Saturday, January 24, 2009

ညီ၊ညီမလေးသို့ အိတ်ဖွင့်ပေးစာ(၈)


ညီလေး၊ညီမလေးတို့ရေ……
ဖြစ်သင့်တာကို ဦးစားပေးမောင်းနှင်နေရတဲ့ ဘ၀တိုက်ပွဲအတွက် ပြင်ဆင်စရာတွေကတော့ အများသား၊ မောင်းနှင်တက်နေရင် ပြန်ကျလိုက် ပြန်တက်လိုက်နဲ့ လုံခြုံရေးတွေကို ဦးစားပေးနေရတယ်။ Human Security-ဆိုတဲ့ လူသားတစ်ယောက် လုံခြုံရေးတွေကိုလည်း ထည့်စဉ်းစားရင်း ဘာလုပ်ရမယ်ဆိုတာကို အကောင်အထည် ဖော်ဖို့ နည်းလမ်းတွေကို အပြည့်အ၀ထွင်းထုထားဖို့လိုတယ်။ အဲဒီလို လုပ်ဆောင်ဖို့ အကောင်အထည်ဖော်တဲ့အခါ မှာလည်း ကိုယ့်မှာရှိတဲ့အနေထားထက် ကျော်လွန်ပြီး စဉ်းစားထားလို့မရနိုင်ဘူး။
ကိုယ်က ဘာလုပ်ချင်တာလဲ။ မဟာဗျူဟာကျတဲ့ စီမံကိန်းကို ရှေးဦးစွာ ရေးဆွဲထားပါ။ နောက်ပြီးတော့ ကိုယ်လုပ်ချင်တဲ့လမ်းကြောင်းကို လျှောက်တဲ့အခါ အကောင်အထည်ဖော်တဲ့အခါမှာ ပြီးမြောက်အောင်လုပ်မယ်ဆို တဲ့စိတ်ကို တစ်ပြားသားမှ မလျှော့ချပြစ်လိုက်ပါနဲ့။ ခေါင်းဆောင်ကောင်း တစ်ယောက်အတွက် လိုက်နာရမယ့် စည်းကမ်းတွေ ကိုလည်း ထိမ်းသိမ်းနိုင်သမျှ ထိမ်းသိမ်းရင်း လိုက်နာဖို့လိုတယ်။ နောက်ပြီး လုပ်ဆောင်နေ စဉ်မှာလည်း အားနည်းချက်၊အားသာချက် ဆက်လက်ပြီး Run-သင့်၊မသင့်ဆိုတာတွေကို အပြန်အလှန် သုံးသပ်ဖို့လိုတယ်။ မင်းတို့လေး တွေရဲ့ အားနည်းချက်ကတော့ လူငယ်ဆိုတော့ အစကတော့ စဉ်းစားချင့်ချိန်မှု အားနည်းတတ်တယ်။ လုပ်ချင်တာ များတော့ လုပ်သင့်တာတွေလုပ်ဖို့ထက် မလုပ်သင့်တာတွေလည်း လုပ်ဖြစ်သွား တယ်။ ဒီတော့ ခေါင်းဆောင်တစ် ယောက်ရဲ့ ဘောင်ထဲကနေထွက်သွားပြီး ရလာဒ်တွေကဗြောင်းကပြန်ဖြစ်သွား တတ်တယ်။
ရေလိုက်ငါးလိုက်နေနေရပေမယ့် တစ်ခါတစ်လေတော့ လူငယ်ဆိုပေမယ့် လူကြီးတစ်ယောက်ရဲ့ အမူအ ကျင့်တွေနဲ့ နေထိုင်တတ်ဖို့လိုလာပြန်တယ်။ ဘ၀မှာ ကိုယ့်အတွက် Opportunity - တွေကတော့ အများကြီးရှိထား ပြီး ဖြစ်ပါတယ်။ လုပ်ဆောင်ဖို့တာ အရေးကြီးတယ်။ ပထမကတော့ အားနည်းတွေနဲ့ ထိပ်တိုက်တွေ့နိုင်တာပဲ။ ဒါပေ မယ့် ဒါကြီးမင်းမူထားရင်လည်း အလုပ်ဖြစ်မှာ မဟုတ်ဘူး။ လုပ်နေဖို့အရေးကြီးတယ်။ လုပ်ရင်းလုပ်ရင်းနဲ့ နောက် တော့ အတွေးအခေါ်၊ သင်္ခန်းစာတွေကနေတဆင့် လုပ်တတ်ကိုင်တတ်လာမယ်။ အားနည်းမှုတွေ ပြေလျော့လာမယ် လျှောက်ရမယ့်လမ်းတွေ တဖြေးဖြေးဆိုသလို ဖြောင့်ဖြူလာမယ်။ ဒီလိုလုပ်ဆောင်နေစဉ်မှာလည်း ပတ်ဝန်းကျင်ရဲ့ ထိုးနှက်တိုက်ခိုက်မှုတွေကတော့ ရှိနေဦးမှာပါ။ ဒါပေမယ့် ခေါင်းအေးအေးထားပြီး ကျော်လွှားနိုင်ဖို့အရေးကြီးတယ်။ ဒီလိုဆိုရင် ဘာအလုပ်ပဲဖြစ်ဖြစ် အောင်မြင်မှုသရဖူကို ဆောင်းနိုင်မှာပေါ့။
ဒါနဲ့ပတ်သက်လို့ အစ်ကိုအကြောင်းအရာလေးတစ်ခုကို မင်းတို့ကိုပြောပြချင်တယ်။ မင်းတို့သိမှာပါ။ သစ်ကုလားအုပ်ဆိုတဲ့ အကောင်တွေကိုလေ။ အေးသူတို့ကတော့ မွေးလာကတည်းက မတ်တပ်ရပ်တတ်ကြတယ်။ ပထမဆုံးအနေနဲ့ကတော့ မွေးခါစ သစ်ကုလားအုပ်လေးတွေဟာ ခြေမခိုင်းသေးတာကြောင်း နှစ်မီတာလောက်မှာ တစ်ခါလဲကျတတ်တယ်။ ဒါပေမယ့် လဲကျရာကနေ အားယူကြိုးစားပြီး ပြန်လည်ထနိုင်ဖို့ကြိုးစားကြတယ်။ ဘာဖြစ် လို့လည်းဆိုတော့ ကိုယ်တိုင်မွေးကထဲကပါလာတဲ့ ခြေလေးချောင်းပေါ်မှာ ရပ်တည်နိုင်ဖို့ ကြိုးစားတာဖြစ်တယ်။ ဒါပေမယ့် အဲဒီလိုအချိန်မျိုးမှာ မိခင်ဖြစ်တဲ့ သစ်ကုလားအုပ်မကြီးရဲ့ သားသမီးအမပေါ်မှာ လုပ်နေတဲ့အပြုအမူက တော့ တော်တော်လေးထူးဆန်းတယ်လို့ ဆိုရမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလိုအားယူထားလာတဲ့ သစ်ကု လားအုပ်လေးကို ကိုးရိုးကားယားလဲကျသွားအောင် သူ့ခြေထောက်ကြီးနဲ့ ညင်ညင်သာသာ ကန်လိုက်ပြန်တယ်။ နောက်တစ်ခါ ရပ်နိုင်ဖို့ကြိုးစားနေရင်လည်း ထပ်ပြီးပြန်ကန်ပြန်တယ်။ ဒီလိုနဲ့ သစ်ကုလားအုပ်လေးဟာ မွေးဖွားခါစ အချိန်မှာပဲ ပင်ပန်းကြီးစွာ ခက်ခက်ခဲခဲ ရပ်ရတဲ့အထိ အဲဒီကိစ္စဟာ ကြိမ်ဖန်တလဲလဲဖြစ်နေတယ်။
နောက်ဆုံးပစ်မှတ်အနေနဲ့ အမေသစ်ကုလားအုပ်ကြီးဟာ အားကုန်ထုတ်ပြီး သစ်ကုလားအုပ်လေးကို ကန် လိုက်ပြန်တယ်။ အဲဒီလို အားကုန်ထုတ်ပြီး ကန်ပြီးရင်တော့ နောက်ထပ်ကန်ကြောက်ခြင်းမျိုး မပြုတော့ဘူး။ ဒါက ဘာကိုဆိုချင်တာလဲဆိုတော့ လွယ်ကူပါတယ်။ ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရတဲ့ တိရိစ္ဆာန်တွေရဲ့ဘ၀ကို သွတ်သွင်းနေတာဖြစ်ပါတယ်။ သစ်ကုလားအုပ်တစ်ကောင်အတွက် ပထမဆုံးသင်္ခန်းစာကတော့ သူ့ခြေထောက် တွေကို လျင်လျင်မြန်မြန် အသုံးချနိုင်ဖို့ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မိခင်တွေရဲ့ ရက်စက်ပုံကြည့်ပြီး အာရပ်စကား ပုံတစ်ခု ထွက်ပေါ်ခဲ့ဘူးတယ်။ “ တစ်ခါတစ်ရံ ကောင်းမြတ်တဲ့အရာကို သင်ယူဖို့အတွက် သင်ဟာအနည်းငယ်တော့ အကြမ်းပတမ်းခံနိုင်ရမယ်” တဲ့။
ကဲ ညီလေး၊ညီမလေးတို့လည်း သစ်ကုလားအုပ်လေးတွေရဲ့ ခက်ခဲပင်ပန်းစွာ ငယ်ရွယ်စဉ်ကတည်းက ဘယ်လို ရပ်တည်ခဲ့ရသလဲဆိုတာ သိလောက်ပြီးပေါ့။ ဒါကို နည်းယူစေချင်တာပါ။ မဝေးတော့တဲ့ အနာဂတ်မှာ မင်း တို့ရဲ့ လုပ်ဆောင်ချက်တွေကို အကောင်အထည်ဖော်ရတဲ့အခါ ဘယ်လိုသော အင်အားတွေ ချိနဲ့နေပါစေ စိတ်ဓာတ် မကျဖို့ အရမ်းအရေးကြီးပါတယ်။ တုံးတိုက်တိုက် ကျားကိုက်ကိုက်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ အနာဂတ်ကို ဖော်ဆောင် ဖို့ မင်းတို့ရဲ့ စိတ်ဓာတ်တွေ၊ခွန်အားတွေ ကြီးမားနေလောက်မယ်လို့ အစ်ကို ယုံကြည်ပါတယ်။ လစ်ဟာနေတဲ့ ဒဏ်ရာအမာရွတ်ကြီးကို ဆေးကုသဖို့ မင်းတို့ဟာဆေးကောင်းတွေ ဖော်နေလိမ့်မယ်လို့ထင်ပါတယ်။ ဒါမှသာလျှင် အေးချမ်းတဲ့ မိသားစုအသိုက်အမြုံလေးတစ်ခု ချမ်းမြေ့သာယာစွာ တည်ဆောက်နိုင်လိမ့်မယ်မဟုတ်လား။
ဖြစ်နိုင်ရင်တော့ မနက်ဖန်အတွက် မွေးဖွားဖို့ ထိလွယ်ရှလွယ်စိတ်ဓာတ်တွေကို ရိုက်ချိုးပစ်ဖို့လိုတယ်။ ဒီဇင်ဘာရဲ့ အေးခဲနေတဲ့ အတွေးအခေါ်အသေတွေကို ထားခဲ့လိုက်ဖို့မှာချင်တယ်။ ကိုယ့်ထူးကိုယ်ချွန်သမားတွေ ဟာ ဘယ်တော့မှစိတ်ဓာတ်ကို ရိုက်ချိုးပြစ်ခဲ့တာမျိုးမရှိဘူး။ ညီမလေးကတော့ အမေ့ကိုစောင့်ရှောက်ဖို့လိုတယ်။ အ မေကျန်းမာဖို့ဟာ တို့မိသားစုအတွက် အလိုအပ်ဆုံးပစ္စည်းတစ်ခုဖြစ်နေတယ်။ ဒီတော့ ညီမလေးအနေနဲ့တော့ စီးပွားရေးဆိုတာ ခေါင်းထဲမထည့်သေးပါနဲ့။ ဘ၀ကို လုံလုံခြုံခြုံနေပါ။ သိပ်သိပ်သည်းသည်းနေပါ။ အမေစိတ်ထိခိုက် မယ့် အပြုအမူ၊အပြောအဆို၊အနေထိုင်မျိုးကို တတ်နိုင်သမျှရှောင်ပါ။
လမ်းကြောင်းပေါ်ထွက်လာတော့မယ့်ဆိုရင်တော့ ပထမဆုံးအနေနဲ့ မျက်စေ့ရှင်ရှင်ထားပါ။ နားစွန့်ပါ။ နား ထောင်ပါ။ ပြန်မပြောချင်သော်လည်း ဘယ်သူဘာပြောသလဲဆိုတာတော့ ဂရုတစိုက်နားထောင်ပြီး မှတ်တမ်းတင်ပါ။ ဘယ်တော့မှ ဘယ်သူကိုမှ အလေးမထားတဲ့ မျက်နှာထားမျိုးနဲ့ မနေပါနဲ့။ လျှို့ဝှက်သင့်ရင် ဘယ်သူကိုမှ မပေါက် ကြားစေပါနဲ့။ အလုပ်တိုင်းမှာ ပြဿနာမျိုးစုံကတော့ ကြိုဆိုနေပါလိမ့်မယ်။ ဘယ်လိုထွက်ပေါက်ကနေ ရှောင်ကွင်း သွားနိုင်မလဲဆိုတာ စဉ်းစားပါ။ အဖြေရှာပါ။ ထိပ်တိုင်ရင်ဆိုင်ရတဲ့အခါမှာလည်း ကြောက်ရွံ့တဲ့အပြုအမူမျိုးကို ဘယ် သူ့ကိုမှ ဘယ်တော့မှမပြပါနဲ့။ မှားရင်ခံရဲတဲ့သတ္တိကိုမွေးမြူပါ။ ဒါဆိုရင်တော့ လမ်းကြောင်းပေါ်စထွက်လာခဲ့လိုရပြီ။ နောက်ဆုံးမှာချင်တာကတော့ အချက်အလက်ကတော့ ပညာရပ်တိုင်းမှာတော့ သီအိုရီကိုအရမ်းလိုက်ကြတယ်။ အစ်ကိုကတော့ သီအိုရီဆိုတာတွေနဲ့ကြီး တိုင်းတာခြင်းဆိုတာတွေကိုတော့ မလုပ်စေချင်ဘူး။ ဒါက အစ်ကို့အယူအ ဆကိုပြောတာ။ သီအိုရီကို ဦးစားပေးလွန်းရင်လည်း လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်နေမှာတွေကတော့ ရှိ နေမှာပဲ။ အပေါ်က အစ်ကိုပြောတာတွေက သီအိုရီသဘော မဟုတ်ဘူး။ လိုက်သင့်၊မလိုက်သင့်၊ လုပ်သင့်၊မလုပ် သင့်ဆိုတာတွေတော့ ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီး အကောင်အထည်ဖော်ဆောင်ဖို့ အရေးကြီးတယ်။ နောက်တစ်ခု ကတော့ ပတ်ပန်းကျင်ဆိုတာကို ဘယ်တော့မှမမေ့နဲ့။ ဒါပေမယ့် အရမ်းဂရုစိုက်ရင်လည်း ပြားသွားတတ်တယ်ဆို တာကိုတော့ ပြောလိုက်ချင်ပါတယ်။
မင်းတို့ရဲ့ ချစ်ဆုံးအစ်ကိုကြီး….
မောင်မင်းစိုး(ရွှေနံ့သာ)

ညီ၊ညီမလေးသို့ အိတ်ဖွင့်ပေးစာ(၇)

ညီလေး၊ညီမလေးတို့ရေ……

တစ်ခါတစ်လေမှာ နေပျော်ပျော်သေပျော်ပျော်ဆိုပေမယ့် နေမပျော်တဲ့အခါတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကြားရတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ ဘ၀ဆိုတာ လူ့သားတစ်ယောက်အတွက် စိတ်ဓာတ်နဲ့ခွန်အားကို အဓိကထားပြီး

ရင်ဆိုင်ဖြေရှင်းရင်း ခံနိုင်ရည်ဘယ်လောက်ရှိသလဲဆိုတဲ့ မေးခွန်းနဲ့ တိုင်းတာကြည့်ပြီး ဆက်လက်ရွက်လွှင့်ထွက်ခွါရ မယ့် အနာဂတ်ပြေးလမ်းကို ဘယ်လောက်ထိပြေးနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်လေ။ ဒီတော့ မင်းတို့ဟာ လောကကြီးရဲ့ တစ်စိတ်တစ်ဒေသကနေ ကိုယ့်ပြေးလမ်းအတိုင်း ဆက်လက်ပြေးဖို့ စိုင်းပြင်နေဆဲပဲ မဟုတ်လား။

မြူနှင်းတွေဝေနေတဲ့ ဆောင်းဥတုရဲ့ နံနက်ခင်းတိုင်း ထင်းမီးကိုလှုံရင်း အချမ်းပြေစေခဲ့ကြတဲ့ ငါတို့ရဲ့ ဆောင်းမနက်တွေကို လည်ပြန်တွေးရင်း အမေဖုတ်ပေးခဲ့တဲ့ ထန်းမြစ်လေးတွေကိုစားရင်း ငါ့တို့ကလေးတွေရဲ့ ငယ် ဘ၀ကို မျှော်ကြည့်လိုက်တော့ မြူနှင်းကင်းပျောက်တာနဲ့ ဈေးတောင်းလေးကို ခေါင်းပေါ်တင်ရင်း တစ်ရွာဝင်တစ်ရွာ ထွက်၊ တစ်အိမ်တက် တစ်အိမ်ဆင်းရင်း ဈေးရောင်းရှာကျွေးခဲ့တဲ့ အမေရဲ့ဖျင်းကြမ်းထူထူထဲထဲ အကျီ င်္ကြီးဟာ ငါတို့ကို အနွေးဓာတ်တွေပေးခဲ့ပါတယ်။ ဒီလိုနဲ့ ဘ၀ပြေးလမ်းပေါ်ပြေးခဲ့လိုက်တာ ငါတို့အားလုံးလူသားဆန်တဲ့ အပြုအမူတွေနဲ့ ကြီးပြင်းလာခဲ့ကြတယ်။ အရင်ကလိုနေပျော်နေပျော် ဘ၀တွေကို လည်ပြန်တွေးမိလေတိုင်း မင်းတို့ ရဲ့ အေးခဲနေတဲ့ မျက်နှာလေးတွေကို အစ်ကိုပြန်လည်မြင်ရောင်နေမိပါတယ်။

အမေဈေးရောင်းတဲ့အကြောင်းပြောနေရတာ မင်းတို့လည်းနောင်ကြီးပြင်းလာရင် အတုယူစေချင်လို့ အမေ ကတော့မင်းတို့သိတဲ့အတိုင်း အားနာတတ်တယ်။ အမြတ်အစွန်းဆိုတာလည်း အရမ်းတင်တာမဟုတ်ဘူး။ ဒါတောင် တစ်ချို့လူတွေက ဈေးကိုအရမ်းဆစ်လွန်းတယ်။ အမေကတော့ ဖြစ်နိုင်ရင်အရင်းရရင်တောင် ရောင်းလိုက်ရတယ် ဆိုတာမျိုးတွေကို အစ်ကို့ကိုပြောပြဘူးတယ်။ ဥပမာ-ငွေအရမ်းလိုနေချိန်၊သို့မဟုတ် ငါ့တို့အတွက်ဈေးဖိုးလေးနဲ့ စာ အုပ်စာတမ်းလိုဟာမျိုး အရေးတကြီးလိုအပ်ရင် ငွေမြန်မြန်ရပြီးတာပဲ သဘောနဲ့ရောင်းလိုက်တာတွေရှိတယ်။ ဒါတွေ ကိုမင်းတို့တော့ သိမယ်မထင်ဘူးပေါ့လေ။ အစ်ကို့ကိုပြောပြပေမယ့် မင်းတို့ကိုတော့ အမေကပြောပြလေ့မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မင်းတို့အရွယ်ကလည်း တော်တော်ငယ်သေးတော့ ပြောပြလည်းသိမှာမဟုတ်တာရယ်၊မ ထူးလောက်ဘူးထင်တာရယ်တွေကြောင့် အသာနေလိုက်တာဖြစ်လိမ့်မယ်။ အဲဒီတုန်းကတော့ အစ်ကိုတောင် ကောင်းကောင်းနားလည်တာမဟုတ်ဘူး။ ငါ့တို့လိုတဲ့ငွေရပြီးရော့အနေနဲ့ ဖာတိဖာတာနေခဲ့လိုက်တယ်။ အခုစဉ်းစား ကြည့်တော့ နားလည်မှူဆိုတာတွေနဲ့ အစားထိုးပြီးနားလည်လာခဲ့တဲ့အခါမှာတော့ ဒါဟာခေါင်းပုံဖြတ်နည်းတွေပဲဆို တာ သိလာခဲ့တယ်။ ဒါနဲ့ ပတ်သက်လို့ အကြောင်းအရာ အဖြစ်အပျက်လေးတစ်ခုကို ပြောပြဦးမယ်။

တစ်ခါက နီဇီဗန်ဟာ ညစာစားဖို့ဆိုပြီး သူ့သူငယ်ချင်းတွေကို အိမ်မှာဖိတ်ထားခဲ့တယ်။ သူကိုယ်တိုင်ချက် ပြုတ်ခဲ့တယ်။ ဒီလိုနဲ့ အသားဟင်းတစ်ခွက်ချက်ဖို့ စဉ်းစားနေတုန်း ဈေးသွားတုန်းက ဆားဝယ်ခဲ့ဖို့ကို မေ့သွားခဲ့တာ ကို သတိရသွားတယ်။ ဒါနဲ့ အနီးရှိတဲ့ သူ့သားငယ်ကိုခေါ်ပြီး ပြောတယ်။

“ မင်းရွာထဲသွားပြီး ဆားအနည်းငယ်ဝယ်ခဲ့၊ ၀ယ်တဲ့အခါမှာ မှန်မှန်ကန်ကန် ဈေးပေးဝယ်ခဲ့။ များလည်းမ များစေနဲ့၊နည်းလည်းမနည်းစေနဲ့” ဒီတော့ သားလုပ်သူက ပြန်ပြောတယ်။

“ ကျွန်တော်နားလည်ပါတယ် ဈေးမများစေရဘူး မဟုတ်လား။ ဒါပေမယ့် ကျွန်တော်က ဈေးဆစ်လို့ သူအနေနဲ့ လျှော့ပေးတယ်ဆိုရင် ပိုက်ဆံအကုန်မသက်သာဘူးလား”

“ စဉ်းစားချင့်ချိန်တတ်တဲ့ မြို့ကြီးတွေမှာတော့ ကိစ္စမရှိဘူး။ ဒါပေမယ့် တို့လိုရွာလေးမှာတော့ ဒီကိစ္စဟာ ရွာကိုပျက်စီးသွားနိုင်တယ်” ဒီလိုနဲ့ သူ့မိတ်ဆွေတွေရောက်လာခဲ့တယ်။ ညစာစားပြီးတော့ စကားစမြည်ပြောကြ တယ်။ သူတို့ကလည်း ဈေးဆိုပေါပေါနဲ့ရတာကိုသိလျှက်သားနဲ့ ဘာကြောင့်မ၀ယ်သင့်ဘူးဆိုတာကို နားမလည်ဖြစ် နေကြတယ်။ ဒီတော့ နီဇီဗန်က သူ့သူငယ်ချင်းတွေကိုပါ အဲဒါနဲ့ ပတ်သက်ပြီး သူခံယူထားတဲ့ သီဝရီကိုရှင်းပြလိုက် တယ်။

“ဆားရောင်းသူဟာ တန်ရာတန်ဖိုးနဲ့လျှော့ပြီးရောင်းရတယ်ဆိုရင် သူ့မှာ အကြောင်းပြချက်တစ်ခုပဲရှိတယ်။ အဲဒါကတော့ အဲဒီလူဟာ ပိုက်ဆံကိုအရေးတကြီးလိုနေလို့ဖြစ်လိမ့်မယ်။ ဒါကို အခွင့်ကောင်းယူပြီး ၀ယ်တဲ့လူဟာ ညှာတာမှုမရှိတဲ့လူပဲ။ ဒီကုန်ပစ္စည်းကို ထုတ်လုပ်တဲ့နေရာမှာတစ်ဖက်လူအသုံးပြုခဲ့ရတဲ့ လုပ်အားရုန်းကန်ပင်ပန်းမှု စတာတွေကို စာနာထောက်ထားမှု မရှိတဲ့သူဖြစ်တယ်” ဒီတော့ သူ့သူငယ်ချင်းတွေက ထပ်မေးလိုက်တယ်။

“ ဒီကိစ္စလောက်က ရွာတစ်ရွာကို ဖျက်ဆီးပြစ်နိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား”

“ အဲဒီက စတာပဲ။ မဖြစ်စလောက် ပမာဏဆိုပေမယ့် အဲဒီတရားမမျှတမှုဟာ ကမ္ဘာကြီးကို ပြန့်ကားသွားပါ လိမ့်မယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်ရပိုင်ခွင့်၊ ကိုယ့်ကိုယ်ကျိုးကိုပဲ ရှေးရှုစဉ်းစားလာကြမယ်။ ဒီကိစ္စလေးဟာ အသေးမွှားလေးပါ၊ အရေးမကြီးပါဘူးလို့ အမြဲတွေးကြလိမ့်မယ်၊ အဲသလိုဆိုရင်တော့ ကမ္ဘာကြီးကို ကယ်တင်ဖို့ ကျွန်တော်တို့ နောက်ကျသွားလိမ့်မယ်” လို့ ဗန်က ပြန်ပြောလိုက်တယ်။

ညီလေးညီးမလေးတို့ဟာ အနာဂတ်မှာ တန်ဖိုးရှိတဲ့ လူသားတွေ၊ လူသားဆန်တဲ့ လူသားတွေဖြစ်သင့် တယ်။ ဒါမှသာလျှင် အနာဂတ်က ပိုမိုသာယာနေလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ အနာဂတ်ဆိုတာ ညီလေး၊ ညီမလေးတို့ရဲ့ လက်ထဲကိုမကြာခင် လက်ဆင့်ကမ်းသယ်ဆောင်ကြရမယ် မဟုတ်လား။ ဒီတော့ တရားမျှ တတဲ့ အမူအကျင့်တွေကို အခုလို ငယ်ရွယ်စဉ်ဘ၀လေးတွေကနေစတင်ပြီး လေ့ကျင့်ရင်းလိုက်နာနိုင်ဖို့ အရမ်းကို အရေးတကြီး လိုအပ်နေတယ်။ ဒါကြောင့် အမေ့ရဲ့တရားမျှတတဲ့ အမူအကျင့်တွေကို လိုက်နာဖို့၊အတုယူဖို့ကိုပြော နေရချင်းဖြစ်တယ်။ အခုတော့ မင်းတို့လည်း လူလားမြောက်စအရွယ်ကို ရောက်နေပါပြီ။ အမေ့ဟာလည်း ငယ်ရွယ် သေးပေမယ့် အရွယ်နဲ့မလိုက်အောင် အိုမင်းမှုဟာကြီးစိုးနေခဲ့တယ်။ အမေ့ကိုတော့ ဘယ်တော့မှ စိတ်ဆင်းရဲစေ မယ်အပြုအမူမျိုးကို မပြကြပါနဲ့။ ကိုယ်၊နုတ်၊စိတ် ဆိုတဲ့ ကံသုံးလုံးတစ်းပါးပါးနဲ့မှ မပြစ်မှားမိအောင် သတိထားနေကြ ဖို့ အစ်ကိုမှာချင်ပါတယ်။ ညီမလေးအတွက် အစ်ကိုဝယ်ပေးလိုက်တဲ့ အနွေးထည်နဲ့ နွေးနွေးထွေးထွေးနေရင်း ကျမ်း မာရေးကိုလည်း ဂရုစိုက်ပါ။ ညီလေးအတွက်တော့ ပြီးခဲ့တဲ့နှစ်က အစ်ကိုပို့လိုက်တဲ့ အနွေးထည်ရှိပြီးဖြစ်နေတော့ ထပ်ပြီး ၀ယ်မပေးလိုက်တော့ဘူး။

အစ်ကိုပြောပြခဲ့တာတွေကို နားထောင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အတုမြင်အတတ်သင်ဆိုတာ ကောင်းတာတွေကို လိုက်နာသင့်တယ်။ ကိုယ့်ကြောင့်သူတစ်ပါးပျက်စီးရာ ပျက်စီးကြောင်းကို ကြံစီတွေးတောပြီး အတ္တကိုမင်းမူရင်း မလုပ်သင့်တာတွေကို မလုပ်ဖြစ်အောင်တော့နေပေါ့။ အထက်ကပြောခဲ့သလိုပဲ အသေးမွှားလေး တွေကနေစပြီး ကမ္ဘာကြီးပျက်စီးဖို့ လမ်းကြောင်းတွေပေါ်လာတယ်။ အခု ကမ္ဘာပေါ်မှာ သိတဲ့အတိုင်း ပိုင်နက်လုယူရ တာနဲ့၊ မတရားတဲ့နည်းတွေသုံးပြီး အင်းအားမျိုးစုံးအားကိုးပြီး မလုပ်သင့်တာတွေလုပ်နေကြတော့ လူတွေဟာ တစ် ယောက်နဲ့တစ်ယောက်နဲ့ ယုံကြည်မှုတွေကင်းပြီး သံသယမျိုးစုံနဲ့ မျက်လုံးဒေါက်ထောက်ကြည့်နေကြရတယ်။ ကိုယ် ချမ်းသာဖို့အရေးကိုသာ မင်းမူနေရင်တော့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကောင်းချင်ကောင်းနေပေမယ့် သူတို့စိဓာတ်တွေ ဟာ တန်ဖိုးဖြတ်မရတဲ့ ဘ၀ပြေးလမ်းပေါ်ကနေ တဖြေးဖြေးလွဲချော်နေကြရမှာဖြစ်တယ်။ ဒါဟာ အစားထိုးလို့ မရတဲ့ စိတ်ဓာတ်များ တအိအိပြိုဆင်းမှုတွေ ဖြစ်နေလိမ့်မယ်။ ဒါကြောင့် မင်းတို့ဟာ ဘ၀မှာ ကိုယ့်ပြေးလမ်းအတိုင်းပြေးနေ ရင် လူသားဆန်တဲ့ အပြုအမူ၊အပြောအဆို၊အနေထိုင်တွေနဲ့ ဆက်လက်ရွက်လွှင့်ထွက်ခွါဖို့ အစ်ကိုမှာချင်ပါတယ်။ ဒီ လိုနေထိုင်တတ်ရင် ဘ၀မှာနေပျော်ပျော် သေပျော်ပျော်ဆိုတဲ့ စကားအတိုင်း အဓိပ္ပါယ်ရှိတဲ့ လူသားတစ်ယောက်ဖြစ် ပိုင်ဆိုင်ရပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ ဘ၀မှာလူဖြစ်ရကျိုးနပ်ပြီပေါ့။

မင်းတို့ရဲ့ ချစ်ဆုံးအစ်ကိုကြီး….

မောင်မင်းစိုး(ရွှေနံ့သာ)

ကမ္ဘာ့လူဦးရေအား ချုံ့ကြည့်ခြင်း


အမေရိကန် Stanford University ရဲ့ ဆေးဝါးသုတေသနငှာနက မစ္စတာ Phillip Marterဟာ လွန်ခဲ့တဲ့ နှစ်ဝက်က ဖိုရမ်တစ်ခုမှာ ပို့စ်တစ်ခုကို တင်ခဲ့တယ်။ ပို့စ်ရဲ့အကြောင်းရင်းက ကမ္ဘာပေါ် ရှိသမျှလူဦးရေကို ၁ဝဝယောက်လို့ သတ်မှတ်ပြီး အဲဒီအရေအတွက်နဲ့ လူတွေကို အချိုးချကြည့်တာပဲဖြစ်တယ်။

၁) အာရှလူမျိုး ၅၇ ယောက်၊ ဥရောပလူမျိုး ၂၁ ယောက်၊ အမေရိကားလူမျိုး ၁၄ ယောက်၊ အာဖရိကလူမျိုး ၈ယောက်

၂) ယောကျာ်းလေး ၅၂ ယောက်၊ မိန်းကလေး ၄၈ ယောက်

၃) လူဖြူအယောက် ၃ဝ၊ တစ်ခြားအရောင် ၇ဝယောက်

၎) ခရစ်ယာန် ကိုးကွယ်သူ ၃ဝ ယောက်၊ အခြားဘာသာကိုးကွယ်သူ ၇ဝ ယောက်

၅) လိင်ကွဲချစ်ကြိုက်သူ ၈၉ ယောက်၊ လိင်တူချစ်ကြိုက်သူ ၁၁ ယောက်

၆) ၅၉% ရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်သူ ၆ယောက်၊ အဲဒီ ၆ယောက်လုံးက အမေရိကားသားတွေဖြစ်တယ်။


၇) ထင်သလို ဖြစ်မလာတဲ့ အိမ်ထောင်ရေး အယောက် ၈ဝ

၈) စာမတတ်သူ ၇ဝ ယောက်

၉) အာဟာရ မပြည့်ဝသူ ၅ဝယောက်

၁ဝ) သေခါနီးဆဲဆဲ ၁ယောက်၊ မွေးဖွားနီးဆဲဆဲ ၁ ယောက်

၁၁) ဘွဲ့ရသူ ၁ယောက်

၁၂) ကွန်ပြူတာ ပိုင်ဆိုင်သူ ၁ယောက်

ချုံ့လိုက်တဲ့ လူဦးရေရူထောင့်ကနေ ကမ္ဘာကြီးကို ကြည့်မယ်ဆိုရင် ဒီကမ္ဘာကြီးမှာ နားလည်လက်ခံခြင်း၊ ခွင့်လွတ်ခြင်းနဲ့ သင်ကြားမှုတွေ လိုကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ပိုပြီး ရှင်းလင်းစွာ တွေ့နိုင်တာက....

အကယ်၍ သင်ဟာ မနက်စောစောမှာ ကျန်းကျန်းမာမာနဲ့ ထလာနိုင်သေးတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ ၁ဝသိန်းဟာ တစ်ပတ်တောင် အသက်မရှင်နိုင်ခဲ့လို့ပါပဲ။

အကယ်၍ သင်ဟာ စစ်ပွဲအန္တရာယ်တွေ မကြုံဖူးသေးဘူး၊ ထောင်ရဲ့ အထီးကျန်တဲ့အရသာ၊ နိုင်လိုညှင်းဆဲ နာကျင်မှု၊ ဆာလောင်မှုတွေကို မခံစားခဲ့ဖူးဘူးဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ သန်း၅ဝဝ ထက် သင်ဟာ ကံကောင်းတဲ့သူ ဖြစ်ခဲ့လို့ပါပဲ။

အကယ်၍ သင်ဟာ ဘာသာရေးပွဲတော်တွေမှာ အနှောင့်အယှက်ခံဖို့ စိတ်မပူခဲ့ဘူး၊ အဖမ်းခံ မထိခဲ့ဖူးဘူး၊ မသေခဲ့ဘူးဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ သန်း၃ဝဝဝထက် သင်ဟာ လွတ်လပ်ခွင့်ရနေလို့ပါပဲ။

အကယ်၍ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေရှိတယ်၊ ဝတ်ဖို့အဝတ်အစားတွေ ရှိတယ်၊ နေစရာ အိမ်ရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာပေါ်ရှိလူဦးရေ ၇၅%ထက် ချမ်းသာနေလို့ပါပဲ။

အကယ်၍ သင့်မှာ ငွေစုစာအုပ်ရှိတယ်၊ အိတ်ထဲမှာ ပိုက်ဆံရှိတယ်၊ အကြွေတွေရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာ့လူဦးရေ ၈% ထဲ လူချမ်းသာ စာရင်းဝင်နေလို့ပါပဲ။

အကယ်၍ သင့်မိဘတွေ သက်ရှိထင်ရှားရှိသေးတယ်၊ သင်ဟာ မိဘစုံလင်နဲ့ နေထိုင်သူဖြစ်တယ်ဆိုရင် သင်ဟာ ကံကောင်းသူပါ။

အခုဒီစာကို သင်ဖတ်နေတယ်ဆိုရင် သူဟာ ကံကောင်းသူ နှစ်ထပ်ကွမ်းပါ။ လူဦးရေ သန်း၂ဝဝဝဟာ စာမဖတ်တတ်လို့ပါပဲ။

အလုပ်အတွက် စိုးရိမ်ကြောင့်ကြနေစရာ မလိုဘူး။ ငွေကြေးမပြည့်စုံမှာ စိုးရိမ်သောက ဖြစ်နေစရာ မလိုဘူး။ ထိခိုက်နာကျင်ခဲ့ဖူးပါစေ လူတွေကို အကြင်နာတွေ ဖြန့်ပါ။ စိတ်ကို ပျော်ရွှင်အောင် ထားပါ။ ဘယ်သူဘာပြောပြော ငြိမ်းချမ်းတဲ့ သံစဉ်ကို ဟစ်အော်ပြီး လူ့ဘုံမှာ ပျော်ပျော်ရွှင်ရွှင် နေလိုက်ကြပါ။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ရေးသားသူ....... နိုင်းနိုင်းစနေ

ဝေးဝေးသွားတဲ့ ပုံရိပ်တွေ


အချိန်ကား နံနက်လေးနာရီခွဲလောက်။ ထန်းတောကုန်းရွာကလေးသည် ရွာဦးကျောင်းမှ အုန်းမောင်း ခေါက်သံမှအပ တစ်ရွာလုံးတိတ်ဆိတ်ငြိမ်သက်နေဆဲ။ ဆောင်းဥတုရဲ့ ချမ်းမြမြ အအေးဓာတ်လေးဖြင့် မြူနှင်းေ၀၀ါးနေလျက် တစ်ရွာလုံးဆီနှင်းများ ဖုံးအုပ်နေခဲ့သည်။ သစ်ပင်ထိပ်မှာ ကျီးကန်းများ၏ အော်သံစူးစူးဝါးဝါး အသံများကလည်း တစ်ခဏချင်းဆိုသလို ငြိမ်သက်မှုကို ၀ါးမျိုပစ်လိုက်တော့သည်။ မော်တော်ဆိုင်ကယ်စက် နှိုးသံကလည်း တစ်ရွာလုံးကို လွင့်ပျံ့သွားခဲ့သည်။

သူတို့နှစ်ဦးသာ အလုပ်ရှုပ်နေသော်လည်း ဘေးပတ်ဝန်းကျင် အိမ်များမှာ အအေးဒဏ်ကို အညာခြုံ စောင်ထူထူများဖြင့် ရစ်ပတ်ခြုံလျက် အိပ်ယာထဲမှာသာ ရှိနေကြဆဲဖြစ်သည်။ အညာဆောင်းသည် ပေါ့သွားခဲ့ သည်ဆိုသော်ငြား အအေးဓာတ်ကတော့ များနေခဲ့သေးသည်။ ထိုအခိုက် သိုးမွှေးအင်္ကျီကို နှစ်ယောက်သား ပြိုင်တူ ၀တ်ဆင်လျက် ဆိုင်ကယ်ပေါ်သို့ တက်လိုက်ကြပြီး။ ၀ူး…ခနဲဆိုင်ကယ်အော်သံနှင့်အတူ သူတို့နှစ် ယောက် မုံရွာသို့ ဈေးဝယ်ထွက်ရန် သွားခဲ့ကြသည်။ ကြင်စဦး ဇနီးမောင်နှံများ ဖြစ်သော်လည်း ရှေးရေစက် များကြောင့်ထင်သည်။ တစ်ဦးကိုတစ်ဦး မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်ကြသည်။ သူမသည်ကား သွယ်လျလျ မျက်ဝန်းအစုံဖြင့် ခန့်ညားထည်ဝါသော မျက်နှာကို ပိုင်ဆိုင်သူထားသူဖြစ်သည်။ အညာသူဆိုသော်ညား အိစက်ညက်ညောလျက် သူမ၏ဖွေးအိနေသော မျက်နှာလေးကို မျက်စိအောက်မှ အပျောက်မခံ နိုင်သည်မှာလည်း ထူးခြားသော ဖြစ်စဉ်တစ်ခုတော့ မဟုတ်ခဲ့ပေ။

သူမသည် ဆက်ဆံရေးအရာ ပြေပြေပြစ်ပြစ်ရှိသလို ချိုမြမြ မျက်ဝန်းအလှဖြင့် ဖောက်သည်ဖြစ်သော အခြားသူများကို ဆွဲဆောင်နိုင်သူဖြစ်သည်။ သဘောထားမှာလည်း တစ်ရွာလုံးရှိလူများ လိုက်မမှီအောင် ကောင်းလွန်းသူအဖြစ် တစ်ရွာလုံးက အသိမှတ်ပြုထားခဲ့သည်။ ရှည်လျားနက်ပြောင်နေသော ဆံနွယ်စတွေကို အညာသူပီပီ ဆံထုံးထူထူထုံးထားလျက် ဗိုလ်ဆန်သော သူမ၏အမူအရာများကို အားလုံးကချစ်ခင်ကြသည်။ ”သိပ်ချစ်စရာ ကောင်းတာပဲ“ ဟူသော ချီးကျူးသံများသည်လည်း နေ့စဉ်နှင့်အမျှ လက်ခံနေရသူဖြစ်သည်။

အဖြစ်အပျက်များဒွန်တွဲနေသော သတ္တလောကကြီးတစ်ခုလုံးသည် ဖြစ်လျှင်ပျက်ရမည်ဟု၊ လူသား တိုင်းလက်ခံနေကြသည်။ သို့သော် လူတို့သည် အပျက်ကိုကား သိပ်ပြီးမခံစားချင်ဘဲဖြစ်ကြသည်။ ဒါဟာ သ ဘာဝတရားတစ်ခုပင် ဖြစ်လိမ့်မည်ထင်သည်။ အချိန်များ တရွေ့ရွေ့ကုန်လာတာနဲ့အမျှ ပူလောင်များက လည်း ခပ်မှန်မှန်လိုက်လာနေခဲ့သည်။ ဘ၀သည် တစ်ခါတစ်လေ မျှော်လင့်ချက်များ ဖြစ်မလာခဲ့ဘဲ။ မမျှော် လင့်တဲ့ ဒုက္ခ သုက္ခတွေကများ တန်းစီပြီးလိုက်လာနေခဲ့တတ်သည်။ ဒါသည်ပင် ဖြစ်ပျက်မှုတို့၏ သဘောသ ဘာဝဟု ဆိုရမည်ဖြစ်သည်။ အမြဲတန်း တည်မြဲနေသော သင်္ခါရတရားမှန်သမျှ ဟူ၍ကား ရှိနေလိမ့်မည်မဟုတ် ခဲ့ပေ။ တစ်နေ့တော့ ဖြစ်ပျက်မှုဆီသို့ ဦးတည်သွားရဦးမည်။

အရှိန်ပြင်းစွာ မောင်းနှင်ပြေးလွှားနေသော ဆိုင်ကယ်သည် ဆီးနှင်းများတအိအိပြိုဆင်းနေသော ဖိုလ် ၀င်တောင်၏ တောင်ကြားအကွေ့များဆီသို့ တခုခုပြီးတစ်ခု ကျော်လွန်သွားနေခဲ့သည်။ ဟေမန္တ၏ အအေး ဓာတ်များလွန်ကဲနေသလို၊ မောင်းနှင်နေသော ဆိုက်ကယ်၏ ပြေးအားနှင့်အညီ လေးများသည်လည်း မိုးပြို လို တဟူးဟူး တိုက်ခိုက်နေခဲ့သည်။ အအေးဓာတ်သည်လည်း ပိုပိုများပြားလာခဲ့သည်။ ဆိုင်ကယ်ဦးထုပ်ပင် လွှင့်စင်ကျတော့မည့်အလား ၀င်ဆောင့်နေသော လေ၏ကျီကျယ်မှုကား ပိုမိုကျယ်လောင်နေသည်။ တစ်လမ်း လုံးလည်း ဆိုင်ကယ်သံမှအပ တစ်တောလုံး တစ်တောင်လုံး အသံကင်းမဲ့နေခဲ့သည်။ ရှေးကလူပြောသော အသံများသည်ပင် နောက်ကလူက မကြားတစ်ချက် ကြားတစ်ချက်။

ထိုအခိုက် မမျှော်လင့်ဘဲ အကွေ့တစ်ခုမှာ ကုန်ကားတစ်စီးနှင့် ပက်ပင်းတိုးမိတော့သည်။ မျက်လုံးများေ၀၀ါးနေသလို ဆုံးဖြတ်ချက်ကလည်း မရဲ။ ညာဘက်ရှိ သစ်ပင်ကြီးကြီးတစ်ပင်၏ ကိုင်းချောက်တစ်ခု လူပေါ် သို့ ပြုတ်ကျလာသည်။ ကားနဲ့မျက်နှာချင်း မဆိုင်မိအောင် ညာဘက်သို့ ချိုးကွေ့လိုက်ခြင်းဖြစ်သည်။ မှုန်ဝါးဆဲ ဖြစ်သော တောင်၏မြူနှင်းများကလည်းေ၀၀ါးနေဆဲ။ ဘာကိုမှ မမြင်လိုက်ရ။ နှစ်ယောက်စလုံး သတိမေ့မျော သွားခဲ့သည်။ ဆိုင်ကယ်သည်လည်း ရစရာမရှိအောင် တစ်စဆီကျေမွသွားခဲ့သည်။ ကိုင်းချောက်ကသည်ပင် ဆိုင်ကယ်ပေါ်သို့ ပိနေခဲ့သည်။ လူသူလေးပါးကင်းမဲ့နေသော တော၊တောင်တစ်ခုလုံးကတော့ ငြိမ်ချက်သား ကောင်းနေဆဲ။ အားကုန်မောင်းနှင်သွားသော ကုန်ကားသည်လည်း ကွယ်ပျောက်သွားခဲ့သည်။ သူတို့လည်း ဘာမှ သိဟန်မတူခဲ့။

သူသတိရချိန်မှာတော့ သွေးအလိမ်းလိမ်း ကပ်ငြိလျှက် တစ်ခေါင်းလုံးနီရဲနေသော သူမကိုမြင်လိုက်ရ သည်။ သူ အားကုန် ခေါ်နေခဲ့သည်။ သူမကတော့ တစ်ခွန်းတစ်ပါဒမျှ ပြန်ထူးသံမပေး။ အရူးမီးဝိုင်းနေသော လူသားတစ်ယောက်၏ နှလုံးသားသည် ချောက်ကပ်နေခဲ့သည်။ အရာအားလုံးသည် အိပ်မက်ဆန်ဆန်ဖြစ်နေ ခဲ့သည်။ သူ ဘာကိုမှမသိ။ ဘာကိုမှ မယုံတော့။ သူမကို ပွေ့လိုက်သည်။ ပုခုံးပေါ်သို့ ထမ်းတင်လိုက်သည်။ သူလမ်ပေါ်ရောက်အောင် ထမ်းပိုးလာခဲ့သည်။ သူကတော့ သတိမေ့မျော နေသည်ဟုထင်သည်။ သွေးများ တစ်စက်စက်ပြုတ်ကျနေသော သူမကို ထမ်းပိုးရင်း သူသွားနေခဲ့သည်။ ရှေးမှာလည်း ဘာမှပီပီသသ မမြင်ရ သေး။ ငိုက်စိုက်ကျနေသော မျက်နှာကို အပေါ်အသာလှန်ကြည့်လိုက်သည်။ သူမကတော့ ငြိမ်သက်နေဆဲ။ ခဏအောက်သို့ချလိုက်ပြီး အသံကုန်ဟစ်အော်နေခဲ့လိုက်သည်။ သူမကတော့ ဘာမှတုန့်ပြန်မှု မပေးတော့။

“ သေတဲ့လူလည်း သေသွားပြီးပြီ မောင်ဇော်၊ ဒီတော့ မင်းအမှု သက်သာအောင်တော့ လုပ်ရမှာပေါ့၊ အကယ်၍ ရဲလာစစ်ရင်တော့ သူ့ကိုဆိုက်ကယ်မောင်း သင်ပေးတဲ့အကြောင်း၊ သူမက ရှေးကနေစီးတဲ့ အ ကြောင်းကို ပြောပြပေါ့ “ ပတ်ဝန်းကျင်ရှိ လူများက သူ့ကို အကြံပေးခဲ့ကြသည်။

“ ဒီလိုတော့ ဘယ်ဖြစ်မလဲဗျ၊ ကျုပ်ကတော့ အမှန်တိုင်းပြောရမှာပဲ။ ကျုပ်ကြောင့် သူသေသွားတာ၊ ဒီလိုလိမ်ပြောလို့ ပြစ်မှုလွတ်တယ်ထားဦး ကျုပ်လိပ်ပြာကတော့ တစ်သက်လုံးသန့်နေမှာ မဟုတ်ဘူး။ တစ် လျောက်လုံးလိုလို အရိပ်မည်းကြီးက နှိပ်စက်နေလိမ့်မယ်။ ဒီတော့ ကျုပ်သတ္တိရှိရှိ အပြစ်ကိုခံယူရင်း သူမအ တွက် ပေးဆပ်ရမှာဖြစ်တယ်။ ဒီတော့ ခင်ဗျားတို့အကြံကိုတော့ ကျုပ်ကတော့ လက်မခံနိုင်ဘူး “

တစ်ရွာလုံးရှိ ရွာသူ၊သားများသည် မယုံကြည်နိုင်လောက်ဖြစ်နေသည်။ ငယ်ရွယ်သူတို့ ဖြစ်သည့်တိုင် အောင် နှစ်ယောက်စလုံး သဘောကောင်းသူများဖြစ်သလို၊ တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင် နေခဲ့ ကြသည့် ပုံရိပ်တွေကို မြင်ယောင်နေခဲ့ကြသည်။ သူမ၏ ရုပ်အလောင်းကို ရွာအနောက်ရှိ သုဿာန်သို့ တစ်ဦး မကျန်ဆိုသလို လိုက်ပို့ကြသည်။ လင်ဖြစ်သူ ရောက်မလာသေး၍ ခဏတော့စောင့်ဆိုင်းနေခဲ့သည်။ ထိုအခိုက် ရဲနှစ်ယောက် ခြံရံလျှက်လက်ထိပ်ခတ်ထားသော သူ့ကိုမြင်လိုက်ကြသည်။ သူမ၏ အလောင်းရှိရာသို့ အပြေး လျှောက်လာပြီး တည်ငြိမ်သောအသွင်အပြင်ဖြင့် နောက်ကနေလိုက်လာခဲ့သည်။ မြင်ရသူအားလုံးကတော့ ဘယ်လိုမှ ချုပ်တီးလို့မရခဲ့။ အားလုံးလိုလို မျက်ဝန်းမှာ မျက်ရည်တွေစိုရွှဲနေခဲ့သည်။ သူ၏ တည်ငြိမ်မှုကို အပြစ်တင်ရမလို၊ သူ၏တည်ငြိမ်မှုကို မြင်ရတိုင်း ပတ်ဝန်းကျင်ကတော့ ဆို့နင့်လာခဲ့သည်။

သူ၏ အပြန်လမ်းကတော့ မြေပုံစပေါ် မကျခဲ့သော မျက်ရည်များ မျက်ဝန်းမှာ ပြည့်လျှံနေခဲ့သည်။ မျက်ဝန်းမှာ ပြည့်လျှံနေသော မျက်ရည်စများဖြင့် သူနောက်ကို တစ်ချက်လှည့်ကြည့်လိုက်သည်၊ သို့သော် အရာအားလုံး မှုန်ဝါးဝါးဖြစ်နေခဲ့သည်။ ပုံရိပ်များသည်လည်း တဖြေးဖြေးဆိုသလို ဝေးဝေးသွားခဲ့တော့သည်။

မောင်မင်းစိုး(ရွှေ့နံ့သာ)