Friday, June 4, 2010

လူငယ်နဲ့ခေါင်းဆောင်မှု

အမှာစကားအနည်းငယ်
ဒီစာအုပ်လေးကိုတော့ စတုတ္ထခြေလှမ်းအဖြစ် စာဖတ်သူတွေဆီ အရောက်ပို့လိုက်ပါပြီ။ ကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ်။ တက်လမ်းကျမ်းမဟုတ်ဘူးဆိုတာတော့ ပြောလိုပါတယ်။ လူငယ်လေးတွေ အဓိကထားပြီး ရေးသားတာဖြစ်လို့ လူငယ်နဲ့ခေါင်းဆောင်မှု ဆိုပြီး၊ နာမည်ပေးလိုက်ပါတယ်။ တကယ်တော့လည်း လူငယ်တွေမှမဟုတ်ပါဘူး။ အခြားသော လူကြီး၊ လူလတ်တွေပါ ဖတ်သင့် မယ်လို့ထင်ပါတယ်။ ဒီတော့ ဒီစာအုပ်လေးကို ကိုယ်တိုင်ပြန်ညွှန်းချင်တာကတော့ အတ္တဟိတနယ်ပယ်မှာပဲဖြစ်ဖြစ်၊ ပရဟိတနယ်ပယ် မှာပဲဖြစ်ဖြစ် ခေါင်းဆောင်တစ်ယောက်လုပ်တော့မယ်ဆိုရင်တော့ လူအများလေးစား ယုံကြည်တဲ့ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လိုချင်တယ်ဆိုရင်တော့ ဒီစာအုပ်လေးကို ဖတ်ထားသင့်ပါ။ အိတ်ဆောင်အဖြစ်လည်း ထားသင့်ပါတယ်။ တတိယမြောက် လူငယ်နဲ့ လောကဓံဆိုတဲ့ စာအုပ်လေးမှာတော့ ပရိသတ်ကတော်တော်လေး အားပေးကြတယ်။ စာနဲ့တစ်ဖုံ၊ ဖုံးနဲ့တစ်သွယ် ဒါမျိုးလေးကို ဆက်ထုတ်ဖို့ တိုက်တွန်းကြတယ်။ ဒါကြောင့် အဲဒီလူတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အစစအရာရာ ကူညီပေး ခဲ့ကြတဲ့ လူတွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

မောင်မင်းစိုး၊ရွှေနံ့သာ

ရောင်စုံဖူးပွင့်တဲ့ စိတ်ရဲ့စေရာ

၂ဝ၁ဝရဲ့ အရွေ့ကတော့ သေချာမှုတစ်ခုကို ထုတ်ပြရမယ်ဆိုရင် ပူလောင်မှုဒဏ်ကို နေရာအနှံ့အပြားမှာ ခံခဲ့ကြရတယ် လို့ဆိုရမှာပေါ့။ အသေအပျောက်တွေများသလို၊ ရာသီဥတုရဲ့ ဒဏ်ကိုလူလိမ့်ခံရင်း မောပန်းခဲ့ကြရတဲ့ လူတွေကတော့ တော်တော် လေးများခဲ့ရတယ်မဟုတ်လား။ ဒီတော့ သဘာဝတရားရဲ့ စိန်ခေါ်မှုမျိုးစုံကတော့ တစ်နှစ်ထက်တစ်နှစ် မတူအောင်ကို ပိုမိုကြီးမား တဲ့ စိန်ခေါ်မှုတွေနဲ့ ကြိုဆိုနေခဲ့ပြီ။ ဆိုတော့......။

အညာနွေအောက် ပြားပြားမှောက်ရင်း အော်ဟစ်ခဲ့ရတဲ့ စိတ္တဇညနက်များမှာ ရွဲရွဲစိုနေခဲ့တဲ့ ကြမ်းပြင်ရဲ့ အတွေ့အထိနဲ့ ညပေါင်းများစွာကို ဖြတ်သန်းကျော်လွန်ခဲ့တယ်။ အိပ်ရေးပျက်ခဲ့ရတဲ့ ညတွေ၊ အတွေးများခဲ့တဲ့ ညတွေ၊ အလွမ်းများခဲ့ရတဲ့ ညတွေ၊ ထန်းလက်တဲလေးရဲ့ မလုံခြုံမှုတွေနဲ့ ညပေါင်းများစွာကို ကျော်လွန်ခဲ့ရတယ်။ ဒီလိုနဲ့ အတွေးများဖြန့်ကြက်ရင်း ရင်ထဲ ဟာတာတာဖြစ်နေ တဲ့ ဆာလောင်မှုတွေကို ထုဆစ်ဖို့ အညာနွေရဲ့ ညများက ပုတ်နိုးခဲ့တယ်။

မနက်ဖြန်ဆိုတာ လာတော့မယ်။ ဒီညမှာ အိပ်စက်မှုဟာ မနက်ဖြန်ကို ကျော်ဖြတ်ဖို့ လုံလောက်တဲ့ အားအင်ကို ဖြစ်စေ ရဲ့လား။ မှေးမှေးလေး အိပ်ပျော်သွားစဉ် နားဘေးကပ်ပြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတော့တယ်။ ချွေးသီး၊ ချွေးပေါက် များဖြင့် တစ်ကိုယ်လုံး စိုရွဲနေတဲ့ အိပ်ရာပေါ်ကနေ ထထိုင်လိုက်တယ်။ ဘေးနားမှရှိတဲ့ ရေအိုးထဲက ရေတစ်ခွက်ကို မှုတ်ပြီးသောက် လိုက်တယ်။ ဂယောက်ခြောက်ခြား စိတ်တွေဖောက်ပြန်သွားတယ်။

'' မင်း၊ ဒီလိုပဲ အိပ်နေတော့မှာလား ''

အိပ်စက်ခွင့်လေး လုံလုံလောက်လောက် ပေးသင့်သည်။ ဖြုတ်များသည်လည်း နေရာအနှံ့အပြားကို ထိုးဆိတ်နေခဲ့ကြသည်။ ညတာရှည်လွန်းသော်လည်း ကိုယ့်အတွက်တော့ တိုလွန်းနေခဲ့သည်။ တစ်နေ့လုံး ပူလောင်ခဲ့သော အပူများသည် အခုမှပင် ကျသွား ခဲ့သည်။ ထပ်အိပ်ကြည့်ဖို့ ကြိုးစားသည် သို့သော် အိပ်စက်မှုသည် အချီးအနှီးသာ ဖြစ်နေခဲ့တော့သည်။

'' သေခြင်းတရားဟာ မင်းရဲ့ ဘယ်ဘက်နံရိုးကို ရိုက်ချိုးနေခဲ့ပြီ။ ခေါင်းအေးအေးထား စဉ်းစားခဲ့တာတွေ များနေပြီ။ ဒါပေမယ့် မင်းဟာ ဘာမှအကောင်အထည် မဖော်ခဲ့သေးဘူး။ မင်းအတွက် အသက်ရှင်ခြင်းနဲ့ လူဖြစ်ခြင်းဟာ ဒီစား၊ အိပ်ဆို တာတွေနဲ့ ကုန်လွန်နေတော့မှာလား။ သေချာစဉ်းစား ဒီလိုပဲ လူအဖြစ်လေး ခဏရောက်လာတာ၊ လူဖြစ်ရကျိုး နပ်မသွားတဲ့ လူ တွေ ဒူးနဲ့ဒေးရှိခဲ့တယ် ''

အတွေးများ အဖြေရှာဖို့ ဗလာစာအုပ်နဲ့ ဘောလ်ပင်ကို လှမ်းဆွဲလိုက်သည်။ ဘာတွေ ပြောချင်တာလဲ၊ ဘယ်သူတွေကို ပြောမှာလဲ၊ ဘာကြောင့်လဲ၊ ဒီလိုလဲပေါင်းမျိုးစုံအောက်မှာ တုန်ယင်နေတဲ့လက်နဲ့ ဘောလ်ပင်ကို အားတင်းဖြစ်ညစ်ပြီး မြဲမြဲဆုတ် ကိုင်လိုက်တော့သည်။ အခု အဲဒီလိုတွေးခဲ့တဲ့ အာရုံတွေနဲ့ စိတ်ကူးယဉ်မျိုးစုံ၊ အတွေ့အကြုံမျိုးစုံ၊ မှတ်သားမှုမျိုးစုံဟာ ဖလင်ချပ် တွေလို တစ်ကွက်ပြီးတစ်ကွက် ပေါ်လာတော့သည်။ လူငယ်တစ်ယောက်ဖြစ်တဲ့ အဆိုတော်တစ်ယောက်ရဲ့ အားကောင်းတဲ့ စကား လေးဟာ မထင်မှတ်ဘဲ ခေါင်းထဲမှ ထွက်ပေါ်လာခဲ့ပါတယ်။ ခေါင်းဆောင်သူတစ်ယောက်အနေနဲ့ တန်ဖိုးထားသင့်တဲ့အတွက် ဒါလေးနဲ့ပဲ စတင်လိုက်ပါတယ်။

'' သမီးက အဖြူရောင် စာရွက်လေး၊ ဘေးက လူတွေက ရောင်စုံခဲတံတွေပေါ့၊ စာရွက်ဖြူပေါ် ဆေးရောင်ခြယ်တဲ့အခါ မှိန်နေရင်လည်း မှိန်ပါစေ၊ မပေါ်ရင်လည်း နေပါစေ၊ ဆေးရောင်လှလှ ခြယ်ပေးစေချင်တယ်၊ မလှမပ ဆေးရောင်ခြယ်သူတွေ အကြောင်း ပရိသတ်ကို တိုင်ထားတာပါ '' ပထမဆုံး တစ်ကိုယ်တော်စီးရီးဖြစ်တဲ့ ''ဆေးရောင်လှလှခြယ်ရအောင်''စီးရီးထွက် ထွက်လာပြီး ပရိတ်သတ်ကို ပြောလိုက်တဲ့ စန္ဒီမြင့်လွင်ရဲ့ စကားလေးဟာ ရင်ထဲရောက်လာပါတယ်။

ခိုးကူးခွေ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်ဂီတလောကရဲ့ တုန့်ပြန်မှုကတော့ အားတက်စရာပါ။ အရှုံးတွေပေါ် နေပေမယ့် ကိုယ်လုပ်ရမယ့်လမ်းကြောင်းကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေကြတဲ့ အနုပညာသည်တွေကို လေးစားထိုက် ပါတယ်။ ဒီလိုနဲ့ အလွှာမျိုးစုံကနေ ထွက်ပေါ်လာတဲ့ သီချင်းအခွေတွေကလည်း ဂန္ထဝင်သီချင်းမှအစ ဟစ်ဟော့ပ်၊ ပန့်ခ်အထိ ထိုး ထွက်လာနေခဲ့တယ်။ စန္ဒီမြင့်လွင်ရဲ့ သီချင်းကိုတော့ နားမထောင်ဖြစ်သေးပါဘူး။ သို့သော် သူပြောတဲ့စကားလေးကတော့ ခေါင်းထဲကို အလိုလို ရောက်လာတယ်။ ဒါကြောင့် အတွေးများကို စတင်ဖြန့်ကြက်ဖြစ်လိုက်ပါတယ်။

လူငယ်တွေအတွက် အထက်က စကားရပ်လေးကို ဆွဲထုတ်လိုက်မိတယ်။ လူငယ်တွေမှမဟုတ်ပါဘူး။ လူကြီးဆိုသူတွေ အတွက်လည်း တော်တော်အားကောင်းနေတဲ့ စကားလေးကို ဖြေချပေးလိုက်ပါတယ်။

လူတွေရဲ့စိတ်တွေဟာ အစပထမကတော့ အားလုံးဖြူစင်နေခဲ့ပါတယ်။ ဒါပေမယ့် တဖြည်းဖြည်း ရင့်ကျက်မှုတွေတိုးလာ တာနဲ့အမျှ စိတ်တွေဖောက်ပြန်လာတော့တယ်။ ဒီနေရာမှာ ရင့်ကျက်မှုနဲ့ ဖောက်ပြန်မှုကို တွဲပြီး သုံးလိုက်မိတယ်။ ရင့်ကျက်မှုဆိုတာ ဘာပေတံနဲ့တိုင်းတာမှာလဲ၊ အမှန်ကတော့ ရင့်ကျက်မှုကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုမှဖြစ်မယ်။ တစ်မျိုးတစ်ဘာသာတည်းတော့ ဖွင့်ဆိုမှု မလုံလောက်ဘူးလို့ ဆိုရမှာပေါ့။ အသိÓာဏ်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေ၊ လုပ်ကိုင်ဆောင်ရွက်မှုတွေ၊ တစထက် တစ ပီပီပြင်ပြင်ဖြစ်လာမှု၊ ကျွမ်းကျင်လာမှု၊ တိုးတက်လာမှုစတာတွေဟာ ရင့်ကျက်မှုပါပဲ။ နောက်တစ်ခု ရင့်ကျက်မှုကတော့ ရင့်ပြီးတော့ ကျက်သွားတဲ့သဘော။ မကောင်းတဲ့ အဓိပ္ပါယ်ကိုဆောင်တဲ့သဘော။ ဒီလိုရမှန်းသိတော့ ဒီလိုလုပ်ရမယ်။ တရားတာ တွေ၊ မတရားတွေကို လေ့လျူရှုလာပြီး၊ သူတစ်ပါးအပေါ် အသားစီးကနေ ဆက်ဆံပြီးရရှိလာတဲ့ လောဘဆိုတဲ့ အလိုရမ္မက်တွေ ကြီးစိုးလာပြီး ထုနှက်၊ ရိုက်ပုတ်၊ ခိုးယူ၊ သတ်ဖြတ်၊ မနာလို ဝန်သိုမှုတွေကနေ တစ်ဆင့် ရင့်ပြီး အကျက်လွန်သွားတာတွေကို အဓိပ္ပါယ်ဖွင့်ဆိုရမှာဖြစ်တယ်။ ဒါကတော့ ကိုယ်တစ်ဦးတစ်ယောက်ရဲ့ ပုဂ္ဂလိကခံစားချက် ဖွင့်ဆိုမှုပေါ့။ ဒီတော့ ကိလေသာ လောင်းရိပ် ကနေ မထွက်နိုင်တော့ ဖြူစင်နေတဲ့ စိတ်ကလေးကို လောဘ၊ ဒေါသ၊ မောဟ-စတဲ့ ကိလေသာ ဆိုးရည်တွေနဲ့ ဖက်ဖြန်း၊ ဆေး ဆိုးလိုက်တော့ အဖြူရောင်လေးဟာ ညစ်ပတ်ပေရေသွားတော့တယ်။

သို့သော်လည်း ဒီနေရာမှာတော့ အထက်ကပြောခဲ့တဲ့ စကားလေးနဲ့ ချိပ်စက်လို့မရဖြစ်နေလိမ့်မယ်။ သူသဘောထား၊ သူပြောချင်တာကို ခြေရာကောက်ကြည့်တော့ အားကောင်းတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ဖြစ်နေပါတယ်။ ဒါကြောင့် အဲဒါလေးကို ပြောပြချင်တာဖြစ်ပါတယ်။

လူတွေ အသက်ရှင်နေထိုင်ဖို့ အလုပ်မျိုးစုံ လုပ်ခဲ့ကြတယ်။ လုပ်နေကြတယ်။ လုပ်လည်းလုပ်နေဦးမှာပဲ။ ဒီလို နေထိုင်ဖို့ လုပ်နေကြတဲ့ အလုပ်မျိုးစုံမှာ သမ္မာအာဇီဝဖြစ်ကြရဲ့လား။ ဒါကတော့ အတ္တဟိတကို ကိုယ်စားပြုတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လူသားကောင်းကျိုးတွေအတွက် အလုပ်မျိုးစုံ လုပ်ကိုင်နေကြရင်း လည်ပတ်နေကြတယ်။ ဒါတွေကကော တကယ်အကျိုးရှိရဲ့လား၊ ဒါကိုတော့ ပရဟိတကို ကိုယ်စားပြုတဲ့အလုပ်လို့ ဆိုရမှာပေါ့။ ဒီိလို အတ္တဟိတ၊ ပရဟိတ အလုပ်နှစ်ခုမှာ ဆေးရောင်မျိုးစုံခြယ်သကြတယ်။ လှလှပပ ခြယ်နေကြရဲ့လား။ ဘယ်လိုအရောင်တွေ သုံးနေခဲ့ကြသလဲ။ ဘာအလုပ်တွေ လုပ်နေခဲ့ကြသလဲ။ ဘယ်သူတွေနဲ့ ပူပေါင်း ဆောင်ရွက်ပြီး လုပ်နေခဲ့ကြသလဲ။ လှပပြီး သန့်ရှင်းဖို့ဆိုတဲ့ သမ္မာအာဇီဝကျကျ လုပ်ကိုင်နေကြဖို့လိုတယ်။ အဲဒီလို မဟုတ်ဘဲ မျောက်ပြပြီး ဆန်တောင်းနေကြတဲ့ လူတွေကိုတော့ ပရိသတ်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။

သူပြောခဲ့သလို '' မှိန်ချင်မှိန်ပါစေ၊ မပေါ်ရင်လည်း နေပါစေ။ ဒါပေမယ့် ဆေးရောင်လှလှ ခြယ်ပေးစေချင်တယ် '' တယ်တဲ့။ မှန်ပါတယ်။ အလွှာအသီးသီးကနေ ကျရာတာဝန်တွေ ထမ်းဆောင်နေကြတဲ့ လူတန်းစားမျိုးစုံရှိပါတယ်။ သူတို့ဟာ ကိုယ့်သမိုင်းကိုယ်ရေးသူများ ပီပီ၊ ကိုယ်လုပ်နေတဲ့ တာဝန်များ၊ ဝတ္တများကို တကယ့်ကို စစ်မှန်တဲ့ ၊ ကောင်းမြတ်တဲ့၊ သန့်ရှင်း စင်ကြယ်တဲ့ စိတ်တွေနဲ့ လုပ်ဆောင်နေကြဖို့လိုပါတယ်။ အဲဒီလို လုပ်ဆောင်နေကြတယ်ဆိုရင်ပဲ ဂုဏ်ယူရမှာ၊ အသိအမှတ်ပြုကြ ရမှာဖြစ်ပါတယ်။ ကိုယ့်ဆိုးနေတဲ့၊ ခြယ်သနေတဲ့၊ လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ဆောင်ချက်လေးတွေဟာ မှိန်ချင်မှိန်နေပါစေ၊ မပေါ်လွင်ချင် မပေါ်ဘဲနေပါစေ။ ဒါပေမယ့် သန့်ရှင်းစင်ကြယ်တဲ့ မွန်မြတ်တဲ့ စိတ်ထားတွေနဲ့ ပြုမှုဆောင်ရွက်ကြဖို့ အရေးကြီးပါ တယ်။ အဲဒီလိုမဟုတ်ရင်တော့ ကိုယ့်ထင်ရာ ကိုယ်စိုင်းသမားတွေ၊ ကိုယ့်လုပ်ချင်တာတွေကို ဘာမှဂရုစိုက်ပဲ ငါ့အတွက်ပဲ၊ ငါ့မယား အတွက်၊ ငါ့သား၊သမီးအတွက်၊ ငါ့ဆွေမျိုးအတွက်ပဲဆိုပြီး ငါကိုရှေ့တန်းတင်ပြီး အတင်းအားဓမ္မ ကိုယ့်အိတ်ထဲ ထိုးထည့်နေသူ တွေကိုတော့ ပရိသတ်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။ တိုင်စရာမလိုအောင်ကို အဆုံးအဖြတ်တွေ ချသွားပါလိမ့်မယ်။ ဒီတော့ ဒီနေရာမှာ ပရိသတ်က အဆုံးအဖြတ်ပေးခဲ့တဲ့ ပုဂ္ဂိုလ်နှစ်ယောက်အကြောင်းကို အကျဉ်းသဘောမျှပဲ ထုတ်ဖော်ပြလိုပါတယ်။

လူနှစ်ဦးရဲ့ ခြားနားချက်

တစ်ခါက ရွာတစ်ရွာမှာ ဗိုလ်ကေနဲ့ တိုက်ကြီး ဆိုတဲ့ လူနှစ်ယောက်ရှိတယ်။ ဗိုလ်ကေဆိုတဲ့ လူကတော့ တော်တော်လေး ဆင်းရဲတယ်။ တိုက်ကြီးကတော့ အဲဒီရွာမှာ အချမ်းသာဆုံးလို့ကို ပြောရမှာပေါ့။ သူတို့နှစ်ယောက်ဟာ ငယ်သူငယ်ချင်းတွေဆိုတော့ တစ်ယောက်ကိုတစ်ယောက်ကတော့ အတွင်းသိ၊ အစဉ်းသိဆိုပါတော့။ ဗိုလ်ကေဆင်းရဲတာ ဘာဖြစ်လို့ဆိုတာ တိုက်ကြီးသိသလို၊ တိုက်ကြီးချမ်းသာတာ ဘာအတွက်ကြောင့်ဆိုတာလည်း ဗိုလ်ကေကအားလုံးသိတယ်။ တကယ်တော့ တိုက်ကြီးချမ်းသာမှုဟာ ဗိုလ် ကေရဲ့ အနွံတာခံစိတ်ဓာတ်၊ သနားညှာတာမှုစိတ်ဓာတ်၊ အလိုက်သိမှုစိတ်ဓာတ်တွေကြောင့်လို့ ပြောရမှာပဲ။ တိုက်ကြီးဟာ အိမ်ထောင် ကျပြီး ကလေး လေးယောက်နဲ့ ဘဝကိုရုန်းကန်ခဲ့တယ်။ ဗိုလ်ကေကတော့ အမေဖြစ်တဲ့မိခင်အိုကြီးကို ပြုစုလုပ်ကျွေးရင်း လူပျိုကြီး ဘဝနဲ့ နေနေခဲ့တယ်။ ဒီလိုနဲ့ ကြီးပြင်လာလိုက်တာ အသက်ငါးဆယ်နားယောက်တော့ ဗိုလ်ကေဟာ သူ့အမေကြီး အိပ်ယာထဲသေ လုမျောပါးဖြစ်နေပြီး ဘယ်တော့အသက်ထွက်မယ်ဆိုတာ စောင့်ကြည့်နေရတဲ့ အခြေအနေအထိ ရောက်နေခဲ့တယ်။

ဒီလိုနဲ့ သေသွားတဲ့ မိခင်အိုကြီးကို သင်္ဂြိုလ်ဖို့ ဗိုလ်ကေမှာ ငွေအခက်အခဲဖြစ်နေတယ်။ ဒါကြောင့် သူ့သူငယ်ချင်းဖြစ်တဲ့ တိုက်ကြီးဆီ ငွေသွားချေးတယ်။ တိုက်ကြီးက လုံးဝမချေးငှါးလိုက်ဘူး။ သူက ဘယ်လိုတွေပြောပြီး မချေးငှါးတာလည်းဆိုတော့ ''မင်းဟာ ဘာအလုပ်အကိုင်မှ ရှိတဲ့ကောင်မဟုတ်ဘူး။ ဒီတော့ မင်းချေးငှါးရင် ဘယ်တော့မှ ပြန်ရမှာမဟုတ်ဘူး၊ ဒါကြောင့် မင်း ဘာသာသူ ဘယ်မှာပဲ ချေးချေး ငါတော့မချေးနိုင်ဘူးဆိုပြီး ပြောလွှတ်လိုက်တယ်'' ဒီလိုနဲ့ ဗိုလ်ကေလည်း ဘာမှစောဒကတက် မနေတော့ဘဲ လာရာလမ်းကို ပြန်လှည့်ခဲ့တယ်။ ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့မှာတော့ ဗိုလ်ကေလည်း အပြင်းဖျားပြီး အိပ်ယာထဲမှာ လဲနေခဲ့တယ်။ ဆေးဖိုးဝါးခမရှိတော့ ဘယ်မှလည်းသွားပြီး မပြနိုင်ရှာဘူး။ ဒါကြောင့် သူ့ သူငယ်ချင်းတစ်ယောက် က တိုက်ကြီးဆီသွားပြီး ငွေချေးပေးပြန်တယ်။ တိုက်ကြီးဟာ စကားမျိုးစုံကို နားမခံသာအောင် ပြောပြီးတော့ တစ်ပြားတစ်ချပ်မှ မချေးလိုက်ပြန်ဘူး။ ဒီလိုနဲ့ တစ်ရက်နှစ်ရက်လောက်မှာတော့ ဗိုလ်ကေလည်း သေသွားပြန်ပါတယ်။

ဗိုလ်ကေသေသွားတော့ ပစ္စည်းတွေရှင်းကြရင်း နာကျင်စွာရင်ဖွင့်ထားတဲ့ စာရွက်များနှင့် ဗိုလ်ကေနှင့်တိုက်ကြီးတို့ ကတိပြု လက်မှတ်ထိုးထားတဲ့စာရွက်ကို ပူးတွဲပြီး တွေ့လိုက်ရတယ်။ အဲဒါကတော့ တိုက်ကြီးဒုက္ခရောက်စဉ်က အြေ<ွကးတွေနဲ့ ဝိုင်းနေစဉ်မှာ အချုပ်ခန်းထဲမရောက်ရအောင်ဆိုပြီး သူငယ်ချင်းဖြစ်တဲ့ ဗိုလ်ကေက သူ့အမေရဲ့နားကပ်တစ်ရံရယ်၊ မိဘ၊ ဘိုးဘွား လက်ထက်က အမွေပေးထားခဲ့တဲ့ ဆွဲကြိုးကုံးတစ်ခုရယ်ကို အဆင်ပြေတဲ့နေမှသာ ပြန်ပေးပါမယ်ဆိုတဲ့ ကတိပြုလက်မှတ်ဖြစ်ပါတယ်။ တကယ်တော့ တိုက်ကြီးချမ်းသာတယ်ဆိုတာ ဒီပစ္စည်းတွေ ထုခွဲရောင်းချပြီး၊ အြေ<ွကးတွေကျေအောင် ဆပ်နိုင်သလို၊ အပိုအလျှံ များစွာပင် ကျန်ခဲ့ပါတယ်။ အဲဒီပိုလျှံတဲ့ ငွေနဲ့ အရင်းအနှီးပြုခဲ့ရင်း တိုက်ကြီးချမ်းသာခဲ့ခြင်းဖြစ်ပါတယ်။ မှတ်မှတ်ရရ တိုက်ကြီး အနေနဲ့ ဗိုလ်ကေ့ကို ပုဆိုးလေးတစ်ကွင်း ဝယ်ပေးတာမှအပ အခြားဘာမှ ပြန်မဆပ်ခဲ့ဘူးဆိုတာ ဗိုလ်ကေ့အနေနဲ့ ရင်ဖွင့်ထားခဲ့ ပါတယ်။ ဒါကို ပရိသတ်အနေနဲ့ ဘယ်လိုအဆုံးအဖြတ်ပေးမယ်ဆိုတာ.....။

ဆက်လက်ဖော်ပြပါမည်.....