Friday, July 24, 2009

ဘယ်သူလဲ


ထူးဆန်းတဲ့ စကားပြောသံ ကြားလိုက်ရတယ်
ဆရာဝန်ကိုယ်တိုင် ထူးဆန်းအံ့သြသွားတယ်
“မျက်ရည်ကိုးပက်လောက် ထုတ်ချင်တယ်
လက်မောင်းသွေးတစ်ပုလင်းလောက် ထုတ်ချင်တယ်
သွေးနဲ့မျက်ရည်ကို ထုတ်ယူလိုက်ရင်
ပန်းချီကားတစ်ကား ဖြစ်သွားမလား
ကဗျာတစ်ပုဒ် ဖြစ်သွားမလား”
ဆရာဝန်က ထူးဆန်းအံ့သြစွာ မော့ကြည့်တယ်
အရိပ်အယောင် ဘာမှ မတွေ့ရဘူး
ထူးဆန်းတဲ့ အသံရှင်ကို “ မဖြစ်နိုင်ပါဘူးလို့” ဆရာဝန်က ပြောတယ်
ဆရာဝန်စားပွဲပေါ်မှာ
လက်မောင်းသွေးနဲ့ ရေးတဲ့ ပန်းချီကားတစ်ချပ်
ကဗျာတစ်ပုဒ်အောက်မှာတုန်လှုပ်ချောက်ချားစွာ ခံစားရင်း
သူ့ခန္ဓာကိုယ်ထဲက သွေးနဲ့မျက်ရည်ကို ထုတ်ယူလိုက်တယ်
ဒီတော့မှ
ဆရာဝန်လည်း ရှင်သန်ခြင်းက လွတ်မြောက်သွားတယ်။
ကောက်နွယ်ကနောင်
(၂၀၀၉-ဇူလိုင်-စရဏမဂ္ဂဇင်း)

လင်းနို့တွေ


နာမည်အကြီးဆုံး အမှောင်တွေ
တန်ဖိုးအကြီးဆုံး အမှောင်တွေ
အရသာအရှိဆုံး အမှောင်တွေ

သုံးဆောင်ဖို့
ခံစားဖို့
ဂူနံရံတွေကို မကြောက်

ပျံတော့ပျံခဲ့ကြတာပဲ။
လင်းလွင်
(၂၀၀၉-ဇွန်-လှိုင်းသစ်)

အချိန်တွေ ပြေးနေခဲ့တယ်

တလောကလုံး အမှောင်ထု ဖုံးလွှမ်းနေခဲ့ပြီး။ ခုနှစ်စဉ်ကြယ် အမြီးထောင်တာ ကြာခဲ့ပေါ့။ ရှေ့မှာ မရောက်သေးတဲ့ ရှေ့မှာ လူသွားလမ်းတွေ ဖြောင့်စင်းနေခဲ့ပြီ။ ဆက်လျှောက်ဖို့ ခွန်အားမွေးထားဖို့လိုတယ်။ ““ အကယ်၍ မင်းအသိုင်းဝိုင်းက ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းပြစ်တင်ကြတဲ့အခါ မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် ““ ကုန်ဆုံး သွားတဲ့ အချိန်နေ့ရက် နာရီတွေကို လည်ပြန်တွေးမနေပါနဲ့။ အရှုံးဆိုတာ အောင်မြင်မှုရဲ့ ပထမဆုံးသော လမ်းကြောင်းပါပဲ။ ဒီတော့ ဆက်လျှောက်ရမဲ့လမ်းတွေမှာ ဆူးငြောင့်

ခလုတ်တွေရှိနေခဲ့ရင် ခုတ်ထွင်ရှင်းလင်းလိုက်ပါ။ တိမ်ကောစပြုနေသော မြစ်ချောင်းအင် အိုင်များကို ဆည်လုပ်ရန်တွေးတောနေခြင်းဟာ အမတန်သေးငယ်သော အတွေးအခေါ်

ကို လက်ကိုင်ထားခြင်းဖြစ်တယ်။ နောက်တောင်မှာ လူသူအရောက်ပေါက်နည်းနေသေး သော ကျေးလက်များကို သင်မုချသွားရပေလိမ့်မယ်။ ဆိုတော့ အယူအဆ ပြင်းထန်နေ သော နံနက်ခင်းအချိန်တွေကို မေ့မပြစ်ဖို့လိုတယ်။

ပြေးလွှားနေသော တတိယလမ်းဟာ ခရီးရဲ့အစဆုံးကို လှမ်းမြင်နိုင်ကောင်းမြင် ပေလိမ့်မယ်။ သို့သော် မမြင်ခြင်း၊မြင်ခြင်းဟာ အဓိကရေသောက်မြစ်မဟုတ်။ သွားနေ တဲ့လမ်းကိုသာ ဆက်လျှောက်ရဲရန်လိုအပ်ပါတယ်။ တန်ဖိုးရှိသော အချိန်တွေကို ပြေး သွားနေသော်လည်း ထိုလမ်းခရီးအဆုံးမှာ ရောက်ရှိမယ့် ပန်းတိုင်သည်သာ ဦးတည်ရာ ဖြစ်ရပေလိမ့်မယ်။ ထို ပန်းတိုင်ရဲ့ ခိုင်မာမှု၊ မခိုင်မာမှုဟာ နောက်ဆုံးအနေနဲ့ ဆုံးဖြတ် ပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ လျှောက်ခဲ့တဲ့ လမ်းတွေများခဲ့ပြီ။ အမှန်တကယ်လဲ လမ်းများခြင်းဟာ ဇဝေဇ၀ါဖြစ်ခဲ့ပေမယ့် မရောက်ရင်တော့ ဘယ်တော့မှရောက်လိမ့်

မယ် မဟုတ်ဘူးဆိုတာပါပဲ။

““ မင်းဟာ အနာဂတ်ကို ကိုယ်ဝန်ဆောင်နိုင်ရင် အနာဂတ်ကို မိခင်စိတ်နဲ့ အရိပ်တကြည့်ကြည့်ဖြစ်နေဖို့လိုတယ်။ ကိုယ်ဆောင်ထားရတဲ့ ကိုယ်ဝန်ကြောင့် မိမိကိုယ်

ကိုယ်ကို အသက်ဘေးကနေ ခြိမ်းခြောက်ခံနေရပေမယ့် ထိုဝန်လောက်ကိုတော့ တွေးပြီး ကြောက်စိတ်ဝင်နေခြင်းကို ရှောင်ရှားရမှာဖြစ်တယ်။ ဒီတော့ တလောကလုံးကိုကြည့် လိုက်ပါ။ လိုအပ်မှုတွေ တစ်နေ့တခြားဆိုသလို တိုးတိုးလာနေခဲ့တယ်။ ဒီလိုအပ်မှု တွေကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာမင်းသိဖို့လိုတယ် ““

တွန်သံတွေကြူးရင့်ခဲ့ကြရင်း အသက်တွေပျောက်ပျောက်သွားလိုက်တာ မနည်း မနောဆိုပါတော့။ သမင်လည်ပြန်တွေးမောနေခဲ့ရင်း ဆံဖြူသွားကျိုး ဘ၀တွေကို ကြည့်ခဲ့ ပါ။ မင်းရင်ဆိုင်ရမယ့် အန္တရာယ်တွေဟာ ဒီလိုပဲ ဆံဖြူကောင်းဆံဖြူသွားမယ်။ ဒါပေမယ့် ဒီပေးဆပ်မျိုးလောက်နဲ့ မင်းရဲ့အနာဂတ် မျိုးဆက်တွေဟာ လူသားတစ်ယောက်အတွက် စစ်မှန်တဲ့ ဆာလောင်မှုအပေါင်းကနေ ကင်းဝေးပြီးတော့ သုခအစစ်ဖြစ်တဲ့ လူသားတစ် ယောက် ရပိုင်မှုအပေါင်းကို သုံးဆောင်နေရမယ်ဆိုတာ သိမြင်ခံစားနေဖို့ပါ။ အချိန်တွေ တရွေ့ရွေ့ပြေးနေခဲ့တယ်။ ရရှိဦးမယ့် အချိန်တိုင်းဟာ ကျုပ်တို့အားလုံးအတွက် အကျိုးရှိ ရှိ အသုံးချသွားဖို့လိုတယ်။

မောင်မင်းစိုး(ရွှေနံ့သာ)




Monday, July 20, 2009

ကျိုးပဲ့နေသောအပိုင်းအစများ


အချိန်ကားနွေရာသီရဲ့ အပြင်းစားရိုက်ချက်ဖြစ်သော ပူပြင်းသောနေ့တစ်နေ့။ လူသူလေးပါး ကင်းမဲ့နေသော မန်ကျီးပင်၏ အရိပ်အောက် သူမငေးမျှော်လျက် တွေးနေခဲ့သည်။ မန်းကျီပင်၏ အကြားကြားမှ ထိုးထွက်နေသော နေရောင် လေးများ ပျောက်ကြားဆိုသလို သူမမျက်နှာပေါ် ဖြာကျနေခဲ့သည်။ လေပူများသည်ကား ဥဒဟိုတိုက်ခိုက်လျက် အရပ်လေး မျက်နှာသို့ ပြေးသွားနေခဲ့သည်။ သူမရှေ့မှာ လှန်ထားသောစာအုပ်လေး၏ တစ်ရွက်ပြီးတစ်ရွက် လန်သံသည်ကား စိတ်ပျက် ဖွယ်ကောင်းလောက်အောင် သူမအတွက် အနှောက်အယှက်ဖြစ်စေသော အသံဗလံများဖြစ်နေလိမ့်မည်။ သူမအသက်ကား ၁၁-နှစ်မပြည့်သေးတဲ့အရွယ်ဖြစ်သည်။ နာကျင်ဖွယ်ကောင်းလောက်အောင် ဆာလောင်ခဲ့သော အပိုင်းအစများကို သူမပြန်လည် ဆက်ထားချင်သည်။

သို့သော် . . . .။ အဲဒီနေ့က သူမကိုစာမေးတော့ မရ။ ပြန်စာ ပြန်ခိုင်းတော့လည်း မရ။ ရှိုက်ကြီးတငင်ငင် ငိုနေခဲ့ သော သူမကို ကြည့်ပြီး ကိုယ်ပါရောယောင်ပြီး မျက်ရည်ဝဲလာခဲ့သည်။ ဘာဖြစ်လို့လဲ၊ ဘာအတွက် ဒီလောက်ထိ ငိုနေခဲ့ရ တာလဲ၊ ဘယ်သူတွေက သူမရဲ့နာကျင်မှု ဝေဒနာတွေကို ဖန်တီးပေးလိုက်တာလဲ။ ထိုနေ့က သူမကို မေးခွန်းပေါင်းစုံမေး ခဲ့သည်။ တစ်ခွန်းမှ ပြန်ဖြေသံမရခဲ့။ တစ်ညလုံး အိပ်မပျော်ခဲ့တဲ့ အဲဒီညက သူမရဲ့ အပြစ်ကင်းစင်နေတဲ့ မျက်နှာလေးက တစ်ညလုံးလိုလို ကြီးစိုးနေခဲ့သည်။ မနက်ဖန် သူကျောင်းလာပမလား။ အကယ်၍ သူမ မလာခဲ့ရင် ငါဘာလုပ်ရမလဲ။ ခက်တာက ကိုယ်ကဆရာအသစ်၊ အခုမှ ရွာကိုခြေချခါစ။ ဘယ်သူကိုမှလည်း ကောင်းကောင်းအကျွမ်းမဝင်သေး။ ဘယ် သူ့အကြောင်းမှလည်း ဘာမှ သိရသေးတာ မဟုတ်။ ဘယ်သူ့ကို သူမအကြောင်းမေးရင် ကောင်းမလဲ။ မေးသင့်တဲ့ မေးခွန်းက ဘာတွေလဲ။ ဘာလုပ်ရမလဲ။ ခေါင်းတွေထူပူလာခဲ့သည်။

ဖြစ်တည်မှုတိုင်းမှာ ဖြေရှင်းလို့မရတဲ့ စိတ္တဇအမှောင်တွေ ရှိနေခဲ့လိမ့်မည်။ မှားယွင်းဖောက်ပြန်နေသော လူသားများ ၏ စိတ်သည် ဝင်္ကပါကဲ့သို့ ကွေ့ကောက်နေလိမ့်မည်။ လူသားများ ထွန်းညှိခဲ့သော အမှောင်ကို ပြန်လည်လင်းလက်ဖို့လို သည်။ မမြင်ရတဲ့ အဖြေတွေကို ဘယ်လိုရှာရမလဲ။ ကောင်ကင်ကိုမော့ကြည့်တော့ လမိုက်ညဖြစ်သလောက် ဘာမှမမြင်နိုင် အောင် မည်းမှောင်နေခဲ့သည်။ စိုထိုင်းနေတဲ့ စိတ်အဆာတွေကို ဘယ်လိုဓာတ်စာတွေနဲ့ကုသရမလဲ။ ရှောင်ဖယ်လို့မရတဲ့ အကြင်နာ သားကောင်ကား လူဆီသို့ တခချင်းဆိုသလို တည့်တည့်ပြေးဝင်လာနေခဲ့သည်။ စုပ်ချက်ကောင်းကောင်း ရေးဆွဲ ရမယ့် ပန်းချီကားတစ်ချက်သည်ကား ဒဏ်ရာအနာအဆာတွေနဲ့ ပြွတ်သိပ်နေခဲ့သည်။

'' ဆရာ၊ အန္တာတိကတိုက်မှာရှိတဲ့ ရေခဲတွေဟာ မကြာခင် အရည်ပျော်သွားတော့မယ်ဆို၊ အဲဒါတွေ အရည်ပျော် သွားရင် သမုဒြာရေတွေ မြင့်တက်လာမယ်လို့ ပြောနေကြတယ်။ အိပ်ခ်ျတူးအို ပြဿနာဆိုတာကဘာလဲ၊ အှိုဇုန်းလွှာပါးတယ် ဆိုတာ သမီးတို့နဲ့ဆိုင်သလား'' အဖြေမပေးချင်ပေမယ့် အင်းအဲလိုက်ရင်း ဖြေသိမ့်နေရသည်။ လောလောဆယ် ရင်ထဲအထိနာ နေတဲ့ ပြဿနာကား သူမရဲ့ ညှိုးလျော့ပျော့ခွေနေတဲ့ မျက်နှာလေးက နေရာယူနေခဲ့သည်။ သူမအနေနဲ့ကော အခြားကလေး တွေလို မေးခွန်းတွေ ဘာဖြစ်လို့ လာမမေးတာလဲ။ အကယ်၍ သူမလာမေးခဲ့မယ်ဆိုရင်ကော အဲဒီမေးခွန်းလေးတွေကို သူမစိတ်ကျေနပ်တဲ့အထိ အဖြေပေးနိုင်ပမလား။ အပိုင်းပိုင်းကျိုးပဲ့နေတဲ့ မေးခွန်းတွေကို တစ်ယောက်ပြီးတစ်ယောက် လာမေး နေခဲ့သည်။ သူမပါးပြင်ပေါ် လူးထားတဲ့ အညာသနပ်ခါး ထူထူထည်းထည်းလေးပေါ် လျောဆင်းနေတဲ့ ချွေးစီးကြောင်း လေးကို မြင်နေရသည်။ သူမ ငိုတာမဟုတ်ပါဘူး။ ချွေးတွေ မထွက်ရင်ကောင်းမယ်။ စီးဆင်းနေတဲ့ ချွေးစီးကြောင်းလေး တွေက မျက်ရည်အဖြစ် ပြောင်းလဲသွားမှာကို စိုးရိမ်နေခဲ့မိရပြန်တယ်။

စိတ်အပူများ ရင်ထဲဒဟလော စီးဆင်းနေခဲ့သည်။ နွေရာသီရဲ့ နွေနေ့လည်ခင်းမှာ အပူရှိန်ကလည်း တော်တော် လေးကို ပြင်းထန်နေခဲ့သည်။ မနေ့က မေးခဲ့သော အိုဇုန်းလွှာပါးလာခြင်းအကြောင်းကို ပြောပြရင်း ဒီနေ့သင်ခန်းစာ ရပ်လိုက် ရရင် ကောင်းမလား။ စိတ်ကတော့ နည်းနည်းမှဒါတွေကို ပြောချင်စိတ် မရှိခဲ့။ လောကကြီးရဲ့ အပိုင်းပိုင်းပျက်စီး ကျိုးပဲ့နေတဲ့ ပြဿနာများရဲ့ အဖြေများနှင့်ရှင်းလင်းချက်များက ခေါင်းထဲကို ရောက်မလာခဲ့။ ဟုတ်တယ် ပြင်ပလောကကြီးတစ်ခုလုံး လိုလို ပျက်စီးမှုအနာအဆာတွေနဲ့ တစ်စစီကျိုးပဲ့နေခဲ့သည်။ ထို့အတူ လူသားများစွာရဲ့ အတွင်းအဇ္ဈတ္တမှာလည်း စိတ်တွေတစ်စ စီ ပျက်စီးကျိုးပဲ့နေခဲ့သည်။ အဆိုပါ ကျိုးပဲ့နေသော လူသားများ၏ စိတ်အပိုင်းအစများသည်ကား လူလားမမြောက်သေး သော ကလေးငယ်များ၏ စိတ်တွေကို ထိမှန်နေခဲ့သည်။ ရင်ကြားစေ့ ဖြေရှင်းရေး ကြွေးကြော်သံများနဲ့ လူသားများသည်ကား ဒုက္ခပင်လယ်ဝေစေသော ပြဿနာများကို ဖန်းတီးနေကြဆဲပင် ရှိသည်။ ရေဆာပေမယ့် ရေမသောက်ချင်တာနဲ့ ရေနွေးကြမ်း တစ်ခွက်ကို မအေးမချင်းမှုတ်ပြီး သောက်နေခဲ့ရပြန်သည်။ အပူလိုတော့ အအေးရ၊ အအေးလိုတော့ အပူရ၊ မတူမျှတဲ့ နေထိုင်မှုတိုင်းမှာ လူသားတစ်ယောက်ရဲ့ အူသံပြင်းပြင်း ပန်းချီကားတစ်ချပ်သည်ကား ယခုထိရုပ်လုံးမပေါ်သေးဘဲ ရှိနေခဲ့သည်။

'' ဆရာ၊ မိုးမိုးအဖွားက ခွင့်စာပေးလိုက်တယ်။ မိုးမိုး ကျောင်းမတက်နိုင်တဲ့ အကြောင်းလို့ပြောတာပဲ၊ သိပ်ပြီးနေ မကောင်းဘူးလို့ ပြောတယ်၊ အစားအသောက်မစားတာလည်း နှစ်ရက်လောက်ရှိပြီတဲ့။ ဘာကျွေးကျွေးစားခိုင်းလို့ကို မရဘူး လို့ ငြီးနေတာပဲ'' စိတ်တွေတော်တော်လေး အကြံအိုက်သွားသည်။ သူမ ဒီလောက်ထိ ဘာဝေဒနာတွေက နှိပ်စက်နေသနည်း။ ကလေးတွေမေးတော့လည်း အဖြေကမရ၊ သူတို့ ဘာမှမသိတဲ့ အကြောင်းကိုပဲ ပြန်ကြားခဲ့ရသည်။ ရွာထဲက လူကြီးတွေ မေးဖို့ဆိုတာကလည်း တစ်ယောက်မှ ကိုယ်နဲ့သိကျွမ်းတဲ့လူက အခုထိ မရှိသေး။ အိမ်တွေ သွားလည်ဖို့ကျပြန်တော့လည်း စိတ်ကမပါ။ ကလေးတွေပေးလိုက်တဲ့ စာထဲမှာလည်း ကျောင်းမတက်နိုင်တဲ့အကြောင်း၊ နည်းနည်း နေမကောင်းဖြစ်တဲ့ အကြောင်းလောက်ပဲပါသည်။ အခြားဘာမှ ရေးမထား။ ဒဏ်ရာအနာတရနဲ့ ရင်ထဲတော်တော်လေး စိတ်ထိခိုက်သွားပြီး စိုးရိမ်စိတ်တွေ ကြီးစိုးလာပြန်သည်။ သူမ၊ မြန်မြန်နေကောင်းပါစေကြောင်းကိုလည်း ဘုရားစာရွတ်သလို တတွတ်တွတ်ရွတ် နေခဲ့ရပြန်သည်။ ခက်တော့ ခက်တယ်။ ဝေဒနာမသိတော့ ဆေးကိုဘယ်လို ဖော်စပ်ရမယ်မသိတဲ့ ဆေးဆရာတစ်ယောက် လို အကြောင်းအရာကလည်း ဂဃနဏ မသိဘဲဖြစ်နေပြန်သည်။

''သူမသေပြီ'' ဒါလုံးဝကို မဖြစ်နိုင်ဘူး။ သူမဟာ အခုမှ ဘာမှမသိသေးတဲ့ ကလေးဘဝအရွယ် နုနယ်သေးဆဲ ရှိသေးတယ်။ မဖြစ်ရဘူး၊ ဒါ လုံးဝမဖြစ်နိုင်ဘူး။ အိပ်ယာက လန့်နိုးတော့ ချွေးသီးချွေးပေါက်တွေ စိုရွှဲနေခဲ့သည်။ တော် သေးတာပေါ့ အိပ်မက်ဖြစ်လို့။ ရေအိုးစဉ်သွားပြီး ရေတစ်ခွက်ပြီးတစ်ခွက် သောက်ပစ်လိုက်သည်။ ဆရာတစ်ယောက်အတွက် အပြင်းစားရိုက်ချက်များသည်ကား တစ်ကွက်ပြီး တစ်ကွက်။ ဒေါင်းတောက်ခဲ့ရသော နေ့ ညများစွာ။ ပူပင်ခဲ့ရသော ဝေဒနာ များသည်လည်း စိတ်တွေ တစ်စစီကျိုးပဲ့သွားလောက်အောင်ပင် ရှိနေခဲ့သည်။ သူမ၏ အညာထူထူထည်းထည်း အပြစ်ကင်း စင်နေတဲ့ မျက်နှာလေးကို မမြင်ရသည်မှာ တော်တော်ကြာပြီ။ မနေ့က အိမ်သွားမေးဖို့ လုပ်ခဲ့သည်။ ဘယ်အိမ်မှန်းမသိတာ ရယ်၊ လိုက်ပို့မယ့်သူ မရှိတာရယ်ကြောင့် သူမအိပ်ကို မရောက်ဖြစ်နိုင်ခဲ့။ သူမ၏ မိဘများနှင့်တိုင်ပင်ကြည့်ဖို့တော့ လိုလိမ့် မည်။ ဒီအတိုင်းတာ ကလေးကို လေ့လျူရှုထားဦးမယ်ဆိုရင်တော့ ကလေး၏ အခြေအနေကား သိပ်ဟန်လိမ့်မဟုတ်။

ထွင်းထုထားသော ရင်ထဲအနာများသည် ခံနိုင်ရေမရှိခြင်း၏ ပြယုဂ်များဖြစ်နေလိမ့်မည်။ အမှန်ကား တစ်ခဏသာ ဝေဒနာကို ရူရှိုက်သင့်သည်။ သို့သော် ဝေဒနာသည်ကား သူမ၏ရင်ထဲ ဘယ်လောက်ထိပြင်းထန်နေလိမ့်မည် မသိ။ သန့်ရှင်းလတ်ဆပ်သော လေကောင်းလေသန့်များကို ရှူရှိုက်ဖို့လိုသည်။ သို့အတွက် ပတ်ဝန်းကျင်သည် သန့်စင်နေရ ပေလိမ့်မည်။ မသန့်ရှင်း၊ မသန့်စင်သော ပတ်ဝန်းကျင်၏ ရနံ့ဆိုးများသည် ကလေးငယ်များကို နှိပ်စက်ဖျက်ဆီးနိုင် သည့် မကောင်းသော အနံ့အသက်များဖြစ်သည်။ ထို အနံ့အသက်ဆိုးများကို ရှူရှိုက်နေရသော ကလေးငယ်များ၏ နှလုံးသား သည် မကောင်းသော အညစ်အကြေးများဖြင့် ညစ်နွမ်းနေခဲ့လိမ့်မည်။ သူမ၏ ပတ်ဝန်းကျင် အခြေအနေသည်ကား ဘယ်လို သော ရနံ့များဖြင့် သူမကိုရှူရှိုက်စေခဲ့သနည်း။ မကောင်းသော အနံ့ဆိုးများတော့ မဖြစ်နိုင်လောက်ဟု စိတ်မှာ စွဲထင်နေခဲ့သည်။

ထိုနေ့က သူမ၊ ကျောင်းပြန်တက်တော့ တော်တော်လေး ပိန်ခြုံးနေသည်ကို မြင်နေရသည်။ သူမကို ခပ်ရွှင်ရွှင်ပြုံး ပြလိုက်သည်။ သူမကတော့ နည်းနည်းမှ ပြန်လည်ပြီး ပြုံးပြချင်းမျိုးမရှိခဲ့။ သူမနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ တော်တော်လေးကြိုး စားခဲ့သည်။ သို့သော် အခြေအနေက ထူးမလာခဲ့။ ကိုယ်ကသာ ဆရာတစ်ယောက်ဖြစ်နေပါလျက် အရူးကြီးတစ်ယောက် လို ဖြစ်နေခဲ့ရသည်။ အရေးမကြီးတဲ့ ကိစ္စတွေကို ဘေးဖယ်ထားပြီး၊ သူမကို နှစ်သိမ့်နိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ တွေ့တိုင်းလိုလို အပြုံးလေးဖြင့်ပင် ကြိုဆိုနှုတ်ဆက်သည်။ သူမ နာကျင်စေမည့်၊ မဖြေလောက်မည့် မေးခွန်းမျိုးကိုတော့ မမေးမိအောင် အထူးသတိထားရသည်။ စိတ်အဆာများဖြင့် တုန့်ပြန်မှုများ မဖြစ်စေမည့် မေးခွန်းမျိုးလေးတွေကိုသာ မေးခဲ့ သည်။ သူမ၏ သင်္ကေတသည်ကား အခြားကလေးများလို ဆော့ကစားခြင်း၊ ဆူညံစွာ စကားပြောချင်းမျိုး မရှိ။ ကလေး တစ်ယောက် လူကြီးစိတ်ပေါက်နေခြင်းသည် မကောင်း။ ရောဂါလက္ခဏာတစ်ရပ်ပင် ဖြစ်လိမ့်မည်။ သူမသည်ကား လူကြီး တစ်ယောက်လို ဖြစ်နေခဲ့ကား တွေ့ကထဲကဟု ဆိုရပေလိမ့်မည်။
'' ဆရာ၊ ဒီနေ့ ပုံပြင်ပြောပြပါလား'' သူမအနေဖြင့် စတင်တောင်းဆိုသံဖြစ်သလို၊ စတင်ပြောသော စကားလည်း ဖြစ်နေခဲ့သည်။ ထိုနေ့က ပုံပြင်တွေ တစ်ပုဒ်ပြီးတစ်ပုဒ်ပြီး ပြောပြသည်။ သို့သော် သူမအနေဖြင့်ကား သူမလိုချင်သည့် ပုံပြင်များမဟုတ်ဘဲ ဖြစ်နေခဲ့သည် ထင်သည်။ တွေတွေကြီးသာ နားစိုက်ထောင်လျက် နေခဲ့သည်။ အခြားကလေးငယ်များ ကတော့ ရယ်မောစရာ ပုံပြင်များကို နှစ်ခြိုက်သဘောကျသည်။ သို့အတွက် အားကုန်ဖွင့်လျက် ရယ်မောကြသည်။ သူမ ကတော့ ရယ်စရာပြောတာကိုတောင် မရယ်ခဲ့။ စိတ်ဒဏ်ရာ၏ ကြီးကျယ်မှုကို စတင်သဘောပေါက်လိုက်သည်။
''သမီး၊ သမီးက ဘယ်လို ပုံပြင်တွေကြိုက်တာလည်း၊ ဆရာ ဘယ်လို ပုံပြင်တွေကို ပြောပြရမလဲ''မေးခွန်းများ ဆက်တိုက်ဆိုသလို မေးခဲ့သည်။ ပြန်ကြားသံ မရခဲ့။ ခဏကြာတော့မှ တွေတွေကြီးငေးမောရင်း အေးဆေးတည်ငြိမ်တဲ့ လေသံနဲ့ အဖြေကို ရလိုက်သည်။

'' မိသားစု ချစ်ချစ်ခင်ခင်နဲ့ ဘဝတစ်ခုကို ဘယ်လိုခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရ နေရ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ရင်ဆိုင်ဖြေ ရှင်းရင်း သာယာတဲ့အိမ်ထောင်တစ်ခုအကြောင်းမျိုးကို ပြောပြပါလား'' ထိုနေ့က သူမတောင်းဆိုချက်အရ ကိုယ့်ဘာသာ သူ ပုံပြင်များဖန်တီးလျက် တစ်ပုဒ်ပြီးတစ်ပုဒ် ပြောပြနေခဲ့လိုက်သည်။ ထိုနေ့ကစပြီး သူမဝေဒနာများကို စတင်ခံစား သိရှိ နားလည်လိုက်ရသည်။ အပြုံးများလည်း စတင်ရရှိလိုက်သည်။ သူမ၏ အဆာသည်ကား. . . .။

သူမတစ်ယောက်ထဲ မန်းကျီးပင်ကြီး၏ အရိပ်အောက်မှာ ထိုင်နေခဲ့သည်။ သူမရှေ့မှာ တစ်စစီ ကျိုးပဲ့နေသော ကလေးငယ်တစ်ယောက် လွှင့်ပစ်ထားခဲ့သော ယမင်းအရုပ်လေး တစ်ရုပ်ရှိနေခဲ့သည်။ လက်များ၊ ခြေများ တစ်စစီကျိုးပဲ့နေသော အပိုင်းအစများကို သူမပြန်လည်ဆက်စပ်နေခဲ့သည်။ သက်ပြင်းများ အကြိမ်ကြိမ်ချလျက် ယမင်းရုပ်ကလေးသည် ပင်ကိုယ် အနေအထားသဖွယ် သရေးကွင်းများဖြင့် ချည်နှောင်ရစ်ပတ်လျက် အကောင်းပကတိ ဖြစ်သွားသည်။ သူမပျော်ရွှင်သွား၍ ထင်သည်၊ စိတ်ထဲတွေးပြီးပြုံးလိုက်သော မြင်ကွင်းကား၊ အပြင်မှာပင် ပါးချိုင့်လေး ပေါ်သွားအောင် ပြုံးလိုက်သည်ကို မြင်လိုက်ရသည်။ တော်တော်ကြာကြာ သူမသည် ထိုအရုပ်လေးကို ကိုင်ပြီးကြည့်နေခဲ့သည်။ တစ်ခါတလေမှာတော့ ဘာတွေ တွေးနေသည် မသိ။ တွေတွေကြီးစိုက်ကြည့်ရင်း မှင်သက်မိနေသလို ဖြစ်နေခဲ့ပြန်သည်။ ခဏကြာတော့ သူမမျက်နှာပေါ် မျက်ရည်စများ စီးဆင်းနေခဲ့သည်။

''ငါတို့မိသားစုလေးလည်း ဒီအရုပ်လေးကို ပြန်လည်ပေါင်းစည်းနိုင်ရင် ဘယ်လောက်တောင် ကောင်းမလဲ'' သူမတွေးရင်း ပါးပြင်ပေါ်မှာ မျက်ရည်များ ဝေ့တက်လာခဲ့နေပြန်သည်။ အပိုင်းပိုင်း ကျိုးပဲ့နေသော မိသားစုဘဝတစ်ခု ပြန်လည်ဆက်စပ် စေချင်သည့် သူမ၏ အလိုဆန္ဒများသည် ဘယ်တော့ပြည့်မှာလဲ။ ပြန်လည် ပေါင်းစီးဆက်စပ်ဖို့ကော ဖြစ်လာဦးမလား။ အဖြေကတော့ ရှိနေခဲ့လိမ့်မည်။ သို့သော်. . . . . . . . . .။

မောင်မင်းစိုး၊ ရွှေနံ့သာ
(၂၇-၁-၂ဝဝ၉)

ရွှေနံ့သာဘလော့ဂ်လေးမှ ၀က်ဆိုက်သို့

ရွှေနံ့သာ ဘလော့ဂ်လေးကို အာဇာနည်နေ့အထိမ်းအမှတ်အဖြစ်။
ဝက်ဆိုက်အဖြစ်ပြောင်းလဲ အသက်သွင်းလိုက်ပါတယ်။ သို့အတွက်
ဘလော့ဂ်လေးကို လာရောက်အားပေးကြတဲ့ ချစ်ပရိတ်သတ်ကြီး
အနေနဲ့ www.shwenantthar.com သို့ပြောင်းလဲ ကြည့်ရှူ
နိုင်ပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ သူငယ်ချင်း
ဖြစ်သူ ယခု အမေရိကားရောက်နေတဲ့ နေသစ်မှူးရဲ့ အလှူပေါ့။
ကျေးဇူးတင်ပါကြောင်း။
ရွှေနံ့သာ