Saturday, January 24, 2009

ဝေးဝေးသွားတဲ့ ပုံရိပ်တွေ


အချိန်ကား နံနက်လေးနာရီခွဲလောက်။ ထန်းတောကုန်းရွာကလေးသည် ရွာဦးကျောင်းမှ အုန်းမောင်း ခေါက်သံမှအပ တစ်ရွာလုံးတိတ်ဆိတ်ငြိမ်သက်နေဆဲ။ ဆောင်းဥတုရဲ့ ချမ်းမြမြ အအေးဓာတ်လေးဖြင့် မြူနှင်းေ၀၀ါးနေလျက် တစ်ရွာလုံးဆီနှင်းများ ဖုံးအုပ်နေခဲ့သည်။ သစ်ပင်ထိပ်မှာ ကျီးကန်းများ၏ အော်သံစူးစူးဝါးဝါး အသံများကလည်း တစ်ခဏချင်းဆိုသလို ငြိမ်သက်မှုကို ၀ါးမျိုပစ်လိုက်တော့သည်။ မော်တော်ဆိုင်ကယ်စက် နှိုးသံကလည်း တစ်ရွာလုံးကို လွင့်ပျံ့သွားခဲ့သည်။

သူတို့နှစ်ဦးသာ အလုပ်ရှုပ်နေသော်လည်း ဘေးပတ်ဝန်းကျင် အိမ်များမှာ အအေးဒဏ်ကို အညာခြုံ စောင်ထူထူများဖြင့် ရစ်ပတ်ခြုံလျက် အိပ်ယာထဲမှာသာ ရှိနေကြဆဲဖြစ်သည်။ အညာဆောင်းသည် ပေါ့သွားခဲ့ သည်ဆိုသော်ငြား အအေးဓာတ်ကတော့ များနေခဲ့သေးသည်။ ထိုအခိုက် သိုးမွှေးအင်္ကျီကို နှစ်ယောက်သား ပြိုင်တူ ၀တ်ဆင်လျက် ဆိုင်ကယ်ပေါ်သို့ တက်လိုက်ကြပြီး။ ၀ူး…ခနဲဆိုင်ကယ်အော်သံနှင့်အတူ သူတို့နှစ် ယောက် မုံရွာသို့ ဈေးဝယ်ထွက်ရန် သွားခဲ့ကြသည်။ ကြင်စဦး ဇနီးမောင်နှံများ ဖြစ်သော်လည်း ရှေးရေစက် များကြောင့်ထင်သည်။ တစ်ဦးကိုတစ်ဦး မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်ကြသည်။ သူမသည်ကား သွယ်လျလျ မျက်ဝန်းအစုံဖြင့် ခန့်ညားထည်ဝါသော မျက်နှာကို ပိုင်ဆိုင်သူထားသူဖြစ်သည်။ အညာသူဆိုသော်ညား အိစက်ညက်ညောလျက် သူမ၏ဖွေးအိနေသော မျက်နှာလေးကို မျက်စိအောက်မှ အပျောက်မခံ နိုင်သည်မှာလည်း ထူးခြားသော ဖြစ်စဉ်တစ်ခုတော့ မဟုတ်ခဲ့ပေ။

သူမသည် ဆက်ဆံရေးအရာ ပြေပြေပြစ်ပြစ်ရှိသလို ချိုမြမြ မျက်ဝန်းအလှဖြင့် ဖောက်သည်ဖြစ်သော အခြားသူများကို ဆွဲဆောင်နိုင်သူဖြစ်သည်။ သဘောထားမှာလည်း တစ်ရွာလုံးရှိလူများ လိုက်မမှီအောင် ကောင်းလွန်းသူအဖြစ် တစ်ရွာလုံးက အသိမှတ်ပြုထားခဲ့သည်။ ရှည်လျားနက်ပြောင်နေသော ဆံနွယ်စတွေကို အညာသူပီပီ ဆံထုံးထူထူထုံးထားလျက် ဗိုလ်ဆန်သော သူမ၏အမူအရာများကို အားလုံးကချစ်ခင်ကြသည်။ ”သိပ်ချစ်စရာ ကောင်းတာပဲ“ ဟူသော ချီးကျူးသံများသည်လည်း နေ့စဉ်နှင့်အမျှ လက်ခံနေရသူဖြစ်သည်။

အဖြစ်အပျက်များဒွန်တွဲနေသော သတ္တလောကကြီးတစ်ခုလုံးသည် ဖြစ်လျှင်ပျက်ရမည်ဟု၊ လူသား တိုင်းလက်ခံနေကြသည်။ သို့သော် လူတို့သည် အပျက်ကိုကား သိပ်ပြီးမခံစားချင်ဘဲဖြစ်ကြသည်။ ဒါဟာ သ ဘာဝတရားတစ်ခုပင် ဖြစ်လိမ့်မည်ထင်သည်။ အချိန်များ တရွေ့ရွေ့ကုန်လာတာနဲ့အမျှ ပူလောင်များက လည်း ခပ်မှန်မှန်လိုက်လာနေခဲ့သည်။ ဘ၀သည် တစ်ခါတစ်လေ မျှော်လင့်ချက်များ ဖြစ်မလာခဲ့ဘဲ။ မမျှော် လင့်တဲ့ ဒုက္ခ သုက္ခတွေကများ တန်းစီပြီးလိုက်လာနေခဲ့တတ်သည်။ ဒါသည်ပင် ဖြစ်ပျက်မှုတို့၏ သဘောသ ဘာဝဟု ဆိုရမည်ဖြစ်သည်။ အမြဲတန်း တည်မြဲနေသော သင်္ခါရတရားမှန်သမျှ ဟူ၍ကား ရှိနေလိမ့်မည်မဟုတ် ခဲ့ပေ။ တစ်နေ့တော့ ဖြစ်ပျက်မှုဆီသို့ ဦးတည်သွားရဦးမည်။

အရှိန်ပြင်းစွာ မောင်းနှင်ပြေးလွှားနေသော ဆိုင်ကယ်သည် ဆီးနှင်းများတအိအိပြိုဆင်းနေသော ဖိုလ် ၀င်တောင်၏ တောင်ကြားအကွေ့များဆီသို့ တခုခုပြီးတစ်ခု ကျော်လွန်သွားနေခဲ့သည်။ ဟေမန္တ၏ အအေး ဓာတ်များလွန်ကဲနေသလို၊ မောင်းနှင်နေသော ဆိုက်ကယ်၏ ပြေးအားနှင့်အညီ လေးများသည်လည်း မိုးပြို လို တဟူးဟူး တိုက်ခိုက်နေခဲ့သည်။ အအေးဓာတ်သည်လည်း ပိုပိုများပြားလာခဲ့သည်။ ဆိုင်ကယ်ဦးထုပ်ပင် လွှင့်စင်ကျတော့မည့်အလား ၀င်ဆောင့်နေသော လေ၏ကျီကျယ်မှုကား ပိုမိုကျယ်လောင်နေသည်။ တစ်လမ်း လုံးလည်း ဆိုင်ကယ်သံမှအပ တစ်တောလုံး တစ်တောင်လုံး အသံကင်းမဲ့နေခဲ့သည်။ ရှေးကလူပြောသော အသံများသည်ပင် နောက်ကလူက မကြားတစ်ချက် ကြားတစ်ချက်။

ထိုအခိုက် မမျှော်လင့်ဘဲ အကွေ့တစ်ခုမှာ ကုန်ကားတစ်စီးနှင့် ပက်ပင်းတိုးမိတော့သည်။ မျက်လုံးများေ၀၀ါးနေသလို ဆုံးဖြတ်ချက်ကလည်း မရဲ။ ညာဘက်ရှိ သစ်ပင်ကြီးကြီးတစ်ပင်၏ ကိုင်းချောက်တစ်ခု လူပေါ် သို့ ပြုတ်ကျလာသည်။ ကားနဲ့မျက်နှာချင်း မဆိုင်မိအောင် ညာဘက်သို့ ချိုးကွေ့လိုက်ခြင်းဖြစ်သည်။ မှုန်ဝါးဆဲ ဖြစ်သော တောင်၏မြူနှင်းများကလည်းေ၀၀ါးနေဆဲ။ ဘာကိုမှ မမြင်လိုက်ရ။ နှစ်ယောက်စလုံး သတိမေ့မျော သွားခဲ့သည်။ ဆိုင်ကယ်သည်လည်း ရစရာမရှိအောင် တစ်စဆီကျေမွသွားခဲ့သည်။ ကိုင်းချောက်ကသည်ပင် ဆိုင်ကယ်ပေါ်သို့ ပိနေခဲ့သည်။ လူသူလေးပါးကင်းမဲ့နေသော တော၊တောင်တစ်ခုလုံးကတော့ ငြိမ်ချက်သား ကောင်းနေဆဲ။ အားကုန်မောင်းနှင်သွားသော ကုန်ကားသည်လည်း ကွယ်ပျောက်သွားခဲ့သည်။ သူတို့လည်း ဘာမှ သိဟန်မတူခဲ့။

သူသတိရချိန်မှာတော့ သွေးအလိမ်းလိမ်း ကပ်ငြိလျှက် တစ်ခေါင်းလုံးနီရဲနေသော သူမကိုမြင်လိုက်ရ သည်။ သူ အားကုန် ခေါ်နေခဲ့သည်။ သူမကတော့ တစ်ခွန်းတစ်ပါဒမျှ ပြန်ထူးသံမပေး။ အရူးမီးဝိုင်းနေသော လူသားတစ်ယောက်၏ နှလုံးသားသည် ချောက်ကပ်နေခဲ့သည်။ အရာအားလုံးသည် အိပ်မက်ဆန်ဆန်ဖြစ်နေ ခဲ့သည်။ သူ ဘာကိုမှမသိ။ ဘာကိုမှ မယုံတော့။ သူမကို ပွေ့လိုက်သည်။ ပုခုံးပေါ်သို့ ထမ်းတင်လိုက်သည်။ သူလမ်ပေါ်ရောက်အောင် ထမ်းပိုးလာခဲ့သည်။ သူကတော့ သတိမေ့မျော နေသည်ဟုထင်သည်။ သွေးများ တစ်စက်စက်ပြုတ်ကျနေသော သူမကို ထမ်းပိုးရင်း သူသွားနေခဲ့သည်။ ရှေးမှာလည်း ဘာမှပီပီသသ မမြင်ရ သေး။ ငိုက်စိုက်ကျနေသော မျက်နှာကို အပေါ်အသာလှန်ကြည့်လိုက်သည်။ သူမကတော့ ငြိမ်သက်နေဆဲ။ ခဏအောက်သို့ချလိုက်ပြီး အသံကုန်ဟစ်အော်နေခဲ့လိုက်သည်။ သူမကတော့ ဘာမှတုန့်ပြန်မှု မပေးတော့။

“ သေတဲ့လူလည်း သေသွားပြီးပြီ မောင်ဇော်၊ ဒီတော့ မင်းအမှု သက်သာအောင်တော့ လုပ်ရမှာပေါ့၊ အကယ်၍ ရဲလာစစ်ရင်တော့ သူ့ကိုဆိုက်ကယ်မောင်း သင်ပေးတဲ့အကြောင်း၊ သူမက ရှေးကနေစီးတဲ့ အ ကြောင်းကို ပြောပြပေါ့ “ ပတ်ဝန်းကျင်ရှိ လူများက သူ့ကို အကြံပေးခဲ့ကြသည်။

“ ဒီလိုတော့ ဘယ်ဖြစ်မလဲဗျ၊ ကျုပ်ကတော့ အမှန်တိုင်းပြောရမှာပဲ။ ကျုပ်ကြောင့် သူသေသွားတာ၊ ဒီလိုလိမ်ပြောလို့ ပြစ်မှုလွတ်တယ်ထားဦး ကျုပ်လိပ်ပြာကတော့ တစ်သက်လုံးသန့်နေမှာ မဟုတ်ဘူး။ တစ် လျောက်လုံးလိုလို အရိပ်မည်းကြီးက နှိပ်စက်နေလိမ့်မယ်။ ဒီတော့ ကျုပ်သတ္တိရှိရှိ အပြစ်ကိုခံယူရင်း သူမအ တွက် ပေးဆပ်ရမှာဖြစ်တယ်။ ဒီတော့ ခင်ဗျားတို့အကြံကိုတော့ ကျုပ်ကတော့ လက်မခံနိုင်ဘူး “

တစ်ရွာလုံးရှိ ရွာသူ၊သားများသည် မယုံကြည်နိုင်လောက်ဖြစ်နေသည်။ ငယ်ရွယ်သူတို့ ဖြစ်သည့်တိုင် အောင် နှစ်ယောက်စလုံး သဘောကောင်းသူများဖြစ်သလို၊ တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင် နေခဲ့ ကြသည့် ပုံရိပ်တွေကို မြင်ယောင်နေခဲ့ကြသည်။ သူမ၏ ရုပ်အလောင်းကို ရွာအနောက်ရှိ သုဿာန်သို့ တစ်ဦး မကျန်ဆိုသလို လိုက်ပို့ကြသည်။ လင်ဖြစ်သူ ရောက်မလာသေး၍ ခဏတော့စောင့်ဆိုင်းနေခဲ့သည်။ ထိုအခိုက် ရဲနှစ်ယောက် ခြံရံလျှက်လက်ထိပ်ခတ်ထားသော သူ့ကိုမြင်လိုက်ကြသည်။ သူမ၏ အလောင်းရှိရာသို့ အပြေး လျှောက်လာပြီး တည်ငြိမ်သောအသွင်အပြင်ဖြင့် နောက်ကနေလိုက်လာခဲ့သည်။ မြင်ရသူအားလုံးကတော့ ဘယ်လိုမှ ချုပ်တီးလို့မရခဲ့။ အားလုံးလိုလို မျက်ဝန်းမှာ မျက်ရည်တွေစိုရွှဲနေခဲ့သည်။ သူ၏ တည်ငြိမ်မှုကို အပြစ်တင်ရမလို၊ သူ၏တည်ငြိမ်မှုကို မြင်ရတိုင်း ပတ်ဝန်းကျင်ကတော့ ဆို့နင့်လာခဲ့သည်။

သူ၏ အပြန်လမ်းကတော့ မြေပုံစပေါ် မကျခဲ့သော မျက်ရည်များ မျက်ဝန်းမှာ ပြည့်လျှံနေခဲ့သည်။ မျက်ဝန်းမှာ ပြည့်လျှံနေသော မျက်ရည်စများဖြင့် သူနောက်ကို တစ်ချက်လှည့်ကြည့်လိုက်သည်၊ သို့သော် အရာအားလုံး မှုန်ဝါးဝါးဖြစ်နေခဲ့သည်။ ပုံရိပ်များသည်လည်း တဖြေးဖြေးဆိုသလို ဝေးဝေးသွားခဲ့တော့သည်။

မောင်မင်းစိုး(ရွှေ့နံ့သာ)

No comments: