Sunday, September 29, 2013

လူငယ်နဲ့ သံသယ


    သံသယဆိုတာကို တိုက်ရိုက်အဓိပ္ပာယ်ကောက်ယူမယ်ဆိုရင်တော့ အချင်းချင်း ယုံမှာမှုဆိုတဲ့ အမြင်မရှင်းမှု ဘဲ ဖြစ်ပါတယ်။ ဒါဟာလည်း လူမှုနယ်ပယ်အသီးသီးမှာ တစ်ဦးကိုတစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်ဆံရေးမှာ အရေးပါတဲ့ ကိစ္စဖြစ်ပါတယ်။ မိဘနှင့် သားသမီးဆက်ဆံရေး၊ ဆရာနှင့်တပည့်ဆက်ဆံရေး၊ အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေး၊ သူငယ်ချင်းဆက်ဆံရေး၊ နောက်ဆုံးချစ်သူနှစ်ဦးဆက်ဆံရေးမှာပင် သံသယကြောင့် အချင်း ချင်း ကွဲပြားသွားတာတွေ၊ မသင့်မြတ်တာတွေ၊ မချေငံတာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ အနာဂတ်ကို ရွက်ပိုးတော့ရမယ့်အခါ၊ သို့မဟုတ် ပခုံးလွှဲတာဝန်ယူရတော့အခါတွေမှာ အမြင်ရှင်းဖို့ဟာလည်း အလွန် ပဲ အရေးပါတဲ့အတွက် သံသယဆိုတဲ့ အဆိုးမြင်မှုမျိုးကို မောင်းထုတ်နိုင်ပြီး သာတူညီမျှ စိတ်ထားနဲ့ ဆက်လက်ပေါင်း သင်းနိုင်ဖို့၊ အတူတကွ လက်တွဲကာ အနာဂတ်ကို ပုံဖော်နိုင်ဖို့ သံသယကင်းအောင်နေထိုင်ခြင်းဟာလည်း အရေးပါတဲ့ အတွက် ဒါလေးကိုလည်း မျှဝေလိုက်ပါတယ်။
    ဒီတော့ ဒီသံသယရဲ့ နောက်မှာ အမြင်မှားမှု၊ အမြင်မရှင်းမှုဆိုတာ ပါတယ်ဆိုတော့ အမြင်မှန်ရောက်အောင်၊ အမြင်ရှင်းအောင် ဘယ်လိုပြုမူဆက်ဆံ၊ နေထိုင်ရမလဲဆိုတာ အရေးပါတယ်။ ဆိုတော့ တစ်ဦးကိုတစ်ဦး အမြင်မရှင်း တော့ဘူဆိုရင် မျက်စိဒေါက်ထောက်ကြည့်တတ်ကြတဲ့ အကြည့်မျိုးတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် ပွင့် လင်းမြင်သာမှုဟာ အရေးပါလာတယ်။ ပွင့်လင်းမြင်သာမှုဆိုတာက အထူးသဖြင့် တစ်ယောက်အကြောင်းကို ကွယ်ရာမှာ အတင်းပုတ်ချတာမျိုးတွေ မလုပ်မိဖို့ လိုအပ်ပါတယ်။ အမှန်တကယ် သိပ်ပြီးမရှင်းဘူးဆိုရင်တော့ နှစ်ဦးနှစ်ဖက် မျက်နှာချင်းဆိုင်ပြီးတော့ ''ငါတော့ ဘာကို အမြင်မရှင်းဘူး။ အဲဒါက ဘာကိုဆိုလိုတာလဲ'' ဆိုတာမျိုးတွေကို ပြေလည်တဲ့အထိ ရှင်းလင်းသွားအောင်၊ နှစ်ဦးနှစ်ဖက် လက်ခံသွားနိုင်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ အမြင်ရှင်းပြီး ဆက်လက်သွားရမယ့် ခရီးလမ်းဟာ ဖြောင့်ဖြူးနေပါလိမ့်မယ်။  ပွင့်လင်းခြင်း၊ ရိုးသားခြင်းရဲ့ အသီးအပွင့်တွေကို ခံစားရပါလိမ့်မယ်။
    ဖြတ်သန်းခဲ့တဲ့ လူ့သမိုင်းတလျောက်မှာလည်း ဒီသံသယကြောင့်ပဲ လူတွေအများကြီး သေကြေပျက်စီးခဲ့ရတယ်။ အတိဒုက္ခမျိုးစုံ ရောက်ခဲ့ကြတယ်။ အဖွဲ့တွေ၊ အသင်းတွေ၊ မိတ်ဆွေတွေ၊ နိုင်ငံတွေ ကွဲခဲ့ရတယ်။ ပျက်စီးခဲ့ရတယ်။ ဒါဟာ ကြီးမားတဲ့ဆုံးရှုံးမှုတွေပါပဲ။ ဒါတွေဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ခုနကပြောခဲ့တဲ့ အမြင်မရှင်းဘဲ ယုံမှားခြင်းဆိုတဲ့ သံသယကြောင့် ဖြစ်ခဲ့ရတာပေါ့။ ဦးစောဟာ ဗိုလ်ချုပ်အပေါ်မှာ အမြင်မရှင်းခဲ့ဘူး။ သံသယကြီးနဲ့ နေထိုင်ခဲ့တယ်။ ဒီသံသယကြောင့်ပဲ နောက်ဆုံး လုပ်ကြံအတဲ့အထိ ဂြိုဟ်မွှေခဲ့ပါတယ်။ ဒါဟာ သံသယပါပဲ။ ဒီလို ဖြစ်ပျက်မျိုးစုံဟာ မြန်မာ့သမိုင်းမှာ တော်တော်များများကို ဖြစ်ပျက်ခဲ့ပါတယ်။
    ဒီနေရာမှာ ဝေသာလီပြည်၊ လိစ္ဆဝီမင်းတွေ ပြိုကွဲသွားရခြင်းအကြောင်းကို ပြောပြချင်ပါတယ်။ တကယ်တော့ ဒါဟာ သံသယကြောင့် အစိပ်စိပ်အမွှာမွှာ ပြိုကွဲသွားရခြင်း ဖြစ်ပါတယ်။ ဖြစ်စဉ်ကို အသေးစိတ်မဟုတ်ဘဲ၊ လိုရင်း အပိုဒ်လေးကိုသာ ပြောပြချင်ပါတယ်။ မပြိုကွဲခြင်းရဲ့ အကြောင်းကို အရင်ပြောပြပါ့မယ်။
    ''အာနန္ဒာ၊ ဝဇ္ဇီမင်းတို့သည် မပြတ်စည်းဝေးနေကျ၊ အကြိမ်များစွာ စည်းဝေးနေသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီး ပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။''
     ပထမဆုံးအချက်တစ်ခုကို ဗုဒ္ဓအနေဖြင့် မီးမောင်းထိုးပြလိုက်သည်။ အစည်းအဝေးကြိမ်ဖန်များစွာ လုပ်ခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း၊ စည်းလုံးညီ ညွတ်ခြင်း ဖြစ်သည်။
    ဒါသည် အသင်းအဖွဲ့တစ်ခုရဲ့ ကြီးပွားခြင်း၏ အဓိကအကြောင်းတစ်ရပ်ဖြစ်သည်။ စည်းဝေးခြင်း၊ တိုင်ပင်ခြင်း၊ နှီးနှောခြင်း၊ အမြင်ဖလှယ်ခြင်းများ ပြုလုပ်ခြင်းကို ဆိုလိုသည်။ နိုင်ငံရေးတွင်လည်း အနောက်နိုင်ငံများအနေဖြင့် အထက်လွှတ်တော်၊ အောက်လွှတ် တော်ဟု ခေါ်ဆိုကြပြီး မြန်မာနိုင်ငံအနေဖြင့် အစိုးရအသစ်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အနေဖြင့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များအနေဖြင့် စည်းဝေးသည့်အခါ မေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အဆိုသစ်တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ထောက်ခံခြင်း၊ ပယ်မြစ်ခြင်း၊ အတည်ပြုခြင်းများသည် အစည်းအဝေး၏ လုပ်ထုံးလုပ်နည်းများဖြစ်သည်။
    အဆိုပါကိစ္စများကို လုပ်နေသမျှကာလပတ်လုံး အသင်းအဖွဲ့ တိုက်းတက်ဖို့၊ သို့မဟုတ် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်မှုသာ ရှိမည်၊ ဆုတ်ယုတ်မှုမရှိဟု ဗုဒ္စသည် လိစ္ဆဝီမင်းသားများအား ဟောကြားခဲ့သည်။ သင်ကြားခဲ့သည်။ ထိုနည်းတူစွာပင် အဖွဲ့အစည်းတစ်ခု၊ တိုင်းပြည်တစ်ခုခေတ်မီ ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုလုပ်ဆောင်ကြမည့် ခေါင်းဆောင် များသည် မကြာခဏအစည်းအဝေးလုပ်သင့်သည်။ စုပေါင်းပြီး လိုအပ်ချက်များကို ဝိုင်းဝန်း အဖြေရှာကြရမည်သာ ဖြစ်သည်။ တိုင်းပြည်ခေါင်းဆောင်များသာမဟုတ်၊ မည်သည့်အဖွဲ့အစည်းမျိုးကိုမဆို ထိုကဲ့သို့အစည်းအဝေး လုပ်ခြင်း၊ မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ တင်ပြတောင်းဆိုခြင်း၊ ခွင့်ပြုခြင်း၊ အတည်ပြုခြင်းများသည် စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ တည်ဆောက်ရေး၊ စိုက်ပျိုးရေးမှအစ အရေးကိစ္စမှန်သမျှကို ထိုကဲ့သို့အစည်းအဝေးများဖြင့် ပြုလုပ်သင့်ပေသည်။ အစည်းအဝေးသည် အကြံများစွာ ပေါ်ပေါက်လာမည်။ ရှုထောင့်ပေါင်းစုံပွင့်လာမည်။ သို့ဆိုလျှင် အစည်းအဝေးကို မကြာခဏလုပ် နေသမျှ တိုင်းပြည်တိုးတက်မှု၊ အဖွဲ့အစည်းတစ်ခုတိုးတက်မှု ဖြစ်လာမည်သာ ဖြစ်သည်။ ဒီနေရာမှာ အရေးတကြီး ပြောလိုသည်မှာ ခေါင်းဆောင်ဆိုသူ၏ ဆုံးဖြတ်ချက်တစ်ခုဖြင့်သာ အတည်ပြု ခြင်းမျိုးကို လက်မခံသင့်ပေ။ ဒါသည် သံသယကိုလည်း ပိုမိုကြီးပွားစေပါသည်။
    ဗုဒ္ဓသည် မိမိအနေဖြင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီဆယ်ပါးကို ဖြည့်ကျင့်ပြီး တည်ထောင်ခဲ့သော သာသနာတော်ကြီးအနေဖြင့်လည်း တိုးတက်မှုကို ရှေးရှုခဲ့သည်။ သို့အတွက် အစည်းအဝေးများ ကိုလည်း မကြာခဏပြုလုပ်ခဲ့သည်။ ပြုလုပ်စေသည်။ တစ်လလျှင် အနည်းဆုံးနှစ်ကြိမ်ပြုလုပ်ခြင်းမျိုးကို ဥပုသ်ပြုခြင်းဖြင့် အစည်းအဝေးလုပ်ခြင်းမျိုးကို ခွင့်ပြုခဲ့သည်။ ပညတ်ခဲ့သည်။ ဒါသည် ပုံမှန်အစည်းအဝေးများပင်ဖြစ်သည်။ သို့အတွက် နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်လာသော်လည်း ဗုဒ္ဓတည်ထောင်ခဲ့သော သာသနာတော်ကြီးသည် ဝင့်ဝင့်ြ<ွကာြး<ွကားအဖြစ် ကမ္ဘာ့ရှေးအကျဆုံး အဖွဲ့အစည်းတစ်ခုအနေဖြင့် အေးချမ်းမှု၊ တည်ငြိမ်မှု၊ တိုးတက်မှုများစွာဖြင့် ရပ်တည်နေဆဲပင်ဖြစ် သည်။ ဒါသည် စည်းဝေးခြင်း၏ ရလဒ်အဖြစ် တစ်စိတ်တစ်ဒေအားဖြင့် ပတ်သက်နေခဲ့သည်သာ ဖြစ်သည်။
    မည်သည့် အသင်းအဖွဲ့မျိုးပဲဖြစ်စေ၊ တိုင်းပြည်အတွင်းမှာလည်းကောင်း၊ အခြားနိုင်ငံများနှင့်လည်းကောင်း ပဋိပက္ခမျိုးစုံကနေ ကျော်လွှားလို သူများအတွက် အရေးကြီးဆုံးအချက်သည် ညီညွတ်ခြင်းပင်ဖြစ်သည်။ မိမိနိုင်ငံအတွင်း အားလုံးအထက်အောက် ဆိုးအတူ ပူအမျှနေထိုင်ပြီး ညီညွတ်နေသမျှ ကာလပတ်လုံး တိုင်းပြည်သည် ချမ်းသာမည်သာ ဖြစ်သည်။ တိုးတက်မည်ဖြစ်သာ ဖြစ်သည်။ တည်ငြိမ်အေးချမ်း မည်သာဖြစ်သည်။ ဆွေးနွေးခြင်းဖြင့် အဖြေရှာခြင်း မျိုးလည်း ဖြစ်သည်။ သီအိုရီသဘောတရားများစွာ ရှိသည်။ နှစ်ဖက်နိုင်၊ နှစ်ဖက်ရှုံးပုံစံမျိုး ဖြစ်သည်။  ထို့အတူ  ထိုကဲ့သို့အစည်း အဝေးလုပ်ခြင်း၊ ဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင်မည်ဆိုလျှင် အခြားသူများ၏ နှောင့်ယှက်မှုကိုလည်း ကျော်လွှားနိုင်မည် သာ ဖြစ်သည်။ နောက်တစ်ချက်ကတော့-
        ''အာနန္ဒာ၊ ဝဇ္ဇီမင်းတို့သည် အညီအညွတ်စည်းဝေးကုန်၊ အညီအညွတ်အစည်းအဝေးမှ ထကုန်လျက် ဝဇ္ဇီတိုင်းရေးကိစ္စတို့ကို အညီအညွတ်ဆောင်ရွက်နေကြသမျှကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ''
     ဒါသည် ဒုတိယအချက်အနေဖြင့် သင်ကြားခြင်းဖြစ်သည်။ အထက်မှာ ပြောခဲ့သော အစည်းအဝေးများကို ပြုလုပ်ခြင်း၊ ဆွေးနွေးခြင်း၊ မေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အတည်ပြုခြင်း စသည်များကို ပြုလုပ်ပြီး သည့်နောက် အစည်းအဝေးမှ ထွက်ပေါ်လာသည့် အကျိုးတရားများကို ဝိုင်းဝန်း အဖြေရှာပြီးလျှင် အကောင် အထည်ဖော်ရန်ကို သင်ကြားခြင်းဖြစ်သည်။ မှန်ပါသည်၊ ပုံမှန်လုပ်နေသော အစည်းအဝေးကို ပုံမှန်မပျက် မကွက် လုပ်နေသော်လည်း ထိုအစည်းအဝေးမှ အတည်ပြုချက်၊ ဆောင်ရွက်ချက်များကို သည်အတိုင်းထားလျှင်တော့ အစည်းအဝေးသည် အဓိပ္ပာယ်ရှိသော အစည်းအဝေးမဟုတ်၊ အချိန်ကုန်၊ လူပင်ပန်းမှုသာ ဖြစ်လိမ့်မည်။
    သို့အတွက် အစည်းအဝေးဆုံးဖြတ်ချက်တိုင်း တာဝန်ရှိသည့် ပုဂ္ဂိုလ်များ၊ လွှတ်တော်တွင်းမှာဆိုလျှင်လည်း ဝန်ကြီးဌာနအသီးသီးမှ ကြိုးစားပြီး လုပ်ဆောင်ရန် လိုအပ်ပါသည်။ ထိုကဲ့သို့ လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်မှ သာလျှင် တိုင်းပြည်၊ အခြားအဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့်လည်း အောင်မြင်မှု ဖြစ်လာမည်ဖြစ်သည်။ အကောင်အထည်ဖော်ဆောင်ရမည်ကို စစ်မှန်သော၊ တိကျသော၊ မှန်ကန်သော လုပ်ဆောင်ချက်ဖြင့် အကောင်အထည် ဖော်ဆောင်ဖို့ လိုသည်။ ဒါကိုလည်း ဗုဒ္ဓသည် လိစ္ဆဝီမင်းတို့အား သင်ကြားခဲ့သည်။ ဗုဒ္ဓ၏ သင်ကြားချက်တိုင်း ဆက်လက်လိုက်နာ၊ ကျင့်ကြံနေကြဦးမည်ဆိုလျှင် လိစ္ဆဝီမင်းတို့သည် တိုးတက်မှုသာရှိမည်။ ဆုတ်ယုတ်မှုဖြစ် လာ လိမ့်မည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။
    သို့သော်လည်း လိစ္ဆဝီမင်းများကို အဇာသတ်ရဲ့ စေခိုင်းချက်အရ အကောက်ကြံပြီး ဝဿာကာရပုဏ္ဏားအနေနဲ့ စည်းလုံးမှုကို ပျက်ပြားစေခဲ့တယ်။ ဒီလိုနဲ့ အချင်းချင်းကွဲပြားသွားပြီး ဝေသာလီလည်း ပျက်စီးမှုဆီကို ဦးတည်သွား ခဲ့ရပါတယ်။ တကယ်တော့ ဒါတွေဟာ တစ်ဦးကိုတစ်ဦး သံသယဖြစ်အောင် ကြံစည်မှုရဲ့ အကျိုးရလဒ်ပါပဲ။ ဒါကြောင့် သံသယဖြစ်စရာတွေကို ဘေးဖယ်ထားလိုက်ပါ။ သံသယ မပွားများကြပါနဲ့။ ဒီလိုဆိုရင်တော့ ဆက်တက်ရမယ့် ခရီးခဲဟာ အစပိုင်းမှာတော့ ဒဏ်ရာတွေ အပြည့်ဖြစ်နေပေမယ့် နောက်ဆုံးတော့ ကောင်းမွန်တဲ့၊ အောင်မြင်တဲ့ ခရီးလမ်းဖြစ်ပါလိမ့်မယ်။
    လူငယ်တွေအနေနဲ့ ဒါလေးကို သတိရှိရှိ ဆောင်ရွက်ဖြေရှင်းသင့်ပါတယ်။ တစ်ဦးကိုတစ်ဦး သံသယဖြစ်နေရင် ဒီသံသယအစိုင်အခဲကြီးကို ရှင်းရှင်းလင်းလင်း ကြေမွပျက်စီးကုန်ဆုံးသွားတဲ့အထိ ခေါင်းချင်းဆိုင် ဖြေရှင်းမှသာလျှင် မိမိတို့ လုပ်ဆောင်နေသည့် လုပ်ငန်းဆောင်တာများအနေနဲ့ တိုးတက်မှုဆီကို ဦးတည်သွားနိုင်ပါလိမ့်မယ်။

မောင်မင်းစိုး