Tuesday, August 9, 2011

ဆိုမာလီယာ ကျမ္မာပါစေ..




မျှော်လင့်ချက် ကင်းမဲ့ပြီး ချိနဲ့နေတဲ့ ခြေလှမ်းတွေနဲ့

သားငယ်ကို လက်မှာဆွဲပြီး ဒုက္ခတနင့်တပိုးနဲ့ မနိုင်ဝန်ကိုထမ်းလို့

ကလေးတွေ အစာမဝဘူး၊ ကျောင်းမနေရဘူး၊ ရေမဝဘူး၊

အေဂျီအိုင် တီရှပ်နဲ့ အငတ်ဘေးဆိုက်လို့

နေရာသစ်ကို ပြောင်းကြတယ်

ဒါဟာ ၂၁ရာစုရဲ့ အကြီးမားဆုံး ဒုက္ခသည် ပြောင်းရွေ့ခြင်းပဲ။



မိုးခေါင်ရေရှားပြီး အဆိုးဝါးဆုံး သဘာဝ ကပ်ဘေးနဲ့

ပြည်တွင်းစစ်ရဲ့ မပြီးဆုံးနိုင်သေးတဲ့ ဒုက္ခ သုက္ခတွေနဲ့

နာကျင်ခိုက်ခဲစရာ ရောဂါမျိုးစုံနဲ့၊ အစာအာဟာရ ပြတ်လပ်မှုနဲ့

တရိပ်ရိပ် မြင့်တက်လာတဲ့ စားနပ်ရိက္ခာနဲ့

တလှပ်လှပ် ခံစားနေရတဲ့ ဝမ်းတွင်းအပူတွေနဲ့

တုန်တုန်ရီရီ အော်ဟစ်မြည်တမ်းနေတဲ့ ဆာလောင်မှုတွေနဲ့

ဆိုမာလီယာ . . .

မင်းတို့ဟာ ကပ်ဘေးမျိုးစုံရဲ့ သားကောင်တွေပဲ။



တစ်ချို့က

သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်

အူမ မတောင့်လို့ သီလ မစောင့်နိုင်ကြဘူး

ပင်လယ်ကို အန်တုပြီး ဝမ်းရေးအတွက် တိုက်ပွဲဝင်ကြရတယ်။

ဒါဟာ ဆာလောင်နေတဲ့ အသံတွေရဲ့ အမှန်တရားလား။



သစ္စာရှိပါ ကမ္ဘာမြေ၊ သင့်ရဲ့ နုညံ့တဲ့ လက်တော်ထဲ

ဒုက္ခသားကောင်တွေ တည့်တည့်တိုးဝင်လာခဲ့ပြီ

ဒူးထောက်ပြီး၊ လက်ဖြန့်ထားတဲ့ လက်အစုံကို ပုတ် မချလိုက်ပါနဲ့

ကျယ်လောင်တဲ့ ဆာလောင်သံတွေနဲ့ ဆိုမာလီယာဟာ အသက်ရှူ မဝဘူး

တကယ်တော့ ဒါဟာ ဘယ်လိုမှ မျှော်လင့်မထားတဲ့

၂၁ရာစုရဲ့ ကြီးကျယ်ဆိုးရွားလှတဲ့ လူမှုရေးရာ ကပ်ဆိုက်မှုပေါ့။

ဆို မာ လီ ယာ ကျန်း မာ ပါ စေ။

မောင်မင်းစိုး(ရွှေနံ့သာ)