားမရှိတဲ့ဂိုးကို သွင်းပြနေတာ ပျင်းဖို့အလွန်ကောင်း

လိုင်းကားကျပ်ကျပ်ထဲ တိုးစီးမယ်
လူထူထူ ရထားစီးတွယ်တက်မယ်
အကောင်းစားလေယာဉ်ပျံကြီးကို မော့ကြည့်မယ်
“ မသွားသေးဘူး ညီမလေးရေ ” လို့နှုတ်ဆက်မယ်
အဖြူရောင် ယမကာနတ်သမီးပျိုနဲ့ ပျော်ပါးမယ်
အခပေးအိမ်သာထဲက စကားလုံးဆန်ဆန် ဖျော်ဖြေမှုတွေကို လက်ခုတ်တီးမယ်
အညံ့စား ဦးနှောက်ရှိလားမေးတဲ့ အင်တာဗျူးတွေ တန်းဆီသွားဖြေမယ်
ဟိတ်ကြီးဟန်ကြီး Suger Daddy ကြီးရဲ့ လက်ကိုင်အိတ်ထဲ အဖော်ပါလား မေးကြည့်မယ်
ညနေခင်းရဲ့ စကပ်တိုလေးတွေအကြောင်း အငြင်းပွားမယ်
Air Conအခန်းထဲ ဘိုင်ပြတ်နေတဲ့ သူငယ်ချင်းနဲ့ ဖုံးပြောမယ်
ရွှေတွဲလွဲ ငွေတွဲလွဲ အတင်းအဖျင်းကာရံထားတဲ့ မြို့ကြီးရွာကြီးမှာနေထိုင်မယ်
ပညာတတ်လေသံအပြည့် ငါသိပါတယ် နှစ်ကျပ်ခွဲတွေရောင်းချမယ်
အနုပညာ မုဒိန်းကောင်များ ၀ါဒအခွံတွေ ရိုက်ခွဲနေမယ်

သူမတို့ကြည့်တော့ ယောင်လိုက်တာ “ အဆင်မပြေဘူး”
ကိုယ်ခါးကို ပြန်တို့ကြည့်တော့ “ မရှိသေးဘူး”
နေရထိုင်ရတာကလည်း အဖျားအနာက ဖန်ခွက်လေးလို
အရိုးပေါ်အရေတင် ကိုယ်ကျင့်သိက္ခာကို လာကြွားမနေနဲ့
ကျွန်တော်နဲ့လောကကြီး တော်စပ်ပုံက ရိုးရိုးသားသား
ပွဲချင်းပြီး ကလိန်စေ့ဉာဏ်နဲ့ လက်ဆွဲနှုတ်ဆက်နေကြ
လူနိုင်ဆေးခွေထွန်းရင်း လူနိုင်တွေ ထောင်ဖမ်းလို့ရပြီ
ခင်ဗျားဘာပိုင်လဲမေးရင်
ဘာမှမပိုင်တဲ့ နေ့ရက်တွေပိုင်တယ်လို့
တိုးတိုးတိတ်တိတ် ဖြေလိုက်ရုံပေါ့…………….
နွေဦးကို

လူနှစ်ယောက် အခန်းတစ်ခန်း ကဗျာတစ်ပုဒ်


ရန်ကုန်ဟာ စိတ်ပိန်စိတ်လိမ်စရာတွေ အတိုးတက်ဆုံးနေရာပေါ့
အာခေါင်ခြစ်အော်သံတွေနဲ့ ဘ၀တွေ အရေပျော်ခဲ့ပြီး
မြေအောက်အိမ်သာလို နံစော်
သွားကြားထိုးတံကအစ သူ့လက်သည်းအရောင်းဆိုး ဒီဇိုင်းဖော်အထိ
လိုချင်တာ အကုန်ယူနိုင်တဲ့မြို့ပေါ့
အရောင်ကို ဟန်ရေးပြ လမ်းသလားနေကြပြီး
ဆန်းဒေးရက်တွေ ပျော်ပွဲရွှင်ပွဲတွေမှာ ချစ်သူနဲ့ ဘုရားသို့စီစီ
တည်းခိုးခန်းအဆုံး တစ်နာရီအကြောလျှော့မှုအဆုံး လူတွေရှိကြတဲ့ ရန်ကုန်
တူညီမှု မရှိတဲ့ မျဉ်းပြိုင်ဆုံမှတ်မှာ
ဒဏ်ရာရ ငှက်တွေရဲ့ နားခိုရာ မြို့လည်းဖြစ်ပြီး
ဘယ်သွားကြမှာလဲ၊ လူတွေဟန်ရေးတပြပြ
လယ်သင်းနံ့နဲ့ ကန်းသင်းရိုးလျှောက်လှမ်းတွေမရှိ
အမှိုက်ပုံလို လူတွေပုံ မာန်တွေပုံနေတဲ့ ဒီမြို့မှာ
ဘုရားခြေရင်းမှာ တရားရှိချင်ယောက်ဆောင်ပြီး
မစ္ဆရိယစိတ်တွေနဲ့ လူတွေရှိတဲ့ ရန်ကုန်
ထိရှအက်ကွဲသံတွေ ခါးသီးနေတဲ့အသံတွေ
နားနဲ့မဆံ့ ဖ၀ါးအထိလျှံနေတဲ့ ဒဏ်ရာတွေ
နေ့တဓူဝ လူတလုံး သူတလုံး နေထိုင်မှုတွေဟာ
အဆုံးမှာ ပွဲပြီးမီးသေတဲ့ မြို့ကြီးလည်းဖြစ်တယ်
အဲဒီလိုမြို့ကြီးမှာ
အသံတိတ်မင်းမူနေတဲ့ အ၀ိဇ္ဖာဆိုးတွေလည်းရှိ
မကောင်းမှုနဲ့ ကောင်းမှုမှာ မကောင်းမှုက ခပ်များများအလေးကဲမှုရှိ
ဈေးတန်းတွေနဲ့ အတ္တတွေ ရောင်းဝယ်ဖောက်ကားနေကြတဲ့ စရိုက်ပျက်သူတွေလည်းရှိ
ရှိနေတဲ့ အဆိုးတွေနဲ့ ရန်ကုန်ဆိုတဲ့မြို့ကြီးမှာ
သူငယ်ချင်းတစ်ယောက်ဟာ အရင်ပိတောက်ကို ချစ်တယ်ပြောပြီး
ပေါ်ပင်ပန်းတွေဆီ လိုက်သွားတဲ့ ညအခါမှာ
သူငယ်ချင်းတစ်ယောက်ဟာ အိပ်ယာထက်မှာ ငြီးစီ
နောက်တစ်ယောက်က ရှိသောသစ္စာနဲ့
နာကျင်ဟန် ရေဒီယိုလေးနားထောင်တဲ့အခါပေါ့
သေဆုံးနေသူဆီ လွမ်းဟန်ကဲပြီး
အပျော်ရှာ အချိုစွဲနေရှာတဲ့ အချိန်မှာ
သူငယ်ချင်းတစ်ယောက်ဟာ ရန်ကိုဆိုတဲ့မြို့မှာ ရှင်သန်အောင် ကုတ်ဖဲ့ပြီး
တစ်ဝက်သေဆုံးနေတဲ့ နေ့တွေ
ဆူဝေနေတဲ့ ဒီကဗျာကို ရေးတဲ့အခါ
သူငယ်ချင်းတစ်ယောက်က အေးစက်နေတဲ့ အနေအထား
ကောင်းကင်မှာ မီးပွက်တွေ ထတောက်တိုင်း
ရန်ကုန်ရဲ့ အဇ္ဈတ္တသရုပ်မှန်တွေ လွင့်စင်ကျလာ
ပါတီပွဲတွေနဲ့ ဒေသစွဲအဆိုတော်တွေနဲ့
အနုပညာတစ်ဝက်တစ်ပျက်ဟာ ဖျော်ဖြေရေးနောက်လိုက်လို့
ဘာကိုဘာမှန်းမသိ
ရှုပ်ထွေးနေတဲ့ အခန်းထဲက အံဆွဲထဲ ကျရောက်ပိတ်မိနေရှာတဲ့စိတ်ဟာ
အဲဒီရန်ကုန်ဆိုတဲ့မြို့မှာ နေထိုင်တဲ့ ခင်ဗျားလို လူတစ်ယောက်။
လူတူးမန်း